← Chapters

အခန်း (၁၆၃၈-၁၆၄၀)

Vol. 85 Ch. 1638-1640

အခန်း (၁၆၃၈-၁၆၄၀)

Vol. 85 Ch. 1638-1640

အခန်း ၁၆၃၈- ဆွေးနွေးစရာ အခန်းကဏ္ဌ မရှိ

~ယဲ့ဖန် လုံးဝ မတုန်လှုပ်ပေ။

သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်လေ၏။

"မင်း တစ်သက်လုံး မတ်တပ်ရပ်နိုင်တော့မှ အဲ့ဒီစကားကို ထပ်ပြောပါ"

ပါ့ခ်ဂျီချန် သည် တစ်စုံတစ်ရာကို သတိထားမိသွားပုံ ရပြီး ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကပျာကယာ ကြိုးစားလိုက်သည်။

ထို့နောက်... သူ့မျက်နှာထား အလွန် အရုပ်ဆိုး အကျည်းတန်သွားတော့သည်။

"မင်း... မင်း...၊ မင်းက ငါ့ရဲ့ လျှို့ဝှက် အင်္ဂါအစိတ်အပိုင်းကို ကြေမွသွားအောင် လုပ်လိုက်ရုံတင် မကဘူး...၊ လက်ဝါးတစ်ချက်တည်းနဲ့ ငါ့ တင်ပါးဆုံရိုးနဲ့ ခါးရိုးကိုပါ ရိုက်ချိုးပစ်လိုက်တာလား"

"မင်းက သိုင်းပညာရှင် တစ်ယောက်လား"

"တောင်ကို ကျော်ပြီး နွားကို ရိုက်တဲ့ သိုင်းကွက် လား"

ယဲ့ဖန်က ပါ့ခ်ဂျီချန်၏ မေးခွန်းကို မဖြေပေ။ ပြန်စေ့၍ မရနိုင်တော့သော သူ့ခြေထောက်ကြားမှ နေရာလွတ်ကိုသာ ကြည့်လိုက်လေ၏။

"မင်း ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ဝှီးချဲပေါ်မှာ ထိုင်ပြီး... မင်းရဲ့ ပြစ်မှုတွေကို ပြန်လည် ဆင်ခြင်သုံးသပ်သင့်တယ်"

ပြောပြောဆိုဆိုနှင့် ယဲ့ဖန်သည် ဆင်နိုင်ငံမှ အသားမည်းမည်းနှင့် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။

ဆင်နိုင်ငံမှ လူသည် အနည်းငယ် ကြောက်လန့်သွားပုံ ရလေ၏။

ယဲ့ဖန်၏ အကြည့်ကို မြင်သောအခါ... သူသည် ပါ့ခ်ဂျီချန်ကို ချက်ချင်း ပြန်ကြည့်လိုက်ပြီး ကပျာကယာ ပြောလိုက်သည်။

"ငါ မင်းပစ္စည်းကို မလုပါဘူး..."

"ခုနကပဲ တစ်ယောက်ယောက်က ငါ့ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူးလား...၊ ဟို အမေရိကန်လူတွေလို ဇာတ်သိမ်းမျိုး မကြုံချင်ရင်... ပန်းချီကားကို ထားခဲ့တာ ပိုကောင်းမယ် ဆို" ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်သည်။

"ဟဲဟဲ ၊ အဲဒါက... အရင်တုန်းက ငါ အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့လို့ပါ" ဆင်နိုင်ငံမှ လူက နေရခက်စွာ ရယ်မောလိုက်သည်။

ပြောရင်းနှင့် သူသည် အညံ့ခံတော့မည့်သူ တစ်ယောက်ကဲ့သို့ လက်နှစ်ဖက်ကို မြှောက်ပြလိုက်လေ၏။

ဘေးနားမှ လူများက ထိုအခြေအနေကို မြင်သောအခါ... ဒီနေ့ ပဋိပက္ခ ပြီးဆုံးတော့မည်ဟု ထင်မှတ်လိုက်ကြပြီး ထွက်ခွာရန် အလိုအလျောက် ပြင်ဆင်လိုက်ကြသည်။

သို့သော်ငြားလည်း... လက်မြှောက်လိုက်သည့် အချိန်မှာပင် ဆင်နိုင်ငံမှ လူသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း ကျယ်ကျယ်လှမ်းလိုက်လေ၏။

သူသည် ယဲ့ဖန်၏ ရှေ့သို့ ပျံသန်း ရောက်ရှိလာပြီး ညာဘက် ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။

တစ်ချိန်တည်းမှာပင်... လက်တစ်ဖက်က လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ယဲ့ဖန် ဘယ်လက်တွင် ကိုင်ထားသော ပန်းချီကားဆီသို့ လှမ်းဆွဲလိုက်လေ၏။

‘ဒီလူက စစ်ပရိယာယ်ကို နားလည်နေတာပဲ။’

ပထမဦးဆုံး... သူက အရှုံးပေးသလို ဟန်ဆောင်ပြီး ယဲ့ဖန်၏ သတိထားမှုကို လျှော့ချလိုက်သည်။

ထို့နောက် လက်မြှောက် အညံ့ခံပြပြီး ယဲ့ဖန်၏ အာရုံကို လွှဲလိုက်သည်။

ပြီးမှ... အလစ်အငိုက်နှင့် တုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲအားကို အသုံးပြုပြီး ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ချေသည်။

တစ်ခဏချင်း ဆီတွင်... ရှိနေသော လူအများအပြား ကြောင်အသွားကြသည်။

"ကွန်ချာ (Kun Cha) က နည်းနည်း ယုတ်မာလွန်းနေပြီ မဟုတ်ဘူးလား"

"ကြည့်ရတာ ရိုးရိုးသားသားနဲ့... တော်တော် ကောက်ကျစ်တာပဲ"

"နောက်နောင် ဒီကောင်နဲ့ ဆက်ဆံရင် ပိုသတိထားမှ ဖြစ်တော့မယ်"

"ဆင်နိုင်ငံက လူတွေက မူလကတည်းက သွက်လက် ဖြတ်လတ်ကြတယ်...၊ ပြီးတော့ မွေထိုင်း (Muay Thai) ကလည်း မြင့်မားတဲ့ ပေါက်ကွဲအားကို ထုတ်သုံးတဲ့ နေရာမှာ အလွန် ကောင်းမွန်တယ်"

"သူက အရင်ဆုံး ပြိုင်ဘက်ကို ဇဝေဇဝါ ဖြစ်အောင် လုပ်တယ်...၊ ပြီးမှ သူ့ရဲ့ သွက်လက်မှု အားသာချက်နဲ့ မွေထိုင်းရဲ့ မြင့်မားတဲ့ ပေါက်ကွဲအားကို ပေါင်းစပ်ပြီး အလစ်အငိုက် တိုက်ခိုက်လိုက်တာ...၊ သာမန်လူ မပြောနဲ့... ကျွမ်းကျင်သူတွေထဲက ကျွမ်းကျင်သူတောင် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်"

"ပါ့ခ်ဂျီချန်ကို လက်တစ်ဖက်တည်းနဲ့ မသန်မစွမ်း ဖြစ်အောင် လုပ်ပစ်လိုက်တဲ့ ဒီတရုတ် လူငယ်လေးတောင်မှ... အခု ကွန်ချာရဲ့ အလစ်အငိုက် တိုက်ခိုက်တာ ခံလိုက်ရတော့ ကြောင်သွားပြီ မဟုတ်လား"

"အာ... ဒီလူငယ်လေး သေတော့မယ် ထင်တယ်...၊ ဟို ကွန်ချာ ဆိုတဲ့ ကောင်စုတ် အောင်မြင်သွားတော့မယ်"

"..."

ကွန်ချာ၏ ပြိုင်ဘက်ဟောင်း ပါ့ခ်ဂျီချန် ကိုယ်တိုင်လည်း သူ့လုပ်ရပ်ကို မြင်သောအခါ ကြောင်အသွားရလေ၏။

သူ လုံးဝ မျှော်လင့်မထားခဲ့သလို၊ လုံးဝလည်း မတုံ့ပြန်နိုင်ခဲ့ပေ။

ကွန်ချာ၏ လုပ်ရပ်ကို ဘယ်သူမှ အချိန်မီ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ဟုပင် သူ ခံစားလိုက်ရသည်။

ယဲ့ဖန်သည် အလွန် ရဲရင့်ပြီး သိုင်းပညာရှင်များ၏ အတွင်းအား အဆင့် သို့ပင် ဝင်ရောက်နေနိုင်သော်လည်း... ကံကောင်းနိုင်တော့မည် မဟုတ်ချေ။

*

သို့သော်ငြားလည်း... လူတိုင်းက အလွန် သေချာနေကြချိန်တွင်...

ကွန်ချာ ကိုယ်တိုင်ကလည်း သူ့ယုတ်မာသော အစီအစဉ် အောင်မြင်သွားပြီဟု ထင်မှတ်ကာ မနေနိုင်မထိုင်နိုင် ပြုံးလိုက်မိချိန်တွင်...

မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ကွန်ချာ ကြည့်နေစဉ်မှာပင်...

ယဲ့ဖန်၏ ခြေထောက်သည် သူ စိတ်ကူးထားသည်ထက် ကျော်လွန်သော အရှိန်ဖြင့် မြောက်တက်သွားလေ၏။

ထို့နောက်... သူသည် အလျင်စလို မဟုတ်ဘဲ ကွန်ချာကို တက်နင်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဖိချလိုက်တော့သည်။

ကွန်ချာ၏ ခြေထောက် ကြေမွသွားလေ၏။

ယဲ့ဖန် ဘယ်လက်ဖြင့် ကိုင်ထားသော ပန်းချီကားကို လှမ်းဆွဲနေသည့် သူ့လက်ကိုမူ... သရဲတစ္ဆေ တစ်ကောင်ကဲ့သို့သော ယဲ့ဖန်၏ ညာလက်က ရုတ်တရက် ဖမ်းဆုပ်လိုက်လေ၏။ ထို့နောက် ရုတ်တရက် လိမ်ချိုးလိုက်ရာ... အဆစ်သည် ဆန့်ကျင်ဘက် လားရာသို့ ကျိုးပဲ့သွားတော့သည်။ အရိုးစွန်းများက သူ့လက်မောင်းကို ဖောက်ထွက်လုနီးပါး ဖြစ်သွားရလေ၏။

"အား..."

ကွန်ချာသည် သတ်ဖြတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ မနေနိုင်မထိုင်နိုင် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

ထို့နောက် ကျိုးပဲ့သွားသော လက်မောင်းကို ကိုင်ရင်း... သူ ခြေထောက်ကို မြှောက်ကာ ဘယ်ဘက်သို့ လဲကျသွားလေ၏။

"..."

ဘေးပတ်ဝန်းကျင်မှ ရွှေရှာသူ အဖွဲ့များ အားလုံး ကြောင်အသွားကြသည်။

ကျိုးပဲ့နေသော လက်မောင်းနှင့် ကြေမွသွားသော ခြေထောက်ကို ကိုင်ရင်း နာကျင်စွာ လူးလှိမ့်နေသော ကွန်ချာကို မြင်လိုက်ရသော အခါမှသာ သူတို့ သတိဝင်လာကြသည်။ ယဲ့ဖန်ကို ကြည့်ပြီး သူတို့ မနေနိုင်မထိုင်နိုင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြလေ၏။

"ဒါက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်"

"ဒီတရုတ်ပြည်က လူငယ်လေးက စူပါမန်းလား"

"သူက ပါ့ခ်ဂျီချန်ရဲ့ လိပ်ပြာကန်ချက်ကို ရှောင်တိမ်းပြီး... လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ အဲဒီလူရဲ့ တင်ပါးဆုံရိုးနဲ့ ခါးရိုးကို ရိုက်ချိုးပစ်လိုက်တယ်"

"ဒါပေမဲ့ ကွန်ချာက အရမ်း ယုတ်မာပြီး... မျှော်လင့်မထားတဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ချဲ့ကားလွန်းတဲ့ အရှိန်နဲ့ ပြုလုပ်ခဲ့တာတောင်... သူက ကြားဖြတ် တားဆီးနိုင်ခဲ့တယ်"

"တကယ်တော့.. ကွန်ချာရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ကြားဖြတ် တားဆီးနိုင်ရုံတင် မကဘူး... ကွန်ချာရဲ့ ခြေထောက်ကိုပါ တိတိကျကျ တက်နင်းနိုင်ခဲ့တယ်...၊ ကန်ချက် တစ်ချက်တည်းနဲ့ အရိုးတွေကို ကြေမွသွားအောင် လုပ်ပစ်လိုက်တာ"

"..."

"ဒီ တုံ့ပြန်မှု အမြန်နှုန်း၊ ဒီ သွက်လက်မှုနဲ့ ဒီ ပေါက်ကွဲအားက... ရိုးရိုးရှင်းရှင်း ပြောရရင် လူသား မဟုတ်တော့ဘူး"

"ဒါကြောင့်လည်း သူက ဒီနေရာကို တစ်ယောက်တည်း လာပြီး ပီကာဆိုရဲ့ ပန်းချီကားကို ဝယ်ရဲတာကိုး...၊ ရွှေရှာသူတွေ အများကြီး ဝိုင်းထားတာကို မြင်တာတောင် သူ လုံးဝ မထိတ်လန့်ခဲ့ဘူး"

"ဒါက တပ်မဟာ တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့ စစ်နတ်ဘုရားပဲ"

"..."

ကိုရီးယားနှင့် ဆင်နိုင်ငံ ရွှေရှာသူ အဖွဲ့များမှ အဖွဲ့ဝင်များသည် သူတို့၏ ဘော့စ်များ ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ... ဆံပင်များ ထောင်ထသွားပြီး မနေနိုင်မထိုင်နိုင် တုန်ရီလာကြတော့သည်။

.

အခန်း (၁၆၃၉) - နောက်ထပ် ဘယ်သူ ရှိသေးလဲ

~"နောက်ထပ် ဘယ်သူ ရှိသေးလဲ" ယဲ့ဖန်သည် ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်လေ၏။

"ငါ သန်း (၁၀၀) ပေးပြီး ဝယ်ထားတဲ့ ပန်းချီကားကို... နောက်ထပ် ဘယ်သူ လုချင်သေးလဲ"

ဘယ်သူမှ ပြန်မဖြေရဲကြချေ။

ထို့အပြင်... ယဲ့ဖန်၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကြောင့်... နိုင်ငံ အသီးသီးမှ ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့လုံးသည် နောက်သို့ ခြေလှမ်း အနည်းငယ်ပင် ဆုတ်လိုက်မိကြလေ၏။

အဘိုးကြီး တွမ်၏ အမှိုက်ပြန်လည် သန့်စင်ရေး စခန်း ရှေ့တွင် ဖွဲ့စည်းထားသော ဝိုင်းရံပိတ်ဆို့မှုသည် ချက်ချင်း ပြိုလဲသွားတော့သည်။

"သေချင်နေကြတဲ့ လူတွေ" ယဲ့ဖန်သည် ထိုအခြေအနေကို မြင်သောအခါ အနည်းငယ် အထင်သေးသွားလေ၏။

"မင်းတို့ အရည်အချင်းကို မင်းတို့ ပြန်ကြည့်ပါဦး...၊ သူများတွေ လုပ်တိုင်း လိုက်လုပ်ပြီး ဓားပြတိုက်ဖို့ ထွက်လာရဲကြတယ်"

နိုင်ငံ အသီးသီးမှ ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့လုံးသည် အသံမထွက်ရဲကြသေးပေ။

ဘယ်သူမှ ယဲ့ဖန်ကို မကြည့်ရဲကြချေ။

အထူးသဖြင့်... ယဲ့ဖန်ကို 'ငတုံး၊ ငပိန်း' ဟု ဆဲဆိုခဲ့ပြီး သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်များနှင့် အရောင်းအဝယ် လုပ်ရန် ပြင်ဆင်ခဲ့သော မျက်နှာတွင် အမာရွတ်နှင့်လူသည် တုန်ရီနေရှာသည်။

သူသည် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ အနောက်တွင် မနေနိုင်မထိုင်နိုင် ဝင်ပုန်းနေလိုက်လေ၏။

ယဲ့ဖန် သတိထားမိသွားမည်ကို ကြောက်ရွံ့နေသကဲ့သို့ပင်။

ယဲ့ဖန်သည် သူ့ကို သတိထားမိပြီးသား ဖြစ်သော်လည်း... ချက်ချင်း စာရင်းရှင်းရန် မကြိုးစားသေးပေ။ အစားထိုး အနေဖြင့်... သူသည် ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက် အိမ်ဟောင်း၏ အပေါ်ဆုံးထပ်ကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။

ထို့နောက်... ကွန်ချာ၊ ပါ့ခ်ဂျီချန်၊ မိုက်ခ်နှင့် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ တာဝန်ခံတို့ကို ကြည့်လိုက်သည်။

"ခင်ဗျားတို့ (၄) ယောက်က ခုနက ငါ့ကို ခြိမ်းခြောက်ရင် ခြိမ်းခြောက်...၊ မဟုတ်ရင် ငါ့ကို ဝင်တိုက်ခိုက်ခဲ့ကြတယ်"

"ဒါက ငါ့ရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်မှုကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေခဲ့တယ်...၊ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုတောင် အများကြီး ထိခိုက်စေခဲ့တယ်"

"အခု ငါက ဥပဒေအတိုင်း လုပ်ဆောင်ပြီး... ခင်ဗျားတို့ဆီကနေ လျော်ကြေးငွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေး တချို့ တောင်းခံမယ် ဆိုရင်... လွန်ရာ ကျမလား"

ကွန်ချာ၊ ပါ့ခ်ဂျီချန်နှင့် မိုက်ခ်တို့သည် ထိုစကားကို ကြားသောအခါ ဆွံ့အသွားကြလေ၏။

တစ်ချိန်တည်းမှာပင်... နိုင်ငံ အသီးသီးမှ ရွှေရှာသူ အဖွဲ့ (၄) ဖွဲ့လုံးသည် မျက်လုံးပြူးကုန်ကြသည်။ "သောက်ကျိုးနည်း..."

"တရုတ်ပြည်က ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံလို့ ပြောကြတယ်...၊ အဲဒီက လူတွေက ဒီလောက်ထိ ယဉ်ကျေးကြတာလား"

"သူ့ဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ ပြန်မတိုက်ခိုက်ခင် ငါတို့ ဘော့စ်ကို ဖျောင်းဖျတာက ထားပါတော့...၊ အခု လက်သီးကို အသုံးပြုပြီး စကားပြောလို့ ရနေပြီ...၊ ငါတို့ ဘော့စ်ကို အတင်းအကျပ် လျော်ကြေးပေးခိုင်းလို့ ရနေပြီ...၊ ဒါပေမဲ့ သူက ဒီလောက်ထိ ယဉ်ကျေးနေသေးတယ်"

"ငါတော့ ကြောင်သွားပြီ"

"သူ တိုက်ရိုက် လုယူလိုက်လို့ ရလျက်သားနဲ့...၊ ငါတို့ ဘော့စ်ရဲ့ သဘောထားကို ယဉ်ယဉ်ကျေးကျေး အရင် မေးနေသေးတယ်"

"တကယ်ပါပဲ...၊ ငါ ငိုချင်လာပြီ"

"..."

"တရုတ်လူမျိုးတွေရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး... ငါ အမြင်သစ်တွေ ရသွားပြီ"

"ဘော့စ်နဲ့ တခြားလူတွေ ဓားပြတိုက်ခံရတော့မယ် ဆိုပေမယ့်... တစ်ဖက်လူက အရမ်း ယဉ်ကျေးတယ်လို့ ငါ ခံစားနေရတုန်းပဲ"

"ငါ တကယ် လက်မခံနိုင်ဘူး...၊ ဒါပေမဲ့ အသံထွက်ပြီး ဆဲလို့လည်း မရဘူး"

"..."

သို့သော် ယဲ့ဖန်ကမူ သူ့စိတ်ကြိုက် ဆက်လက် လုပ်ဆောင်နေလေ၏။ ကွန်ချာ၊ ပါ့ခ်ဂျီချန်၊ မိုက်ခ်နှင့် အခြားသူများကို စိုက်ကြည့်လိုက်သည်။ "ကျုပ် ခင်ဗျားတို့ကို မေးနေတယ်လေ"

ပြောပြောဆိုဆိုနှင့်... သူတို့ ဘာမှ ပြန်မပြောသေးသည်ကို မြင်သောအခါ ကန်ကျောက်ရန် ရွယ်လိုက်သည်။

ကွန်ချာနှင့် အခြားသူများသည် သူ့ကို အနည်းငယ် ကြောက်လန့်နေပုံ ရလေ၏။ သူ လှုပ်ရှားတော့မည်ကို မြင်သောအခါ... ကပျာကယာ ပြောလိုက်ကြသည်။

"မှန်ပါတယ်...၊ မှန်ပါတယ်"

"အစ်ကိုကြီး...၊ ကျုပ်တို့က ခင်ဗျားရဲ့ ဆုံးရှုံးမှုအတွက် ဘယ်လို ပြန်ပေးဆပ်ရမလဲ"

"ပြောပါ"

ထိုအခါမှ ယဲ့ဖန် ရပ်တန့်လိုက်သည်။ "ဒီအချိန်မှာ... ခင်ဗျားတို့ရဲ့ ရိုးသားမှုကို ပြသတဲ့ အနေနဲ့... ဘယ်လို လျော်ကြေးပေးမယ် ဆိုတာကို အရင် ပြောပြသင့်တယ် မဟုတ်ဘူးလား"

"ကျုပ်တို့ဆီမှာ ပိုက်ဆံ သိပ်မရှိပါဘူး...၊ ဒါကြောင့်လည်း ဒီလို သွေးထွက်သံယို အလုပ်ကြမ်းတွေကို လုပ်နေရတာပါ..." ထိုစကားကို ကြားသောအခါ ကွန်ချာ ယုံကြည်မှု မရှိတော့ပေ။

"အစ်ကိုကြီး...၊ (၁) သန်းဆိုရင်ရော ဘယ်လိုလဲ"

"အဲဒါက အခု ကျုပ် ထုတ်ပေးနိုင်တဲ့ လက်ငင်းငွေ ပမာဏပါပဲ"

ကြမ်းပြင်ပေါ်တွင် လဲနေသော ပါ့ခ်ဂျီချန် သည်လည်း အနည်းငယ် နေရခက်သွားသည်။ "ကျုပ်လည်း အတူတူပါပဲ"

"ကျုပ်တို့မှာ ငွေလိုနေလို့... စွန့်စားပြီး နေမဝင် အင်ပါယာကို လာခဲ့ကြတာပါ"

"အကောင့်ထဲမှာ ကျန်တဲ့ (၁) သန်းက ကျုပ်ပိုင်ဆိုင်သမျှ အားလုံးပါပဲ"

မိုက်ခ်နှင့် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ တာဝန်ခံ အနေဖြင့်မူ... တစ်စုံတစ်ယောက်က ဦးဆောင် ပြောဆိုလိုက်သည်ကို မြင်သောအခါ... သူတို့လည်း အလားတူ မှတ်ချက်များ ပေးလိုက်ကြလေ၏။

အတိုချုပ် ပြောရလျှင်... သူတို့မှာ ရန်ပုံငွေ မရှိတော့၍ စွန့်စားချင်ကြခြင်း ဖြစ်ပါသည်တဲ့။

ထို့အပြင်... လူတိုင်းက ဒီအကြောင်း ပြောသောအခါ နေရခက်သော ပုံစံများ ပေါက်နေကြသည်။

ရှက်ရွံ့နေကြသကဲ့သို့ပင်။

သို့သော် ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ "ဒီလောက်ပဲလား"

"ခင်ဗျားတို့ အားလုံးဆီမှာ ဒီ့ထက်ပိုပြီး ရှိနေမယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ"

"ရွှေရှာသူတွေက ပုံမှန်အားဖြင့် အလုပ်တစ်ခု ဖြစ်မြောက်ရုံနဲ့ သန်းချီ အမြတ်ရကြတယ် မဟုတ်ဘူးလား...၊ ပြီးတော့ ခင်ဗျားတို့က နေမဝင် အင်ပါယာမှာ သတင်းနားပါးပြီး... ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ကြတယ် ဆိုမှတော့... သာမန် ရွှေရှာသူတွေ မဟုတ်လောက်ဘူး...၊ ဘယ်လိုလုပ်ပြီး လက်ငင်းငွေ (၁) သန်းလောက်ပဲ ရှိရတာလဲ"

"ဒါဆိုရင်တော့ အစ်ကိုကြီး ကျုပ်တို့ကို အထင်လွဲနေပါပြီ" ကွန်ချာက သနားစဖွယ် ကောင်းအောင် ဦးစွာ သရုပ်ဆောင်လိုက်လေ၏။ "ဒါက တကယ်ပဲ ကျုပ်ပိုင်ဆိုင်သမျှ အားလုံးပါ"

"ကျုပ်တို့ အလုပ်သဘောသဘာဝ အရ... အလုပ်တစ်ခုတည်းနဲ့ သန်းချီ အမြတ်ရနိုင်တယ်လို့ ထင်ရပေမယ့်... အမှန်တရားကို ကျုပ်တို့ပဲ သိတာပါ"

"ဥပမာ ကျုပ်တို့ ဂိုဏ်းကိုပဲ ကြည့်ပါ...၊ ဂိုဏ်းထဲမှာ ညီအစ်ကို အယောက် (၃၀) ကျော် ရှိတယ်...၊ ဒီလူတွေက စားရမယ်၊ သောက်ရမယ်၊ သုံးစွဲရမယ်၊ ပေးကမ်းရမယ် မဟုတ်လား...၊ အရောင်းအဝယ် တစ်ခု ဖြစ်မြောက်ရင်... ကော်မရှင်ခ ပေးရတယ် မဟုတ်လား...၊ ညီအစ်ကိုတွေထဲမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ရင်... လျော်ကြေးနဲ့ ဆေးကုသစရိတ်တွေ ပေးရတယ် မဟုတ်လား...၊ ဒါတွေ အပြင်... အဆက်အသွယ် လုပ်ဖို့နဲ့ သတင်းဝယ်ဖို့ ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်လေ"

"အဲဒီ အရာတွေ တစ်ခုချင်းစီတိုင်းက ကုန်ကျစရိတ်တွေ အများကြီး ရှိပါတယ်"

"အခုချိန်ထိ (၁) သန်း စုမိတာကတောင်... ကုန်ကျစရိတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့လို့ပါ"

"ဟုတ်တယ်...၊ ဟုတ်တယ်...၊ ဟုတ်တယ်" ပါ့ခ်ဂျီချန် ကလည်း ထောက်ခံလိုက်သည်။ "ကွန်ချာ က တော်တော်လေး ကောက်ကျစ်ပေမယ့်... ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ သူ ရိုးသားပါတယ်"

"လက်အောက်ငယ်သားတွေနဲ့ အဆက်အသွယ်တွေ အများကြီးကို ထောက်ပံ့ရတာ... တကယ် ဈေးကြီးပါတယ်"

"ကျုပ် အရင်က တွက်ချက်ဖူးတယ်...၊ အလုပ်တစ်ခုတည်း လုပ်ဖို့အတွက် ညီအစ်ကိုတွေ အများကြီး အပြင်ထွက်ရတာ...၊ အမြတ်ငွေ (၁၀) သန်း ကျော်မှသာ ကုန်ကျစရိတ် ကာမိရုံ ရှိတာပါ"

"တကယ်လို့ အလုပ်တစ်ခုရဲ့ အမြတ်က (၁၀) သန်းအောက် ဆိုရင်... လက်တွေ့မှာ ကျုပ်တို့ ရှုံးနေတာပါ"

"ကျုပ်ဆီမှာလည်း လက်ငင်းငွေ (၁) သန်း ဝန်းကျင်လောက်ပဲ ရှိပါတယ်...၊ ချဲ့ကား ပြောနေတာ မဟုတ်ပါဘူး..."

"ခင်ဗျားတို့က ဒီနေရာမှာ သနားစရာ ကောင်းကြောင်း ပြိုင်ပွဲ ကျင်းပမလို့လား" ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်ပြီး သူတို့စကားကို ဖြတ်ပြောလိုက်သည်။

"ဒါဆို...ကျုပ်နဲ့ လောင်းကြေးထပ်ရဲလား"

"တကယ်လို့ ခင်ဗျားတို့ဆီမှာ (၁) သန်းထက် ပိုတန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုခု ကျုပ် ရှာတွေ့ရင်... အဲဒါတွေ အကုန်လုံး ကျုပ်အပိုင် ဖြစ်ရမယ်...၊ ဘယ်လိုလဲ"

"အာ..." ပါ့ခ်ဂျီချန် ထိုစကားကို ကြားသောအခါ သိသိသာသာ ကြောင်အသွားရလေ၏။

ယဲ့ဖန် သူ့ကို တုံ့ပြန်ချိန် မပေးဘဲ ထပ်မံ အလေးပေး ပြောကြားလိုက်သည်။ "အာ... ဘာဖြစ်တာလဲ"

"ကျုပ်မေးနေတယ်လေ...၊ ခင်ဗျားတို့ လုပ်ရဲလား"

"မရဲဘူး ဆိုရင်လည်း...ခင်ဗျားတို့က ကျုပ်ကို လူအလို့ ထင်ပြီး စနောက်နေတာပါ ဆိုပြီး ရိုးရိုးသားသား ဝန်ခံလိုက်စမ်းပါ"

"မ... မဟုတ်ပါဘူး...၊ ကျုပ်တို့ ခင်ဗျားကို မလိမ်ပါဘူး" ပါ့ခ်ဂျီချန်သည် ယဲ့ဖန် ဘာကို ဆိုလိုသည်ကို နားလည်သွားသည်။

ယခုအချိန်တွင် ယဲ့ဖန်၏ စကားကို ပြန်မဖြေလျှင်... သူ အသေရိုက်ခံရတော့မည်။

"ဟုတ်ပါတယ်...၊ ကျုပ်တို့ဆီမှာ လက်ငင်းငွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အဲဒီလောက်ပဲ ရှိပါတယ်" ကွန်ချာ က လျင်မြန်စွာ ဖြည့်စွက် ပြောကြားလိုက်သည်။ "ခင်ဗျား မယုံရင်... ရှာကြည့်လိုက်ပါ"

"ကျုပ်တို့ဆီမှာ (၁) သန်းထက် ပိုတန်ဖိုးရှိမယ့် ပစ္စည်းမျိုး မရှိပါဘူး"

“တကယ်လို့ ရှာတွေ့ရင်... ခင်ဗျား ပြောသလို လုပ်ပါ့မယ်...၊ အဲဒီ ပစ္စည်းတွေက ခင်ဗျားအတွက် လျော်ကြေး ဖြစ်စေရပါမယ်”

အခန်း (၁၆၄၀) - ငါက ဗဟုသုတ မရှိတဲ့၊ ရှေးဟောင်းပစ္စည်း နားမလည်တဲ့သူလို့ မင်း ထင်နေတာလား

~ထိုလူများသည် သူတို့၏ ရတနာများ ထားသိုရာ နေရာနှင့် ပတ်သက်၍ အလွန် ယုံကြည်မှု ရှိပုံ ရလေ၏။

ယဲ့ဖန်သည် ထိုစကားကို ကြားသောအခါ ပထမဆုံးအကြိမ် ရယ်မောလိုက်မိလေသည်။

"ကောင်းပြီလေ...၊ ခင်ဗျားတို့ ကိုယ်တိုင် ပြောခဲ့တာနော်"

"ခင်ဗျားတို့ဆီမှာ (၁) သန်းထက် ပိုတန်ဖိုးရှိတဲ့ ပစ္စည်းမျိုး မရှိပါဘူးလို့ ပြောခဲ့တယ်နော်...၊ တကယ်လို့ ငါ ရှာတွေ့ရင်... ကျုပ် ပြောတဲ့အတိုင်း လုပ်ရမယ်...၊ အဲဒီ ပစ္စည်းတွေက ကျုပ်အတွက် လျော်ကြေး ဖြစ်စေရမယ်"

ပါ့ခ်ဂျီချန်၊ ကွန်ချာနှင့် အခြားသူများ ကပျာကယာ ခေါင်းညိတ်လိုက်ကြသည်။ "ကျုပ်တို့ ကိုယ်တိုင် ပြောခဲ့တာပါ"

"ဒီမှာ ရှိတဲ့ လူတိုင်း သက်သေပါပဲ"

"ပြောတဲ့ အတိုင်းပါပဲ"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

ထို့နောက်... သူ့အကြည့်သည် အမေရိကန် ရွှေရှာသူများ အဖွဲ့ထဲမှ ရိုးသားပုံရသော လူငယ်လေး တစ်ဦးထံသို့ ရုတ်တရက် ကျရောက်သွားတော့သည်။

"မင်း လည်ပင်းမှာ ဆွဲထားတဲ့ ဟာလေး ငါ့ဆီ ယူလာခဲ့စမ်း"

ထိုစကားကို ကြားသောအခါ လူငယ်လေး၏ မျက်နှာထား ပြောင်းလဲသွားသည်။

ထို့နောက်... သူသည် အဖွဲ့၏ ဒုတိယ ခေါင်းဆောင် မိုက်ခ်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

'ဘယ်လို လုပ်ရမလဲ' ဟု မေးနေသကဲ့သို့ပင်။

သို့သော်ငြားလည်း... မိုက်ခ်၏ မျက်နှာထားသည် တစ်ခဏမျှသာ ပြောင်းလဲသွားပြီး... ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားကာ သူ့ကို မျက်ရိပ်ပြလိုက်လေ၏။

ထိုအခါမှ လူငယ်လေး သတိဝင်လာပြီး ယဲ့ဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

"ကျွန်... ကျွန်တော့် လည်ပင်းမှာ ဆွဲထားတာက... ကျွန်တော် ငယ်ငယ်တုန်းက အဖွား ပေးထားတဲ့ ခရစ္စမတ် လက်ဆောင်လေးပါ"

"ပြဿ... ပြဿနာ ရှိလို့လား ခင်ဗျာ"

ယဲ့ဖန် သူ့ရှင်းပြချက်ကို ဂရုမစိုက်ပေ။ ပစ္စည်း ယူလာရန်သာ လက်ဟန်ပြလိုက်သည်။

လူငယ်လေးသည် ရွေးချယ်စရာ မရှိတော့သဖြင့်... ဖြည်းညှင်းစွာ လျှောက်သွားလိုက်ရသည်။

သူ့ကော်လာထဲမှ သူ ဆွဲထားသော ကျောက်စိမ်းပြားလေး တစ်ခုကို ထုတ်ပြလိုက်လေ၏။

ယဲ့ဖန် လှမ်းယူလိုက်ပြီးနောက်... လည်ပင်းမှ ကြိုးကို ပေါ့ပေါ့ပါးပါး ဆွဲဖြတ်လိုက်တော့သည်။

ထို့နောက်... လူငယ်လေး၏ အော်ဟစ်သံကို လျစ်လျူရှုကာ ကျောက်စိမ်းပြားလေးကို သေချာ ကြည့်ရှုလိုက်သည်။

"ဒါက မင်း ငယ်ငယ်တုန်းက မင်းအဖွား ပေးထားတဲ့ ခရစ္စမတ် လက်ဆောင်ပါ ဆို"

"မင်းအဖွားက ဘယ်မိသားစုက လာတာမို့လို့လဲ"

"ဒီလောက် တန်ဖိုးရှိတဲ့ လက်ဆောင်မျိုးကို ပေါ့ပေါ့ပါးပါး ပေးနိုင်ရအောင်လေ"

လူငယ်လေး စကားမပြောနိုင် ဖြစ်သွားသည်။

"မင် မင်းဆက် လက်ရာ... ရစ်ခွေနဂါးပုံ ခေါင်းလောင်းပုံသဏ္ဍာန် ဇီကန် တိုကင် ပဲ...၊ လွန်ခဲ့တဲ့ (၁၀) နှစ်က ဆိုသဘီး လေလံပွဲမှာ (၁.၂) သန်းနဲ့ ရောင်းချခဲ့ရဖူးတယ်...၊ ဒီနေ့ခေတ်မှာ ဆိုရင်... (၁၀) သန်းမက တန်ဖိုးရှိနေပြီ" ယဲ့ဖန် အသံကို မြှင့်လိုက်လေ၏။

"မင်းအဖွားက မင်း ငယ်ငယ်တုန်းက ဒါကို ပေးခဲ့တယ်လို့ ငါ့ကို လာပြောနေတာလား"

"ငါက ဗဟုသုတ မရှိတဲ့...၊ ဒါမှမဟုတ် တရုတ်ပြည်က ရှေးဟောင်းပစ္စည်းတွေကို နားမလည်တဲ့သူလို့ မင်း ထင်နေတာလား"

လူငယ်လေး ချက်ချင်း ခေါင်းငုံ့သွားသည်။ လူဖြူများတွင်သာ ရှိတတ်သော သူ၏ ဖြူဖပ်ဖြူရော် မျက်နှာသည် ရဲရဲနီသွားတော့သည်။

ယဲ့ဖန် သူ့ကို ဆူပူမနေတော့ပေ။ မင် မင်းဆက် ဇီကန် တိုကင်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက်... မိုက်ခ်ကို တစ်ချက် ကြည့်ကာ အိတ်ထဲသို့ ထည့်လိုက်လေ၏။

"ခုနက ခင်ဗျားတို့ပဲ ပြောခဲ့တာနော်...၊ (၁) သန်းထက် ပိုတန်ဖိုးရှိတဲ့ ပစ္စည်း တွေ့ရင်... ကျုပ်အတွက် လျော်ကြေး အဖြစ် ယူသွားပါ ဆို"

"ဒီပစ္စည်းက ကျုပ်ပစ္စည်း ဖြစ်သွားပြီ...၊ ကန့်ကွက်စရာ ရှိလား"

မိုက်ခ် စကားတစ်ခွန်းမျှ မပြောရဲပေ။

သို့သော် သူ့မျက်နှာထားသည် အလွန် အရုပ်ဆိုး အကျည်းတန်နေပြီး... ဇဝေဇဝါ ဖြစ်နေလေ၏။

အမှန်အတိုင်း ပြောရရင်... ယဲ့ဖန်က အဲဒီ မင် မင်းဆက် ဇီကန် တိုကင်ကို ဘယ်လို ရှာတွေ့သွားလဲ ဆိုတာ သူ နားမလည်နိုင်ပေ။

ဒီပစ္စည်းက သူတို့အဖွဲ့ထဲမှာ တန်ဖိုးအကြီးဆုံး ပစ္စည်း ဖြစ်သည်။

သူနှင့် သူ့ဘော့စ်က သူဌေး ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင် တစ်ယောက်ဆီမှ ရထားခဲ့ခြင်း ဖြစ်သည်။

ဤကိစ္စကို သူ့ဘော့စ်၊ သူနှင့် ဟို လူငယ်လေး (၃) ယောက်သာ သိသည်လေ။

ယဲ့ဖန် ဘယ်လို သိသွားတာလဲ ဆိုတာ သူ စဉ်းစား၍ မရနိုင်ပေ။

သို့သော် ယဲ့ဖန်က ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။

‘ဒီငတုံးတွေကို သူ ပြောပြနေစရာ အကြောင်း မရှိဘူးလေ။

သူ့ရတနာ ရှာဖွေရေး စနစ်ရဲ့ နက်ရှိုင်းသော လမ်းကြောင်းပြ လုပ်ဆောင်ချက် (Deep Navigation Function) က... (၁) ကီလိုမီတာ အတွင်းမှာ ရှိတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို စကင်န်ဖတ်ပေးနိုင်တယ် ဆိုတာကိုပေါ့။’

‘ဒီငတုံးတွေက သူတို့ ပစ္စည်းတွေကို လုံခြုံအောင် ဝှက်ထားနိုင်ပြီလို့ ထင်နေကြတာ...၊ ဒါပေမဲ့ သူ့ရှေ့မှာတော့ အမှောင်ထဲက ပိုးစုန်းကြူးတွေလိုပဲ ထင်ရှားနေတာကို သူတို့ မသိကြဘူး။’

မင် မင်းဆက် ဇီကန် တိုကင်ကို သိမ်းဆည်းပြီးနောက်...

ယဲ့ဖန်သည် ပါ့ခ်ဂျီချန်နှင့် ကွန်ချာတို့ကို ကစားလိုသော အပြုံးဖြင့် ကြည့်လိုက်လေ၏။

သူတို့နှစ်ဦးသည် ယဲ့ဖန်၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ကြောင်အသွားကြသည်။

ယဲ့ဖန်၏ အကြည့်ကို သတိထားမိလိုက်သော အချိန်တွင်... သူတို့၏ မျက်နှာထားများ သဘာဝ မကျတော့ပေ။

သို့သော်ငြားလည်း... သူတို့နှစ်ဦးသည် ဝါရင့် သရုပ်ဆောင်များ ဖြစ်ကြလေ၏။ သူတို့၏ သဘာဝမကျသော အမူအရာများကို ခဏချင်း ပြန်လည် ထိန်းချုပ်လိုက်ကြသည်။

ယဲ့ဖန် သူတို့ကို ဖွင့်ချရန် မလောသေးပေ။

ကြောင်က ကြွက်ကို ကစားသလိုပေါ့။

ကြွက်ကို ချက်ချင်း သတ်ပစ်လိုက်လျှင် ဘာပျော်စရာ ရှိတော့မည်နည်း။

ဓားတုံးနှင့် အသားကို လှီးဖြတ်မှသာ... အမုန်းတရားတွေကို ဖြေဖျောက်ရာ ရောက်မည်လေ။

ပြုံးလိုက်ပြီးနောက်... သူသည် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့ထဲမှ ရိုးရိုးရှင်းရှင်း ဝတ်စားထားသော အန်တီကြီး တစ်ဦးကို ကြည့်လိုက်သည်။

ရိုးရှင်းသော အကြည့် တစ်ချက်မျှသာ ဖြစ်သော်လည်း... အန်တီကြီး၏ ခန္ဓာကိုယ် တုန်ရီသွားလေ၏။

ထို့နောက်... သူမ၏ အကြည့်များ ရှောင်ဖယ်သွားတော့သည်။

ယဲ့ဖန် ဂရုမစိုက်ပေ။ သူ ချက်ချင်း ပြောလိုက်လေ၏။

"မီးခိုးရောင် ဂျာကင်အင်္ကျီ ဝတ်ထားတဲ့ သက်လတ်ပိုင်း အမျိုးသမီး"

"ကျုပ် အကြည့်ကို ရှောင်ပြီး ကျုပ်ဘက်ကို မကြည့်ရဲတဲ့ တစ်ယောက်...၊ ဒီကို လာခဲ့"

အန်တီကြီး လာချင်ပုံ မရပေ။

ယဲ့ဖန် ခေါ်လိုက်သောအခါ... သူမက ကိုယ့်ကိုယ်ကိုယ် ပြန်လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ကို ပြောတာလား"

"သေချာလို့လား"

"ငါက ဒီအဖွဲ့ထဲမှာ ထောက်ပံ့ရေး (Logistics) ကိုပဲ တာဝန်ယူထားတာပါ...၊ လစာပဲ ရတာပါ"

"သူတို့ အရောင်းအဝယ် ဖြစ်ရင်တောင်... ငါက အမြတ်ဝေစု ရတာ မဟုတ်ပါဘူး"

ယဲ့ဖန် သူမကို ဘာမှ ရှင်းပြမနေတော့ပေ။ ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားကို ပြောတာ"

"ဒီနား လာခဲ့ပါ...၊ ပြီးရင် ခင်ဗျား ပိုက်ဆံအိတ်ကို ဖွင့်ပြပါ"

"အဓိက ကတော့... ခင်ဗျား ပိုက်ဆံအိတ်ထဲက ပစ္စည်းကို ကြည့်ချင်တာ"

သူ အတိအကျ ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အန်တီကြီး အနည်းငယ် ထိတ်လန့်သွားပုံ ရလေ၏။

သူမသည် နေမဝင် အင်ပါယာ ရွှေရှာသူ အဖွဲ့၏ တာဝန်ခံကို လှည့်ကြည့်လိုက်ပြီးမှ... ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

လက်များကို ပွတ်သပ်ရင်း တစ်စုံတစ်ရာ လုပ်ဆောင်ချင်နေပုံ ရလေ၏။ သူမ လက်များကို နောက်သို့ ပစ်လိုက်ပြီး ခဏတာ ဝှက်ထားလိုက်သည်။

"ဉာဏ်မများနဲ့နော်"

ယဲ့ဖန် သတိထားမိလိုက်ပြီး သတိပေးလိုက်လေ၏။

"ခင်ဗျားသာ လိမ္မာရင်... ကျုပ် ခင်ဗျားကို တစ်မျိုး ဆက်ဆံပေးမယ်"

"ဟိုလူတွေ ဘာလို့ ကြမ်းပြင်ပေါ်မှာ လဲနေပြီး... ခင်ဗျားတို့ ဘော့စ်က ဘာလို့ မတ်တပ်ရပ်နေနိုင်သေးလဲ ဆိုတာကို... ခင်ဗျား နားလည်မယ်လို့ ထင်ပါတယ်"

ထိုစကားကို ကြားသောအခါ... အန်တီကြီး၏ ကျောနောက်သို့ ဝှက်ထားသော လက်သည် ချက်ချင်း တောင့်တင်းသွားသည်။

မူလက အချိန်ဆွဲရန် ရည်ရွယ်ထားသော်လည်း... ယခု ရပ်တန့်လိုက်ရတော့သည်။

ဖြည်းညှင်းစွာ လျှောက်လာပြီးနောက်... သူမ၏ ပိုက်ဆံအိတ်ကို ယဲ့ဖန်အား လိမ္မာစွာ ကမ်းပေးလိုက်လေ၏။

ယဲ့ဖန်သည် ပိုက်ဆံအိတ်ထဲမှ အခြားပစ္စည်းများကို ဂရုစိုက်စရာပင် မလိုပေ။

ဇစ်ဖွင့်လိုက်ပြီးနောက်... အတွင်းဘက် အကန့်ကို ဖွင့်လိုက်သည်။

မျှော်လင့်ထားသည့် အတိုင်းပင်... အလယ်တွင် ကျောက်စိမ်း လက်စွပ် တစ်ကွင်း ရှိနေချေသည်။

ထိုကျောက်စိမ်း လက်စွပ်တွင် ထူးခြားသော အရောင်အသွေး ရှိလေ၏။

ပထမ တစ်ချက် ကြည့်လိုက်လျှင်... ကန်ရေပြာရောင်ကဲ့သို့ ဖြစ်နေသည်။

နေရောင်အောက်တွင် ကြည့်လျှင်... ခန့်ညားထည်ဝါသော ကန်ရေစိမ်းရောင် အဖြစ် ပြောင်းလဲသွားသည်။

အလင်းရောင် ပြင်းပြင်းအောက်တွင် ကြည့်လျှင်... မြစိမ်းရောင် အဖြစ် တောက်ပနေသည်။

ဒီဂျစ်တယ် မီးရောင်အောက်တွင်မူ... တောက်ပသော အစိမ်းရောင် အဖြစ် ပြောင်းလဲသွားပြီး... ခန့်မှန်း၍ မရနိုင်လောက်အောင် ပြောင်းလဲနေလေ၏။

ယဲ့ဖန် ဤအရာကို အလွန် ရင်းနှီးကျွမ်းဝင်သည်။

၎င်းသည် တန်ဖိုးအကြီးဆုံး ဧကရာဇ် ကျောက်စိမ်း အမျိုးအစား ဖြစ်ချေ၏။

ဧကရာဇ် ကျောက်စိမ်း လက်စွပ်။

ထို့အပြင်... လက်ရာ အလွန် မြောက်သော အမျိုးအစား ဖြစ်သည်။

ရှေးရိုးစွဲ ခန့်မှန်းတန်ဖိုး အရ... (၁၅) သန်းအောက် မနည်းပေ။

လက်စွပ်ကို ထုတ်ယူပြီး ခေတ္တမျှ ကစားကြည့်ပြီးနောက်... ယဲ့ဖန်သည် ပိုက်ဆံအိတ်ကို အန်တီကြီးထံ ပြန်ပစ်ပေးလိုက်လေ၏။

"ကျုပ် ခင်ဗျားကို ဘာမှ ထပ်မမေးတော့ဘူး"

"ခင်ဗျား ပြောပုံအရ ဆိုရင်... ဒီလက်စွပ်က မတော်တဆ ရခဲ့တာ ဖြစ်လောက်တယ်...၊ တန်ဖိုး ရှိမရှိ ဆိုတာကိုတောင် ခင်ဗျား သိမှာ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ်... အခုကစပြီး ဒါက ကျုပ်ပစ္စည်း ဖြစ်သွားပြီ"

“ဘယ်သူမှ မကန့်ကွက်ဘူးမလား”

All Chapters