ဝူဟောင်နှင့်ထပ်မံတွေ့ဆုံခြင်း
Vol. 49 Ch. 684
ယောင်းယွမ်သူတော်စင်မြို့တော်သည် ပုံမှန်အားဖြင့် ပျားပန်းခပ်မျှ စည်ကားသိုက်ဝန်းနေတတ်ပါသော်လည်း ယနေ့တွင်မူ အလွန်အမင်း ခြောက်ကပ်တိတ်ဆိတ်နေလျက် ရှိသည်။
ထိုသို့ခြောက်ကပ်နေပါသော်လည်း မြို့တစ်ခုလုံးတွင်ရှိနေသောသူများမှာ မြို့အလယ်ဗဟိုနေရာအား တိတ်တဆိတ်ဖြင့် စောင့်ကြည့်နေကြလေသည်။
မြို့၏အလယ်ဗဟိုနေရာတွင် အဖြူရောင်အဝတ်အစားများ ဆင်မြန်းထားသော ပုံရိပ်များစွာ ရှိနေကြပြီး ၎င်းတို့ထံမှ ပြင်းထန်လွန်းလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်နေကြသည်။
ထိုပုံရိပ်များစွာမှာ မြင့်မြတ်သောနန်းတော်မှ တပည့်များပင် ဖြစ်ကြသည်။
မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့အကြားတွင် ပဋိပက္ခများ ရှိနေခဲ့သည့်အကြောင်းမှာ ရှန်ဇူတိုက်ကြီးတစ်ခုလုံးအသိပင် ဖြစ်သည်။
ကန်ရွှမ်းကလန်မှ တပည့်များအား ဇူယွမ်မှ ဦးဆောင်လာခဲ့ပြီး လမ်းတလျှောက်တွင် စောင့်ဆိုင်းနေကြသည့် မြင့်မြတ်သောနန်းတော်မှ တပည့်များကို ဖျက်စီးချေမှုန်းခဲ့ကြသည်။ တိုက်ခတ်နေသော လေပြေများနှင့်အတူ ဇူယွမ်တို့မှာလည်း တိမ်တိုက်များကိုစီးနင်းကာ ယောင်းယွမ်သူတော်စင်မြို့တော်ဆီသို့ ပျံသန်းရောက်ရှိလာကြလေသည်။
ကန်းမင်တိုက်ကြီးဆီသို့ ရောက်ရှိနိုင်ရန် ယောင်းယွမ်သူတော်စင်မြို့တော်မှာ နောက်ဆုံးဖြတ်ကျော်ရမည့် နေရာပင် ဖြစ်သည်။ ထို့ကြောင့် ယောင်းယွမ်သူတော်စင်မြို့တော်၌ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များ အပြင်းအထန် တိုက်ခိုက်ကြမည်မှာ မုချမလွဲပင် ဖြစ်သည်။
ယောင်းယွမ်သူတော်စင်မြို့တော်တွင် မြင့်မြတ်သောနန်းတော်မှ အထူးချွန်ဆုံး တပည့်များ ရောက်ရှိနေကြပြီဖြစ်ပြီး ကန်ရွှမ်းကလန်မှ တပည့်များ ရောက်ရှိလာမည်ကို အသင့်စောင့်ဆိုင်းနေကြသည်။
မြင့်မြတ်သောနန်းတော်မှ ရရှိထားသော သတင်းအချက်အလက်များအရ ဇူယွမ်ဦးဆောင်ထားသော ကန်ရွှမ်းကလန်၏ တပည့်များသည် လမ်းတလျှောက်တွင်ရှိနေသော အနှောင့်အယှက်ပေးမည့် အရာများအားလုံးကို ဖျက်စီးချေမှုန်းခဲ့ပြီဟု သိရသည်။ ဇူယွမ်နှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ မကြာမီအချိန်အတွင်းမှာပင် ယောင်းယွမ်သူတော်စင်မြို့တော်သို့ ရောက်ရှိလာတော့မည်ဟု သိရှိရသည်။
လူပေါင်းများစွာမှာလည်း ယောင်းယွမ်သူတော်စင်မြို့တော်တွင် ဖြစ်ပေါ်တော့မည့် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ ကြမ်းတမ်းလှသော တိုက်ပွဲအားမြင်တွေ့ရရန် အာရုံစိုက်နေလျက် ရှိကြသည်။
ယောင်းယွမ်သူတော်စင်မြို့တော်မှာ ရှန်ဇူတိုက်ကြီးအတွင်း ထင်ရှားသောမြို့ကြီးတစ်မြို့ဖြစ်ပြီး စွမ်းအင်ကြီးမားသည့် အရှင်သခင်တစ်ဦးမှ အုပ်စိုးထားခြင်း ဖြစ်သည်။ ထိုအရှင်သခင်မှာ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့အား မျက်နှာသာပေးသည့်အနေဖြင့် မြို့တော်မပျက်စီးမချင်း တိုက်ပွဲအား အနှောင့်အယှက်မပေးရန် ဆုံးဖြတ်ထားလေသည်။
ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းရှိ လူများအားလုံးမှာ မြို့အလယ်ဗဟိုတွင် တိတ်ဆိတ်စွာထိုင်နေသော အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးအား အာရုံစိုက်ကာ စောင့်ကြည့်နေလျက် ရှိကြသည်။ ထိုလူငယ်မှာ မြင့်မြတ်သောနန်းတော်မှ ကျောင်းထိုက်ရှင်းပင် ဖြစ်သည်။
ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာအား နှစ်ပေါင်းများစွာ စိုးမိုးထားနိုင်ခဲ့သူဖြစ်သောကြောင့် ရှန်ဇူတိုက်ကြီးအတွင်း ကျောင်းထိုက်ရှင်းမှာ အလွန်ပင် ထင်ရှားကျော်ကြားပေသည်။
လူပေါင်းများစွာမှ စောင့်ကြည့်နေကြသော်လည်း ကျောင်းထိုက်ရှင်း၏ မျက်ဝန်းများမှာ တည်ငြိမ်နေလျက်သာ ရှိသည်။
ကျောင်းထိုက်ရှင်း၏ဘေးတွင်မူ ကျန်းထိုက်ချင်မှာ အဝေးသို့ ငေးမောနေလေသည်။ "ငါတို့နှစ်ပေါင်းများစွာ ကျင့်ကြံရေးလမ်းကြောင်းကို ခက်ခက်ခဲခဲ လျှောက်ခဲ့ရတယ်။ အခုလိုမျိုး ဘာမဟုတ်တဲ့ တပည့်တစ်ယောက်က ငါတို့ထက်မြင့်သွားပြီး သူ့ကိုငါတို့က လိုက်ပြီးခြံရံစောင့်ရှောက်နေရလိမ့်မယ်လို့တောင် မထင်ထားဘူး။"
ကျန်းထိုက်ချင်မှာ မြင့်မြတ်သောနန်းတော်အတွင်း မည်သည့်ကျင့်ကြံခြင်းမှ မည်မည်ရရ အားထုတ်ကြိုးစားခြင်းမရှိပဲ ရုတ်ချည်းဆိုသလို အောင်မြင်လာသော ဝူဟောင်အပေါ် အမျက်ဒေါသထွက်နေခြင်း ဖြစ်သည်။
ကျောင်းထိုက်ရှင်းမှ တည်ငြိမ်စွာဖြင့် ပြန်လည်စကားဆိုလိုက်သည်။ "မြင့်မြတ်သောနန်းတော်က စွမ်းအင်သန်မာမှုအပေါ်ကိုပဲ ကိုယ်စားပြုတယ်။ အဲ့ဒါကြောင့် သူကငါတို့ထက် သာနေမှတော့ ငါတို့ကသူ့အပေါ် ရိုကျိုးရမှာပဲ။"
ကျန်းထိုက်ချင်မှ အံကိုကြိတ်ကာ ပြောလိုက်သည်။ "နန်းဆောင်သခင်က သူ့အပေါ် အရမ်းဘက်လိုက်လွန်းတယ်။ တကယ်လို့ ဝူဟောင့်ကိုပေးတဲ့ စွမ်းအင်အရင်းအမြစ်မျိုးကိုသာ ငါတို့ရခဲ့ရင် ငါတို့ကသူ့ထက် အဆပေါင်းများစွာတောင် သာနိုင်သေးတယ်။"
ကျောင်းထိုက်ရှင်းမှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် ကျန်းထိုက်ချင်အားကြည့်ကာ ပြောလိုက်သည်။ "အခုဒီလိုပြောတာ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် တခြားနေရာမှာတော့ အဲ့ကိစ္စအကြောင်း အစမဖော်မိစေနဲ့။"
ကျန်းထိုက်ချင်မှာ စိတ်အားပြန်လည်တည်ငြိမ်စေလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်က ဇူယွမ်ကလည်း ချူချင်းအပါအဝင် ရွေးချယ်ခံစိန်ခေါ်ပွဲကို ယတိပြတ်နိုင်ပြီးတော့ ဒဏ္ဍာရီတလျှောက် ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးကို ပထမဆုံး စုဆည်းနိုင်တဲ့သူ ဖြစ်သွားပြီလို့ကြားတယ်။"
ကျောင်းထိုက်ရှင်းမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဇူယွမ်က တကယ်ကို ပုံမှန်မဟုတ်ဘူး။ နန်းဆောင်သခင်က သူ့ကိုရှင်းပစ်ချင်နေတာ မထူးဆန်းတော့ပါဘူး။ အခုပုံစံအတိုင်းသာဆိုရင် သူက မြင့်မြတ်သောနန်းတော်အတွက် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်။"
"ချူချင်းနဲ့ငါက နှစ်တွေအကြာကြီး တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ဆုံးမှာ ဂျူနီယာကောင်လေးနှစ်ယောက်က ငါတို့ကို လွယ်လွယ်ကူကူ ကျော်သွားကြလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။"
ကျန်းထိုက်ချင်မှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သူမအထင်အမြင်သေးစွာ ဆက်ဆံခဲ့သော ဇူယွမ်ဟူသည့် ကောင်လေးသည် တိုတောင်းလှသော အချိန်အတွင်းမှာပင် သူမထက်ပို၍ သန်မာသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဝူဟောင်နဲ့ဇူယွမ် အဆုံးမှာ ဘယ်သူနိုင်မှာလဲဆိုတာ ငါတကယ်သိချင်မိတယ်။"
ကျောင်းထိုက်ရှင်းမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းက ပြောလိုက်သည်။ "နှစ်ယောက်လုံးက မူလစဦးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြပြီ။ ငါ့တစ်သက်နဲ့တစ်ကိုယ် အဲ့လောက်ထိ စွမ်းအားကြီးတဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်မျိုး မမြင်ဖူးဘူး။ အဲ့ဒါကြောင့် ဘယ်သူနိုင်မှာလဲဆိုတာ ငါလည်းမခန့်မှန်းနိုင်ဘူး။"
"ဒါပေမယ့် ဘယ်သူပဲနိုင်နိုင် သူတို့ရဲ့တိုက်ပွဲက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ မူလစဦး ကျင့်ကြံသူတွေကြားမှာ နှစ်ထောင်ပေါင်းများစွာအထိ ပြောစမှတ်တွင်နေလိမ့်မယ်။"
ကျန်းထိုက်ချင်မှာ မည်သည့်စကားမှမဆိုပဲ အေးစက်သော မျက်ဝန်းများဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူမသည် နန်းဆောင်သခင် အလွန်တရာ တန်ဖိုးထားနေသော ဝူဟောင်အား အမှန်တကယ် ရှုံးနိမ့်သွားစေချင်နေမိသည်။
ကျန်းထိုက်ချင်မှာ အတွေးများကြား နစ်မြောနေစဥ်မှာပင် ကျောင်းထိုက်ရှင်းမှ ရုတ်တရက်ဆိုသလို ခေါင်းအားမော့ကြည့်လိုက်သည်။
"ရောက်လာကြပြီပဲ။"
ကျောင်းထိုက်ရှင်း၏စကားကြောင့် ကျန်းထိုက်ချင်မှာလည်း သူမ၏သွေးနီရောင်သမ်းနေသော မျက်ဝန်းများကိုပင့်ကာ မော့ကြည့်လိုက်သည်။
မြင့်မြတ်သောနန်းတော်မှ တပည့်များမှာလည်း ကျန်းထိုက်ချင်နှင့်အတူ ကြည့်ရှုလိုက်ကြလေသည်။
၎င်းတို့အားလုံးမှာ ယောင်းယွမ်သူတော်စင်မြို့တော်ဆီသို့ ဦးတည်ပျံဝဲလာနေသော အလင်းတန်းများအား တွေ့ရှိလိုက်ကြရသည်။
ထိုပျံသန်းလာနေသော အလင်းတန်းများထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ရရှိနေသည်ဟုပင် ထင်မှတ်ရသည်။
ယောင်းယွမ်သူတော်စင်မြို့တော်အတွင်း ရှိနေသူများမှာလည်း အဝေးမှ ပျံသန်းလာနေသော ပုံရိပ်များကို ကြည့်ရှုလိုက်ကြပြီးနောက် ဝေဖန်ဆွေးနွေးသံများ စတင်ထွက်ပေါ်လာတော့သည်။ ကန်ရွှမ်းကလန်မှ တပည့်များ ယောင်းယွမ်သူတော်စင်မြို့တော်ထံ ရောက်ရှိလာပါက ၎င်းတို့အားလုံး စောင့်မျှော်နေသော တိုက်ပွဲမှာ စတင်တော့မည်ပင် ဖြစ်သည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် တိမ်ထုအားခွင်း၍ ပျံသန်းလာနေသော အလင်းတန်းများမှာ ယောင်းယွမ်သူတော်စင်မြို့တော်ထံသို့ ရောက်ရှိလာလေသည်။
ထိုအလင်းတန်းများ၏ အရှေ့ဆုံးနေရာတွင် အရပ်မြင့်ကာ ပိန်သွယ်ခန့်ညားသော လူငယ်တစ်ဦးမှ ဦးဆောင်ထားလျက် ရှိသည်။
ယင်းလူငယ်ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလေသည်။
၎င်း၏အနောက်တွင်မူ ချူချင်း၊ ခုန်းရှန်၊ လီချင်းချန်နှင့် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများ လိုက်ပါခြံရံလျက် ရှိသည်။
ချူချင်းတို့အားလုံးမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျောင်းထိုက်ရှင်းတို့အား စူးရဲစွာ ကြည့်ရှုလိုက်ကြသည်။
"ငါထင်ထားတာထက် ရောက်တာစောသားပဲ။" ကျောင်းထိုက်ရှင်းမှ ချူချင်းအားကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ကျောင်းထိုက်ရှင်းမှာ လေးနက်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ခေါင်းစခြေဆုံးကြည့်ရှုကာ လေ့လာလိုက်သည်။ ဇူယွမ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာနေပြီ ဖြစ်သည်။
"ငါတို့ရွေးချယ်ခံတွေသာမပါရင် မင်းတို့ရဲ့ အနှောင့်အယှက်တွေက လမ်းတလျှောက် တကယ်စိတ်ရှုပ်စရာကောင်းမယ်ထင်တယ်။" ချူချင်းမှ ပြုံးရယ်ကာ ပြောလိုက်သည်။
"ငါတို့က မင်းတို့ရဲ့ ချီစွမ်းအင်တွေကို နည်းနည်းပါးပါး ဖြုန်းတီးပေးရုံလေးပါ။"
ကျောင်းထိုက်ရှင်းမှ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။ "ဒီနေရာကို ဖြတ်သွားချင်တယ်ဆိုရင် ငါတို့ဆီကနေ အရင်ခွင့်ပြုချက်တောင်းမှရမယ်။"
မြင့်မြတ်သောနန်းတော်၏ တပည့်များထံမှ ပြင်းထန်လွန်းလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကြသည်။
ချူချင်း၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရပြီးနောက် တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "ကန်ရွှမ်းကလန်ရဲ့ တပည့်တွေ အသင့်ပြင်ထားကြ။"
ချူချင်း၏နောက်တွင်ရှိနေသော ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၊ တပည့်များမှာ ၎င်းတို့၏ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။
"တိုက်ကြ...."
ကျန်းထိုက်ချင်၏ မျက်ဝန်းများမှာလည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဝှစ်....
မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် တိုက်ခိုက်ကြလေတော့သည်။
ဝုန်း....
ယောင်းယွမ်သူတော်စင်မြို့တော်၏ အပြင်ဖက်နေရာမှာ ချက်ချင်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
နှစ်ဖက်စလုံးမှာ မည်သည့်စကားမှ ပြောဆိုခြင်းမပြုပဲ အဆက်မပြတ်သာ တိုက်ခိုက်နေကြသည်။
"ဂျူနီယာညီတော်ဇူယွမ် ငါတို့ဒီမှာရှိတဲ့ ရွေးချယ်ခံတွေကို တားပေးထားမယ်။ မင်းက ယောင်းယွမ်သူတော်စင်မြို့တော်ထဲ ဆက်ဝင်သွားလိုက်။" ချုချင်းမှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။" ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။
ချူချင်းမှ ပြုံးရယ်ကာ ပြောလိုက်သည်။ "အရမ်းကြီးလည်း ယဉ်ကျေးမနေပါနဲ့။ မင်းက ငါတို့ကန်ရွှမ်းကလန်ကို ကိုယ်စားပြုတဲ့သူပဲ။"
ထို့နောက် ချူချင်းမှာ လေးနက်သောအမူအရာဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "သတိထားဦးနော်။ မင်းက ဒီတိုက်ပွဲမှာ အရေးအကြီးဆုံးသူပဲ။"
ထိုစကားအား ပြောကြားပြီးနောက် ချူချင်းမှာ ကောင်းကင်ထက်သို့ ချက်ချင်းဆိုသလို ထိုးတက်သွားတော့သည်။
"ကျောင်းထိုက်ရှင်း မင်းငါ့ကိုတိုက်ရဲလား။" ချူချင်းမှ အော်ဟစ်စိန်ခေါ်လိုက်သည်။
"ချုချင်း ငါကရွေးချယ်ခံနံပါတ်တစ် မဟုတ်တော့ဘူးဆိုရင်တောင်မှ မင်းကိုတော့ တစ်သက်လုံးမကြောက်ဘူး။" ကျောင်းထိုက်ရှင်းမှ မထီမဲ့မြင်ပြုစွာဖြင့် ပြောလိုက်သည်။
"မြင့်မြတ်သောနန်းတော်က တပည့်တွေ ငါ့အမိန့်ကိုနာခံပြီး ကန်ရွှမ်းကလန်ကို တားဆီးကြ။"
ကျောင်းထိုက်ရှင်းမှာ အမိန့်ပေးလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်ပျံဝဲသွားသည်။
ထို့နောက် ကျန်းထိုက်ချင် ဦးဆောင်သော မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများမှာ ခုန်းရှန်၊ လီချင်းချန်စသော ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများထံသို့ ဦးတည်ပျံသန်းသွားတော့သည်။
ဝုန်း....
ယောင်းယွမ်သူတော်စင်မြို့တော်၏ အပြင်ဖက်၌ ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပေါ်နေလျက် ရှိသည်။
ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ တိုက်ပွဲအား လေ့လာသုံးသပ်နေလျက် ရှိသည်။ ထို့နောက် တိုက်ပွဲအတွင်း မြင့်မြတ်သောနန်းတော်မှ တပည့်များအား တိတ်တဆိတ် လိုက်လံသတ်ဖြတ်နေသော ပုံရိပ်အချို့အား မြင်တွေ့လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။
ထိုပုံရိပ်များထံမှ ထွက်ပေါ်နေသည့် ချီစွမ်းအင်များမှာ ဇူယွမ်နှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသောကြောင့် ဖြစ်သည်။
"ချင်ယု၊ လုလျို၊ လီချွမ်းကျင်....မင်းတို့အားလုံး ဒီရောက်နေကြတာလား။" ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်းမှာ ကျေနပ်အားရစွာဖြင့် ကွေးတက်သွားရသည်။
ဇူယွမ် ကြည့်ရှုနေသည်ကို သတိပြုမိသွားကြသောကြောင့် ကျိုးချူးချင်ယုတို့မှာလည်း ပြန်လှည့်ကြည့်ကာ ဇူယွမ်အား ပြုံးပြနှုတ်ဆက်လိုက်ကြသည်။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းသို့ ထွက်ခွာလာခဲ့လိုက်သည်။
ကန်ရွှမ်းကလန်မှ တပည့်များမှာ ဇူယွမ်အောင်မြင်စွာ ပြန်လည်ရောက်ရှိလာနိုင်ရေးအတွက် ကျယ်လောင်စွာ အော်ဟစ်ဆုတောင်းပေးလိုက်ကြသည်။
.............
ဇူယွမ်မှာ ကန်ရွှမ်းကလန်မှ တပည့်များအား လက်ပြနှုတ်ဆက်လိုက်ပြီးနောက် ယောင်းယွမ်သူတော်စင်မြို့တော်အတွင်းသို့ လျင်မြန်လှသောအရှိန်ဖြင့် ဆက်လက်ထွက်ခွာသွားသည်။
ဝှစ်....
ဇူယွမ်မှာ အနည်းငယ်မျှပင် အနားယူခြင်းမရှိပဲ ယောင်းယွမ်သူတော်စင်မြို့တော်၏ အလယ်ဗဟိုနေရာသို့ အဆက်မပြတ် ပျံသန်းနေလေသည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်
ယောင်းယွမ်သူတော်စင်မြို့တော်၏ အလယ်ဗဟိုတွင်ရှိသော ကျောက်ဆောင်တစ်ခုအား တွေ့မြင်လိုက်ရပြီးနောက် ဇူယွမ်၏ ခြေလှမ်းများမှာ ရပ်တန့်သွားရသည်။
ထိုနေရာ၌ ရွှေရောင်အဝတ်အစားများကို ဆင်မြန်းထားသော ပုံရိပ်တစ်ခု ရှိနေလေသည်။
ယင်းပုံရိပ်ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
၎င်းမှာ ဇူယွမ်ရောက်ရှိလာသည်ကို သိရှိသွားပြီးနောက် ဖြည်းညင်းစွာဖြင့် လှည့်ကြည့်လိုက်သည်။
ထိုပုံရိပ်သည် ဝူဟောင်ပင် ဖြစ်သည်။
ဇူယွမ်မှာ မျက်မှောင်ကျုံ့ကာ ဝူဟောင်အား ကြည့်ရှုလိုက်သည်။
"ဇူယွမ်.."
ဝူဟောင်မှာ လက်နှစ်ဖက်အား နောက်ကျောဖက်တွင် ယှက်သိုင်းထားလျက် အေးစက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား နှုတ်ဆက်လိုက်သည်။
"ဇူယွမ်....လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မင်းငါ့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။ အခုတော့ ငါက မင်းရဲ့ မျက်စိရှေ့မှာတင် မင်းတို့ရဲ့ ကြီးမြတ်လှတဲ့ ဇူအင်ပါယာကြီးကို ဖျက်စီးပြမယ်။"
"လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မင်းငါ့ကို နိုင်ခဲ့တော့ရော ဘာအရေးလဲ။"
"အခုငါဒီမှာ ရှိနေတုန်းပဲ။ ငါကသာ မြင့်မြတ်သောနဂါး အစစ်အမှန်ပဲ။"
ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့် ဝူဟောင်အားကြည့်ကာ အေးစက်ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။
"သူခိုးမိသားစုက ငါ့ကိုဒီလို စကားပြောပိုင်ခွင့် ရှိလို့လား။"