← Chapters

ပြီးပြည့်စုံသည့်ဆန်းကြယ်သောခန္ဓာကျင့်စဉ်

Vol. 49 Ch. 681

ပြီးပြည့်စုံသည့်ဆန်းကြယ်သောခန္ဓာကျင့်စဉ်

Vol. 49 Ch. 681

စိတ်လွတ်ကိုယ်လွတ်ဖြင့် ထောင်ယောင်းဝိုင်သောက်ကာ မူးယစ်နေခဲ့ပြီး နောက်တစ်နေ့တွင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား စတင်ကျင့်ကြံတော့သည်။

ရရှိလာသော ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုအနက် ဆန်းကြယ်သောခန္ဓာကျင့်စဉ်မှာ လက်ရှိအချိန်တွင် ဇူယွမ်အတွက် ကျင့်ကြံရန် အသင့်တော်ဆုံးပင် ဖြစ်သည်။ အခြားသော ကျင့်စဉ်များမှာမူ စတင်ကျင့်ကြံနိုင်ရန်အတွက်ပင် အချိန်များစွာ လေ့လာရဦးမည်ဖြစ်သောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ဝူအင်ပါယာမှာ ကြီးမြတ်သောဇူအင်ပါယာထံသို့ စစ်ချီလာနေပြီဖြစ်ပြီး ဖခမည်းတော်ဖြစ်သူ ဇူချင်မှာ ဇူယွမ်ပြန်လည်ရောက်ရှိလာမည့်အချိန်ထိ အတက်နိုင်ဆုံး အချိန်ဆွဲထားပေးနေရခြင်း ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှာ အနည်းငယ်မျှပင် အချိန်ဆွဲနေ၍မရပဲ ကျန်ရှိနေသည့် အချိန်များအားလုံးကို ကျင့်ကြံခြင်းတွင်သာ ကုန်ဆုံးရမည် ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်၏ အနောက်ဖက်တောင်တန်း၌

ယင်းယန်နဂါးစင်မြင့်ပေါ်တွင် အပေါ်ပိုင်းဗလာဖြင့် ရှိနေသော ဇူယွမ်မှာ တောင်ကုန်းတစ်ခုပေါ်ရှိ အဖိုးအိုအားကြည့်၍ ပြောလိုက်သည်။ "အဖိုးရွှမ်ကိုပဲ အမြဲဒုက္ခပေးနေရတယ်။"

ရွှမ်အဖိုးအိုမှာ တံမြက်စည်းအား ကိုင်ထားရင်းဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းတကယ်ပဲ စတုတ္ထအဆင့်ထိ မြှင့်ချင်တာလား။"

ယင်းယန်နဂါးစင်မြင့်၌ အဆင့်ဆယ်ရှစ်ခုပါဝင်နေပြီး အဆင့်တစ်ဆင့်ချင်းစီတိုင်းသည် အလွန်ပြင်းထန်လွန်းလှသည်။ အတိတ်ကာလများ၌ ဇူယွမ် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား ကျင့်ကြံစဉ်အချိန်တွင် ဒုတိယအဆင့်ထိသာ ရောက်ရှိနိုင်ခဲ့ပြီး အလွန်ပြင်းထန်သော နာကျင်မှုများကို တောင့်ခံခဲ့ရသည်။ ယခုတွင်မူ ဇူယွမ်မှာ စတုတ္ထအဆင့်အားတက်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။

ဇူယွမ်၏မျက်ဝန်းများမှာ လေးနက်ခက်ထန်မှုများ​​ဖြင့် ပြည့်နှက်နေလျက် ရှိသည်။

အစစ်အမှန် ဆန်းကြယ်​သောခန္ဓာကျင့်စဉ်မှာ အထွတ်အထိပ်အဆင့်ထိ ရောက်ရှိရန် အလွန်ခက်ခဲလှသည်။ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီးသားဖြစ်သော ဇူယွမ်၏ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ် ကျင့်ကြံထားပြီးသည့် ခန္ဓာကိုယ်တောင့်တင်းမှုနှင့်ပင် လွယ်ကူလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား အလျင်အမြန် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိစေရန်အတွက် ပြင်းထန်စွာ ကျင့်ကြံနိုင်ရန် လိုအပ်ပေသည်။

ကျင့်ကြံခြင်းကြောင့် ရရှိလာမည့် နာကျင်မှုမှာ အလွန်ဆိုးရွားနိုင်ပါသော်လည်း တောင့်ခံထားရမည်သာ ဖြစ်သည်။

ရွှမ်အဖိုးအိုမှာ အချိန်အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ယင်းယန်နဂါးစင်မြင့်ပေါ်မှာတော့ မသေသွားနဲ့ဦးနော်။ ဘာလို့လဲဆိုတော့ မင်းသာဒီမှာသေသွားရင် မင်းရဲ့ကြီးမြတ်သောဇူအင်ပါယာကြီးလည်း ပျက်စီးသွားမှာမို့လို့။"

ဇူယွမ်မှ ပြုံးရယ်ကာ ပြောလိုက်သည်။ "မသေပါဘူး စိတ်ချ။"

ရွှမ်အဖိုးအိုမှာ အချိန်ဆွဲမနေတော့ပဲ လက်ထဲတွင် ဆုပ်ကိုင်ထားသော တံမြက်စည်းဖြင့် မြေပြင်တစ်နေရာအား လှည်းကျင်းလိုက်သည်။

ဝုန်း.....

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရပြီးနောက် တောင်ကုန်းအောက်တွင် ရှိနေသော ရေပြင်မှာ လှိုင်းများခက်ထန်လာတော့သည်။

ယင်းယန်နဂါးစင်မြင့်ပေါ်တွက် ရှိနေသော ကျောက်နဂါးရုပ်ထုနှစ်ခုထံမှ ကြေးခွံများမှာ တစ်ခုပြီးတစ်ခု တောက်ပလင်းလက်လာသည်။ ထို့နောက် ပြင်းထန်လှသော ချော်ရည်ပူများနှင့် ရေလှိုင်းလုံးများ ရုတ်ချည်းဆိုသလို ကျဆင်းလာလေသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တစ်ခြမ်းကပူလောင်၍ တစ်ခြမ်းက အေးခဲသွားရသည်။

ဝုန်း....

ချော်ရည်ပူများနှင့် ရေလှိုင်းလုံးများမှာ ယင်းယန်နဂါးစင်မြင့်ပေါ်တွင် ရှိနေသော ဇူယွမ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေလျက် ရှိသည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် ပြင်းထန်စွာ တုန်လှုပ်နေလျက်ရှိပြီး အရေပြားများ ဆုတ်ပြဲကာ သွေးများထွက်နေလျက် ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အံကြိတ်ကာ နာကျင်မှုအား တောင့်ခံနေလေသည်။

ရွှမ်အဖိုးအိုမှာ ဝါးတံမြက်စည်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် အခြေအနေ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက ဇူယွမ်အား ကယ်တင်နိုင်ရန် အသင့်အနေအထားဖြင့် စောင့်ကြည့်ပေးနေသည်။

ဒီကောင်လေးက ဒီနေရာမှာ သေသွားလို့မရဘူး...

ရွှမ်အဖိုးအိုမှာ အတွေးစများဖြင့် သက်ပြင်းချလိုက်မိသည်။ မျက်စိရှေ့တွင် မြင်နေရသော ဇူယွမ်ဆိုသည့် ထိုလူငယ်လေးအား ကလန်သို့ဝင်ရောက်ပြီး နှစ်နှစ်နီးပါးမျှသော အချိန်အတွင်းမှာပင် ရွေးချယ်ခံခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

အရေးအကြီးဆုံးအချက်မှာ ဇူယွမ်သည် ဒဏ္ဍာရီသမိုင်းမှတ်တမ်းတလျှောက် ရွေးချယ်ခံစိန်ခေါ်ပွဲအား ပြီးပြည့်စုံစွာအောင်မြင်၍ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးကို စုစည်းနိုင်သည့် ပထမဆုံး ရွေးချယ်ခံတစ်ဦး ဖြစ်လာခြင်းပင် ဖြစ်သည်။

"ဆရာသခင်သာ ရှိနေဦးမယ်ဆိုရင် ဒီလိုအရည်အချင်းရှိတဲ့ တပည့်မျိုး ကလန်ထဲမှာ ရှိလာတဲ့အတွက် အရမ်းဝမ်းမြောက်နေမှာပဲ။" ရွှမ်အဖိုးအိုမှ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ယင်းယန်နဂါးစင်မြင့်နှင့် အနည်းငယ် ကွာဝေးသော တောင်ကုန်းတစ်ခုပေါ်၌

ယောင်ယောင်မှာ တောင်ကုန်း၏အစွန်းတွင် ထိုင်နေလျက်ရှိပြီး သူမ၏ရှည်လျားသွယ်လျသော ခြေတံလေးများမှာ နေရောင်ခြည်အောက်တွင် တောက်ပကြည်လင်နေလျက် ရှိသည်။

ယောင်ယောင်မှာ ယင်းယန်နဂါးစင်မြင့်ပေါ်တွင် နာကျင်မှုများအား အံကြိတ်ကာ တောင့်ခံနေလျက်ရှိသော ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် ခြေတံလေးများအား ရှေ့နောက်လွှဲနေလေသည်။

သူမသည် ထန်ထန်အား ပွတ်သပ်ပေးလိုက်ရင်းဖြင့် ညင်သာစွာ စကားဆိုလိုက်သည်။ "ဒီတိုက်ပွဲက ဇူယွမ်တစ်ယောက်တည်း ဖြေရှင်းရမယ့်တိုက်ပွဲပဲ။ ငါတို့ဝင်ကူညီပေးလို့ မရဘူး။"

အလွန်အမင်း နာကျင်နေသော ဇူယွမ်အား တွေ့မြင်ရသည်မှာ နှလုံးသားများ ဆွဲညှစ်ခံရသကဲ့သို့ ခံစားရပါသော်လည်း ဝူဟောင်နှင့် ဝူအင်ပါယာအား တိုက်ခိုက်ရမည်မှာ ရှောင်လွှဲမရနိုင်သော ဇူယွမ်၏ကံကြမ္မာဖြစ်ကြောင်း ယောင်ယောင်မှ ကောင်းစွာသိရှိထားသည်။

ထို့ကြောင့် ဝူအင်ပါယာနှင့် တိုက်ခိုက်ရမည့်အရေးတွင် ကန်ရွှမ်းကလန်ထံမှ တိုက်ရိုက်အကူအညီမရခြင်းမှာ ဇူယွမ်အတွက် ပို၍ပင် ကောင်းမွန်နေပေသည်။

ဝူဟောင်နှင့် ဝူဘုရင် နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းလောကအား ဖြတ်သန်းလာခဲ့သည့်တလျှောက် ဇူယွမ်အား တွန်းအားဖြစ်စေသူများပင် ဖြစ်သည်။ ထို့ကြောင့် ယင်းကံကြမ္မာအား ဇူယွမ်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုမှသာ ၎င်းအပေါ်တွင် ကျရောက်သော ဝူအင်ပါယာဟူသည့် အရိပ်မည်းကြီးထံမှ လွတ်​မြောက်နိုင်လိမ့်မည် ဖြစ်သည်။

ထိုမှသာ ဇူယွမ်မှာ ဝူဘုရင်အား ဂရုစိုက်ရန် အလိုအပ်တော့ပဲ ပို၍ကြီးမားသော ရည်မှန်းချက်များဖြင့် ကျင့်ကြံခြင်းလောကအတွင်း ကောင်းမွန်စွာ ဆက်လက်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ယောင်ယောင်မှာ ဝူအင်ပါယာနှင့်ပက်သတ်သည့် အခက်အခဲများကို ကူညီဖြေရှင်းပေးလိုပါသော်လည်း ဇူယွမ်၏ စိတ်အားထက်သန်မှုများ လျော့ပါးသွားမည်စိုးသောကြောင့် ဝင်ရောက်ကူညီမှု မပြုရခြင်း ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့ပြီးသော နှစ်နှစ်အတွင်း ယောင်ယောင်မှာ ဇူယွမ်၏နောက်တွင်သာ တိတ်တဆိတ်ရှိနေရန် ရွေးချယ်ခဲ့ပြီး ကျင့်ကြံအားထုတ်မှုများ တိုးတက်လာစေရန်သာ ကူညီပေးခဲ့သည်။ ယခုအချိန်သည် ဇူယွမ်အတွက် ၎င်း၏ကံကြမ္မအား ကိုယ်တိုင်ရင်ဆိုင်ရတော့မည့်အချိန်ပင် ဖြစ်သည်။

ဇူယွမ်ကိုယ်တိုင်သည်လည်း ယောင်ယောင်နှင့် ထန်ထန်တို့အား ဝူအင်ပါယာနှင့်ပက်သတ်သည့် အရေးကိစ္စများတွင် ဝင်ရောက်ကူညီခြင်းပြုမည်ကို မလိုလားပေ။

ယောင်ယောင်၏ရင်ခွင်အတွင်း ရှိနေသော ထန်ထန်မှာ ယင်းယန်စင်မြင့်ထက်၌ နာကျင်မှုအား အံကြိတ်တောင့်ခံနေသည့် ဇူယွမ်အားကြည့်ကာ အမြှီးနှံ့၍ ဟောင်လိုက်သည်။

"သူနိုင်လိမ့်မယ်လို့ ပြောနေတာမလား။"

ယောင်ယောင်မှာ ပါးပြင်ထက်တွင်ရှိနေသော ဆံနွယ်လေးများအား နားနောက်သို့သပ်တင်လျက် ခပ်ဖွဖွပြုံးလိုက်သည်။

"သူနိုင်မယ်ဆိုတာ ငါလည်းယုံကြည်တယ်။"

...

ဇူယွမ်မှာ နေ့စဉ်ရက်ဆက် ရောင်နီဖြာသည့် အချိန်မှစကာ နေဝင်သွားသည်အထိ မူလသူတော်စင်တောင်ထွတ် အနောက်ဖက်ရှိ ယင်းယန်နဂါးစင်မြင့်ပေါ်တွင် ကျင့်ကြံမှုများကို အဆက်မပြတ် ပြုလုပ်နေလျက် ရှိသည်။

ယင်း၏ မဆုတ်မနစ်သော ဇွဲလုံ့လများကြောင့် ရွှမ်အဖိုးအိုသည်ပင် ဇူယွမ်မှာ တိုတောင်းလှသော အချိန်အတွင်း အခြားတပည့်များ မရရှိနိုင်သည့် အောင်မြင်မှုများစွာအား ရရှိနိုင်ခဲ့ခြင်း အကြောင်းအရင်းကို နားလည်သဘောပေါက်လာမိသည်။

ဇူယွမ်မှာ ပြင်းထန်လှသော နာကျင်မှုများအား နေ့စဉ်ရက်ဆက် ခံစားနေရသည်နှင့်အတူ ခန္ဓာကိုယ်မှာလည်း သန်မာလာလျက် ရှိသည်။

ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်၏ ကျောက်စိမ်းရောင်အသားအရေနှင့် ငွေရောင်ခြည်အသွေးအသားတို့မှာ အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်၏ ဆန်းကြယ်သောကျောက်စိမ်းရောင်အသားအရေနှင့် ငွေခြည်ကြယ်ပွင့်အသွေးအသားအဖြစ်သို့ အဆင့်တက်သွားပြီပင် ဖြစ်သည်။

ဤသို့ဖြင့် နေ့ရက်များမှာလည်း နှစ်ပတ်ခန့်မျှ ကုန်လွန်လာခဲ့ပြီ ဖြစ်သည်။

နေ့ရက်တစ်ခု၌

ရွှမ်အဖိုးအိုမှာ ယင်းယန်နဂါးစင်မြင့်ပေါ်တွင် ရှိနေသော လူငယ်လေး၏ပုံရိပ်အား ကြည့်ရှုနေလျက် ရှိသည်။ ထိုလူငယ်လေးမှာ စင်မြင့်ပေါ်မှတဆင့် လေထုအတွင်း ဖြည်းညင်းစွာ ဝေ့ဝဲလာလေသည်။

ထိုလူငယ်လေးမှာ ချီစွမ်းအင်များကို အသုံးပြုနေခြင်း မရှိပါသော်လည်း ပြင်ပခန္ဓာသန်မာမှုစွမ်းအင်ဖြင့်ပင် ချော်ရည်ပူများနှင့် ရေလှိုင်းလုံးများကို အံတုကာ လေထုအတွင်းသို့ ဝေ့ဝဲလာခြင်း ဖြစ်သည်။

"ဟေး...."

အပေါ်ပိုင်းဗလာကျင်းပုံစံဖြင့် ရှိနေသော ယင်းလူငယ်လေးမှာ ကောင်းကင်ကြီးအားကြည့်၍ ​ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အော်ဟစ်သံမှာ မိုးချုပ်သံအလား ကျယ်လောင်လွန်းလှပြီး ကျဆင်းနေလျက်ရှိသော ချော်ရည်ပူများနှင့် ရေလှိုင်းလုံးများကိုပင် ရပ်တန့်သွားစေသည်။

ဝုန်း....

၎င်းမှာမြေပြင်အား ခြေဖြင့်ဆောင့်နင်းလိုက်ပြီးနောက် အဝေးတွင်ရှိနေသော တောင်ကုန်းတစ်ခုပေါ်သို့ တစ်ချက်တည်းဖြင့် ခုန်ကျော်လိုက်သည်။

ရွှမ်အဖိုးအိုမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ကြည့်ရှုနေလျက် ရှိသည်။ အသားအရေမှာ အရည်အသွေးကောင်းမွန်လှသော ကျောက်စိမ်းသလင်းကဲ့သို့ ကြည်လင်ဝင်းမွတ်နေပြီး သားရဲတစ်ကောင်ကဲ့သို့ ပြင်းထန်သည့် စွမ်းအင်များ စီးဆင်းနေသကဲ့သို့ပင် ထင်မှတ်ရသည်။

ရွှမ်အဖိုးအို၏ မျက်ဝန်းများမှာ စိတ်ကျေနပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။

"ဆန်းကြယ်သောခန္ဓာကျင့်စဉ် အထွတ်အထိပ်ထိ ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဇူယွမ်။"

ရက်နှစ်ဆယ်မျှ အပြင်းအထန် ကျင့်ကြံအားထုတ်ပြီးသည့်နောက် ဇူယွမ်မှာ သူ၏ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အဖြစ်သို့ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သောစွမ်းအင်များကို ခံစားနေရသည့်အတွက် မျက်ဝန်းများ တလက်လက် တောက်ပနေလျက် ရှိသည်။ ယခုအခါတွင် ဇူယွမ်၏ ပြင်ပခန္ဓာသန်မာမှုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးရှိ တပည့်များအားလုံးအတွင်း အသန်မာဆုံးဖြစ်သွားပြီဟုပင် ဆိုနိုင်ပေသည်။

ဟုန်ယာတောင်ထွတ်၏ ရွေးချယ်ခံဖြစ်သူ ရှမ့်ချွမ်ချူးကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"ဟူး...."

ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် ရွှမ်အဖိုးအိုအား အရိုအသေပြုနှုတ်ဆက်လိုက်သည်။

"ဘယ်တော့လောက် ကလန်ကနေ စထွက်မှာလဲ။" ရွှမ်အဖိုးအိုမှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။

ယခုဆိုလျှင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ပြီးပြည့်စုံသည်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သောကြောင့် ကြီးမြတ်သောဇူအင်ပါယာထံသို့သွားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဇူယွမ်မှာ တိုက်ပွဲဆာလောင်မှု အငွေ့အသက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရွှမ်အဖိုးအိုအားကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "မနက်ဖြန်ပဲ။"

ရွှမ်အဖိုးအိုမှာ ဝါးတံမြက်စည်းအား ဆုပ်ကိုင်ထားရင်းဖြင့် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အသက်ရှင်ရက်ပဲ ပြန်လာခဲ့နော်။ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးကို ယူနိုင်တဲ့တပည့်က မင်းပထမဆုံးပဲ။ မင်းရဲ့အနာဂတ်က ဒီထက်ပိုပြီး အများကြီး ကြီးကျယ်ခမ်းနားနေသင့်တယ်။ ဝူအင်ပါယာက မင်းရဲ့နောက်ဆုံးမှတ်တိုင် မဖြစ်သင့်ဘူး။"

ဇူယွမ်မှာ ကောင်းကင်ကျယ်ကြီးအား မော့၍ကြည့်ရှုလိုက်သည်။ နေရောင်ခြည်များမှာ မျက်တောင်များအား ရောင်ပြန်နေလျက်ရှိပြီး သွေးနီရောင်မီးတောက်များ လောင်ကျွမ်းနေသည့်အလား ထင်မှတ်မှားရလေသည်။

ဝူဘူရင် ဝူအင်ပါယာနဲ့ လုံးဝမသက်ဆိုင်တဲ့အရာတွေ မင်းတို့ဆီမှာ ရှိနေတယ်...

အဲ့ဒါကြောင့် ပြန်ပြီးပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား....

All Chapters