← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း ၄၃၃ - မြတ်သောအရပ်သို့ သွားရောက်ခွင့်

အလွန် သန်မာလွန်းလှသည်။ တကယ်ကို အားကောင်းလွန်းလှသည်။ လုံးဝကို ပြန်လည် ခုခံနိုင်စွမ်းပင် မရှိချေ။

ဓားသုံးချက်ဖြင့် လွင့်စင်သွားသော ယန်ချင်းရှုံးကို ကြည့်ရင်း ချန်လင်းယူနှင့် လင်ရှောင်ယွမ် တို့၏ စိတ်ထဲ၌ လှိုင်းလုံးကြီးများ ထန်သွားပြီး မှင်တက်မိကာ မတ်တတ်ထရပ်မိလိုက်ကြတော့သည်။

အကြီးအကဲချန်ရွှမ်နှင့် နဝမအကြီးအကဲတို့လည်း ထိုနည်းတူပင် အံ့အားသင့်နေကြ၏။ သူတို့သည် လော့ချန်၏ စွမ်းအားမှာ အလွန် သန်မာကြောင်း၊ သာမန် မဟုတ်ကြောင်းကို သိရှိထားကြသည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ရှိသော ချင်တို့ယွမ် အကြီးအကဲ ကိုပင် သူ သတ်နိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် စိတ်ထဲ၌ သိနေသော်လည်း ကိုယ်တိုင် မြင်တွေ့ဖူးခြင်း မရှိသေးချေ။ ယခု တိုက်ပွဲတွင်မူ လော့ချန်၏ သန်မာမှုကို သူတို့ ကိုယ်တိုင် ခံစားလိုက်ရပြီ ဖြစ်သည်။

လော့ချန်သည် ကျင့်ကြံမှုနယ်ပယ်ကို ယန်ချင်းရှုံးနှင့် အတူတူဖြစ်သော သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် အလယ်ပိုင်းသို့သာ လျှော့ချထားခဲ့သည်။ ယန်ချင်းရှုံးကမူ ဓားဆန္ဒ၊ သိုင်းဝိညာဉ်နှင့် လျှို့ဝှက်သိုင်းများ အကုန်ထုတ်သုံးခဲ့သည်။ သို့သော် လော့ချန်ကမူ ဓားဆန္ဒကိုသာ သုံး၍ ပေါ့ပေါ့ပါးပါး ခုတ်လိုက်သော ဓားသုံးချက်ဖြင့်ပင် ယန်ချင်းရှုံးကို မယှဉ်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပြီ မဟုတ်ပါလော။

မြင့်မားသော စင်မြင့်ထက်တွင် ဖန်ယွဲ့ယန်က နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ရင်း ကြူးလင်မေ့ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း ဘယ်လို မြင်လဲ...”

ကြူးလင်မေ့သည် လော့ချန်ကို ကြည့်ကာ အတွေးထဲတွင် နစ်မျောနေသည်။ ခဏအကြာတွင် သူမ သတိဝင်လာပြီး ဆိုလိုက်သည်။

“ဖြစ်နိုင်တာကတော့ ငါ အကြည့်မှားသွားတာ ဖြစ်မှာပါ... မဟုတ်ရင်တော့ ငါတို့ဟာ ထိပ်သီးဓားသမားတစ်ယောက်ရဲ့ တက်လှမ်းလာမှုကို ကိုယ်တိုင် မြင်တွေ့နေရတာ ဖြစ်လိမ့်မယ်...”

“ထိပ်သီးဓားသမား ဟုတ်လား... ဟင်း... မင်းက သူ့ကို အထင်ကြီးလွန်းနေပြီ ထင်တယ်...”

ဖန်ယွဲ့ယန်က လက်ပိုက်လိုက်ရင်း နှုတ်ခမ်းကို မဲ့လိုက်ကာ သူ၏ မထီမဲ့မြင် ပြုမှုကို လုံးဝ မဖုံးကွယ်ဘဲ ဆိုလိုက်သည်။

“ဓားဆန္ဒ သုံးပုံတစ်ပုံကို နားလည်နိုင်တာကတော့ သူ့ရဲ့ ဓားလမ်းစဉ်ပါရမီ ကောင်းတယ်လို့ ပြောလို့ရပေမဲ့ သူ နိုးကြားထားတာကတော့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ပဲလေ... အမှားအယွင်း မရှိရင်တော့ သွေးကြောနိုးကြားမှုနယ်ပယ်ဟာ သူ့ရဲ့ နောက်ဆုံး အောင်မြင်မှုပဲ ဖြစ်လိမ့်မယ်... တစ်သက်လုံး ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး... ဒီတော့ ဘယ်မှာ ထိပ်သီးဓားသမား ဖြစ်လာနိုင်မှာလဲ...”

“ဖြစ်နိုင်ပါတယ်...”

ကြူးလင်မေ့သည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြန်လည် မချေပတော့ပေ။ ဓားလမ်းစဉ်ပါရမီ ဘယ်လောက်ပဲ ကောင်းပါစေ... အသုံးမကျသော သိုင်းဝိညာဉ်ဟူသော အချက်ကိုမူ ပြောင်းလဲနိုင်ပါမည်လော။

“ဝှစ်...”

စင်မြင့်ပေါ်တွင် လော့ချန်သည် ဓားကို အိမ်အတွင်းသို့ ပြန်ထည့်ကာ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ ယန်ချင်းရှုံး၏ မျက်နှာမှာ မကောင်းလှသည်ကို မြင်ရသဖြင့် သူက မေးမြန်းလိုက်သည်။

“အဆင်ပြေရဲ့လား...”

ယန်ချင်းရှုံးက အသက်ကို တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး ပြုံးလျက် ခေါင်းခါပြလိုက်သည်။

“မစိုးရိမ်ပါနဲ့... ငါ အဆင်ပြေပါတယ်...”

“ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေမလဲ... မင်း တစ်ခုခု ဖြစ်သွားရင် မင်းရဲ့ ဂျူနီယာညီမတွေက ငါ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကြမှာပေါ့...”

လော့ချန်က ဘယ်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ယန်ချင်းရှုံး ဒဏ်ရာရသွားသည်ကို မြင်သောအခါ လော့ရှာဂိုဏ်းမှ ရှာဝမ်ချင်းတို့ အမျိုးသမီးတပည့်များမှာ စိုးရိမ်တကြီးဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။

“စီနီယာမမယန်... အဆင်ပြေရဲ့လား...”

“စီနီယာမမ... ဘယ်လိုနေလဲ...”

လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်များစွာက ယန်ချင်းရှုံးကို ဝိုင်းအုံကာ မေးမြန်းနေကြတော့သည်။ ရှာဝမ်ချင်းမှာမူ လော့ချန်ကို ကြည့်ကာ ရန်တွေ့နေသည်။

“လော့ချန်... စီနီယာမမယန်က ရှင့်ကို မယှဉ်နိုင်ရင်တောင်မှ ရှင် ဒီလောက်အထိ လက်ချက်ပြင်းဖို့ မလိုဘူးလေ... ဟင်း... တကယ်ပဲ မိန်းကလေးတွေကို သနားညှာတာတတ်တဲ့ စိတ် မရှိဘူးပဲ...”

လော့ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။ ယန်ချင်းရှုံးသည် လော့ရှာဂိုဏ်း အပြင်စည်းတွင် အလွန်ပင် သြဇာကြီးမားကြောင်း သူ ကြိုတင် ကြားဖူးသော်လည်း ယနေ့တွင်မူ အမှန်တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ယန်ချင်းရှုံးသည် လော့ချန်အတွက် ဝင်ရောက် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဘေးနားမှ တည်ငြိမ်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ရပ်လိုက်ကြစမ်း...”

အကြီးအကဲပိကျိုးရွှေသည် တိုက်ရိုက် လျှောက်လာပြီး ရှာဝမ်ချင်းတို့ အုပ်စုကို အမူအရာကင်းမဲ့စွာဖြင့် ဝေ့ကြည့်လိုက်သည်။

“လူအများရှေ့မှာ မင်းတို့ ဒီလို ပြဿနာရှာနေတာဟာ ဘာအဆင့်အတန်းမျိုးလဲ... ဂိုဏ်းကို ပြန်ရောက်ရင် မြန်လီချိုင့်ဝှမ်းမှာ သုံးရက်ကြာ သေချာ ပြန်ပြီး ဆင်ခြင်ကြစမ်း...”

“ဟုတ်ကဲ့ပါ...”

လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်များမှာ ခေါင်းငုံ့သွားကြတော့သည်။ အကြီးအကဲပိကျိုးရွှေသည် ယန်ချင်းရှုံးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးထဲတွင် ထူးခြားသော အလင်းတန်းများ တောက်ပနေသည်။

“ချင်းရှုံး... မင်းရဲ့ ဓားဆန္ဒ ကျော်ဖြတ်သွားပြီ မဟုတ်လား...”

အကြီးအကဲပိကျိုးရွှေ၏ အမြင်မှာ မည်မျှ ထက်မြက်သနည်း။ လော့ချန်၏ ယခင်က ဓားသုံးချက်မှာ တစ်ချက်ထက်တစ်ချက် သန်မာလာခဲ့ပြီး နောက်ဆုံးဓားမှာမူ ဓားဆန္ဒ သုံးပုံတစ်ပုံကို စုစည်းထားခြင်း ဖြစ်သည်။ ထိုဓားချက်ကို ယန်ချင်းရှုံးက ခေတ္တမျှ ကြံ့ကြံ့ခံနိုင်ခဲ့သည် မဟုတ်ပါလော။ ထိုဓားချီကြာပန်းအတွင်းမှ ထက်မြက်လှသော အငွေ့အသက်များသည် ယခင်ကထက် များစွာ ပိုမိုပြင်းထန်ပြီး ခိုင်မာလှသဖြင့် ဓားဆန္ဒ ကျော်ဖြတ်သွားပြီဖြစ်ကြောင်း သေချာနေသည်။

ယန်ချင်းရှုံး၏ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ရှိနေပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့... လော့ချန်ရဲ့ လမ်းညွှန်မှုကြောင့် ကျွန်မရဲ့ ဓားဆန္ဒ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ... အခုဆိုရင် ပထမအဆင့်အထိ ရှိနေပါပြီ...”

“ဘာ...”

ယန်ချင်းရှုံး၏ အဖြေကို ကြားလိုက်ရသည့်အခါ လော့ချန်အပေါ် မကျေမနပ် ဖြစ်နေကြသော ရှာဝမ်ချင်းတို့မှာ ချက်ချင်းပင် မှင်တက်မိသွားကြပြီး အလွန်အမင်း တုန်လှုပ်သွားကြကာ လော့ချန်ကို အံ့အားသင့်ဖွယ် အကြည့်များဖြင့် ကြည့်နေမိကြတော့သည်။

သူတို့သည် ယန်ချင်းရှုံးသည် ဓားဆန္ဒကို သိမြင်နိုင်ရန် လမ်းတစ်ဝက်နှင့်ပင် ရင်ဆိုင်နေရသည်မှာ ကြာပြီဖြစ်ကြောင်း သိရှိကြသည်။ ဤတိုတောင်းသော အချိန်အတွင်းမှာပင် ဓားဆန္ဒ အဆင့်တစ်ဆင့်ခန့် တိုးတက်လာခဲ့သည်လား။ ထိုအရာသည်လည်း လော့ချန်ကြောင့် ဖြစ်သည် တဲ့လား...။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

အကြီးအကဲပိကျိုးရွှေ ကိုယ်တိုင်ပင် စိတ်ထဲမှ တုန်လှုပ်သွားရသည်။ သူမသည် ယန်ချင်းရှုံး၏ ဓားဆန္ဒ တိုးတက်လာသည်ကို သိသော်လည်း ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဓားဆန္ဒ အဆင့်တစ်ဆင့်ကို ကျော်လွန်သွားခြင်းမှာ ဓားဆန္ဒလမ်းမှန်ပေါ်သို့ တရားဝင် ခြေချနိုင်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပြီး စစ်မှန်သော ဓားဆန္ဒကို နားလည်ရန် တံခါးကြီးကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် အရေးပါလှသည်။ သက်သာသွားသော အားအင်နှင့် အချိန်မှာလည်း တိုင်းတာ၍ မရနိုင်တော့ချေ။

အကြီးအကဲပိကျိုးရွှေသည် လော့ချန်ကို ကြည့်ကာ သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းများ တောက်ပလာပြီး ပြုံး၍ ဆိုလိုက်သည်။

“လော့ချန်... ငါတို့ လော့ရှာဂိုဏ်းကတော့ မင်းကို ကျေးဇူးအကြီးကြီး တင်သွားပြီပဲ...”

ယန်ချင်းရှုံးသည် ကြယ် ၉ ပွင့် ဓားသိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ရာ လော့ရှာဂိုဏ်း၏ အလေးထားခြင်းကို ခံရသူ ဖြစ်သည်။ ယနေ့တွင် ယန်ချင်းရှုံးသည် ဓားဆန္ဒလမ်းမှန်ပေါ်သို့ ရောက်ရှိသွားခြင်းမှာ လော့ရှာဂိုဏ်း တစ်ခုလုံးအတွက် သေးငယ်သော ကိစ္စ မဟုတ်တော့ချေ။ လော့ချန်သည် ယန်ချင်းရှုံးကို တစ်ချက် ကြည့်လိုက်ရင်း ရိုးသားစွာ ပြောလိုက်သည်။

“ကျွန်တော် ဘာမှ မလုပ်ပေးခဲ့ပါဘူး... ယန်ချင်းရှုံးရဲ့ ကိုယ်ပိုင် ဓားလမ်းစဉ်ဉာဏ်ရည်က သန်မာလို့ပါ...”

ယန်ချင်းရှုံး၏ ဓားဆန္ဒ ဤမျှ တိုးတက်လာသည့်အပေါ် လော့ချန် အံ့ဩခြင်း မရှိပေ။ သူသည် အနီရောင်မီးလျှံဓားအတွင်းမှ ကွဲကြေနေသော ဓားဆန္ဒများမှတစ်ဆင့် ဓားဆန္ဒကို နားလည်ခဲ့ခြင်း ဖြစ်သည်။ ယန်ချင်းရှုံးသည်လည်း အနီရောင်မီးလျှံဓားမှ ဓားဆန္ဒကို နားလည်ခဲ့ဖူးသူ မဟုတ်ပါလော။ သူတို့နှစ်ဦး၏ ဓားဆန္ဒမှာ ရင်းမြစ်တစ်ခုတည်းမှ ဆင်းသက်လာသည်ဟု ပြော၍ရသည်။ ခုနက ဓားသုံးချက်တွင်မူ သူ အနီရောင်မီးလျှံဓားမှ နားလည်ခဲ့သော ဓားလမ်းစဉ် အနှစ်သာရများ ပါဝင်နေသည်။ ယန်ချင်းရှုံးသာ အနည်းငယ်မျှ နားလည်သွားခဲ့လျှင် ဓားဆန္ဒ တိုးတက်လာမည်မှာ သေချာလှသည်။

မှန်ပေသည်။ ဤအရာ အားလုံး၏ အခြေခံမှာ ယန်ချင်းရှုံး၏ ဓားလမ်းစဉ်ဉာဏ်ရည် သန်မာမှုကြောင့်သာ ဖြစ်သည်။ တခြားလူဆိုလျှင် ဓားဆန္ဒ တိုးတက်ဖို့ ဝေးစွ... ‘လော့ချန်က လက်ချက်ပြင်းလွန်းပြီး လူမဆန်ဘူး’ဟုသာ တွေးမိကြမည် မဟုတ်ပါလော။ လော့ချန်သည် ဤမျှအထိ ပွင့်လင်းပြီး မောက်မာခြင်း မရှိသည်ကို မြင်ရသဖြင့် အကြီးအကဲပိကျိုးရွှေ၏ မျက်လုံးများမှာ ဝေ့ဝဲသွားရသည်။ သူမသည် ယခုတင်က ဓားသုံးချက်မှာ လော့ချန်က ယန်ချင်းရှုံးကို ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ပြီ ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ဤမျှ ကောင်းမွန်သော ဓားလမ်းစဉ် ပါရမီရှင်လေးမှာ အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားခဲ့ခြင်းပင်။ တကယ်ကို နှမြောစရာ ကောင်းလှသည်။ အကြီးအကဲပိကျိုးရွှေသည် စိတ်ထဲမှ နှမြောတသ ဖြစ်နေမိပြီး လော့ချန်ကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

“လော့ချန်... မင်းက ဒီလောက်အထိ သဘောထားကြီးပြီး လုံးဝ မဖုံးကွယ်ဘဲ လမ်းညွှန်ပေးခဲ့တဲ့အတွက် ငါတို့ လော့ရှာဂိုဏ်းကလည်း မင်းကို အချည်းအနှီး ကျေးဇူးမတင်ပါဘူး... မင်း အချိန်ရတဲ့အခါ လော့ရှာဂိုဏ်းကို တစ်ခေါက် လာခဲ့ပါ... မင်းကို ရောင်စဉ်ခုနစ်သွယ်ရေကန်မှာ ကျင့်ကြံဖို့ အခွင့်အရေး တစ်ကြိမ် ရအောင် ငါ ကြိုးစားပေးမယ်... အဲ့ဒါကို ကျေးဇူးဆပ်တာလို့ပဲ သတ်မှတ်လိုက်ပါ...”

“ဝါး...”

ဤစကား ထွက်လာသည်နှင့် ရင်ပြင်တစ်ခုလုံး ဆူညံသွားတော့သည်။ ထိုနေရာရှိ လူများအားလုံးမှာ လော့ချန်ကို ကြည့်ကာ ချီးကျူးသလို... မယုံကြည်နိုင်သလို အမူအရာများ ရှိနေကြသော်လည်း အများစုမှာမူ မနာလိုစိတ်နှင့် အားကျစိတ်များ ပြည့်နှက်နေကြသည်။

အထူးသဖြင့် အမျိုးသားတပည့်များ၏ မျက်လုံးများမှာမူ မီးတောက်တော့မည့်အလား ရှိနေကြသည်။ လူတိုင်း သိကြသည့်အတိုင်း လော့ရှာဂိုဏ်းတွင် အမျိုးသမီးတပည့်များသာ ရှိပြီး အလှပိုင်ရှင်များစွာ ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်ရေကန်ကြောင့် ထိုအမျိုးသမီးတပည့်များမှာ သာမန်မိန်းကလေးများထက် များစွာ သာလွန်သော အငွေ့အသက်များ ရှိကြသည်။

ဂိုဏ်းကြီး သုံးခုမှ အမျိုးသားတပည့်များထဲတွင် လော့ရှာဂိုဏ်းသို့ မသွားရောက်ချင်သူ မည်သူ ရှိမည်နည်း။ နှမြောစရာကောင်းသည်မှာ လော့ရှာဂိုဏ်းသည် ယေဘုယျအားဖြင့် တခြား အမျိုးသားများကို ဝင်ခွင့်မပြုခြင်းပင်။ ထို့ကြောင့်လည်း ထိုနေရာမှာ ပို၍ လျှို့ဝှက်နေပြီး မရေမတွက်နိုင်သော လူငယ်များအတွက် အိပ်မက်ထဲက နတ်ဘုံနတ်နန်း ဖြစ်နေခြင်း ဖြစ်သည်။

ယခုအခါ လော့ချန်သည် လော့ရှာဂိုဏ်း၏ ဖိတ်ခေါ်မှုကို ကိုယ်တိုင် ရရှိလိုက်ပြီ ဖြစ်သည်။ ထို့အပြင် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်ရေကန်တွင် ကျင့်ကြံခွင့် အခွင့်အရေးပင် ရရှိလိုက်သေးသည် မဟုတ်ပါလော။ မြင့်မားသော စင်မြင့်ထက်မှ အတွင်းစည်း ထိပ်သီးမျိုးဆက်သစ် တစ်ဦးဖြစ်သော ဖန်ယွဲ့ယန်ပင်လျှင် မျက်နှာ ပျက်သွားရပြီး လော့ချန်ကို ထက်မြက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

“ရောင်စဉ်ခုနစ်သွယ်ရေကန်... ငါသာ ရောင်စဉ်ခုနစ်သွယ်ရေကန်မှာ ကျင့်ကြံခွင့်ရရင် သွေးကြော ကိုးကြောင်းလုံးကို ချက်ချင်း ပြည့်စုံအောင် လုပ်နိုင်ပြီး စတုတ္ထနယ်ပယ်ကို ကျော်ဖြတ်ကာ မြေကမ္ဘာအဆင့် သန်မာသူ ဖြစ်လာနိုင်မှာပဲ...”

“ဒီလို အခွင့်အရေးမျိုးကို ဒီလို အသုံးမကျတဲ့ကောင်ကို ပေးလိုက်တယ်တဲ့လား... တကယ်ပဲ အလဟဿ ဖြစ်သွားတာပဲ...”

ဖန်ယွဲ့ယန်သည် စတုတ္ထနယ်ပယ်ကို ကျော်ဖြတ်နိုင်ရန် ယုံကြည်ချက် ရှိသော်လည်း အချိန် လိုအပ်သည်။ အကယ်၍ သူသာ ရောင်စဉ်ခုနစ်သွယ်ရေကန်တွင် ကျင့်ကြံခွင့်ရပါက ချက်ချင်းပင် အောင်မြင်သွားပေလိမ့်မည်။ ထို့အပြင် သာ၍ မြင့်မားသော အောင်မြင်မှုများကိုလည်း ရရှိနိုင်ဦးမည် မဟုတ်ပါလော။

ဤမျှ ကောင်းမွန်သော ကောင်းကင်က ပေးသည့် အခွင့်အရေးမှာ လော့ချန်ဆီသို့ ရောက်သွားခဲ့ပြီလား...။ အသုံးမကျသော သိုင်းဝိညာဉ် ရှိသည့် ထိုကောင်က အဘယ်အရည်အချင်း ရှိ၍နည်း။

ဖန်ယွဲ့ယန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ မနာလိုစိတ်များကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေတော့သည်။ လော့ချန်ကို လက်တစ်ချက်တည်းနှင့် သတ်ပစ်ပြီး ထိုနေရာကို အစားထိုး ဝင်ရောက်ချင်စိတ်များ ပြင်းထန်နေတော့သည်။

အခန်း ၄၃၃ ပြီးပါပြီ။

အခန်း ၄၃၄ - အဖိုးတန်ကျောက်မျက်၊ ဟွာကျင်းယန် ရောက်ရှိလာခြင်း

“ရောင်စဉ်ခုနစ်သွယ်ရေကန်...”

လော့ချန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားရ၏။ သူသည် ချန်လင်းယူ ပြောပြဖူးသဖြင့် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်ရေကန်အကြောင်း ကြားဖူးနားဝ ရှိသည်။

ရောင်စဉ်ခုနစ်သွယ်ရေကန်သည် ရွှမ်ယွမ်ဂိုဏ်း၏ ဆေးရေကန်နှင့် လျှပ်ယွမ်ဂိုဏ်း၏ မီးတောက်ချိုင့်ဝှမ်းတို့နှင့် အဆင့်အတန်း တူညီသည်။ ၎င်းတို့မှာ ဂိုဏ်းကြီးသုံးခု၏ နာမည်ကျော် ကျင့်ကြံခြင်း နယ်မြေများ ဖြစ်ကြပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင် ဆန်းကြယ်မှုများ ရှိကြသည်။ လော့ချန်သည် ရောင်စဉ်ခုနစ်သွယ်ရေကန်၌ ကျင့်ကြံခွင့် ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

အကြီးအကဲချန်ရွှမ်နှင့် အခြားသူများလည်း လျှောက်လှမ်းလာကြသည်။ လော့ချန် မှင်တက်မိနေသည်ကို မြင်သောအခါ အကြီးအကဲချန်ရွှမ် က ချက်ချင်းပင် ဆိုလိုက်သည်။

“လော့ချန်... ဂိုဏ်းကြီး သုံးခုရဲ့ ကျင့်ကြံခြင်း နယ်မြေတွေဖြစ်တဲ့ ဆေးရေကန်၊ ရောင်စဉ်ခုနစ်သွယ်ရေကန်နဲ့ မီးတောက်ချိုင့်ဝှမ်းတို့ဟာ ကျင့်ကြံမှု အရှိန်ကို မြှင့်တင်ပေးနိုင်သလို လူတစ်ဦးရဲ့ အလားအလာတွေကိုလည်း နှိုးဆော်ပေးနိုင်တာ မှန်ပေမဲ့ တစ်ခုချင်းစီမှာတော့ ထူးခြားချက်တွေ ရှိကြတယ်...”

“ဆေးရေကန်က ချီစွမ်းအင်ကို သန့်စင်ပေးတယ်... ရောင်စဉ်ခုနစ်သွယ်ရေကန်က စိတ်ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းပေးတယ်... မီးတောက်ချိုင့်ဝှမ်းကတော့ ခန္ဓာကိုယ်ကို သန်မာစေတယ်... လော့ရှာဂိုဏ်းရဲ့ ရောင်စဉ်ခုနစ်သွယ်ရေကန်မှာ ကျင့်ကြံခွင့် ရတာဟာ မင်းရဲ့ စိတ်ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တာမို့ နောင်တစ်ချိန်မှာ စတုတ္ထနယ်ပယ် ဒါမှမဟုတ် စိတ်ဝိညာဉ်အနှစ်သာရနယ်ပယ်ကို တက်လှမ်းတဲ့အခါ အကျိုးကျေးဇူး အများကြီး ရှိလိမ့်မယ်...”

“ဒါဟာ မင်းအတွက် ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ။ အကြီးအကဲပိကျိုးရွှေကို အမြန် ကျေးဇူးတင်လိုက်စမ်း...”

လော့ချန် သတိဝင်လာပြီး အကြီးအကဲပိကျိုးရွှေကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

“အကြီးအကဲပိကျိုးရွှေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...”

“အားနာမနေပါနဲ့... မင်းက ချင်းရှုံးကို ကူညီပေးခဲ့တာပဲလေ... ငါကလည်း မင်းကို ပြန်ပြီး ကျေးဇူးဆပ်ရမှာပေါ့...”

အကြီးအကဲပိကျိုးရွှေ က ပြုံးလျက် ဆိုလိုက်သည်။

ယန်ချင်းရှုံးသည် အကြီးအကဲပိကျိုးရွှေ၏ တိုက်ရိုက်တပည့် ဖြစ်ရုံတင်မကဘဲ သူမကိုယ်တိုင် လော့ရှာဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သူလည်း ဖြစ်သဖြင့် အလွန်ပင် အလေးထားသည်။ ယခုတစ်ခါ လော့ချန်က ယန်ချင်းရှုံးအား ကျင့်ကြံမှု အတားအဆီးကို ကျော်ဖြတ်ရန် ကူညီပေးခဲ့သဖြင့် အကြီးအကဲပိကျိုးရွှေသည် လော့ချန်အပေါ် အမြင်ကြည်လင်မှုများ အဆမတန် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ငါ မင်းကို သတိပေးရအုံးမယ်... ငါ မင်းကို ရောင်စဉ်ခုနစ်သွယ်ရေကန်မှာ ကျင့်ကြံဖို့ စမ်းသပ်မှု အခွင့်အရေး တစ်ကြိမ်ပဲ ပေးနိုင်မယ်... အဲ့ဒီအခါကျရင် မင်းက ငါတို့ လော့ရှာဂိုဏ်းက တပည့်တွေလိုပဲ စမ်းသပ်မှုကို ခံယူရမယ်... စမ်းသပ်မှု အောင်မြင်မှသာ ကျင့်ကြံခွင့် ရမှာ ဖြစ်တယ်...”

“တကယ်လို့ စမ်းသပ်မှု မအောင်မြင်ခဲ့ရင်တော့...”

အကြီးအကဲပိကျိုးရွှေက ခေါင်းခါပြလိုက်ရာ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်... တကယ်လို့ စမ်းသပ်မှု မအောင်မြင်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ ပါရမီက ညံ့ဖျင်းလွန်းလို့ ရောင်စဉ်ခုနစ်သွယ်ရေကန်မှာ ကျင့်ကြံဖို့ အရည်အချင်း မရှိတာလို့ပဲ သတ်မှတ်လိုက်ပါ့မယ်...”

လော့ချန်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ယုံကြည်ချက် အပြည့် ရှိနေသည်။

ရောင်စဉ်ခုနစ်သွယ်ရေကန်က စိတ်ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းပေးသည်။ အမှားအယွင်း မရှိပါက ၎င်း၏ စမ်းသပ်မှုမှာလည်း စိတ်ဝိညာဉ် စွမ်းအားနှင့်သာ သက်ဆိုင်ပေလိမ့်မည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအား အဆင့်အတန်းအရ ဆိုလျှင် ထိုစမ်းသပ်မှုကို ကျော်ဖြတ်ရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။

လော့ချန်၏ တည်ငြိမ်မှုနှင့် ရဲရင့်မှုကို ခံစားလိုက်ရသဖြင့် အကြီးအကဲပိကျိုးရွှေ ၏ အကြည့်ထဲတွင် ချီးကျူးမှုများ ပေါ်ထွက်လာပြီး ဆိုလိုက်သည်။

“မင်း ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ ဓားဆန္ဒ သုံးပုံတစ်ပုံကို နားလည်နိုင်တာဟာ တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်ဘူးပဲ...”

တခြားသူသာ ရောင်စဉ်ခုနစ်သွယ်ရေကန်တွင် ကျင့်ကြံခွင့် ရမည်ဆိုပါက စိတ်လှုပ်ရှားမှုကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြမည်မှာ သေချာလှသည်။ လော့ချန်ကမူ ဤမျှ ငယ်ရွယ်သော်လည်း တည်ငြိမ်သော စိတ်ထား ရှိနေခြင်းမှာ တကယ်ပင် ရှားပါးလှသည်။

ဓားကို မကျင့်ကြံမီ စိတ်ကို အရင် ကျင့်ကြံရမည် မဟုတ်ပါလော။ ထိပ်သီး ဓားသမားတစ်ဦးသည် မည်သည့် အချိန်တွင်မဆို တည်ငြိမ်စွာ နေထိုင်နိုင်ပြီး မိမိကိုယ်မိမိ အကောင်းဆုံး အခြေအနေတွင် ထိန်းသိမ်းထားကာ အချိန်မရွေး အမြင့်ဆုံးသော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိရပေမည်။ ဤအချက်အရ ဆိုလျှင် လော့ချန်၏ ကိုယ်ပေါ်တွင် ထိပ်သီး ဓားသမားတစ်ဦး၏ အငွေ့အသက်များ ရှိနေပြီ ဖြစ်သည်။

နှမြောစရာ ကောင်းသည်မှာ... သူ နိုးကြားထားသည်မှာ အသုံးမကျသော သိုင်းဝိညာဉ် ဖြစ်နေခြင်းပင်။

အကြီးအကဲပိကျိုးရွှေ စိတ်ထဲမှ သက်ပြင်းချလိုက်မိပြီး နှမြောတသ ဖြစ်နေမိသည်။ ဤသည်မှာ အနှိုင်းမဲ့သော အဖိုးတန် ကျောက်မျက်တစ်လုံးကို မြင်တွေ့လိုက်ရသော်လည်း အထဲတွင်မူ အက်ကြောင်းများ ရှိနေသည်ကို တွေ့လိုက်ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။ အက်ကြောင်း ရှိသော ကျောက်မျက်သည် ထာဝရ လက်ရာမွန် တစ်ခု မဖြစ်လာနိုင်သကဲ့သို့ အသုံးမကျသော သိုင်းဝိညာဉ် ရှိသူသည်လည်း ထိပ်သီး ဓားသမား ဖြစ်လာရန်မှာ ကံကြမ္မာက သတ်မှတ်ထားပြီးသား ဖြစ်သည်။

“ကဲ... ဒီကိစ္စတွေ ပြီးပြီဆိုတော့ ငါတို့လည်း ပြန်တော့မယ်...”

အကြီးအကဲပိကျိုးရွှေက နှုတ်ဆက်လိုက်ပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“လော့ချန်... မင်း သွေးကြောနိုးကြားမှုနယ်ပယ် အလယ်ပိုင်းကို ရောက်မှ လော့ရှာဂိုဏ်းကို လာခဲ့ပါ... အဲ့ဒီအခါကျရင် စမ်းသပ်မှုကို အောင်မြင်ဖို့ အခွင့်အလမ်း ပိုများသလို ရောင်စဉ်ခုနစ်သွယ်ရေကန်ရဲ့ အကောင်းဆုံး ကျင့်ကြံမှု ရလဒ်ကိုလည်း ရရှိနိုင်လိမ့်မယ်...”

“စိတ်ချပါ... ငါ့ရဲ့ ကတိကတော့ အမြဲတမ်း အတည်ပါပဲ...”

“ဟုတ်ကဲ့ပါ...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ လောလောဆယ်တွင် သူသည် ဆေးရေကန်သို့ သွားရောက် ကျင့်ကြံရန် ရှိသဖြင့် လော့ရှာဂိုဏ်းသို့ သွားရန် အချိန် မရှိသေးချေ။

အကြီးအကဲချန်ရွှမ်က ပြုံး၍ တားလိုက်သည်။

“အကြီးအကဲပိကျိုးရွှေ... ခင်ဗျားတို့က အဝေးကြီးကနေ လာခဲ့ရတာပဲ... ခေတ္တလောက် ထပ်နေပါဦးလား... ကျွန်တော် လူတွေကို ဧည့်ခံပွဲ ပြင်ခိုင်းလိုက်ပါ့မယ်...”

“နောက်တစ်ခါမှပေါ့... ချင်းရှုံးက အခုမှ ဓားဆန္ဒ အတားအဆီးကို ကျော်ဖြတ်နိုင်တာဆိုတော့ အရှိန်အဟုန်နဲ့ ကျင့်ကြံရမယ့် အချိန်ပဲ... အချိန်ဆွဲလို့ မဖြစ်ဘူးလေ...”

မသိစိတ်ဖြင့် အကြီးအကဲပိကျိုးရွှေ ၏ လေသံမှာ များစွာ ပို၍ ရင်းနှီး ဖော်ရွေလာခဲ့သည်။

ယန်ချင်းရှုံးသည် လော့ချန်ကို ကြည့်ကာ လှပသော အပြုံးဖြင့် ဆိုလိုက်သည်။

“လော့ချန်... မင်း လော့ရှာဂိုဏ်းကို ရောက်တဲ့အခါ ငါတို့ နောက်ထပ် တစ်ပွဲလောက် တိုက်ရအောင်နော်...”

“ကတိပေးပါတယ်...”

ယန်ချင်းရှုံးသည် ကြယ် ၉ ပွင့် ဓားသိုင်းဝိညာဉ်ကို နိုးကြားထားသော ဓားလမ်းစဉ် ပါရမီရှင် ဖြစ်ပြီး သူမ၏ ဓားသိုင်းမှာလည်း ဆန်းကြယ်လှသဖြင့် သူမနှင့် တိုက်ခိုက်ရခြင်းမှာ လော့ချန်အတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေသည်။

လော့ရှာဂိုဏ်းမှ လူများမှာ နှုတ်ဆက်၍ ထွက်ခွာရန် ပြင်လိုက်ကြသည်။ ထိုအချိန်တွင် အေးစက်သော နှာမှုတ်သံတစ်ခုသည် တောင်တံခါး ဘက်မှ ထွက်ပေါ်လာသည်။

“ဟင်း... ငါ သူတော်စင်တုန်းယွဲ့ကိုယ်တိုင် လာတာတောင် ဘယ်သူမှ ထွက်ပြီး မကြိုဆိုကြဘူးလား... ဒါဟာ ရွှမ်ယွမ်ဂိုဏ်းရဲ့ ဧည့်ဝတ်ကျေပွန်မှုလား...”

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်ပြီး မောက်မာလှသည်။ အသံမျှဖြင့်တင် ကောင်းကင်ရှိ တိမ်တိုက်များကို ဖရိုဖရဲ ဖြစ်သွားစေပြီး နားထဲတွင် မိုးကြိုးပစ်လိုက်သည့်နှယ် ခံစားရသည်။

ရွှမ်ယွမ်ဂိုဏ်းမှ အပြင်စည်းတပည့်များစွာမှာ မခံမရပ်နိုင် ဖြစ်သွားကြပြီး နားများကို ပိတ်ထားကြရကာ မျက်နှာများမှာလည်း ဖြူဖျော့သွားကြရတော့သည်။

“လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲ ကျီးတုန်းယွဲ့...”

အကြီးအကဲပိကျိုးရွှေ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့အားသင့်သွားရ၏။

“သူတော်စင် အဆင့်ရှိတဲ့ သန်မာသူပါလား...”

“လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲက ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို ဘာလာလုပ်တာလဲ...”

ထိုနေရာရှိ ရွှမ်ယွမ်ဂိုဏ်း အကြီးအကဲများ၏ မျက်နှာမှာလည်း ပြောင်းလဲသွားကြတော့သည်။

“မင်း သွားပြီး ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေကို အမြန် အကြောင်းကြားလိုက်... ကျန်တဲ့သူတွေ ငါနဲ့အတူ လိုက်ခဲ့ကြစမ်း...”

အပြင်စည်း မဟာအကြီးအကဲ ချင်ယွမ် မရှိသဖြင့် အကြီးအကဲချန်ရွှမ်သည် ဦးဆောင်သူ ဖြစ်လာပြီး ချက်ချင်းပင် အမိန့်ပေးကာ လူများကို ခေါ်ဆောင်၍ တောင်တံခါးသို့ ပြေးထွက်သွားတော့သည်။

အကြီးအကဲပိကျိုးရွှေသည် တစ်ခုခုကို သတိရသွားကာ လော့ချန်ကို ပြောလိုက်သည်။

“လော့ချန်... မင်းလည်း လိုက်ခဲ့ပါလား...”

“ကျွန်တော်နဲ့ သက်ဆိုင်လို့လား...”

လော့ချန် အံ့အားသင့်သွားရသည်။ လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲဆိုသည်မှာ မည်မျှ ကြီးကျယ်သော ပုဂ္ဂိုလ်နည်း။ သူနှင့် ဘာပတ်သက်မှု ရှိနိုင်မည်နည်း။

အကြီးအကဲပိကျိုးရွှေက ပြောသည်။

“မင်း မသိတာ ဖြစ်လိမ့်မယ်... ဟွာကျင်းယန်က ကျီးတုန်းယွဲ့ရဲ့ တိုက်ရိုက်တပည့်ပဲ... အခု ကျီးတုန်းယွဲ့ ကိုယ်တိုင် လာတာဟာ ဟွာကျင်းယန်နဲ့ ပတ်သက်နေတာ ဖြစ်ဖို့များတယ်...”

ရွှမ်ယွမ်ဂိုဏ်း တောင်တံခါး အပြင်ဘက်တွင်...

ယခုတင်က လှုပ်ခတ်မှုမှာ ကြီးမားလွန်းလှသဖြင့် တောင်တံခါး တစ်ခုလုံးမှာ ဆူညံနေပြီး အကြီးအကဲများနှင့် တပည့်များစွာ စုရုံးရောက်ရှိလာကာ ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ ကောင်းကင်ယံတွင် ကြီးမားသော ပျံသန်းနိုင်သည့် သားရဲကြီး တစ်ကောင် ဝဲပျံနေသည်။

ထိုသားရဲကြီးမှာ မီးငှက်တစ်ကောင်နှင့် တူပြီး တစ်ကိုယ်လုံးရှိ အမွေးများမှာ ရွှေနီရောင် တောက်ပနေကာ ခန္ဓာကိုယ်မှာလည်း ခန့်ညားလှသည်။ မထင်မှတ်ဘဲ ၎င်းတွင် အတောင်ပံ နှစ်စုံ ပါရှိပြီး တစ်ကိုယ်လုံးမှာ မီးလျှံများ ဝေ့ဝဲနေကာ အတောင်ပံ တစ်ချက် ခတ်လိုက်တိုင်း ကောင်းကင်ယံ၌ မီးလျှံလေဆင်နှာမောင်းများကို ဖြစ်ပေါ်စေသည်မှာ ကောင်းကင်ယံ၌ ပျံသန်းနေသော ကြီးမားသည့် မီးတောက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

ဤသည်မှာ လျှပ်ယွမ်ဂိုဏ်း၏ အတောင်လေးဖက်ပါ မီးငှက် ဖြစ်ပြီး အတွင်းစည်း အကြီးအကဲအဆင့်ရှိသော ပုဂ္ဂိုလ်များသာ စီးနင်းခွင့် ရှိသည်။ အတောင်လေးဖက်ပါ မီးငှက်၏ ကျောပေါ်တွင် ကိုယ်ရိပ်နှစ်ခု ရပ်နေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်၏။

ဘယ်ဘက်တွင် ဆိတ်မုတ်ဆိတ် ရှိပြီး ခရမ်းရောင် မီးလျှံဝတ်ရုံကို ဝတ်ဆင်ထားသော သူအိုကြီးတစ်ဦး ရှိနေသည်။ သူသည် လက်ပိုက်ကာ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် သန်မာသူတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေပြီး ကွင်းပြင်တစ်ခုလုံးကို လောင်ကျွမ်းစေမည့် မီးတောက်ကြီးတစ်ခုကဲ့သို့ ရှိနေသည်။ သူ၏ အကြည့်များမှာ ထက်မြက် မောက်မာလှပြီး သူ ကြည့်လိုက်သည့် နေရာတိုင်းရှိ လေထုမှာ ရေလှိုင်းများကဲ့သို့ တုန်ခါသွားရတော့သည်။

ညာဘက်တွင်မူ ကိုယ်ဟန်မတ်မတ်နှင့် မျက်လုံးများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေကာ မြင့်မြတ်သော အရှိန်အဝါများ ရှိသည့် လူငယ်တစ်ဦး ရှိနေပြီး ၎င်းမှာ လျှပ်ယွမ်ဂိုဏ်း၏ အပြင်စည်း ခေါင်းဆောင်တပည့်ဟောင်း ဟွာကျင်းယန်ပင် ဖြစ်သည်။

“ကျင်းယန်... လော့ချန်ကလည်း သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းသွားပြီဖြစ်သလို နန်းမြို့တော်မှာ ကျိတော့ဂိုဏ်းတပည့် လျူရီဖုန်းကိုလည်း အနိုင်ယူခဲ့တယ်... အဲ့ဒီ လျူရီဖုန်းက ဘာမှ မဟုတ်တဲ့ အသုံးမကျသူ ဖြစ်ပေမဲ့ ကျိတော့ဂိုဏ်းက ဖြစ်နေတာမို့ စွမ်းအားကတော့ သာမန် မဟုတ်တန်ဘူး...”

“မင်း ဒီတစ်ခါ လာတာဟာ လော့ချန်ကို အနိုင်ယူဖို့ ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ...”

ထိုသူအိုကြီးမှာ လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲ ကျီးတုန်းယွဲ့ ဖြစ်ပြီး ဟွာကျင်းယန်၏ ဆရာလည်း ဖြစ်သည်။ သူက ဟွာကျင်းယန်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ဟွာကျင်းယန်သည် ရွှမ်ယွမ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်နေတော့သည်။

“ဆရာ စိတ်ချပါ... ဒီတစ်လကျော် ကျင့်ကြံခဲ့တဲ့ အချိန်အတွင်းမှာ ကျွန်တော် ကျင့်ကြံမှု တိုးတက်လာရုံတင်မကဘဲ မီးလျှံလက်ဝါးသိုင်းကလည်း အောင်မြင်မှု အဆင့်ကို ရောက်သွားပါပြီ... သိုင်းလမ်းစဉ် နယ်ပယ်ကလည်း လူနဲ့ သိုင်းပညာ တစ်သားတည်း ဖြစ်မှု ပြည့်စုံခြင်း အဆင့်ကို ရောက်နေပါပြီ...”

“ဒါ့အပြင်... ဒီတစ်ခါ မီးတောက်ချိုင့်ဝှမ်းရဲ့ အနက်ရှိုင်းဆုံး အရပ်မှာ ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်ကို သုံးပြီးတော့ မြေအောက် မီးလျှံတွေကို အများကြီး ဝါးမြိုခဲ့ပါတယ်... သိုင်းဝိညာဉ်ရဲ့ စွမ်းအားကိုသာ သုံးလိုက်မယ်ဆိုရင် ကျွန်တော့်ရဲ့ တိုက်ခိုက်ရေး စွမ်းအားဟာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်ပိုင်းအထိ မြင့်တက်လာမှာပါ...”

“လော့ချန် ဘယ်လောက်ပဲ သန်မာပါစေ... သွေးကြောနိုးကြားမှုနယ်ပယ် အလယ်ပိုင်း သန်မာသူနဲ့ ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဒီတိုက်ပွဲမှာ သူ သေချာပေါက် ရှုံးနိမ့်စေရမယ်...”

ဟွာကျင်းယန်၏ လေသံမှာ အနှိုင်းမဲ့သော ယုံကြည်ချက်များ ပြည့်နှက်နေပြီး သူ၏ အကြည့်မှာလည်း ထက်မြက် မောက်မာနေတော့သည်။

အခန်း ၄၃၄ ပြီးပါပြီ။

အခန်း ၄၃၅ - လော့ချန်ဟာ မင်းရဲ့စိတ်ထဲက အရိပ်မည်းလား... သူတော်စင်အဆင့် သန်မာသူ

ဟွာကျင်းယန်သည် ကြယ် ၁၀ ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် ကောင်းကင်ကပေးသော ပါရမီရှင်တစ်ဦး ဖြစ်၏။

အကြီးအကဲကျီးတုန်းယွဲ့၏ တိုက်ရိုက်တပည့်အဖြစ် အသိအမှတ်ပြုခံရကတည်းက သူသည် အရာရာ၌ အဆင်ပြေချောမွေ့ခဲ့ပြီး တာယွဲ့မင်းဆက်၏ ဂိုဏ်းကြီးသုံးခု အပြင်စည်း လူငယ်မျိုးဆက်၏ ခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားကာ မာန်မာန အလွန်ကြီးမားနေသူလည်း ဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲအတွင်း ဟွာကျင်းယန်သည် လူအများရှေ့၌ လော့ချန်ကို ရှုံးနိမ့်ခဲ့ပြီး အသုံးမကျသူတစ်ဦး ဖြစ်သွားလုနီးပါး ဖြစ်ခဲ့ရ၏။ ဤကိစ္စကို သူသည် သူ၏ဘဝ၌ အကြီးမားဆုံး အရှက်ရမှုအဖြစ် သတ်မှတ်ထားပြီး ဤအရှက်ကို သေချာပေါက် ပြန်ဆေးကြောမည်ဟု သစ္စာဆိုထားခဲ့သည်။

ပြိုင်ပွဲပြီးနောက် ဟွာကျင်းယန်သည် ဒဏ်ရာများ အနည်းငယ် သက်သာလာသည်နှင့် သူ၏ဆရာ အကြီးအကဲကျီးတုန်းယွဲ့ကို မီးတောက်ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအရပ်၌ ကျင့်ကြံခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ဤသို့ဖြင့် သူသည် နှစ်လနီးပါးကြာအောင် ကျင့်ကြံခဲ့ပြီး ယခုမှသာ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်၏။

ဤကာလအတွင်း၌ ဟွာကျင်းယန်သည် လော့ချန်အပေါ်ထားသော နာကျည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲပြီး အရာရာကို စွန့်လွှတ်ကာ အစွမ်းကုန် ကျင့်ကြံခဲ့သည်။ သူ၏ဆရာ အကြီးအကဲကျီးတုန်းယွဲ့ကို မြေအောက်မီးလျှံများဖြင့် သူ၏ချီစွမ်းအင်များကို သန့်စင်ပေးရန်တောင် တောင်းဆိုခဲ့သေးသည်။ ထိုနာကျင်မှုမှာ မီးလောင်တိုက်သွင်းခံရသလို... ဓားတောင်ကို တက်နေရသလို ခံစားရပြီး အသားကို အပိုင်းပိုင်း အလှီးခံနေရသလို ပြင်းထန်လှ၏။

သို့သော် ရလဒ်မှာမူ ထိုက်တန်လှသည်။ တစ်လကျော်အတွင်းမှာပင် ဟွာကျင်းယန်၏ ကျင့်ကြံမှုသည် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ စွမ်းအားအားလုံးမှာလည်း ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲစဉ်ကထက် ဆယ်ဆမက တိုးတက်လာခဲ့ပြီ ဖြစ်၏။

ကျင့်ကြံမှု အောင်မြင်သည်နှင့် ဟွာကျင်းယန်၏ ပထမဆုံး အတွေးမှာ လော့ချန်ကို လက်စားချေရန်ပင် ဖြစ်သည်။ ထိုအချိန်မှာပင် လော့ချန်သည် နန်းမြို့တော်၏ ဧည့်ခံပွဲ၌ လူတိုင်းကို အံ့အားသင့်စေခဲ့သည့် သတင်းမှာ လျှပ်ယွမ်ဂိုဏ်းဆီသို့ ရောက်ရှိလာ၏။ ဤသတင်းကို ကြားသောအခါ ဟွာကျင်းယန်သည် ဆက်၍ မအောင့်နိုင်တော့ပေ။ လော့ချန်နှင့် အမြန်ဆုံး တိုက်ခိုက်နိုင်ရန်အတွက် သူ၏ဆရာ အကြီးအကဲကျီးတုန်းယွဲ့ကို ရွှမ်ယွမ်ဂိုဏ်းဆီသို့ သွားရန် တောင်းဆိုခဲ့သည်။

ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းသည် အလွန်ဝေးကွာလှ၏။ သာမန် မီးငှက်များနှင့်ဆိုလျှင် ရက်ပေါင်းများစွာ သွားရမည် ဖြစ်သော်လည်း အတောင်လေးဖက်ပါ မီးငှက်နှင့်ဆိုလျှင်မူ တစ်ရက်တည်းဖြင့် ရောက်ရှိနိုင်သည်။

အကြီးအကဲကျီးတုန်းယွဲ့သည် ဟွာကျင်းယန်၏ ယုံကြည်ချက်ရှိသော စကားများကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“မင်းမှာ ယုံကြည်ချက်ရှိရင် ကောင်းတယ်။ ဒါပေမဲ့ မှတ်ထားပါ... ဒီတိုက်ပွဲဟာ မင်းရဲ့ ကိုယ်ပိုင် အရှက်နဲ့တင် ဆိုင်တာမဟုတ်ဘူး... ငါတို့ လျှပ်ယွမ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။ မင်း နိုင်ကို နိုင်ရမယ်... ရှုံးလို့ မဖြစ်ဘူး...”

“ငါတို့ လျှပ်ယွမ်ဂိုဏ်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ရှိတဲ့ အကောင်တစ်ကောင်ကိုတောင် မနှိမ်နင်းနိုင်ဘူးဆိုတဲ့ ကောလာဟလတွေကို နောင်မှာ ထပ်မကြားချင်တော့ဘူး...”

လောလောလတ်လတ် ထွက်ပေါ်နေသော ကောလာဟလများကို စဉ်းစားရင်း အကြီးအကဲကျီးတုန်းယွဲ့၏ အကြည့်များမှာ အေးစက်သွားသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း... အဲ့ဒီ လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားတာဟာ တကယ်ကို ထူးဆန်းတယ်။ လင်ယွမ်ပြတိုက်က ဘာဖြစ်လို့ အသုံးမကျတဲ့ကောင် တစ်ယောက်အတွက် ဒီလောက်အထိ ရင်းနှီးမြှုပ်နှံနေတာလဲ မသိဘူး... အဆုံးမှာတော့ အရာအားလုံးက အချည်းနှီးပဲ ဖြစ်မှာပါ...”

ဟွာကျင်းယန်က နှာမှုတ်လိုက်ပြီး မျက်လုံးများထဲ၌ ရက်စက်မှုများ ပြည့်နှက်နေလျက် ဒေါသတရားနှင့် ပြောလိုက်သည်။

“သူ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားတာ ပိုကောင်းတာပေါ့... အဲ့ဒါမှ သူ့ကို ကျွန်တော်က တရားဝင် အနိုင်ယူပြလို့ ရမှာ... ကျွန်တော့ကို အနိုင်ကျင့်တယ်လို့ ဘယ်သူမှ မပြောနိုင်တော့ဘူးပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့က ဟွာကျင်းယန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ကျင်းယန်... လော့ချန်အကြောင်း ပြောလိုက်တာနဲ့ မင်းက ဒီလောက်အထိ စိတ်လှုပ်ရှားပြီး တုန်လှုပ်နေတာပဲ။ ကြည့်ရတာ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက ရှုံးနိမ့်မှုကြောင့် လော့ချန်ဟာ မင်းရဲ့ စိတ်ထဲကအရိပ်မည်း ဖြစ်နေပြီထင်တယ်...”

“ဒါဆိုရင် ဒီနေ့ တိုက်ပွဲကတော့ မဖြစ်မနေ တိုက်ရတော့မယ်...”

“မင်း လော့ချန်ကို ကိုယ်တိုင် အနိုင်မယူနိုင်ဘူးဆိုရင် သူဟာ မင်းရဲ့ စိတ်ထဲကအရိပ်မည်း ဖြစ်နေဦးမှာပဲ... မင်းကို တစ်သက်လုံး ရှုံးနိမ့်မှုရဲ့ အရိပ်အောက်ကနေ ထွက်မလာနိုင်အောင် လုပ်ထားလိမ့်မယ်... အဲ့ဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် အတားအဆီး ဖြစ်စေပြီး ပိုပြီးမြင့်မားတဲ့ အဆင့်တွေကို တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး...”

ဟွာကျင်းယန်လည်း သူ၏ အမူအရာ ပျက်ယွင်းသွားသည်ကို သတိပြုမိသွား၏။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲပြီးကတည်းက သူသည် လော့ချန်ကို လက်စားချေရန်သာ အမြဲတွေးနေခဲ့ခြင်း ဖြစ်သည်။ အိပ်မက်ထဲမှာတောင် လော့ချန်ကို မြင်နေရသည် မဟုတ်ပါလော။ ခဏမျှ မှင်တက်မိသွားပြီးနောက် ဟွာကျင်းယန်၏ အကြည့်များမှာ ပို၍ အေးစက်သွားသည်။

“ဆရာ စိတ်ချပါ... ဒီနေ့ ကျွန်တော့်ရဲ့ အရာရာတိုင်းကို ကျွန်တော် ကိုယ်တိုင် ပြန်ပြီး သိမ်းပိုက်ပြပါ့မယ်...”

“အင်း... ငါ မင်းရဲ့ စွမ်းအားကို ယုံကြည်ပါတယ်...”

အကြီးအကဲကျီးတုန်းယွဲ့သည် ပြုံးပြီး ခေါင်းညိတ်လိုက်၏။ ဤသို့ကြည့်မည်ဆိုလျှင် လော့ချန်က ဟွာကျင်းယန်၏ စိတ်ထဲကအရိပ်မည်း ဖြစ်သွားသည်မှာ ဆိုးကျိုးချည်းပဲတော့ မဟုတ်ပေ။ အနည်းဆုံးတော့ ဟွာကျင်းယန်၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆော်ပေးလိုက်သလို ဖြစ်သွားခြင်း ဖြစ်သည်။ မဟုတ်လျှင် ဟွာကျင်းယန်သည် ဤမျှတိုတောင်းသည့် အချိန်အတွင်း၌ ဤအဆင့်အထိ ရောက်လာမည် မဟုတ်ပေ။

ယနေ့သာ ဟွာကျင်းယန်က လော့ချန်ကို အနိုင်ယူပြီး စိတ်ထဲက အတားအဆီးကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် သူ၏ အောင်မြင်မှုမှာ အကန့်အသတ် ရှိမည် မဟုတ်တော့ပေ။ လျှပ်ယွမ်ဂိုဏ်းအတွက်လည်း အနာဂတ်၌ အထူးသန်မာသူတစ်ဦး တိုးလာမည်မှာ သေချာသည်။ ဤသို့ဆိုလျှင် လော့ချန်က လျှပ်ယွမ်ဂိုဏ်းကို အကူအညီကြီး ပေးလိုက်သလိုပင်။ ဟွာကျင်းယန် အောင်မြင်ရန်အတွက် လှေကားထစ်တစ်ခု ဖြစ်ပေးလိုက်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင်...

“ဝှစ်... ဝှစ်... ဝှစ်...”

လေခွဲသံများ ထွက်ပေါ်လာပြီး ရွှမ်ယွမ်ဂိုဏ်း တောင်တံခါးအတွင်းမှ ကိုယ်ရိပ် ဆယ်ဂဏန်းခန့် ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အကြီးအကဲချန်ရွှမ်အပါအဝင် အပြင်စည်း အကြီးအကဲ ဆယ်ဦးကျော် ဖြစ်၏။ အကြီးအကဲချန်ရွှမ်သည် လူများကို အစဉ်လိုက် ရပ်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ရှေ့ထွက်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

“သူတော်စင်တုန်းယွဲ့ ရောက်လာတာကို ကျွန်တော်တို့ ထွက်ပြီး မကြိုဆိုနိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ...”

ဂိုဏ်းနှစ်ခုမှာ ရေနှင့်မီးလို အဆင်မပြေကြသော်လည်း လျှပ်ယွမ်ဂိုဏ်း မဟာအကြီးအကဲ ကိုယ်တိုင် ရောက်လာခြင်းဖြစ်သဖြင့် လိုအပ်သည့် ယဉ်ကျေးမှုတော့ ရှိရမည် ဖြစ်သည်။

အကြီးအကဲကျီးတုန်းယွဲ့သည် အတောင်လေးဖက်ပါ မီးငှက်ပေါ်မှ၍ အထက်စီးမှ ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကာ အေးစက်စွာ ရယ်မောလိုက်သည်။

“မင်းက ငါနဲ့ စကားပြောဖို့ အရည်အချင်း မရှိသေးဘူး... ယွီကျုံဟွေးတို့... မင်ကျုံးတို့လို အဖိုးကြီးတွေရော ဘယ်မှာလဲ... အကုန်လုံး သေကုန်ကြပြီလား...”

ဤစကားကို ကြားသောအခါ ရွှမ်ယွမ်ဂိုဏ်း အကြီးအကဲများသည် ဒေါသတကြီး ကြည့်လိုက်ကြ၏။ ယွီကျုံဟွေးသည် ရွှမ်ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး မင်ကျုံးမှာ ဂိုဏ်း၏ ဝါရင့် မဟာအကြီးအကဲ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဂိုဏ်း၏ ဂုဏ်သိက္ခာများ မဟုတ်ပါလော။ မည်သူ့ကိုမှ ဤသို့ ပေါ့ပေါ့တန်တန် အပြောမခံနိုင်ပေ။

ချန်ရွှမ် အကြီးအကဲ၏ မျက်နှာက ပျက်ယွင်းသွားပြီး သူ၏ အသံကလည်း အေးစက်သွားသည်။

“ခင်ဗျား ကျုပ်တို့ ရွှမ်ယွမ်ဂိုဏ်းကို ဘာကိစ္စနဲ့ လာတာလဲ... အရေးကြီးတဲ့ ကိစ္စရှိရင် ကျွန်တော် သွားပြီး အကြောင်းကြားပေးမယ်... ဘာကိစ္စမှ မရှိရင်တော့ ပြန်သွားတော့...”

“ဟမ်...”

အကြီးအကဲကျီးတုန်းယွဲ့သည် အတောင်လေးဖက်ပါ မီးငှက်ပေါ်မှ ချန်ရွှမ် အကြီးအကဲကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ကြွေကျလာသော ဥက္ကာခဲတစ်ခုလို... ကောင်းကင်မှ နေမင်းကြီးလို ပြင်းထန်လှ၏။

“မင်းက ဘာမို့လို့လဲ... အပြင်စည်း အကြီးအကဲ သေးသေးလေးက ငါ့ရဲ့ စကားကို လျစ်လျူရှုရဲတယ်ပေါ့... သေချင်နေတာပဲ...”

“ဝမ်း...”

အကြီးအကဲချန်ရွှမ်သည် အခြေအနေမဟန်မှန်း သိလိုက်ပြီး သူ၏ ကာကွယ်ရေး ချီစွမ်းအင်များကို အမြန် ထုတ်သုံးလိုက်သည်။ သို့တိုင်အောင် သူတော်စင်အဆင့် သန်မာသူတစ်ဦး၏ စွမ်းအားကို သူ မည်သို့မျှ မယှဉ်နိုင်ပေ။ အကြည့်တစ်ချက်တည်းနှင့်ပင် သူ၏ ကာကွယ်ရေး ချီစွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူသည် နောက်သို့ လွင့်စင်သွားလျက် ကောင်းကင်သို့ သွေးတစ်လုတ် ထွေးထုတ်လိုက်ရ၏။

“ဆရာ...”

လော့ချန်နှင့် အကြီးအကဲပိကျိုးရွှေတို့သည် တောင်တံခါးမှ ထွက်လာစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသည်။

“ဝှစ်...”

လော့ချန်သည် ကိုယ်ရိပ်တစ်ချက် လှုပ်ရှားကာ ရှေ့သို့သွား၍ ချန်ရွှမ် အကြီးအကဲကို ဖေးမလိုက်သည်။ တစ်ဖက်လူ၏ ဒဏ်ရာမှာ မနည်းလှသည်ကို မြင်သောအခါ သူ၏မျက်နှာမှာ ချက်ချင်းပင် တင်းမာသွား၏။

ယခင်က အကြီးအကဲချန်ရွှမ်သာ အတင်းအကျပ် ကာကွယ်မပေးခဲ့လျှင် သူသည် ရွှမ်ယွမ်ဂိုဏ်း၌ ဆက်နေနိုင်မည် မဟုတ်ပေ။ အကြီးအကဲချန်ရွှမ်သည် သူ အသုံးမကျသော သိုင်းဝိညာဉ် နိုးကြားခဲ့ခြင်းကြောင့် သူ့အပေါ် အနည်းငယ်မျှ အထင်သေးခဲ့ခြင်း မရှိပေ။ သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံပြီးနောက်တွင်လည်း သူ မေးသမျှကို ဖြေကြားပေးကာ ကျင့်ကြံမှုဆိုင်ရာ အခက်အရဲများစွာကို စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။ ဆိုရလျှင် အကြီးအကဲချန်ရွှမ်မှာ သူ၏ ကျင့်ကြံမှုလမ်းစဉ်၌ လမ်းပြပေးခဲ့သော ဆရာပင် ဖြစ်၏။ ယွမ်မန်လီမှလွဲလျှင် သူ ရွှမ်ယွမ်ဂိုဏ်း၌ အလေးစားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

“ဟဲဟဲ... လော့ချန်... ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့...”

ဟွာကျင်းယန်သည် လော့ချန်ကို မြင်သောအခါ အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် ဝေ့ကြည့်လိုက်ရာ လော့ချန်၏ နောက်မှ ကပ်လိုက်လာသော ယန်ချင်းရှုံးကို မြင်သွားသဖြင့် မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။

လော့ချန်သည် ဟွာကျင်းယန်ကို သတိပြုမိသွားပြီး မျက်လုံးများ ကျုံ့သွားသည်။

“ဟွာကျင်းယန်... မင်းကိုး...”

“အို... မင်းက လော့ချန်လား... အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတဲ့ အသုံးမကျသူပေါ့...”

အကြီးအကဲကျီးတုန်းယွဲ့သည် လော့ချန်ကို အထက်စီးမှ ကြည့်ကာ အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။ သူသည် စကားဆက်ရန် ပြင်လိုက်စဉ် တစ်ခုခုကို အာရုံခံမိသွားသဖြင့် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။

“ကျီးတုန်းယွဲ့... မင်း ဒီမှာ လက်ရဲဇက်ရဲနဲ့ ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... ငါတို့ ရွှမ်ယွမ်ဂိုဏ်းမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား...”

အေးစက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံ တစ်ခုလုံးကို တုန်ခါသွားစေသည်။

“ကွဲစမ်း...”

“ဘုန်း...”

နောက်ဆုံးစကားလုံး ထွက်ပေါ်လာသည်နှင့် မြင့်မားသော ကောင်းကင်ယံ၌ ရေဝဲကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုရေဝဲကြီးမှာ တောင်ငယ်တစ်ခုပမာ ကြီးမားလှပြီး လျင်မြန်စွာ လည်ပတ်နေလျက် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်၌ လျှပ်စစ်များ ဝေ့ဝဲနေသည်မှာ ကောင်းကင်ယံမှ ကြယ်တာရာ ရေဝဲကြီး ပြိုကျလာသည့်နှယ် ရှိပြီး ဖျက်ဆီးနိုင်စွမ်းမှာ အံ့မခန်းလှပေ။ ၎င်းသည် ကျီးတုန်းယွဲ့ထံသို့ တိုက်ရိုက် ဖုံးလွှမ်းသွားတော့သည်။

ကျီးတုန်းယွဲ့၏ မျက်နှာမှာ ပြောင်းလဲသွား၏။ သူသည် ဤနည်းလမ်းကို မကြောက်သော်လည်း ဟွာကျင်းယန်မှာမူ သူတော်စင်အဆင့် သန်မာသူများ၏ အားပြိုင်မှုကို မခံနိုင်သည်မှာ သေချာလှသဖြင့် သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းကာ ဟွာကျင်းယန်ကို ခေါ်ဆောင်၍ မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရှောင်တိမ်းလိုက်ရသည်။

သို့သော် ထိုအတောင်လေးဖက်ပါ မီးငှက်မှာမူ ကံမကောင်းရှာပေ။

“ရှူး...”

ရေဝဲကြီးမှာ လျင်မြန်စွာ ကျဆင်းလာပြီး ပြင်းထန်သော ဆွဲငင်အားကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များမှာ တစ်ဆင့်ပြီးတစ်ဆင့် ပြိုပျက်သွားရတော့သည်။

“ဂီး...”

သွေးကြောနိုးကြားမှုနယ်ပယ်ထက် သာလွန်သော အတောင်လေးဖက်ပါ မီးငှက်မှာ အတောင်ပံများ ခတ်၍ ရုန်းကန်သော်လည်း ကောင်းကင်ကို ဆုတ်ဖြဲနိုင်သည့် ထိုဆွဲငင်အားကြီးရှေ့တွင် အရာရာမှာ အချည်းနှီးသာ ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေဝဲကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

အခန်း ၄၃၅ ပြီးပါပြီ။

All Chapters