← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း ၄၃၀ - မင်းကို နည်းနည်းလောက် လမ်းညွှန်ပေးရတာပေါ့

ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ဧည့်ခံနန်းဆောင်...

အပြင်စည်း မဟာအကြီးအကဲ ချင်ယွမ် မရှိသဖြင့် အကြီးအကဲချန်ရွှမ်က သဘာပတိနေရာတွင် ထိုင်နေပေသည်။

ဘယ်ဘက်တွင် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းအကြီးအကဲများ ဖြစ်ကြသော ပဥ္စမအကြီးအကဲနှင့် နဝမအကြီးအကဲတို့ အစဉ်လိုက် ထိုင်နေကြပြီး နောက်ဘက်၌မူ စီဘင်းယီ၊ ချင်ယန်၊ လင်ရှောင်ယွမ် အစရှိသော အပြင်စည်း ထိပ်သီးတပည့် ဆယ်ဦး ရှိနေကြ၏။ လော့ချန်သည် အတွင်းစည်းသို့ တက်လှမ်းသွားပြီ ဖြစ်ရာ ယခုအခါ စီဘင်းယီသည် အပြင်စည်း၏ ခေါင်းဆောင်တပည့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ညာဘက်၏ ပထမဆုံးနေရာတွင်မူ အကြီးအကဲပိကျိုးရွှေ ထိုင်နေပြီး သူမ၏ ဘေးတွင် လော့ရှာဂိုဏ်းမှ လူငယ်တပည့်အချို့ အစဉ်လိုက် ထိုင်နေကြသည်။

“ဟဲဟဲ... အကြီးအကဲပိ... ဘယ်လေညင်းက တိုက်ခတ်ပေးလို့ ဒီကို ရောက်လာတာလဲ... ကြိုဆိုပါတယ်ခင်ဗျာ...”

အကြီးအကဲချန်ရွှမ်က ပြုံး၍ ဆိုလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ ဝေ့ဝဲနေပေသည်။ ယခုနှစ်များအတွင်း ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတို့ အားပြိုင်နေစဉ် လော့ရှာဂိုဏ်းမှာ ကြားနေအဖြစ်သာ နေခဲ့သဖြင့် ဂိုဏ်းနှစ်ခုကြား ဆက်ဆံရေးမှာ သိပ်မရှိလှချေ။ အရေးကြီးကိစ္စ မရှိဘဲနှင့်တော့ တစ်ဖက်လူက ယခုကဲ့သို့ လာရောက်မည် မဟုတ်ကြောင်း သူ သိနေသည်။

“အကြီးအကဲချန်... ရှင်ကတော့ တကယ်ကို တော်တဲ့တပည့်တစ်ယောက်ကို ရထားတာပဲနော်...”

အကြီးအကဲပိကျိုးရွှေက သာယာစွာ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“လော့ချန်ကို ပြောတာလား...”

အကြီးအကဲချန်ရွှမ်က ခဏမျှ ကြောင်သွားပြီးမှ ပြန်မေးလိုက်သည်။

“ဟုတ်ပါတယ်... ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။ ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ဟွာကျင်းယန်တောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူးလေ...”

“အခု တစ်လကျော်လေးအတွင်းမှာတင် သူက သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို ရောက်နေပြီဖြစ်သလို ကျိတော့ဂိုဏ်းတပည့် လျူရီဖုန်းကိုလည်း အလွယ်တကူ အနိုင်ယူပြီး ကျွန်မတို့ တာယွဲ့မင်းဆက်ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့တယ်။ ဒါဟာ တကယ်ကို ဝမ်းမြောက်စရာ ကောင်းတဲ့ ကိစ္စပါပဲ...”

အကြီးအကဲပိကျိုးရွှေသည် လော့ချန်အပေါ် ထားရှိသော ချီးကျူးမှုများကို လုံးဝ မဖုံးကွယ်ထားပေ။

“ဟားဟား... လော့ချန်ကတော့ တကယ်ကို မဆိုးပါဘူး...”

နဝမအကြီးအကဲက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လော့ချန်က ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် အချိန်မှစ၍ သူသည် လော့ချန်ကို ကြည့်လေ၊ ကျေနပ်လေ ဖြစ်နေတော့သည်။ တခြား အကြီးအကဲများ၏ မျက်နှာတွင်လည်း အပြုံးများ ပေါ်လာကြသည်။ အုပ်စုအားပြိုင်မှုများကို ဖယ်ထားလျှင် မိမိဂိုဏ်း၏ တပည့်ကို သူတစ်ပါးက ချီးကျူးသည်ကို ကြားရခြင်းမှာ အမြဲတမ်း ဝမ်းမြောက်စရာ ကောင်းသော ကိစ္စပင် ဖြစ်ပေသည်။

“အကြီးအကဲပိ ဒီတစ်ခါ လာတာဟာ ဂုဏ်ပြုဖို့ သက်သက်ပဲတော့ မဟုတ်လောက်ဘူး ထင်တယ်...”

အကြီးအကဲချန်ရွှမ်က တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။

“ကျွန်မတို့ ဂိုဏ်းကြီး သုံးခုထဲမှာ လော့ချန်လို လူငယ်ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာကို ဂုဏ်ပြုတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒါအပြင် ကျွန်မမှာ တခြား ကိစ္စသေးသေးလေး တစ်ခုလည်း ရှိပါသေးတယ်...”

အကြီးအကဲပိကျိုးရွှေသည် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူမ၏ ဘေးမှ အနှိုင်းမဲ့ အလှပိုင်ရှင် မိန်းကလေးကို လက်ညှိုးထိုးပြလိုက်သည်။

“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ကျွန်မရဲ့တပည့် ယန်ချင်းရှုံးက လော့ချန်နဲ့ မတိုက်ခိုက်လိုက်ရတာဟာ တကယ်ကို နှမြောစရာပါပဲ။ ယခု သူမလည်း သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်နေပြီဆိုတော့ လော့ချန်နဲ့ ပညာချင်း ဖလှယ်ချင်တယ်လို့ သိရပါတယ်...”

ထိုမိန်းကလေးမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော ကိုယ်ဟန် ရှိသည်။ ပါးလွှာသော မျက်ခုံးတန်းများနှင့် ရေတံခွန်ကဲ့သို့ ဆံပင်နက်များကို နောက်သို့ စည်းနှောင်ထားသည်။ တည်ငြိမ်သော သူမ၏ မျက်လုံးများအတွင်း၌ ထူးခြားသော ထက်မြက်သည့် အရှိန်အဝါများ ကိန်းအောင်းနေသဖြင့် မည်သူမျှ တည့်တည့်မကြည့်ရဲကြချေ။ ၎င်းမှာ ယန်ချင်းရှုံးပင် ဖြစ်သည်။

ရွှမ်ယွမ်ဂိုဏ်းမှ လူတိုင်းသည် ယန်ချင်းရှုံးကို ကြည့်ကာ ချီးကျူးသော အကြည့်များဖြင့် ကြည့်နေမိကြသည်။ လော့ရှာဂိုဏ်း၏ ကြယ် ၉ ပွင့် ဓားသိုင်းဝိညာဉ်ပိုင်ရှင် အပြင်စည်း ခေါင်းဆောင်တပည့်အကြောင်းကို သူတို့ ကြားဖူးနားဝ ရှိကြသည်။ သူမ၏ အသက်မှာ ၁၆ နှစ်ပင် မပြည့်သေးပုံရသော်လည်း သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤနေရာတွင် ရှိနေသော ရွှမ်ယွမ်ဂိုဏ်း အပြင်စည်း ထိပ်သီးတပည့် ဆယ်ဦးထဲမှ မည်သူမျှ သူမနှင့် မနှိုင်းယှဉ်နိုင်ကြပေ။ ယန်ချင်းရှုံးအပြင် အတူပါလာသော လော့ရှာဂိုဏ်းမှ တပည့်များမှာလည်း ထူးချွန်ကြသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ရွှမ်ယွမ်ဂိုဏ်းထက် တစ်ဆင့် မြင့်နေကြခြင်း ဖြစ်သည်။ ရွှမ်ယွမ်ဂိုဏ်းမှ အကြီးအကဲများ စိတ်ထဲ၌ သက်ပြင်းချလိုက်မိကြသည်။ ကံကောင်းစွာဖြင့် ရွှမ်ယွမ်ဂိုဏ်းတွင် လော့ချန် ပေါ်ထွက်လာခဲ့သဖြင့်သာ အဘက်ဘက်မှ အပြတ်အသတ် ရှုံးနိမ့်မသွားခြင်း ဖြစ်၏။

“ယန်ချင်းရှုံးရဲ့ ဒီတောင်းဆိုမှုကို အကြီးအကဲတို့ အနေနဲ့ ခွင့်ပြုပေးကြပါဦး...”

ယန်ချင်းရှုံးသည် မတ်တပ်ထရပ်ကာ ယဉ်ကျေးစွာ အရိုအသေ ပေးလိုက်သည်။ ဤကာလအတွင်း ယန်ချင်းရှုံး၏ ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသွားသော်လည်း သူမ၏ ဓားဆန္ဒမှာမူ အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရပြီး နားမလည်နိုင်ဘဲ ရှိနေသည်။ ဤကိစ္စအပေါ် အကြီးအကဲပိကျိုးရွှေလည်း ဘာမှ မတတ်နိုင်ချေ။ ဓားဆန္ဒဆိုသည်မှာ မိမိကိုယ်တိုင် နားလည်သဘောပေါက်ရမည့် အရာဖြစ်ပြီး သင်ပေး၍ ရသောအရာ မဟုတ်ပေ။

အကြီးအကဲပိကျိုးရွှေသည် ယန်ချင်းရှုံးကို ရွယ်တူဓားသမားများနှင့် တိုက်ခိုက်စေခြင်းဖြင့် သူမ၏ ဓားဆန္ဒကို ထက်မြက်အောင် ပြုလုပ်စေပြီး အလားအလာများကို နှိုးဆော်ကာ အတားအဆီးကို ကျော်လွှားစေချင်နေခြင်း ဖြစ်သည်။ သို့သော် လျှပ်ယွမ်ဂိုဏ်းမှ အရိပ်မဲ့ဓား ဖေ့ကျွယ်မှာ လော့ချန်၏ လက်ချက်ဖြင့် သေဆုံးသွားပြီး လော့ချန်မှာလည်း ပျောက်ကွယ်နေခဲ့သည် မဟုတ်ပါလော။

ဂိုဏ်းကြီး သုံးခုအတွင်း လူငယ်မျိုးဆက် ဓားသမားများထဲတွင် ယန်ချင်းရှုံးကို ယှဉ်နိုင်မည့်သူ တစ်ဦးမျှ ရှာမရ ဖြစ်နေတော့သည်။ လော့ချန်သည် နန်းမြို့တော်၏ ဧည့်ခံပွဲတွင် ပေါ်ထွက်လာသည့် သတင်းကို ကြားသည်နှင့် အကြီးအကဲပိကျိုးရွှေသည် ယန်ချင်းရှုံးကို ခေါ်ဆောင်ကာ ရွှမ်ယွမ်ဂိုဏ်းသို့ ချက်ချင်း လာရောက်ခဲ့ခြင်း ဖြစ်သည်။

“လော့ချန်က အခု အတွင်းစည်းကို တက်သွားပြီ... ဒါကြောင့် ဒီကိစ္စကို သူကိုယ်တိုင် သဘောတူမှ ရလိမ့်မယ်...”

အကြီးအကဲချန်ရွှမ်သည် ယန်ချင်းရှုံး၏ ရည်ရွယ်ချက်ကို ဝေဝါးစွာ ခန့်မှန်းမိသဖြင့် ဆိုလိုက်သည်။

“ဒါကတော့ သေချာပေါက်ပါပဲ...”

ယန်ချင်းရှုံးက ခေါင်းညိတ်လိုက်သည်။

“လူတစ်ယောက် သွားလိုက်... လော့ချန်ကို သွားဖိတ်ခေါ်ခဲ့စမ်း...”

အကြီးအကဲချန်ရွှမ်က အမိန့်ပေးလိုက်သဖြင့် အပြင်စည်း တာဝန်ခံတစ်ဦးသည် အလျင်အမြန် ထွက်ခွာသွားတော့သည်။

လော့ချန်သည် အတွင်းစည်းနန်းဆောင်သို့ သွားရောက်ကာ အတွင်းစည်းတပည့် တံဆိပ်ပြားနှင့် အတွင်းစည်းတပည့်များသာ ဝတ်ဆင်ရသော ရွှေရောင်အနားကွပ်ပါသော အပြာရောင်ဝတ်ရုံကို အဆင်ပြေပြေ ရယူခဲ့၏။ သူသည် ယခုအခါ အလွန်ပင် နာမည်ကြီးနေပြီ ဖြစ်ရာ အတွင်းစည်းတပည့်များနှင့် အတွင်းစည်းအကြီးအကဲများစွာက သူ့ကို တစ်ချက်ကြည့်ရုံနှင့် သိနေကြသည်။ မင်းသားတန်းမှ တပည့်များ၏ မျက်နှာမှာမူ ညိုမည်းနေကြပြီး သူတို့၏ အကြည့်များမှာ ဓားများကဲ့သို့ပင် ထက်မြက်နေကြသည်။ သို့သော်လည်း လော့ချန်၏ အဆင့်အတန်းမှာ အတွင်းစည်းတပည့် ဖြစ်နေပြီဖြစ်သလို မဟာအကြီးအကဲ နှစ်ပါးနှင့် စီနီယာယွမ်မန်လီတို့၏ အာဏာစက်ကြောင့် မည်သူမျှ ရိုင်းရိုင်းစိုင်းစိုင်း မပြုလုပ်ရဲကြတော့ချေ။

လော့ချန်ကမူ ထိုအရာများကို ဂရုမစိုက်ဘဲ မိမိကိစ္စကိုသာ အာရုံစိုက်နေသည်။ သူသည် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ ပထမဆုလာဘ်များကိုပါ တစ်ခါတည်း ယူရန် ကြိုးစားခဲ့သော်လည်း ဆုလာဘ်များကိုမူ အပြင်စည်းနန်းဆောင်တွင်သာ ယူရမည်ဟု သိလိုက်ရသည်။ ထို့ကြောင့် လော့ချန်သည် အပြင်စည်းနန်းဆောင်သို့ သွားရန် ပြင်လိုက်သည်။ လမ်းခုလတ်တွင် လော့ချန်သည် အလျင်အမြန် လာနေသော အပြင်စည်း တာဝန်ခံနှင့် တည့်တည့် တိုးမိလေသည်။

“ယန်ချင်းရှုံးက ကျွန်တော်နဲ့ တိုက်ခိုက်ချင်တယ် ဟုတ်လား...”

အပြင်စည်း တာဝန်ခံ၏ စကားကို ကြားသောအခါ လော့ချန် အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ ထိုအပြင်စည်း တာဝန်ခံမှာ အသက် ၃၀ ခန့် ရှိပြီး ကျင့်ကြံမှုမှာ ထုံရွှမ်နယ်ပယ် တတိယအဆင့်တွင် ရှိ၏။ အပြင်စည်းတွင် သူသည် အဆင့်အတန်းတစ်ခု ရှိသော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူဖြစ်သလို အတွင်းစည်းတပည့်လည်း ဖြစ်နေသော လော့ချန်၏ ရှေ့တွင်မူ သူ၏ အမူအရာမှာ အလွန်ပင် ရိုသေနေပြီး လေသံမှာလည်း နှိမ့်ချစွာဖြင့် ရှိနေသည်။

“မှန်ပါတယ်... အကြီးအကဲချန်ရွှမ်က ပြောတာတော့... တစ်ဖက်လူက ပညာချင်း ဖလှယ်ရင်းနဲ့ သူမရဲ့ ကိုယ်ပိုင် ဓားဆန္ဒကို လေ့ကျင့်ချင်တာလို့ ယူဆရပါတယ်...”

အပြင်စည်းတာဝန်ခံက ပြန်ဖြေလိုက်သည်။

“ဟဲဟဲ... သူ လာတာ တကယ်ကို အချိန်ကိုက်ပဲ... သွားကြတာပေါ့...”

လော့ချန်၏ မျက်လုံးများအတွင်းမှ ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ယန်ချင်းရှုံးသည် ယခင်က ဓားဆန္ဒနှင့် ပတ်သက်သော အတွေ့အကြုံများကို လုံးဝ မဖုံးကွယ်ဘဲ ဝေမျှပေးခဲ့ဖူး၏။ ထို့ကြောင့် သူသည်လည်း တစ်ဖက်လူ၏ စိန်ခေါ်မှုကို ငြင်းပယ်မည် မဟုတ်ပေ။ လူနှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် အပြင်စည်း ဧည့်ခံနန်းဆောင်သို့ တိုက်ရိုက် သွားရောက်ကြသည်။

“ယခင်က ထက်မြက်တဲ့ အငွေ့အသက်က... ဒါဟာ... ဓားဆန္ဒ ဖြစ်ရမယ်...”

အပြင်စည်း တာဝန်ခံသည် နောက်မှ လိုက်ပါရင်း လော့ချန်၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှ တုန်လှုပ်နေမိသည်။ သူသည် ရွှမ်ယွမ်ဂိုဏ်းတွင် တာဝန်ခံ လုပ်ခဲ့သည်မှာ ကြာပြီဖြစ်ရာ အတွေ့အကြုံ မနည်းလှပေ။ ယခင်က ထက်မြက်မှုမှာ လူ၏ နှလုံးသားကို ထိုးဖောက်ကာ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်စေသဖြင့် သူ့ကို တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။ အမှားအယွင်း မရှိပါက ၎င်းသည် လူအများ မက်မောကြသော ဓားဆန္ဒပင် ဖြစ်ရမည်... ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အရာများဖြင့် လူကို သတ်နိုင်သည့် အနှိုင်းမဲ့သော စွမ်းအားပင်။

မသိစိတ်ဖြင့် ထိုအပြင်စည်း တာဝန်ခံ၏ အမူအရာမှာ သာ၍ပင် ရိုသေလာပြီး ခန္ဓာကိုယ်ကိုပင် အနည်းငယ် ကိုင်းညွတ်ထားလိုက်သည်။ ဤသည်မှာ အဆင့်အတန်း ကွာခြားမှုကြောင့် မဟုတ်ဘဲ သန်မာသူအပေါ် ထားရှိသော သဘာဝကျသည့် လေးစားမှုပင် ဖြစ်သည်။

အပြင်စည်း ဧည့်ခံနန်းဆောင်သို့ လော့ချန် ရောက်ရှိလာသည်။ လော့ချန်သည် နန်းဆောင်အတွင်းသို့ ဝင်ရောက်ကာ လက်အုပ်ချီ၍ အရိုအသေ ပေးလိုက်သည်။

“ဆရာနဲ့ အကြီးအကဲ အားလုံးကို ကျွန်တော်လော့ချန် နှုတ်ဆက်ပါတယ်ခင်ဗျာ...”

လော့ချန်က ရိုသေစွာ ဆိုလိုက်သည်။ သူသည် ယခုအခါ အတွင်းစည်းတပည့် ဖြစ်နေပြီ ဖြစ်ရာ အဆင့်အတန်းမှာ အပြင်စည်းအကြီးအကဲများနှင့် တန်းတူ ဖြစ်သည်။ သူ၏ ဆရာ အကြီးအကဲချန်ရွှမ် ထိုနေရာတွင် ရှိမနေပါက တခြားသူများကို သူ အရိုအသေ ပေးနေရန်ပင် မလိုအပ်ပေ။

နန်းဆောင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များသည် လော့ချန်ပေါ်သို့ စုပုံသွားကြသည်။ ရွှမ်ယွမ်ဂိုဏ်းမှ အပြင်စည်းအကြီးအကဲများစွာ၏ မျက်လုံးများတွင် အလွန်အမင်း မယုံကြည်နိုင်ခြင်းများ ပေါ်ထွက်နေ၏။ သူတို့ထဲမှ လူအများစုမှာ လော့ချန် ဂိုဏ်းထဲသို့ စတင် ဝင်ရောက်လာစဉ်ကတည်းက မြင်တွေ့ခဲ့ကြသူများ ဖြစ်ကြသည်။ တစ်ချိန်က ဂိုဏ်းမှ နှင်ထုတ်ခံရလုနီးပါး ဖြစ်ခဲ့သော အသုံးမကျသူလေးမှာ တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သူတို့နှင့် တန်းတူ ရင်ဘောင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။

အကြီးအကဲပိကျိုးရွှေ၏ မျက်လုံးများမှာလည်း တောက်ပနေသည်။ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းသွားသည်ဟူသော သတင်းအပေါ် သူမ အနည်းငယ် မယုံကြည်နိုင် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အမှန်တရားကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။

တစ်လကျော်အတွင်းမှာပင် ထုံရွှမ်နယ်ပယ်မှ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းသို့ တက်လှမ်းသွားခဲ့သည်... နိုးကြားထားသည်မှာလည်း အသုံးမကျသော သိုင်းဝိညာဉ်ပင် ဖြစ်နေသေးသည်။ မသိစိတ်ဖြင့် အကြီးအကဲပိကျိုးရွှေသည် လင်ယွမ်ပြတိုက် နှင့် လင်ကျန်းမြို့မှ လင်ယွမ်ပြတိုက်၏ ဂေဟာမှူး လော့ယောင်ကို သတိရသွားသည်။ သူမသည် လော့ယောင်၏ အဆင့်အတန်းကို စုံစမ်းရန် လူလွှတ်ထားခဲ့၏။ အကယ်၍ လော့ချန်သည် လော့ယောင်၏ ရွေးချယ်ခြင်းကို အမှန်တကယ် ခံခဲ့ရလျှင် လင်ယွမ်ပြတိုက်၏ အမွေအနှစ်များဖြင့် လော့ချန် ယခုကဲ့သို့ အောင်မြင်မှု ရရှိလာခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“လော့ချန်... ဒီပုဂ္ဂိုလ်ကတော့ လော့ရှာဂိုဏ်းက အကြီးအကဲပိကျိုးရွှေပဲ... သူတို့ လာရတဲ့ ရည်ရွယ်ချက်ကို မင်း သိပြီးပြီလား...”

အကြီးအကဲချန်ရွှမ်သည် လော့ချန်ကို ကြည့်ကာ ဝမ်းသာအားရဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့... သိပါပြီ...”

လော့ချန် ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်မှာ ယန်ချင်းရှုံးပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

“ယန်ချင်းရှုံး... မင်းရဲ့ ဓားဆန္ဒက ဘယ်အဆင့်ကို ရောက်နေပြီလဲ...”

လော့ချန်က မေးလိုက်သည်။

“တစ်ဝက်လောက်ပဲ ရှိပါသေးတယ်...”

ယန်ချင်းရှုံးက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။ ထိုစကားကို ကြားသောအခါ နန်းဆောင်အတွင်းရှိ ရွှမ်ယွမ်ဂိုဏ်း အကြီးအကဲများမှာ မသိစိတ်ဖြင့် အံ့အားသင့်သွားကြသည်။ လူနှင့်ဓား တစ်သားတည်း ဖြစ်မှု ပြည့်စုံခြင်းနှင့် ဓားဆန္ဒ တစ်ဝက်ကို နားလည်ခြင်းမှာ ကြည့်ရသည်မှာ တစ်လှမ်းသာ ကွာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ယန်ချင်းရှုံး၏ နယ်ပယ်နှင့် အသက်အရွယ်အရ ဆိုလျှင် ဓားဆန္ဒ တစ်ဝက်ကို နားလည်နိုင်ခြင်းမှာ တကယ်ပင် ရှားပါးလှသည်။

လော့ချန်သည် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ဆိုလိုက်သည်။

“ဒါဆိုရင် မင်း လာတာ တကယ်ကို တိုက်ဆိုင်တာပဲ။ တကယ်လို့ ရက်အနည်းငယ်လောက် စောပြီး လာခဲ့မယ်ဆိုရင်တောင် မင်းကို ဖလှယ်ပေးစရာ ဘာမှ မရှိလောက်ဘူး... ဒါပေမဲ့ အခုတော့... မင်းကို ငါ အနည်းငယ်လောက် လမ်းညွှန်ပေးရတာပေါ့...”

အခန်း ၄၃၀ ပြီးပါပြီ။

အခန်း ၄၃၁ - ကမ္ဘာကြီးနှင့် ပါရမီရှင်၊ မိမိကိုယ်ကိုယ် ဓားဖြင့်ခုတ်ခြင်း

လော့ချန်၏ စကားထွက်လာသည်နှင့် လူတိုင်း၏အကြည့်မှာ သူ၏အပေါ်သို့ စုပုံသွားကြသည်။

ထိုနေရာရှိ ဂိုဏ်းနှစ်ခုလုံးမှ အပြင်စည်း ထိပ်သီးတပည့် ဆယ်ဦးမှာလည်း မှင်တက်မိသွားကြရ၏။ အထူးသဖြင့် လော့ရှာဂိုဏ်းမှ လူများမှာ မျက်နှာများပင် ပျက်ယွင်းသွားကြသည်။

ယန်ချင်းရှုံးသည် ဂိုဏ်းသုံးဂိုဏ်းလုံးက အသိအမှတ်ပြုထားရသော လူငယ်မျိုးဆက်၏ နံပါတ်တစ် ဓားလမ်းစဉ်ပါရမီရှင် ဖြစ်ပြီး ဓားဆန္ဒ တစ်ဝက်ကိုပင် နားလည်သဘောပေါက်ထားသည့် ကောင်းကင်ကပေးသော ပါရမီရှင်တစ်ဦး မဟုတ်ပါလော။

လော့ချန်ကမူ သူမကို လမ်းညွှန်ပေးမည်ဟု တိုက်ရိုက်ပြောဆိုလိုက်သည်။ ဤသည်မှာ အလွန်ပင် မောက်မာလွန်းလှသည်။

အကြီးအကဲပိကျိုးရွှေ၏ အကြည့်မှာလည်း မကျေမနပ်ဖြစ်သွားရသည်။ သူတို့က လာရောက်လည်ပတ်ခြင်း ဖြစ်သော်လည်း ပညာချင်းဖလှယ်ခြင်းမှာ နှစ်ဦးစလုံးအတွက် ကောင်းမွန်သောကိစ္စပင် ဖြစ်၏။

အဆင့်အတန်း ခွဲခြားနေရန် မလိုအပ်ပေ။ မိမိ၏ တိုက်ရိုက်တပည့်မှာ ဤမျှ အထင်သေးခံရသဖြင့် သူမလည်း စိတ်မကောင်းဖြစ်ရသည်မှာ သဘာဝပင်။

“ဟင်း... စီနီယာမမယန်က ရှင်နဲ့ ပညာချင်း ဖလှယ်ချင်တာပဲ ရှိတာ... လမ်းညွှန်မှုကို ခံယူချင်တာ မဟုတ်ဘူး။ ရှင်က ဘာမို့လို့ စီနီယာမမကို လမ်းညွှန်ပေးနိုင်မှာလဲ။ ရှင့်ရဲ့ ဓားလမ်းစဉ်နယ်ပယ်က စီနီယာမမထက် မြင့်နေလို့လား...”

လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးက မနေနိုင်ဘဲ ထရပ်လိုက်သည်။ သူမမှာ အပြင်စည်း ထိပ်သီးတပည့် ဆယ်ဦးတွင် ဒုတိယအဆင့်ရှိသော ရှာဝမ်ချင်း ဖြစ်သည်။ သူမသည် ယန်ချင်းရှုံးကို အမြဲတမ်း စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူဖြစ်ရာ ယန်ချင်းရှုံးအတွက် ဝင်ရောက် ပြောဆိုပေးခြင်း ဖြစ်၏။

“ဂျူနီယာရှာ...”

ယန်ချင်းရှုံးက ရှာဝမ်ချင်းကို အော်ဟစ်တားဆီးလိုက်သည်။ သူမသည် လော့ချန်ကို လှည့်ကြည့်လိုက်ရင်း တစ်ခုခုကို သတိရသွားကာ စကားပြောရန် ပြင်လိုက်စဉ်...

ထိုအချိန်တွင်...

လော့ချန်သည် ရှာဝမ်ချင်းကို ကြည့်လိုက်ရာ သူ၏မျက်လုံးအတွင်းမှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ထိုအကြည့်မှာ ဓားချီနှစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားသည့်နှယ် ရှိသည်။

အနီးအနားရှိ ဓားကိုင်ဆောင်ထားသော တပည့်များမှာ ချက်ချင်းပင် တုန်လှုပ်သွားကြရ၏။ အကြောင်းမဲ့ပင် သူတို့၏ ခါးရှိ ဓားများသည် အလိုအလျောက် မြည်ဟိန်းလာပြီး အိမ်ထဲမှ ထွက်ပေါ်လာတော့မည့်အလား ရှိနေသည်။

ရှာဝမ်ချင်းမှာ ရှေ့ဆုံးမှ ခံစားလိုက်ရသူ ဖြစ်သဖြင့် မျက်နှာမှာ ဖြူဖျော့သွားပြီး စကားတစ်ခွန်းပင် မပြောနိုင်တော့ဘဲ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ရာ လဲကျလုနီးပါးပင် ဖြစ်သွားရသည်။

လော့ချန်သည် တစ်ဖက်လူကို လှောင်ပြောင်လိုသော စိတ်မရှိသဖြင့် ဓားဆန္ဒကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ယန်ချင်းရှုံးကို ဆိုလိုက်သည်။

“ငါတို့ စင်မြင့်ပေါ်ကို သွားရအောင်...”

စကားဆုံးသည်နှင့် လော့ချန်သည် နန်းဆောင်အတွင်းမှ ထွက်ခွာသွားတော့သည်။ ယန်ချင်းရှုံးသည် သတိပြန်ဝင်လာပြီး လော့ချန်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားလျက် အမြန်လိုက်ပါသွားလေသည်။

ရှာဝမ်ချင်းမှာမူ ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ မှင်တက်မိကာ ကျန်ရစ်ခဲ့၏။ ထိုခဏ အချိန်အတောအတွင်း သူမသည် သေမင်းနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ စိတ်ဝိညာဉ်ကို တိုက်ရိုက် ထိမှန်စေခြင်းပင် ဖြစ်၏။ အကယ်၍ တစ်ဖက်လူက ဓားဆန္ဒကို အချိန်မီ ပြန်မရုပ်သိမ်းခဲ့ပါက သူမ၏စိတ်ဝိညာဉ်မှာ ဒဏ်ရာရသွားပေလိမ့်မည်။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ယှဉ်ပြိုင်စဉ်က တစ်ဖက်လူ၏ စွမ်းအားမှာ သူမထက် တစ်ဆင့်၊ နှစ်ဆင့်ခန့်သာ သာလွန်ခဲ့သည်။ ယခုမူ အကြည့်တစ်ချက်တည်းနှင့်ပင် သူမကို မယှဉ်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပြီလား...။

ရှာဝမ်ချင်းတစ်ဦးတည်းသာမက ဧည့်ခံနန်းဆောင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားရသည်။

“ဒါဟာ အနည်းဆုံးတော့ နှစ်ပုံ... မဟုတ်ဘူး... သုံးပုံတစ်ပုံလောက်ရှိတဲ့ ဓားဆန္ဒပဲ...”

အကြီးအကဲပိကျိုးရွှေသည် တုန်လှုပ်မှုမှ သတိပြန်ဝင်လာကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမ၏ မျက်လုံးများအတွင်း၌ အလွန်အမင်း မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေ၏။

လော့ချန်သည် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ကျင်းပစဉ်က ဓားလမ်းစဉ်နယ်ပယ်မှာ လူနှင့်ဓား တစ်သားတည်းဖြစ်မှု အဆင့်မြင့်သို့ ရောက်ရုံသာ ရှိသေးသည်ကို သူမ ရှင်းလင်းစွာ မှတ်မိနေသည်။ တစ်လကျော်အတွင်းမှာပင် တစ်ဖက်လူ၏ ဓားလမ်းစဉ်နယ်ပယ်သည် လူနှင့်ဓား တစ်သားတည်းဖြစ်မှုမှ ဓားဆန္ဒ သုံးပုံတစ်ပုံအထိ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်လား။

လင်ယွမ်ပြတိုက်၏ အထောက်အပံ့ ရှိလျှင်ပင် ဤသည်မှာ မဖြစ်နိုင်သလောက်ပင် ရှိသည်။ ဓားဆန္ဒဆိုသည်မှာ ကျင့်ကြံမှုနယ်ပယ်ကဲ့သို့ ပြင်ပအားဖြင့် မြှင့်တင်၍ရသော အရာမဟုတ်ချေ။ အနှိုင်းမဲ့သော ဓားလမ်းစဉ်ဉာဏ်ရည် မရှိပါက ဓားဘုရင် သို့မဟုတ် ဓားသူတော်စင်ကပင် ကူညီပေးနိုင်ရန် ခက်ခဲပေလိမ့်မည်။

“သိုင်းဝိညာဉ်ကို ဖယ်ထားမယ်ဆိုရင် ဒီကောင်လေးကတော့ ဓားလမ်းစဉ်မှာ နှစ်တစ်ရာမှာ တစ်ခါသာ ပေါ်တတ်တဲ့ ပါရမီရှင်ပဲ။ လော့ယောင်က သူ့ရဲ့ ဒီအချက်ကို သဘောကျခဲ့တာလား...”

အကြီးအကဲပိကျိုးရွှေသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဤတစ်ခါ လာရသည်မှာ တကယ်ပင် မှန်ကန်ခဲ့ကြောင်း စိတ်ထဲမှ တွေးတောနေမိသည်။

ပါရမီရှင်တစ်ဦးအတွက် ပြိုင်ဘက် လိုအပ်သည်။ သင့်လျော်သော ပြိုင်ဘက်တစ်ဦးသည် မိမိ၏ တိုးတက်မှုအတွက် လမ်းပြတစ်ဦး ဖြစ်သလို မိမိကိုယ်မိမိ ကျော်ဖြတ်နိုင်ရန်အတွက်လည်း စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်သည်။

ကမ္ဘာကြီး ဆူပွက်လာသည့်အချိန်တိုင်း ပါရမီရှင်များစွာ ပေါ်ထွက်လာတတ်သည်။ ပါရမီရှင်အချင်းချင်း ယှဉ်ပြိုင်ကြရင်း၊ လိုက်လံကျော်ဖြတ်ကြရင်းမှသာ ကျင့်ကြံခြင်း၏ ခက်ခဲသော လမ်းမကြီးပေါ်တွင် မိမိကိုယ်မိမိ ကျော်ဖြတ်ကာ အထွတ်အထိပ်များသို့ တက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။

ပြိုင်ဘက်မရှိသော ပါရမီရှင်တစ်ဦးသည် ပါရမီ မည်မျှပင် ကောင်းမွန်နေပါစေ ကြီးမားသော အောင်မြင်မှုရရန် ခက်ခဲလှသည်။ ယွမ်လန်နယ်မြေ၏ နောက်ဆုံးအကြိမ် ဆူပွက်မှုမှာ တာချူးမင်းဆက်၏ ဘုရင်မ ပေါ်ထွက်လာချိန်က ဖြစ်၏။ ထိုစဉ်က ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့ကြသည်။ ယခုအခါ၌လည်း ထိုအရိပ်အယောင်များ ပြန်လည် မြင်တွေ့နေရပြီ ဖြစ်သည်။

ရွှမ်ယွမ်ဂိုဏ်းမှ အကြီးအကဲများအားလုံးမှာလည်း မှင်တက်မိနေကြရသည်။ အကြီးအကဲချန်ရွှမ်နှင့် နဝမအကြီးအကဲတို့လည်း ပါဝင်သည်။ လော့ချန်၏ ဓားလမ်းစဉ်နယ်ပယ်သည် ဓားဆန္ဒ သုံးပုံတစ်ပုံအထိ ရောက်ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။

အကြီးအကဲချန်ရွှမ်သည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ၏ စိတ်ခံစားမှုကို ထိန်းချုပ်ကာ အကြီးအကဲပိကျိုးရွှေကို ဆိုလိုက်သည်။

“အကြီးအကဲပိ... လော့ချန်က စိတ်နေသဘောထား ဒီလိုပဲ ရှိတတ်ပါတယ်။ စော်ကားမိတာရှိရင်လည်း ခွင့်လွှတ်ပေးပါဦး...”

အကြီးအကဲပိကျိုးရွှေက ခေါင်းခါပြလိုက်ရင်း... “ပါရမီရှင်တွေမှာ ကိုယ်ပိုင် စရိုက်တွေ ရှိကြတာပဲလေ။ ကျင့်ကြံခြင်းမှာတော့ တော်တဲ့သူက ဆရာပဲပေါ့။ လော့ချန်ရဲ့ ဓားဆန္ဒနယ်ပယ်က ယန်ချင်းရှုံးထက် သာလွန်နေတာဖြစ်လို့ လမ်းညွှန်ပေးတယ်ဆိုတာ ကျိုးကြောင်းဆီလျော်ပါတယ်...”

လော့ချန် ဓားဆန္ဒကို ထုတ်ဖော်ပြသလိုက်သည့် အချိန်ကတည်းက အကြီးအကဲပိကျိုးရွှေ၏ စိတ်ထဲမှ မကျေနပ်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အကြီးအကဲချန်ရွှမ်သည် ဝမ်းသာအားရ ပြုံးလိုက်ကာ ထရပ်လိုက်ရင်း... “သွားကြတာပေါ့... အပြင်ထွက်ပြီး ကြည့်ရအောင်...”

လင်ရှောင်ယွမ်နှင့် ချန်လင်းယူတို့ အတူတူ လျှောက်လှမ်းလာကြရင်း လင်ရှောင်ယွမ်က သက်ပြင်းချလိုက်သည်။

“ငါက သူ့ကို ကျော်ဖြတ်နိုင်ဦးမယ်လို့ ထင်ခဲ့ပေမဲ့ ငါ့ကို အဝေးကြီးမှာ ချန်ထားခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ချန်လင်းယူက သူမ၏ နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ရင်း... “မင်းတစ်ယောက်တည်းမှ မဟုတ်တာ... ငါတို့အားလုံးကိုပဲလေ။ နောက်ပြီးတော့ ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ်... သူနဲ့ ငါတို့ကြားက အကွာအဝေးက ပိုပြီးတော့ပဲ ဝေးကွာသွားလိမ့်မယ်ဆိုတာပဲ...”

လင်ရှောင်ယွမ်၏ အကြည့်မှာ ဝေ့ဝဲသွားသည်။ သူလည်း ထိုကဲ့သို့ပင် ခံစားနေရသော်လည်း ထိုခံစားချက်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းနေသည်ဟု ယူဆနေမိသည်။

နန်းဆောင်၏ အပြင်ဘက်တွင်မူ...

လော့ချန်နှင့် ယန်ချင်းရှုံးတို့သည် ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလာကြသည်။

“လော့ချန်... မင်း အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်ရလို့ ဝမ်းသာပါတယ်...”

ယန်ချင်းရှုံးက ပြုံးလျက် ဆိုလိုက်သည်။

“ကျေးဇူးပဲ...”

လော့ချန်က ပြန်ပြောသည်။

ယန်ချင်းရှုံးသည် လော့ချန်ကို ကြည့်ကာ လေးစားသလို၊ အံ့ဩသလို အမူအရာဖြင့် ဆိုလိုက်သည်။

“အဲ့ဒီတုန်းက မင်း သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရတယ်လို့ ကြားတော့ လူတိုင်းက မင်း သေရတော့မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ မင်းက အန္တရာယ်ကင်းကင်း ပြန်ရောက်လာရုံတင်မကဘဲ စွမ်းအားတွေကလည်း ဒီအဆင့်အထိ ရောက်နေပြီပဲ။ ကျင့်ကြံမှုနယ်ပယ်ကလည်း သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းကို ရောက်နေပြီဖြစ်သလို ဓားဆန္ဒကိုလည်း သုံးပုံတစ်ပုံအထိ နားလည်ထားပြီပဲ။ ဒါကြောင့်လည်း ကျိတော့ဂိုဏ်းတပည့် လျူရီဖုန်းက မင်းကို မယှဉ်နိုင်ခဲ့တာပေါ့...”

လော့ချန်နှင့် အကြီးအကဲချင်တို့ယွမ်တို့၏ အသက်ပေးတိုက်ပွဲမှာ ဂုဏ်ယူစရာကိစ္စ မဟုတ်သဖြင့် ရွှမ်ယွမ်ဂိုဏ်းက သတင်းကို ပိတ်ထားခဲ့သည်။ ထို့ကြောင့် ပြင်ပလူများမှာ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်ရှိသော လျူရီဖုန်းကို အနိုင်ယူခဲ့သည်ကိုသာ သိရှိကြသည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူကို သတ်ခဲ့သည်ကိုမူ မသိကြချေ။ အကယ်၍ ထိုသတင်းသာ ပျံ့သွားပါက မည်မျှ ဆူပွက်သွားမည်ကို မသိနိုင်တော့ချေ။

လော့ချန်က ပြုံးပြလိုက်ရင်း နှိမ့်ချစွာ ပြောလိုက်သည်။

“ကံကောင်းလို့ပါ...”

ယန်ချင်းရှုံး ဘာမှ မပြောနိုင်တော့ချေ။ တခြားအရာတွေကတော့ အပထား... ကံကောင်းရုံနှင့်တော့ ဓားဆန္ဒ သုံးပုံတစ်ပုံကို နားမလည်နိုင်ချေ။ သူမကိုယ်တိုင်လည်း ဓားလမ်းစဉ်ပါရမီ မနိမ့်လှဘဲ ဓားသိုင်းဝိညာဉ်ကို နိုးကြားထားသဖြင့် ဓားလမ်းစဉ်အပေါ် သဘာဝကျသော နားလည်မှု ရှိသူ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ဓားဆန္ဒ တစ်ဝက်နှင့်ပင် ရင်ဆိုင်နေရကာ မည်သို့မျှ ရှေ့မဆက်နိုင်ဘဲ ရှိနေသည် မဟုတ်ပါလော။

ထိုအချိန်တွင် လော့ချန်က ဆက်လက် ဆိုလိုက်သည်။

“ငါလည်း အရင်က ဓားဆန္ဒ တစ်ဝက်နဲ့ပဲ ရင်ဆိုင်နေခဲ့ရတာပါ။ အဲ့ဒါကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတဲ့ အတွေ့အကြုံလေး အချို့တော့ ရှိပါတယ်...”

ထိုစကားကို ကြားသောအခါ ယန်ချင်းရှုံး၏ မျက်လုံးများမှာ ဝေ့ဝဲသွားပြီး သူမ၏ နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“မင်းက တကယ်ပဲ ငါ့ကို ပြောပြမှာလား...”

လော့ချန်က ရယ်မောလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။

“မင်းလည်း အရင်က ဓားဆန္ဒအပေါ် နားလည်မှုတွေကို ဝေမျှပေးခဲ့တာပဲလေ။ ငါက ကျေးဇူးဆပ်ရုံပါပဲ...”

ယန်ချင်းရှုံးသည် စကားပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ချေ။ သူမ ယခင်က ပြောခဲ့သော ဓားဆန္ဒအပေါ် နားလည်မှုများသည် ဝေဝါးလွန်းလှသည်။ လော့ချန်၏ ကျော်ဖြတ်ခဲ့သည့် အတွေ့အကြုံများနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ချေ။

လော့ချန်သည် ယန်ချင်းရှုံး၏ အတွေးကို မသိသလို သိလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။ သူ့အတွက်တော့ လုပ်ချင်ခြင်းနှင့် မလုပ်ချင်ခြင်းသာ ရှိပြီး ထိုက်တန်ခြင်း၊ မထိုက်တန်ခြင်းကို မစဉ်းစားချေ။

လော့ချန်က တိုက်ရိုက်ပင် ဆိုလိုက်သည်။

“ဆန္ဒကို ဓားအဖြစ် ပြောင်းလဲမယ်... အမြင်အာရုံကနေ လက်တွေ့အဖြစ် ဖန်တီးမယ်... ဒါဟာ ဓားဆန္ဒရဲ့ အနှစ်သာရဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်က အရမ်း ကျယ်ပြန့်လွန်းတယ်။ မှန်ထဲက ပန်း၊ ရေထဲက လလိုမျိုးပဲ ဝေဝါးနေပြီး တိကျတဲ့ လမ်းကြောင်း မရှိဘူး...”

ယန်ချင်းရှုံး ခေါင်းညိတ်လိုက်သည်။ သူမလည်း ယခု ထိုကဲ့သို့ပင် ခံစားနေရခြင်း ဖြစ်သည်။ နောက်ထပ် ထွက်ပေါ်လာမည့် စကားလုံးများသည် အလွန် အရေးကြီးကြောင်း သိသဖြင့် သူမသည် လော့ချန်ကို စိုက်ကြည့်လိုက်ရင်း မျက်လုံးများ တောက်ပလာသည်။

လော့ချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် လေသံမာမာဖြင့် ဆိုလိုက်သည်။

“မင်းရဲ့ စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နဲ့ ချီစွမ်းအင်တွေကို ဓားအဖြစ် စိတ်ကူးကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဓားစမ်းကျောက်အဖြစ် သတ်မှတ်ပြီး ဓားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ခုတ်ပိုင်းလိုက်ပါ။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ထက်မြက်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာပြီး ဓားဆန္ဒကို နားလည်လာလိမ့်မယ်...”

ဤသည်မှာ လော့ချန်သည် အနီရောင်မီးလျှံဓားမှ ကွဲကြေနေသော ဓားဆန္ဒများမှတစ်ဆင့် နားလည်သဘောပေါက်ခဲ့သော နည်းလမ်း ဖြစ်သည်။ အနီရောင်မီးလျှံဓားကို ဓားစမ်းကျောက်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ဓားစမ်းကျောက်သည် သန်မာသော ဓားသမားများ၏ အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းခြင်းကို ခံခဲ့ရသဖြင့် ကိုယ်တိုင် ဓားဆန္ဒများ ပျော်ဝင်နေခဲ့ခြင်း ဖြစ်သည်။ ဓားစမ်းကျောက်က ဖြစ်နိုင်လျှင် ဓားသမားလည်း ဖြစ်နိုင်ရမည်။

“ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ပြန်ခုတ်မယ်...”

ယန်ချင်းရှုံးသည် အတွေးထဲတွင် နစ်မျောသွားရသည်။ ခဏအကြာတွင် သူမ၏ မျက်လုံးများမှာ တောက်ပသွားပြီး လော့ချန်ကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း လေးနက်စွာ ပြောသည်။

“ဒီလိုမျိုးလည်း ကျင့်ကြံလို့ ရတာပဲလား။ လော့ချန်... လူတိုင်းက ငါ့ကို ဓားလမ်းစဉ်ပါရမီရှင်လို့ ပြောကြပေမဲ့ ငါ့အမြင်မှာတော့ မင်းကသာ တကယ့် ပါရမီရှင်ပဲ။ ငါ ကတိပေးပါတယ်... ဒီစကားတွေကို ဘယ်သူ့ကိုမှ ပြန်ပြီး မပြောပါဘူး...”

ဓားသမားတစ်ဦးအနေဖြင့် ယန်ချင်းရှုံးသည် ဤစကားများ၏ အရေးပါမှုကို ကောင်းကောင်း သိထားသည်။ လော့ချန်က ဂရုမစိုက်လျှင်ပင် သူမကမူ ပြန်လည် မပြောဆိုချေ။ လူဆိုသည်မှာ အတ္တ ရှိကြသည်သာ ဖြစ်ပြီး ဓားဆန္ဒကို နားလည်သူ နည်းပါးလေ၊ မိမိ၏ အဆင့်အတန်းမှာ သာလွန်လေ မဟုတ်ပါလော။

မသိစိတ်ဖြင့် လူနှစ်ဦးသည် သိုင်းပြိုင်ကွင်းသို့ ရောက်ရှိလာကြသည်။

“ဝှစ်...”

လော့ချန်သည် စင်မြင့်ထက်သို့ တစ်လှမ်းတည်းနှင့် တက်လှမ်းလိုက်ပြီး ယန်ချင်းရှုံးကို ကြည့်ကာ ဆိုလိုက်သည်။

“အတွေ့အကြုံဆိုတာထက်စာရင် ကိုယ်တိုင် ခံစားကြည့်တာက ပိုပြီးတော့ ထိရောက်လိမ့်မယ်။ တက်လာခဲ့လေ...”

အခန်း ၄၃၁ ပြီးပါပြီ။

အခန်း ၄၃၂ - ဓားဆန္ဒသုံးပုံ၊ သုံးချက်သောဓား၏ ဆရာ

“ကောင်းပြီ...”

ယန်ချင်းရှုံး၌လည်း ထိုဆန္ဒရှိသဖြင့် မြေပြင်ကို ခြေဖျားဖြင့် တစ်ချက်တို့ကာ လော့ချန်၏ ဆန့်ကျင်ဘက်သို့ သာယာစွာ ဆင်းသက်လိုက်၏။

အကြီးအကဲချန်ရွှမ်နှင့် အကြီးအကဲပိကျိုးရွှေတို့သည် ရင်ပြင်အတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည်။ နောက်ဘက်၌လည်း အပြင်စည်းတပည့်များစွာ လိုက်ပါလာကြသလို အချို့သော အတွင်းစည်းတပည့်များမှာလည်း သတင်းကြားသဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။

ပါရမီရှင် ဓားသမားနှစ်ဦး၏ အားပြိုင်မှုသည် သူ့အလိုလိုပင် စိတ်ဝင်စားစရာ ကောင်းလှသည့်အပြင် ယန်ချင်းရှုံးကဲ့သို့သော လှပသည့် ပါရမီရှင် ဓားသမားမျိုး ဖြစ်နေသဖြင့် သာ၍ပင် ထူးခြားနေလေသည်။ ထို့ပြင် လော့ချန်သည် ဓားဆန္ဒ သုံးပုံတစ်ပုံအထိ နားလည်ထားသည်ဟူသော သတင်းမှာ အမှန်တရား ဟုတ်၊ မဟုတ်ကိုလည်း လူအများက မြင်တွေ့လိုနေကြခြင်း ဖြစ်၏။

မြင့်မားသော စင်မြင့်ထက်တွင် ကိုယ်ရိပ်နှစ်ခုမှာ အလွန်ပင် ထင်ရှားနေသည်။

ဘယ်ဘက်ရှိ အရပ်ရှည်ပြီး ခါး၌ ဓားရှည်တစ်စင် ချိတ်ဆွဲထားကာ အေးချမ်းသော အငွေ့အသက်များ ရှိသည့် အမျိုးသမီးမှာ အတွင်းစည်း အမာခံတပည့် ကြူးလင်မေ့ ဖြစ်သည်။ ဘေးနားရှိ ကိုယ်ဟန်မတ်မတ်နှင့် မြင့်မြတ်သော အရှိန်အဝါများ ရှိသည့် လူငယ်မှာမူ အတွင်းစည်း ထိပ်သီး မျိုးဆက်သစ် တစ်ဦးဖြစ်သော ဖန်ယွဲ့ယန် ဖြစ်လေသည်။

လူနှစ်ဦးမှာ အပြင်စည်းကို ဖြတ်သန်းလာစဉ် ဤသတင်းကို ကြားသိရသဖြင့် လာရောက်ကြည့်ရှုခြင်း ဖြစ်၏။

“ဟဲဟဲ... ကြူးလင်မေ့... မင်းလည်း အမှားအယွင်း ရှိတတ်တာပဲလား။ လော့ချန်က ဓားဆန္ဒ တစ်ဝက်လောက်ပဲ နားလည်ထားတာဖြစ်လို့ လမ်းမှန်ပေါ် မရောက်သေးဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား။ အခု ရက်အနည်းငယ်ပဲ ရှိသေးတယ်... ဘယ်လိုလုပ်ပြီး ဓားဆန္ဒ သုံးပုံတစ်ပုံ ဖြစ်သွားရတာလဲ...”

ဖန်ယွဲ့ယန်က ပြုံး၍ သူ၏ မိတ်ဆွေကို စနောက်လိုက်သည်။

ကြူးလင်မေ့သည် လော့ချန်ကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ခေါင်းခါလိုက်၏။

“ငါ လုံးဝ အကြည့်မမှားခဲ့ပါဘူး။ သူနဲ့ အကြီးအကဲချင်တို့ယွမ် တိုက်ပွဲတုန်းက သူဟာ ဓားဆန္ဒကို စတင် ထိတွေ့ရုံပဲ ရှိသေးတာ... ဓားဆန္ဒ တစ်ဝက်လို့ ပြောဖို့တောင် ခက်ခဲပါသေးတယ်...”

ဖန်ယွဲ့ယန်က လော့ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရယ်မောလျက် ဆိုလိုက်သည်။

“ဒါဆို အခုက ဘာဖြစ်တာလဲ။ ကောလာဟလလား။ ဒါမှမဟုတ် သုံးရက်တည်းနဲ့ လော့ချန်ရဲ့ ဓားဆန္ဒက အစပျိုးပုံသဏ္ဌာန်ကနေ သုံးပုံတစ်ပုံအထိ တက်လှမ်းသွားတာလား...”

“ဆက်ကြည့်ရင် သိမှာပေါ့။ ကောလာဟလလည်း ဖြစ်နိုင်တာပဲလေ...”

ကြူးလင်မေ့လည်း ဘာမှ နားမလည်နိုင် ဖြစ်နေတော့သည်။ သုံးရက်တည်းနှင့် ဓားဆန္ဒ သုံးပုံတစ်ပုံအထိ တက်လှမ်းသွားသည်ဟူသော စကားကိုမူ သူမ တိုက်ရိုက်ပင် လျစ်လျူရှုထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ လုံးဝ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

စင်မြင့်ပေါ်တွင် လော့ချန်နှင့် ယန်ချင်းရှုံးတို့သည် ခြေလှမ်း သုံးဆယ်ခန့် အကွာအဝေးတွင် ရပ်နေကြသည်။ တစ်ဦးမှာ နက်နဲတည်ငြိမ်ပြီး ထူးခြားနေသလို တစ်ဦးမှာမူ ရဲရင့်ပြတ်သားကာ အလွန်ပင် လှပနေသည်။ ထွက်ပေါ်နေသော ဓားအရှိန်အဝါများသည် လေထုကို ဝေ့ဝဲစေသဖြင့် လူတိုင်းမှာ ချီးကျူးနေမိကြတော့သည်။

“ချပ်...”

အကန့်သတ်မဲ့သွေးဓားမှာ အိမ်အတွင်းမှ ထွက်ပေါ်လာပြီး ဓားအရှိန်အဝါမှာ လေပြင်းများအဖြစ် ပြောင်းလဲသွားကာ လော့ချန်၏ အဝတ်စများကို တဖျတ်ဖျတ် လွင့်နေစေသည်။ သူသည် ယန်ချင်းရှုံးကို ကြည့်ကာ ဆိုလိုက်သည်။

“ငါ ဓားသုံးချက် ထုတ်သုံးမယ်။ ဓားချက်တိုင်းရဲ့ ဓားဆန္ဒက တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာလိမ့်မယ်။ အဲ့ဒီအထဲက အပြောင်းအလဲတွေကို သေချာ အာရုံခံကြည့်ပါ။ တစ်ခုခု နားလည်သွားမလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်...”

“ကောင်းပြီ...”

ယန်ချင်းရှုံးမှာလည်း လျစ်လျူမရှုရဲဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင် ဓားရှည်တစ်စင်းမှာ သူမ၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာတော့၏။ ထိုအခါ ပြင်းထန်သော ဓားအရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်တိုက်များကိုပင် ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်။ လူက ဓားကဲ့သို့ပင်... အရှိန်အဝါကလည်း ဓားကဲ့သို့ ဖြစ်နေသည်။

ထိုနေရာရှိ လူအများမှာ ဦးရေပြားများ ထုံကျင်လာကြပြီး ဓားတစ်စင်းမှာ မိမိတို့၏ ဦးခေါင်းပေါ်တွင် ချိတ်ဆွဲထားသကဲ့သို့ အန္တရာယ်ကြီးမားမှုကို ခံစားနေကြရ၏။

“တကယ်ကို အားကောင်းတဲ့ ဓားအရှိန်အဝါပဲ။ ဒါဟာ ကြယ် ၉ ပွင့် ဓားသိုင်းဝိညာဉ်ရှင် ဓားလမ်းစဉ်ပါရမီရှင်ရဲ့ စွမ်းအားပဲလား...”

“အရမ်း သန်မာတာပဲ။ ဓားအရှိန်အဝါကတင် လူကို တုံ့ပြန်လိုစိတ် မရှိအောင် ဖိနှိပ်ထားနိုင်တယ်...”

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲသို့ မသွားခဲ့ရသော ရွှမ်ယွမ်ဂိုဏ်း အပြင်စည်းတပည့်များမှာ အံ့အားသင့်စွာ ရေရွတ်နေကြသည်။ ယန်ချင်းရှုံး၏ ဓားအရှိန်အဝါ ကောင်းကင်သို့ ထိုးတက်နေသည်နှင့် နှိုင်းယှဉ်လျှင် လော့ချန်မှာမူ သာမန်အတိုင်းပင် ရှိနေလေသည်။ ပင်လယ်လှိုင်းကြီးများကြားတွင် လွင့်မျောနေသော လှေငယ်လေးတစ်စင်းနှင့် တူနေ၏။

နောက်တစ်ခဏတွင် လော့ချန် လှုပ်ရှားလိုက်သည်။ သူသည် ကျင့်ကြံမှုနယ်ပယ်ကို သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် အလယ်ပိုင်းတွင်သာ ထိန်းညှိထားလိုက်ပြီး ဓားဆန္ဒ တစ်ပုံကို အကန့်သတ်မဲ့သွေးဓားအတွင်းသို့ ထည့်သွင်းကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။

“ဘုန်း...”

မလှုပ်ရှားလျှင် ငြိမ်သက်နေသော်လည်း လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာကြီးကို တုန်ခါသွားစေသည်။ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် စင်မြင့်တစ်ခုလုံးတွင် လေလှိုင်းများ ဆူပွက်လာပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အလား ရှိနေလေသည်။ လခြမ်းပုံသဏ္ဌာန် ဓားချီတစ်ခုမှာ လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး ထက်မြက်လှသော အရှိန်အဝါမှာ စင်မြင့်ကို တိုက်ရိုက် အက်ကွဲသွားစေကာ လူတိုင်း၏ မှင်တက်မိနေသော အကြည့်အောက်တွင် ယန်ချင်းရှုံးထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

ယန်ချင်းရှုံး၏ မျက်နှာမှာ တည်ငြိမ်သွားပြီး သူမ၏ ဓားအရှိန်အဝါမှာလည်း တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာကာ ဓားဆန္ဒ တစ်ဝက်ကိုပါ စိမ်းပြာရောင် ဓားရှည်အတွင်းသို့ ထည့်သွင်းလျက် အနှိုင်းမဲ့သော ထက်မြက်မှုများကို ထုတ်လွှတ်လိုက်၏။

“ကြာပန်း တစ်ချက်ဓား...”

စိမ်းပြာရောင် ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ကြာပန်းပွင့်ချပ်သဏ္ဌာန်ရှိသော ဓားချီတစ်ခုမှာ လခြမ်းပုံ ဓားချီထံသို့ ဦးတည် တိုးဝင်သွားတော့သည်။

“ဘုန်း...”

ဓားချီနှစ်ခု ထိတွေ့သွားသည်နှင့် လုံးဝန်းသော အလင်းလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော လေလှိုင်းများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ စင်မြင့်တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပေါက်များစွာ ဖြစ်သွားစေတော့သည်။

“ဝှစ်...”

ယန်ချင်းရှုံး၏ ကိုယ်ရိပ်မှာ နောက်သို့ လွင့်စင်သွားသည်။

“အရမ်း သန်မာတာပဲ။ ဒါဟာ အခုအချိန်မှာရှိတဲ့ လော့ချန်ပဲလား။ ပေါ့ပေါ့ပါးပါး ခုတ်လိုက်တဲ့ ဓားတစ်ချက်ကတောင် ဒီလောက်အထိ စွမ်းအားကြီးနေတာ... ငါတို့နဲ့ လုံးဝကို အဆင့်အတန်း မတူတော့ဘူး...”

ချန်လင်းယူမှာ ငေးကြည့်နေမိပြီး နှလုံးခုန်နှုန်းများလည်း မြန်ဆန်နေတော့သည်။

“ဝှစ်...”

စင်မြင့်ပေါ်တွင် လော့ချန်သည် ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ ဓားဆန္ဒ နှစ်ပုံမှာ သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာသည်။ အနှိုင်းမဲ့သော ထက်မြက်မှုများသည် လူအများ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသဖြင့် ရွှမ်ယွမ်ဂိုဏ်း အပြင်စည်းတပည့်များမှာ အသက်ရှူပင် ကျပ်လာကြတော့၏။

“တကယ်ကို အံ့ဩစရာကောင်းတဲ့ ဓားအရှိန်အဝါပဲ။ ဒါဟာ အနည်းဆုံးတော့ ဓားဆန္ဒ နှစ်ပုံပဲ...”

ကြူးလင်မေ့သည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။

“ဒုတိယ ဓားချက်...”

လော့ချန်သည် ယန်ချင်းရှုံးကို အာရုံစိုက်လိုက်ပြီး ဓားဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်၏။

“ဘုန်း...”

မိုးခြိမ်းသံများ ပေါက်ကွဲသွားပြီး ဖြောင့်တန်းသော ဓားချီတစ်ခုမှာ စင်မြင့်အထက်မှ ဖြတ်သန်းသွားသည်။ ထက်မြက်လှသော အရှိန်အဝါမှာ မြေပြင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ယန်ချင်းရှုံး၏ ရှေ့သို့ ရောက်ရှိသွားသည်။

ယန်ချင်းရှုံး၏ မျက်လုံးများ ကျုံ့သွားပြီး ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါသွားကာ သူမ၏ နောက်ကျောဘက်တွင် ကြယ်ကိုးလုံး ပါရှိသော ဓားပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ပြင်းထန်သော အရှိန်အဝါမှာ အရပ်မျက်နှာအနှံ့ ဝေ့ဝဲလာပြီး မြင်တွေ့နိုင်သော လေလှိုင်းများကို ဖြစ်ပေါ်စေတော့သည်။

“ကြာပန်း ကောင်းကင်ယံ...”

ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ စိမ်းပြာရောင် ဓားချီ အမြောက်အမြားမှာ မိုးသက်လေပြင်းများကဲ့သို့ ထိုဓားချီထံသို့ ဦးတည် တိုးဝင်သွားသည်။ ထိုစိမ်းပြာရောင် ဓားချီများသည် လေထဲတွင် ကွဲထွက်သွားကြပြီး ပွင့်အာနေသော ကြာပန်းများကဲ့သို့ပင် ဖြစ်နေကြကာ ထွက်ပေါ်နေသော ထက်မြက်လှသော အရှိန်အဝါမှာ ကောင်းကင်ပြင် တစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ရှိသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

လူတိုင်း၏ အကြည့်အောက်တွင် အင်အားစု နှစ်ခုမှာ ထိပ်တိုက် တိုးမိသွားကြပြီး ဓားချီကြာပန်းများသည် လေထဲတွင် ပေါက်ကွဲပျက်စီးသွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာမှုန် ဖြစ်သွားရတော့၏။

“ဝှစ်...”

ယန်ချင်းရှုံးသည် နောက်သို့ ထပ်မံ ဆုတ်ခွာသွားရပြီး မျက်နှာမှာ ဖြူဖျော့နေတော့သည်။ ဓားဆန္ဒ နှစ်ပုံ၏ ဓားချီအပေါ် မြှင့်တင်ပေးနိုင်စွမ်းမှာ သူမ ထင်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

လော့ချန်မှာမူ ရပ်တန့်မည့် အရိပ်အယောင် မရှိချေ။ သူသည် မျက်လွှာကို ပင့်လိုက်ရာ ဓားအလင်းတန်းများကဲ့သို့သော အကြည့်နှစ်ခု ထွက်ပေါ်လာပြီး ဓားဆန္ဒကို အထွတ်အထိပ်သို့ ပေါက်ကွဲစေလိုက်သည်။ ဤအချိန်၌ လော့ချန်မှာ အိမ်အတွင်းမှ ထွက်ပေါ်လာသော အနှိုင်းမဲ့ ရတနာဓားတစ်စင်ကဲ့သို့ပင် ဖြစ်နေပြီး ထက်မြက်လှသော အရှိန်အဝါမှာ မည်သူမျှ တားဆီး၍ မရနိုင်တော့ချေ။

“ဓားဆန္ဒ သုံးပုံ... တကယ်ပဲ ဓားဆန္ဒ သုံးပုံ ဖြစ်နေတာလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ကြူးလင်မေ့သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း မှင်တက်မိစွာ ဆိုလိုက်မိသည်။

“တတိယ ဓားချက်...”

ဓားဆန္ဒ သုံးပုံ၏ အထောက်အပံ့ဖြင့် လော့ချန်၏ ဤဓားချက်မှာ စွမ်းအားများ အဆမတန် မြင့်တက်လာပြီး အရာအားလုံးကို ခြေမွှပစ်တော့မည့် အသွင်ဖြင့် ပြေးထွက်သွားရာ ပြင်းထန်သော ဓားဖိအားမှာ ရင်ပြင်ပေါ်တွင် ပေပေါင်းများစွာ ကျယ်သော ကြောက်မက်ဖွယ် အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေတော့သည်။

“စီနီယာမမ...”

လော့ရှာဂိုဏ်းမှ တပည့်အချို့မှာ မနေနိုင်ဘဲ ထရပ်လိုက်ကြပြီး စိတ်ဝိညာဉ်များပင် တုန်ယင်နေကြတော့သည်။ အကြီးအကဲပိကျိုးရွှေမှာမူ မျက်မှောင်ကြုတ်လိုက်ပြီး အလင်းကန့်လန့်ကာတစ်ခုကို ပြုလုပ်ကာ ထိုသူတို့၏ အသံများကို လုံးဝ ပိတ်ထားလိုက်၏။

စင်မြင့်ပေါ်တွင်...

“ဗြိ...”

ဓားချီက ရောက်မလာသေးသော်လည်း ယန်ချင်းရှုံးမှာမူ သူမ၏ ဓားအရှိန်အဝါများ ပျက်စီးသွားသော အသံကို ကြားနေရသကဲ့သို့ ရှိနေသည်။ သို့သော်လည်း သူမသည် နောက်ဆုတ်မသွားဘဲ ဓားရှည်ကို တင်းတင်းဆုပ်ကာ ထိုဓားချီကို စိုက်ကြည့်နေမိသည်။

ထို ထိုးဖောက်လာသော အရှိန်အဝါများက ပေးသော အန္တရာယ်ကြီးမားမှုမှာ သူမ၏ စိတ်ဝိညာဉ်ကို တစ်စထက်တစ်စ နိမ့်ဆင်းသွားစေပြီး ဓားအရှိန်အဝါမှာလည်း တဖြည်းဖြည်း ငြိမ်သက်လာတော့သည်။ တစ်ကိုယ်လုံးမှာ မုန်တိုင်းမလာမီ ငြိမ်သက်နေမှု၊ အရုဏ်မတက်မီ မှောင်မိုက်နေမှုကဲ့သို့သော ခံစားချက်မျိုးကို ပေးနေလေသည်။

“ကြာပန်း စုစည်းခြင်း...”

ဓားချီ ရောက်ရှိလာသော ခဏမှာပင် ယန်ချင်းရှုံးမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အစွမ်းကုန် ငြိမ်သက်ရာမှ အစွမ်းကုန် လှုပ်ရှားခြင်းသို့ ပြောင်းလဲသွားမှုမှာ သူမ၏ ဓားအရှိန်အဝါကို ယခင်က မရှိဖူးသော အထွတ်အထိပ်သို့ ရောက်ရှိသွားစေတော့သည်။

လူက ဓားကဲ့သို့ပင်... ဆန္ဒကလည်း ဓားကဲ့သို့ ဖြစ်နေသည်။ ပြင်းထန်လှသော ဓားချီများသည် ကြီးမားသော ကြာပန်းကြီး တစ်ပွင့်အဖြစ် ပြောင်းလဲသွားတော့သည်။

“ဘုန်း...”

ဓားချီစွမ်းအင်နှစ်ခုမှာ ပြင်းထန်စွာ ထိပ်တိုက် တိုးမိသွားကြပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တစ်ပြိုင်နက်တည်း ကြေမွပျက်စီးသွားကာ ဟင်းလင်းပြင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာတော့သည်။ လူအများ၏ အာရုံစိုက်မှုအောက်တွင် ဓားချီကြာပန်းမှာ ဤတစ်ကြိမ်၌ ခေတ္တမျှ ကြံ့ကြံ့ခံနိုင်ခဲ့ပြီးနောက်မှသာ ထိုးဖောက်ဖျက်ဆီးခြင်း ခံလိုက်ရသည်။

“ဝှစ်...”

ယန်ချင်းရှုံးသည် နောက်သို့ လွင့်စင်သွားပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ရှိနေတော့သည်။

အခန်း ၄၃၂ ပြီးပါပြီ။

All Chapters