ဝိုင်အိုးအားမြှုပ်နှံခြင်း
Vol. 49 Ch. 680
များပြားလှသော မဟူရာအလင်းမျှင်များမှာ မျက်စိတမှိတ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ အသွေးအသားများကိုဖြတ်သန်းကာ နဂါးဒေါသအဆိပ်ထံသို့ ရောက်ရှိသွားသည်။
ချပ်....
နဂါးဒေါသအဆိပ်ထံမှ အသင်္ချေမျှသော သွေးနီရောင်အမျှင်တန်းများ ထွက်ပေါ်လာကာ မဟူရာအလင်းမျှင်များအား ဖျက်စီးရန် ကြိုးစားလိုက်သည်။
သို့သော် မဟူရာအလင်းမျှင်များမှာ အဆုံးအစမဲ့အောင် ထွက်ပေါ်လာပြီးနောက် သံချိန်းကြိုးများအသွင်ဖြင့် နဂါးဒေါသအဆိပ်၏ ဗဟိုချက်နေရာသို့ တိုးဝင်သွားသည်။
ဒုန်း....ဒုန်း.....
နဂါးဒေါသအဆိပ်မှာ ပြင်းထန်စွာဖြင့် တုန်လှုပ်လာတော့သည်။
မဟူရာအလင်းမျှင်များမှာ နဂါးဒေါသအဆိပ်အား အထပ်ထပ် ရစ်ပတ်လိုက်ပြီးနောက် ရှေးဟောင်းမှော်စာလုံးများ ပါဝင်နေသော အကျဉ်းထောင်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ဝုန်း...
နဂါးဒေါသအဆိပ်မှာ ကြမ်းတမ်းခက်ထန်စွာ လှုပ်ရှားလျက် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်နိုင်ရန် ကြိုးစားပါသော်လည်း မဟူရာအလင်းမျှင်များမှာ မီးတောင်ချော်ရည်များကဲ့သို့ ပူလောင်ပြင်းထန်လွန်းလှသောကြောင့် ရုန်းမထွက်နိုင်ပဲ ဖြစ်နေရသည်။
ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်းမှော်စာလုံး၏ ဆန်းကြယ်သော အစွမ်းသတ္တိများမှာ အပြည့်အဝ အသက်ဝင်နေပြီပင် ဖြစ်သည်။
နဂါးဒေါသအဆိပ်မှာ အချိန်အတော်ကြာသည်အထိ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအကျဉ်းထောင်အတွင်း ရုန်းကန်လှုပ်ရှားနေပြီးနောက် ခါးသက်သော အမှန်တရားအား လက်ခံလိုက်ကာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားတော့သည်။
နဂါးဒေါသအဆိပ် ငြိမ်သက်သွားပြီးနောက် ဇူယွမ်မှာ ရွှဲစိုနေသော နဖူးမှ ချွေးစများကို ခါထုတ်လျက် ဖြူရော်နေသော မျက်နှာဖြင့် လက်ဝါးထက်တွင် ရှိနေသော ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအား ကြည့်ရှုလိုက်သည်။
ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးမှာ များပြားလှသော မဟူရာရောင် စက်ဝိုင်းအသွင်သဏ္ဍာန်များ အထပ်ထပ် ပါဝင်နေလျက်ရှိပြီး အလယ်ဗဟိုတွင်မူ သွေးနီရောင် အစက်အပြောက်လေးတစ်ခုအား မြင်တွေ့နိုင်ပေသည်။ အနီးသို့ကပ်၍ အသေအချာ နားထောင်ကြည့်မည်ဆိုလျှင် ထိုသွေးနီရောင် အစက်အပြောက်ထံမှ အမျက်ဒေါသထွက်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့အား ကြားသိရလိမ့်မည်ပင် ဖြစ်သည်။
"ဒါကအလုပ်ဖြစ်သွားတာလား။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
အတိတ်ကာလများ၌ ဇူယွမ်မှာ နဂါးဒေါသအဆိပ်အား ကြည့်ရှုလိုက်သည့် အချိန်တိုင်းတွင် နောက်ကျောအား ချိန်ရွယ်ထားသော မြှားတစ်စင်းကဲ့သို့ ခံစားခဲ့ရသည်။ မည်သည့်အချိန်တွင် ပေါက်ကွဲမည်ကို မသိရှိနိုင်သော ဗုံးတစ်လုံးအား ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားရသကဲ့သို့ပင် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထိုကဲ့သို့သော ဆိုးရွားလှသည့် အသိစိတ်ကိုပါ ခြောက်ခြားစေနိုင်သော ကြောက်ရွံ့ခြင်းခံစားချက်မျိုးကို ခံစားရခြင်း မရှိနေပေ။ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးမှာ အမှန်တကယ် အသက်ဝင်သွားဟန် ရှိသည်။
နဂါးဒေါသအဆိပ်မှာ ဖိနှိပ်ချုပ်နှောင်ခြင်း ခံယူလိုက်ရပြီပင် ဖြစ်သည်။
"အခုဆိုရင် နဂါးဒေါသအဆိပ် ထကြွလာမှာကို နင်စိတ်ပူနေစရာ မလိုတော့ဘူး။" ဇူယွမ်၏ နောက်ကျောဖက်မှ ယောင်ယောင်၏ စကားသံလေး ထွက်ပေါ်လာသည်။
ယောင်ယောင်၏ စကားသံမှာ အလွန်ပင် အားနည်းနေဟန်ရှိသောကြောင့် ဇူယွမ်မှာ အလွန်အမင်း စိုးရိမ်ပူပန်သွားရသည်။ ဇူယွမ်မှ အလျင်အမြန် နောက်သို့လှည့်ကြည့်လိုက်သောအခါတွင် ဖြူရော်အားနည်းနေသော ယောင်ယောင်အား တွေ့ရှိလိုက်ရသည်။
ဇူယွမ်မှာ ယောင်ယောင်၏ ပုခုံးနှစ်ဖက်အား တင်းကြပ်စွာ ဆုပ်ကိုင်လျက် ချက်ချင်းဆိုသလို မေးမြန်းလိုက်သည်။ "ဘာဖြစ်နေတာလဲ။"
ယောင်ယောင်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ။"
ဇူယွမ်မှာ ယောင်ယောင်၏ တစ်စုံတစ်ရာ ပျက်စီးနေသလို ခံစားနေမိသောကြောင့် မျက်မှောင်ကျူံ့လိုက်မိသည်။ ထို့နောက် ဇူယွမ်မှာ အတွေးတစ်ခုအား တွေးတောလိုက်မိပြီးနောက် ရုတ်တရက်စကားဆိုလိုက်သည်။ "ခုန နဂါးဒေါသအဆိပ်က ကျွန်တော့်ရဲ့ ချီစွမ်းအင်တွေကို ဖျက်စီးပစ်နေတုန်းက ခရမ်းရွှေရောင် အလင်းတန်းတစ်ခုပေါ်လာပြီး အဆိပ်ကို တားဆီးလိုက်တယ်။ အဲ့ခရမ်းရွှေရောင် အလင်းတန်းက ဘာလဲ။"
ဇူယွမ်မှာ ထိုခရမ်းရွှေရောင် အလင်းတန်းငယ်အား သတိထားလိုက်မိပါသော်လည်း နဂါးဒေါသအဆိပ်အား တားဆီးပြီးသည်နှင့် အစအနမကျန်အောင် ဆန်းကြယ်စွာ ပျောက်ကွယ်သွားသဖြင့် မည်သည့်အရာမှန်းပင် မသိလိုက်ရပေ။
ထိုခရမ်းရွှေရောင် အလင်းတန်းငယ်သည် အလွန်ပင် ဆန်းကြယ်လွန်းလှပြီး ရှေးကျ၍ အစွမ်းအလွန်မြင့်မားသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "နင်အတွေးလွန်နေပြီ။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယောင်ယောင်သည် အလွန်ပင် လျှို့ဝှက်ချက် များပြားလွန်းသော နတ်ဘုရားမလေးတစ်ပါးဖြစ်ပြီး ယခုအချိန်ထိပင် ဇူယွမ်မှာ သူမနှင့်ပက်သတ်၍ နားမလည်နိုင်သော အရာများစွာ ရှိနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ နဂါးဒေါသအဆိပ်အား ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ယောင်ယောင်မှာလည်း ထိုခရမ်းရွှေရောင် အလင်းတန်းငယ်နှင့်ပက်သတ်၍ ရှင်းပြပြောဆိုရန် ငြင်းပယ်နေသောကြောင့် ဇူယွမ်မှ ထပ်၍မေးမြန်းခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။
ယောင်ယောင်မှာ စားပွဲပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ထောင်ယောင်းဝိုင်တစ်အိုးကိုယူကာ ဇူယွမ်အားကြည့်၍ ပြောလိုက်သည်။ "နဂါးဒေါသအဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ငါတို့အောင်ပွဲခံကြရအောင်။"
ဇူယွမ်မှ ပြုံးရယ်ကာ စကားဆိုလိုက်သည်။ "ဒီအရက်အိုးတွေ ကုန်သွားတဲ့အထိ ယောင်ယောင့်ကို အဖော်ပြုပေးပါ့မယ်။"
ယခုညကုန်လွန်ကာ ရောင်နီအလင်းတန်းများ ဖြာဝေလာသည်နှင့်တစ်ပြိုင်နက် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ချက်ချင်းဆိုသလို ကျင့်ကြံအားထုတ်ရန် အစီအစဉ်ချထားပြီး ဖြစ်သည်။ သို့သော် ယနေ့ညကိုမူ စိတ်လွတ်ကိုယ်လွတ်သာ ဖြတ်သန်းရန်သာ တွေးတောထား၏။
ယောင်ယောင်မှာ ထောင်ယောင်းဝိုင်အား ဝိုင်ခွက်အတွင်းသို့ ဖြည်းညင်းစွာ သွန်းလောင်းနေလျက် ရှိသည်။ ထန်ထန်မှာ တလက်လက် တောက်ပနေသော မျက်လုံးဝိုင်းလေးများဖြင့် သူ၏ဝိုင်ခွက်အား ယောင်ယောင်၏အနီးသို့ တွန်းပို့ပေးလိုက်လေသည်။
ယောင်ယောင်မှ လှည့်ကြည့်လိုက်သောအခါတွင် ထန်ထန်မှာ ချစ်စဖွယ်ကောင်းသော အမူအရာဖြင့် အစွယ်လေးများပင်မြင်ရအောင် ရယ်ပြလိုက်သည်။
ယောင်ယောင်မှာ မည်သည့်စကားမှ မဆိုတော့ပဲ ထန်ထန်၏ ဝိုင်ခွက်အတွင်းသို့ ထောင်ယောင်းဝိုင် အနည်းငယ် လောင်းထည့်ပေးလိုက်သည်။
ဂူနန်းအတွင်း ယောက်ျားတစ်ဦး၊ မိန်းမငယ်တစ်ဦးနှင့် သားကောင်ငယ်လေးတစ်ကောင်တို့မှာ ၎င်းတို့၏ ဝိုင်ခွက်များကို တိုက်လိုက်ကြပြီးနောက် ဝိုင်များအား တစ်စက်မကျန် သောက်ပစ်လိုက်ကြသည်။
ယောင်ယောင်မှာ တောက်ပရွှန်းစိုသော မျက်ဝန်းလေးများအား မှေးစင်းလျက် ထောင်ယောင်းဝိုင်အား အပြည့်အဝ အရသာခံလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒါကတကယ် ထူးခြားတဲ့အရသာရှိတာပဲ။"
ထောင်ယောင်းဝိုင်မှာ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ စီးဝင်သွားဟန်ရှိကာ ချဉ်သက်သက်ဖြင့် စိမ့်ဝင်နိုင်သော အခါးဓာတ်အား ပေးစွမ်းလေသည်။
ထိုကဲ့သို့သော အရသာသည် အနာဂတ်တွင် ဆင်တူတော့မည်မဟုတ်မှန်း ယောင်ယောင်မှ ကောင်းစွာသိရှိနေသည်။
ဇူယွမ်မှ ထောင်ယောင်းဝိုင်များအား အသစ်တဖန် ထပ်၍ပြုလုပ်ပေးခဲ့လျှင်ပင် အရသာမှာ အနည်းငယ်မျှ ကွာခြားသွားတော့မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်တွင် ဇူယွမ်၏ သွေးအဆီအနှစ်များမှာ ပို၍စွမ်းရည်ပြည့်ဝလာမည်ဖြစ်သောကြောင့် ထောင်ယောင်းဝိုင်အရသာမှာလည်း ပြောင်းလဲသွားနိုင်ပေသည်။
ထို့ကြောင့် ယခုထောင်ယောင်းဝိုင်သုံးအိုးနှင့် ဆင်တူသည့်အရသာသည် ဤကမ္ဘာမြေပေါ်တွင် ရှိနိုင်တော့မည် မဟုတ်ပေ။
အဓိကအကြောင်းအရာမှာ သူမအား ဝိုင်အိုးလေး လက်ဆောင်ပေးချင်ရုံမျှဖြင့် ရူးနှမ်းကာ သွေးအဆီအနှစ်များကို တစ်နှစ်ပတ်လုံး ဆုံးရှုံးခံခဲ့သည့် ကောင်လေးတစ်ယောက်ရှိခဲ့သည်ဟူသော အချက်ပင်ဖြစ်သည်။
ထိုအသိဉာဏ်ကင်းမဲ့လှသည့်လုပ်ရပ်မှာ တည်ငြိမ်နေသော ယောင်ယောင်၏ နှလုံးသားအား ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။
ဂူနန်းအတွင်း ထောင်ယောင်းဝိုင်ရနံ့များ သင်းပျံ့မွှေးထုံနေလျက် ရှိသည်။
အချိန်များစွာ ကုန်လွန်သွားပြီးနောက် ထောင်ယောင်းဝိုင်အရှိန်ဖြင့် ယောင်ယောင်နှင့်ဇူယွမ်နှစ်ဦးလုံး သေရည်မူးကာ ပါးများနီရဲနေကြပြီ ဖြစ်သည်။ ၎င်းတို့မှာ စွမ်းအင်များကို အသုံးပြုကာ ထောင်ယောင်းဝိုင်၏ မူးယစ်စေနိုင်သော အစွမ်းသတ္တိအား ဖယ်ရှားနိုင်ပါသော်လည်း ထိုကဲ့သို့ ပြုလုပ်ကြခြင်း မရှိပေ။
ယောင်ယောင်မှ ဝိုင်အိုးအားမှောက်ကာ ခါယမ်းနေပါသော်လည်း ဝိုင်တစ်စက်မှပင် ထွက်လာခြင်း မရှိချေ။
ထောင်ယောင်းဝိုင်တစ်အိုးမှာ ကုန်သွားရပြီပင် ဖြစ်သည်။
ယောင်ယောင်မှ ဝိုင်အိုးလေးအား ဖယ်တွယ်ထားသည့်ပုံမှာ မည်သည့်အခါတွင်မှ ထပ်မြင်ရရန် မသေချာတော့သည့် ချစ်စဖွယ် မိန်းမငယ်လေးတစ်ဦး၏ အမူအရာကဲ့သို့ ဖြစ်နေသည်။
"မရှိတော့ဘူးလား...ဟားဟား.." ဇူယွမ်မှ လျှာလေးအာလေးဖြင့် ရယ်မောကာ ပြောလိုက်သည်။
ယောင်ယောင်မှာ ခေါင်းအားခါယမ်းပြလိုက်ပြီးနောက် ကျန်ရှိနေသော ထောင်ယောင်းဝိုင်တစ်အိုးအားယူကာ သူမ၏သိုလှောင်အိတ်အတွင်း ထည့်လိုက်သည်။ "နောက်မှဒီတစ်အိုးကို အရသာခံပြီးသောက်ရမယ်။"
ယောင်ယောင်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် နောက်ဆုံးကျန်ရှိနေသော ထောင်ယောင်းဝိုင်တစ်အိုးကိုပါယူကာ ပန်းရောင်ပန်းပွင့်ငယ်များ ဝေဖြာစွာ ပွင့်လန်းနေသော မက်မွန်ပင်ဆီသို့ ချစ်စဖွယ်အမူအရာဖြင့် လျှောက်လှမ်းသွားလိုက်သည်။
ဇူယွမ်မှာ ခေါင်းကိုကုတ်လိုက်ပြီးနောက် ယောက်လည်လည်ဖြင့် ယောင်ယောင်၏နောက်မှ လိုက်ပါလာသည်။
ယောင်ယောင်မှာ မက်မွန်ပင်အောက်ခြေ၌ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ကျင်းတစ်ခုအားတူးကာ ထောင်ယောင်းဝိုင်ကို မြေကျင်းအတွင်း ထည့်လိုက်သည်။
"ဘာလုပ်နေတာလဲ။" ဇူယွမ်မှ နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ယောင်ယောင်မှာ ဇူယွမ်အား ကြည့်လိုက်ပြီးနောက် သူမ၏နူးညံ့သွယ်လျသော လက်လေးများဖြင့် ဇူယွမ်၏ခါးအား တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။ ထို့နောက် သူမ၏မျက်နှာအား ဇူယွမ်၏ ရင်ခွင်အတွင်းအပ်ကာ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်သည်။ "ဒီထောင်ယောင်းဝိုင်တစ်အိုးကိုတော့ ဒီနေရာမှာပဲ ဖွက်ထားကြရအောင်။"
"နင်လုပ်ပေးတဲ့ ဒီထောင်ယောင်းဝိုင်အရသာက အရမ်းထူးခြားလွန်းတော့ ငါလုံးဝမေ့လို့ရမှာမဟုတ်ဘူး။"
"ဇူယွမ်...တကယ်လို့....တစ်နေ့မှာ...."
"ငါအရာအားလုံးကိုမေ့သွားပြီး နင်နဲ့ထန်ထန်ကိုပါ မေ့သွားခဲ့ရင်...."
"ငါ့ကိုဒီနေရာလေးဆီ....ပြန်ခေါ်လာပေးပါ...."
"ဒီထောင်ယောင်းဝိုင်ကို သောက်ဖို့အတွက်ပေါ့...."