ဖုတ်ကောင်များနှင့် တိုက်ပွဲ
Vol. 1 Ch. 430
ပင်လယ်ရေအောက် ကြမ်းပြင်၏ အောက်ဘက် ကီလိုမီတာတစ်ထောင်ကျော် အကွာတွင် ကျယ်ပြော၍ အဆုံးအစမဲ့သော ကမ္ဘာငယ်တစ်ခု ရှိနေခဲ့သည်။ ထိုနေရာတွင် ပုပ်နံ့ရှိသည့် ဖုတ်ကောင်များ၊ အနက်ရောင်အခိုးအငွေ့များ၊ သွေးအိုင်များနှင့် သွေးသောက်သော နွယ်ပင်များ ရှိနေသည်။
အရာမှန်သမျှသည် ယာ့ဇီသားရဲနှင့် ကျန်းရှောင်နူအား ဤနေရာမှာ ဒဏ္ဍာရီလာ တမလွန်လောကဖြစ်နေသလောဟု သံသယဝင်လာစေသည်။
တမလွန်လောက...
ဒဏ္ဍာရီများအရဆိုလျှင် သေဆုံးပြီးသူတိုင်းသည် တမလွန်လောကသို့ သွားကြရသည်။ ဝိဉာဉ်ရိတ်သိမ်းသူ သို့မဟုတ် သေမင်းသည် လူတစ်ဦး၏ ဝိဉာဉ်ကို တမလွန်လောကသို့ ခေါ်ဆောင်သွားလိမ့်မည်။ တမလွန်လောကတွင် လူတို့သည် လေလွင့်နေသော တစ္ဆေတစ်ကောင် ဖြစ်လာတတ်သည်။ ကံကောင်းပါက လူ့လောကတွင် ပြန်လည်ဝင်စားခွင့် ရနိုင်ပြီး ကံဆိုးပါက အညှိုးအတေးကြီးဝိဉာဉ်တို့၏ ဝါးမျိုခြင်း ခံရနိုင်သည်။ ထို့ပြင် အလောင်းသည် မကောင်းသည့် အငွေ့အသက်တို့၏ သက်ရောက်ခြင်းခံရနိုင်ပြီး တမလွန်လောကတွင်သာ ထာဝရတည်ရှိရတော့မည့် ဖုတ်ကောင်တစ်ကောင်အဖြစ် သန္ဓေပြောင်းသွားနိုင်သည်။
ဘာမှန်းမသိရသည့် အရာများသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ထိုကြောက်စရာ ဒဏ္ဍာရီများကြောင့် တမလွန်လောကသည် လူသားတို့၏ ရင်ထဲတွင် ကြောက်စရာအကောင်းဆုံး တည်ရှိမှု ဖြစ်လာခဲ့သည်။ ကလေးငယ်တို့၏ စိတ်ထဲတွင်လည်း တမလွန်လောက၏ တည်ရှိမှုသည် ညနက်တိုင်း ခြောက်လှန့်နေသည့် အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။ အသက်ကြီးသူများ၊ အစွမ်းထက်လွန်းသော သိုင်းသမားများသည်လည်း တမလွန်လောကအား ကလေးငယ်များနှင့် ပမာဏအတူတူပင် ကြောက်လန့်ကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအကြောက်တရားသည် သူတို့၏ စိတ်ဝိဉာဉ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပြီဖြစ်သည်။
ယာ့ဇီသားရဲနှင့် ကျန်းရီသည် တမလွန်လောကနှင့်တူသည့် နေရာတစ်ခုသို့ ရုတ်တရက်ကြီး ခေါ်ဆောင်ခံလာရသည်။ ကျန်းရှောင်နူမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ သူမသည် အလွန်ဖြူစင်ပြီး အပြင်လောကကြီးအကြောင်း သေချာနားမလည်သည့် မိန်းမငယ်လေးဖြစ်သည်။ သူမသည် ကျန်းရီ၏ ကာကွယ်ပေးမှုအောက်တွင် ကြီးပြင်းလာခဲ့လေရာ သတ္တိလည်း များများစားစား မရှိချေ။ ယခု သွေးပျက်ဖွယ် မြင်ကွင်းကို မြင်ပြီးသည့်နောက်တွင် သူမသည် ကြောက်လန့်လွန်း၍ မှင်တက်နေခဲ့သည်။
"ကလေးမ...အရမ်းကြောက်မနေဘဲ ငါတို့ကို အရင်ကယ်ဦး။ အလွန်ဆုံးရှိမှ ငါတို့အကုန်လုံး ဒီမှာသေရုံပဲ။ အဲ့ဖုတ်ကောင်တွေကို ကြောက်စရာသတ္တဝါတွေလို့သာ သဘောထားလိုက်"
ယာ့ဇီသားရဲသည် ကြောက်လွန်း၍ တုန်ယင်နေသော ကျန်းရှောင်နူကိုကြည့်၍ စိတ်ပူပန်လာခဲ့သည်။ ဤအကျိုးနည်းနေရာတွင် ဘာဆက်ဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။ ပို၍ ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင် ထပ်ပေါ်လာခဲ့ပြီး ကျန်းရှောင်နူကို သတ်လိုက်လျှင် မည်သို့လုပ်မည်နည်း။ ထိုသို့ဆိုပါက သူနှင့် ကျန်းရီမှာ ကြိုးတောင်မကြိုးစားလိုက်ရဘဲ ဤနေရာတွင်ပင် သေဆုံးသွားလိမ့်မည်။
ကျန်းရီသည် အာရုံခံစားမှုအားလုံးကို ပိတ်ထားပြီး ကျင့်ကြံနေဆဲဖြစ်သည်။ သူသည် ယခုဘာဖြစ်နေမှန်း လုံးဝမသိသလို ဤအတောအတွင်း သူ့ခေါင်းထက်ခြမ်းကွဲသွားလျှင်တောင် နာကျင်မှုကို ခံစားရမည် မဟုတ်ပေ။ ထို့ပြင် သူနိုးနေပါက ကျန်းရှောင်နူအား ဤအောက်အထိ ဆင်းလာ၍ သူတို့အား ကယ်ခွင့်ပြုမည်မဟုတ်ဘဲ အမြန်ထွက်ပြေးရန်သာ အမိန့်ပေးလိမ့်မည်။
ဝှစ်...
ယာ့ဇီသားရဲ၏ စကားတို့သည် စိတ်လွတ်သွားသော ကျန်းရှောင်နူအား သတိပြန်ဝင်လာစေသည်။ သူမသည် နွယ်ကြီး၏ ရစ်ပတ်ထားခြင်း ခံရသော ကျန်းရီကိုကြည့်၍ သူမရင်ထဲမှ သတ္တိတစ်မျိုး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သူမ၏ အရာရာဖြစ်သည်။ ကျန်းရီအတွက် ဖြစ်နေသရွေ့ သူမ ဘာကိုမှ မကြောက်ပေ။
သူမသည် တောင်ပံများကိုဖြန့်၍ ကျန်းရီအား ရစ်ပတ်ထားသော နေနက်မိစ္ဆာနွယ်ရှိရာသို့ အစိမ်းရောင်လျှပ်စီးတစ်ခုပမာ ပျံသန်းသွားလိုက်သည်။ သူ၏ မျက်လုံးစိမ်းများတွင် ကြောက်လန့်ရိပ်များ မရှိတော့ဘဲ ပြတ်သားမှုများ ပေါ်လွင်နေခဲ့သည်။ သူမ၏ အစိမ်းရောင်အလင်းများ တောက်ပလာခဲ့ပြီး လက်သည်းချွန်များသည် လှုပ်ရှားသွားခဲ့သည်။
ကျန်းရှောင်နူ အနားတိုးလာသည်နှင့် နေနက်မိစ္ဆာနွယ်သည် ဂနာမငြိမ် ဖြစ်လာခဲ့သည်။ အခြားနေနက်မိစ္ဆာနွယ် နှစ်ပင်မှာလည်း လာမကူရဲချေ။ အတိုင်းအဆမသိအောင် ရှည်လျားသော နွယ်ကြီးသည် ယိမ်းနွဲ့၍ စူးရှသော အသံတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။
ရွှီး...ရွှီး...
နားမခံသာသော အသံစူးစူးကြီး၏ လှုံ့ဆော်မှုကြောင့် အနီးဝန်းကျင်ရှိ ဖုတ်ကောင်များသည် စတင်လှုပ်ရှားလာကြသည်။ ဖုတ်ကောင်တစ်ရာကျော်သည် ကျန်းရှောင်နူထံ ခုန်ဝင်လာကြသည်။ ၎င်းတို့၏ လက်သည်းများတွင် အနက်ရောင်အခိုးအငွေ့များ ရစ်သိုင်းနေခဲ့သည်။ ၎င်းတို့နီးလာလေလေ ပုပ်အဲ့အဲ့အနံ့ကြီးမှာ ပို၍ ဆိုးလာလေလေဖြစ်သည်။ ကျန်းရှောင်နူမှာ အနံ့ဆိုးကြီးကြောင့် သတိလစ်သွားမတတ်ပင်။
"သေစမ်း"
ကျန်းရှောင်နူသည် အံကြိတ်၍ သူမအနီးတိုးလာကြသော ဖုတ်ကောင်များထံ လက်သည်းဖြင့် ကုတ်ချလိုက်သည်။ အစိမ်းရောင်လက်သည်းများနှင့် အနက်ရောင် လက်သည်းများ ရင်ဆိုင်မိသော ခဏတွင် ယာ့ဇီသားရဲ၏ မျက်လုံးကြီးများ တောက်ပသွားခဲ့သည်။ ကျန်းရှောင်နူ၏ လက်သည်းများမှာ အလွန်သက်ရောက်မှု ပြင်းလေသည်။ သူမ၏ လက်သည်းများသည် ထိတွေ့သွားသည့် ဖုတ်ကောင်ဟူသမျှမှာ ချက်ချင်းအမှုန့်ဖြစ်သွားကြသည်။
ကျန်းရှောင်နူသည် တောင်ပံများအား တဖျပ်ဖျပ်ခတ်၍ သူမ၏ လက်သည်းချွန်ချွန်များမှာ ဖုတ်ကောင်များကို အနက်ရောင် အခိုးအငွေ့များအဖြစ် မြန်ဆန်စွာ ပြောင်းလဲပေးနေခဲ့သည်။ သူမ၏ နူးညံ့သော မျက်နှာလေးသည် လူသတ်ငွေ့များ ဖုံးလွှမ်းနေခဲ့သည်။
ရွှီး...ရွှီး...
သို့သော်လည်း ဖုတ်ကောင်များမှာ တစ်သုတ်ပြီးတစ်သုတ် တက်လာနေသည်။ ၎င်းတို့သည် အသက်မရှိလေရာ နာကျင်မှုကိုလည်း မသိကြပေ။ ကျန်းရှောင်နူသည် ဖုတ်ကောင်အမြောက်အများကို သတ်ပြီးသော်ငြား ကျန်ဖုတ်ကောင်များမှာ ရှေ့ဆက်တက်လာနေကြသည်။
"ကလေးမ...အဲ့ဒီဖုတ်ကောင်တွေနဲ့ပဲ အလုပ်ရှုပ်မနေနဲ့။ ဒီအကျိုးနည်းနွယ်ပင်ကို မြန်မြန်လာဖြတ်"
ယာ့ဇီသားရဲသည် ကျန်းရှောင်နူမှာ ဖုတ်ကောင်များကို အမှုန့်အဖြစ် ပြောင်းပေးနေသော်လည်း ၎င်းတို့မှာ ပို၍သာ ရှေ့တိုးလာကြကြောင်း မြင်နေရသော် စိတ်ပူလာခဲ့သည်။ အနှီမိန်းကလေးသည် တိုက်ပွဲ အတွေ့အကြုံ လုံးဝမရှိပေ။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေပါက တိုက်ပွဲကို သူမမည်သို့ အဆုံးသတ်နိုင်ပါမည်နည်း။
"ဟမ်"
ကျန်းရှောင်နူမှာ အမှန်တကယ်ပင် တိုက်ပွဲထဲတွင် အာရုံအရောက်လွန်နေခဲ့ခြင်းဖြစ်သည်။ သူမသည် ယာ့ဇီသားရဲအား ပြန်သတိရသွားကာ နေနက်မိစ္ဆာနွယ်ရှိရာသို့ လာရန်ပြင်လိုက်သည်။ သူမ၏ လက်သည်းချွန်များသည် အလင်းတန်းများသဖွယ် ဖုတ်ကောင်အုပ်ထံ တစ်ချက်ပြီးတစ်ချက် တိုးဝင်သွားခဲ့သည်။ အသက်ဆယ်ရှိုက်စာခန့်အတွင်းတွင် သွေးအိုင်ရှိရာသို့ သူမ ရောက်လာနိုင်ခဲ့သည်။ သူမသည် နေနက်မိစ္ဆာနွယ်ကို ဖြတ်ပစ်ရန် လက်သည်းများဖြင့် ကုတ်ချလိုက်သည်။
ရွှီး...ရွှီး...
နေနက်မိစ္ဆာနွယ်သည် တစ်ချက်အဖြတ်ခံလိုက်ရတိုင်း ပိုမိုတုန်ခါလာပြီး အသံစူးစူးများကို ပိုမိုထုတ်လွှတ်ကာ ဖုတ်ကောင်အမြောက်အများကို ကျန်းရှောင်နူထံ ပိုမို တိုးဝင်လာစေသည်။ သွေးအိုင်ကြီးအတွင်းမှ သွေးများသည်လည်း လျင်လျင်မြန်မြန် လျော့ကျနေပြီး ၎င်း၏ ဖြတ်တောက်ခံရသော အစိတ်အပိုင်းမှာ လျင်လျင်မြန်မြန်ပင် အသစ်ပြန်လည် ထွက်ပေါ်လာသည်။
"ဟမ့်"
ကျန်းရှောင်နူသည် လက်တစ်ဖက်ကိုသုံး၍ နေနက်မိစ္ဆာနွယ်အား ကုတ်ဖြတ်နေပြီး ကျန်လက်တစ်ဖက်မှ ချည်းကပ်လာသော ဖုတ်ကောင်ဟူသမျှကို ရှင်းပစ်နေလေသည်။ နေနက်မိစ္ဆာနွယ်၏ အစိတ်အပိုင်းအသစ် ထွက်ပေါ်လာနိုင်စွမ်းသည် မြန်ဆန်လှသော်လည်း ကျန်းရှောင်နူ၏ လက်သည်းချက်များမှာ ပိုမိုမြန်ဆန်လေသည်။ အချိန်တိုအတွင်းတွင် နေနက်မိစ္ဆာနွယ်ပင်စည်၏ တစ်ဝက်ခန့်ကို ကျန်းရှောင်နူ ဆွဲဖြဲပြီးသွားခဲ့ပြီဖြစ်သည်။
"ဟုတ်ပြီ"
ချုပ်နှောင်ခံထားရသော ယာ့ဇီသားရဲသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ဦးချိုကြီးမှ အလင်းရောင်များ တောက်ပလာခဲ့ပြီး ကျန်းရှောင်နူ၏ ဘေးပတ်လည်ရှိ ဖုတ်ကောင်များထံ အလင်းတန်းများ ပြေးထွက်သွားခဲ့သည်။
ဗုန်း...ဗုန်း...
ယာ့ဇီသားရဲသည် ၎င်း၏ ခန္ဓာကိုယ်ကြီးကို မလှုပ်ရှားနိုင်သေးသော်လည်း နတ်ဆိုးစွမ်းအားကို ထုတ်သုံးနိုင်သေးသည်။ အလင်းတန်းများသည် ဖုတ်ကောင်အုပ်လိုက်ကြီးကို အမှုန့်အဖြစ် ပြောင်းလဲပေးခဲ့သည်။ နေနက်မိစ္ဆာနွယ် လုံးဝပြတ်တောက်လုဆဲဆဲတွင် ယာ့ဇီသားရဲမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ ၎င်း၏ ဦးချိုကြီးမှ အဖြူရောင်အလင်းတန်းများသည် နောက်တစ်ကြိမ် ပြေးထွက်သွားခဲ့ပြန်သည်။ နေရာတစ်ခုလုံးသည် ပေါက်ကွဲသံများ၊ ဖုတ်ကောင်များ၏ ထူးထူးဆန်းဆန်းအသံများဖြင့် ပြည့်နှက်နေခဲ့သည်။
ဘန်း...
နောက်ဆုံးတွင် နေနက်မိစ္ဆာနွယ်မှာ လုံးဝပြတ်တောက်သွားခဲ့ပြီး အောက်သို့လဲကျသွားခဲ့သည်။ ကျန်းရီနှင့် ယာ့ဇီသားရဲမှာလည်း မြေပေါ်ပြုတ်ကျသွားခဲ့ပြီး ဖုတ်ကောင်တစ်အုပ်ကို ဖိသတ်နိုင်လိုက်သည်။
ရှဲ...ရှဲ...
နေနက်မိစ္ဆာနွယ် အပိုင်းပြတ်သည် အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့ပြန်သည်။
ဝေါင်း...ဝေါင်း...
အချုပ်အနှောင်မှ လွတ်မြောက်သွားမှုကြောင့် ယာ့ဇီသားရဲ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်လျှံနေခဲ့သည်။ ၎င်းသည် လေပေါ်သို့ပျံတက်၍ ဟိန်းဟောက်ပစ်ချင်နေခဲ့သော်လည်း ပျံ၍မရကြောင်း သဘောပေါက်လိုက်သည်။ ၎င်း၏ ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်မှာ အစီအစဉ်မကျ ဖြစ်နေသည်။ ၎င်း၏ အရေပြားပေါ်တွင် အနက်ရောင် အကွက်များ ထွက်ပေါ်လာသည်ကို သတိထားမိလိုက်သောအခါတွင် ယာ့ဇီသားရဲမှာ ချက်ချင်းအော်ပြောလိုက်သည်။
"ကလေးမ...သတိထား...ဒီအနက်ရောင်အငွေ့တွေက အဆိပ်ရှိတယ်"
ကျန်းရှောင်နူသည် တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး အာရုံမထားတော့ပေ။ ဖုတ်ကောင်များတွင်လည်း ထိုအနက်ရောင်အခိုးအငွေ့များ ရှိသည်။ သို့သော် သူမအား မည်သို့မှ သက်ရောက်ခြင်း မရှိပေ။ သူမသည် အနီးရှိ ဖုတ်ကောင်များအား လျင်လျင်မြန်မြန် လက်စသတ်လိုက်ပြီး ကျန်းရီထံ ပြေးသွားလိုက်သည်။
ဂါး...ဂါး...
ကျန်းရီမှာ ဖုတ်ကောင်အမြောက်အများ၏ ဝန်းရံထားခြင်းခံရသည်။ ယာ့ဇီသားရဲကသာ ၎င်း၏ လက်သည်းကြီးများကို ဝှေ့ယမ်း၍ ကာကွယ်ပေးထားခြင်း မဟုတ်ပါက ကျန်းရီသေနေလောက်ပြီဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်သည် နတ်ဆိုးစွမ်းအား မတည်မငြိမ် ဖြစ်နေသောကြောင့် မပျံသန်းနိုင်သော်လည်း ၎င်း၏ ကိုုယ်ခန္ဓာအင်အားကို အပြည့်အဝ အသုံးချနေနိုင်သေးသည်။ ၎င်း၏ ရိုက်ချက်တိုင်းတွင် ဖုတ်ကောင်များမှာ အသားစများအဖြစ် ပြောင်းလဲနေခဲ့သည်။
ယာ့ဇီသားရဲ တိုက်ခိုက်လေလေ အနက်ရောင်အငွေ့များမှာ သူ့အနားတွင် စုပုံလာလေလေဖြစ်သည်။ ၎င်း၏နတ်ဆိုးစွမ်းအားမှာ ပို၍ မတည်မငြိမ် ဖြစ်လာနေခဲ့သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက အနက်ရောင်အငွေ့တို့၏ သက်ရောက်မှုကြောင့် ၎င်းမှာလည်း ဖုတ်ကောင်သားရဲ ဖြစ်သွားနိုင်ချေ ရှိလေသည်။
ဒီကောင်လေးက ဘာလို့မနိုးသေးတာလဲ။ ပြီးတော့ ဟိုကလေးမက ဘာလို့အခုထိ လာမကူသေးတာလဲ။
ယာ့ဇီသားရဲသည် ရင်နာမှုကို ကြိတ်မှိတ်ခံစားနေခဲ့သည်။ ၎င်းသည် ကျန်းရီထံ လှည့်ကြည့်လိုက်ပြီး ချည်းကပ်လာသော ဖုတ်ကောင်တစ်အုပ်ကို ရိုက်ထုတ်လိုက်ပြန်သည်။ ထို့နောက် ကျန်းရှောင်နူထံ လှည့်အကြည့်တွင် ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
"အမ်...သူမ အမြန်နှုန်းက ဘာလို့ လျော့ကျလာတာလဲ။ မကောင်းတော့ဘူး"
ကျန်းရှောင်နူ၏ အမြန်နှုန်းမှာ အမှန်တကယ်ပင် နှေးသထက်နှေးလာခဲ့သည်။ ထိုမျှသာမက၊ သူမ၏ အသားအရောင်ပါ ဖြူရော်နေခဲ့သည်။ သူမတစ်ကိုယ်လုံးသည် တဆတ်ဆတ် တုန်ယင်နေခဲ့ပြီး အချိန်မရွေး လဲကျသွားတော့မယောင် ခံစားနေရလေသည်။
သူမ၏ အသွင်ပြောင်းနိုင်သည့် အချိန်အကန့်အသတ် ပြည့်သွားပြီဖြစ်သည်။
သူမ၏ ယခင်အကြိမ် အသွင်ပြောင်းမှုသည် ဆယ့်ငါးမိနစ် ကြာမြင့်ခဲ့သည်။ လအနည်းငယ် ကျင့်ကြံပြီးနောက်တွင် သူမသည် ကြာချိန်ကို နှစ်ဆတိုးအောင် ကျင့်ကြံနိုင်ခဲ့သော်လည်း အချိန်အကန့်အသတ်မှာ မိနစ်သုံးဆယ်သာဖြစ်သည်။ ပင်လယ်ရေပြင်ပေါ်မှ ဤနေရာသို့ ရောက်လာရန် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့သည်။ အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်တွင် သူမဤမျှကြာအောင် တောင့်ခံနိုင်သည်ကပင် တော်လှပြီဖြစ်သည်။
"သခင်လေး...ရှောင်နူ အသုံးမကျလို့ သခင်လေးကို ဒီလောက်ပဲ ကူညီနိုင်ပါတယ်"
ကျန်းရှောင်နူသည် နောက်ဆုံးလက်ကျန်အင်အားကို သုံး၍ သူမ၏ တောင်ပံများကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် အစိမ်းရောင် အရိပ်တစ်ခုသဖွယ် ပြောင်းလဲသွားကာ လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကို ရှင်းလင်းရင်း ကျန်းရီထံ ပျံသန်းလာခဲ့သည်။ ကျန်းရီအား ဖက်လိုက်မိသောအချိန်တွင် သူမဆက်လက်တောင့်မခံနိုင်တော့ပေ။ သူမသည် ကျန်းရီကိုဖက်ရင်း မေ့မျောသွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင်ပင် ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့သည်။ သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် တောက်လောင်နေသော မီးတောက်နှစ်ခု ရှိနေခဲ့သည်။
***