← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း ၄၂၄ - လော့ချန်၏ သေကွင်းသေကွက်... စစ်မှန်တဲ့တပည့်နှင့် မဟာအကြီးအကဲ

သိုင်းပြိုင်ကွင်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံပင် မကြားရတော့ချေ။

အကြီးအကဲချင်တို့ယွမ်၏ လူပုံမပေါ်တော့သော အလောင်းကို ကြည့်ရင်း လူတိုင်းမှာ မှင်တက်မိနေကြပြီး အချိန်အတော်ကြာသည်အထိ စကားမဆိုနိုင်ဘဲ ရှိနေကြသည်။

ဤတိုက်ပွဲသည် ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြချေ။

ဘာပဲဖြစ်ဖြစ် ချင်တို့ယွမ်မှာ အပြင်စည်းအကြီးအကဲ တစ်ဦး ဖြစ်သလို သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူလည်း ဖြစ်သည်။ အစပိုင်းတွင် သူသည် မည်သူမျှ မတားဆီးနိုင်လောက်အောင် အင်အားကြီးမားခဲ့သည် မဟုတ်ပါလား။

ထိုမျှ အင်အားကြီးသော ချင်တို့ယွမ်မှာ မျက်စိတစ်မှိတ်အတွင်း လော့ချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ရှုံးနိမ့်မှုမှာလည်း အလွန်ပင် ပြတ်သားလှသည်။

လုံးဝဥဿုံ ရှုံးနိမ့်သွားခြင်းပင် ဖြစ်သည်။

မည်သည့် သံသယမျှ ဖြစ်စရာ မရှိချေ။

လော့ချန်မှာ အဋ္ဌမမင်းသား ကျင်းမင်ကို လျစ်လျူရှုကာ ချင်တို့ယွမ်ကို ထိုနေရာတွင်ပင် အပိုင်းပိုင်း ခုတ်ပိုင်း သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ ကျင်းမင်ကို လူအများရှေ့တွင် ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။

ဤအဖြစ်အပျက်များက လူအများကို ပေးလိုက်သော တုန်လှုပ်မှုမှာ အစဉ်အလာများကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။

‘ဒါက ဘယ်လို စွမ်းအားမျိုးလဲ...’

‘ဘယ်လို သတ္တိမျိုးလဲ...’

လူတိုင်း၏ အကြည့်များသည် စင်မြင့်ထက်တွင် ဓားကို ကိုင်ဆောင်ကာ မောက်မာစွာ ရပ်နေသော လူငယ်လေးထံသို့ အမှတ်မထင် စုပုံသွားကြသည်။ စိတ်ထဲမှ တုန်လှုပ်မှုများမှာလည်း အချိန်အတော်ကြာသည်အထိ ငြိမ်သက်မသွားခဲ့ချေ။

“ဟဲဟဲ... ဒီကောင်ကတော့ တကယ်ပဲ ဝက်ဝံနှလုံးသား စားထားတာပဲ... ကျင်းမင်ရဲ့ ရှေ့မှာတင် ပေါ်တင် လူသတ်ရဲတယ်ပေါ့...”

ဖန်ယွဲ့ယန်သည် သတိပြန်ဝင်လာပြီး လက်ပိုက်လျက် အေးစက်စွာ ရယ်မောလိုက်သည်။

ကြူးလင်မေ့သည် လော့ချန်ကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးထဲမှ အံ့ဩမှုများကို ဖုံးကွယ်၍ မရနိုင်တော့ချေ။

“ဖြစ်နိုင်တာကတော့... သူ့ရဲ့ ဒီလို ပြတ်သားပြီး မကြောက်မရွံ့တတ်တဲ့ စိတ်နေသဘောထားကြောင့်ပဲ သူ့ရဲ့ ဓားလမ်းစဉ်နယ်ပယ်က ဒီလို အောင်မြင်မှုမျိုး ရခဲ့တာ ဖြစ်မှာပါ... ဓားသမားဆိုတာ နောက်ဆုတ်ဖို့ မရှိဘူး... အမြဲတမ်း ရှေ့ကိုပဲ တိုးရမယ်...”

သူမကိုယ်တိုင်လည်း ဓားသမား တစ်ဦး ဖြစ်သည်နှင့်အညီ လော့ချန်အပေါ် ထားရှိသော ချီးကျူးမှုကို သူမ မဖုံးကွယ်ခဲ့ချေ။

ဖန်ယွဲ့ယန်က လှောင်ပြောင်လိုက်သည်။

“ရှေ့ကို တိုးမယ် ဟုတ်လား... နှမြောစရာပဲ... ဒါက သေလမ်းပဲ... ဟိုမှာ ကြည့်... ကျင်းမင်က လက်ပါတော့မှာ...”

“ဒီနေ့ သူ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ... ဒါဟာ သေကွင်းသေကွက်ပဲ...”

ကျင်းမင်သည် ချင်တို့ယွမ်၏ လူပုံမပေါ်တော့သော အလောင်းကို ကြည့်ရင်း မှင်တက်မိနေမိသည်။ အချိန်အတော်ကြာမှ သူ သတိပြန်ဝင်လာပြီး သူ၏ မျက်နှာမှာ တုန်ယင်နေကာ ထူးဆန်းသော အေးစက်မှုများ ထွက်ပေါ်နေသည်။

သူက သတိပေးချက် ထုတ်ပြန်ခဲ့ပါလျက် တစ်ဖက်လူက လျစ်လျူရှုရုံတင်မကဘဲ ချင်တို့ယွမ်ကိုပါ အပိုင်းပိုင်း ဖြတ်တောက်ခဲ့သည် မဟုတ်ပါလား။

ဤသည်မှာ ပေါ်တင် ရန်စခြင်းပင် ဖြစ်သည်။

သူ၏ သိက္ခာကို နင်းခြေလိုက်ခြင်းပင်။

“လူယုတ်မာ... မင်း သေချင်နေတာပဲ...”

ကျင်းမင်သည် လော့ချန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှ ထိတ်လန့်စရာ အလင်းတန်းများ ထွက်ပေါ်လာပြီး လေထုကိုပင် လှိုင်းများ ထသွားစေသည်။

လူတိုင်းမှာ နှလုံးသား ကျုံ့သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျင်းမင်၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

“ဝှစ်...”

ကျင်းမင်သည် ခြေလှမ်းတစ်ချက်နှင့်ပင် သိုင်းပြိုင်ကွင်း၏ ကောင်းကင်ယံတွင် ပေါ်လာသည်။ ပြင်းထန်သော အရှိန်အဝါများနှင့် သတ်ဖြတ်လိုစိတ်များမှာ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာတော့သည်။

လော့ချန်သည် ကျင်းမင်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားဖြင့် တစ်ဖက်လူမှာ ထိပ်သီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ဖြစ်ကြောင်း သူ သိလိုက်သည်။ သူ၏ ဆရာ ချန်ရွှမ်ထက်ပင် အားမနည်းချေ။ ထွက်ပေါ်နေသော အရှိန်အဝါတစ်ခုတည်းနှင့်ပင် လူကို အသက်ရှူကျပ်စေသော ဖိအားများကို ပေးနေသည်။

ကျင်းမင်သည် လေထဲတွင် မောက်မာစွာ ရပ်နေပြီး လော့ချန်ကို လူသေတစ်ဦးကဲ့သို့ ငုံ့ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

“မင်းလို ပုရွက်ဆိတ် တစ်ကောင်က ဒီနေ့လို အခြေအနေအထိ ကြီးထွားလာနိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... ဒါက ငါ့ရဲ့ တွက်ချက်မှုထက် ကျော်လွန်နေတယ်...”

“အစကတော့ ငါ ကိုယ်တိုင် လက်ထုတ်သုံးပြီး မင်းကို မသတ်ချင်ဘူး... မင်းက မထိုက်တန်လို့ပဲ... ဒါပေမဲ့ မင်းက ငါ့ရဲ့ စကားကို လျစ်လျူရှုပြီး ချင်တို့ယွမ်ကို သတ်ရဲတယ်... ငါ့ကို ရန်စရဲတယ်ပေါ့... ဒီနေ့ မင်းကိုမှ ငါ မသတ်ရင် ငါ့ရဲ့ သိက္ခာက ဘယ်မှာ ရှိတော့မလဲ... ငါတို့ မင်းသားတန်းရဲ့ သိက္ခာကရော ဘယ်မှာ ရှိတော့မလဲ...”

စကားပြောနေစဉ် ကျင်းမင်၏ အကြည့်မှာ ပို၍ အန္တရာယ်ရှိလာပြီး အရှိန်အဝါမှာလည်း ပို၍ ပြင်းထန်လာသဖြင့် ပတ်ဝန်းကျင်ရှိ လေလှိုင်းများမှာ ဝေ့ဝဲလာကာ လေပြင်းများ စတင် တိုက်ခတ်လာတော့သည်။

“ကလစ်...”

လော့ချန်၏ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ကျင်းမင်၏ အရှိန်အဝါ ဖိနှိပ်မှုကြောင့် အက်ကွဲလာသည်။

လော့ချန်၏ အဝတ်စများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသော်လည်း သူသည် လုံးဝ မကြောက်ရွံ့ဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါနဲ့ ချင်တို့ယွမ်က သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲခဲ့တာ... သေခြင်း၊ ရှင်ခြင်းက ကိုယ့်တာဝန်ကိုယ်ပဲ... သူ အသတ်ခံရတာက သူ အသုံးမကျလို့ပဲ... ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ...”

ကျင်းမင်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဆိုင်သလား၊ မဆိုင်ဘူးလားဆိုတာ ငါပဲ ဆုံးဖြတ်မယ်... မင်း ငါ့စကားကို နားမထောင်တာကိုက သေဒဏ် ထိုက်သင့်တဲ့ အပြစ်ပဲ...”

လော့ချန် ခေါင်းခါလိုက်သည်။

“ဟဟ... မင်းယုံမလားတော့မသိဘူး ဒီနေ့တော့ ငါ ဘယ်နည်းနဲ့မှ မသေနိုင်ဘူး...”

“ဟားဟားဟား... မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ... မင်းကို သတ်ရတာ ကြက်တစ်ကောင်၊ ခွေးတစ်ကောင်ကို သတ်ရသလိုပဲ လွယ်ကူလွန်းတယ်... မင်းကို ငါ သတ်ရင်တောင် ဘယ်သူမှ ငါ့ကို အပြစ်ပေးမှာ မဟုတ်ဘူးဆိုတာကိုရော မင်း ယုံလား... ဒါပေမဲ့ ဒီမြင်ကွင်းကိုတော့ မင်း မြင်ရတော့မှာ မဟုတ်ဘူး...”

ရက်စက်စွာ ပြုံးလိုက်ပြီး ကျင်းမင်သည် လော့ချန်ဆီသို့ လေထဲမှနေ၍ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။

“ဝမ်း...”

မောက်မာလှသော အရှိန်အဝါများ ပျံ့နှံ့လာပြီး ကျင်းမင်၏ လက်ဖဝါးပေါ်တွင် ပြင်းထန်သော စိမ်းပြာရောင် မီးတောက်များ တောက်ပလာကာ ငှက်ရဲ လက်သည်းကြီး တစ်ခုအဖြစ် ပြောင်းလဲ၍ ထိုးထွက်လာသည်။

ထို လက်သည်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း အိမ်တစ်လုံး အရွယ်အစားအထိ ကြီးမားလာပြီး ပြင်းထန်သော အငွေ့အသက်များကို သယ်ဆောင်ကာ လော့ချန်ကို လုံးဝ လွှမ်းမိုးလာသည်။

“အား...”

ကွင်းပြင်ရှိ လူများကြားမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အမျိုးသမီးတပည့် အချို့မှာမူ မကြည့်ရက်သဖြင့် မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်ကြသည်။

ထိပ်သီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ၏ တိုက်ခိုက်မှု ပြီးမြောက်သွားပါက လော့ချန်မှာ မြူမှုန် ဖြစ်သွားရမည်မှာ သေချာလှသည်။

သို့သော် လော့ချန်၏ မျက်နှာမှာမူ ရေကဲ့သို့ တည်ငြိမ်နေပြီး မည်သည့် ထိတ်လန့်မှုမျှ မရှိချေ။

“ရပ်လိုက်...”

အရေးကြီးသော အချိန်တွင် သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင်တော့ လော့ချန်၏ အထက်၌ ရေဝဲကတော့တစ်ခု ပေါ်လာသည်။

ပြင်းထန်လှသော ထို စိမ်းပြာရောင် မီးတောက်လောင်နေသောလက်သည်းကြီးမှာ ရေဝဲကတော့အတွင်းသို့ နစ်ဝင်သွားပြီးနောက် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

“ဟင်...”

ကျင်းမင် မျက်နှာ ပျက်သွားပြီး သတိဖြင့် နောက်သို့ ဆုတ်လိုက်သည်။

ဤကဲ့သို့သော နည်းလမ်းကို သူ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ ရောက်လာသူက မည်သူဖြစ်ကြောင်း သူ၏ စိတ်ထဲမှ သိလိုက်ပြီ ဖြစ်သည်။

“ဝမ်း...”

ရေဝဲကတော့မှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး‌နောက် ကိုယ်ရိပ်တစ်ခုမှာ ရေပြင်ပေါ်ရှိ အရိပ်တစ်ခုကဲ့သို့ ထိုအထဲမှ ပေါ်ထွက်လာပြီး ဝေဝါးရာမှ တဖြည်းဖြည်း ထင်ရှားလာသည်။

ရောက်လာသူမှာ လှပကျော့ရှင်းသော ကိုယ်ဟန် ရှိပြီး နက်မှောင်သောဆံပင်များမှာ ရေတံခွန်ကဲ့သို့ စီးကျနေကာ မျက်လုံးများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေသဖြင့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

သို့သော် သူမ၏ ကိုယ်မှာ ရေမြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် အနည်းငယ် ဝေဝါးနေပြီး မှန်ထဲက ပန်း၊ ရေထဲကလ ကဲ့သို့ပင် ဖြစ်နေသည်။ လှမ်းမြင်နေရသော်လည်း အရှိန်အဝါမှာမူ ကျယ်ပြောလှသဖြင့် ထိုနေရာရှိ လူအားလုံးမှာ အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ချေ။

“ကျွန်တော်မျိုး မဟာအကြီးအကဲချင်ကွေ့ကို ဦးညွှတ်ပါတယ်...”

လော့ချန်သည် ရိုသေစွာ အရိုအသေ ပေးလိုက်သည်။

ချင်တို့ယွမ်နှင့် တိုက်ပွဲ မစတင်မီကတည်းက အမှောင်ထဲတွင် နက်နဲသော အရှိန်အဝါ အချို့ ရှိနေသည်ကို သူ သတိပြုမိခဲ့သည်။ ထိုအထဲတွင် မဟာအကြီးအကဲချင်ကွေ့လည်း ပါဝင်သည်။

သူ့ကိုယ်ပေါ်တွင် ထို အကြီးအကဲ ပေးထားသော တံဆိပ်ပြား ရှိနေသည် မဟုတ်ပါလား။

ဤသည်ကပင် သူ မောက်မာရဲရသည့် အခြေခံ အချက်ပင် ဖြစ်သည်။

“မဟာအကြီးအကဲ...”

ထိုနေရာရှိ အပြင်စည်းတပည့်များရော၊ အတွင်းစည်းတပည့်များပါ အားလုံး ထရပ်လိုက်ကြပြီး ဦးညွှတ်ကာ အရိုအသေ ပေးလိုက်ကြသည်။

ကောင်းကင်ယံတွင် ရပ်တည်နေသော ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကို သူတို့ထဲမှ လူအများစုမှာ တစ်သက်လုံးတွင် တစ်ခါ မြင်ရရန်ပင် ခဲယဉ်းလှသည်။

မဟာအကြီးအကဲချင်ကွေ့မှာ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး သူမ၏ အကြည့်မှာ လော့ချန်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ မျက်လုံးများမှာ ရေလှိုင်းများကဲ့သို့ ဝေ့ဝဲနေသည်။

ကျင်းမင်တောင် သူ ရှိနေသည်ကို သတိမပြုမိခဲ့သော်လည်း လော့ချန်၏ ယခုတင်က အမူအရာအရ သူက သူမကို သတိပြုမိနေသကဲ့သို့ ရှိသည်။

“ငါ အများကြီး တွေးမိသွားတာ ဖြစ်မှာပါ...”

မဟာအကြီးအကဲချင်ကွေ့ ထိုအတွေးကို ဖျောက်လိုက်သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း သန်မာသူ တစ်ဦးသည် စိတ်ဝိညာဉ် ပင်လယ်ကို အခုမှ စတင် ဖွင့်လှစ်ရုံသာ ရှိသေးသည်။ တိုက်ခိုက်ရေး စွမ်းအား မည်မျှပင် သန်မာပါစေ စိတ်ဝိညာဉ် စွမ်းအားမှာမူ ကြီးမားသော အောင်မြင်မှု ရှိရန် မဖြစ်နိုင်ချေ။

သူ၏ အာရုံခံစားမှုနှင့်ဆိုလျှင် သူမ ရှိနေသည်ကို သိနိုင်ဖို့ မဖြစ်နိုင်ပေ။ စိတ်ဝိညာဉ်စွမ်းအားက မြေကမ္ဘာအဆင့် သန်မာသူ၏ အဆင့်ကို ရောက်နေမှသာ ဖြစ်နိုင်ပေမည်။

‘ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’

ကျင်းမင်၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေသည်။

သူ နားမလည်နိုင် ဖြစ်နေသည်။ မြင့်မြတ်လှသော မဟာအကြီးအကဲ တစ်ပါးက အဘယ့်ကြောင့် ဤကဲ့သို့သော အသုံးမကျသည့် ပုရွက်ဆိတ် တစ်ကောင်အတွက် အကြိမ်ကြိမ် ဝင်ပါပေးနေရသနည်း။

လော့ချန်ကို ဤအတိုင်း လွှတ်ပေးရန် သူ မကျေနပ်နိုင်သဖြင့် ကျင်းမင်သည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“မဟာအကြီးအကဲချင်ကွေ့... လော့ချန်က အဆင့်ကျော် စော်ကားပြီး လူအများရှေ့မှာ အပြင်စည်း အကြီးအကဲကို သတ်ခဲ့ပါတယ်... နည်းလမ်းကလည်း အရမ်း ရက်စက်ပါတယ်... သူ့ရဲ့ အပြစ်က သေဒဏ် ထိုက်သင့်ပါတယ်...”

မဟာအကြီးအကဲချင်ကွေ့၏ လေသံမှာ တည်ငြိမ်နေသည်။

“ဒီကိစ္စကို ငါ သိပြီးသားပါ... နှစ်ဦးစလုံးက ကိုယ့်ဆန္ဒအလျောက် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတာ... သေခြင်း၊ ရှင်ခြင်းက ကိုယ့်တာဝန်ကိုယ်ပဲ ဖြစ်တဲ့အတွက် လော့ချန်မှာ အပြစ် မရှိဘူး...”

ကျင်းမင်မှာ ရင်ထဲတွင် ဒေါသများ ပြည့်လျှံနေသော်လည်း မဟာအကြီးအကဲ၏ ရှေ့တွင်မူ ဒေါသ မထုတ်ရဲဘဲ မျက်နှာ ညိုမည်းလျက်သာ ရှိနေတော့သည်။

မဟာအကြီးအကဲချင်ကွေ့က လော့ချန်ကို ပြောလိုက်သည်။

“လော့ချန်... မင်း ငါနဲ့ လိုက်ခဲ့...”

လူနှစ်ဦး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် စကားသံတစ်သံ ထွက်ပေါ်လာသည်။

“အကြီးအကဲချင်ကွေ့... လော့ချန်ကို ဒီမှာ ထားခဲ့ပါ...”

တည်ငြိမ်သော အသံတစ်ခု ဝေးလံသော ကောင်းကင်ယံမှ လွင့်ပျံလာသည်။

ဤအသံမှာ အလွန်ပင် နက်နဲပြီး ကောင်းကင်ဘုံမှ ကျဆင်းလာသကဲ့သို့ ရှိနေသည်။ အသံမှာ အလွန် တိုးသော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပြီး မည်သူမျှ မငြင်းဆန်နိုင်သော အာဏာစက်များ ပြည့်နှက်နေသည်။

မဟာအကြီးအကဲချင်ကွေ့ ခြေလှမ်း ရပ်လိုက်သည်။ သူမသည် အနောက်ဘက် ကောင်းကင်ယံသို့ လှည့်ကြည့်လိုက်ရာ သူမ၏ လေသံမှာလည်း မသိစိတ်ဖြင့် အေးစက်သွားရသည်။

“နန်ကုန်းကျွယ်...”

အခန်း ၄၂၄ ပြီးပါပြီ။

အခန်း ၄၂၅ - အပြစ်မေးခြင်း၊ စစ်မှန်သောတပည့်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း

“ဝှစ်...”

ထို နက်နဲသော အသံဆုံးသွားသည်နှင့် အနောက်ဘက် ကောင်းကင်ယံရှိ တိမ်တိုက်များကို အလင်းတန်းအချို့က ဆုတ်ဖြဲလိုက်ပြီး ထိုအထဲမှ အမျိုးသား၊ အမျိုးသမီးအချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုသူများသည် ကိုယ်ရောင်ကိုယ်ဝါများ ဝန်းရံထားပြီး အရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်နေကာ စိတ်ကူးယဉ်ဆန်စွာ ဝေဝါးလျက် တစ်ဦးချင်းစီတွင် ထူးခြားသော စရိုက်များ ရှိနေကြသည်။

အချို့က မောက်မာရိုင်းစိုင်းပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အချို့ကမူ ပြုံးရယ်လျက် အေးဆေးတည်ငြိမ်နေသည်။ အချို့မှာမူ ရဲတိုက်တစ်ခုကဲ့သို့ သန်မာထွားကြိုင်းပြီး လူသားပုံစံ သားရဲတစ်ကောင်နှင့် တူနေသည်။ အချို့ကမူ အမူအရာကင်းမဲ့ကာ အေးစက်ရက်စက်လှသည်။

တစ်ဦးချင်းစီမှ ထွက်ပေါ်နေသော အားကောင်းလှသည့် ချီစွမ်းအင် လှိုင်းလုံးများသည် အနှိုင်းမဲ့နေသည်။

ထိုသူများထဲက လူတိုင်း၏ စွမ်းအားများမှာ အဋ္ဌမမင်းသား ကျင်းမင်ထက် လွန်စွာ သာလွန်နေကြောင်း လော့ချန် အာရုံခံမိသည်။ ထို ဟိန်းဟောက်နေသော အရှိန်အဝါများကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။

ထိုသူများထဲတွင် အာရုံစိုက်စရာ အကောင်းဆုံးမှာ ရှေ့ဆုံးမှ ဝတ်စုံကောင်း ဝတ်ဆင်ထားသော လူငယ်ဖြစ်သည်။

ထိုလူငယ်မှာ အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိပုံရပြီး ခေါင်းတွင် ကြယ်သရဖူ ဆောင်းထားကာ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပသည်။ သူ၏ မျက်လုံးတစ်စုံမှာ ကောင်းကင်မှ ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။

သူသည် မျက်လွှာချထားပြီး ကိုယ်ပေါ်တွင် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ မရှိချေ။ ကြည့်ရသည်မှာ ယဉ်ကျေးသိမ်မွေ့သော သူဌေးသားလေးတစ်ဦးနှင့် တူသော်လည်း သူ၏ အပြုအမူတိုင်းတွင် မမြင်ရသော ဆန်းကြယ်သည့် စွမ်းအားတစ်ခု ရှိနေသဖြင့် လူအများကို ဆွဲဆောင်နေသည်။

၎င်းသည် သဘာဝတရားနှင့် တစ်သားတည်းဖြစ်နေသော အငွေ့အသက်မျိုး ဖြစ်သည်။

ဤသူ ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။

သူ၏ အဆင့်အတန်းမှာ ပြောနေစရာပင် မလိုတော့ချေ။

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်များ၏ ခေါင်းဆောင်၊ မင်းသားတန်း၏ အကြီးအကဲ၊ စစ်မှန်တဲ့တပည့် စီနီယာနန်ကုန်းကျွယ် ဖြစ်သည်။

“စီနီယာနန်ကုန်းကို ဦးညွှတ်ပါတယ်...”

စီနီယာနန်ကုန်း ပေါ်လာသည်နှင့် ရင်ပြင်ရှိ မင်းသားတန်းတပည့်များ အားလုံး ထရပ်လိုက်ကြပြီး ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြသည်။ သူတို့၏ အမူအရာမှာ အတိုင်းအထက်အလွန် ကြည်ညိုလေးစားနေကြခြင်း ဖြစ်သည်။

အကြီးအကဲများပင်လျှင် သူ၏ မျက်လုံးကို တည့်တည့်မကြည့်ရဲကြချေ။

လော့ချန်သည်လည်း အလွန်ပင် တုန်လှုပ်သွားရသည်။ စီနီယာနန်ကုန်း ပြသနေသော အာဏာစက်ကြောင့်သာမက သူ၏ ကျယ်ပြောနက်နဲလှသော အရှိန်အဝါကြောင့်လည်း ဖြစ်သည်။

လော့ချန် သေချာပေါက် ပြောနိုင်သည်မှာ တစ်ဖက်လူကသာ သူ၏ စွမ်းအားကို ပေါက်ကွဲစေလိုက်လျှင် သူ့ကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်အောင် ချေမှုန်းပစ်နိုင်သည်မှာ ကျိန်းသေပေါက်ပင်။

ဤသည်မှာ စစ်မှန်တဲ့တပည့် ဖြစ်သည်။

ဂိုဏ်း၏ အမာခံ အင်အားစုပင်...။

တစ်ဦးချင်းစီမှာ သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်နေသူများ ဖြစ်ကြပြီး အခွင့်အရေး အလွန် မြင့်မားကာ အသက် သတ်ပိုင်ခွင့်အထိ အာဏာ ရှိကြသူများ ဖြစ်သည်။

စစ်မှန်တဲ့တပည့် ဖြစ်လာရန်အတွက် ရှေးဦးစွာ အတွင်းစည်းတပည့် ဖြစ်ရမည်။ ထို့နောက် အမာခံတပည့် ဖြစ်လာရမည်။ ထို့နောက်တွင် သွေးကြော ကိုးကြောင်းလုံးကို ပြည့်စုံအောင် ကျင့်ကြံပြီး စတုတ္ထနယ်ပယ်၏ အတားအဆီးကို ချိုးဖျက်ကာ သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်သွားမှသာ စစ်မှန်တဲ့တပည့်ကို စိန်ခေါ်နိုင်သည့် အရည်အချင်း ရှိမည် ဖြစ်သည်။

အကယ်၍ စစ်မှန်တဲ့တပည့်ကို အနိုင်ယူနိုင်ခဲ့လျှင် ထိုနေရာကို အစားထိုး ဝင်ရောက်နိုင်သည်။

ဤသည်မှာ အပြောလွယ်ကူသော်လည်း လက်တွေ့တွင်မူ အလွန်ပင် ခက်ခဲလှသည်။

ထိပ်သီး စစ်မှန်တဲ့တပည့် ဆယ်ဦးမှာ အတွင်းစည်းတွင် အသန်မာဆုံး ဆယ်ဦး ဖြစ်ကြပြီး တစ်ဦးချင်းစီမှာ ကောင်းကင်က ပေးထားသော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားမှာ နက်နဲလှပြီး နိုးကြားထားသော သိုင်းဝိညာဉ်များမှာ ကြယ်ကိုးပွင့်အဆင့် သို့မဟုတ် စိတ်ဝိညာဉ်အဆင့်များ ဖြစ်ကြရာ အနိုင်ယူရန်မှာ မလွယ်ကူလှပေ။

လွန်ခဲ့သော ဆယ်နှစ်အတွင်း ယွမ်မန်လီ တစ်ဦးတည်းသာ မူလ စစ်မှန်တဲ့တပည့် ယွမ်ချင်ရင်ကို စိန်ခေါ် အနိုင်ယူနိုင်ခဲ့သည်။

သူမသည် ဆယ်နှစ်အတွင်း ရွှမ်ယွမ်ဂိုဏ်း၏ တစ်ဦးတည်းသော စစ်မှန်တဲ့တပည့်သစ် ဖြစ်လာခဲ့သည်။

“ဝှစ်...”

လူတိုင်း၏ အကြည့်အောက်တွင် စီနီယာနန်ကုန်းသည် ရင်ပြင်ထဲသို့ ဆင်းသက်လိုက်၏။

“နန်ကုန်း...”

စီနီယာနန်ကုန်းကို မြင်လိုက်ရသဖြင့် မင်းသားကျင်းမင်၏ မျက်နှာမှ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ရှေ့သို့ အမြန် တိုးသွားကာ လော့ချန်ကို ရက်စက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဒီလူက...”

စီနီယာနန်ကုန်းသည် လက်မြှောက်ကာ သူ၏စကားကို ဖြတ်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်လိုက်သည်။

“မင်းက လော့ချန်လား...”

လော့ချန်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။

အမှန်အတိုင်း ပြောရလျှင် စီနီယာနန်ကုန်းက သူ့ကို သတိပြုမိလိမ့်မည်ဟု သူ မထင်ခဲ့ချေ။

တစ်ဖက်လူမှာ လူငယ်မျိုးဆက်များ၏ ခေါင်းဆောင် ဖြစ်ပြီး ကောင်းကင်ယံတွင် ရပ်တည်နေသည့် စစ်မှန်တဲ့တပည့် ဖြစ်သည်။

သူကမူ ယခုအချိန်တွင် သွေးကြောနိုးကြားမှုနယ်ပယ်သို့ အခုမှ စတင် ခြေချထားသည့် သာမန် အတွင်းစည်းတပည့်လေး တစ်ဦးသာ ဖြစ်သည်။

သူတို့ နှစ်ဦးကြားမှ အဆင့်အတန်းနှင့် စွမ်းအားမှာ မိုးနှင့်မြေပမာ ကွာခြားလှသည်။ မည်သို့မျှ ပတ်သက်စရာ မရှိချေ။

“မှန်ပါတယ်...”

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူကာ မတုန်မလှုပ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

မဟာအကြီးအကဲချင်ကွေ့က ဝင်ပြောသည်။

“နန်ကုန်း... မင်းမှာ ဘာကိစ္စ ရှိလို့လဲ...”

“ကျွန်တော် ကိုယ်တိုင် လာတယ်ဆိုမှတော့ ကိစ္စ ရှိလို့ပေါ့...”

စီနီယာနန်ကုန်းသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး မဟာအကြီးအကဲချင်ကွေ့က လော့ချန်ကို ခေါ်ဆောင်သွားမည်ကို တားဆီးလိုက်သည်။ သူ၏ အကြည့်မှာ လော့ချန်ဆီသို့ ထပ်မံ ရောက်ရှိသွားပြီး ရုတ်တရက် အလွန် အေးစက်သွားသည်။

“လော့ချန်... မင်း ကိုယ့်အပြစ်ကို သိသလား...”

တည်ငြိမ်လှသော လေသံ ဖြစ်သော်လည်း စကားလုံးတိုင်းမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေသည်။

လူတိုင်းမှာ ဤ လူငယ်ခေါင်းဆောင်၊ စစ်မှန်တဲ့တပည့်၏ နက်နဲလှသော အရှိန်အဝါကို ခံစားလိုက်ရသည်။

လော့ချန်မှာ ရှေ့ဆုံးမှ ခံစားရသူ ဖြစ်သဖြင့် တောင်လဲ၊ ပင်လယ်ပြောင်းမတတ် ဖိအားကြီးက သူ့ဆီသို့ တိုးဝင်လာသည်ဟု ခံစားရသည်။ သူ၏ စိတ်ဝိညာဉ်မှာ တုန်ယင်နေပြီး မျက်နှာမှာ ဖြူဖျော့သွားရသည်။ တစ်ဖက်လူ ထုတ်ဖော်လိုက်သော စကားလုံးတိုင်းမှာ တောင်ကြီး တစ်လုံးကဲ့သို့ လေးလံနေပြီး သူ့ကို ဒူးထောက် အညံ့ခံခိုင်းနေသည့်နှယ် ရှိသည်။

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူကာ ခန္ဓာကိုယ်ကို တည့်တည့်ဖြစ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။

“ငါ့မှာ အပြစ် မရှိဘူး... အပြစ်ရှိတယ်လို့ ဘာကြောင့် ပြောရတာလဲ...”

မဟာအကြီးအကဲချင်ကွေ့၏ မျက်နှာတွင်လည်း မကျေနပ်မှုများ ပေါ်လာပြီး အေးစက်စွာ ဆိုသည်။

“နန်ကုန်း... လော့ချန်နဲ့ အကြီးအကဲချင်တို့က သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲခဲ့တာ... နှစ်ဦးစလုံးက ကိုယ့်ဆန္ဒအလျောက်ပဲ... သူ ဘာမှ မှားတာ မလုပ်ခဲ့ဘူး...”

“ဘာမှ မလုပ်ခဲ့ဘူး ဟုတ်လား...”

စီနီယာနန်ကုန်းသည် လော့ချန်ကို တစ်ချက် ဝေ့ကြည့်ပြီး အေးစက်စွာ ရယ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

“လူတွေကို ခေါ်လာခဲ့ကြစမ်း...”

စကားဆုံးသည်နှင့် အတွင်းစည်းတပည့် တစ်စုသည် အစဉ်လိုက် ဝင်ရောက်လာကြပြီး တစ်ကိုယ်လုံး သွေးများဖြင့် စွန်းပေနေသော လူအချို့ကို ထမ်းလာကြသည်။

လော့ချန် မျက်ခုံးပင့်လိုက်သည်။

ထမ်းလာသော လူများမှာ ယွီကျုံးဟွေ့၊ ဟန်ယွီတို့ အုပ်စု ဖြစ်ကြသည်။

ထို့အပြင် အလုပ်သင်တပည့် နယ်မြေတွင် သူ ရိုက်နှက်ခဲ့သော အကြီးအကဲဝမ်တို့လည်း ပါဝင်သည်။

အတွင်းစည်းတပည့် တစ်ဦးက လော့ချန်ကို လက်ညှိုးထိုးကာ လေသံမာမာဖြင့် ဆိုသည်။

“စီနီယာနန်ကုန်းကို တင်ပြပါတယ်... ဒီလူတွေ အားလုံးက လော့ချန်ရဲ့ လက်ချက်နဲ့ ဒဏ်ရာ ရခဲ့ကြတာပါ...”

“ဝါး...”

ဤစကား ထွက်လာသည်နှင့် ရင်ပြင်တစ်ခုလုံး ဆူညံသွားတော့သည်။

လော့ချန် ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်း ဤမျှ ကြီးမားသော ပြဿနာများ ဖန်တီးခဲ့လိမ့်မည်ဟု လူတိုင်း မထင်မှတ်ခဲ့ကြချေ။

အကြီးအကဲချင်ကို သတ်ရုံသာမက ဤမျှ များပြားသော လူများကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့သည်။ အကြီးအကဲ သုံးဦးပင် ပါဝင်နေသေးသည်။

“ဂိုဏ်းထဲမှာ လူတွေကို ဒဏ်ရာရအောင် လုပ်တယ်... လက်ချက်ကလည်း အရမ်း ပြင်းထန်တယ်... လော့ချန်တော့ ဒီတစ်ခါ ပြဿနာ အကြီးကြီး တက်ပြီ...”

“အင်း... စီနီယာနန်ကုန်းက ဒီအခွင့်အရေးကို သုံးပြီး သူ့ကို အပြစ်ပေးတော့မှာ သေချာတယ်...”

လူတိုင်းက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး လော့ချန်မှာ ယနေ့ မသေလျှင်ပင် ဒုက္ခရောက်တော့မည်ဟု ယူဆကြသည်။ မဟာအကြီးအကဲချင်ကွေ့ပင်လျှင် ကာကွယ်ပေးနိုင်ရန် မသေချာတော့ချေ။

ကူးလင်ဖုန်းနှင့် ယွမ်ချီလန်တို့၏ မျက်နှာမှာ ဖြူဖျော့နေကြပြီး လော့ချန်အတွက် ဝင်ပြောပေးချင်သော်လည်း စီနီယာနန်ကုန်း၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် အနားပင် မကပ်ရဲကြချေ။ အသက်ရှူရန်ပင် အားကုန် ကြိုးစားနေရသည်။

“လော့ချန်... မင်းက သာမန် အပြင်စည်းတပည့်လေး တစ်ဦး ဖြစ်ပြီး အဆင့်ကျော် စော်ကားတယ်... အကြီးအကဲကို ဒဏ်ရာရအောင် လုပ်တယ်... အတွင်းစည်းထဲ ဝင်ပြီး လူတွေကို နှိပ်စက်တယ်... နည်းလမ်းကလည်း အရမ်း ရက်စက်တယ်... မင်းမှာ စွမ်းအား အနည်းငယ် ရှိတာနဲ့ ဒီလို မောက်မာနေမယ်ဆိုရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဓားပြတွေ၊ နတ်ဆိုးတွေနဲ့ ဘာထူးတော့မှာလဲ...”

စီနီယာနန်ကုန်းသည် လော့ချန်ကို စိုက်ကြည့်ရင်း အလွန် ဖြောင့်မတ်သည့် ပုံစံဖြင့် ပြောလိုက်သည်။ သူ၏ အကြည့်မှာ လျှပ်စီးကဲ့သို့ပင်။ သူ၏ ပုံစံက အလွန်တည်ကြည်ဖြောင့်မတ်သော တရားသူကြီးနှယ်ပင်။

“အခု လူသက်သေ၊ ပစ္စည်းသက်သေ အကုန် ရှိနေပြီ... မင်း ဘာပြောချင်သေးလဲ...”

လော့ချန် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ဤမျှ ပြဿနာများစွာ ဖန်တီးခဲ့သည်ကို မဟာအကြီးအကဲချင်ကွေ့ မသိခဲ့သဖြင့် သူမလည်း ခဏမျှ ဆွံ့အသွားရသည်။

မင်းသားကျင်းမင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး အေးစက်စွာ ဆိုသည်။

“ဂိုဏ်းစည်းကမ်းအရ ပြောရရင် အပြင်စည်းတပည့်က အဆင့်ကျော် စော်ကားပြီး ဂိုဏ်းသားတွေကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ရင် ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဂိုဏ်းကနေ ထုတ်ပယ်ရမယ်...”

လော့ချန်၏ စိတ်ဝိညာဉ်ထဲတွင် ရွှေရောင်လှိုင်းလုံးများ ဆူပွက်လာပြီး တစ်ဖက်လူ၏ အရှိန်အဝါ ဖိနှိပ်မှုကို ဂရုမစိုက်ဘဲ စီနီယာနန်ကုန်းကို ပုံမှန်အတိုင်း ကြည့်ကာ ဆိုလိုက်သည်။

“လူတွေကို ငါ ဒဏ်ရာရအောင် လုပ်ခဲ့တာ မှန်တယ်... ဒါပေမဲ့ ငါ တစ်ခု မေးချင်တာက... တကယ်လို့ တစ်စုံတစ်ယောက်က စီနီယာနန်ကုန်းရဲ့ သိက္ခာကို စော်ကားလာရင် စီနီယာ ဘယ်လို လုပ်မလဲ...”

စီနီယာနန်ကုန်းက ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။

“လူမှာ အဆင့်အတန်း ရှိတယ်... အောက်ခြေလူက အထက်လူကို စော်ကားရင်တော့ သက်ညှာလို့ မရဘူး...”

လော့ချန်က ပြုံးလိုက်သည်။

“ဒါဆိုရင်တော့ စီနီယာနန်ကုန်းက ငါ့မှာ အပြစ်ရှိတယ်လို့ တိုက်ရိုက် ဆုံးဖြတ်လိုက်တာဟာ နည်းနည်းတော့ တစ်ဖက်သတ် ဆုံးဖြတ်ရာကျနေပြီ ထင်တယ်...”

ဤစကား ထွက်လာသည်နှင့် ထိုနေရာရှိ လူအားလုံး မျက်နှာ ပျက်ကုန်ကြသည်။ လူတိုင်း၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထန်သွားရပြီး အံ့အားသင့်ကာ လေရှူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

မဟာအကြီးအကဲချင်ကွေ့၏ မျက်လုံးများပင် ဝေ့ဝဲသွားရသည်။

စီနီယာနန်ကုန်းက မည်သို့သော အဆင့်အတန်းနည်း။

လော့ချန်က မည်သို့သော အဆင့်အတန်းနည်း။

သူက စီနီယာနန်ကုန်း၏ အာဏာစက်ကို ဤမျှ ပေါ်တင် ဆန့်ကျင်ရဲသည်လား။

“ရိုင်းစိုင်းလိုက်တာ... မင်းက ဘာကောင်မို့လို့ စီနီယာနန်ကုန်းကို တစ်ဖက်သတ် ဆုံးဖြတ်ရာ ကျတယ်လို့ ပြောရဲတာလဲ... သေချင်နေတာလား...”

မင်းသားတန်းမှ အတွင်းစည်းတပည့် တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လော့ချန်ဆီသို့ တစ်လှမ်း တက်လိုက်သည်။

“ဟဲဟဲ...”

စီနီယာနန်ကုန်းသည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အေးစက်သည့် အလင်းတန်းတစ်ခု ပေါ်လာသည်။

“ငါက တစ်ဖက်သတ် ဆုံးဖြတ်တယ် ဟုတ်လား... ဒီနေ့ မင်းက ငါ့ကို ကျိုးကြောင်းဆီလျော်အောင် မရှင်းပြနိုင်ရင် ငါ သိက္ခာကျ ခံပြီးတော့ကို မင်းကို ငါ ကိုယ်တိုင် အပြစ်ပေးရလိမ့်မယ်...”

စီနီယာနန်ကုန်း၏ အသံ ထွက်ပေါ်လာသည်နှင့်အတူ အေးစက်လှသော အငွေ့အသက်များသည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်းမှာ အသက်ရှူကျပ်လာပြီး စိတ်ဝိညာဉ်များပင် တုန်ယင်လာရတော့သည်။

အခန်း ၄၂၅ ပြီးပါပြီ။

အခန်း ၄၂၆ - လုပ်ကြံပြောဆိုခြင်း၊ အပြောင်းအလဲကြီး ဖြစ်တော့မည်

‘မကောင်းတော့ဘူး...’

နန်ကုန်းကျွယ်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အလွန်အေးစက်သည့် သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသဖြင့် မဟာအကြီးအကဲချင်ကွေ့သည် စိတ်ထဲတွင် လေးတွဲစွာ သက်ပြင်းချလိုက်၏။

သူမသည် လော့ချန်၏ စိတ်ဓာတ်က ဤမျှအထိ ပြတ်သားပြီး မာကျောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ နန်ကုန်းကျွယ်၏ ရှေ့တွင်ပင် ခေါင်းမညိတ်ရုံသာမက သူကပင်တစ်ဖန် အပြစ်တင်ရဲသည်။

ယခုအခါတွင် လူသက်သေ၊ ပစ္စည်းသက်သေ အကုန်ရှိနေပြီ ဖြစ်သည်။ အကယ်၍ လော့ချန်က ကျိုးကြောင်းဆီလျော်အောင် မရှင်းပြနိုင်ဘဲ နန်ကုန်းကျွယ်ကသာ ဤကိစ္စကို အကြောင်းပြပြီး ပြဿနာရှာလာပါက သူမပင်လျှင် ဖြေရှင်းပေးနိုင်ရန် ခက်ခဲပေလိမ့်မည်။

“ငါ ဒီလို ပြောတာဟာ ငါ့မှာ ကျိုးကြောင်းဆီလျော်တဲ့ အချက်တွေ ရှိလို့ပဲ...”

လော့ချန်သည် အမူအရာ တည်ငြိမ်နေပြီး ဒဏ်ရာ ပြင်းထန်နေသော ဂျူနီယာယွီကျုံဟွေ့တို့ အုပ်စုကို တစ်ချက် ဝေ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ယွီကျုံဟွေ့တို့ အုပ်စုဟာ ချင်ရွှမ်တောင်ထိပ်ကို ခိုးဝင်ခဲ့ကြတယ်။ ငါ့ရဲ့ နေအိမ်ကို ဖျက်ဆီးပြီး ငါ့ရဲ့ ရတနာတွေကို ခိုးယူခဲ့ကြတယ်။ ငါက သွားရောက် မေးမြန်းတဲ့အခါ သူတို့က ဝန်မခံရုံတင်မကဘဲ ငါ့ကိုပါ လက်ထုတ်သုံးပြီး ဒဏ်ရာရအောင် လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ငါက သူတို့ကို အနည်းငယ်လောက်ကလေး အပြစ်ပေးပြီး ငါ့ရဲ့ ပစ္စည်းတွေကို ပြန်တောင်းခဲ့တာပဲ။ အဲ့ဒါ ဘာမှားလို့လဲ...”

“ဒါမှမဟုတ် အတွင်းစည်းတပည့် ဖြစ်တာနဲ့ပဲ ကိုယ့်သဘောအတိုင်း မောက်မာပြီးတော့ သူများ ပစ္စည်းတွေကို ခိုးယူလို့ ရနေတာလား။ ဒီသတင်းသာ အပြင်ကို ပျံ့နှံ့သွားရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ သိက္ခာကို အကြီးအကျယ် ထိခိုက်စေမှာမဟုတ်ဘူးလား...”

လော့ချန်သည် တစ်ချက်ချင်း ရှင်းပြနေပြီး စကားလုံးတိုင်းသည် ပြတ်သားလှသည်။ ကိစ္စရပ်ကို ရွှမ်ယွမ်ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့်ပါ ချိတ်ဆက်လိုက်သဖြင့် လူအများကို ငြင်းဆန်ရန် ခက်ခဲသွားစေသည်။

ယွီကျုံဟွေ့သည် ဆေးလုံးများ သောက်ထားသဖြင့် သတိပြန်ရနေပြီ ဖြစ်သည်။ လော့ချန်၏ စကားများကို ကြားသောအခါ သူသည် ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားတော့သည်။

ထိုအရာသည် တကယ်ပင် လုပ်ကြံပြောဆိုခြင်းပင် ဖြစ်သည်။ အဘယ်သူက ဓားပြဖြစ်နေသနည်း။ သူ ချင်ရွှမ်တောင်ထိပ်မှ အိမ်ကို ဖျက်ဆီးခဲ့သည်မှာ မှန်ကန်သော်လည်း အဘယ်မှာ ရတနာများကို ခိုးယူခဲ့သနည်း။ ပြောင်းပြန်အနေဖြင့် သူ၏ သိုလှောင်လက်စွပ်သာ လုယူခံခဲ့ရပြီး သူ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှ အကုန်လုံးကို လော့ချန်က လုယူသွားခဲ့ခြင်း မဟုတ်ပါလော။

နှမြောစရာကောင်းသည်မှာ သူသည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် စကားတစ်ခွန်းပင် မပြောနိုင်ဘဲ မျက်လုံးပြူးကာ ကြည့်လျက် ဒေါသနှင့် နာကျင်မှုများကို ရင်ထဲ၌သာ မြိုသိပ်ထားရတော့သည်။

“အဲ့ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ...”

မင်းသားကျင်းမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အမှန်တရားကတော့ ဒါပါပဲ။ မင်း မယုံရင် သွားပြီး စုံစမ်းကြည့်နိုင်တယ်။ ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာ အမှန်တရားက ဆုံးဖြတ်ပေးလိမ့်မယ်...”

လော့ချန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“တကယ်လို့ မင်း ပြောတာ မှန်တယ် ထားဦးတော့... ဒါဆိုရင် သူတို့ကရော...”

မင်းသားကျင်းမင်သည် အကြီးအကဲဝမ်တို့ အုပ်စုကို လက်ညှိုးထိုးပြလိုက်သည်။ လော့ချန်သည် မင်းသားကျင်းမင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“အကြီးအကဲဝမ်ဟာ တပည့်အချင်းချင်း သတ်ဖြတ်ဖို့ သွေးထိုးပေးခဲ့တယ်။ ငါက သွားရောက် မေးမြန်းတဲ့အခါ သူက အကြီးအကဲ အဆင့်အတန်းကို သုံးပြီး တခြား လူနှစ်ဦးနဲ့ ပေါင်းကာ ငါ့ကို သေဒဏ်ပေးဖို့ ကြိုးစားခဲ့ကြတယ်...”

“ငါဟာ သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်နေပြီ ဖြစ်သလို မဟာအကြီးအကဲချင်ကွေ့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ အတွင်းစည်းတပည့်လည်း ဖြစ်တယ်။ အပြင်စည်း အကြီးအကဲ သုံးဦးဟာ ငါ့ကို အပြစ်ပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ...”

“နောက်ပြီး အရင်က စီနီယာယွမ်မန်လီဟာ လူအများရှေ့မှာ ပြောခဲ့ဖူးတယ်။ ဘယ်သူမှ ငါ့ကို အဆင့်အတန်း သုံးပြီး ဖိနှိပ်လို့ မရဘူးလို့...”

“စစ်မှန်တဲ့တပည့်ရဲ့ အဆင့်အတန်းဟာ ဘယ်လောက် မြင့်မားသလဲ။ စကားတစ်ခွန်းဟာ ရွှေထက်တောင် တန်ဖိုးရှိတယ်။ ဒါပေမဲ့ သူတို့ သုံးဦးဟာ စစ်မှန်တဲ့တပည့်ရဲ့ စကားကိုရော၊ မဟာအကြီးအကဲချင်ကွေ့ကိုပါ လျစ်လျူရှုရဲကြတယ်။ အဲ့ဒါကသာ တကယ့် အဆင့်ကျော် စော်ကားမှု... တကယ့် အပြစ်ကြီးပဲ။ အဲ့ဒီအတွက် ငါက သူတို့ကို အပြစ်ပေးတာ ဘာမှားနေလို့လဲ...”

လော့ချန်သည် နန်ကုန်းကျွယ်ကို ကြည့်လိုက်သည်။ နန်ကုန်းကျွယ်၏ မျက်နှာသည် ညိုမည်းသွားရသည်။ သူသည် လော့ချန်ကို အထင်သေးခဲ့မိကြောင်း ယခုမှပင် သိလိုက်ရသည်။ လော့ချန်သည် ဤမျှအထိ စကားကြွယ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ဟားဟားဟား...”

နန်ကုန်းကျွယ်သည် အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ အသံသည် မိုးခြိမ်းသကဲ့သို့ ရှိနေကာ ရှေ့သို့ နှစ်လှမ်း တက်လိုက်သည်။ ရင်ပြင်ရှိ လူတိုင်းသည် သူ၏ ခြေလှမ်းသံနှင့်အတူ နှလုံးခုန်နှုန်းများ မြန်လာကြပြီး အဘယ်သူမျှ အသက်ပြင်းပြင်း မရှူရဲကြတော့ချေ။

“တော်တော်လည်း စကားတတ်တဲ့ကောင်ပဲ... လူအများကြီးကို ဒဏ်ရာရအောင် လုပ်ခဲ့တာကိုတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မရှိအောင် ကျန်ဖန်ပြီး လှည့်ပတ်ပြောဆိုရဲတယ်... လျှာအရိုးမရှိတိုင်း မင်း လျှောက်ပြောမနေနဲ့... ဟိုမှာ ကြည့်လိုက်စမ်း... မင်း ပြောတဲ့ နည်းနည်းလောက် အပြစ်ပေးလိုက်တာ ဆိုတဲ့သူတွေ... အဲ့ဒါ နည်းနည်းလောက်တဲ့လား...”

လော့ချန်ကို စိုက်ကြည့်ရင်း နန်ကုန်းကျွယ်က ဆက်လက် လှောင်ပြောင်လိုက်သည်။

“မင်း ယွမ်မန်လီကို ထည့်ပြောရအောင် သူ့ကို သုံးပြီး ငါ့ကို ဖိနှိပ်ချင်လို့လား...”

“လော့ချန် မလုပ်ရဲပါဘူး...”

လော့ချန် ဖြူစင်သူတစ်ယောက်ပမာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက် ဆိုလိုက်သည်။

“ငါဟာ အမှန်တရားကိုပဲ ပြောတာပါ။ သူတို့ ဒီလောက်အထိ ဒဏ်ရာ ပြင်းထန်သွားတာကတော့ အမှန်အတိုင်း ပြောရရင် ငါလည်း မထင်ထားခဲ့ဘူး...”

“ငါ တကယ် သက်ညှာပေးခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ငါ့ရဲ့ စွမ်းအား သုံးပုံတစ်ပုံကိုတောင် မခံနိုင်ကြတာကတော့ ငါလည်း ဘယ်လိုမှ မတတ်နိုင်ပါဘူး...”

အကယ်၍ လော့ချန်သည် ဤစကားကို အစောပိုင်းက ပြောဆိုခဲ့လျှင် လူတိုင်းက သူ့ကို လှောင်ပြောင်ကြမည်မှာ သေချာသည်။ သို့သော် ယခုအချိန်တွင်မူ အဘယ်သူမျှ သံသယ မရှိရဲကြတော့ချေ။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်အဆင့်ရှိသော အကြီးအကဲချင်တို့ယွမ်ကိုပင် သတ်နိုင်ခဲ့လျှင် လော့ချန်သာ သက်ညှာမပေးခဲ့ပါက ဂျူနီယာယွီကျုံဟွေ့နှင့် အကြီးအကဲဝမ်တို့သည် မျက်စိတစ်မှိတ်အတွင်းမှာတင် ပြာမှုန် ဖြစ်သွားလောက်သည် မဟုတ်ပါလော။

“ဟဲဟဲ... မင်း မလုပ်ရဲဘူး ဟုတ်လား... ငါ့အမြင်မှာတော့ မင်း မလုပ်ရဲတာ ဘာမှ မရှိဘူး ထင်တယ်...”

နန်ကုန်းကျွယ်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများသည် ဝေ့ဝဲနေသည်။ လော့ချန်သည် ဤအရာအားလုံးကို အကွက်စေ့စေ့ ရှင်းပြနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ စွမ်းအားအရ ပြောဆိုရလျှင် လော့ချန်က သက်ညှာပေးခဲ့သည်မှာ မှန်ကန်လှသည်။

“စီနီယာနန်... အဲ့ဒီကောင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မယုံပါနဲ့။ သူ့ကို စစ်ဆေးရေးဌာနကို ပို့လိုက်။ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်လိုက်ရင် သူ ဝန်ခံလာမှာပဲ...”

မင်းသားကျင်းမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လော့ချန်၏ မျက်နှာသည် အေးစက်သွားပြီး နောင်တစ်ချိန်တွင် မင်းသားကျင်းမင်ကို ဓားဖြင့် ခုတ်သတ်မည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ နန်ကုန်းကျွယ်၏ မျက်နှာသည်လည်း အမျိုးမျိုး ပြောင်းလဲနေသည်။

ထိုအချိန်တွင်...

“ဝှစ်...”

ကောင်းကင်ယံ၌ ရုတ်တရက် ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပေါ်လာပြီး ထိုအထဲ၌ လျှပ်စီးကြောင်းများ ဝေဝါးစွာ တောက်ပနေသဖြင့် စိတ်ဝိညာဉ်ကို ဖိနှိပ်ထားသည့်နှယ် ခံစားရသည်။

“ကဲ... ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာ အခုတော့ ရှင်းသွားပြီ။ ဒီလူတွေဟာ ကိုယ့်သဘောအတိုင်း မောက်မာခဲ့ကြလို့ အခုလို အကျိုးဆက်ကို ခံစားရတာပဲ...”

အက်ကြောင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အသံသည် အလွန် အိုမင်းနေသော်လည်း ပါဝင်နေသော စွမ်းအားမှာမူ အံ့ဩစရာ ကောင်းလှသည်။ စကားလုံးတိုင်းသည် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။

“လော့ချန်မှာ အမှား ရှိတယ်ဆိုရင်တောင် အဲ့ဒါက အနည်းငယ်မျှပဲ ဖြစ်တယ်။ နည်းနည်း လက်လွန်သွားတာပဲ ရှိတယ်။ သူဟာ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ပထမဆု ရယူပေးခဲ့ပြီး ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ သိက္ခာကို မြှင့်တင်ပေးခဲ့တယ်။ ဒါဟာ သူ့ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပဲ။ ဒါကြောင့် ဆုလာဘ်များစွာ ပေးအပ်သင့်တယ်။ ဒီနေ့တော့ အပြစ်နဲ့ အလုပ်ကို ချေလိုက်ပြီ...”

“ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့။ လော့ချန်ကို ငါ ခေါ်သွားပြီ...”

စကားဆုံးသည်နှင့် ဟင်းလင်းပြင်ထဲမှ မမြင်ရသော လက်ကြီးတစ်ဖက် ပေါ်လာသည်။ လက်ချောင်းများ စုလိုက်ပြီး လော့ချန်ကို ဝန်းရံကာ အတွင်းစည်း တောင်တန်းများ၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ခေါ်ဆောင်သွားတော့သည်။

“အို... မဟာအကြီးအကဲမင်ကျုံး...”

မဟာအကြီးအကဲချင်ကွေ့သည် အနည်းငယ် အံ့အားသင့်သွား၏။ မဟာအကြီးအကဲမင်ကျုံးသည် ဂိုဏ်း၏ ကိစ္စရပ်များကို လျစ်လျူရှုထားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် ထွက်ပေါ်လာခဲ့စဉ်က စီနီယာယွမ်မန်လီ၏ သိုင်းဝိညာဉ် အဆင့်တက်စဉ်ကသာ ဖြစ်သည်။ ယနေ့တွင်မူ လော့ချန်အတွက် ကိုယ်တိုင် ဝင်ပါခဲ့သည်တဲ့လား။

“ဝေါ...”

ရေငွေ့မြူခိုးများသည် မြစ်ကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး မဟာအကြီးအကဲချင်ကွေ့ကို ပင့်တင်ကာ နောက်မှ လိုက်ပါသွားတော့သည်။ နန်ကုန်းကျွယ်၏ အကြည့်သည် နက်နဲနေပြီး လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ပြီးမှ ပြန်လည် ဖြေလျှော့လိုက်သည်။

“မဟာအကြီးအကဲမင်ကျုံး... သူကတောင် ဒီကောင်လေးအတွက် ဝင်ပါပေးနေတာလား။ ဒီကောင်က ငါတို့ မင်းသားတန်းရဲ့ သိက္ခာကို စော်ကားခဲ့တာပဲ။ ငါတို့ လူတွေကို ဒီလောက်အထိ ဒုက္ခပေးခဲ့တာကို ဒီအတိုင်း လွှတ်ပေးရမှာလား...”

မင်းသားကျင်းမင်သည် လော့ချန် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း မကျေမနပ်ဖြစ်ကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။

“အသုံးမကျတဲ့ သိုင်းဝိညာဉ် ရှိတဲ့ တပည့်လေး တစ်ယောက်ပဲဟာ။ ခေတ္တခဏလောက်ပဲ မောက်မာနိုင်မှာပါ။ ပုရွက်ဆိတ်တစ်ကောင်လိုပဲ အချိန်မရွေး ဖိသတ်နိုင်တဲ့သူ ဖြစ်လို့ ငါက သူ့ကို အပြတ်မရှင်းလိုက်တာပါ။ မဟုတ်ရင် ငါဟာ စီနီယာကြီးတစ်ဦးရဲ့ ဂုဏ်သိက္ခာ မရှိဘူးလို့ အပြောခံရလိမ့်မယ်...”

နန်ကုန်းကျွယ်က သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါ ဒီတစ်ခါ ကိုယ်တိုင် လာခဲ့တာဟာ စီနီယာယွမ်မန်လီက ၁၁ ဆင့် မြေကမ္ဘာအဆင့် သိုင်းဝိညာဉ်ကို နိုးကြားစေခဲ့ပြီးနောက် သူမကို ထောက်ခံတဲ့သူ ဘယ်လောက်ရှိသလဲဆိုတာ ကြည့်ချင်လို့ပဲ။ မဟာအကြီးအကဲချင်ကွေ့ဟာ ယွမ်မန်လီရဲ့ ဆရာသခင် ဖြစ်လို့ ထောက်ခံတာကတော့ ထားလိုက်တော့။ ဒါပေမဲ့ မဟာအကြီးအကဲမင်ကျုံးပါ ဝင်ပါလာလိမ့်မယ်လို့ ငါ မထင်မှတ်ထားခဲ့ဘူး...”

လော့ချန် တစ်ဦးတည်းအတွက်ဆိုလျှင် နန်ကုန်းကျွယ်သည် ဤမျှအထိ လှုပ်ရှားနေစရာ မလိုအပ်ပေ။ မဟာအကြီးအကဲ နှစ်ပါး၏ အာရုံစိုက်မှုကို ခံရရန်လည်း မထိုက်တန်ပေ။ ဤအဖြစ်အပျက်များ၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် လော့ချန်၏ သေခြင်း၊ ရှင်ခြင်းထက် များစွာ သာ၍ နက်နဲလှသည်။

နန်ကုန်းကျွယ်သည် ကြီးမားသော လက်ကြီး ထွက်ခွာသွားသော အရပ်ကို ကြည့်ရင်း သူ၏ အကြည့်သည် နက်ရှိုင်းလာကာ နောက်ဆုံး၌ အေးစက်စွာ နှာမှုတ်လိုက်သည်။

“သူတို့ဟာ ယွမ်မန်လီ မြေကမ္ဘာအဆင့် သိုင်းဝိညာဉ်ကို နိုးကြားလာရုံနဲ့ ငါနဲ့ ယှဉ်နိုင်ပြီလို့ ထင်နေကြတာလား။ တကယ့်ကို ရယ်စရာကောင်းတယ်။ မကြာခင်မှာ သူတို့ရဲ့ အတွေးတွေ ဘယ်လောက်တောင် မိုက်မဲသလဲဆိုတာ သိရအောင် ငါ လုပ်ပေးရလိမ့်မယ်...”

အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် နန်ကုန်းကျွယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ မင်းသားကျင်းမင်သည် ထိုနေရာ၌ ကျန်ရစ်ခဲ့ပြီး မျက်နှာသည် ညိုမည်းနေကာ ဒေါသများကြောင့် သူ၏ မျက်နှာသည် တုန်ယင်နေ၏။

ယနေ့သည် သူ၏ ဘဝ၌ အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။ သူက အကြီးအကဲချင်ကို ကာကွယ်ပေးမည်ဟု ပြောဆိုခဲ့ပါလျက် အကြီးအကဲချင်သည် လော့ချန်၏ လက်ချက်ဖြင့် လူအများရှေ့၌ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ တကယ်ပင် သိက္ခာကျစရာပင် ဖြစ်သည်။ နောက်ဆုံး၌ လော့ချန်သည် ဒဏ်ရာ တစ်စက်မျှ မရရှိဘဲ ထွက်ခွာသွားနိုင်ခဲ့သည်။

“တောက်...”

စိတ်ထဲ၌ တွေးတောလေ၊ ဒေါသထွက်လေ ဖြစ်နေသဖြင့် မင်းသားကျင်းမင်သည် ဘေးရှိ စင်မြင့် အပိုင်းအစ တစ်ခုကို လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်သည်။

“လော့ချန်... လော့ချန်... မင်း အစားဝဝစားပြီး စောင့်ဆိုင်းနေလိုက်စမ်း...”

အေးစက်စွာ နှာမှုတ်လိုက်ပြီး မင်းသားကျင်းမင်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူအချို့ကိုပင် ဂရုမစိုက်တော့ဘဲ သိုင်းပြိုင်ကွင်းမှ အရှက်ရစွာ ထွက်ခွာသွားတော့သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ မှင်တက်မိနေကြသည်။

လော့ချန်သည် ဤမျှအထိ ပြဿနာများစွာ ဖန်တီးခဲ့ပြီး မင်းသားတန်းမှ လူများစွာကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်။ နန်ကုန်းကျွယ်ကိုယ်တိုင်ပင် အပြစ်လာရောက် မေးမြန်းခဲ့သည် မဟုတ်ပါလား။ လူတိုင်းက သူ ယနေ့ သေဆုံးရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် နောက်ဆုံး ရလဒ်မှာမူ ‘အပြစ်နှင့် အလုပ် ခုနှိမ်သည်’ ဆိုသည့် စကားတစ်ခွန်းနှင့်ပင် ပြီးဆုံးသွားခဲ့ရသည်။

ယခုတင် မြင်တွေ့ခဲ့ရသော အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ယခင်က လော့ချန်နှင့် ရန်ငြိုး ရှိခဲ့ဖူးသော အပြင်စည်း မင်းသားတန်းဝင်များသည် တစ်ကိုယ်လုံး အေးစက်လာပြီး ဦးရေပြားများပါ ထုံကျင်နေကြတော့သည်။

“ငါတို့ ရွှမ်ယွမ်ဂိုဏ်းမှာ... အပြောင်းအလဲကြီး ဖြစ်တော့မယ်...”

တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

အခန်း ၄၂၆ ပြီးပါပြီ။

All Chapters