အခန်း (၁၆၂၆-၁၆၂၈)
Vol. 85 Ch. 1626-1628
အခန်း (၁၆၂၆) - မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ချက် ဖြတ်ပြေးသွားခြင်း
~"ယဲ့ဖန် ဆိုတာ ဘယ်သူလဲ"
ခေါင်းဆောင်ဖြစ်သူမှာ ပိန်လှီသော လူငယ်တစ်ဦး ဖြစ်ပြီး... ရုပ်ရည်မှာ အနည်းငယ် ယုတ်မာမည့်ဟန် ပေါက်နေလေ၏။
သူသည် သတင်းအချက်အလက် အချို့ကို ကြိုတင် ရရှိထားပုံ ရသည်။ အာရှသား ဖြစ်သော ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ လေယာဉ်တံခါးဝတွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ... သူက ဦးစွာ စကားစပြောလိုက်ခြင်း ဖြစ်သည်။
ယဲ့ဖန်သည် သူ့ကို ငုံ့ကြည့်လိုက်သည်။
ထိုလူငယ်သည် ပိန်လှီနေသော်လည်း သူ့ခန္ဓာကိုယ်တွင် ကြွက်သားများ ပြည့်နှက်နေသည်ကို တွေ့ရသည်။
သိုင်းပညာရှင် တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ထို့အပြင်... သာမန်လူများကြားတွင် ကျွမ်းကျင်သူ တစ်ဦး အဖြစ် သတ်မှတ်နိုင်လောက်သည်။
ယဲ့ဖန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေ၏။ "ငါပဲ...၊ မင်းက ငါ့ကို ရှာနေတာလား"
ပိန်လှီသော လူငယ်သည် ထိုစကားကို ကြားသောအခါ... သူ့မျက်လုံးထဲတွင် စူးရှသော အလင်းရောင် တစ်ချက် ဝင်းပသွားသည်။
"ငါ့အမေဆီက ကြားတယ်...၊ လေယာဉ်ပေါ်မှာ ယဲ့ဖန် ဆိုတဲ့ကောင်က သူ့ကို လေယာဉ်တံခါးပေါက်ကနေ အပြင်ကို ပစ်ချလိုက်တယ် ဆို"
"မင်း လုပ်တာလား"
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ "ငါပဲ"
"ကောင်းပြီလေ...၊ မင်း ဆိုမှတော့ ကိစ္စက လွယ်သွားပြီ" ပိန်လှီသော လူငယ်က ပြောရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"သွားတု သွားလျော်... သွေးတု သွေးလျော် (A tooth for a tooth, blood for blood) ပဲ"
"မင်းက လူတွေ အများကြီးရှေ့မှာ ငါ့အမေကို လေယာဉ်တံခါးပေါက်ကနေ အပြင်ကို ပစ်ချခဲ့တယ်...၊ အဲဒါကြောင့် ငါ့လူတွေကို မင်းကို လေယာဉ်တံခါးပေါက်ကနေ အပြင်ကို တစ်ခေါက်လောက် ပြန်ပစ်ချခိုင်းတာ... မလွန်လွန်းပါဘူးနော်"
သူ့ဘေးပတ်လည်ရှိ လူကောင်ကြီး (၁၀၀) နီးပါးသည် ထိုစကားကို ကြားသောအခါ အချက်ပြမှု တစ်ခု ရလိုက်သကဲ့သို့ လှုပ်ရှားလာကြသည်။ သူတို့ထဲမှ နှစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာပြီး ယဲ့ဖန်ဆီသို့ လျှောက်လာကြလေ၏။
ကျန်တဲ့သူတွေကတော့... ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို အေးစက်စက် စိုက်ကြည့်နေကြပြီး... သူတို့၏ လက်များက ခါးကို မသိမသာ ထိတွေ့နေကြသည်။
ဤ သေးငယ်သော လှုပ်ရှားမှုလေး တစ်ခုတည်းကပင် ချန်းဖေးအယ်၏ ဆံပင်များကို ထောင်ထသွားစေပြီး၊ သူမ၏ ခန္ဓာကိုယ်တွင် အေးစက်သော ချွေးများ ထွက်လာစေတော့သည်။
သူမ ခန့်မှန်းခဲ့သည့် အတိုင်းပင်... ဒီလူတွေက သေနတ်တွေ ဆောင်ထားကြတာပဲ။
တကယ်လို့ ယဲ့ဖန်သာ လိမ္မာစွာ အညံ့မခံဘဲ... ဟို ပိန်လှီသော လူငယ်လေး သူ့ဒေါသကို ဖြေဖျောက်ဖို့ ခွင့်မပြုဘူး ဆိုလျှင်... သေနတ်ပွဲ တစ်ခု ဖြစ်ပွားဖို့ အခွင့်အလမ်း များနေလေ၏။
ချန်းဖေးအယ်သည် ယဲ့ဖန်၏ အဝတ်အစား အနောက်ဘက်ကို မသိမသာ ဆွဲလိုက်မိသည်။
သို့သော်ငြားလည်း... ယဲ့ဖန်သည် သူမ၏ စိုးရိမ်ပူပန်မှုကို သတိမထားမိသကဲ့သို့ပင်။ သူသည် ပိန်လှီသော လူငယ်ကို ပြောင်းလဲခြင်း မရှိသော မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ "ငါ မင်းအမေကို လေယာဉ်ပေါ်ကနေ ဘာလို့ ပစ်ချလိုက်လဲ ဆိုတာ မင်း သိလား"
ပိန်လှီသော လူငယ်က ခေါင်းခါလိုက်သည်။ "အကြောင်းပြချက်နဲ့ ဖြစ်စဉ်တွေက အရေးမကြီးဘူး"
"အရေးကြီးတာက... မင်း လုပ်ခဲ့တယ် ဆိုတာပဲ"
"ဒါက ငါ့အမေကို အရှက်ရစေရုံတင် မကဘူး...၊ ငါ့ကိုပါ အရမ်း အရှက်ရစေတယ်"
"ဒါဆိုရင်ရော..." ယဲ့ဖန်သည် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး ကြိုတင် ပြင်ဆင်ထားသော နေမဝင် အင်ပါယာ ဆင်းမ်ကတ် ကို ထည့်လိုက်လေ၏။
"ဒီနေ့... မင်း ကိုယ့်ကိုယ်ကိုယ် သိပြီး ငါ့ဒေါသပြေအောင် အလုပ်ခံမလား...၊ ဒါမှမဟုတ် ငါ့လူတွေ ဝိုင်းရိုက်ပြီး ငါ့ဒေါသပြေအောင် ကူညီပေးတာ ခံမလား...၊ ရွေးလိုက်တော့"
ပိန်လှီသော လူငယ်သည် အလွန် မောက်မာလှပေသည်။
ယဲ့ဖန်က သူ့ဖုန်းကို ကြည့်လိုက်သောအခါ လိုင်းမိနေပြီ ဖြစ်၍ ဖုန်းခေါ်၍ ရနေပြီ ဖြစ်သည်။
သူသည် အန်းကျူ ပရင့်စ် ၏ ဆက်သွယ်ရန် နံပါတ်ကို ရှာလိုက်သည်။ "မင်းအမေ ပြောတာတော့... မင်းက အန်းကျူ မြို့စား မိသားစု လက်အောက်က လုံခြုံရေး ကုမ္ပဏီက ဆို"
ပိန်လှီသော လူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြလိုက်လေ၏။ "စတီးရ် (Steer) လုံခြုံရေး ကုမ္ပဏီ၊ စီးပွားရေး ဌာန မန်နေဂျာ... အီဘိုလန် (Ebolun) ပဲ"
"ဒါဆိုရင်လည်း ကြွားဖို့ မလောပါနဲ့ဦး...၊ တော်ကြာကျရင် မင်းရဲ့ ဘော့စ်ကို ဘယ်လို ရှင်းပြရမလဲ ဆိုတာ မြန်မြန် စဉ်းစားထားလိုက်" ယဲ့ဖန်က ပြောရင်း ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသောအခါ... သူသည် သူ့ဘက်မှ အခြေအနေကို အန်းကျူ ပရင့်စ်အား ချက်ချင်း အသိပေးလိုက်လေ၏။
သူ ဖုန်းခေါ်ပြီးနောက်... အန်းကျူ ပရင့်စ်သည် အံ့သြ
ဝမ်းသာသွားသော်လည်း တစ်ပြိုင်နက်တည်းမှာပင် ဒေါသထွက်သွားခဲ့သည်။
"ကောင်စုတ်...၊ သူက စတီးရ် လုံခြုံရေး ကုမ္ပဏီကို ဘာမှတ်နေတာလဲ...၊ သူ့ရဲ့ ကိုယ်ပိုင် တပ်ဖွဲ့လို့ ထင်နေတာလား"
"ငါတို့ အန်းကျူ မိသားစုက အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့ပြီးသား...၊ စတီးရ် လုံခြုံရေး ကုမ္ပဏီကို တည်ထောင်ခဲ့တာ အန်းကျူ မိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့လို့...၊ အားနည်းတဲ့ သူတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး...၊ သူက အဲဒီ ယုံကြည်ချက်တွေကို ဘယ်နား သွားထားလိုက်တာလဲ"
"ဟန်နီ (Honey)... စိတ်မဆိုးပါနဲ့ဦး...၊ ငါ စတီးရ် လုံခြုံရေး ကုမ္ပဏီရဲ့ တာဝန်ခံ မစ္စတာ ဟမ်မာ (Mr. Hummer) ကို ဖုန်းခေါ်လိုက်မယ်...၊ ရှင့်ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် ပေးစေရမယ်"
ယဲ့ဖန် ပြုံးလိုက်လေ၏။
"ကိုယ် စိတ်မဆိုးပါဘူး"
"မင်းတို့ အန်းကျူ မိသားစုက နေမဝင် အင်ပါယာမှာ ဒီလောက် အင်အားကြီးလိမ့်မယ်လို့ ကိုယ် ထင်မထားခဲ့ရုံပါ"
"သူက လုံခြုံရေး ကုမ္ပဏီ တစ်ခုရဲ့ စီးပွားရေး မန်နေဂျာလေးပဲ ရှိသေးတာ...၊ ဒါပေမဲ့ သူက အရမ်း အထင်ကြီးစရာ ကောင်းတယ်...၊ လေဆိပ်ထဲထိတောင် ကားတန်းကြီး မောင်းဝင်လာပြီး လူတွေကို တားဆီးရဲတယ်"
"အာ... အဲဒါကိုတော့ ကျွန်မ ဒီည အိမ်ကနေ ခိုးထွက်လာပြီးမှ ရှင်းပြပါ့မယ်..." အန်းကျူ ပရင့်စ်သည် ထိုကိစ္စကို ပြောသောအခါ အနည်းငယ် ရှက်ရွံ့သွားပုံ ရသည်။
"ဟန်နီ...၊ အရမ်းကြီး တွေးမနေပါနဲ့...၊ ကျွန်မ ဟမ်မာကို အရင် ဖုန်းခေါ်လိုက်ပါ့မယ်"
ယဲ့ဖန် ဂရုမစိုက်တော့ပေ။ တစ်ဖက်လူ ဖုန်းချသွားပြီးနောက် သူသည် အီဘိုလန်ကို ပြန်ကြည့်လိုက်သည်။
အီဘိုလန်သည် အဲဒီလောက်ထိ တုံးသည့် လူစားမျိုး မဟုတ်ပေ။
ယဲ့ဖန် ဖုန်းချလိုက်သည်ကို မြင်သောအခါ... သူ့မျက်နှာပေါ်မှ မောက်မာမှုနှင့် ဝင့်ကြွားမှုများ ပျောက်ကွယ်သွားတော့သည်။
"မင်း ခုနက အန်းကျူ မြို့စား မိသားစုက လူတစ်ယောက်ကို ဖုန်းခေါ်လိုက်တာလား"
"မင်းက အန်းကျူ မြို့စား မိသားစုက လူတစ်ယောက်ယောက်ကို သိလို့လား"
ယဲ့ဖန်က သူ့မေးခွန်းကို မဖြေပေ။
အင်တာနက်ပေါ်တွင် အလွန် ရေပန်းစားခဲ့သော ဇာတ်လမ်းဟောင်း တစ်ခုကို သတိရလိုက်ပြီး သူ ပြုံးလိုက်မိသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ... အီဘိုလန်သည် ရုတ်တရက် ပို၍ စိုးရိမ်ပူပန်လာတော့သည်။
သူက ဆက်မေးရန် ပြင်လိုက်သည်။
သို့သော်... ထိုအချိန်တွင် သူ့ဖုန်း မြည်လာချေ၏။
ထို့အပြင်... ဖုန်းမြည်သံမှာ စတီးရ် လုံခြုံရေး ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင် အရာရှိများအတွက် သူ သီးသန့် သတ်မှတ်ထားသော ဖုန်းမြည်သံ ဖြစ်နေသည်။
အီဘိုလန် ကပျာကယာ ဖုန်းကိုင်လိုက်သည်။
ဖုန်းတစ်ဖက်စွန်းမှ သူ့ဘော့စ်၏ ကြောက်မက်ဖွယ် ကောင်းသော အသံ ထွက်ပေါ်လာတော့သည်။
"ငတုံးကောင်"
"ကုမ္ပဏီက လူတွေကို ခေါ်ပြီး လေဆိပ်မှာ သွားကြွားဝါဖို့ ဘယ်သူက မင်းကို သတ္တိနဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တာလဲ"
"အခုချက်ချင်း သက်ဆိုင်သူကို တောင်းပန်လိုက်...၊ ပြီးရင် ကုမ္ပဏီကို ပြန်လာပြီး အပြစ်ပေးခံဖို့ ပြင်ထား...၊ ကြားလား"
"..."
"ငါ မင်းကို သတိပေးလိုက်မယ်...၊ ငါတို့အထက်က မင်းသမီးလေး အန်းကျူ (Little Princess Anjou) တောင် ဒီကိစ္စကို သိသွားပြီ"
"တကယ်လို့ မင်းသာ တစ်ဖက်လူရဲ့ ခွင့်လွှတ်မှုကို မရခဲ့ရင်... ဒီည သမ်းမြစ် (River Thames) ထဲ သွားပြီး သဲသောင်ပြင်မှာ အိပ်ဖို့ ပြင်ထားလိုက်တော့"
ထိုသို့ ပြောပြီးနောက် တစ်ဖက်လူ ဖုန်းချသွားသည်။
ထို့နောက်... သူ့ဘေးနားရှိ စီးပွားရေး ဌာန ဒုတိယ ဒါရိုက်တာ တစ်ဦး၏ ဖုန်း မြည်လာပြန်သည်။
ဖုန်းထဲမှ အသံမှာ သူ့ဘော့စ်၏ အသံပင် ဖြစ်နေဆဲ။
"တော်ကြာကျရင် အီဘိုလန်ကို စောင့်ကြည့်ထား"
"တကယ်လို့ သူသာ မစ္စတာယဲ့ရဲ့ နားလည်ပေးမှုကို မရဘဲ... ကုမ္ပဏီကို ပြန်လာပြီး အပြစ်ပေးခံဖို့ ငြင်းဆန်နေမယ် ဆိုရင်... မင်းက ကုမ္ပဏီ ကိုယ်စား သူ့ကို ကူညီပြီး ရှင်းပစ်လိုက်"
"နားလည်လား"
သိသာထင်ရှားစွာပင်... စတီးရ် လုံခြုံရေး ကုမ္ပဏီ၏ ဘော့စ်သည် အမှန်တကယ် ထိတ်လန့်နေပုံ ရလေ၏။
သူ၏ အမိန့်များသည် အီဘိုလန် ဘက်တွင် အလုပ်မဖြစ်မည်ကို သူ စိုးရိမ်နေသည်။
ထို့ကြောင့် သူက အာမခံချက် တစ်ခု ထပ်ထည့်လိုက်ခြင်း ဖြစ်သည်။
အီဘိုလန်၏ မျက်နှာ ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
ဒုတိယ ဒါရိုက်တာ ဖုန်းပြောပြီးသွားသောအခါ... မူလက ခါးကြားမှ သေနတ်ဖြင့် ယဲ့ဖန်ကို ချိန်ရွယ်ထားသော်လည်း ယခုအခါ သူ့ကို ချိန်ရွယ်လာတော့သည်။
အီဘိုလန်သည် တစ်ခဏသာ တွေဝေနေပြီးနောက် လေယာဉ် အတက်အဆင်း လှေကားထစ်များပေါ်သို့ အပြေးအလွှား တက်သွားတော့သည်။
ထို့နောက်... သူ့လက်အောက်ငယ်သား နှစ်ယောက် ကြောင်အမ်းအမ်း ကြည့်နေသည့် အကြည့်များ အောက်မှာပင်... သူတို့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ယဲ့ဖန် ဆီသို့ အမြန် လျှောက်သွားလိုက်သည်။
သူ လေးလေးနက်နက် ဦးညွှတ်လိုက်လေ၏။
"တကယ် တောင်းပန်ပါတယ် လူကြီးမင်း"
"ခင်ဗျားက မင်းသမီးလေး အန်းကျူရဲ့ သူငယ်ချင်းမှန်း ကျွန်တော် မသိလိုက်လို့ပါ...၊ ကျွန်တော်တို့က မိသားစုဝင်တွေ ဖြစ်နေတာကို မသိလိုက်မိဘူး"
"ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်"
သို့သော်ငြားလည်း... ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ "ငါ့နိုင်ငံမှာတော့... တောင်းပန်တာကို ပါးစပ်နဲ့ ပြောလို့ မရဘူး"
"လုပ်ရပ်နဲ့ သက်သေပြမှ ရတယ်"
"ဒါဆိုရင် လူကြီးမင်း သဘောက..." အီဘိုလန်သည် မတုံးပေ။
ထိုသို့ ပြောပြီးနောက်... သူက လက်အောက်ငယ်သား နှစ်ယောက်ကို ဘေးသို့ ဖယ်ခိုင်းလိုက်ပြီး... ခေါင်းကို လက်ဖြင့် အုပ်ကာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးလိုက်သည်။
ထို့နောက်... လေယာဉ်တံခါးပေါက်မှနေ၍ လှိမ့်ဆင်းသွားတော့သည်။
အခန်း (၁၆၂၇) - မင်းကလည်း ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာလား
~အီဘိုလန်၏ လက်အောက်ငယ်သားများသည် ဆွံ့အသွားကြလေ၏။
အားလုံး ဆွံ့အသွားကြသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော ဘေးပတ်ဝန်းကျင်ရှိ ခရီးသည်များသည်လည်း အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားကြလေသည်။ သူတို့ မနေနိုင်တော့ဘဲ တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ကြ၏။
"ဘာတွေ ဖြစ်သွားတာလဲကွ"
"စတီးရ် လုံခြုံရေး ကုမ္ပဏီက မန်နေဂျာက ဘာလို့ ဒီလို လုပ်ရတာလဲ"
"ခုနကတော့ သူက အရမ်း မောက်မာနေတာ မဟုတ်ဘူးလား...၊ သူ့အမေအတွက် တရားမျှတမှု ရအောင် လုပ်ပေးမယ် ဆို..."
"ဘာဖြစ်လို့ တရုတ်ပြည်က လာတဲ့ လူငယ်လေးရှေ့ သွားပြီး... ဒီလောက်မြင့်တဲ့ လှေကားထစ်တွေပေါ်ကနေ ကိုယ့်ကိုယ်ကိုယ် ပစ်ချလိုက်တာလဲ"
"ငါ နားမလည်နိုင်တော့ဘူး"
"..."
သို့သော်ငြားလည်း... အီဘိုလန်သည် ထိုဆွေးနွေးသံများကို မကြားသကဲ့သို့ပင်။
လှေကားထစ်များပေါ်မှ လှိမ့်ဆင်းလာပြီးနောက်... ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိထားသော်လည်း သူသည် မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး အပြုံးတစ်ခုကို အတင်းအကျပ် ဆင်မြန်းကာ ယဲ့ဖန်ကို ကြည့်လိုက်လေ၏။
"ခင်ဗျား မကျေနပ်သေးဘူး ဆိုရင်... ကျွန်တော် ပြန်တက်သွားပြီး နောက်တစ်ခေါက် ထပ်ခုန်ချပေးပါ့မယ်"
"ခင်ဗျား ကျေနပ်တဲ့အထိ ကျွန်တော် လုပ်ပေးပါ့မယ်"
ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများသည် တစ်စုံတစ်ရာကို နားလည်သွားပုံ ရလေသည်။
ဘယ်သူမှ တိုးတိုးတိတ်တိတ် ဆွေးနွေးရဲခြင်း မရှိတော့ပေ။
အစားထိုး အနေဖြင့်... လေယာဉ်တံခါးဝတွင် ရပ်နေသော ယဲ့ဖန်ကို ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေ၏။
"သွားတော့" ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်" အီဘိုလန်မှာမူ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကပျာကယာပင် လေးလေးနက်နက် ဦးညွှတ်လိုက်လေ၏။
ထို့နောက် သူသည် ချက်ချင်း လှည့်မထွက်ရဲဘဲ... ယဲ့ဖန်ကို မျက်နှာမူလျက် ခါးကို ကိုင်းထားသည့် အနေအထားဖြင့် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားတော့သည်။
ယဲ့ဖန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ဆုတ်ခွာပြီးမှသာ... သူ လှည့်ထွက်သွားရဲလေ၏။
အောက်ဘက်တွင် ရောက်ရှိနေသော စတီးရ် လုံခြုံရေး ကုမ္ပဏီမှ လူများသည်... သူတို့ရှေ့မှ လူငယ်လေး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိရှိသွားကြတော့၏။
ယဲ့ဖန် ဘာမှ ပြောစရာ မလိုတော့ပေ။
သူတို့သည် ယဲ့ဖန်ကို ကပျာကယာ ဦးညွှတ်လိုက်ကြသည်။
ထို့နောက် တညီတညွတ်တည်း ထွက်ခွာသွားကြတော့သည်။
အချိန်တိုအတွင်းမှာပင်... မူလက မိုးတိမ်များ ဖုံးလွှမ်းပြီး မုန်တိုင်းကျရောက်လုနီးပါး ဖြစ်နေသော အခြေအနေသည် ပြန်လည် ကြည်လင်သွားတော့သည်။
ဘေးပတ်ဝန်းကျင်မှ ခရီးသွားများပင် ယဲ့ဖန်၏ သတိထားမိခြင်းကို ခံရမည် စိုးရိမ်နေပုံ ရလေ၏။
စတီးရ် လုံခြုံရေး ကုမ္ပဏီမှ လူများ ထွက်ခွာသွားပြီးနောက်... သူတို့လည်း လျင်မြန်စွာ လူစုခွဲလိုက်ကြတော့သည်။
အဝေးမှ လာကြိုသည့် နေရာတွင် ရပ်နေသော အလွန် ဆွဲဆောင်မှု ရှိပြီး ညှို့ဓာတ်ပြင်းသော အမျိုးသမီး တစ်ဦးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူမ အနည်းငယ် အံ့သြသွားပြီးနောက်... စာရွက်စာတမ်းများကို ပွေ့ပိုက်လျက် လျင်မြန်စွာ လျှောက်လာခဲ့လေ၏။
*
ယဲ့ဖန်သည် ထိုအမျိုးသမီးကို သတိမထားမိပေ။
ပြဿနာ ပြေလည်သွားပြီ ဖြစ်သဖြင့်... သူသည် ကြောင်အမ်းအမ်း ဖြစ်နေသော ချန်းဖေးအယ်ကို တစ်ချက် ကြည့်လိုက်လေ၏။
"ပြဿနာ ရှင်းသွားပြီ...၊ သွားကြစို့"
ပြောပြောဆိုဆိုနှင့် သူသည် ဘေးတစ်ဖက်တစ်ချက်စီမှ လေယာဉ်မယ်များ၏ လေးစားသမှု ပြည့်ဝသော အကြည့်များ အောက်တွင်... လေယာဉ် အတက်အဆင်း လှေကားထစ်များမှ ဆင်းလာခဲ့လေသည်။
"ရှင်... ရှင်က အန်းကျူ မိသားစုရဲ့ မင်းသမီးလေးကို သိတာလား" ချန်းဖေးအယ် ယခုမှ သတိဝင်လာပြီး အမီလိုက်ရန် ကပျာကယာ ပြေးလိုက်လာသည်။
ယဲ့ဖန် ပြုံးလိုက်လေ၏။
"အန်းကျူ (Anjou) ဆိုတဲ့ နာမည်ပါတဲ့ လူတစ်ယောက်ကိုတော့ သိတယ်...၊ ဒါပေမဲ့ သူက အန်းကျူ မိသားစုရဲ့ မင်းသမီးလေး ဟုတ်မဟုတ် ဆိုတာတော့ မသေချာဘူး"
"ဒါဆို ဘာလို့ စောစောကတည်းက မပြောတာလဲ"
ချန်းဖေးအယ်က သူ့ကို ထိုးလိုက်သည်။
"လေယာဉ်ပေါ်မှာ ကျွန်မ စိုးရိမ်နေရတာ ဘယ်လောက် ကြာပြီလဲ"
"ရှင်က အန်းကျူ မိသားစုက လူတစ်ယောက်ကို သိတယ် ဆိုတာသာ သိခဲ့ရင်... ကျွန်မ ဘာကိစ္စ စိုးရိမ်နေရမှာလဲ"
"လေယာဉ်စီးနေတုန်း နာရီအနည်းငယ်လောက် အိပ်လိုက်ရရင် ကောင်းမှာ မဟုတ်ဘူးလား"
"ကိုယ့် အပြစ်လား" ယဲ့ဖန်က မေးလိုက်သည်။
။ "ကိုယ် မင်းကို ပြောခဲ့သားပဲ...၊ ဒီကိစ္စကို ကိုယ့်တာဝန်သာ ထားလိုက်ပါလို့"
"ဘယ်သူကများ စိုးရိမ်နေရတာလဲ မသိဘူး"
ထိုစကားကို ကြားသောအခါ ချန်းဖေးအယ် စကားမပြောနိုင် ဖြစ်သွားလေ၏။ အချိန်အတော်ကြာ စကားထစ်နေပြီးမှ သူမ ပြောလိုက်သည်။ "ကျွန်မက ရှင့်ကို စိတ်ပူလို့ပါ..."
"ကိုယ့်ကို စိတ်ပူတာ..." ယဲ့ဖန်က နောက်ပြောင်လိုသော အပြုံးဖြင့် ပြုံးလိုက်ပြီး ရပ်တန့်လိုက်သည်။
"မင်းကလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာတော့ မဟုတ်ပါဘူးနော်"
"???"
ချန်းဖေးအယ်၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။
ယဲ့ဖန်က သူမကို ဆက်လက် စစ်ဆေးကြည့်ရှုလိုက်လေ၏။
"ငါ တွေးနေတာ... မင်းက ဘာလို့ ငါ့ကို ဒီလောက် ဂရုစိုက်ပေးနေတာလဲ...၊ ပြီးတော့ ပထမဆုံး မစ်ရှင် ဒါမှမဟုတ် ဒုတိယ မစ်ရှင်မှာတောင် ငါ့အဖွဲ့ဖော် ဖြစ်အောင် စီစဉ်ခဲ့သေးတယ်"
"ဒါဆို မင်းက ကိုယ့်ခန္ဓာကိုယ် အပေါ် မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပေါ့"
"ကြိုပြောထားရမယ်နော်...၊ ကိုယ်က အဲဒီလို လူမျိုး မဟုတ်ဘူး"
"မင်းက ကိုယ့်ရဲ့ ခေါင်းဆောင် ဖြစ်နေရင်တောင်... ပန်းပွင့်လေးလို လှနေရင်တောင်... ကိုယ် သေချာပေါက် လက်ခံမှာ မဟုတ်ဘူး...၊ မင်းရဲ့ ဆွဲဆောင်မှုက လွန်ကဲနေပြီး ကိုယ် မထိန်းနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်ရင်ပေါ့..."
"ယဲ့ဖန် စုတ်...၊ ငါ နင့်ကို မနိုင်ဘူးလို့ ထင်နေလား" ချန်းဖေးအယ်၏ မျက်နှာ ရဲရဲနီနေတော့၏။
ယဲ့ဖန် စကားဆုံးသည်အထိပင် မစောင့်တော့ဘဲ သူမ သူ့ကို ကန်လိုက်လေ၏။
"နင် ဆက်ပြီး ပေါက်ကရတွေ ပြောနေဦးမယ် ဆိုရင်... နင့်ကို မှောက်သွားအောင် လုပ်ပစ်မယ်"
ယဲ့ဖန် သဘာဝကျစွာပင် သူမကို အောင်မြင်ခွင့် ပေးမည် မဟုတ်ချေ။
ချန်းဖေးအယ် လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပင်...၊ သူက ကိုယ်ကို တစ်ချက် လှည့်လိုက်ပြီး သူမ၏ တိုက်ခိုက်မှု အကွာအဝေးမှ ရှောင်တိမ်းလိုက်လေ၏။
သူ ကြိုတင် ခန့်မှန်းထားသကဲ့သို့ပင်။
ချန်းဖေးအယ်မှာမူ ပထမအကြိမ် တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ပို၍ ရှက်ရွံ့ပြီး ဒေါသထွက်လာလေ၏။ သူမ ဆက်လက် လိုက်ဖမ်းရန် ပြင်လိုက်သည်။
သို့သော်... ထိုအချိန်တွင် အရပ် (၁.၇၅) မီတာကျော် မြင့်ပြီး စူပါမော်ဒယ် တစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသော လူတစ်ယောက် လျှောက်လာခဲ့လေသည်။
အလွန် ရင်သပ်ရှုမောဖွယ် ကောင်းသော ခန္ဓာကိုယ် အချိုးအစားနှင့် ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး... ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် အပြေးကလေး ရောက်ရှိလာလေ၏။
"မင်္ဂလာပါ...၊ မစ္စတာယဲ့... ယဲ့ဖန် ဟုတ်ပါသလား"
တစ်ဖက်လူသည် စံချိန်မီ နေမဝင် အင်ပါယာ နိုင်ငံသား မျက်နှာပေါက် ရှိသော်လည်း... ကျွမ်းကျင်ပိုင်နိုင်သော မန်ဒရင် စကားကို ပြောဆိုနေလေသည်။
ယဲ့ဖန်ကို လိုက်ဖမ်းရန် ပြင်နေသော ချန်းဖေးအယ် ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် သူမသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်သည် ရောက်လာသူကို ကြည့်လိုက်သည်။
ထိုအမျိုးသမီး၏ အသံမှာ အလွန် ထူးခြားလေ၏။ တရုတ်စကားဖြင့် ပြောရလျှင်... 'မြေခွေးမလေး' ဟု တင်စားရလောက်သည်။
ဆွဲဆောင်မှု ရှိသော အမျိုးသမီး တစ်ဦး၏ မြေခွေးမလေးကဲ့သို့ ညှို့ဓာတ်ပြင်းသော အသံမျိုးပင်။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ (Smart Information Consulting Co., Ltd.) ကိုယ်စား ရှယ်ယာ လွှဲပြောင်းပေးရန် ရောက်လာသော ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဆာမီယာ၏ အသံနှင့် တူညီနေသည်။
ထို့ကြောင့် တစ်ဖက်လူ၏ အသံနှင့် စကားလုံးများကို ကြားလိုက်ရုံဖြင့်... ယဲ့ဖန်သည် တစ်ဖက်လူ၏ အထောက်အထားကို ခန့်မှန်းနိုင်လိုက်လေ၏။
ယဲ့ဖန် ပြုံးလိုက်သည်။ "ဟုတ်ပါတယ်...၊ ခင်ဗျားက စမတ် သတင်းအချက်အလက် စီမံခန့်ခွဲမှု ကုမ္ပဏီက ဆာမီယာ ပါလား"
"ဟုတ်ပါတယ်" ဆာမီယာက စကားပြောရင်း အနားသို့ ရောက်လာပြီး ယဲ့ဖန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
သူမ၏ ရင်ဘတ်ဟိုက်နေသော ကော်လာသည် ရုတ်တရက် လှုပ်ရှားသွားပြီး... ဖွံ့ဖြိုးသော ရင်သားများက လှိုင်းထသွားသကဲ့သို့ ဖြစ်သွားလေ၏။
ယဲ့ဖန်သည် ရင်သားအကြီးစားများကို မြင်ဖူးနေကျ ဖြစ်သော်လည်း... သူ့နှလုံးသားမှာ မနေနိုင်မထိုင်နိုင် တုန်လှုပ်သွားရသည်။
"တကယ် တောင်းပန်ပါတယ် မစ္စတာယဲ့...၊ ခုနက ကျွန်မ ရှင့်ကို ချက်ချင်း မမှတ်မိလိုက်လို့ပါ...၊ ကျွန်မ ရှင့်ကို လာကြိုတာပါ"
ဆာမီယာက ဦးညွှတ်ရင်း တောင်းပန်လိုက်လေ၏။
ယဲ့ဖန်က ကိစ္စမရှိကြောင်း ပြန်ပြောရန် ပြင်လိုက်စဉ်... ဘေးနားမှ အန္တရာယ်ရှိသော အကြည့်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ မျက်လုံးထောင့်မှနေ၍ အကဲခတ်လိုက်သည်။
ချန်းဖေးအယ် ဖြစ်ချေ၏။ သူမသည် ဆာမီယာ၏ အလွန်အမင်း ကြီးမားနေသော ရင်သားများကို ကြည့်ရင်း... မျက်လုံးထဲတွင် သတိထားမှုများ ပြည့်နှက်နေလေသည်။
သူ ချက်ချင်း ချောင်းဟန့်လိုက်လေ၏။ "လက်ထောက်လေး...၊ ငါ အခု ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ဖြေရှင်းစရာ ရှိတယ်"
"မင်း အရင်သွားပြီး တည်းခိုဖို့ နေရာ ရှာထားလိုက်...၊ တစ်ချိန်တည်းမှာပဲ ငါတို့ရဲ့ နေထိုင်မှုနဲ့ ခရီးစဉ်တွေကို စီစဉ်ထားလိုက်ပါ"
"ပြီးတော့... စာရင်းပေးသွင်းဖို့ မမေ့နဲ့ဦး...၊ ငါတို့က နေမဝင် အင်ပါယာရဲ့ ပရဟိတ လေလံပွဲကို တက်ရောက်မှာလေ"
ပြောပြောဆိုဆိုနှင့် သူသည် ချန်းဖေးအယ်၏ သတိပေးမှုကို လျစ်လျူရှုလိုက်ပြီး... ဆုတ်ခွာသွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ချန်းဖေးအယ်သည် ယဲ့ဖန်၏ အချက်ပြမှုကို ရရှိပြီး သူ၏ အမိန့်ကို ကြားလိုက်ရသောအခါ... အစပိုင်းတွင် မကျေမနပ် ဖြစ်သွားပြီး ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်လာလေ၏။
သို့သော် ပြန်စဉ်းစားကြည့်လျှင်... ဤနေရာသည် နေမဝင် အင်ပါယာ ဖြစ်နေ၏။ သူတို့ကဲ့သို့ နိုင်ငံခြား ဧည့်သည်များသည် ပစ်မှတ်ထား ခံနေရနိုင်ချေ ရှိသည်။
ခေတ္တမျှ တွေဝေပြီးနောက် သူမ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်လေ၏။ "သဘောပေါက်ပါပြီ...၊ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ် သူဌေး"
ထို့နောက်... တကယ့် လက်ထောက် တစ်ယောက်ကဲ့သို့ပင် သူမသည် ယဲ့ဖန်နှင့် သူမ၏ ခရီးဆောင်အိတ်များကို သယ်ဆောင်ကာ အလုပ်သွားလုပ်တော့သည်။
အခန်း (၁၆၂၈) - ကိုးပြည်ထောင် ဖိုက အဆင့် (၉) နေရာမှာပဲ ရှိနေတာလား
~ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... ဆာမီယာ သည် ချန်းဖေးအယ်၏ သရုပ်ဆောင်ချက်အောက်တွင် လှိမ့်ပိမ့်နေအောင် ခံလိုက်ရတော့၏။
ချန်းဖေးအယ်သည် ယဲ့ဖန်ကို ကူညီရန် အိတ်များကို သယ်ဆောင်နေသည်ကို မြင်သောအခါ... သူမက ယဲ့ဖန်ကို ချက်ချင်း မေးလိုက်လေ၏။ "လူကြီးမင်း...၊ ရှင့်လက်ထောက်ကို ကူသယ်ပေးဖို့ ကျွန်မတို့ဘက်က လူလိုမလား"
"ကျွန်မတို့ဆီမှာ လူအင်အား အလုံအလောက် ရှိပါတယ်"
ယဲ့ဖန် လက်ကာပြလိုက်သည်။ "မလိုပါဘူး...၊ သူ့ဘာသာသူ လုပ်ပါစေ"
ထို့နောက် သူသည် ဆာမီယာဘက်သို့ လှည့်လိုက်လေ၏။
"ကျွန်တော် ခိုင်းထားတဲ့ ကိစ္စတွေရော ဘယ်လိုလဲ"
"ပြီးပါပြီ"
ဆာမီယာက သတင်းအချက်အလက် ဖိုင်တွဲကို ယဲ့ဖန်အား ကမ်းပေးလိုက်သည်။ "သတင်းအချက်အလက်တွေ အကုန် ဒီမှာပါ"
"ကျွန်မတို့ ကားလည်း လေဆိပ် အပြင်ဘက်မှာ ရပ်ထားပါတယ်"
"လူကြီးမင်း... ကုမ္ပဏီကို သွားတဲ့လမ်းမှာ အေးဆေး ဖတ်ကြည့်လို့ ရပါတယ်"
"နားမလည်တာ ရှိရင်လည်း... ကျွန်မကို ဘယ်အချိန်ပဲ ဖြစ်ဖြစ် မေးလို့ ရပါတယ်"
ယဲ့ဖန်သည် သူမ၏ အဖြေကို အလွန် ကျေနပ်သွားလေသည်။ လက်ထဲမှ စာရွက်စာတမ်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လမ်းပြရန် အမူအရာဖြင့် ပြလိုက်လေ၏။
ဆာမီယာသည် တရုတ် ယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်သူ ပီပီပင်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် ယဲ့ဖန် ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်သွားပြီး ရှေ့မှနေ၍ လမ်းပြလေတော့သည်။
သူမသည် ယဲ့ဖန်ကို တိုယိုတာ အယ်လ်ဖတ် (Toyota Alphard) ကားတစ်စီးဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
ယာဉ်မောင်းခုံတွင် ထိုင်နေသော ကျပ်ထုတ်နေသည့် အဝတ်အစားများနှင့် စွမ်းရည်ရှိပုံရသည့် အမျိုးသမီး တစ်ဦးသည် ချက်ချင်း ဆင်းလာပြီး သူ့ကို ဦးစွာ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ သူဌေး"
ပြောပြောဆိုဆိုနှင့် သူမက ကားတံခါးကို ဖွင့်ပေးပြီး ဖိတ်ခေါ်သည့် လက်ဟန် ပြုလိုက်သေးသည်။
ယဲ့ဖန်သည် ထိုအခြေအနေကို မြင်သောအခါ ဆာမီယာ ဘက်သို့ လှည့်ကြည့်လိုက်သည်။
ဆာမီယာက ချက်ချင်း မိတ်ဆက်ပေးလေ၏။ "သူကတော့ ကျွန်မတို့ စမတ် သတင်းအချက်အလက် ကုမ္ပဏီ (Smart Information Co., Ltd.) ရဲ့ ထိပ်တန်း ယာဉ်မောင်းနဲ့ ကိုယ်ရံတော်ပါ...၊ ကျွန်မရဲ့ သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်"
"ဘလက်သွန်း (Black Thorn - ဆူးနက်) ပါ"
"သူက နေမဝင် အင်ပါယာရဲ့ တော်ဝင် အေးဂျင့် တစ်ယောက် အဖြစ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရဖူးပါတယ်...၊ ဒါပေမဲ့ အဲဒီ အလုပ်ရဲ့ ဦးနှောက်ဆေးဝါးခြင်း (Brainwashing) လုပ်ရပ်တွေကို မကြိုက်လို့... နောက်ဆုံးမှာ အေးဂျင့် မလုပ်ဖို့ ရွေးချယ်ခဲ့တာပါ"
ယဲ့ဖန်သည် ဤလူတွင် ထိုကဲ့သို့သော နောက်ခံသမိုင်းကြောင်း ရှိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ထိုအသေးစိတ် အချက်အလက်များကို စိတ်ထဲတွင် မှတ်သားပြီးနောက်... သူက သူမကို ပြုံးပြလိုက်သည်။
ထို့နောက် ကားပေါ်သို့ တက်လိုက်လေ၏။
ဖိုင်တွဲကို ဖွင့်လိုက်ပြီး သတင်းအချက်အလက်များကို စတင် ကြည့်ရှုလိုက်သည်။
ဆာမီယာက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူ စာဖတ်နေသည်ကို မြင်သောအခါ... ဆာမီယာက အသံတိုးတိုးဖြင့် စတင် ရှင်းပြလေတော့သည်။
"ရှင် စုံစမ်းခိုင်းထားတဲ့ ကိစ္စ (၃) ခုပါ"
"ပထမ တစ်ချက်... ဒီတစ်ခါ ဂျယ်ရီ ဘားရိုး မိသားစုကနေ အများပြည်သူကြား ပျံ့လွင့်သွားတဲ့ တန်ဖိုးအကြီးဆုံး ပစ္စည်း (၁၀) မျိုးရဲ့ အခြေခံ အချက်အလက်တွေနဲ့... သူတို့ရဲ့ နောက်ဆုံး လှုပ်ရှားမှုတွေ...၊ ဒုတိယ တစ်ချက်... ဂျယ်ရီ ဘားရိုး မိသားစုက ပျောက်ဆုံးသွားတဲ့ စုဆောင်းမှုတွေကို တိတ်တဆိတ် လိုက်ရှာနေတဲ့ အင်အားစုတွေ၊ အဖွဲ့အစည်းတွေက ဘယ်သူတွေလဲ ဆိုတာနဲ့... သူတို့ရဲ့ သက်ဆိုင်ရာ အခြေအနေတွေ...၊ တတိယ တစ်ချက်... နေမဝင် အင်ပါယာမှာ ကျင်းပမယ့် ပရဟိတ လေလံပွဲကို တက်ရောက်မယ့် လူစာရင်းနဲ့... သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေ..."
"ကျွန်မတို့ သိထားသမျှနဲ့ ရှာဖွေလို့ ရသမျှ သတင်းအချက်အလက်တွေ အကုန်လုံး ဒီထဲမှာ ပါပါတယ်..."
ယဲ့ဖန် တိတ်ဆိတ်နေလိုက်သည်။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီသည် သူတို့၏ ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
ဤအချက်အလက်များသည် သူ စိတ်ကူးထားသည်ထက် ပိုမို အသေးစိတ် ကျနေသည်။
ဥပမာအားဖြင့်... ဂျယ်ရီ ဘားရိုး မိသားစုမှ အများပြည်သူကြား ပျံ့လွင့်သွားသော တန်ဖိုးအကြီးဆုံး ပစ္စည်း (၁၀) မျိုးကို အတိအကျ ဖော်ထုတ်ထားရုံသာမက၊ ထိုပစ္စည်းများ၏ ဇာစ်မြစ်ကိုပါ စာရင်းပြုစုထားလေ၏။
ဥပမာအားဖြင့်... ဆာမီယာသည် နေမဝင် အင်ပါယာ၏ ပရဟိတ လေလံပွဲသို့ တက်ရောက်မည့် လူစာရင်းကို ဖော်ပြထားရုံသာမက၊ သူတို့၏ အသေးစိတ် အချက်အလက်များကိုပါ ရှာဖွေ ဖော်ထုတ်ထားသည်။ ထို့အပြင် ပါဝင်ရန် စိတ်ဝင်စားသည်ဟု ကောလာဟလ ထွက်နေသူများ၏ နာမည်များကိုပါ စာရင်းပြုစုထားသေးသည်။
သို့သော်ငြားလည်း... ပြဿနာ တစ်ခုတော့ ရှိနေသည်။ ကန့်သတ်ချက် ရှိနေခြင်းပင်။
အတိကျဆုံး ဥပမာကို ပြရလျှင်... ဂျယ်ရီ ဘားရိုး မိသားစုမှ အများပြည်သူကြား ပျံ့လွင့်သွားသော တန်ဖိုးအကြီးဆုံး စုဆောင်းမှုနှင့် ပတ်သက်၍ ဖြစ်ချေသည်။ စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီနှင့်... ဤစုဆောင်းမှုကို လိုက်ရှာနေကြသော နေမဝင် အင်ပါယာရှိ မိသားစုကြီး အားလုံးလိုလိုက... တန်ဖိုးအကြီးဆုံး ပစ္စည်းမှာ ခန့်မှန်းတန်ဖိုး ယွမ် (၁.၀၇) ဘီလီယံ ရှိသော "ချင်းမင် ပွဲတော်ကာလ မြစ်တစ်လျှောက်" (Along the River During the Qingming Festival) ပန်းချီကား ဖြစ်သည်ဟု ထင်မှတ်နေကြခြင်းပင်။
ကိုးပြည်ထောင် ဖို (Nine Prefectures Cauldron) နှင့် ပတ်သက်၍မူ... ဈေးကွက်ထဲတွင် ကိုးကားစရာ ပစ္စည်း မရှိခြင်းနှင့် ယခင်က အရောင်းအဝယ် မှတ်တမ်း မရှိခဲ့ခြင်းတို့ကြောင့်... နောက်ခံသမိုင်းကြောင်း ကြီးမားသော်လည်း ရှေးရိုးစွဲဆန်စွာဖြင့် ယွမ် (၅၆၀) သန်းသာ တန်ကြေး ဖြတ်ထားကြသည်။ ဂျယ်ရီ ဘားရိုး မိသားစု၏ စုဆောင်းမှုများထဲတွင် အဆင့် (၉) သာ ချိတ်ထားလေ၏။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီသည် ထောက်လှမ်းရေး အပိုင်းတွင် အမှန်တကယ် တော်သော်လည်း... သူတို့၏ အသိပညာ ဗဟုသုတ အပိုင်းတွင် အနည်းငယ် လိုအပ်ချက် ရှိနေသေးကြောင်း သိသာထင်ရှားလှသည်။
တစ်နည်းအားဖြင့် ပြောရလျှင်... နေမဝင် အင်ပါယာ တစ်ခုလုံးရှိ ရတနာ ရှာဖွေသူများ အားလုံးတွင် ကောင်းမွန်သော အသိပညာ ဗဟုသုတ ရှိပုံ မရပေ။
လက်ထဲမှ သတင်းအချက်အလက်များ အားလုံးကို လှန်လှော ကြည့်ရှုပြီးနောက်... သူ အသိချင်ဆုံး အချက်အလက် နှစ်ခုကို မတွေ့ရသောအခါ ယဲ့ဖန် ခေတ္တမျှ စဉ်းစားလိုက်သည်။
ထို့နောက် ဆာမီယာကို ပြောလိုက်လေ၏။ "ဒီစာရွက်စာတမ်းက အရမ်း ကောင်းပါတယ်...၊ ဒါပေမဲ့ တစ်ခု လိုနေသေးတယ်"
"တစ်ခု လိုနေသေးတယ် ဟုတ်လား" ဆာမီယာ အနည်းငယ် အံ့သြသွားသည်။
သို့သော် ထိုအံ့သြမှုသည် ခဏတာမျှသာ ဖြစ်သည်။ သူမ သတိဝင်လာပုံရပြီး စကားကို လျင်မြန်စွာ ပြောင်းလိုက်သည်။ သူမက တောင်းပန်သော လေသံဖြင့် ပြောလိုက်လေ၏။ "ကျေးဇူးပြုပြီး ထောက်ပြပေးပါဦး မစ္စတာယဲ့"
ယဲ့ဖန်သည် သူမ၏ တုံ့ပြန်မှုနှင့် သဘောထားကို အလွန် ကျေနပ်သွားသည်။ သူ အပြစ်မတင်တော့ဘဲ ရိုးရှင်းစွာ ပြောလိုက်လေ၏။ "ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေကို တန်ဖိုးဖြတ်တာမှာ ပြဿနာ တစ်ခု ရှိနေတယ်"
"အဲဒီအထဲမှာ... ကိုးပြည်ထောင် ဖိုရဲ့ တန်ဖိုးက 'ချင်းမင် ပွဲတော်ကာလ မြစ်တစ်လျှောက်' ပန်းချီကားထက် အများကြီး ပိုပါတယ်...၊ သူ့ရဲ့ ရှေးရိုးစွဲ ခန့်မှန်းတန်ဖိုးကတင် (၂) ဘီလီယံထက် မနည်းသင့်ဘူး"
"နောက်တစ်ဆင့် အနေနဲ့... ဂျယ်ရီ ဘားရိုး မိသားစုရဲ့ တန်ဖိုးကြီး စုဆောင်းမှုတွေ အကြောင်း သတင်းအချက်အလက် လိုက်ရှာတဲ့အခါ... ကိုးပြည်ထောင် ဖိုကို အကြီးမားဆုံး ဦးစားပေး အဖြစ် ထားရမယ်"
"သဘောပေါက်ပါပြီ" ဆာမီယာသည် ဆက်မေးရန် ရည်ရွယ်ချက် မရှိတော့ပေ။ အစားထိုး အနေဖြင့်... သူမသည် မှတ်စုစာအုပ် သေးသေးလေး တစ်အုပ်ကို ထုတ်လိုက်ပြီး ချက်ချင်း ရေးမှတ်လိုက်လေ၏။ "ကိုးပြည်ထောင် ဖိုက အမြင့်ဆုံး ဦးစားပေး ပါ"
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်။
"ပြီးတော့ ကျွန်တော် ကိုယ်တိုင် အလေးအထားဆုံး အရာတစ်ခုလည်း ရှိသေးတယ်"
"နေမဝင် အင်ပါယာ တစ်ခုလုံးက ကိုးပြည်ထောင် ဖိုရဲ့ တန်ဖိုးကို မြင့်မြင့်မားမား မသတ်မှတ်ထားဘူး ဆိုမှတော့... ဘယ်သူတွေက ဒီဖိုကို အများဆုံး စိတ်ဝင်စားနေလဲ ဆိုတာ ငါ သိချင်တယ်"
ဆာမီယာသည် ထိုစကားကို ကြားသောအခါ ယဲ့ဖန် ဘာကို ဆိုလိုသည်ကို နားလည်သွားသည်။
သူမ၏ မှတ်စုစာအုပ်ထဲတွင် နောက်ထပ် စာကြောင်း တစ်ကြောင်းကို အမြန် ချရေးလိုက်ပြီးနောက် ပြောလိုက်လေ၏။ "နားလည်ပါပြီ မစ္စတာယဲ့"
"အခုပဲ... ကျွန်မတို့ လူတွေကို ကိုးပြည်ထောင် ဖိုရဲ့ ခြေရာကို လိုက်ဖို့နဲ့... အဲဒါကို စိတ်ဝင်စားနေတဲ့ သူတွေရဲ့ သတင်းအချက်အလက်တွေကို တူးဖော်ဖို့ အဓိကထား လုပ်ဆောင်ခိုင်းလိုက်ပါ့မယ်"
ယဲ့ဖန် သူမကို အသိအမှတ်ပြုသော အကြည့်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။
ထို့နောက် လက်ထဲမှ သတင်းအချက်အလက်များကို ဆက်လက် လှန်လှော ကြည့်ရှုလိုက်သည်။
ဂျယ်ရီ ဘားရိုး မိသားစုကို ဓားပြတိုက်ခဲ့သော 'သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့'သည် သူတို့ အပြစ်ရှိကြောင်း သိနေသဖြင့် အလွန် နက်ရှိုင်းစွာ ပုန်းအောင်းနေကြပုံ ရသည်။
ဂျယ်ရီ ဘားရိုး မိသားစုထံမှ တန်ဖိုးအကြီးဆုံး ရှေးဟောင်းပစ္စည်း (၁၀) မျိုး၏ တည်နေရာမှာ မသေချာ မရေရာ ဖြစ်နေသည်။
ရှာတွေ့နိုင်သော နောက်ဆုံး သဲလွန်စမှာ... ထိုပစ္စည်းများကို သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ အတွင်းရှိ မတူညီသော အထက်တန်းလွှာ အဖွဲ့များက ကိုင်ဆောင်ထားကြပြီး... နိုင်ငံ အနှံ့အပြားသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
ဒီသတင်းအချက်အလက် အပိုင်းကတော့ လောလောဆယ် ကြည့်ရှုဖို့ မတန်သေးပေ။
သို့သော်ငြားလည်း... ဂျယ်ရီ ဘားရိုး မိသားစုထံမှ ပျောက်ဆုံးသွားသော စုဆောင်းမှုများကို တိတ်တဆိတ် လိုက်ရှာနေကြသည့် အင်အားစုများနှင့် အဖွဲ့အစည်းများ အကြောင်း... ထို့ပြင် သူတို့၏ သက်ဆိုင်ရာ အခြေအနေများ အကြောင်း ဖော်ပြထားသော သတင်းအချက်အလက်များမှာမူ အလွန် အသေးစိတ် ကျလှပေသည်။
ထို့အပြင်... နေမဝင် အင်ပါယာ တစ်ခုလုံး၏ လက်ရှိ အခြေအနေကို အချိန်တိုအတွင်း နားလည်နိုင်ရန် ယဲ့ဖန်ကို များစွာ အထောက်အကူ ပြုပေလိမ့်မည်။
ထို့ကြောင့် ဒီတစ်ခါ လှန်လှော ကြည့်ရှုရာတွင်... သူသည် ဤအကြောင်းအရာ အပိုင်းကို အဓိကထား ကြည့်ရှုလိုက်လေ၏။
[နေမဝင် အင်ပါယာ...၊ အများပြည်သူကြား ပျံ့လွင့်သွားသော ဂျယ်ရီ ဘားရိုး မိသားစု၏ စုဆောင်းမှုများကို တိတ်တဆိတ် လိုက်လံ ရှာဖွေရာတွင် ပါဝင်နေကြသော အင်အားစုများနှင့် အဖွဲ့အစည်းများ။]
[ဖော်ပြချက် - ဂျယ်ရီ ဘားရိုး မိသားစု၏ ပျောက်ဆုံးနေသော ရတနာများကို ရှာဖွေရာတွင် ပါဝင်ပတ်သက်နေသူများမှာ အဓိကအားဖြင့် နေမဝင် အင်ပါယာ၏ မိသားစုကြီး (၄) ခု၊ နာရေး အဖွဲ့အစည်း (Funeral Organization)၊ ကြွယ်ဝခြင်း အသင်း (Prosperity Society)၊ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့အစည်း (Royal Secret Service Organization)၊ ထို့ပြင် နိုင်ငံခြားသား ရွှေရှာသူများ၊ ရတနာ မုဆိုးများ၊ ခိုးမှု အဖွဲ့အစည်းများ၊ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းများနှင့် အခြားသော မီးခိုးရောင် အင်အားစုများ ပါဝင်သည်။]