အခန်း (၁၆၁၇-၁၆၁၉)
Vol. 84 Ch. 1617-1619
အခန်း (၁၆၁၇) - ခင်ဗျားက မျက်လှည့်တတ်တာလား
~ကံကောင်းထောက်မစွာပင် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးတစ်ခု ရှိနေခဲ့သဖြင့် ထိုအေးဂျင့်မလေးသည် ယဲ့ဖန် ပရောပရည်လုပ်နေမှန်း မသိလိုက်ပေ။
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် သူမသည် တောင့်ခံထားနိုင်ခဲ့သည်။ သူမသည် အသင့်ခုတ်ထစ်ခံရမည့် သားကောင်ငယ်သဖွယ် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်၏။
"စလိုက်ပါတော့..။ ကျွန်မ စိတ်ဒုံးဒုံးချထားပြီးသားပါ"
ယဲ့ဖန်သည် အတွေးမလွန်မိအောင် မနည်းထိန်းချုပ်လိုက်ရသည်။
သို့သော် သူသည် ချက်ချင်းဆိုသလိုပင် စိတ်ကို ပြန်လည် ထိန်းသိမ်းနိုင်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုများကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အေးဂျင့်မလေးအား စတင်ခွဲစိတ်ကုသပေးလေသည်။
ပြောရလျှင် ဤခွဲစိတ်မှုသည် ဖုန်းကျိန်းယွမ်၏ ခွဲစိတ်မှုထက် များစွာ လွယ်ကူပေသည်။ ဤနေရာတွင် ခွဲစိတ်ခန်းသုံးပစ္စည်း ကိရိယာ မစုံလင်လှသော်ငြားလည်း ဖြစ်၏။
ယဲ့ဖန်သည် အေးဂျင့်မလေး၏ အဝတ်အစားထဲတွင် ပါလာသော ဓားမြှောင်ကို ပိုးသတ်ပြီးနောက် အသုံးပြုလိုက်သည်။
သူ၏ အပ်စိုက်ကုထုံးစွမ်းရည်နှင့် ပေါင်းစပ်ကာ ကုသပေးလိုက်ရာ ကျည်ဆံထုတ်ခြင်း၊ အသားသေများ ဖယ်ရှားခြင်း၊ ပြန်လည်ချုပ်လုပ်ခြင်းနှင့် အားပြန်ပြည့်အောင် ပြုလုပ်ပေးခြင်းတို့မှာ အလွယ်တကူပင် ပြီးမြောက်သွားခဲ့သည်။
အဝတ်အစားများ ချွတ်သည်မှ စတင် တွက်ချက်လျှင် ခွဲစိတ်မှု လုပ်ငန်းစဉ် တစ်ခုလုံးသည်
( ၁၅ ) မိနစ်ပင် မပြည့်ခဲ့ချေ။
…
"ဟို..."
အလှပဂေး အေးဂျင့်မလေးသည် ကြောင်အမ်းအမ်း ဖြစ်နေပုံ ရသည်။
ခွဲစိတ်မှုပြီးပြီဟု အသိပေးလိုက်သည့် အချိန်တွင် သူမသည် ယဲ့ဖန် ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်သော ကျည်ဆံကို တစ်လှည့်၊ အပ်အိတ်ကို သိမ်းဆည်းနေသော ယဲ့ဖန်ကို တစ်လှည့် ကြည့်လိုက်မိ၏။ သူမ ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။
ယဲ့ဖန်က "အဝတ်အစား ပြန်ဝတ်လို့ ရပြီနော်" ဟု သတိပေးလိုက်မှသာ သူမ သတိဝင်လာခဲ့သည်။ ထို့နောက် ကပျာကယာ လှည့်၍ အဝတ်အစား ပြန်ဝတ်လေသည်။
အဝတ်အစားများ ပြန်လည် ဝတ်ဆင်နေချိန်၌လည်း သူမသည် အံ့ဩ တုန်လှုပ်နေဆဲ ဖြစ်ပုံ ရသည်။
အဝတ်အစားများ သေသေသပ်သပ် မဖြစ်သေးသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ယဲ့ဖန်ဘက်သို့ လှည့်ကြည့်ကာ အလန့်တကြား မေးမြန်းလိုက်လေသည်။
"ရှင်က မျက်လှည့်တတ်တာလား"
"ဒါက.. ဒါက ယုံတောင် မယုံနိုင်စရာပဲ"
"ခုနကတင် ကျွန်မ သေရတော့မယ်လို့ ခံစားနေရတာ.. ရှင်က ကျည်ဆံထုတ်ပြီး ရိုးရိုးရှင်းရှင်းပဲ ကုပေးလိုက်တယ်။ ပြီးတော့ အဲဒီအပ်သေးသေးလေးတွေနဲ့ အချက်ပေါင်းများစွာ လိုက်ထိုးတယ်... အခုကျတော့ ကျွန်မက ရှင်သန်လန်းဆန်းနေပြီလား"
"..."
"ပြီးတော့လေ.. ခုနက ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေပြီး ခါးဆိုရင်လည်း ပြတ်ထွက်သွားမတတ် နာနေတာ။ ရှင် ကုပေးပြီးတာနဲ့ အဲဒီ ဝေဒနာတွေအကုန် ပျောက်သွားပြီ"
"အထူးဆန်းဆုံးကလေ.. ဒီလောက်ထိ ထိရောက်တဲ့ ခွဲစိတ်မှုတစ်ခုလုံးကို မိနစ် ၂၀ တောင် မကြာဘဲ ပြီးသွားတာပဲ ကျွန်မတို့ အင်ပါယာက နန်းတွင်းဆရာဝန်တွေ အူအတက်ဖြတ်တာထက်တောင် ပိုမြန်နေသေးတယ်"
ယဲ့ဖန်သည် သူမ၏ စကားများကို ပြန်မဖြေခဲ့ပေ။
အဝတ်အစားများကြားမှ ဖုံးကွယ်မရသော သူမ၏ ကောက်ကြောင်းအလှကိုသာ တစ်ချက်ကြည့်လိုက်ပြီး ပခုံးတွန့်ပြရင်း ပြောလိုက်သည်။
“စကားမပြောခင် အဝတ်အစားလေး အရင်ဝတ်ပါဦးလား”
"မဟုတ်ရင် ငါ့ကို မြှူဆွယ်နေတယ်လို့ ထင်မိတော့မယ်"
အေးဂျင့်မလေးသည် ယဲ့ဖန်၏ အကြည့်ကို သတိထားမိသွားသဖြင့် ချက်ချင်းပင် ခေါင်းငုံ့ကာ အဝတ်အစားကို မြန်မြန်ဆန်ဆန် ပြန်လည်ဝတ်ဆင်လိုက်သည်။
ပြီးတော့မှ ခပ်အမ်းအမ်း လေသံဖြင့် "အထင်မလွဲပါနဲ့နော်"
"ကျွန်မက အရမ်းအံ့ဩသွားလို့ပါ"
"ရှင့်ရဲ့ ဆေးပညာက တကယ့်ကို အံ့မခန်းပဲ။ နေမဝင်အင်ပါယာက ဟယ်ရီပေါ်တာရဲ့ မှော်ပညာထက်တောင် ပိုဆန်းကြယ်နေသေးတယ်"
ယဲ့ဖန်သည် ပြုံးလိုက်ပြီး "လူတိုင်း အဲဒီလိုပဲ ပြောကြတယ်" ဟု ပြန်ဖြေလေသည်။
စကားပြောရင်း သူမ၏ ဒဏ်ရာ ရှိသောနေရာကို လှမ်းကြည့်လိုက်၏။
"ကဲ.. မင်း အနားယူဖို့ လုံခြုံတဲ့နေရာ တစ်ခုကို ငါ ခေါ်သွားပေးမယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာကို ငါ ကုပေးလိုက်ပြီ ဆိုပေမယ့် လုံးဝ ပြန်ကောင်းဖို့ကတော့ နှစ်ရက် သုံးရက်လောက် နားဖို့ လိုသေးတယ်"
"နောက် နှစ်ရက် သုံးရက်အတွင်းမှာ လှုပ်ရှားမှု ပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ဦး။ အနားများများယူပါ။ ဒါနဲ့... နားနေရင်း ကျေးဇူးဆပ်ဖို့ ကိစ္စပါ စဉ်းစားထားပေါ့"
အေးဂျင့်မလေးသည် ယဲ့ဖန်ကို အတော်လေး အကြည်ညိုဝင်သွားပုံရသည်။ ဤတစ်ကြိမ်တွင် မည်သို့မျှ ငြင်းဆန်မနေတော့ချေ။
"ကျေးဇူးပါပဲ" ဟု ပြောပြီးနောက် သူမက "ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမလဲ" ဟု မေးလာသည်။
"အတိအကျတော့ မစဉ်းစားရသေးဘူး"
ယဲ့ဖန်သည် သူမကို စိုက်ကြည့်လိုက်ပြီး
"ဒါပေမယ့် ငါ့စိတ်ထင်.. မင်းဆီမှာ ငါ.. စိတ်ဝင်စားလောက်မယ့် သတင်းအချက်အလက်တချို့ ရှိနေမယ် ထင်တယ်"
"မင်းဘက်က အဆင်ပြေမယ်ဆိုရင် မိတ်ဆက်စကားလေး ဘာလေး ပြောပြပါလား"
"မိတ်ဆက်ရမယ်.. အင်တာဗျူး ဖြေရသလိုမျိုးလား" အေးဂျင့်မလေးသည် ဟာသဉာဏ်အနည်းငယ် ရှိပုံရသည်။ သူမသည် နောက်နောက်ပြောင်ပြောင်လေး ပြန်ပြောလေသည်။
"ကျွန်မ နာမည်က ကယ်လီနာ (Kalina) ပါ"
"ကျွန်မ ဘယ်သူလဲဆိုတာတော့ ခုနက အသေလှဲကျသွားတဲ့ လူတွေ ပြောတာ ကြားလိုက်မှာပါ။ ကျွန်မက နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့်တစ်ယောက်ပါ"
"ပြီးတော့ ရာထူးမြင့်တဲ့ တော်ဝင်အေးဂျင့် တစ်ယောက်ပေါ့"
ယဲ့ဖန်သည် ခေါင်းတစ်ချက်ညိတ်ပြီး ဆက်ပြောရန် အမူအရာပြလိုက်သည်။
"အိုကေ.. မစ္စစ် ကယ်လီနာ။ မင်းက နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့်တစ်ယောက် ဖြစ်နေပါလျက်နဲ့ ဘာလို့ ကိုယ့်နိုင်ငံက လူမိုက်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရတာလဲ"
"ငါ နေမဝင်အင်ပါယာကို မရောက်ဖူးပေမဲ့ ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီက နန်းတွင်းထောက်လှမ်းရေးအဖွဲ့.. အထူးသဖြင့် ရာထူးကြီးတဲ့ အေးဂျင့်တွေဆိုရင် နိုင်ငံထဲမှာ လုပ်ပိုင်ခွင့်အာဏာ အများကြီး ရှိတယ်မလား"
"မင်းလို ရာထူးမျိုးနဲ့ လူတစ်ယောက်က ဘာလို့ ကိုယ့်နိုင်ငံက လူမိုက်တွေကြောင့် တရုတ်ပြည်အထိ ထွက်ပြေးလာရတာလဲ"
ယဲ့ဖန် မေးလိုက်သောအခါ ကယ်လီနာ၏ မျက်နှာသည် တောင့်ခဲသွားလေသည်။
သူမသည် ခဏမျှ စဉ်းစားပြီးမှ ခေါင်းခါလိုက်၏။ ဝမ်းနည်းသော အမူအရာဖြင့်
"ထားလိုက်ပါတော့လေ"
"အဲဒီနေရာက ကျွန်မ လွမ်းဆွတ်တမ်းတနေဖို့၊ ၁၀၀ ရာခိုင်နှုန်း သစ္စာရှိနေဖို့ မတန်တော့ပါဘူး"
"ရှင်က ကျွန်မရဲ့ အသက်သခင်ပဲ.. ပြောပြလိုက်တာ ပိုကောင်းပါတယ်"
ယဲ့ဖန်သည် သူမ ဆက်ပြောလာမည့်အရာကို စောင့်ဆိုင်းနေလိုက်သည်။
"ဒါပေမဲ့ ကျွန်မ ပြောမယ့်ကိစ္စကို လျှို့ဝှက်ထားပေးဖို့တော့ မျှော်လင့်ပါတယ်။ ဒီကိစ္စက အရမ်းအရေးကြီးလို့ပါ..." ကယ်လီနာက ထပ်ဖြည့်ပြောလေသည်။
"တကယ်လို့ အဲဒီလူတွေသာ ကျွန်မကို ဒီလောက်ထိ နာကျင်အောင် မလုပ်ခဲ့ဘူးဆိုရင်.. နှစ်ပေါင်းများစွာ ကိုးကွယ်ယုံကြည်လာတဲ့ ကျွန်မရဲ့ ယုံကြည်ချက်ကိုသာ မဖျက်ဆီးခဲ့ဘူးဆိုရင်.. ရှင့်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး"
ယဲ့ဖန်က စိတ်ချပါဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှသာ ကယ်လီနာသည် ဖွင့်ဟပြောဆိုလာလေသည်။
"ကျွန်မ ဒီလိုအခြေအနေမျိုး ရောက်သွားရတာ ကျွန်မရဲ့ အထက်လူကြီးကြောင့်ပါပဲ။ သူ ပြောင်းလဲသွားပြီ..."
"သူက မြောင်းပုတ်ထဲက ကြွက်စုတ်တွေလို ရွံစရာကောင်းပြီး အရုပ်ဆိုးအကျည်းတန်တဲ့ လူတစ်ယောက် ဖြစ်သွားပြီ"
"ကျွန်မ ယုံကြည်ရတဲ့ ပါတနာတွေကို နေရာပြောင်းပစ်တယ်။ ကျွန်မကို ချောက်ချတယ်။ တော်ဝင်အေးဂျင့်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို သုံးမရအောင် လုပ်ပစ်တယ်။ အစိုးရနဲ့ အဖွဲ့အစည်းရဲ့ ကာကွယ်ပေးမှုတွေ ဘာမှမရတော့ဘဲ ရာထူးကြီး တော်ဝင်အေးဂျင့်ဖြစ်တဲ့ ကျွန်မကို ဝရမ်းပြေးတစ်ယောက်အဖြစ် သတ်မှတ်လိုက်တယ်"
"ဒီနေ့ လိုက်သတ်ကြတဲ့ လူတွေဆိုတာကလည်း သူနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ မိသားစုကြီး တစ်စုက မွေးထားတဲ့ လူမိုက်တွေပဲ"
"တရားဝင် တာဝန်ရှိသူတွေ ကျွန်မကို မတွေ့ခင် ကျွန်မကို အပြီးတိုင် နှုတ်ပိတ်ပစ်ချင်နေတာ ကျွန်မရဲ့ အထက်လူကြီးပဲ ဖြစ်မယ်လို့ သံသယဝင်စရာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိတယ်..."
ယဲ့ဖန်သည် သူမ၏ စကားများမှ တန်ဖိုးရှိသော သတင်းအချက်အလက်များစွာကို အလွယ်တကူ ရရှိလိုက်သည်။
ကယ်လီနာသည် သူမ၏ အထက်လူကြီးအကြောင်း ပြောသည့်အခါ အံကိုကြိတ်ထားပြီး ဖျက်ဆီးပစ်ချင်နေပုံ ပေါက်နေလေသည်။
ယဲ့ဖန်သည် အချိန်မဆွဲဘဲ အဓိကကျသော မေးခွန်းအချို့ကို တန်း၍ မေးလိုက်၏။
"မင်းရဲ့ အထက်လူကြီးက ဘာလို့ မင်းကို ချောက်ချတာလဲ ဘာလို့ နှုတ်ပိတ်ချင်နေရတာလဲ"
"ပြီးတော့ မင်း ပြောတဲ့ နေမဝင်အင်ပါယာက မိသားစုကြီးနဲ့ မင်းရဲ့ အထက်လူကြီး ပေါင်းစားနေတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ"
"အဲဒါတွေအကုန် ပြောပြစမ်းပါ”
အခန်း (၁၆၁၈) - လှပသော အေးဂျင့်မလေး၏ ဇာတ်လမ်း
~"တော်ဝင် မိသားစုအပြင်... နေမဝင် အင်ပါယာမှာ အဓိက မြို့စား မိသားစုကြီး (၄) ခု ရှိတာကို ရှင် သိတယ် မဟုတ်လား"
ကယ်လီနာက မေးလိုက်၏။
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်မှ သူမက ဆက်ပြောလေသည်။
"အဲဒီ မြို့စား မိသားစုကြီး (၄) ခုထဲမှာ 'ဒီဗွန်ရှိုင်းယား' (Devonshire) ဆိုတဲ့ မိသားစု တစ်ခု ရှိတယ်"
"သူတို့ မိသားစုရဲ့ အဆက်အသွယ်တွေက တော်တော်လေး ရိုင်းစိုင်း ကြမ်းတမ်းတယ်"
"တော်ဝင် မိသားစုကလွဲရင်... နေမဝင် အင်ပါယာရဲ့ အဓိက မြို့စား မိသားစုကြီး (၄) ခုထဲမှာ တစ်ခု အပါအဝင် ဖြစ်ပေမယ့်... သူတို့ မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေက မှောင်ခိုကုန်ကူးတာကနေ စလို့ သေနတ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာအထိ အကုန်ပါတယ်...၊ အရာအားလုံး ပါဝင်ပတ်သက်နေတယ်လို့ ပြောလို့ရတယ်"
"ဒီမိသားစုကို နေမဝင် အင်ပါယာက အထက်တန်းလွှာတွေ၊ ဒါမှမဟုတ် အမှန်တရားကို သိတဲ့သူတွေက အရမ်း ရွံရှာကြတယ်"
"အထူးသဖြင့် ကျွန်မတို့လို တော်ဝင် အေးဂျင့်တွေ အတွက်တော့... သူတို့ကို အင်ပါယာရဲ့ မင်းမျိုးမင်းနွယ်တွေကြားက အမှိုက်သရိုက်တွေ၊ အရှက်ရစရာတွေ အဖြစ် သတ်မှတ်ထားကြတယ်"
"..."
ယဲ့ဖန်သည် သူမ၏ ရှည်လျားသော စကားများမှ အဓိက သတင်းစကားကို အကဲခတ်မိလိုက်လေ၏။ "မင်းရဲ့ အထက်လူကြီးက အဲဒီ ဒီဗွန်ရှိုင်းယား မိသားစုနဲ့ ပူးပေါင်းနေတာပေါ့... ဟုတ်လား"
ကယ်လီနာ၏ မျက်လုံးများထဲတွင် အမုန်းတရားများ လက်ခနဲ ဖြစ်သွားသည်။ သူမ အံကို ထပ်မံ ကြိတ်လိုက်ပြီး ပြောလိုက်လေ၏။ "ဟုတ်တယ်"
"အဲဒီ အရှက်မရှိတဲ့ အမှိုက်ကောင်...၊ ကျွန်မတို့နဲ့ အတူတူ ရှိတုန်းကဆိုရင် ဒီဗွန်ရှိုင်းယား မိသားစုကို တစ်ကြိမ်မက ဝေဖန်ခဲ့ဖူးတယ်...၊ သူတို့ကို မကောင်းတဲ့ စံနမူနာတွေ အဖြစ် သတ်မှတ်ခဲ့ဖူးတယ်...၊ သူက အမြဲတမ်း သူတော်ကောင်း ယောင်ဆောင်နေခဲ့တာ"
"ဒါပေမဲ့ သူက ကွယ်ရာမှာ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ အမွေဆက်ခံသူနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး...၊ အဲဒီ လူအုပ်စုနဲ့ တုန်လှုပ်စရာ ကောင်းတဲ့ သဘောတူညီချက်တွေတောင် လုပ်ထားသေးတယ်..."
"..."
"နေမဝင် အင်ပါယာက ဂျယ်ရီ ဘားရိုး မိသားစု တစ်ခုခု ဖြစ်သွားတာကို ရှင်လည်း သိမှာပါ...၊ ဂျယ်ရီ ဘားရိုး မိသားစုရဲ့ မရေမတွက်နိုင်တဲ့ စုဆောင်းမှုတွေ နေရာအနှံ့ ပျံ့နှံ့သွားတယ် ဆိုတာကိုရော ကြားပြီးပြီ မဟုတ်လား"
သူမက ခေါင်းစဉ်ကို ရုတ်တရက် ပြောင်းလိုက်ပြီး သူနှင့် သက်ဆိုင်သော အကြောင်းအရာ တစ်ခုကို ပြောလာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပေ။
သူသည် ခေတ္တမျှ တွေဝေသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ "ငါ ကြားဖူးပါတယ်"
ကယ်လီနာသည် ထိုကိစ္စကို သိပ်ပြီး အလေးမထားဟန်ဖြင့် ဆက်ပြောလေ၏။ "အဲဒီ ကိစ္စ ဖြစ်ပြီးတဲ့နောက်... နေမဝင် အင်ပါယာရဲ့ လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်းကလည်း ဒါကို အလေးအနက်ထား ကိုင်တွယ်ခဲ့တယ်"
"တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းက အဖွဲ့တိုင်းလိုလို မစ်ရှင်တစ်ခု ချက်ချင်း လက်ခံရရှိခဲ့တယ်...၊ နေမဝင် အင်ပါယာ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ တန်ဖိုးကြီး စုဆောင်းမှု တချို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့၊ ဒါမှမဟုတ် အခွင့်ကောင်းယူပြီး ရာဇဝတ်ကောင် တချို့ကို ဖမ်းဆီးဖို့ တာဝန်တွေ ပေးအပ်ခံရတယ်..."
"အဲဒီအချိန်တုန်းက ကျွန်မ ပါဝင်တဲ့ အဖွဲ့ကို နေမဝင် အင်ပါယာရဲ့ အေးဂျင့်တွေက စီစဉ်ပေးခဲ့တာ...၊ တခြား အဖွဲ့ (၂) ဖွဲ့နဲ့ ပူးပေါင်းပြီး ငါတို့က ပိုပြီး ဈေးကြီးတဲ့ စုဆောင်းမှု တချို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ တာဝန်ယူခဲ့ရတယ်"
"ကျွန်မကတော့ အရမ်း ဈေးကြီးတဲ့ ရှေးဟောင်းပစ္စည်း တစ်ခုကို ခြေရာခံဖို့ တာဝန်ကျခဲ့တယ်...၊ နေမဝင် အင်ပါယာ ပန်းချီလောကရဲ့ ဖခင်ကြီး ဝီလျံ ဟိုဂါ့သ် (William Hogarth) ရဲ့ ကိုယ်ပုံတူ ပန်းချီကားပေါ့"
"..."
ယဲ့ဖန်သည် သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း ဖုန်းဖြင့် ပေါ့ပေါ့ပါးပါး ရှာဖွေကြည့်လိုက်သည်။
မကြာမီ... အချက်အလက် တချို့ ပေါ်လာတော့သည်။
ဝီလျံ ဟိုဂါ့သ် သည် နေမဝင် အင်ပါယာရှိ တော်ဝင် အနုပညာနှင့် လက်မှုပညာ အကယ်ဒမီ (Royal Academy of Arts and Crafts) ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူသည် (၁၈) ရာစု၏ ကျော်ကြားသော ပန်းချီဆရာ၊ ပန်းပုဆရာ၊ သရော်စာရေးဆရာနှင့် ဥရောပ ကာတွန်း ရုပ်ပြများ၏ ရှေ့ဆောင်လမ်းပြ တစ်ဦး ဖြစ်သည်။ သူ၏ လက်ရာများမှာ လက်တွေ့ဆန်သော ပုံတူပန်းချီများမှ ကာတွန်း ဇာတ်လမ်းတွဲများအထိ ပါဝင်သည်။ သူ၏ လက်ရာ အများစုသည် ထိုခေတ်က နိုင်ငံရေးနှင့် ဓလေ့ထုံးစံများကို သရော်လှောင်ပြောင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ထိုစတိုင်လ်ကို 'ဟိုဂါ့သ် စတိုင်လ်' (Hogarth Style) ဟု ခေါ်ဆိုကြပြီး သူ့ကိုလည်း 'နေမဝင် အင်ပါယာ ပန်းချီလောက၏ ဖခင်ကြီး' ဟု လူသိများကြသည်။
သူ့ကိုယ်ပုံတူ ပန်းချီကားသည် အလွန် ရှားပါးပြီး ထူးခြားလှသဖြင့် အနောက်တိုင်း စုဆောင်းမှု ဈေးကွက်တွင် တန်ဖိုး အလွန် ကြီးမားလေသည်။
လက်ရှိ ဈေးကွက် ပေါက်ဈေးအရ ဒေါ်လာ သန်း (၃၀) ခန့် ရှိပြီး၊ တရုတ်ငွေ ယွမ် (၂၂၀) သန်းခန့်နှင့် ညီမျှပေ၏။
"နှစ်ရက်ဆက်တိုက် အိပ်ရေးပျက်ခံပြီး စုံစမ်းစစ်ဆေးခဲ့တာ...၊ နေမဝင် အင်ပါယာ ပန်းချီလောကရဲ့ ဖခင်ကြီး ဝီလျံ ဟိုဂါ့သ်ရဲ့ ကိုယ်ပုံတူ ပန်းချီကားက မှောင်ခိုဈေးကွက်က မှောင်ခိုသမား တစ်ယောက် လက်ထဲမှာ ရှိနေတယ် ဆိုတာ သိလိုက်ရတယ်...၊ အဲဒီ မှောင်ခိုသမား လက်ထဲကနေ ရဖို့ ကျွန်မ တော်တော်လေး ကြိုးစားခဲ့ရတယ်...၊ ဒါပေမဲ့ ကျွန်မရဲ့ အထက်လူကြီးဆီ အပ်ပြီး သူ့ဆီက ချီးကျူးစကား ကြားရပြီး မကြာခင်မှာပဲ... တခြား စုဆောင်းမှု တစ်ခုကို စုံစမ်းနေတုန်း ဒီဗွန်ရှိုင်းယား မိသားစုက မှောင်ခိုထုတ်မယ့် ပစ္စည်းစာရင်းထဲမှာ အဲဒီ ပန်းချီကား ပါနေတယ် ဆိုတာ ကျွန်မ မတော်တဆ ကြားလိုက်ရတယ်..."
ကယ်လီနာက ဆက်ပြောလေ၏။
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အခြေအနေကို ယဲ့ဖန် ..ခပ်မြန်မြန်.. နားလည်သွားတော့သည်။
ကယ်လီနာက နေမဝင် အင်ပါယာ ပန်းချီလောက၏ ဖခင်ကြီး ဝီလျံ ဟိုဂါ့သ်၏ ကိုယ်ပုံတူ ပန်းချီကားကို စုံစမ်းဖို့ တာဝန်ယူခဲ့ရ၏။ ခက်ခက်ခဲခဲ ရယူပြီးနောက် သူမ ယုံကြည်ရသော အထက်လူကြီး လက်ထဲသို့ အပ်နှံခဲ့သော်လည်း၊ ထိုပစ္စည်းက ဒီဗွန်ရှိုင်းယား မိသားစုဆီ ရောက်သွားကြောင်း တွေ့ရှိခဲ့ရသည်။
ထို့နောက် သူမသည် တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်း၏ မော်ကွန်းတိုက်သို့ တိတ်တဆိတ် သွားရောက် စစ်ဆေးခဲ့ရာ... သူမ အပ်နှံခဲ့သော ဝီလျံ ဟိုဂါ့သ်၏ ကိုယ်ပုံတူ ပန်းချီကားမှာ လဲလှယ်ခံထားရကြောင်း တွေ့ရှိလိုက်ရ၏။
တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်း၏ မော်ကွန်းတိုက်သို့ အပ်နှံထားပြီး နေမဝင် အင်ပါယာ၏ ပရဟိတ လေလံပွဲတွင် ထည့်သွင်းမည့် ဝီလျံ ဟိုဂါ့သ်၏ ကိုယ်ပုံတူ ပန်းချီကားမှာ အတု ဖြစ်နေချေသည်။ ထိုပန်းချီကား အတုသည် အသေးစိတ် အချက်အလက်များ (၁၀၀) ရာခိုင်နှုန်းနီးပါး တူညီအောင် ပြန်လည် ဖန်တီးထားခြင်း ဖြစ်၏။
ဒါတင် မကသေးပေ။ သူမ အဖွဲ့မှ အခြား အဖွဲ့ဝင်များ ပြန်လည် သိမ်းဆည်း ရမိထားသော တန်ဖိုးကြီး ပစ္စည်းများလည်း ခိုးယူခံထားရကြောင်း တွေ့ရှိလိုက်ရသည်။
အခြား တစ်ဖက်တွင်မူ... တခြား အဖွဲ့များ အပ်နှံထားသော ပစ္စည်းများတွင် ဘာပြဿနာမှ မရှိပေ။
သူမသည် သူမ၏ အထက်လူကြီးကို သံသယ ဝင်လာပြီး တိတ်တဆိတ် စုံစမ်း စစ်ဆေးခဲ့သည်။
သူမ တကယ်ပဲ တုန်လှုပ်စရာ ကောင်းသော လျှို့ဝှက်ချက် တစ်ခုကို တူးဖော်မိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ပစ္စည်းအစစ်တွေကို အတုတွေနှင့် လဲလှယ်နေသော လုပ်ရပ်တွေ အားလုံးက သူမ၏ အထက်လူကြီး တိတ်တဆိတ် လုပ်ဆောင်နေတာ ဖြစ်နေသည်။
သူမ၏ အထက်လူကြီးသည် ဒီဗွန်ရှိုင်းယား မိသားစု၏ အမွေဆက်ခံသူနှင့် ပူးပေါင်းကာ ဒီဗွန်ရှိုင်းယား မိသားစု၏ လမ်းကြောင်းများကို အသုံးပြုပြီး၊ (၁၀၀) ရာခိုင်နှုန်း တူညီအောင် တုပထားသော ပစ္စည်းအတုများနှင့် ပြန်လည် သိမ်းဆည်း ရမိထားသော တန်ဖိုးကြီး စုဆောင်းမှုများကို လဲလှယ်နေခြင်း ဖြစ်ချေသည်။
နောက်ပိုင်းတွင် သူမ၏ စုံစမ်းစစ်ဆေးမှု လှုပ်ရှားမှုများကို အထက်လူကြီးက သိရှိသွားသောကြောင့် ယနေ့ ဤအခြေအနေသို့ ရောက်ရှိလာရခြင်း ဖြစ်သည်။
"သူက ထောင်ချောက်တစ်ခု တမင်တကာ ဆင်ခဲ့တာ...၊ ကျွန်မက သဲလွန်စ ရဖို့အတွက် မှောင်ခိုသမား တစ်ယောက်နဲ့ အရောင်းအဝယ် လုပ်သလို ဟန်ဆောင်နေတဲ့အချိန်မှာ... သူက မှောင်ခိုသမားနဲ့ ပူးပေါင်းပြီး ကျွန်မဟာ အမြတ်ရဖို့အတွက် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေကို တိတ်တဆိတ် မှောင်ခိုထုတ်ချင်နေပါတယ် ဆိုပြီး စွပ်စွဲခဲ့တာ..."
"အဲဒီအချိန်တုန်းက ကျွန်မကို ယုံကြည်တဲ့ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း သူက အဝေးကို ပို့ပစ်လိုက်တယ်"
"ဒါ့အပြင်... အဲဒီ မှောင်ခိုသမားကလည်း ကျွန်မက သူ့ကို တန်ဖိုးကြီး စုဆောင်းမှု တစ်ခု မှောင်ခိုထုတ်ပေးဖို့ အပ်နှံချင်နေပါတယ် ဆိုပြီး အခိုင်အမာ ပြောခဲ့တယ်...၊ သက်သေ အနေနဲ့ အသံဖိုင်တောင် ရှိနေသေးတယ်..."
ထိုအကြောင်း ပြောသောအခါ ကယ်လီနာ အနည်းငယ် စိတ်ဆိုးဒေါသထွက်လာပုံ ရသည်။
"အဲဒီ ရွံစရာကောင်းတဲ့ လူက အရမ်း ယုတ်မာလွန်းတယ်"
"ကျွန်မ တိတ်တဆိတ် စုံစမ်းနေတာကို သူ သိသွားလို့ နေမှာ...၊ သူက အစောကြီးကတည်းက အပြစ်အနာအဆာ မရှိတဲ့ ထောင်ချောက် တစ်ခု ဆင်ထားပြီး ကျွန်မကိုတောင် ငါးစာ အဖြစ် ပစ်မှတ်ထားခဲ့တာ"
"ကျွန်မ ဂုဏ်သိက္ခာ ကျဆင်းသွားရုံတင် မကဘူး... အိမ်ပြန်ဖို့လည်း ခက်ခဲသွားပြီ...၊ ဘယ်အချိန် ဘယ်နေရာမှာမဆို နှုတ်ပိတ်ခံရမယ့် အန္တရာယ်ကို အမြဲ သတိထားနေရတယ်..."
ယဲ့ဖန်သည် ကယ်လီနာ၏ ခံစားချက်များကို ကိုယ်ချင်းစာမနေပေ။
သူ့အတွက် တန်ဖိုးရှိသော သတင်းအချက်အလက် ဘယ်လောက် ရမလဲ ဆိုတာကိုသာ ဂရုစိုက်သည်။
ကယ်လီနာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ ခေတ္တမျှ တွေးတောလိုက်ပြီး မေးလိုက်လေ၏။ "နေမဝင် အင်ပါယာရဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်းထဲမှာ မင်း သူငယ်ချင်းတွေ အများကြီး ရှိလား"
"အရမ်း ယုံကြည်ရတဲ့ သူမျိုးကို ပြောတာ"
"သုံးယောက် ရှိတယ်...၊ ကျွန်မတို့က အသက်အန္တရာယ် ရှိတဲ့ အခြေအနေတွေကို အတူတူ ဖြတ်သန်းခဲ့ကြတာ...၊ ညီအစ်မအရင်းတွေထက်တောင် ပိုရင်းနှီးကြတယ်"
ကယ်လီနာက တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။ "ကျွန်မအကြောင်း ကြားပြီးတာနဲ့ သူတို့တွေ အကုန်လုံး ကျွန်မအတွက် လက်စားချေဖို့ ကျွန်မအထက်လူကြီးကို လုပ်ကြံဖို့ ပြင်ဆင်ခဲ့ကြတယ်"
"ဒါပေမဲ့ ကျွန်မ တားလိုက်တယ်"
“သူတို့က လောလောဆယ် နေမဝင် အင်ပါယာမှာ ရှိနေကြပြီး... ကျွန်မ အထက်လူကြီးရဲ့ အပြစ်အနာအဆာတွေကို တက်ကြွစွာ ရှာဖွေနေကြတယ်...၊ ကျွန်မအတွက် အမှုမှန် ပေါ်ပေါက်လာအောင် ကူညီဖို့ ကြိုးစားနေကြတာ…”
အခန်း (၁၆၁၉) - မင်းက ငါ့ကိုတောင် မြှူဆွယ်ရဲနေပြီပေါ့လေ
~ယဲ့ဖန်သည် သူတစ်ပါးကို လွယ်လွယ်ကူကူ ယုံကြည်တတ်သူ တစ်ယောက် မဟုတ်ပေ။
ကယ်လီနာ၏ စကားကို ကြားသောအခါ သူက အလိုအလျောက်ပင် မေးလိုက်လေ၏။
"အဲ့ဒီ သူငယ်ချင်း သုံးယောက်ကို ယုံကြည်နိုင်တယ်ဆိုတာ သေချာလို့လား"
ကယ်လီနာက သေချာသည့်ဟန်ဖြင့် ပြန်ဖြေ၏။
"သေချာပါတယ်"
"ဘာဖြစ်လို့လဲဆိုတော့... အဲဒီ သုံးယောက်လုံးကလည်း ကျွန်မလိုပဲ မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာကြတာလေ"
"ပြီးတော့ ကျွန်မတို့တွေမှာ ဆင်တူတဲ့ ကြေကွဲစရာ အတွေ့အကြုံတွေလည်း ရှိကြတယ်"
"ကျွန်မတို့ အကုန်လုံးက စစ်ဇုန် တစ်ခုတည်းက လာကြတာပါ...၊ တပ်စု တစ်ခုတည်းမှာ လက်တွဲခဲ့ကြတယ်...၊ လေ့ကျင့်ရေးတွေ အတူတူ ဆင်းခဲ့ကြတယ်...၊ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြတယ်...၊ တစ်ယောက် အသက်ကို တစ်ယောက် အကြိမ်ကြိမ် ကယ်ခဲ့ကြဖူးတယ်..."
"နေမဝင် အင်ပါယာမှာ... မောင်နှမအရင်းတွေတောင် ကျွန်မတို့ကြားက သံယောဇဉ်နဲ့ ခင်မင်ရင်းနှီးမှုလောက် နက်ရှိုင်းမှာ မဟုတ်ဘူး"
"ကျွန်မရဲ့ အထက်လူကြီးနဲ့ ဒီဗွန်ရှိုင်းယား မိသားစု ဆင်ထားတဲ့ ထောင်ချောက်နဲ့ လုပ်ကြံမှုကနေ ကျွန်မ လွတ်မြောက်လာနိုင်ခဲ့တာလည်း... သူတို့ရဲ့ တိတ်တဆိတ် အကူအညီကြောင့်ပဲ"
"သူတို့သာ မရှိရင်... ကျွန်မ နေမဝင် အင်ပါယာကနေ အရှင်ထွက်လာနိုင်မယ့် အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး"
"..."
ယဲ့ဖန်သည် သူမ၏ ယုံကြည်ချက် ပြည့်ဝနေသော စကားများကို ကြားလိုက်ရသော်လည်း အနည်းငယ် သံသယ ဝင်နေဆဲပင်။ သို့သော် သူက ထုတ်မမေးတော့ပေ။
ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်လေသည်။
"ငါ နောက် (၂) ရက်လောက်နေရင် နေမဝင် အင်ပါယာကို သွားရဖို့ ရှိတယ်"
"အဲဒီမှာ... ငါတို့က အနက်ရှိုင်းဆုံး ပုန်းအောင်းနေတဲ့ လူတချို့ကို လိုက်ရှာရလိမ့်မယ်...၊ မင်းတို့ရဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်းတောင်မှ ခြေရာခံဖို့ ခက်ခဲနိုင်တယ်"
"မင်း သူငယ်ချင်းတွေက ကူညီပေးနိုင်မလား"
ထိုစကားကို ကြားသောအခါ ကယ်လီနာသည် သိသိသာသာ တွန့်ဆုတ်သွားပြီးမှ ပြန်ဖြေလေ၏။ "နေမဝင် အင်ပါယာရဲ့ နိုင်ငံတော် အကျိုးစီးပွားနဲ့ မဆန့်ကျင်ဘူး ဆိုရင်တော့... သူတို့ကို အကန့်အသတ်မရှိ ကူညီခိုင်းလို့ ရပါတယ်"
"သူတို့က နေမဝင် အင်ပါယာရဲ့ အဆင့်မြင့် တော်ဝင် အေးဂျင့် ဆိုတဲ့ အထောက်အထားကို သုံးပြီးတော့တောင် ရှင့်ကို ကူညီပေးနိုင်တယ်"
"ဒါပေမဲ့... နေမဝင် အင်ပါယာရဲ့ တော်ဝင် မိသားစု အကျိုးစီးပွားနဲ့ ပဋိပက္ခ ဖြစ်မယ့် ကိစ္စမျိုး ဆိုရင်တော့..."
ယဲ့ဖန် ခေတ္တမျှ စဉ်းစားလိုက်ပြီး အမှန်တစ်ဝက် အမှားတစ်ဝက် ရောကာ ပြောလိုက်လေ၏။ "ငါက နေမဝင် အင်ပါယာမှာ ကျင်းပမယ့် ပရဟိတ လေလံပွဲကို တက်ရောက်ဖို့ သွားမှာပါ"
"ဒါပေမဲ့... ငါ့မှာ ရန်သူတစ်စု ရှိနေတယ်...၊ သူတို့ရဲ့ အင်အားနဲ့ စွမ်းရည်က အရမ်း ကြီးမားတယ်...၊ သူတို့က ကွယ်ရာမှာ လှုပ်ရှားတတ်ပြီး ဘာမဆို လုပ်ရဲတဲ့ လူမျိုးတွေ..."
"ပြီးတော့... အဲ့ဒီလူမျိုးတွေကလည်း ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေကို အရမ်း စိတ်ဝင်စားနေကြတယ်..."
"ဒါဆိုရင်တော့... ကျွန်မ သူငယ်ချင်းတွေကို ရှင် ခိုင်းလို့ ရပါပြီ...၊ အဲဒီလို ကပ်ပါး လူမျိုးတွေကို ရှာဖွေ ဖယ်ရှားပစ်ဖို့ ဆိုရင်တော့... သူတို့က သေချာပေါက် ကူညီပေးကြမှာပါ"
ယဲ့ဖန်သည် သူမ၏ ဇာတ်လမ်းကို အချိန် အတော်ကြာ နားထောင်ခဲ့သော်လည်း ကြီးကြီးမားမား ခံစားချက် မရှိခဲ့ပေ။
သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ သူ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိလေ၏။
သူ့ကြိုးပမ်းမှုတွေက နောက်ဆုံးတော့ အရာထင်လာခဲ့ချေပြီ။
နေမဝင် အင်ပါယာ၏ အဆင့်မြင့် တော်ဝင် အေးဂျင့် အနည်းငယ်၏ ထောက်လှမ်းရေး ကွန်ရက်နှင့် ခင်မင်ရင်းနှီးမှု။
ဒီအရာတွေကိုသာ သင့်တော်သလို အသုံးချနိုင်ခဲ့ပါက.. အရေးကြီးသော အချိန်ကျလျှင် မမျှော်လင့်ထားသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်လိမ့်မည်။
ကယ်လီနာနှင့် စကား အနည်းငယ် ပြောပြီး ဆက်သွယ်ရန် လိပ်စာများ ဖလှယ်ပြီးနောက်... ယဲ့ဖန်သည် ဖုန်းရှောက်ခွန်းနှင့် ဖူမာကျန်းဝူတို့ထံ အသီးသီး ဖုန်းဆက်လိုက်လေသည်။
ထို့နောက် ဖုန်းရှောက်ခွန်း စီစဉ်ပေးထားသော တိတ်ဆိတ်၍ လုံခြုံစိတ်ချရသည့် ခြံဝင်းငယ်လေး တစ်ခုဆီသို့ ကယ်လီနာကို ခေါ်ဆောင်သွားလိုက်သည်။
ဖူမာကျန်းဝူက ခြံဝင်းငယ်လေး၏ အဝင်ဝတွင် စောင့်ကြိုနေလေ၏။
ယဲ့ဖန်က ကယ်လီနာကို ခေါ်လာသည်ကို မြင်သောအခါ သူမက ချက်ချင်း နှုတ်ဆက်လိုက်သည်။ "သခင်"
ယဲ့ဖန်က စကားပြောရန် မလောသေးဘဲ ကယ်လီနာကို နေရာချထားပေးပြီးမှ ဖူမာကျန်းဝူကို ပြောလိုက်လေ၏။ "လာမယ့် (၂) ရက်လောက်... သူ့ကို စောင့်ရှောက်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်"
ထိုစကားကို ကြားသောအခါ ဖူမာကျန်းဝူက ချက်ချင်း ဦးညွှတ်လိုက်သည်။ "သခင်...၊ အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး"
ယဲ့ဖန်က သူမကို တွဲထူလိုက်သည်။ "ခဏနေပါဦး...၊ စကားဆုံးအောင် ပြောပါရစေဦး"
"သူ့ကို စောင့်ရှောက်ခိုင်းတာ အပြင်... မင်း လုပ်ပေးရမယ့် ကိစ္စတစ်ခု ကျန်သေးတယ်"
"သခင်... အမိန့်ပေးပါ" ဖူမာကျန်းဝူက နာခံသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားဆဲပင်။
ယဲ့ဖန်က ဖူမာကျန်းဝူကို ဘေးသို့ ဆွဲခေါ်သွားပြီး ကယ်လီနာ၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ထို့နောက် သူက ဆက်ပြောလေ၏။ "ဒီမိန်းမဆီကနေ ရနိုင်တဲ့ တန်ဖိုးနဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိဦးမှာ သေချာတယ်"
"ဒါပေမဲ့... ဒီရက်ပိုင်း ငါက ဂျက်လဂ် ဒဏ်ကို အကြိမ်ကြိမ် ခံစားနေရလို့... သူ့ကို တစ်ခုချင်းစီ လိုက်မေးနေဖို့ အချိန်မရှိဘူး"
"မင်း သူ့ကို ပြုစုစောင့်ရှောက်ပေးနေရင်း... သခင့်အတွက် စကားနှိုက်ပေးပါဦး"
"ဒါမှ နောက်ပိုင်း ငါတို့ နေမဝင် အင်ပါယာကို သွားတဲ့အခါ အထောက်အကူ ဖြစ်မှာ"
ဖူမာကျန်းဝူသည် ယဲ့ဖန်၏ စကားကို ကြားသောအခါ ဆိုလိုရင်းကို သဘောပေါက်သွားသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြန်ပြုံးပြလိုက်လေ၏။ "စိတ်မပူပါနဲ့ သခင်...၊ ကျွန်မ သူ့ဆီကနေ အကုန်ညှစ်ထုတ်ပေးပါ့မယ်"
"တစ်စက်မှ မကျန်အောင်ကို ညှစ်ထုတ်ပေးမယ်"
ယဲ့ဖန်သည် သူမ၏ လေသံကို ကြားလိုက်ရသောအခါ သူမ၏ ခေါင်းကို ဖွဖွလေး ခေါက်လိုက်လေ၏ "မင်း ဒါတွေ ဘယ်သူ့ဆီက သင်လာတာလဲ"
"မင်းက ငါ့ကိုတောင် မြှူဆွယ်ရဲနေပြီပေါ့လေ"
ဖူမာကျန်းဝူက ယဲ့ဖန်ကို ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်..။
“ဒါတွေအားလုံး သခင့်ရဲ့ လွှမ်းမိုးမှုတွေကြောင့်ပါပဲ…”
"အရင်တုန်းက... ကျွန်မတို့ အတူနေပြီးတိုင်း သခင်က ဒီစကားတွေ ပြောလေ့ရှိတယ်လေ"
"ဒါကြောင့် ကျွန်မ အွန်လိုင်းမှာ ရှာကြည့်ထားတာ"
သူမကို ထိုသို့ မြင်လိုက်ရသောအခါ ယဲ့ဖန် စိတ်ထလာတော့သည်။
ကယ်လီနာကို ကုသပေးနေစဉ်က ချိုးနှိမ်ထားခဲ့ရသော မီးတောက်များ ရုတ်တရက် ပြန်လည် တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဒီကောင်မလေး ပြောနေတာတွေကို ကြည့်ရင်း... သူမက ရည်ရွယ်ချက် ရှိရှိ သော်လည်းကောင်း၊ မရှိဘဲ သော်လည်းကောင်း သူ့ကို ထပ်မံ မြှူဆွယ်နေပြန်ချေပြီ။
ယဲ့ဖန်သည် လူနာ ဖြစ်သူ ကယ်လီနာ တစ်ယောက် ခြံဝင်း တစ်ခုတည်းတွင် ရှိနေသည်ကိုပင် လျစ်လျူရှုလိုက်တော့သည်။
မြှူဆွယ်နေသော ကောင်မလေးကို ပွေ့ချီလိုက်ပြီးနောက်... သူသည် လူလွတ်နေသော အခန်းတစ်ခန်း၏ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားတော့သည်။
*
ဘေးခန်းတွင်မူ... ကယ်လီနာ တစ်ယောက် အိပ်မောကျနေရှာသည်။
သို့သော်ငြားလည်း... မသိစိတ်ထဲတွင် ညည်းတွားသံ သဲ့သဲ့ကို ကြားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ် အပူချိန် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
မသိမသာပင်... အပူရှိန်ကြောင့် သူမ နိုးလာခဲ့၏။
ထိုအချိန်ကျမှသာ ဘေးခန်းမှ လှုပ်ရှားသံများကို ပိုမို ရှင်းလင်းစွာ ကြားလိုက်ရတော့သည်။
အကြောင်းပြချက်မရှိ ပူလောင်နေသော သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပို၍ ပူပြင်းလာလေ၏။
မျက်လုံးကို အတင်းမှိတ်ပြီး စိတ်ကူးယဉ်မှုများကို ရပ်တန့်ရန် ကြိုးစားသော်လည်း... သူမ၏ စိတ်အလိုမကျမှုများကို တားဆီး၍ မရနိုင်တော့ပေ။
အချိန်အတော်ကြာသည်အထိ သူမ အိပ်မပျော်နိုင် ဖြစ်နေရှာသည်။
*
နောက်တစ်နေ့ နံနက်တွင် ယဲ့ဖန်သည် လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာပြီး ဖူမာကျန်းဝူ ပြင်ဆင်ပေးထားသော မနက်စာကို မြည်းစမ်းနေလေ၏။
ကယ်လီနာ တစ်ယောက် တော်တော်လေး သက်သာလာလိမ့်မည်ဟု သူ ထင်ထားခဲ့မိသည်။
မမျှော်လင့်ဘဲ... ထိုမိန်းမ အခန်းထဲမှ ထွက်လာသောအခါ သူမ၏ နူးညံ့သော ရွှေရောင် ဆံကေသာများသည် အရောင်အဝါ ကင်းမဲ့နေပြီး မြက်ခြောက်များကဲ့သို့ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း ညှိုးနွမ်းနေလေ၏။
တောက်ပနေတတ်သော မျက်ဝန်းများပင်လျှင် အရောင်မှိန်နေပြီး မျက်ကွင်းများ ညိုမည်းနေချေသည်။
သူ အံ့သြသွားပြီး ကယ်လီနာကို စစ်ဆေးရန် ထထိုင်လိုက်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ... သူ ထပြီး လျှောက်သွားလိုက်သည်နှင့် ကယ်လီနာက နောက်သို့ ခြေလှမ်း (၂) လှမ်းခန့် ဆုတ်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် သူမ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ "ဘာ... ဘာလုပ်မလို့လဲ"
"မင်း ကြည့်ရတာ အခြေအနေ သိပ်မကောင်းသလိုပဲ...၊ ငါ စစ်ဆေးပေးမလို့ပါ" ယဲ့ဖန်က သဘာဝကျစွာပင် ပြောလိုက်သည်။ ထို့နောက် ထူးဆန်းသလို မေးလိုက်၏။ "မင်း ဘာဖြစ်နေတာလဲ"
"ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ကြီးနေရတာလဲ"
"မနေ့က ငါ မင်းကို ခွဲစိတ်ဖို့ အဝတ်အစားတွေ ချွတ်တုန်းကတောင် ဒီလို မဖြစ်ပါဘူး"
ကယ်လီနာ တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး မျက်နှာ ပိုနီလာတော့သည်။ သူမ စကားထစ်သွားလေ၏။ "အခြေအနေချင်းမှ မတူတာ"
"ပြီးတော့... ငါ သက်သာနေပါပြီ...၊ ထပ်ပြီး စစ်ဆေးနေစရာ မလိုတော့ပါဘူး"
ပြောပြောဆိုဆိုနှင့် သူမက ယဲ့ဖန်ကို တည့်တည့် မကြည့်ရဲဘဲ၊ သူနှင့် အဝေးဆုံး နေရာတွင် ဝင်ထိုင်လိုက်လေသည်။
"ကျွန်မ... ကျွန်မ မနေ့ညက ထူးဆန်းတဲ့ အသံတွေ ကြားနေရလို့ ကောင်းကောင်း အိပ်မပျော်ဘူး…”