← Chapters

မိတ်ဆွေများစုစည်းမိခြင်း

Vol. 49 Ch. 683

မိတ်ဆွေများစုစည်းမိခြင်း

Vol. 49 Ch. 683

ကန်ရွှမ်းကလန်နှင့် ကန်းမင်တိုက်ကြီးတို့မှာ အလွန်ပင် ကွာဝေးလွန်းလှပြီး ခရီးလမ်းတလျှောက်တွင် အနားယူစရာ မြို့ပြကြီးများစွာ ရှိနေလေသည်။ ကန်းမင်တိုက်ကြီးထံသို့ ရောက်ရှိနိုင်ရန် ထိုမြို့ကြီးများအား ဖြတ်ကျော်သွားမှရမည် ဖြစ်သည်။

ဇူယွမ်မှာလည်း ကန်းမင်တိုက်ကြီးသို့ သွားရောက်နိုင်ရန် ထိုမြို့ကြီးများအား ဖြတ်သန်းသွားရမည်ဖြစ်ပြီး ယင်းမြို့များအားလုံးတွင် မြင့်မြတ်သောနန်းတော်မှ တပည့်များ အသက့်နေရာယူထားကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ ဇူယွမ်တို့သည် ဖြတ်သန်းသွားရာလမ်းတလျှောက်ရှိ မြို့များအားလုံးတွင် တိုက်ပွဲများအား အဆက်မပြတ် ရင်ဆိုင်ကြရမည်ပင် ဖြစ်သည်။

ဇူယွမ်မှာ ယခင်ကထက် မည်မျှပင် သန်မာလာစေကာမူ မူလစဦးအဆင့်သာ ရှိသေးသူဖြစ်သည်။ ထို့ကြောင့် အိမ်အပြန်ခရီးတွင် ထိုမျှများပြားသော မြင့်မြတ်သောနန်းတော်မှ တပည့်များအား တစ်ဦးတည်းသာ ရင်ဆိုင်ရမည်ဆိုပါက မည်သို့မျှ အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ တစ်ဦးတည်းမဟုတ်ပဲ ကန်ရွှမ်းကလန်မှ တပည့်များအားလုံး လိုက်ပါလာလျက် မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ နှောင့်ယှက်တိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းပေးနေကြသည်။

အိမ်အပြန်ခရီးတလျှောက်သည် သတ်ဖြတ်မှုအငွေ့အသက်များဖြင့် လွှမ်းခြုံပြည့်နှက်နေလေသည်။

နှောင့်ယှက်တိုက်ခိုက်မှုများဖြင့် အဆက်မပြတ် ရင်ဆိုင်နေရသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် အနားယူခြင်းမရှိပဲ တပည့်များအား ဦးဆောင်လျက် ရှေ့သို့ဆက်လက်ထွက်ခွာနေလျက် ရှိသည်။

ဇူယွမ်၏ ခရီးလမ်းသည် သွေးစက်များဖြင့် ခြယ်မှုန်းထားသကဲ့သို့ ဖြစ်နေလေသည်။

ရှန်ဇူတိုက်ကြီးတလျှောက်ရှိ ကလန်အသီးသီးမှာလည်း တိုက်ပွဲများနှင့်ပက်သတ်၍ အလွန်အာရုံစိုက်ထားကြသည်။ ယခုတိုက်ပွဲမှအစပြု၍ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်အကြားမှ ပဋိပက္ခတို့သည် ယခင်ကထက်ပင် ပိုမိုကြီးမားလာသကဲ့သို့ ထင်မှတ်ရ၏။

ကန်ရွှမ်းကလန်မှ ကန်းမင်တိုက်ကြီးထံသို့ သွားရာလမ်းတလျှောက်ရှိ မြို့များမှ နောက်ခံအင်အားရှိသော မိသားစုကြီးများ၊ ကလန်ငယ်များမှာလည်း တိုက်ပွဲအား ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရဲသဖြင့် ပုန်းကွယ်နေကြရသည်။

တိုက်ပွဲမှာ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ မူလစဦးအဆင့်ရှိသော တပည့်များကသာ တိုက်ခိုက်ကြခြင်းဖြစ်ပါသော်လည်း တိုက်ပွဲအနေအထား၏ အရေးကြီးသော ရည်ရွယ်ချက်အား ကောင်းစွာသိရှိနေကြသောကြောင့် မျိုးနွယ်စုများ၊ ကလန်ငယ်များမှ အကြီးအကဲများမှာ အနည်းငယ်မျှပင် ဝင်ပါခြင်းမပြုပဲ ရှောင်တိမ်းနေကြခြင်း ဖြစ်သည်။

မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ အစဉ်အမြဲ တိုက်ခိုက်နေကြသော ကလန်နှစ်ခုဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စုများ၊ ကလန်ငယ်များမှ အကြီးအကဲများသည် မရည်ရွယ်ပဲဖြင့်ပင် တစ်ဖက်ဖက်မှ တပည့်များအား သေဆုံးသွားစေခဲ့ပါက မြင့်မြတ်သောနန်းတော် သို့မဟုတ် ကန်ရွှမ်းကလန်တို့အား အမျက်ဒေါသထွက်စေလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ ကလန်ငယ်လေးများ၊ မျိုးနွယ်စုများသည် ပြာပုံဘဝသို့ တမုဟုတ်ချင်း ပြောင်းလဲသွားရလိမ့်မည်ပင် ဖြစ်သည်။

မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်မှ တပည့်များ တောင်ကြားတစ်ခုအတွင်း တိုက်ခိုက်နေကြစဉ်.......

ပုံရိပ်အချို့ တောင်ကြားတစ်နေရာမှ လျှို့ဝှက်စွာ ထွက်လာကြသည်။ ထိုပုံရိပ်များ၏အအရှေ့တွင် လှပ၍ ချစ်စဖွယ်ကောင်းသော မိန်းမငယ်လေးနှစ်ဦး ပါရှိလေသည်။ ၎င်းတို့မှာ လုလျိုနှင့် ကျိုးချူးချင်ယုတို့ပင် ဖြစ်သည်။

လုလျိုနှင့် ကျိုးချူးချင်ယုတို့၏ နောက်တွင်မူ လီချွမ်းကျင်နှင့် နင်ကျန်းတို့ ပါဝင်လာ၏။

"ဇူယွမ်က မြင့်မြတ်သောနန်းတော်က တပည့်တွေကို တိုက်ခိုက်ဖို့အတွက် ကန်ရွှမ်းကလန်က တပည့်တွေကို ဦးဆောင်လာတာပဲ။"

ကျိုးချူးချင်ယုမှ လီချွမ်းကျင်နှင့် နင်ကျန်းအား​ကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ဓားလမ်းစဉ်ကလန်နဲ့ မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့က အမြဲဘယ်ဖက်မှမပါပဲ ဘက်မလိုက်ရေးမူဝါဒအတိုင်းပဲ နေကြတာပါ။ နင်တို့နှစ်ယောက်က ကိုယ့်သဘောနဲ့ကိုယ် ထွက်လာကြတာမလား။"

လီချွမ်းကျင်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "ငါတို့က ငါတို့ကလန်ကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူး။ ငါတို့ကိုယ်ငါတို့ ကိုယ်စားပြုပြီးလာတာ။ ဇူယွမ်က ငါ့ရဲ့သူငယ်ချင်းပဲ။ ငါတစ်ယောက်ထဲနဲ့ အများကြီး အကူအညီမပေးနိုင်ဘူးဆိုပေမယ့် တက်နိုင်သမျှတော့ ကူညီရမှာပဲ။"

နင်ကျန်းမှ ပြုံးရယ်ကာ စကားဆိုလိုက်သည်။ "မင်းတို့အကုန်လုံးလည်း ဇူယွမ်ပို့လိုက်တဲ့ ရောင်စဉ်ခုနစ်သွယ် ရတနာတစ်ခုစီ ရကြတယ်မလား။ သူက ငါတို့အပေါ် အရမ်းကောင်းလွန်းတယ်။ ဒီလိုသူအခက်အခဲတွေ့နေတဲ့အချိန်မှာ ငါတို့က ဘယ်လိုလုပ် မျက်နှာလွှဲခဲပစ်လုပ်လို့ရပါ့မလဲ။"

ကျိုးချူးချင်ယုမှ ပြုံးကာပြောလိုက်သည်။ "အံမယ် နင်တို့က သစ္စာတော့ရှိသားပဲ။"

"ကျိန်းရွှီးရော မလာဘူးလား။" လုလျိုမှ ပတ်ဝန်းကျင်အားကြည့်ကာ ပြောလိုက်သည်။

နင်ကျန်းမှ လုလျိုအားကြည့်ကာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်နဲ့ ကောင်းကင်တစ္ဆေကလန်ရဲ့ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်ဘူးလေ။ သူမလာနိုင်တာကို နားလည်ပေးလို့ရပါတယ်။ အကယ်၍ သူလာခဲ့လို့ ကောင်းကင်တစ္ဆေကလန်က သိသွားခဲ့ရင် အပြစ်ဒဏ် ကြီးကြီးမားမားကို ခံယူရလိမ့်မယ်။"

လုလျိုမှာ သူမ၏နှုတ်ခမ်းသားလေးကိုသာ ခပ်ဖွဖွ ဖိကိုက်ထားလိုက်မိသည်။

"ရောင်စဉ်ခုနစ်သွယ် ရတနာကိုရတာ မင်းတို့ချည်းပဲ မဟုတ်ပါဘူး။" တည်ငြိမ်သောစကားသံနှင့်အတူ ပုံရိပ်တစ်ခုမှာ ကျိုးချူးချင်ယုတို့၏ အုပ်စုအတွင်းသို့ ပျံဝဲဆင်းသက်လာသည်။

လုလျိုမှာ အံ့အားသင့်လှသဖြင့် မျက်ဝန်းလေးများပင် ပြူးကျယ်သွားမိသည်။ တစ္ဆေတစ်ကောင်အလား ဖြူရော်နေသော မျက်နှာနှင့် ချိုင့်ဝင်နေသော မျက်ဝန်းနက်နက်များအား ပိုင်ဆိုင်ထားသူမှာ ကျိန်းရွှီးမှလွဲ၍ အခြားသူ မည်သို့မျှ မဖြစ်နိုင်ပေ။

"မင်းတကယ်ကြီးလာတာပဲ။ ငါတောင်အံ့သြမိတယ်။" နင်ကျန်းမှ ပြုံးရယ်ကာ ပြောလိုက်သည်။

ကျိန်းရွှီးမှာ အေးစက်သောအမူအရာဖြင့် ကျိုးချူးချင်ယုနှင့် လုလျိုအားကြည့်ကာ ပြောလိုက်သည်။ "ယောင်းယွမ်သူတော်စင်မြို့တော်ကိုရောက်ဖို့က မိုင်တစ်ရာလောက် လိုသေးတယ်။ ကန်းမင်တိုက်ကြီးကို သွားမယ်ဆိုရင် ယောင်းယွမ်သူတော်စင်မြို့တော်က နောက်ဆုံးဖြတ်ရမယ့်နေရာပဲ။"

"ငါလျှို့ဝှက်စုံစမ်းထားသလောက်တော့ အဲ့မြို့မှာ မြင့်မြတ်သောနန်းတော်က အတော်ဆုံး တပည့်တွေ ရှိနေတယ်တဲ့။"

"ကျောင်းထိုက်ရှင်းတို့ဘာတို့လား။" ကျိုးချူးချင်ယုမှ မေးမြန်းလိုက်သည်။

ကျိန်းရွှီးမှ ခေါင်းညိတ်ပြလိုက်သည်။

"ဝူဟော​င်ကရော။" လီချွမ်းကျင်မှ အနည်းငယ်တွေးတောကာ မေးလိုက်သည်။

ဝူဟောင်၏အမည်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အားလုံးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်၌ ဇူယွမ်မှာ သူတော်စင်အကြွင်းအကျန်ဒေသအတွင်း ဝူဟောင်၏ ခန္ဓာကိုယ်အား ဖျက်စီးပစ်နိုင်ခဲ့သည်။ သို့သော် ထင်မှတ်မထားရလောက်အောင်ပင် ဝူဟောင်မှာ အလျင်အမြန် ပြန်လည်တိုးတက်လာခဲ့ပြီး ယခုဆိုလျှင် ယင်းတို့အားလုံးကို ကျော်ဖြတ်ကာ ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်၌ အဆင့်တစ်နေရာအား ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။

"ဝူဟောင်ရဲ့အကြောင်းကိုတော့ စုံစမ်းလို့မရဘူး။" ကျိန်းရွှီးမှ ပြောလိုက်သည်။

လီချွမ်းကျင်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ငါတို့ဘာလုပ်ကြမလဲ။"

ကျိုးချူးချင်ယုမှာ ပြုံးရယ်လိုက်ပြီးနောက် သူမ၏ သိုလှောင်အိတ်အတွင်းမှ အဝတ်အစားအချို့အားထုတ်ယူကာ လီချွမ်းကျင်နှင့် အခြားသူများကို ပေးအပ်လိုက်သည်။ "ဒါက ကန်ရွှမ်းကလန်ရဲ့ အဝတ်အစားပဲ။ ဒီအဝတ်အစားတွေကို အရင်လဲထားလိုက်။ ပြီးရင် ငါတို့တိုက်ပွဲထဲ ခိုးဝင်ပြီး မြင့်မြတ်သောနန်းတော်က တပည့်တွေကို သတ်ကြတာပေါ့။"

"ငါတို့က အကူအညီအများကြီး ပေးနိုင်မှာတော့ မဟုတ်ပေမယ့် လီချွမ်းကျင်ပြောသလိုပဲ ရသလောက်တော့ ကူညီပေးရမှာပဲလေ။"

လီချွမ်းကျင်နှင့် အခြားသူများမှာ ကျိုးချူးချင်ယုအား ခေါင်းညိတ်ပြလိုက်ကြသည်။

နင်ကျန်းမှ လက်ထဲတွင်ရှိနေသော အဝတ်အစားများအားပုတ်ကာ စကားဆိုလိုက်သည်။ "တကယ်က မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန်က တပည့်တွေရော၊ ရွေးချယ်ခံတွေရော တိုက်ခိုက်ကြတယ်ဆိုတာ ဟန်ပြသက်သက်လောက်ပါပဲ။ တကယ်တမ်း အခြေအနေတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေမှာက ဇူယွမ်နဲ့ ဝူဟောက်တို့ရဲ့ တိုက်ပွဲပဲ။"

အခြားသူများမှလည်း နင်ကျန်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့မှ တပည့်အရေအတွက် မည်မျှပင် ဆုံးရှုံးနေပါစေ အခြေအနေအား ရလဒ်ထွက်ပေါ်စေနိုင်မည့် တိုက်ပွဲမှာ ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲတစ်ခုတည်းသာ ဖြစ်သည်။

ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရှိ အကြီးအကဲများမှာလည်း ယခုလာမည့် တိုက်ပွဲရလဒ်အား စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြလေသည်။

"ဇူယွမ်က ဝူဟောင့်ကို နိုင်ပါ့မလား။" လုလျိုမှ စကားဆိုလိုက်သည်။

၎င်းတို့အားလုံးမှာ ဝူဟောင်နှင့် တိုက်ခိုက်ဖူးခြင်း မရှိကြပါသော်လည်း ကျောင်းထိုက်ရှင်း၏ သန်မာမှုအကြောင်းကို ကောင်းစွာသိရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့် ကျောင်းထိုက်ရှင်းသည်ပင် ရှုံးနိမ့်ခဲ့ရသည့် ဝူဟောင်သည် မည်မျှသန်မာလိမ့်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

"ဇူယွမ်က ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံစိန်ခေါ်ပွဲမှာ ချူချင်း အပါအဝင် တောင်ထွတ်ခြောက်ခုလုံးကသူတွေကို အနိုင်ရခဲ့တယ်လို့ကြားတယ်။ ဇူယွမ်ကလည်း ကြောက်စရာကောင်းလောက်အောင်ကို တိုးတက်နေပြီ။ အဲ့ဒါကြောင့် ဝူဟောင်ကို လုံးဝကြီးတော့ ရှုံးမှာမဟုတ်ဘူး။" လီချွမ်းကျင်မှ ပြောလိုက်သည်။

လီချွမ်းကျင်၏ မျက်နှာအမူအရာမှာ ခံစားချက်များ အနည်းငယ် ရောထွေးနေဟန် ရှိသည်။ ကန်းမင်တိုက်ကြီးတွင် ရှိစဉ်အခါက သူနှင့်ဝူဟောင်တို့မှာ လက်ရည်ချင်း တူညီလုနီးပါး ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ ဝူဟောင်ရော၊ ဇူယွမ်ကပါ သူ့ထက်အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။

ကျိုးချူးချင်ယုနှင့် အခြားသူများမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချလိုက်ကြသည်။

"အဲ့တုန်းက သူတော်စင်အကြွင်းအကျန်ဒေသမှာ ဖြစ်ခဲ့တဲ့ ဇူယွမ်နဲ့ဝူဟောင်တိုက်ပွဲက ကန်းမင်တိုက်ကြီးထဲ တကယ်အာရုံစိုက်စရာဖြစ်ခဲ့တာ။"

"အခုလည်း တိုက်ပွဲထပ်ဖြစ်ကြဦးမယ်။ ဒီတစ်ခါတော့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကို ကန်းမင်တိုက်ကြီးမကပဲ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးကပါ စောင့်ကြည့်နေကြမှာ။"

ကျိုးချူးချင်ယုနှင့် အခြားသူများမှာ အဝေးမှ ရွေ့လျားလာသော သွေးနံ့များ ပြင်းထန်နေသည့် အနက်ရောင်တိမ်တိုက်များကို ကြည့်ရှုလိုက်ကြသည်။

ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲသည် နှစ်ထောင်ပေါင်းများစွာအတွင်း ကန်ရွှမ်းကောင်းကင်ဒေသ၏ လူငယ်မျိုးဆက်များအကြား၌ အရေးပါသော တိုက်ပွဲတစ်ခုဖြစ်လာလိမ့််မည်ဖြစ်ကြောင်း ကျိုးချူးချင်ယုတို့အားလုံး ကောင်းစွာသိရှိနေကြသည်။

အဆုံးသတ်၌ ရယ်မောနိုင်မည့်သူမှာ မည်သူဖြစ်လိမ့်မည်နည်း။

အရေးအကြီးဆုံးအချက်မှာ ၎င်းတိုက်ပွဲ၏ ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ရုံသက်သက်မဟုတ်ပဲ အင်ပါယာတစ်ခုပြိုလဲခြင်း၏ နိဒါန်းဖြစ်နေလိမ့်မည်ဟူသောအချက်ပင် ဖြစ်လေတော့သတည်း....

All Chapters