← Chapters

တမလွန်လောကလေလား

Vol. 1 Ch. 429

တမလွန်လောကလေလား

Vol. 1 Ch. 429

နေနက်မိစ္ဆာနွယ် တစ်ခုသည် နတ်ဆိုးဧကရီတို့လူစုကို တိုက်ခိုက်ရန် ရေပြင်ပေါ်တက်သွားခဲ့စဉ်က ပင်လယ်ရေအောက်ကြမ်းပြင်မှ ယာ့ဇီသားရဲသည် သတိပြုမိသွားခဲ့သည်။ ထူးဆန်းသည်မှာ ကျန်းရီ နိုးမလာခဲ့ခြင်းဖြစ်သည်။ သူသည် အာရုံခံစားမှု အားလုံးကို ပိတ်ဆို့ထားခဲ့ပြီး စိတ်နှစ်၍ ကျင့်ကြံခြင်းနေခဲ့သည်။ သူသည် ဘာမှမသိလိုက်ဘဲတောင် သေသွားနိုင်လေသည်။

ဒုတိယမြောက် နေနက်မိစ္ဆာနွယ် ရေပြင်ပေါ်တက်သွားသောအခါတွင် ယာ့ဇီသားရဲ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ နေနက်မိစ္ဆာနွယ် တစ်ပင်က တိုက်ခိုက်ရန် မလုံလောက်ပါက တိုက်ခိုက်သူမှာ အနည်းဆုံး ကောင်းကင်ဧကရာဇ်အဆင့် ဖြစ်ရမည်။ တစ်ဖက်လူသည် နတ်ဆိုးဧကရီမှလွဲ၍ အခြားသူမဖြစ်နိုင်။

ယာ့ဇီသားရဲသည် နတ်ဆိုးဧကရီ မည်မျှစွမ်းအားကြီးသည်ကို မသိသော်လည်း တောင်စဉ်သုံးထောင်တွင် ရှိစဉ်အခါက သူသည် သူမ၏ အရှိန်အဝါဖြင့် ခြောက်လှန့်ခံခဲ့ရသည်။ နတ်ဆိုးဧကရီသည် သူတို့အား ကယ်နိုင်လိမ့်မည်ဟု မထင်သော်လည်း သူ့ရင်ထဲတွင် မျှော်လင့်ချက်ရေးရေးလေး ထွက်ပေါ်လာခဲ့သည်။

နေနက်မိစ္ဆာနွယ် နှစ်ခုလုံး လျင်မြန်စွာ ပြန်ဆင်းလာကြသည်ကို မြင်သောအခါ သူ့မျှော်လင့်ချက်မီးတောက်လေးမှာ ချက်ချင်းငြိမ်းသေသွားခဲ့သည်။ နေနက်မိစ္ဆာနွယ်တစ်ခုမှ အနက်ရောင် အရည်များ စိမ့်ထွက်နေသော်လည်း နတ်ဆိုးဧကရီသည် သူတို့ပြိုင်ဘက်မဟုတ်သည်မှာ ထင်ရှားသည်။

နာရီအနည်းငယ် ကြာပြီးနောက်တွင် နောက်ထပ်နေနက်မိစ္ဆာနွယ်တစ်ပင်သည် ရေပြင်ပေါ် တက်သွားခဲ့ပြန်သည်။ ယာ့ဇီသားရဲသည် မျက်လုံးများဖွင့်၍ ကျန်းရီအား ကြည့်လိုက်သည်။ ၎င်းသည် ထူးဆန်းသလို ခံစားနေရပြီး ကျန်းရီ နောက်တစ်ကြိမ် ဉာဏ်အလင်းရသွားဦးမည်လေလားဟု တွေးလိုက်မိသည်။

နေနက်မိစ္ဆာနွယ်သည် ရေပြင်ပေါ်မှ အလျင်အမြန်ပင် ပြန်ဆင်းလာခဲ့သည်။ ယာ့ဇီသားရဲသည် လှမ်းကြည့်လိုက်ပြီးနောက် ဒေါသတကြီး ဆူပူလိုက်သည်။

"ကလေးမ...မင်းအသက်ကို လာလွှင့်ပစ်တာလား"

ကျန်းရှောင်နူသည် ယာ့ဇီသားရဲကို လျစ်လျူရှုလိုက်ပြီး ကျန်းရီထံ လှမ်းကြည့်လိုက်သည်။ သူမသည် ကျန်းရီအသက်ရှင်နေသေးကြောင်း သေချာသွားသောအခါမှ အပြုံးလေးနှင့် ပြောလိုက်သည်။

"သခင်လေး...ရှောင်နူ သခင်လေးကို လာကယ်တယ်"

"ခွီး...မင်းလား"

ယာ့ဇီသားရဲသည် လူသားတစ်ယောက်ပမာ မျက်လုံးလှန်လိုက်သည်။ သို့သော် ကျန်းရှောင်နူ၏ ကိုယ်မှ အလွန်အားကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသောအခါ ယာ့ဇီသားရဲ၏ နှလုံးသည် တဒိန်းဒိန်း ဖြစ်လာခဲ့သည်။ ၎င်း၏ ကြေးညိုရောင် မျက်လုံးကြီးများသည် ကျန်းရှောင်နူအား အားကိုးတကြီး ကြည့်လိုက်သည်။

ကျန်းရှောင်နူ၏ ကိုယ်သည် အစိမ်းရောင်အလင်းများ တောက်ပလာခဲ့သည်။ သူမ၏ မျောလွင့်နေသော အနက်ရောင်ဆံပင်ရှည်များသည် အစိမ်းရင့်ရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ နားရွက်များမှာလည်း ချွန်ထွက်လာခဲ့ပြီး မျက်လုံးများသည် အစိမ်းရောင် အလင်းတစ်မျိုးဖြင့် တောက်ပနေခဲ့သည်။ သူမ၏ လက်ချောင်းဆယ်ခုသည် သားရဲလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး အေးစိမ့်သော အစိမ်းရောင်အလင်းတစ်မျိုးကို ထုတ်လွှတ်နေခဲ့သည်။ ယာ့ဇီသားရဲပင် စိတ်ဝိဉာဉ်ပင် တုန်လှုပ်သွားရသည်။

ဖုန်း....

ကျန်းရှောင်နူ၏ ကျောပေါ်မှ အဝတ်အစားများ ကွဲထွက်သွားခဲ့ပြီး အစိမ်းရောင် အလင်းတစ်ချက်နှင့်အတူ နက်မှောင်သော အစိမ်းရောင်တောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည် အားနည်းသော မိန်းမငယ်လေး အဖြစ်မှသည် ပြိုင်ဘက်ကင်းစစ်နတ်ဘုရားမအဖြစ် တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

သူမ၏ လက်သည်းချွန်ချွန်များသည် သူမ၏ခါးအား ရစ်ပတ်ထားသည့် နေနက်မိစ္ဆာနွယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ယာ့ဇီသားရဲသည် နယ်မြေ၏ အမာကျောဆုံး နေနက်မိစ္ဆာနွယ်မှာ ကျန်းရှောင်နူ၏ အစိမ်းရောင်လွှမ်းသည့် လက်သည်းချက်အောက်တွင် အားမရှိသည့် နွယ်ပင်လေးတစ်ပင်အလား ပြောင်းလဲသွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ သူမ၏ လက်သည်းများ တစ်ကြိမ်လှုပ်ရှားသွားတိုင်း နေနက်မိစ္ဆာနွယ်၏ အစိတ်အပိုင်းတစ်ခု စုတ်ပြဲသွားနေသည်။

"ဒါ...ဒါ..."

အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်ဖြစ်သောကြောင့် ယာ့ဇီသားရဲသည် အမြဲဂုဏ်ဆာခဲ့သည်။ စုန်းနတ်ဘုရားသည် ကောင်းကင်ဧကရာဇ် ဖြစ်ပြီးနေပြီဖြစ်သော်လည်း နေနက်မိစ္ဆာနွယ်ကို သေချာမဖြတ်တောက်နိုင်ခဲ့ပေ။ သို့သော် သူ့ရှေ့မှ မိန်းကလေးသည် နေနက်မိစ္ဆာနွယ်ကို အလွယ်တကူ ဆွဲဖြဲနေခဲ့သည်။ သူ မထိတ်လန့်ဘဲ နေပါမည်လော။

ထို့နောက်တွင် ပိုမိုထူးဆန်းသည့်အရာ ဖြစ်ပွားခဲ့သည်။ ကျန်နေနက်မိစ္ဆာနွယ် နှစ်ခုသည် ဖြတ်တောက်ခံနေရသည့် နေနက်မိစ္ဆာနွယ်ကို မကူညီရဲကြသည့်အပြင် ဘေးဘက်သို့ ရှောင်ရှားလိုက်ကြသည်။ ၎င်းတို့သည် ကျန်းရှောင်နူကို ကြောက်ရွံ့နေကြသည့်ပုံပင်။

ဗုန်း...

အသက်ဆယ်ရှိုက်ခန့်အကြာတွင် နေနက်မိစ္ဆာနွယ်ကြီးမှာ ကျန်းရှောင်နူ၏ လက်ချက်ကြောင့် လုံးလုံးပြတ်တောက်သွားခဲ့သည်။ ၎င်း၏ အပေါ်ပိုင်းသည် ရေအောက်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး အောက်ဘက်ပိုင်းမှာ မြေပြင်အောက် တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

နေနက်မိစ္ဆာနွယ်၏ အပေါ်ပိုင်း မြေပြင်ပေါ်သို့ ကျဆင်းသည်နှင့် အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင် အငွေ့အသက်သည် ရေအောက်ကြမ်းပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျန်းရှောင်နူနှင့် ယာ့ဇီသားရဲမှာ မသက်မသာ ခံစားလိုက်ကြရသည်။ ထိုအခိုးအငွေ့သည် ဆောင်းရာသီ၏ အေးစိမ့်သော လေကြမ်းများအလား အလွန်မနှစ်မြို့ဖွယ် ကောင်းလှသည်။

ဝှစ်...

ကျန်းရှောင်နူသည် တစ်ချက်သာ ငဲ့ကြည့်လိုက်ပြီး အရေးမစိုက်ခဲ့ပေ။ သူမသည် တောင်ပံခတ်၍ ကျန်းရီနှင့် ယာ့ဇီသားရဲကို ချုပ်နှောင်ထားသည့် နေနက်မိစ္ဆာနွယ်ထံ ပျံသန်းသွားလိုက်သည်။ သူမသည် နေနက်မိစ္ဆာနွယ်ကို ဖြတ်တောက်၍ သူတို့ကို ကယ်တင်ရန် လုပ်လိုက်သည်။

သို့သော်လည်း အနှီနေနက်မိစ္ဆာနွယ်သည် ကျန်းရှောင်နူကို ကြောက်ရွံ့သည့်အလား ရေအောက်ကြမ်းပြင်အောက်သို့ အလျင်အမြန် ဆင်းသွားခဲ့သည်။

"ထွက်ပြေးချင်တာလား...ငါ့သခင်လေးကို အရင်လွှတ်ပေး"

ကျန်းရှောင်နူသည် ဒေါသထွက်လွန်း၍ အသံလေးချိုချိုလေးဖြင့် အားကုန် အော်ဟစ်လိုက်သည်။ သူမသည် အစိမ်းရင့်ရောင်တောင်ပံများကိုခတ်၍ အမြန်ဆုံးနှုန်းဖြင့် ရေအောက်ကြမ်းပြင်၏ တွင်းနက်ကြီးအတွင်းသို့ ထိုးဆင်းကာ နေနက်မိစ္ဆာနွယ်နောက် လိုက်သွားခဲ့သည်။

နေနက်မိစ္ဆာနွယ်သည် အလွန်မြန်ဆန်လှသည်။ ကျန်းရှောင်နူသည် မင်ရည်တောင်ပံမျိုးနွယ်စု၏ ကျင့်စဉ်ကို လအတော်ကြာ ကျင့်ကြံခဲ့ပြီး အနည်းငယ် တိုးတက်လာခဲ့သော်လည်း ပထမအဆင့်၏ အမြင့်ဆုံးအဆင့်သို့ရောက်အောင် မကျင့်ကြံရသေးပေ။ ထို့ကြောင့် သူမ၏အမြန်နှုန်းမှာ ယခင်ကထက် အနည်းငယ်သာ မြန်ဆန်လာခဲ့သည်။ နေနက်မိစ္ဆာနွယ်သည် နတ်ဆိုးဧကရီထက်တောင် မြန်ဆန်လေရာ ကျန်းရှောင်နူအနေဖြင့် မည်သို့အမှီလိုက်နိုင်ပါမည်နည်း။

"သခင်လေး...သခင်လေး"

နေနက်မိစ္ဆာနွယ်သည် အတော်ကြီးမားလေရာ ၎င်းဆုတ်ခွာသွားရာ လမ်းတစ်လျှောက်တွင် လှိုဏ်ခေါင်းကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။ ကျန်းရှောင်နူသည် ကြောက်ရွံ့မှု စိုးစဉ်းမျှ မရှိဘဲ အစိမ်းရောင်လျှပ်စီးတစ်ခုပမာ အောက်ဘက်သို့ ဆက်လက်ထိုးဆင်းနေခဲ့သည်။ သို့သော် နေနက်မိစ္ဆာနွယ်မှာ ဝေးသထက်ဝေးသွားခဲ့ပြီး အလျင်အမြန် ကွယ်ပျောက်သွားခဲ့သည်။

ဝှစ်...

ရေအောက်ကြမ်းပြင်နေရာကပင် ပင်လယ်အောက် အတော်နက်နက်သို့ ရောက်နေပြီဖြစ်သည်။ နေနက်မိစ္ဆာနွယ်သည် မည်မျှအကွာအဝေးအထိ ဆက်ဆင်းလိမ့်မည်နည်း။ ၎င်းသည် တမလွန်လောကအထိပင် အရောက်သွားတော့မည်လော။ ကျန်းရှောင်နူ မသိသော်လည်း စိတ်မပူချေ။ သူမ သိသည်မှာ သူမသခင်လေးသာ အန္တရာယ် ရှိနေလျှင် သူမ၏ အသက်ကိုရင်း၍ ကယ်မည်ဟူ၍ပင်။

ဟူး...ဟူး...

လျင်မြန်စွာ ကျဆင်းနေမှုကြောင့် ချိုင့်နက်ကြီးတစ်လျှောက်တွင် ထူးထူးဆန်းဆန်း အသံများ ပဲ့တင်ထပ်နေခဲ့သည်။ အရာရာသည် မည်းမှောင်နေခဲ့ပြီး ချိုင့်နက်ကြီးသည် အဆုံးမရှိဟုပင် ထင်ရလေသည်။ ကျန်းရှောင်နူ၏ နှလုံးသည် ပြင်းပြင်းထန်ထန် ခုန်လှုပ်နေခဲ့သည်။ သူမသာ အတိတ်မှ ကျန်းရှောင်နူဆိုပါက ကြောက်လွန်း၍ ငိုနေလောက်ပြီဖြစ်သည်။

လက်ရှိအချိန်တွင်မူ သူမ၏ စွဲဆောင်မှုရှိသော မျက်နှာလေးမှာ နက်မှောင်၍ အေးစက်နေခဲ့သည်။ သူမ၏ အစိမ်းရောင်တောက်နေသည့် မျက်ဝန်းများမှာ သူမ မည်မျှ စိတ်ပိုင်းဖြတ်ထားကြောင်း ဖော်ပြနေသည်။ အောက်တည့်တည့်တွင် တမလွန်လောက ရှိနေလျှင်တောင် သူမ၏ သခင်လေးကို တမလွန်လောက၏ အရှင်သခင်ထံမှ သူမ ရအောင် ပြန်ခေါ်မည်ဖြစ်သည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ကျန်းရှောင်နူသည် သူမမည်မျှ ခရီးရောက်ခဲ့မှန်း မသိတော့ပေ။ နောက်ဆုံးတွင် အလင်းရောင်အချို့ကို သူမစတင်မြင်လာခဲ့လေသည်။ ထိုအလင်းများမှာ အပေါ်မြေအောက်ကြမ်းပြင်နေရာမှ ညလင်းပုလဲများ၏ အလင်းနှင့် မတူပေ။ ယခု အစိမ်းဖျော့ဖျော့ အလင်းစက်များမှာ ဆာလောင်နေသော ဝံပုလွေများ၏ မျက်လုံးများနှင့် တူပြီး အကြည့်တစ်ချက်မျှနှင့် ကြောက်လန့်သွားစေရန် လုံလောက်လေသည်။

သူမသည် အလင်းရင်းမြစ်နှင့် နီးသထက်နီးလာခဲ့သည်။

ပတ်ဝန်းကျင်တွင် ဖြတ်တောက်ခံလိုက်ရသော နေနက်မိစ္ဆာနွယ်မှ ထွက်ပေါ်လာသည့် အနက်ရောင်အငွေ့အသက်များ ရစ်သိုင်းနေခဲ့သည်။ အလင်းရင်းမြစ်ရှိရာသို့ နီးကပ်လာသည်နှင့်အမျှ ထိုအငွေ့အသက်တို့မှာ ပို၍ပြင်းထန်လာခဲ့ပြီး ပျို့အန်ချင်စရာ ကောင်းလာခဲ့သည်။

ကျန်းရှောင်နူသည် လှမ်းကြည့်လိုက်မိသော် မြင်လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။ မရပ်မနား လှုပ်ရှားနေခဲ့သော သူမ၏ တောင်ပံမှာလည်း ရပ်တန့်သွားခဲ့သည်။ သူမ၏ မျက်လုံးလှလှလေးများတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်လာခဲ့ပြီး ပုခုံးလေးများ တသိမ့်သိမ့်တုန်လာသည်။ စွဲဆောင်မှုရှိလှသော သူမ၏ မျက်နှာလေးမှာလည်း နှင်းများပမာ ဖြူဖျော့သွားခဲ့သည်။

သူမမြင်လိုက်ရသော အလင်းစက်များသည် ဆာလောင်နေသော ဝံပုလွေများ၏ မျက်ဝန်းများ မဟုတ်ခဲ့ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါး တစ်အုပ်၏ အစိမ်းရောင်လွှမ်းသော မျက်လုံးများ ဖြစ်နေခဲ့သည်။ အဆိုပါ မကောင်းဆိုးဝါးများမှာ နတ်ဆိုးသားရဲများ မဟုတ်သလို ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်ရှိသည့် မကောင်းဆိုးဝါးများလည်း မဟုတ်ပေ။ သူတို့မှာ လူသားများ ဖြစ်နေခဲ့သည်။

မဟုတ်သေး...သူတို့ကို လူသားများကိုဟု မခေါ်နိုင်တော့ပေ။ သူတို့၏ ခန္ဓာကိုယ်များတွင် အသက်ရှိသည့် လက္ခဏာ တစ်ရပ်မှ မတွေ့ရချေ။ ၎င်းတို့သည် လူသားအသွင်အပြင်သာ ရှိနေခြင်းဖြစ်သည်။ ၎င်းတို့ကို ဖော်ပြရန် စကားလုံးသာရှိပါက ထိုသည်မှာ သက်ရှိအလောင်းကောင်များ သို့မဟုတ် ဖုတ်ကောင်များ ဟူ၍သာ ဖြစ်လိမ့်မည်။

ဤနေရာတွင်လည်း အကန့်အသတ်မရှိ ကျယ်ပြောသည့် မြေပြင်ကျယ်ကြီး ရှိနေခဲ့သည်။ ဤနေရာအား အခြားကမ္ဘာတစ်ခုဟုတောင် တင်စားနိုင်လေသည်။

ဤနေရာရှိ ကြည့်လေရာတိုင်းတွင် ဖုတ်ကောင်များသာ ရှိနေခဲ့သည်။ ၎င်းတို့ အရေအတွက် မည်မျှရှိမှန်း မသိရသော်လည်း သူတို့အားလုံးတွင် ဗလာမျက်လုံးစိမ်းများနှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိနေခဲ့သည်။ နေရာတိုင်းတွင်လည်း အနက်ရောင် အခိုးအငွေ့များ ရစ်သိုင်းနေပြီး သွေးနံ့၊ ညှီစို့စို့အနံ့၊ အလောင်းပုပ်နံ့နှင့် ထူးဆန်းသော အနံ့စူးစူး တစ်မျိုးတို့ ရောထွေးထွက်ပေါ်နေခဲ့သည်။

နေနက်မိစ္ဆာနွယ် သုံးပင်၏ အမြစ်များမှာ ဤနေရာတွင် ဖြစ်သည်။ ၎င်းတို့၏ အမြစ်များသည် သွေးပင်လယ်သုံးခုအတွင်း အသီးသီး ရှိနေခဲ့သည်။ အစောပိုင်းက ကျန်းရှောင်နူ ဆွဲဖြဲခဲ့သည့် နေနက်မိစ္ဆာနွယ်သည် လက်ရှိအချိန်တွင် သွေးပင်လယ်အတွင်းမှ သွေးများကို စုပ်ယူနေခဲ့သည်။ ၎င်း၏ ဖြတ်တောက်ခံလိုက်ရသော အစိတ်အပိုင်းမှာ အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးလာခဲ့သည်။

အရာရာသည် ထိတ်လန့်ဖွယ် ကောင်းနေလေရာ ကျန်းရှောင်နူမှာ သွေးများပင် အေးခဲသွားသယောင် ခံစားနေရသည်။ အလွန် ထိတ်လန့်သွေးပျက်စရာ ကောင်းလှသည်။ ထိုခဏ၌ ကျန်းရှောင်နူနှင့် ယာ့ဇီသားရဲတို့သည် တမလွန်လောကသို့ သူတို့တကယ်ရောက်လာခဲ့သည်ဟု ခံစားနေကြရသည်။

***

All Chapters