← Chapters

အခန်း (၁၆၁၁-၁၆၁၃)

Vol. 84 Ch. 1611-1613

အခန်း (၁၆၁၁-၁၆၁၃)

Vol. 84 Ch. 1611-1613

အခန်း (၁၆၁၁) - ဒီလို ပစ္စည်းကောင်းမျိုးတောင် ရှိသေးတာလား

~ထို အမေရိကန် သက်လတ်ပိုင်း လင်မယားနှစ်ယောက်မှာ အပေါ်ယံကြည့်လျှင် ဘာမျှ ထူးခြားမှု မရှိပေ။

ယောက်ျားလုပ်သူ၏ ဝတ်စားဆင်ယင်ပုံမှာ ရိုးရိုးသာမန်သာ ဖြစ်ပြီး၊ ရုပ်ရည်သွင်ပြင်ကလည်း သာမန်လူတစ်ယောက် အတိုင်းသာ ဖြစ်ချေ၏။ သူတို့ ဆွဲလာသော ခရီးဆောင်အိတ်များကအစ အထူးတလည် ပြောစရာမရှိလောက်အောင် ရိုးရှင်းလှသည်။

သို့သော်ငြားလည်း... ထို သက်လတ်ပိုင်း အမျိုးသား၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ခေါက်ယပ်တောင် တစ်ချောင်းကမူ ယဲ့ဖန်၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။

ယဲ့ဖန်သည် စနစ်၏ 'နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက်' ကို ဖွင့်ကြည့်စရာပင် မလိုဘဲ၊ ထိုခေါက်ယပ်တောင်သည် သာမန်မဟုတ်မှန်း အတပ်သိနေသည်။

သူထင်သည့်အတိုင်းပင် စနစ်၏ လမ်းကြောင်းပြ လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်နှင့် သတင်းအချက်အလက် တစ်ခုက မျက်စိရှေ့တွင် ဘွားခနဲ ပေါ်လာတော့၏။

[ထန်ရင် ၏ ခေါက်ယပ်တောင်၊ အစစ်အမှန် ဖြစ်သည်။ ယပ်တောင်မျက်နှာပြင်တွင် "မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း" ပန်းချီ ရေးဆွဲထားသည်။ တန်ဖိုး ယွမ် (၁၃၀) သန်းခန့် ရှိသည်။]

ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။

ထန်ရင်ဆိုသည်မှာ ထန်ပေါ်ဟုပင် ဖြစ်သည်။ တရုတ်ပြည်တွင် သူ့ကို မသိသူ မရှိသလောက် ရှားပါလိမ့်မည်။

ထိုယပ်တောင်ကို ကျန်းနန်၏ ပါရမီရှင်ကြီး လေးဦးထဲမှ တစ်ဦး အပါအဝင် ဖြစ်သူ ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်လေ၏။

ထိုခေတ်က ပန်းချီကားများသည် ရေးဆွဲသည့် အချိန်ကာလကို အတိအကျ ဖော်ပြလေ့ မရှိသကဲ့သို့ ပုံသေကားကျ ပုံစံများလည်း မရှိပေ။ ထို့ကြောင့် ပန်းချီဆွဲသည့် အချိန်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း လက်ရာတစ်ခုချင်းစီကမူ တန်ဖိုးဖြတ်မရနိုင်အောင် ရှားပါးလှသည်။

ထန်ပေါ်ဟု၏ လက်ရာများတွင် ရှုခင်းပန်းချီ၊ လူပုံတူပန်းချီ၊ ပန်းနှင့် ငှက်များကို စိတ်ကူးဖြင့် ရေးဆွဲသော ပန်းချီများ စသည်ဖြင့် ပါဝင်သည်။ သူ၏ ပန်းချီများသည် ဂိုဏ်းဂဏစွဲများကို ဖောက်ထွက်ထားပြီး မြောက်ပိုင်းနှင့် တောင်ပိုင်း ပန်းချီအကယ်ဒမီများ၏ ရှုခင်းပန်းချီဟန်များ၊ ယွမ်မင်းဆက် စာဆိုတော်များ၏ လက်ရာများကို ပေါင်းစပ်ထားသူ ဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းစုန့်မင်းဆက်၏ ဆရာသခင်များဖြစ်သော လီချန် ၊ ဖန်ခွမ်း နှင့် အခြားသူများ၏ လွှမ်းမိုးမှုများလည်း ပါဝင်နေလေသည်။ သူသည် ထိုအရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ကိုယ်ပိုင်ဟန်ဖြင့် ကျောင်းတော်တစ်ခု တည်ထောင်ခဲ့သူလည်း ဖြစ်၏။ သူ၏ လက်ရာများတွင် သဘာဝကျမှု အလွန်မြင့်မားသော စွမ်းရည်များနှင့် ထူးခြားသော ဆွဲဆောင်မှုများ ရှိနေပြီး လွတ်လပ်မှုနှင့် လက်တွေ့ဆန်မှု နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားပေသည်။

ယခုတွေ့နေရသော "မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း" လက်ရာသည် သူ၏ ထင်ရှားသော လက်ရာများထဲမှ တစ်ခုဖြစ်သည်။

(၂၀၁၃) ခုနှစ်တုန်းက ပေကျင်းလေလံပွဲတစ်ခုတွင် ဤပန်းချီကားသည် ယွမ် (၇၁) သန်းကျော်ဟူသော မိုးထိဈေးနှုန်းဖြင့် ရောင်းထွက်ခဲ့ဖူးသည်။

နှစ်တွေ ကြာလာသည်နှင့်အမျှ ရှေးဟောင်းပစ္စည်းဈေးကွက်တွင် သူ၏ လက်ရေးမူများနှင့် ပန်းချီကားများက ပို၍ ရေပန်းစားလာခဲ့လေ၏။ စနစ်က သတ်မှတ်ပေးထားသော တန်ဖိုး (၁၃၀) သန်းဆိုသည်မှာ ရှေးရိုးစွဲဆန်စွာ တွက်ချက်ထားသော ဈေးနှုန်းသာ ဖြစ်တန်ရာ၏။

ထိုအချက်ကို တွေးမိလိုက်သည်နှင့် ယဲ့ဖန်သည် အမေရိကန် လင်မယားနှစ်ယောက်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက ပို၍ အားတက်သရော ဖြစ်လာတော့သည်။

'ဒီလောက် တန်ဖိုးရှိတဲ့ ခေါက်ယပ်တောင်က ဒီလို သက်လတ်ပိုင်း လင်မယား လက်ထဲကို ဘယ်လို ရောက်နေရတာလဲ’

ဒါကို သူ မသိသော်လည်း၊ ထိုအချက်က ယပ်တောင်အပေါ်ထားသော သူ့စိတ်ဝင်စားမှုကို မတားဆီးနိုင်ချေ။

ထိုသို့ သူ အတွေးနယ်ချဲ့နေစဉ်မှာပင်... ယဲ့ဖန်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာချေသည်။

ထို သက်လတ်ပိုင်း လင်မယားသည် ကျူးရှောင်ကျောင်း၏ ခရီးဆောင်အိတ်နားတွင် လူရှင်းနေသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ အိတ်များကို ဆွဲလာရင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်ကြသည်။

သူတို့လုပ်ရပ်ကို ဘယ်သူမှ သတိမထားမိကြောင်း သေချာသွားသောအခါ...

သူတို့က ကျူးရှောင်ကျောင်း၏ အိတ်နားသို့ ဖြတ်လျှောက်သွားရင်း ထိုအိတ်ကိုပါ တစ်ပါတည်း ဆွဲယူသွားကြလေတော့သည်။

"..."

ယဲ့ဖန် ကြောင်အသွားရသည်။

'ဒီခေတ်ကြီးထဲမှာ ဒီလောက် ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ ခိုးမှုမျိုး ရှိနေသေးတာလား'

ပိုဆိုးသည်မှာ တရားခံများက လက်ထဲတွင် တန်ဖိုး သန်းရာချီတန်သည့် ယပ်တောင်ကို ကိုင်ထားသည့် အမေရိကန် လင်မယား ဖြစ်နေခြင်းပင်။

ကျူးရှောင်ကျောင်းကတော့ ဒေါသထွက်ပြီး ပျာယာခတ်သွားသည်။

သူမ၏ ခရီးဆောင်အိတ်ကို ခိုးရဲသူ ရှိနေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိုလူများနောက်သို့ ပြေးလိုက်တော့၏။

ယဲ့ဖန်က သူမကို လှမ်းဆွဲထားလိုက်သည်။

"မလောပါနဲ့ဦးကွ"

"ကျွန်မကို လွှတ်... ကျွန်မ သူတို့ကို ဆုံးမလိုက်ဦးမယ်"

ယဲ့ဖန်က ပြောပြောဆိုဆိုနှင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

စောင့်ကြည့်ကင်မရာ အနည်းငယ်နှင့် ၎င်းတို့၏ တည်နေရာများကို မှတ်သားပြီးနောက် သူက ဖုန်းကိုထုတ်ကာ ဗီဒီယို စရိုက်လိုက်ပြီး ထို သက်လတ်ပိုင်း လင်မယားနောက်သို့ တိတ်တဆိတ် လိုက်ပါသွားတော့သည်။

ဒီလင်မယားနှစ်ယောက်က ဝါရင့်သူခိုးတွေ မဟုတ်မှန်း သေချာသည်။

သူများအိတ်ကို ဆွဲယူလာပြီးနောက် သတိထားနေပုံမှ လွဲလျှင်၊ သူတို့ နှစ်ယောက်သည် လေဆိပ်ထဲတွင် ဘယ်သူမှ မရှိသလိုမျိုး လမ်းလျှောက်နေကြလေ၏။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ခေါ်ပြီး သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားရင်း ဖုန်းဖြင့် ဗီဒီယို ရိုက်နေလိုက်သည်။ ဟိုနှစ်ယောက်ကတော့ သူတို့ကို လုံးဝ သတိမထားမိဘဲ လေသံတိုးတိုးဖြင့် ပေါ်တင်ကြီး ပြောဆိုနေကြလေသည်။

"ဒီအိတ်က ဈေးပေါမယ့်ပုံ မပေါ်ဘူး...၊ အထဲမှာ တန်ဖိုးရှိတာတွေ အများကြီး ပါလောက်တယ်"

"ခဏနေကျရင် လူရှင်းတဲ့ လုံခြုံရေးလမ်းကြောင်း တစ်ခုခုရှာပြီး ဖွင့်ကြည့်ကြတာပေါ့"

"တန်ဖိုးရှိတာတွေ အကုန်ယူပြီး ကျန်တာတွေကို အိတ်နဲ့ရောပြီး လွှင့်ပစ်ခဲ့လိုက်"

"..."

"ဒီတစ်ခါတော့ ငါတို့ ပွပေါက်တိုးတာပဲကွာ"

"တရုတ်ပြည်ကို သွားတဲ့လမ်းမှာ အလကားရလိုက်တာ... ဟားဟား"

"ဘုရားသခင်က ငါတို့ကို စောင့်ရှောက်နေတာများလား"

"..."

ထို့နောက် သူတို့နှစ်ဦး စကားတပြောပြောဖြင့် လုံခြုံရေးလမ်းကြောင်း တစ်ခုထဲသို့ ဝင်သွားကြသည်။

အမျိုးသမီးက ကျူးရှောင်ကျောင်း၏ အိတ်ကိုချပြီး ကပျာကယာ ဖွင့်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်က ဖုန်းကို မြှောက်လျက်သားဖြင့် ကျူးရှောင်ကျောင်းနှင့်အတူ သဘာဝကျကျပင် ဝင်ချလာတော့သည်။

သို့သော် အံ့သြစရာကောင်းသည်မှာ ထိုသူခိုးအ,လင်မယားသည် သူတို့ကို သတိမထားမိသေးပေ။

အမျိုးသမီးလုပ်သူက အရေးပေါ်ထွက်ပေါက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါမှသာ သူတို့နှစ်ဦးကို တွေ့သွားပြီး ထိတ်လန့်သွားတော့သည်။ သူမသည် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို ကြောက်လန့်တကြား ကြည့်လိုက်ရင်း...

"ဘာ... ဘာလုပ်ကြမလို့လဲ"

ယဲ့ဖန်က ဗီဒီယိုရိုက်တာကို ရပ်လိုက်ပြီး သူတို့နှစ်ဦးကို မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။

"ခင်ဗျားတို့ကသာ ဒီမှာ ကျုပ်တို့အိတ်ကို ယူပြီး ဘာလုပ်နေကြတာလဲလို့ မေးရမှာ မဟုတ်ဘူးလား"

ထိုစကားကို ကြားသောအခါ အမေရိကန် လင်မယားနှစ်ယောက်၏ မျက်နှာ အရောင်ပြောင်းသွား၏။

အမျိုးသမီးက ကျူးရှောင်ကျောင်း၏ အိတ်ကို မသိမသာ ကွယ်လိုက်ပြီး ထစ်အအဖြင့် ပြန်ဖြေသည်။

"ဘာ... ဘာအိတ်လဲ"

"မင်းတို့ လူမှားနေတာ ဖြစ်မယ်"

"ဒီမှာ ငါတို့အိတ်တွေပဲ ရှိတာပါ"

ယဲ့ဖန်က သူတို့နှင့် ကလေးကလား ဉာဏ်ဆင်ကစားနေဖို့ စိတ်မဝင်စားပေ။

သူ့လက်ထဲမှ ဖုန်းကို ဝှေ့ယမ်းပြလိုက်ပြီး ခုနက ရိုက်ထားသော ဗီဒီယိုဖိုင်ကို ဖွင့်လိုက်သည်။ ပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့လိုက်လေ၏။

"ကျုပ် အခု ခင်ဗျားတို့ကို ကောင်းကောင်းမွန်မွန် ပြောနေတာနော်...၊ ရဲခေါ်လိုက်ရင်တော့ ပြောပုံပြောနည်းက တစ်မျိုး ပြောင်းသွားလိမ့်မယ်"

"မေးခွန်းကို မဖြေခင် သေချာ စဉ်းစားကြပါ"

အမေရိကန် လင်မယားနှစ်ယောက်သည် ဖုန်းထဲမှ ဗီဒီယိုကို မြင်လိုက်ရသောအခါ၊ အထူးသဖြင့် သူတို့ပြောထားသည့် အသံဖိုင်တွေကိုပါ ကြားလိုက်ရသောအခါ မျက်နှာပျက်သွားကြတော့သည်။

ထို့နောက် ယဲ့ဖန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး...

"လူကြီးမင်း...၊ နားလည်မှုလွဲနေတာ ဖြစ်ပါလိမ့်မယ်"

"စိတ်မဆိုးပါနဲ့ဦး...၊ ပြီးတော့ (၉၁၁) ကိုလည်း မခေါ်ပါနဲ့"

"ငါတို့ ဒီကိစ္စကို သီးသန့် ညှိနှိုင်းလို့ ရမလား"

ယဲ့ဖန်သည် သူတို့စကားများကို နားထောင်ပြီး သူတို့၏ အပြုအမူနှင့် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ပေါင်းစပ် သုံးသပ်လိုက်သည်။ ဒီနှစ်ယောက်က ဥပဒေစိုးမိုးရေး အရာရှိတွေကို အတော်လေး ကြောက်နေပုံရသည်ဟု သူ အကဲခတ်မိလိုက်သည်။

ထို့အပြင်... ဒီနှစ်ယောက် အမှုတစ်ခုခု ကျူးလွန်ထားဖို့ အခွင့်အလမ်း များနေသည်။

သူ့လက်ထဲက ထန်ရင်၏ "မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း" ပန်းချီ ပါသော ယပ်တောင်ကလည်း သံသယဖြစ်စရာ ကောင်းနေတော့၏။

ယဲ့ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကျုပ် သူငယ်ချင်းက အရမ်း ဒေါသထွက်နေတာဗျ"

"ခင်ဗျားတို့ ရဲမခေါ်စေချင်ဘူး ဆိုရင်တောင် သူက လက်ခံပါ့မလား မသိဘူး"

ပြောပြောဆိုဆိုနှင့် သူက ကျူးရှောင်ကျောင်းကို နောက်မှ နေ၍ လှမ်းပုတ်လိုက်သည်။

ကျူးရှောင်ကျောင်းက သူ့အချက်ပြမှုကို နားလည်သွားပုံ ရသည်။ ချက်ချင်းပင် မျက်နှာထားကို တင်းလိုက်ပြီး အေးစက်စက် ပြောလိုက်လေ၏။

"ငါ့ပစ္စည်းကို သူများ လာထိတာ အမုန်းဆုံးပဲ"

"အထူးသဖြင့် ငါ့ပစ္စည်းကို ခိုးတဲ့ လူတွေကိုပေါ့"

"..."

အမေရိကန် လင်မယား နှစ်ယောက်မှာ ကြောက်လန့်သွားကြပြီး မျက်နှာများ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။

အမျိုးသမီး၏ အသံက တုန်ရီနေသည်။

"ငါ... ငါတို့ အိတ်ကို ပြန်ပေးပါ့မယ်...၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်ပါ လျော်ကြေးပေးပါ့မယ်...၊ ရမလား"

"တကယ်ပါ...၊ ငါတို့ အတတ်နိုင်ဆုံး လျော်ပေးပါ့မယ်"

"(၉၁၁) ကို မခေါ်သရွေ့ ငါတို့ ကြိုက်တာ ညှိနှိုင်းလို့ ရပါတယ်"

"..."

ကျူးရှောင်ကျောင်းက ယဲ့ဖန် ဘာကြံစည်နေမှန်း မသိသော်လည်း၊ ထိုစကားကို ကြားသောအခါ ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်က ထိုအခြေအနေကို မြင်သော်လည်း မျက်နှာထားက အေးစက်နေဆဲပင်။ သူက မထီမဲ့မြင် ပုံစံဖြင့် ပြောလိုက်ချေ၏။

"လျော်ကြေး...၊ ခင်ဗျားတို့က ကျုပ်သူငယ်ချင်းကို ဘာနဲ့ လျော်မှာလဲ"

"သူက ပိုက်ဆံမရှားဘူးနော်"

"သာမန် လျော်ကြေးလောက်ကို သူက မျက်လုံးထဲတောင် ထည့်မှာ မဟုတ်ဘူး"

“...”

အခန်း (၁၆၁၂) - လူတွေကို ဂျင်းထည့်တဲ့ နေရာမှာတော့ ရှင်က ဆရာကြီးပါပဲနော်

~ယဲ့ဖန် မျှော်လင့်ထားသည့်အတိုင်း ထို အမေရိကန် သက်လတ်ပိုင်း လင်မယားသည် ဤစကားကို ကြားသောအခါ ပို၍ပင် ပျာယာခတ်သွားကြလေ၏။

သူတို့နှစ်ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ယဲ့ဖန်ကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်လာကြသည်။

"အဲ... အဲ့ဒါက..."

"လူကြီးမင်း...၊ ငါတို့ဆီမှာ ပိုက်ဆံ သိပ်မရှိပါဘူး"

"တန်ဖိုး ဘယ်လောက် ရှိမှန်း မသိတဲ့ ပစ္စည်းတချို့ပဲ ရှိတာပါ"

"ဒီလို လုပ်ရင်ရော...၊ ငါတို့ဆီမှာ ရှိတဲ့ တန်ဖိုးရှိလောက်မယ့် ပစ္စည်းတွေ အကုန် ထုတ်ပြမယ်...၊ မင်း ကြိုက်တာ ရွေးယူလိုက်လေ..."

သဘာဝကျစွာပင်... ယဲ့ဖန်သည် ထန်ရင်း၏ "မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း" ယပ်တောင်ကို စိတ်ဝင်စားသည့်ပုံစံ လုံးဝ ပြမည် မဟုတ်ချေ။

သူတို့စကားကို ကြားသောအခါ ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် မတတ်သာသည့်အဆုံး လက်ခံလိုက်ရသကဲ့သို့ လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။

"ပစ္စည်းတွေ အရင်ထုတ်လိုက်ဦး"

"ငါ့သူငယ်ချင်းကို ကြည့်ခိုင်းလိုက်မယ်"

ထိုအမေရိကန် လင်မယားသည် ခေါင်းကို ကြက်ကလေးများ စပါးနှိုက်သကဲ့သို့ ဆက်တိုက် ညိတ်ပြလိုက်ပြီး တန်ဖိုးရှိ ပစ္စည်းများကို အလျင်အမြန် ထုတ်ပြကြတော့သည်။

ထို့နောက် အိတ်ကို ဖွင့်ပြပြီး ယဲ့ဖန်ကို ရွေးချယ်ခိုင်းလေ၏။

ထိုအခိုက်အတန့်၌... ဤနှစ်ယောက်မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း ယဲ့ဖန် အတပ်သိလိုက်လေသည်။

အကြောင်းမူကား... သူတို့၏ ခရီးဆောင်အိတ်များထဲတွင် အဝတ်အစားဟူ၍ ဘာမျှ မပါရှိဘဲ ရွှေငွေ ရတနာများနှင့် ကျောက်မျက်များသာ ပုံနေသောကြောင့် ဖြစ်ချေသည်။

သာမန် ခရီးသွားခြင်းမျိုးနှင့် လုံးဝ မတူပေ။

တန်ဖိုးရှိ ပစ္စည်းများကိုသာ ယူဆောင်ပြီး ကပျာကယာ ထွက်ပြေးလာသည့် ပုံစံမျိုး ပိုပေါက်နေသည်။

သို့သော်ငြားလည်း... ထိုအချက်ကို ရိပ်မိလိုက်သော်လည်း ယဲ့ဖန်က ဖွင့်မပြောပေ။

သူက ပစ္စည်းများကို ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး အမေရိကန် လင်မယားကို တစ်ချက် အကဲခတ်လိုက်ပြန်သည်။ ထို့နောက် မျက်မှောင် ထပ်ကြုတ်လိုက်ပြန်၏။ "ဒါအကုန်ပဲလား"

"ကြည့်ရတာ သာမန် ပစ္စည်းတွေပါလား"

အမေရိကန် လင်မယားက ခေါင်းကို အဆက်မပြတ် ညိတ်ပြကြသည်။

"ဒါအကုန်ပါပဲ"

"ဘဏ်ကတ်ထဲက ပိုက်ဆံကလွဲရင် ကျန်တာတွေ အကုန် ဒီမှာပါပဲ"

"ဒါတွေက သိပ်ပြီး မက်လောက်စရာ မရှိပါဘူးကွာ..."

ယဲ့ဖန်က မနှစ်မြို့သည့်ဟန် ဆောင်လိုက်သည်။

"ကျုပ်သူငယ်ချင်း နေနေသာသာ၊ ကျုပ်တောင် မကြိုက်ဘူး"

"ဒီရွှေငွေ လက်ဝတ်ရတနာတွေက ဒေါ်လာ (သိန်းချီ) တန်တယ် ဆိုပေမယ့်... ကျုပ်တို့ တရုတ်လူမျိုးတွေက ဒါတွေကို သယ်သွားရင် ဆီယက်တဲလ် လေဆိပ် လုံခြုံရေးနဲ့ အကောက်ခွန်မှာ သေချာပေါက် အစစ်ဆေးခံရပြီး ပြဿနာတက်မှာပဲ...၊ အလုပ်ရှုပ်တယ်"

"ငါတို့ ယူသွားလို့ အဆင်ပြေမယ့် တခြားပစ္စည်းရော မရှိတော့ဘူးလား"

အမေရိကန် လင်မယားက ခေါင်းခါပြလေ၏။

"တကယ် မရှိတော့ပါဘူး"

"ခင်ဗျားလက်ထဲက ခေါက်ယပ်တောင်ကရော ဘယ်က ရတာလဲ"

ထိုအခါမှ ယဲ့ဖန်သည် အမေရိကန် အမျိုးသား၏ လက်ထဲမှ ခေါက်ယပ်တောင်ကို မတော်တဆ တွေ့သွားသကဲ့သို့ လက်ညှိုးထိုးပြလိုက်သည်။

အမေရိကန် အမျိုးသားက ယဲ့ဖန် ကြည့်ရာသို့ လိုက်ကြည့်လိုက်သည်။

ထို့နောက် လိပ်ပြာမလုံသကဲ့သို့ ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး စကားကို ထစ်အငေါ့ ပြောလေ၏။

"အဲ... အဲဒါက..."

"ကျုပ်တို့ ဒါကို မတော်တဆ ကောက်ရတာပါ"

"လူ... လူကြီးမင်း စိတ်ဝင်စားလို့လား"

"ကြည့်ရတာ လက်ရာမဆိုးဘူးပဲ" ယဲ့ဖန်က လက်ကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်သည်။ ထိုလူက ယပ်တောင်ကို ကမ်းပေးလာသောအခါ ယဲ့ဖန်က လှမ်းယူလိုက်ပြီး ဟိုဒီ လှန်လှောကြည့်လိုက်သည်။

"ဒါက ပိုက်ဆံ နည်းနည်းလောက်တော့ တန်မယ့်ပုံပဲ"

"ပြီးတော့ သယ်ရတာလည်း လွယ်တယ်"

"လေဆိပ် လုံခြုံရေးနဲ့ အကောက်ခွန်ကို ဖြတ်ရင်တောင် အငြိစွန်းခံရမှာ မဟုတ်ဘူး"

"ဒါဆိုရင်လည်း လူကြီးမင်းကိုပဲ ပေးလိုက်ပါ့မယ်..."

အမေရိကန် အမျိုးသားက ကပျာကယာပင် ပြောလိုက်လေ၏။

"ဘာပဲဖြစ်ဖြစ် ကျုပ်တို့လည်း ကောက်... ကောက်ရတာပဲလေ"

"မင်းသူငယ်ချင်းရှေ့မှာ ကျုပ်တို့အတွက် ကောင်းပြောပေးဖို့ပဲ မျှော်လင့်ပါတယ်"

"ခုနက ငါတို့ စိတ်အလိုလိုက်မိလို့ပါ"

"ပြီးတော့ လူကြီးမင်း မြင်တဲ့အတိုင်းပဲ...၊ ကျုပ်တို့ အိတ်ကိုတောင် မဖွင့်ရသေးပါဘူး...၊ ဘာအပျက်အစီးမှ မဖြစ်သွားပါဘူး"

ယဲ့ဖန်က ယုံသွားသည့်ဟန် ဆောင်လိုက်သည်။

"ကောင်းပြီလေ"

သူက ခေတ္တမျှ စဉ်းစားပြီးနောက် လက်ကာပြလိုက်၏။

"ခင်ဗျားတို့ဆီက ပစ္စည်းရသွားမှတော့ ကျုပ် ကျေးဇူးတင်ရမှာပေါ့"

"ခင်ဗျားတို့က လိမ္မာပါသေးတယ်...၊ ကျုပ်သူငယ်ချင်းကို ပြောပြလိုက်ပါ့မယ်"

"ခင်ဗျားတို့ သွားလို့ ရပြီ"

ယဲ့ဖန် ထိုသို့ ပြောလိုက်သောအခါ သက်လတ်ပိုင်း အမျိုးသားသည် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာပြီး လက်ဆွဲ နှုတ်ဆက်ရန် လက်ကို ကမ်းပေးလာလေ၏။

ယဲ့ဖန်သည် ဟန်ဆောင်ကာ လက်ဆွဲနှုတ်ဆက်လိုက်ရင်း ထိုလူ၏ ပိုက်ဆံအိတ်ထဲမှ စာရွက်စာတမ်းများကို အကဲခတ်လိုက်သည်။

အရေးကြီးသော အချက်အလက်များကို မှတ်သားပြီးနောက် ယဲ့ဖန် တစ်ယောက် လက်ကို လွှတ်လိုက်ပြီး ကျူးရှောင်ကျောင်း၏ ခရီးဆောင်အိတ်ကိုဆွဲကာ ထွက်ခွာလာခဲ့တော့သည်။

*

ကျူးရှောင်ကျောင်းသည် အနည်းငယ် ကြောင်အ နေဆဲ ဖြစ်ချေ၏။

ယဲ့ဖန်က သူမကို ဆွဲခေါ်လာသောအခါ သူမက တိုးတိုးလေး မေးလိုက်သည်။ "ဒီယပ်တောင်မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လား"

"ပြီးတော့ ဟို အမေရိကန် နှစ်ယောက်က တစ်ခုခု မသ်ကာစရာလိုပဲနော်"

"သူတို့ဆီက ယပ်တောင်တစ်ချောင်း ရတာနဲ့ပဲ ဒီတိုင်း လွှတ်ပေးလိုက်တော့မှာလား"

ယဲ့ဖန်က ချက်ချင်း ပြန်မဖြေချေ။ လေယာဉ်တက်ရန် လုပ်ဆောင်မှုများ ပြီးစီးသည်အထိ စောင့်လိုက်ပြီးမှ ပြောလိုက်လေသည်။

"အဖြေကို နောက်မှ ပြောပြမယ်"

"အခု စကားမပြောနဲ့ဦး"

"ကိုယ် ဖုန်းခေါ်လိုက်ဦးမယ်"

ပြောပြောဆိုဆိုနှင့် သူက ဖုန်းကို ထုတ်လိုက်ပြီး ချန်းဖေးအယ်ကို ခေါ်ရန် ပြင်လိုက်သည်။

သို့သော် နံပါတ်ကို နှိပ်လိုက်ခါနီးတွင် ယဲ့ဖန် သတိဝင်လာပြီး ဖုန်းကို ချလိုက်ကာ WeChat မှတဆင့် ချန်းဖေးအယ်ကို ခေါ်လိုက်လေ၏။

အဘယ်ကြောင့်ဆိုသော်... ချန်းဖေးအယ်သည် လုံခြုံရေးအဖွဲ့မှ ဖြစ်ပြီး သူမ၏ အထောက်အထားမှာ အကဲဆတ်သောကြောင့် ဖြစ်သည်။ အမေရိကန် ဖုန်းနံပါတ်ဖြင့် ခေါ်ဆိုလိုက်ပါက ပြဿနာ မရှိလျှင်တောင် သူမအတွက် အနည်းငယ် ဒုက္ခရောက်စေနိုင်ပေသည်။

ဖုန်းဝင်သွားသောအခါ ချန်းဖေးအယ် မေးသည်ကိုပင် မစောင့်ဘဲ ယဲ့ဖန်က လိုရင်းကို ပြောလိုက်သည်။

"ကိုယ်..အခု အမေရိကန်က ဆီယက်တဲလ်မှာ ရောက်နေတယ်...၊ တရုတ်ပြည်ကို ပြန်လာဖို့ ပြင်နေတာ"

"ခုနက သံသယဖြစ်စရာ လူနှစ်ယောက်ကို မတော်တဆ တွေ့ခဲ့လို့"

"အမေရိကန် သက်လတ်ပိုင်း လင်မယား နှစ်ယောက်...၊ သူတို့ရဲ့ လူမှုဖူလုံရေး နံပါတ်တွေက (၂၉၇၁၆၂၃၂၁) နဲ့ (၂၀၂၀၆၈၃၅၄) ပါ...၊ သူတို့က (Dragon Country Airlines) လေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် (LG5528) တွင် လိုက်ပါလာလိမ့်မယ်"

"ဆီယက်တဲလ် လေဆိပ်မှာ လေယာဉ်တက်တုန်းက ကျူးရှောင်ကျောင်းနဲ့ ကိုယ့်ရဲ့ အိတ်တွေကိုတောင် ခိုးဖို့ ကြိုးစားခဲ့သေးတယ်...၊ ပြီးတော့ သူတို့ရဲ့ အိတ်ထဲမှာ ဇာစ်မြစ် မသိရတဲ့ ရွှေငွေ ရတနာတွေ အများကြီး သယ်လာတယ်"

ချန်းဖေးအယ်က သူဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ဖုန်းတစ်ဖက်စွန်းမှ ကီးဘုတ်ရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် သူမက ခပ်သွက်သွက် ပြန်ဖြေလေ၏။

"ကျွန်မ…သက်ဆိုင်ရာ ဌာနတွေကို ဆက်သွယ်ပြီး သူတို့ လေယာဉ် ဆင်းတာနဲ့ ဖမ်းခိုင်းလိုက်ပါမယ်"

"တကယ်လို့ သူတို့နှစ်ယောက်မှာ ပြဿနာ ရှိနေရင် အထက်ကို တင်ပြပြီး ရှင့်အတွက် ဆုကြေး လျှောက်ပေးပါ့မယ်"

ယဲ့ဖန်သည် လုံခြုံရေးအဖွဲ့၏ တရားဝင် အဖွဲ့ဝင် မဟုတ်သကဲ့သို့၊ ဤအရာများကိုလည်း ဂရုမစိုက်ပေ။

သူက ရယ်မောကာ ပြောလိုက်သည်။ "အဟဲ၊ဆုကြေး လျှောက်ပေးဖို့ မလိုပါဘူး"

"ခေါင်းဆောင်က ကိုယ့်ကို စောင့်ရှောက်လာတာ ကြာပြီပဲ"

"ဒီ အမှုကိစ္စကို ကိုယ့်ဘက်က လက်ဆောင်လို့သာ သဘောထားလိုက်ပါ"

ယဲ့ဖန်က ချန်းဖေးအယ် ငြင်းပယ်သည်ကိုပင် မစောင့်တော့ဘဲ ဖုန်းချလိုက်ပြီး ကျူးရှောင်ကျောင်းကို 'အိုကေ' ဟု လက်လုပ်ပြလိုက်သည်။

"ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဟို အမေရိကန် လင်မယားကို စောင့်ကြိုနေမယ့် ငွေရောင်လက်ကောက် (လက်ထိပ်) တစ်စုံ ရှိနေပြီကွ"

ကျူးရှောင်ကျောင်းက သူ့ကို လက်မထောင်ပြလိုက်သည်။

"ရှင် ဒီတစ်ခါ ဘာလို့ ဒီလောက် သဘောကောင်းနေပါလိမ့်လို့ ကျွန်မ တွေးနေတာ...၊တကယ်တော့ ဒီလို လုပ်ချင်လို့ကိုး"

"လူတွေကို ဂျင်းထည့်တဲ့ နေရာမှာတော့ ရှင်က ဆရာကြီးပါပဲနော်"

"ဟို အမေရိကန် လင်မယားကတော့ အန္တရာယ်ကနေ လွတ်မြောက်လာပြီလို့ ထင်နေမှာ...၊ နိုင်ငံခြားဆိုတာ မြေဖြူလွင်ပြင် မဟုတ်မှန်း ဘယ်သူက သိမှာလဲ...၊ သူတို့ကို စောင့်နေတဲ့ ငွေရောင်လက်ကောက် တစ်စုံ ရှိနေတာကိုး"

"သမုဒ္ဒရာ တစ်ဖက်ကမ်းကို ပျော်ပျော်ကြီး ဖြတ်သန်းပြီး လွတ်လပ်စွာ ပျံသန်းနိုင်ပြီလို့ ထင်နေချိန်မှာ... ဥပဒေစိုးမိုးရေး အရာရှိတွေ ဝိုင်းဖမ်းတာ ခံလိုက်ရရင်... သူတို့မျက်နှာတွေ ကြည့်ကောင်းနေတော့မှာပဲနော်"

ယဲ့ဖန် ပြုံးလိုက်လေသည်။

"သူတို့ အပြစ်တင်ချင်ရင်တော့ လောဘကြီးလွန်းပြီး ပညာ မပါတဲ့ သူတို့ကိုယ် သူတို့ပဲ အပြစ်တင်ရမှာပေါ့ကွာ"

"လူတွေ အများကြီးထဲမှာမှ ဘာလို့ ငါတို့ကို လာရွေးမိတာလဲ"

"အမှန်အတိုင်း ပြောရရင်... သူတို့သာ မကောင်းတဲ့စိတ် မမွေးခဲ့ရင် ငါလည်း သတိထားမိမှာ မဟုတ်ဘူး...၊ သူတို့လက်ထဲက ဒီလောက် တန်ဖိုး ရှိတဲ့ ခေါက်ယပ်တောင်ကို လွယ်လွယ်ကူကူ ရနိုင်မယ့် အခွင့်အရေးလည်း ရှိလာမှာ မဟုတ်ဘူးလေ…”

အခန်း (၁၆၁၃) - ကြောက်စရာကောင်းသော စစ်ဆင်ရေး

~ယဲ့ဖန်၏ စကားကို ကြားသောအခါမှ ကျူးရှောင်ကျောင်း သတိဝင်လာဟန်ဖြင့် ယဲ့ဖန်လက်ထဲမှ ယပ်တောင်ကို လှမ်းကြည့်လိုက်သည်။

"ဒီယပ်တောင်က ဘာမို့လို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ"

"ငါ ကြည့်ရတာတော့ ရှေးဟောင်း ပစ္စည်းတစ်ခု ဆိုတာက လွဲရင် ဘာမှ ထူးထူးခြားခြား မရှိပါဘူး"

သူမ၏ မေးခွန်းကို ယဲ့ဖန် အံ့သြဟန် မပြပေ။

သူက ပြုံးလျက် ပြောလိုက်လေ၏။ "ဖုန်းကို ထုတ်ပြီး Search Pageကို ဖွင့်လိုက်"

ကျူးရှောင်ကျောင်းက ယဲ့ဖန်…ခိုင်းသည့်အတိုင်း ချက်ချင်း လုပ်လိုက်သည်။

Search page ဖွင့်ပြီးနောက် သူမက ယဲ့ဖန်ကို ပြန်မော့ကြည့်လိုက်၏။ "ပြီးတော့ရော..."

"ထန်ရင်းရဲ့ 'မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း' ဆိုတာကို ရိုက်ရှာလိုက်"

"'မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း' ဟုတ်လား...၊ ထန်ပေါ်ဟုရဲ့ လက်ရာလား"

ကျူးရှောင်ကျောင်းက ချက်ချင်း စာမရိုက်သေးဘဲ ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော်... တရုတ်ပြည်တွင် ကိုးနှစ်တာ မသင်မနေရ ပညာရေးကို သင်ယူဖူးသူတိုင်း ထန်ပေါ်ဟုကို မသိသူ မရှိသလောက်ပင်။

သူသည် ကျန်းနန်၏ ပါရမီရှင်ကြီး လေးဦးတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ ဖြစ်ချေသည်။

ထို့အပြင်... ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများတွင် မကြာခဏ ပါဝင်တတ်သော ရိုမန်းတစ် ဇာတ်ကောင်တစ်ဦး ဖြစ်သည် မဟုတ်ပါလော။

ယဲ့ဖန်က သူမကို မေးငေါ့ပြလိုက်သည်။ "အရင်ဆုံး ရှာကြည့်လိုက်ပါဦး"

ကျူးရှောင်ကျောင်းသည် ဖုန်းဘက်သို့ အာရုံပြန်လွှဲကာ စာရိုက်လိုက်သည်။

သက်ဆိုင်ရာ အချက်အလက်များ ပေါ်လာသောအခါ သူမက 'မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း' အကြောင်းကို ဖတ်ရှုလိုက်သည်။ ပြီးနောက် ယဲ့ဖန်လက်ထဲမှ ယပ်တောင်ကို တစ်လှည့် ကြည့်လိုက်ရာ... သူမ၏ တောက်ပသော မျက်ဝန်းများမှာ အံ့သြမှုကြောင့် ဝိုင်းစက်သွားတော့သည်။

"ဒီယပ်တောင် မျက်နှာပြင်က ထန်ရင်းရဲ့ 'မြစ်နံဘေး ပြခန်းဆောင်တွင် ရှေးဟောင်းစကားဝိုင်းဖွဲ့ခြင်း' လက်ရာ အစစ်လား"

"ထန်ပေါ်ဟုရဲ့ လက်ရာတွေ လက်ရှိ ပေါက်ဈေးအရဆိုရင်... ဒီယပ်တောင်က အနည်းဆုံး ယွမ် (သန်း ၁၀၀) လောက် တန်တာပေါ့... ဟုတ်လား"

"တိကျလိုက်တာ..." ယဲ့ဖန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်လေ၏။

"ဒါကြောင့်လည်း ရှင် ဒီယပ်တောင်ကို ဒီလောက် စိတ်ဝင်စားနေတာကိုး"

ကျူးရှောင်ကျောင်း စပ်စုချင်စိတ် ဖြစ်လာကာ ယပ်တောင်ကို လှမ်းတောင်းလိုက်ပြီး သေချာစွာ ဖြန့်ကြည့်လိုက်လေသည်။

"ထန်ပေါ်ဟုရဲ့ လက်ရာကွ..."

"ဒီလောက် တန်ဖိုးရှိတဲ့ ရတနာက ဟို သူခိုးအ,လင်မယား လက်ထဲ ရောက်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

"အရေးကြီးဆုံး အချက်ကတော့... ဟို သူခိုးအ,နှစ်ကောင်ရဲ့ အမူအရာကို ကြည့်ရတာ ဒီပစ္စည်းကို လုံးဝ မသိကြဘူးကွ" ယဲ့ဖန်က ပြုံးရင်း ခေါင်းခါလိုက်လေသည်။ "ဒါကြောင့် စာများများဖတ်၊ သတင်းစာ များများဖတ်၊ မုန့်လျှော့စားပြီး အိပ်ချိန် လျှော့ပါလို့ ပြောတာပေါ့ကွာ"

"မင်းတို့ မိန်းကလေးတွေကတော့... ရွှေနဲ့ ကျောက်စိမ်းကို မခွဲတတ်၊ ရတနာပုံကြား ရောက်နေတာတောင် ရတနာမှန်း မသိဘဲ နောက်ဆုံးကျမှ သူများလက်ထဲ ထည့်ပေးလိုက်ရမယ့် ကိန်းမျိုး ဆိုက်နေဦးမယ်"

"ဟုတ်သားပဲ..."

ကျူးရှောင်ကျောင်းက ခေါင်းညိတ် ထောက်ခံလိုက်ပြီး ထန်ရင်း၏ ယပ်တောင်ကို ခေတ္တမျှ ကစားပြီးနောက် ယဲ့ဖန်နှင့်အတူ လေယာဉ်ပေါ်သို့ တက်ခဲ့ကြတော့သည်။

လေယာဉ်ပေါ် ရောက်သောအခါ ထို သူခိုးအ,လင်မယားကို ထပ်တွေ့ရပြန်သည်။

ဒီနှစ်ယောက် သတ္တိကောင်းချက်ကတော့ လွန်ပါရော။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့က သူတို့နှင့် လေယာဉ်ခရီးစဉ် တစ်ခုတည်း ဖြစ်နေသည်ကို မြင်ရက်နှင့် လေယာဉ်ပြောင်းရန် လုံးဝ မကြိုးစားကြပေ။

လေယာဉ်ပေါ် တက်ပြီးနောက် သူတို့နှစ်ဦးနှင့် ဝေးသော နေရာမှ ခရီးသည်များနှင့် နေရာချင်း လဲလိုက်ရုံသာ ပြုလုပ်လေ၏။ ထို့နောက် အမျိုးသားက ဦးထုပ်ကို မျက်နှာပေါ် အုပ်လျက် ယဲ့ဖန်တို့ကို မသိချင်ယောင် ဆောင်နေတော့သည်။

ကျူးရှောင်ကျောင်း သဘောကျသွားသည်။

လေယာဉ် စတင် ထွက်ခွာပြီး ငြိမ်သက်သွားသော အချိန်တွင် သူမက ဖုန်းကို ထုတ်ကာ စာရိုက်လိုက်သည်။

'ဒီသူခိုးအ,နှစ်ကောင်က တကယ် သတ္တိရှိတာပဲ'

'လေယာဉ် တစ်စင်းတည်းမှာ ကျွန်မတို့နဲ့ လာဆုံနေတာတောင် ပုန်းဖို့ မကြိုးစားကြဘူး'

'ကျွန်မတို့ စိတ်ပြောင်းပြီး ရဲခေါ်လိုက်မှာကို မကြောက်ကြဘူးလား'

ထိုအခါ၊ ယဲ့ဖန် ခေါင်းခါလိုက်သည်။ သူလည်း နားမလည်နိုင်ပေ။

သူမ၏ ဖုန်းကို ယူကာ ပြန်ရိုက်လိုက်လေ၏။

'သာမန် လူတွေရဲ့ တွေးခေါ်ပုံနဲ့ သူတို့ကို နားလည်ဖို့ မကြိုးစားနဲ့'

'လေဆိပ် အဝင်ဝမှာ သူတို့ လုပ်ခဲ့တဲ့ ဦးနှောက်မရှိတဲ့ လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်လေ'

'ကိုယ်တို့ အရှိန်နဲ့ ကိုယ်တို့ သွားကြတာပေါ့'

ကျူးရှောင်ကျောင်းက သူ့စကားမှာ အဓိပ္ပာယ် ရှိသည်ဟု ယူဆကာ ဆက်မမေးတော့ပေ။

ဖုန်းကို ပြန်ယူပြီးနောက် သူမက ထိုင်ခုံကို ညှိကာ ယဲ့ဖန်၏ လက်မောင်းပေါ်သို့ ခေါင်းမှီပြီး အနားယူလိုက်လေသည်။

သူမ ကိုယ်သင်းနံ့ ဖြစ်သော ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးအပြင်၊ ပျိုဖော်ဝင်စ မိန်းကလေး တစ်ဦး၏ ထူးခြားသော ရနံ့လေးက ယဲ့ဖန်၏ နှာခေါင်းဝသို့ တိုးဝင်လာလေ၏။

သူ့ပခုံးပေါ် မှီလျက် အိပ်ပျော်သွားသော သူမကို ကြည့်ပြီး ယဲ့ဖန် မတွန်းဖယ်လိုက်ပေ။ ပြတင်းပေါက် အပြင်ဘက်ကိုသာ ငေးကြည့်ရင်း သူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လာတော့သည်။

အတိုင်းအတာ တစ်ခုထိ ပြောရမည် ဆိုလျှင်... အမေရိကန် ဂိုဒေါင် လောင်းကစားပွဲ ခရီးစဉ်သည် ကျူးရှောင်ကျောင်းနှင့် အပန်းဖြေရန်နှင့် သူမကို ကျေးဇူးဆပ်ရန် သက်သက်သာ ဖြစ်ချေ၏။

ထို့ကြောင့် ပီကာဆို၏ မူကြမ်း၊ ဘရုစ်လီ၏ မှတ်စုစာအုပ်များနှင့် ယုံလေဓားတို့ကို ရရှိခဲ့ခြင်းမှာ... မမျှော်လင့်ထားသော ဆုလာဘ်များသာ ဖြစ်သည်။

ယခုအခါ အမေရိကန် ဂိုဒေါင် လောင်းကစား ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်သကဲ့သို့ ယွမ် (၂.၆) ဘီလီယံလည်း အမြတ်ရခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့် အနေဖြင့် 'နေမဝင် အင်ပါယာ' ကိစ္စများကို စတင် စဉ်းစားရတော့မည်။

ကိုးပြည်ထောင် ဖိုကြီးများ...

နာရေး အဖွဲ့အစည်း...

အန်းကျူ မိသားစု...

ထို့အပြင် သူ အလေးထားဆုံးနှင့် လျှို့ဝှက် ဆန်းကြယ်မှု အရှိဆုံး အဖွဲ့အစည်း တစ်ခုလည်း ရှိနေသေးသည်။ ထိုအဖွဲ့အစည်းသည် နယူတန်နှင့် လန်ရှင်းယွဲ့ ကဲ့သို့သော ဘီလူးဆန်သော မျိုးရိုးဗီဇ ပြုပြင်ထားသူများကို မွေးထုတ်ပေးနေသည့် အဖွဲ့အစည်းပင်။

ဤအရာများ အားလုံးသည် နေမဝင် အင်ပါယာ ခရီးစဉ်တွင် ရှောင်လွှဲ၍ ရနိုင်မည့် အရာများ မဟုတ်ပေ။

ကိုးပြည်ထောင် ဖိုကြီးသည် နေမဝင် အင်ပါယာတွင် ပေါ်ထွက်လာသည် ဖြစ်ရာ... ထိုအဖွဲ့အစည်းများလည်း ပါဝင် ပတ်သက်လာနိုင်ဖွယ် ရှိသည်။ သူသည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ သူတို့၏ အခြေအနေကို အနည်းဆုံး စုံစမ်းထောက်လှမ်းရမည်။

ထိုသဲလွန်စများကို တွေးတောရင်း ယဲ့ဖန် ရုတ်တရက် သတိရသွား၏။

ယခင်က လန်ရှင်းယွဲ့နှင့် ပတ်သက်သော အခွင့်အရေး လမ်းကြောင်းပြ တစ်ခုကို ပြီးမြောက်ခဲ့စဉ်က... တန်ဖိုး ယွမ် (၈) ဘီလီယံ ရှိသော သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ တစ်ခုကို ရရှိခဲ့သည် မဟုတ်ပါလော။ ထိုကုမ္ပဏီသည် နေမဝင် အင်ပါယာတွင် ရှိနေသည်ဟု ဆိုသည်။

ကုမ္ပဏီ နာမည်က ‘စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ လီမိတက်’ဟု ထင်သည်။

ယဲ့ဖန်..ဖုန်းကို ကပျာကယာ ကောက်ကိုင်ပြီး ရှာဖွေကြည့်လိုက်သည်။

မကြာမီ... သတင်းအချက်အလက် များစွာ ပေါ်ထွက်လာတော့၏။

စမတ် (နေမဝင် အင်ပါယာ) သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ၊ တန်ဖိုး ယွမ် (၈) ဘီလီယံ၊ နေမဝင် အင်ပါယာ၏ နံပါတ်တစ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ။

ထိုကုမ္ပဏီသည် သတင်းအချက်အလက် အကြံပေးခြင်းကို အထူးပြုပြီး ထိပ်တန်း စီးပွားရေး ဌာနခွဲများစွာ ရှိသည်။ အပေါ်ယံတွင် စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေးနှင့် ခွဲခြမ်းစိတ်ဖြာမှု ဝန်ဆောင်မှုများကို အဓိက ထားသော်လည်း၊ လက်တွေ့တွင်မူ ကျယ်ပြန့်သော နယ်ပယ်များတွင် ပါဝင်ပတ်သက်နေသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် မြေအောက်လောက ကဲ့သို့သော နယ်ပယ် အသီးသီးမှ သတင်းအချက်အလက် အပြောင်းအလဲများကို အလွန် အကဲဆတ်စွာ သိရှိနိုင်သည်။

အမှောင်ကွန်ရက် တွင် ထိုကုမ္ပဏီကို 'အင်ပါယာ လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်း' မှလွဲလျှင် နေမဝင် အင်ပါယာ၏ အကြီးဆုံး ထောက်လှမ်းရေး အဖွဲ့အစည်းဟု လူသိများကြသည်။

နေမဝင် အင်ပါယာရှိ ကြီးမားသော မိသားစုကြီး အချို့၏ အထက်ပိုင်း ပုဂ္ဂိုလ်များနှင့် နာရေး အဖွဲ့အစည်းကပင် တစ်ခါတစ်ရံတွင် သူတို့ထံမှ သတင်းအချက်အလက် တောင်းခံရလေ့ ရှိသည်။

*

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

ယခင်က ထိုအုပ်စု၏ နာမည်ကို မြင်လိုက်ရစဉ်က စီးပွားရေး အကြံပေး သက်သက် လုပ်သော ကုမ္ပဏီကြီး တစ်ခုဟုသာ ထင်ခဲ့မိသည်။

ဒီလောက်အထိ အင်အားတောင့်တင်း နေလိမ့်မည်ဟု သူ ထင်မထားမိပေ။

အင်ပါယာ လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်းမှ လွဲလျှင် နေမဝင် အင်ပါယာ၏ အကြီးဆုံး ထောက်လှမ်းရေး အဖွဲ့အစည်း ဖြစ်နေသည်တဲ့လား။

သို့ဆိုလျှင်... နေမဝင် အင်ပါယာတွင် လုံခြုံရေးအဖွဲ့၏ ဩဇာလွှမ်းမိုးမှု အားနည်းနေလျှင်တောင်၊ ဤအတိုင်ပင်ခံ ကုမ္ပဏီဖြင့် အစားထိုးနိုင်ပေလိမ့်မည်။

ထို့အပြင်... နေမဝင် အင်ပါယာ၏ မိသားစုကြီးများနှင့် နာရေး အဖွဲ့အစည်း၏ အထက်ပိုင်း ပုဂ္ဂိုလ်များကပင် စမတ် ကုမ္ပဏီထံမှ သတင်းအချက်အလက် တောင်းခံရသည် ဆိုပါက... နည်းနည်းလောက် ကစားကွက် ခင်းလိုက်ရုံဖြင့် အရေးကြီးသော အချိန်များတွင် မမျှော်လင့်ထားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။

ဒီကုမ္ပဏီက သေချာပေါက် ရတနာသိုက်ကြီး တစ်ခုပင်။

နေမဝင် အင်ပါယာကို မသွားခင် သူတို့နှင့် ကောင်းကောင်း ဆွေးနွေးကြည့်ရမည်။

*

ထိုအချက်ကို တွေးမိလိုက်သည်နှင့် ယဲ့ဖန် ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။

တစ်ချိန်တည်းမှာပင် သူက ချန်းဖေးအယ်၏ ချက်တင်ဘောက်စ် (Chat Box) ကို ဖွင့်ကာ စာတစ်စောင် ပို့လိုက်လေတော့သည်။

All Chapters