အိမ်အပြန်လမ်း
Vol. 49 Ch. 682
နောက်တစ်နေ့၌
ကန်ရွှမ်းကလန်၏ အဓိကခန်းမဆောင် အပြင်ဖက်တွင်
ကလန်ခေါင်းဆောင်ချင်းယန်မှာ တောင်ထွတ်ဆရာသခင်များအားလုံးနှင့်အတူ မတ်တပ်ရပ်နေလျက် ရှိသည်။ ၎င်းတို့အားလုံးမှာ စွမ်းအင်အပြည့်ဖြင့် ရှိနေသော လူငယ်လေးတစ်ဦးအား ကြည့်ရှုနေကြသည်။
ဆန်းကြယ်သောခန္ဓာကျင့်စဉ် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးသည့်နောက် ဇူယွမ်မှာ ချီစွမ်းအင်အား အသုံးမပြုလျှင်ပင် ခန္ဓာကိုယ်ထံမှ သားရဲတစ်ကောင်ထံသို့ ပြင်းထန်သောစွမ်းအင်များ ထွက်ပေါ်နေလျက် ရှိသည်။
ယနေ့တွင် ဇူယွမ်မှာ ကန်ရွှမ်းကလန်ထံမှ ထွက်ခွာ၍ ကန်းမင်တိုက်ကြီးဆီသို့ ပြန်လည်သွားရောက်တော့မည် ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် ဇူယွမ်မှာ သူ၏အရည်အချင်းနှင့် စွမ်းအင်များအား ကမ္ဘာကြီးထံ ပြသတော့မည်ပင် ဖြစ်သည်။
"ဇူယွမ် ငါတို့ရထားတဲ့ သတင်းတွေအရ မြင့်မြတ်သောနန်းတော်က တပည့်တွေက လွန်ခဲ့တဲ့ရက်တွေထဲက ကန်းမင်တိုက်ကြီးဆီ ထွက်သွားကြပြီ။ သူတို့က ကြီးမြတ်သောဇူအင်ပါယာဆီသွားမယ့် မင်းရဲ့အပြန်လမ်းတလျှောက် နှောင့်ယှက်ကြလိမ့်မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အား သတိပေးစကားဆိုလိုက်သည်။ "မင်းရဲ့အပြန်ခရီးက အန္တရာယ်တွေအများကြီးနဲ့ ပြည့်နှက်နေမှာ။"
မြင့်မြတ်သောနန်းတော်မှ တပည့်များအားလုံးနှင့် တိုက်ခိုက်ရမည့်အရေးသည် ဇူယွမ်အတွက် မူလစဦး ကျင့်ကြံခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလျှင်ပင် လွယ်ကူလိမ့်မည်မဟုတ်ချေ။
သို့သော် ယခုကန်မင်းတိုက်ကြီးထံသို့ သွားရောက်မည့်သူမှာ ဇူယွမ်တစ်ဦးတည်း မဟုတ်ပေ။
ဇူယွမ်၏နောက်တွင် ချုချင်း၊ ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ ရပ်နေလျက်ရှိပြီး ၎င်းတို့၏နောက်တွင်မူ တောင်ထွတ်အသီးသီးမှ တပည့်များရပ်နေလျက် ရှိကြသည်။
"ဇူယွမ် မင်းကမင်းရဲ့အပြန်ခရီးကိုပဲ အာရုံစိုက်ထား။ ကန်ရွှမ်းကလန်က တပည့်တွေက မြင့်မြတ်သောနန်းတော်က တပည့်တွေ အနှောင့်အယှက်ပေးမှာကို ဖြေရှင်းပေးလိမ့်မယ်။" ချူချင်းမှ ပြုံးရယ်ကာ ပြောလိုက်သည်။
"စီနီယာအကိုတော်ဇူယွမ် မူလသူတော်စင်တောင်ထွတ်က တပည့်တွေက အကိုတော့်ကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ။" မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ရှေ့တွင်ရှိနေသော မုရှောင်းမန်မှာ လှံရှည်တစ်ချောင်းအား ဆွဲကိုင်ထားလျက် တောက်ပရွှန်းစိုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
ဇူယွမ်မှာ များပြားလှသော ကန်ရွှမ်းကလန်မှ တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် သူ၏နှလုံးသား နွေးထွေးသွားသလို ခံစားလိုက်ရသည်။
မြင့်မြတ်သောနန်းတော်မှ တပည့်များအားလုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည့်အရေးမှာ လွယ်ကူသောကိစ္စရပ်တစ်ခု မဟုတ်ပါသော်လည်း ကန်ရွှမ်းကလန်၏ တပည့်များမှာ အနည်းငယ်မျှပင် ညည်းညူခြင်း မရှိကြပေ။
"ဇူယွမ် ဒါကမင်းတစ်ယောက်တည်းရဲ့ တိုက်ပွဲမဟုတ်ဘူး။ ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ကြားက တိုက်ပွဲတစ်ခုပဲ။ ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီတိုက်ပွဲမှာ ငါအကောင်းဆုံး ကြိုးစားရမှာပဲ။" လီချင်းချန်မှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ ကန်ရွှမ်းကလန်မှ တပည့်များအားလုံးကို အရိုအသေပြုလိုက်သည်။
"သွားကြတော့။" ကလန်ခေါင်းဆောင်ချင်းယန်မှ ပြောလိုက်သည်။
လီချင်းချန်ပြောခဲ့သည့်အတိုင်းပင် ယခုတစ်ခေါက်တိုက်ပွဲမှာ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်အကြားမှ တိုက်ပွဲတစ်ခုအသွင်သို့ ပြောင်းလဲသွားရပြီ ဖြစ်သည်။ နှစ်ဖက်စလုံးမှ နတ်ဘုံခန်းဝါအဆင့်ထက်နိမ့်သော တပည့်များကသာ ပါဝင်ကြမည်ဆိုပါသော်လည်း ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးအတွက် သက်ရောက်မှုကြီးမားမည့် တိုက်ပွဲတစ်ခု ဖြစ်သည်။
ရှန်ဇူတိုက်ကြီးမှ အခြားသော အင်အားကြီးကလန်ကြီးလေးခုမှာလည်း ယခုအရေးကိစ္စအပေါ် အပြည့်အဝ အာရုံစိုက်၍ စောင့်ကြပ်ကြည့်ရှုနေမည်မှာ မုချမလွဲ ဖြစ်လေသည်။
နတ်ဘုံခန်းဝါအဆင့်ထက်နိမ့်သော တပည့်များကသာ တိုက်ခိုက်ကြမည်ဆိုပါသော်လည်း တိုက်ပွဲမှာ ဆရာသခင်များ၏ တိုက်ပွဲထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်နိုင်သေးသည်။
"စီနီယာအကိုတော် အောင်ပွဲဆင်ပြီး ပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။"
ကန်ရွှမ်းကလန်၏တပည့်များမှ ပဲ့တင်ထပ်လောက်အောင် အော်ဟစ်အားပေးလိုက်ကြသည်။
ဝုန်း....
ဇူယွမ်ထံမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် အလင်းတန်းတစ်ခုအလား ကောင်းကင်ထက်သို့ ထိုးတက်ကာ ကန်ရွှမ်းကလန်၏အဝေးသို့ ပျံသန်းသွားသည်။
"သွားကြမယ်။"
ချူချင်း၊ ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာလည်း ချက်ချင်းဆိုသလိုပင် ဇူယွမ်၏နောက်သို့ လိုက်ပါပျံသန်းသွားကြသည်။
ဝှစ်....
ချူချင်းတို့၏နောက်မှ များပြားလွန်းလှသော တပည့်များလည်း လိုက်ပါသွားကြသည်။ ကောင်းကင်ထက်သို့ ပျံသန်းသွားသော လူအုပ်ကြီးမှာ ကြီးမားလွန်းလှပြီး အင်အားကြီးကလန်ကြီးတစ်ခု၏အင်အားကို လှစ်ဟပြနေသကဲ့သို့ ရှိသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားလျက် ကောက်းကင်ထက်မှ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "ငါတို့ကန်ရွှမ်းကလန်က ဒီလိုတိုက်ပွဲမျိုး မတိုက်ရတာ တော်တော်ကြာနေပြီပဲ။"
"မြင့်မြတ်သောနန်းတော်က နှစ်ပေါင်းများစွာ ငါတို့ကန်ရွှမ်းကလန်အပေါ် ဗိုလ်ကျစိုးမိုးထားခဲ့တယ်။ အခုကတော့ ငါတို့ကန်ရွှမ်းကလန်ရဲ့အင်အားကို ပြရတော့မယ့်အချိန်ပဲ။"
ကလန်ခေါင်းဆောင်ချင်းယန်၏ မျက်ဝန်းများမှာ လေးနက်ခက်ထန်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေလျက် ရှိသည်။
များပြားလှသော ကန်ရွှမ်းကလန်မှ တပည့်များမှာ ဇူယွမ်၏နောက်မှ လိုက်ပါပျံသန်းနေလျက် ရှိသည်။ အရေအတွက်မှာ မျက်စိတဆုံးကျော်မျှပင်ရှိနေပြီး ရှန်ဇူတိုက်ကြီးတစ်ခုလုံးကိုပင် လှုပ်ခါသွားစေနိုင်သော အင်အားဖြစ်သည်။
ကန်ရွှမ်းကလန်၏ တပည့်များ ဖြတ်သန်းသွားရာ လမ်းတလျှောက် များပြားလှသော ကလန်အသီးသီးမှာ ပျံသန်းသွားကြသော တပည့်များ၏အင်အားကိုကြည့်ကာ အံ့အားသင့်ရသည်အထိ ဖြစ်သည်။ ကြည့်ရသည်မှာ ကန်ရွှမ်းကလန်သည် မြင့်မြတ်သောနန်းတော်နှင့် အဆုံးစွန်ထိ တိုက်ခိုက်တော့မည့် အနေအထားတွင် ရှိနေသည်။
ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်ဟောင်းနှင့် အရှင်သခင်သစ်တို့၏ ကလန်များမှာ နှစ်ပေါင်းများစွာအတွင်း နောက်ထပ်တစ်ဖန် ပြန်လည်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ မူလစဦး အဆင့်ရှိသော တပည့်များကသာ တိုက်ခိုက်ကြမည့် တိုက်ပွဲတစ်ခု ဖြစ်ပါသော်လည်း ကြမ်းတမ်းခက်ထန်လိမ့်မည်မှာ မလွဲဧကန် ဖြစ်သည်။
အခြားသော အင်အားကြီးကလန်ကြီးလေးခုမှာ ၎င်းတို့၏ တပည့်များအား မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခြင်း မရှိရစေရန် အထူးကြပ်မတ် ထိန်းသိမ်းထားကြသည်။
အင်အားကြီးကလန်ကြီးများကပင် ယခုတိုက်ပွဲအတွင်း ကြားညပ်ရမည်ကို စိုးရိမ်နေကြသည့်အတွက် အခြားကလန်ငယ်လေးများမှာ မည်သို့ဖြစ်နေကြမည်ကို တွေးတောကြည့်နိုင်ပေသည်။
ဇူယွမ်ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် လမ်းတလျှောက်တွင် ရှိနေသော လူများအားလုံးမှာ အလျင်အမြန် ဆုတ်ခွာသွားကြသည်ချည်း ဖြစ်သည်။
ကန်မင်းတိုက်ကြီးသို့ သွားရာလမ်းတလျှောက် ဇူယွမ်၏ ခရီးလမ်းများမှာ သွေးစများဖြင့် ချယ်မှုန်းရလိမ့်မည်ဖြစ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိထားကြလေသည်။
ရှန်ဇူတိုက်ကြီးတစ်ခုလုံးမှ စောင့်ကြည့်နေကြသော တိုက်ပွဲကြီးမှာ မကြာမီအချိန်အတွင်း၌ပင် ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။
ဇူယွမ်နှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ ကန်ရွှမ်းကလန်နှင့် မိုင်သုံးရာအကွာအဝေးသို့ တဖြည်းဖြည်း ရောက်ရှိလာကြပြီဖြစ်သောကြောင့် ဖြစ်သည်။
ကန်ရွှမ်းကလန်နှင့် မိုင်သုံးရာအတွင်း အရာအားလုံးမှာ ငြိမ်းချမ်းတိတ်ဆိတ်နေလျက်သာ ရှိနေလေသည်။ အဘယ့်ကြောင့်ဆိုသော် မည်မျှရဲတင်းသော မြင့်မြတ်သောနန်းတော်မှ တပည့်ဖြစ်ပါစေ ကန်ရွှမ်းကလန်မှ ဆရာသခင်များ၏ အမျက်ဒေါသအား ကြောက်ရွံ့သောကြောင့် ကန်ရွှမ်းကလန်နှင့် အနီးတဝိုက်အားလာရောက်ရန် စိတ်ပင်မကူးရဲကြသောကြောင့် ဖြစ်သည်။
သို့သော် ကန်ရွှမ်းကလန်နှင့် မိုင်သုံးရာအကျော်တွင်မူ ပတ်ဝန်းကျင် အခြေအနေများအားလုံးမှာ သတ်ဖြတ်လိုမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသော ဇူယွမ်မှာ တောင်တန်းများ၏ အခြေအနေအား လေ့လာသုံးသပ်နေလျက် ရှိသည်။ တောင်တန်းများအကြားတွင် များပြားလှသော ပုံရိပ်ပေါင်းများစွာ ပုန်းကွယ်နေသည်ကို တွေ့ရှိနေရပြီး ၎င်းတို့ထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များမှာလည်း လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် ဖြစ်ပေါ်နေလျက် ရှိသည်။
ထိုပုံရိပ်များ၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်ကိုလည်း ဇူယွမ်မှ သိရှိလိုက်ရသည်။
"သူတို့တွေကို နင်ဂရုစိုက်စရာမလိုဘူး။"
လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်ပြီးနောက် သူမ၏လှပသွယ်လျသောလက်ဝါးလေးအား ဝေ့ယမ်းလိုက်သည်။
"သတ်လိုက်။"
သူမ၏အသံမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလေသည်။
ဝုန်း....
လီချင်းချန်မှ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် များပြားလှသော ကန်ရွှမ်းကလန်မှ တပည့်များမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ကြမ်းတမ်းလှသော တိုက်ပွဲတစ်ခုအား စတင်လိုက်ကြတော့သည်။
"ရှေ့ဆက်သွားရအောင်။ ဒီလမ်းကတော့ ဖြောင့်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းဘာမှလုပ်စရာ မလိုပါဘူး။ မင်းရဲ့ရန်သူက မြင့်မြတ်သောနန်းတော်က ဝူဟောင်ပဲ။ သူကလည်း မင်းကိုစောင့်နေမှာ သေချာတယ်။" ချူချင်းမှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ တိုက်ပွဲများ ဖြစ်ပေါ်နေလျက်ရှိသော တောင်တန်းတလျှောက်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ ဆက်လက်ပျံသန်းသွားလိုက်သည်။ ယခုအခြေအနေများသည် ခရီးလမ်းအစသာရှိသေးကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားသည်။
သူ၏အပြန်ခရီးလမ်းမှာ သွေးစများဖြင့် ပြည့်နှက်နေလိမ့်မည် ဖြစ်သည်။
သို့သော် မြင့်မြတ်သောနန်းတော်နှင့် ဝူဟောင်တို့မှာ သူ့အားတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
"ဝူဟောင်....လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ငါမင်းခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။"
"အခုလည်းမင်းက ငါ့ကိုတားဆီးဖို့ စိတ်ကူးနေပြန်ပြီ။ ဒီတစ်ခါတော့ မင်းရဲ့စိတ်ဝိဉာဉ်ကိုပါ ငါဖျက်စီးပြမယ်။"