← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁) - သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်

~"ရှေးဦး ဝူမီးတောက် ... နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအား... အချိန် စွမ်းအား ..."

ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်လာပြီးနောက် ဖုန်းဝူချန်၏ နှုတ်ဖျားတွင် ထိုစကားလုံးများကို တိုးတိုးလေး ရေရွတ်နေမိ၏။

နဂါးဘိုးဘေး ပြောပြလိုက်သော စကားများသည် ဖုန်းဝူချန်၏ စိတ်ဝင်စားမှုကို အကြီးအကျယ် နှိုးဆွပေးလိုက်သည်။

ဖုန်းဝူချန်သည် စွမ်းအားကြီးမားမှုကို တောင့်တသော ယောက်ျားတစ်ယောက် ဖြစ်လေ၏။ စွမ်းအားကြီးလေ၊ သူ့အတွက် ဆွဲဆောင်မှု ရှိလေပင်။

'ကမ္ဘာပျက် စွမ်းအား' သည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း၊ ရှေးဦး ကမ္ဘာဦးခေတ်က ထိုထက် ပိုမို အစွမ်းထက်သော စွမ်းအားများ ရှိနေသေးသည်ကို သိလိုက်ရသောအခါ ဖုန်းဝူချန်၏ ရည်မှန်းချက်များ မိုးထိအောင် မြင့်တက်လာတော့၏။

‘ရှေးဦး ကမ္ဘာဦးခေတ်က ထိပ်တန်း စွမ်းအား (၁၀) မျိုးနဲ့... ဝူမီးတောက်... ငါ သေချာပေါက် ရှာတွေ့အောင် ရှာမယ်…’

ဖုန်းဝူချန် စိတ်ထဲတွင် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

"အစ်ကိုကြီးဖုန်း... ဘာတွေ တွေးနေတာလဲဟင်..."

နန်းဆောင်ထဲမှ ငေးငိုင်ပြီး ထွက်လာသော ဖုန်းဝူချန်ကို ကြည့်ရင်း လင်ရှောင်ရှောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဪ... ဘာမှ မဟုတ်ပါဘူး... နဂါးနတ်ဘုရား နန်းတော်ရဲ့ အနာဂတ် ကိစ္စတွေကို စဉ်းစားနေတာပါ..."

ဖုန်းဝူချန်က ချက်ချင်း ဟန်လုပ်ပြီး ပြန်ဖြေလိုက်၏။

"ဒါနဲ့... ယန်ရန် အခြေအနေ ဘယ်လိုလဲ..."

လင်ရှောင်ရှောင်က ပြုံးရွှင်စွာဖြင့်၊

"ဝိညာဉ်ဆေးရည်က အရမ်း စွမ်းတာပဲ... သူ့သွေးကြောတွေ ပြန်ကောင်းလာနေပြီ... ကျန်းကျွင့်လန်ကလည်း ဘေးကနေ မခွာဘဲ စောင့်နေတယ်..."

ထိုအခါ၊ ဖုန်းဝူချန်က ပြုံးရင်း ရှင်းပြလိုက်သည်။

"အဲ့ဒီ ဝိညာဉ်ဆေးရည်က သွေးကြောတွေကို ကုသပေးရုံ သက်သက် မဟုတ်ဘူး... သေသွားတဲ့ သွေးကြောတွေကို ပြန်လည် မွေးဖွားပေးတာ... တကယ့် သွေးကြောကုသတဲ့ ဝိညာဉ်ဆေးရည်က မဖော်စပ်ရသေးဘူး..."

"ဟင်... ဟုတ်လား... အဲ့ဒါကြောင့် အစ်ကိုကြီးဖုန်းက မပူမပင် နေနိုင်တာကိုး... သေသွားတဲ့ သွေးကြောတွေကို ပြန်ရှင်အောင် လုပ်ပေးတာပဲ ရှိသေးတာပေါ့..."

လင်ရှောင်ရှောင် အံ့ဩသွား၏။

"ယန်ရန်က လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒဏ်ရာအပြင်းအထန် ရခဲ့လို့ သွေးကြောအများစုက သေနေပြီလေ... အပြည့်အဝ ပြန်ကောင်းချင်ရင် အဲ့ဒီ သေနေတဲ့ သွေးကြောတွေကို အရင်ဆုံး ပြန်ရှင်အောင် လုပ်ရမယ်... အခု အစ်ကို ဖော်ပေးထားတာက အားပျော့တဲ့ ပြန်လည်မွေးဖွားရေး ဆေးရည်ပဲ ရှိသေးတယ်..."

"အော်..သဘောပေါက်ပါပြီ..."

"နှစ်ရက် ရှိပြီဆိုတော့ အချိန်တန်ပြီ..."

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ယန်ရန် ရှိရာ နန်းဆောင်သို့ သွားရောက်ကြ၏။

အခန်းထဲတွင် ယန်ရန်သည် စိမ်းပြာရောင် ဝိညာဉ်ဆေးရည် ကန်ထဲတွင် စိမ်နေ၏။ ဆေးရည် ကုန်သွားတိုင်း ကျန်းကျွင့်လန်က အသစ်ထပ်ထည့်ပေးနေ၏။

"ဆရာ..."

ဖုန်းဝူချန် ဝင်လာသည်ကို မြင်သောအခါ ကျန်းကျွင့်လန် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး ယန်ရန်ကို အကဲခတ်ကြည့်လိုက်သည်။

"အင်း... သေနေတဲ့ သွေးကြောတွေ ပြန်ကောင်းလာပြီပဲ..."

"ဆရာ... သွေးကြောတွေ ပြန်ကောင်းလာပေမယ့် အစစ်အမှန် ယွမ်စွမ်းအားကို မခံနိုင်သေးပါဘူး... စွမ်းအားကို နည်းနည်းလေး လှုံ့ဆော်လိုက်တာနဲ့ နာကျင်လွန်းလို့ မခံနိုင်ဘူးရှင့်..."

ယန်ရန်က မျက်မှောင်ကြုတ်ရင်း ပြောပြရှာသည်။

"အစစ်အမှန် ယွမ်စွမ်းအားကို လုံးဝ မသုံးနဲ့ဦး... ပြန်လည်မွေးဖွား ဆေးရည်က သေနေတဲ့ သွေးကြောတွေကိုပဲ ပြန်ရှင်အောင် လုပ်ပေးနိုင်တာပါ... ကျန်းလေး... ယန်ရန်ကို အဝတ်အစား လဲပေးလိုက်ပါ. ခဏနေရင် ဆေးနန်းတော်ကို လာခဲ့ကြပါ... အချိန်ကျပြီ..."

"ဝမ်းသာလိုက်တာဗျာ..."

ကျန်းကျွင့်လန် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါ လျိုချင်းယန်၊ မြောင်ချင်းချင်းနှင့် အခြားသူများလည်း ဆေးနန်းတော်သို့ ရောက်ရှိလာကြ၏။

အဆင့်ရှစ် ဆေးပညာရှင်ကြီးများပင် လက်မြှောက်ထားရသော ယန်ရန်၏ အခြေအနေကို ဖုန်းဝူချန်က ဘယ်လို ကုသပေးမလဲ ဆိုတာကို သူတို့ အလွန် စိတ်ဝင်စားနေကြ၏။

နဂါးနတ်ဘုရား နန်းတော်သို့ ရောက်ရှိခါစ ဖြစ်သော ဟန်ခွန်းသည်လည်း ယန်ရန်၏ သွေးကြောများကို စစ်ဆေးကြည့်ပြီး ကုသနိုင်စွမ်းမရှိကြောင်း ဝန်ခံခဲ့ဖူးသည်။

ဖုန်းဝူချန်က ကုသပေးနိုင်မည်ဟု ကြားသိရသောအခါ ဟန်ခွန်း အလွန် အံ့ဩတုန်လှုပ်သွား၏။ မကုသနိုင်ဟု သတ်မှတ်ထားသော ရောဂါကို ဖုန်းဝူချန်က ကုသပေးနိုင်မည် ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလှပေ၏။

ထို့ကြောင့် ဟန်ခွန်းသည် စောစောစီးစီး ရောက်ရှိနေပြီး စောင့်ဆိုင်းနေ၏။

"ဆေးဧကရာဇ်..."

ဖုန်းဝူချန် ဝင်လာသည်နှင့် ဟန်ခွန်းက ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ဆေးဧကရာဇ်... သခင်လေးကျန်း ပြင်ဆင်ပေးထားတဲ့ ဆေးပစ္စည်းတွေ အကုန် ဒီမှာပါ..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာ သူ့ရှေ့သို့ ပျံဝဲရောက်ရှိလာသည်။

ဆေးနန်းတော် အတွင်း၌ ရုတ်ချည်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူမျှ စကားမပြောရဲကြ။ အားလုံး၏ မျက်လုံးများသည် ဖုန်းဝူချန်ဆီသို့သာ စုပြုံရောက်ရှိနေကြ၏။

ဟန်ခွန်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား။ ဖုန်းဝူချန်၏ ဆေးဖော်စပ်မှုကို ကြည့်ရခြင်းသည် သူ့အတွက် အကြီးမားဆုံးသော ပျော်ရွှင်မှု တစ်ခုပင်။

"ဘုန်း..."

နဂါးမျိုးနွယ် မီးတောက် တောက်လောင်လာပြီး ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် စိမ်းပြာရောင် မီးတောက်တစ်ခု ကခုန်နေ၏။ ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး အခန်းတွင်း အပူချိန် ချက်ချင်း မြင့်တက်လာ၏။

အစွမ်းထက်သော ဝိညာဉ်စွမ်းအားများ မီးတောက်ထဲသို့ စီးဝင်သွားပြီး ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာကို တပြိုင်နက်တည်း သန့်စင်လိုက်သည်။

ဖုန်းဝူချန် ဆေးဖော်စပ်နေစဉ်မှာပင် ကျန်းကျွင့်လန်နှင့် ယန်ရန် ရောက်ရှိလာကြ၏။

"ယန်ရန်... ရှေ့တိုးခဲ့ပါ..."

ဖုန်းဝူချန်က ညွှန်ကြားလိုက်ရာ ယန်ရန်သည် ဖုန်းဝူချန်၏ ရှေ့သို့ တိုးလာခဲ့၏။

စက္ကန့်ပိုင်း အတွင်းမှာပင် ဆေးပစ္စည်း ဒါဇင်ပေါင်းများစွာသည် လှပသော ကကွက်တစ်ခုကို ကပြနေသကဲ့သို့ အခွံများ ကွာကျသွားပြီး၊ နို့နှစ်ရောင် ဆေးရည်အဖြစ် ထူးဆန်းစွာ စုစည်းသွားကြ၏။

ဖုန်းဝူချန်၏ လက်ဟန်များ လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ များမကြာမီမှာပင် အလွန်တရာ အစွမ်းထက်ပြီး ရိုင်းစိုင်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာ၏။

ခဏအကြာတွင်... ဆေးရည်သည် ရောင်စုံ အလင်းတန်းများ တောက်ပလာပြီး အလွန် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက် လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

"ဆေးဧကရာဇ် အဆင့် ဆိုတာ တကယ်ကို ကြောက်စရာ ကောင်းတာပဲ... ဘာဆေးရည် ဖော်စပ်လိုက်မှန်းတောင် မသိလိုက်ရဘူး..."

ဟန်ခွန်း စိတ်ထဲတွင် ထိတ်လန့်အံ့ဩနေမိ၏။ ဖုန်းဝူချန်၏ လက်စွမ်းပြမှုကို ဒုတိယအကြိမ် မြင်ဖူးသော်လည်း အံ့ဩမှုက လျော့မသွားပေ။

"အစ်ကိုဖုန်း... ဒါ ဘာဆေးရည်လဲဗျ..."

လျိုချင်းယန် မနေနိုင်ဘဲ မေးလိုက်မိ၏။ လူတိုင်း သိချင်နေသော မေးခွန်းပင်။

ထိုအခါ၊ ဖုန်းဝူချန်က "သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်…”

ဟု အပြုံးနုနုဖြင့် ဖြေလိုက်သည်။

"သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်..."

အားလုံး ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ဟန်ခွန်းပင်လျှင် တစ်ခါမှ မကြားဖူးခဲ့ပေ။

"ဆေးရည်ရဲ့ စွမ်းအားက အရမ်း ကြမ်းတမ်းတယ်... ငါ တတ်နိုင်သလောက် နူးညံ့အောင် လုပ်ပေးထားပေမယ့်... နည်းနည်းတော့ နာကျင်လိမ့်မယ်... စိတ်ကို ပြင်ဆင်ထားပါ... ပြီးတော့ အစစ်အမှန် ယွမ်စွမ်းအားကို လုံးဝ (လုံးဝ) မလှုံ့ဆော်မိစေနဲ့..."

ဖုန်းဝူချန်က ယန်ရန်ကို လေးနက်စွာ သတိပေးလိုက်သည်။

"ဟုတ်ကဲ့ ဆရာ..."

ယန်ရန် ခေါင်းညိတ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောပြွန်းနေ၏။

ဖုန်းဝူချန် လက်ကို ဝှေ့ယမ်းလိုက်ရာ ရောင်စုံ တောက်ပနေသော ဆေးရည်သည် ဝိညာဉ်မြွေတစ်ကောင်အလား ယန်ရန်ဆီသို့ ပျံဝဲသွားပြီး သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ နောက်ဆုံးတွင် သူမကို လေထဲသို့ မ,တင်လိုက်သည်။

ဆေးရည်က သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားစဉ်တွင် ယန်ရန်သည် ဆေးရည်၏ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ မျက်နှာလေး ဖြူဖျော့သွားရှာသည်။

ကျန်းကျွင့်လန်နှင့် အခြားသူများ အသက်ရှုအောင့်ကာ စောင့်ကြည့်နေကြ၏။ မျက်တောင်မခတ်တမ်း ယန်ရန်ကို ငေးကြည့်နေကြ၏။

"ဆေးရည် စွမ်းအားက အရမ်း ကြမ်းတမ်းလွန်းတယ်... ရေဓာတ်နဲ့ ထိန်းညှိပေးရုံနဲ့ မလုံလောက်ဘူး... ရေခဲအရှိန်အဝါပါ လိုအပ်တယ်..."

ဖုန်းဝူချန် ပြောလိုက်ပြီး ရေဓာတ်နှင့် ရေခဲဓာတ် အစစ်အမှန် ယွမ်စွမ်းအားများကို တပြိုင်နက်တည်း ပို့လွှတ်လိုက်တော့သည်။

ယန်ရန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ရေမြွေများ ဖြစ်ပေါ်လာပြီး ပြင်းထန်သော အေးစက်မှုများ လွှမ်းခြုံသွား၏။

ဖုန်းဝူချန်၏ လက်ဟန်များ လျင်မြန်စွာ ပြောင်းလဲသွားပြီး ဆေးရည်ကို ယန်ရန်၏ ခန္ဓာကိုယ်ထဲသို့ စတင် စီးဝင်စေလိုက်သည်။

ဆေးရည် ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ယန်ရန်၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ အံ့မခန်း အမြန်နှုန်းဖြင့် စီးဆင်းသွား၏။ သူမ၏ ခန္ဓာကိုယ်မှ ရောင်စုံ အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ဘုံမှ နတ်သမီး တစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရသည်။

ရေဓာတ်နှင့် ရေခဲဓာတ်တို့၏ အကူအညီကြောင့် ဆေးရည်၏ ကြမ်းတမ်းသော စွမ်းအားကို အတင်းအကျပ် ဖိနှိပ်ထားနိုင်ခဲ့၏။

ယန်ရန် တစ်ကိုယ်လုံး တုန်ယင်လာသည်။ ပြန်လည်ကောင်းမွန်လာသော သွေးကြောများထဲတွင် ဓားနှင့် ထိုးဆွနေသကဲ့သို့ နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရသည်။

"အား..."

ဆေးရည်များ ဆက်တိုက် ဝင်ရောက်လာသောအခါ ယန်ရန် ခံနိုင်ရည်မရှိတော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်မိ၏။

"ယန်ရန်... တောင့်ခံထားပါ..."

ကျန်းကျွင့်လန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်။

"အစ်ကိုဖုန်း ရှိနေမှတော့ အဆင်ပြေသွားမှာပါကွ..."

လျိုချင်းယန်က ကျန်းကျွင့်လန်၏ ပခုံးကို ပုတ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

မြောင်ချင်းချင်း၏ လက်ဖဝါးများတွင် ချွေးစေးများ ပြန်နေ၏။ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။

"မိန်းကလေး ယန်ရန်ရဲ့ သွေးကြောတွေ ပွင့်သွားပြီ..."

ဟန်ခွန်း အကြီးအကျယ် တုန်လှုပ်သွားပြီး တအံ့တဩ ရေရွတ်လိုက်မိ၏။

အခန်း (၄၈၂) - မိုမိသားစုသို့ သွားခြင်း

~ခဏအကြာတွင်... ယန်ရန်၏ သွေးကြောသစ်များသည် အပြည့်အဝ ပွင့်သွားခဲ့လေ၏။

အစွမ်းထက်သော ဝိညာဉ်ဆေးရည်၏ အကူအညီကြောင့် သွေးကြောများ ပိုမို ကြံ့ခိုင်သန်မာလာသည်။

အံ့မခန်း ပြန်လည်ကောင်းမွန်လာမှုကို မြင်တွေ့ရသောအခါ ဆေးပညာရှင် ဟန်ခွန်း အလွန်အမင်း တုန်လှုပ်အံ့ဩသွားမိ၏။

သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်၏ စွမ်းအားသည် မည်သူမဆို၏ စိတ်ကူးဉာဏ်ကို ကျော်လွန်နေပေ၏။

"သွေးကြောတွေ ပွင့်သွားပြီ... ပွင့်သွားပြီ..."

ကျန်းကျွင့်လန် ဝမ်းသာလွန်း၍ မျက်ရည်များ စီးကျလာသည်။

"ဝမ်းသာစရာ ကောင်းလိုက်တာ..."

မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့လည်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ကြ၏။ သူတို့၏ စိုးရိမ်ပူပန်မှုများ လွင့်ပျောက်သွားခဲ့ရတော့၏။

"နန်းတော်သခင်က တကယ်ကို မယုံနိုင်စရာပဲ... အဆင့်ရှစ် ဆေးပညာရှင်တွေတောင် လက်မြှောက်ထားရတဲ့ ကိစ္စကို ဝိညာဉ်ဆေးရည် ဖော်စပ်လိုက်ရုံနဲ့ ကုသပေးလိုက်တာ..."

ချီဟွမ်နှင့် အခြားသူများ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြ၏။

သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်သည် ယန်ရန်၏ သွေးကြောများကို အံ့မခန်း အမြန်နှုန်းဖြင့် ပြန်လည် ပြုပြင်ပေးနေပြီး ပိုမို သန်မာလာစေ၏။

သွေးကြောများ ပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ ဓားနှင့် ထိုးဆွသကဲ့သို့ နာကျင်မှုများ ပျောက်ကွယ်သွားပြီး၊ ယန်ရန်၏ အော်ဟစ်သံများလည်း တိတ်ဆိတ်သွားလေသည်။

နောက်ဆုံး ဆေးရည်တစ်စက် ယန်ရန်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါမှ ဖုန်းဝူချန် သက်ပြင်းချလိုက်နိုင်တော့၏။ နောက်ဆုံးတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ရတော့၏။

သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်၏ စွမ်းအားသည် တကယ်ပင် ကြမ်းတမ်းလွန်းလှပြီး၊ အစပိုင်းတွင် ယန်ရန် ခံနိုင်ရည် ရှိပါ့မလားဟု ဖုန်းဝူချန် စိုးရိမ်ခဲ့မိ၏။

"ဆရာ... ကျွန်မရဲ့ သွေးကြောတွေ ပြန်ကောင်းလာပြီ... ကျွင့်လန်... ငါ့သွေးကြောတွေ တကယ် ပြန်ကောင်းလာပြီ..."

ယန်ရန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မျက်ရည်များ ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာသည်။

"နောက်ဆုံးတော့ ပြန်ကောင်းလာပြီ..."

ကျန်းကျွင့်လန် မျက်ရည်များကို သုတ်ရင်း စိတ်သက်သာရာ ရသွား၏။

ဖုန်းဝူချန်က ပြုံးရင်း

"ယန်ရန်... မင်းရဲ့ အစစ်အမှန် ယွမ်စွမ်းအားကို စမ်းပြီး လှုံ့ဆော်ကြည့်လိုက်ပါ..."

ဟု ပြောလိုက်၏။

ယန်ရန် ခေါင်းညိတ်လိုက်သည်။ သူမ၏ အစစ်အမှန် ယွမ်စွမ်းအားများသည် ခန္ဓာကိုယ်အတွင်း ဖြည်းညှင်းစွာ လည်ပတ်လာပြီး၊ သွေးကြောများ အားလုံးထဲသို့ အတားအဆီးမရှိ လျင်မြန်စွာ စီးဆင်းသွားလေသည်။

"ဆရာ... အကုန် ပြန်ကောင်းသွားပြီ... ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးရှင်..."

ယန်ရန် ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။ ကျေးဇူးတင်လွန်း၍ စကားပင် မပြောတတ်အောင် ဖြစ်နေရှာသည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး ကျန်းကျွင့်လန် ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။

"ကျန်းလေး... အခု စိတ်အေးသွားပြီမလား... ပြန်ပြီး ကောင်းကောင်း ကျင့်ကြံတော့... မင်းရဲ့ ကျင့်ကြံဆင့်နဲ့ လက်နက်သန့်စင် စွမ်းရည်တွေ နောက်ကျနေတာ ကြာပြီ..."

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ... ကျွန်တော် ကြိုးစားပါ့မယ်... ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး..."

ကျန်းကျွင့်လန် အားတက်သရော ခေါင်းညိတ်လိုက်၏။

ထိုစဉ်၊ အကြီးအကျယ် မှင်သက်နေသော ဟန်ခွန်းက ရိုသေစွာ မေးမြန်းလိုက်သည်။

"ဆေးဧကရာဇ်... သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်မှာ တခြား အာနိသင်တွေ ရှိပါသေးသလား..."

ဖုန်းဝူချန်က အေးဆေးစွာ ဖြေလိုက်၏။

"သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်က သွေးကြောတွေကို ကာကွယ်ပေးတဲ့ အာနိသင် ရှိတယ်... အဲ့ဒါက လွဲရင် တခြား အသုံးမဝင်ပါဘူး... ဒါပေမယ့် အဆင့်ချိုးဖြတ် ဝင်ရောက်တဲ့ အချိန်မှာ သုံးမယ် ဆိုရင်တော့... တကယ်လို့ အဆင့်တက်တာ ကျရှုံးခဲ့ရင်တောင် သွေးကြောတွေ ထိခိုက်မှာ မဟုတ်ဘူး..."

ခဏနားပြီးနောက် ဖုန်းဝူချန် ဆက်ပြောသည်။

"သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်က သွေးကြောတွေကို သန်မာစေတဲ့အတွက် အဆင့်တက်နိုင်ခြေကိုလည်း ပိုများစေတယ်... ဒါပေမဲ့ ကောင်းကင်ဘုံလူသား အဆင့်တွေအတွက်ပဲ သင့်တော်တာ..."

"ဒီလောက် အစွမ်းထက်တဲ့ အာနိသင် ရှိတယ် ဟုတ်လား..."

ဟန်ခွန်း ပင့်သက်ရှိုက်မိသွား၏။ သူ့မျက်နှာအိုကြီးပေါ်တွင် အံ့ဩမှုများ ပြည့်နှက်နေ၏။

သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်၏ စွမ်းအားသည် သူတို့ ထင်ထားသည်ထက် ကျော်လွန်နေ၏။

"ဒါဆိုရင် ငါတို့ အဆင့်တက်တဲ့အခါ ဒီဆေးရည်သာ ရှိရင် ပိုလွယ်ကူသွားမှာပေါ့..."

ဟု ယီထျန်းချင်းက ဝင်ပြောလာသည်။

ထိုအခါ၊ ဖုန်းဝူချန်က ရှင်းပြလိုက်သည်။

"အဲ့လို ပြောလို့ ရပေမယ့်... သတ္တရောင်ခြယ် လမင်းမြက်က အရမ်း ရှားပါးတယ်... ဖော်စပ်ရတာလည်း အရမ်း ရှုပ်ထွေးတယ်... သာမန် ဆေးပညာရှင်တွေ လုံးဝ ဖော်စပ်နိုင်မှာ မဟုတ်ဘူး... ဆေးဖော်နည်းတောင် မရှိသေးဘူး... ပြီးတော့ ဒီဆေးရည်က အရမ်း ကြမ်းတမ်းလွန်းတယ်... သတိမထားရင် အဆင့်တက်တာ ကျရှုံးရုံတင် မကဘူး... သွေးကြောတွေ ပိုပြီး ထိခိုက်ပျက်စီးသွားနိုင်တယ်..."

ထိိုအခါ၊ ဟန်ခွန်းက အလျင်အမြန် ပြောလိုက်သည်။

"ဆေးဧကရာဇ်... သတ္တရောင်ခြယ် သံသရာ ဝိညာဉ်ဆေးရည်က တန်ဖိုးမဖြတ်နိုင်အောင် ရှားပါးပါတယ်... ပြည်မကြီးမှာ အဆင့်တက်တာ ကျရှုံးလို့ သွေးကြော ပျက်စီးပြီး ပြန်မကောင်းနိုင်တော့တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်... ကောင်းကင်ဘုံလူသား အဆင့်ရော၊ ထျန်းကျီဘုံ အဆင့်ရော ပါတယ်... ဒီဆေးရည်ရဲ့ အစွမ်းကိုသာ သတင်းကြားသွားရင် အဲ့ဒီပညာရှင်တွေ အလုအယက် လာရှာကြမှာ အသေအချာပါပဲ..."

ဖုန်းဝူချန် လက်ဝှေ့ယမ်းလိုက်ပြီး ပြုံးလိုက်၏။

"ဝမ်းနည်းစရာ ကောင်းတာက သတ္တရောင်ခြယ် လမင်းမြက် ရှာရတာ မလွယ်ပါဘူး... ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့..."

"ကျန်းလေး... ယန်ရန်ကို ကျန်းမိသားစုဆီ ခေါ်သွားပြီး ကောင်းကောင်း အနားယူခိုင်းလိုက်ပါ. သူ့သွေးကြောတွေက ခုမှ ပြန်ကောင်းကာစ ဆိုတော့ တည်ငြိမ်သွားဖို့ ရက်နည်းနည်းလောက် အနားယူဖို့ လိုတယ်..."

"ဟုတ်ကဲ့ ဆရာ..."

ကျန်းကျွင့်လန် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

"ကိုးထပ် ချန်ခွင်း မျှော်စင်ကို နဂါးနတ်ဘုရား နန်းတော်က တပည့်တွေ ကျင့်ကြံဖို့အတွက် ထားပေးခဲ့မယ်... တခြား ဘာကိစ္စမှ မရှိတော့ရင် အားလုံး သွားပြီး ကျင့်ကြံကြပါတော့... အထူးသဖြင့် ပိုင်မိ၊ လေ့ထျန်းကျွယ်၊ နန်းကုန်းလေ့ နဲ့ လုအိုယန်... ခင်ဗျားတို့ ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ခါနီးပြီမို့လို့ ကောင်းကောင်း ပြင်ဆင်ထားကြပါ..."

ဖုန်းဝူချန် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ နန်းတော်သခင်..."

ပိုင်မိနှင့် အခြားသူများ ရိုသေစွာ ပြန်ဖြေလိုက်ကြ၏။

လူစုခွဲပြီးနောက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်နှင့်အတူ နဂါးနတ်ဘုရား နန်းတော်မှ ထွက်ခွာလာပြီး ရှင်းကျဲမြို့တော်ဆီသို့ ပျံသန်းလာခဲ့ကြ၏။

ဖုန်းဝူချန် အနေဖြင့် အသေးစိတ်ကျသော မြေပုံတစ်ခု လိုအပ်နေ၏။ သေချာ လေ့လာကြည့်ချင်နေ၏။

ရှင်းကျဲ လေလံပွဲ(ကြယ်တာရာ နယ်မြေ လေလံပွဲ)သို့ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် ရောက်ရှိလာခြင်းသည် အာရုံစိုက်မှုကို ထပ်မံ ရရှိစေခဲ့ပြီး၊ အမြင့်ဆုံး ဧည့်ဝတ်ကျေပွန်မှုဖြင့် ကြိုဆိုခံရသည်။

ဖုန်းဝူချန်သည် ကျန်းကျွင့်လန်၏ ဆရာဖြစ်သလို၊ ဆေးဧကရာဇ် အဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဥက္ကဋ္ဌကြီးနှင့် အကြီးအကဲ သုံးယောက်လုံး အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။

"ဆေးဧကရာဇ်... ကျွန်တော်တို့ လေလံပွဲမှာ မြေပုံ မရောင်းပါဘူး... မြေပုံဆွဲတဲ့သူလည်း မရှိပါဘူး…”

ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို သိလိုက်ရသောအခါ လင်မိုယန်က အားနာစွာ ပြောလိုက်သည်။

"ရှင်းကျဲမှာ တစ်ခုမှ မရှိဘူးလား..."

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်၏။

ထိုစဉ်၊ ပိုင်လီဟန်က ရိုသေစွာ အကြံပေးလိုက်သည်။

"ဆေးဧကရာဇ် လိုချင်တယ် ဆိုရင်တော့ မိုမိသားစုဆီ သွားကြည့်သင့်ပါတယ်... သူတို့က ရတနာရှာဖွေရေးကို အထူးပြုတဲ့ မိသားစုမို့လို့ အသေးစိတ် ကျတဲ့ မြေပုံတွေ ရှိပါလိမ့်မယ်... မိုမိသားစုက ရှင်းကျဲမြို့တော်ရဲ့ မြောက်ဘက် သွေးလမင်း မြို့တော်မှာ ရှိပါတယ်..."

နီဖုန်းယွင်ကလည်း ထောက်ခံသည်။

"ဟုတ်ပါတယ်... မိုမိသားစုက ပြည်မကြီးရဲ့ ပထဝီ အနေအထားကို အရမ်း ကျွမ်းကျင်ပါတယ်... မြေပုံ မရှိရင်တောင် သူတို့ ဆွဲပေးနိုင်မှာပါ... သွေးလမင်းမြို့တော်မှာ မိုမိသားစုရဲ့ အင်အားက မနည်းလှပါဘူး... အဲ့ဒီက အင်အားကြီး မိသားစု လေးခုထဲက တစ်ခုပါ..."

"သွေးလမင်းမြို့တော်က မိုမိသားစုလား..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

နီဖုန်းယွင်က "ဆရာ... ဘာလို့ မြေပုံ လိုချင်တာလဲ သိခွင့်ရှိမလား..."

ဟု မေးလိုက်၏။

“ကျွန်တော်လည်း ရတနာ ရှာမလို့လေ... မြေပုံမရှိရင် အဆင်မပြေဘူး…”

'ရတနာ ရှာမယ်...'

လင်မိုယန်နှင့် အခြားသူများ အနည်းငယ် တုန်လှုပ်သွားကြ၏။ ဖုန်းဝူချန်၏ နှုတ်မှ 'ရတနာ' ဟု ထွက်လာလျှင် သာမန် ရတနာ မဖြစ်နိုင်ပေ။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် အချိန်မဆွဲဘဲ သွေးလမင်းမြို့တော်သို့ ချက်ချင်း ထွက်ခွာခဲ့ကြ၏။

ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားများကို ရှာဖွေရာတွင် ဖုန်းဝူချန် အစွမ်းကုန် ကြိုးစားရပေမည်။

လင်ရှောင်ရှောင်သည် ဖုန်းဝူချန် ဘာအတွက် မြေပုံလိုချင်မှန်း မသိသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အစ်ကိုဖုန်း... တကယ်ကြီး ရတနာ ရှာမလို့လား..."

"ဟုတ်တယ်... ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားကို ရှာမလို့..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ ဘာမှ ဖုံးကွယ်မထားပေ။

"ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအား..."

လင်ရှောင်ရှောင် အနည်းငယ် ကြောင်သွား၏။ တစ်ခါမှ မကြားဖူးခဲ့ပေ။

လင်ရှောင်ရှောင် မသိမှန်း သိသဖြင့် ဖုန်းဝူချန်က ပြုံးပြီး ရှင်းပြလိုက်သည်။

"လောကကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ အများကြီး ရှိတယ်... ချင်းချင်းရဲ့ 'အင်မော်တယ် ဝိညာဉ်စွမ်းအား' က ရှေးဟောင်းခေတ် စွမ်းအား အမျိုးအစား... နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအားက ဒဏ္ဍာရီလာခေတ်က စွမ်းအား... မင်းရဲ့ သွေးမျိုးဆက် စွမ်းအားကလည်း ဒဏ္ဍာရီလာခေတ်ကပဲ ဖြစ်လောက်တယ်... ဒါပေမဲ့ ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားကတော့ ရှေးဦး ကမ္ဘာဦးခေတ်က လာတာ..."

"အစ်ကိုကြီးဖုန်းက တော်တော် သိတာပဲနော်..."

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩမှုများ ဖုံးလွှမ်းနေ၏။

"ဟဲ.. ဟဲ..."

ဖုန်းဝူချန် ပြုံးလိုက်ပြီး ဆက်မရှင်းပြတော့ပေ။ နဂါးဘိုးဘေး အကြောင်းတော့ ထုတ်ပြောလို့ မဖြစ်သေးဘူးလေ။

ဆယ့်ငါးမိနစ်လောက် ကြာသောအခါ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ သွေးလမင်းမြို့တော်သို့ ရောက်ရှိလာကြ၏။

"မတိုးကြနဲ့... တန်းစီကြ..."

မြို့တံခါးဝတွင် အစောင့်များက အော်ဟစ်နေကြ၏။

ဝင်ထွက်သွားလာသော ကျင့်ကြံသူတိုင်းကို သေချာ စစ်ဆေးနေ၏။

"မြို့သခင်လေး... ဟိုမှာ ကြည့်ပါဦး... အလှလေး တစ်ယောက် လာနေတယ်... ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေးကျနေတာပဲ..."

မြို့ရိုးပေါ်ရှိ အစောင့်တစ်ယောက်က လင်ရှောင်ရှောင်ကို လက်ညှိုးထိုးပြရင်း သွားရည်ကျမတတ် အော်ဟစ်လိုက်လေသည်။

အခန်း (၄၈၃) - မလိုအပ်သော ပြဿနာများ

~"ဝိုး... တကယ် လှတာကွ..."

"ဘုရားရေ... ကောင်းကင်ဘုံက နတ်သမီးလေး ဆင်းသက်လာတာများလား... လှလိုက်တာ..."

"သွေးလမင်းမြို့တော်ရဲ့ အလှမယ် သုံးယောက်တောင် သူ့လောက် မလှဘူးကွ..."

မြို့တံခါးစောင့်များ အားလုံး အာမေဋိတ်သံများ တညံညံ ထွက်ပေါ်လာသည်။ သူတို့၏ အကြည့်များက လင်ရှောင်ရှောင်၏ ခန္ဓာကိုယ်အနှံ့သို့ ရိုင်းစိုင်းစွာ ရောက်ရှိနေကြပြီး၊ အရသာရှိသော အစားအစာကို မြင်တွေ့ရသကဲ့သို့ တံတွေးများ မြိုချနေကြ၏။

မြို့ရိုးပေါ်တွင် ရပ်နေသော 'မြို့မြို့သခင်လေး' ဟု ခေါ်သော လူငယ်သည်လည်း လင်ရှောင်ရှောင်ကို စိုက်ကြည့်ရင်း သွားရည်များပင် ကျမတတ် ဖြစ်နေ၏။

"ဒီလို အလှမျိုး လောကမှာ ရှားတယ်ကွ..."

မြို့သခင်လေး၏ အသံမှာ တုန်ရီနေ၏။

"ဟုတ်တယ် မြို့သခင်လေး... ကျွန်တော်တို့ မြို့ရဲ့ အလှမယ် သုံးယောက်တောင် သူ့ခြေဖျား မမီဘူးဗျာ..."

ဘေးမှ အဆင့်နိမ့် အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာ ထောက်ခံလိုက်သည်။ ကြည့်ရသည်မှာ လင်ရှောင်ရှောင်ကို ခုန်အုပ်ချင်နေသည့် ပုံစံ။

"မြန်မြန်... သူတို့ကို အခုချက်ချင်း တားလိုက်.."

မြို့သခင်လေးက အလျင်အမြန် အမိန့်ပေးလိုက်သည်။

အစောင့် ခြောက်ယောက်၊ ခုနစ်ယောက်ခန့်သည် မြို့ရိုးပေါ်မှ ခုန်ဆင်းလာပြီး မြို့ထဲဝင်ရန် ပြင်နေသော ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်၏ ရှေ့ကို ပိတ်ရပ်လိုက်ကြ၏။

"ရပ်လိုက်ပါ. မင်းတို့က စိမ်းနေသလိုပဲ... သွေးလမင်းမြို့တော်က မဟုတ်တာ သေချာတယ်... ဘယ်ကလာတာလဲ... ဒီမြို့ကို ဘာကိစ္စနဲ့ လာတာလဲ..."

ဟု အဆင့်နိမ့် အစောင့်တစ်ယောက်က အရာရှိတစ်ယောက်က တရားခံကို စစ်ဆေးနေသကဲ့သို့ ဟန်ပန်အပြည့်နှင့် အော်ဟစ်မေးမြန်းလိုက်သည်။ ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ သူက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"မိုမိသားစုကို လာလည်တာ..."

"မိုမိသားစု ဟုတ်လား... မင်းတို့က မိုမိသားစုနဲ့ ဘာတော်လဲ..."

ဟု နောက်ထပ် အစောင့်တစ်ယောက်က စစ်ဆေးမေးမြန်းပြန်သည်။

လင်ရှောင်ရှောင် မျက်မှောင်ကြုတ်လိုက်ပြီး...

"အဲ့ဒါ ရှင်တို့နဲ့ မဆိုင်ဘူး ထင်တယ်..."

"ငါတို့နဲ့ မဆိုင်ပေမယ့်... မင်းတို့ မြို့ထဲဝင်ချင်ရင်တော့ ငါတို့နဲ့ ဆိုင်တယ်... မပြောရင် ဝင်ဖို့ စိတ်မကူးနဲ့..."ဟု အဆင့်နိမ့် အစောင့်က မောက်မာစွာ ပြောလိုက်သည်။

"မဝင်ချင်ရင်လည်း ထွက်သွားကြ..."

နောက်တစ်ယောက်ကလည်း ဝင်ဟောင်သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီကောင်တွေက တမင်သက်သက် ပြဿနာရှာနေမှန်း သိသာလှသည်။

"ငါတို့က ဝင်မယ် ဆိုရင်ရော..."

ဖုန်းဝူချန်၏ အသံက ပို၍ အေးစက်သွား၏။

မြို့ရိုးပေါ်မှ မြို့သခင်လေးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

"မင်းတို့က သွေးလမင်းမြို့တော်ကို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လာတာပဲ... 'ပန်းခူးသူခိုး' ရဲ့ ကြံရာပါတွေ ဖြစ်နိုင်တယ်... ဖမ်းလိုက်ကြစမ်း..."

"ဟွန်း... ကြည့်လိုက်တာနဲ့ မရိုးသားမှန်း သိသာတယ်... ပန်းခူးသူခိုးရဲ့ ကြံရာပါတွေ သေချာတယ်... ဖမ်းကြ..."

အစောင့်ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အစောင့် ခြောက်ယောက်၊ ခုနစ်ယောက်သည် သူတို့၏ အစစ်အမှန် ယွမ်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဖုန်းဝူချန်တို့ကို တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

"မင်းတို့အားလုံးက ငါတို့ကို မသင်္ကာဘူးပေါ့လေ... ငါ့အထင်တော့ မင်းတို့က ပြဿနာ ရှာချင်နေကြတာပဲ..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"ရွှစ်... ရွှစ်... ရွှစ်..."

"ဘုန်း... ဘုန်း..."

"အွတ်... အွတ်... အွတ်..."

ဖုန်းဝူချန် လှုပ်ရှားလိုက်သည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အစောင့် ခြောက်ယောက်၊ ခုနစ်ယောက်လုံး သွေးအန်ကာ နောက်သို့ လွင့်စင်သွားကြ၏။ မြေကြီးပေါ်တွင် မလှုပ်မယှက် လဲကျနေပြီး သေမလား ရှင်မလား မသိနိုင်တော့ပေ။

ဖုန်းဝူချန်၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ မည်သူမျှ မြင်လိုက်ခြင်း မရှိပေ။

ယွမ်တန် အဆင့် အစောင့်များကို တခဏချင်း ဖယ်ရှားပစ်လိုက်ပြီး၊ ထျန်းယွမ်ဘုံ အဆင့် အစောင့်ခေါင်းဆောင်ပင်လျှင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ထိုမြင်ကွင်းသည် ကြည့်ရှုသူ အားလုံးကို တုန်လှုပ်သွားစေ၏။

အစောင့်တွေ လွင့်စင်သွားတာထက်၊ ဖုန်းဝူချန် ဘယ်လို တိုက်လိုက်မှန်း မမြင်လိုက်ရတာက ပိုပြီး ကြောက်စရာ ကောင်းနေ၏။

"ဒီကောင်လေး သေချင်နေတာလား... မြို့စားမင်းရဲ့ သားကို ပြစ်မှားမိမှတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူး..."

"သတ္တိကောင်းလှချည်လား... သွေးလမင်းမြို့တော်က အစောင့်တွေကို ရိုက်ရဲတယ်... သူတို့က တကယ်ပဲ ပန်းခူးသူခိုးရဲ့ ကြံရာပါတွေ ဖြစ်လောက်တယ်..."

"ကြံရာပါ ဟုတ်ဟုတ် မဟုတ်ဟုတ်... အစောင့်တွေကို ဒဏ်ရာရအောင် လုပ်မိမှတော့ သေလမ်းပဲ ရှိတော့တယ်... နှမြောစရာ ကောင်းလိုက်တဲ့ အလှလေး..."

မြို့တံခါး အပြင်ဘက်ရှိ လူအများက ခေါင်းခါရင်း သက်ပြင်းချလိုက်ကြ၏။

"ဖမ်းစမ်း... အကုန် ဖမ်းလိုက်ပါ."

မြို့ရိုးပေါ်မှ မြို့သခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာထား အလွန် အရုပ်ဆိုးနေပြီး မျက်လုံးထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။

မြို့တံခါးဝရှိ အစောင့် တစ်ဒါဇင်ကျော်သည် တဟုန်ထိုး ပြေးဝင်လာကြ၏။

"မင်းတို့က သေချင်နေတာပဲ..."

ဖုန်းဝူချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဒီတစ်ခါတော့... ညှာတာမနေတော့ပေ။

"ဘုန်း... ဘုန်း... ဘုန်း..."

"အွတ်... အွတ်... အွတ်..."

အစောင့် တစ်ဒါဇင်ကျော်သည် တပြိုင်နက်တည်း သွေးအန်ကာ အနက်ရောင် မျဉ်းကြောင်းများအလား လွင့်စင်သွားကြပြီး ပွဲချင်းပြီး သေဆုံးသွားကြ၏။

"သူတောင်းစား... မင်း ဘယ်လောက်ကြာကြာ မောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့..."

မြို့သခင်လေး၏ မျက်နှာထား မည်းမှောင်သွား၏။

"ဝီ..."

ကြောက်မက်ဖွယ် စွမ်းအားတစ်ခု မြို့သခင်လေး၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး မြို့တံခါးကြီးပင် တုန်ခါသွား၏။ သူ့အရှိန်အဝါကို ကြည့်ရသည်မှာ ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ဖြစ်ပုံရသည်။ အတော်လေး စွမ်းအားကြီးသည်။

"မြို့သခင်လေးကို ရန်စမိတာ အဆုံးသတ် မကောင်းနိုင်ဘူး..."

"ဒီကောင်လေးက မြို့သခင်လေးရဲ့ အဆင့်အတန်းကို မသိလို့ နေမှာပါ... မဟုတ်ရင် သတ္တိ အဆတစ်ရာ ရှိရင်တောင် ဒီလောက် မောက်မာရဲမှာ မဟုတ်ဘူး..."

"သွေးလမင်းမြို့တော်မှာ မြို့သခင်လေး ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ မသိတဲ့သူမှ မရှိတာ... ဒီကောင်လေးက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ..."

မြို့သခင်လေး၏ စွမ်းအားကို မြင်လိုက်ရသောအခါ ပရိသတ်ကြီးက ဖုန်းဝူချန်အတွက် စိတ်မကောင်း ဖြစ်သွားကြ၏။

"ဘုန်း..."

မြို့သခင်လေးသည် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ကျည်ဆန်တစ်တောင့်အလား ဖုန်းဝူချန်ဆီသို့ ပြေးဝင်လာသည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

"သူတောင်းစား... သွေးလမင်းမြို့တော်မှာ ရမ်းကားရင် ဘယ်လို အကျိုးဆက်မျိုး ရမလဲဆိုတာ မင်းသိလား..."

မြို့သခင်လေးသည် ချက်ချင်း မတိုက်ခိုက်သေးဘဲ သူ့စွမ်းအားကို ထုတ်ပြရင်း ခြိမ်းခြောက်လိုက်သည်။

တဆက်တည်းမှာပင် လင်ရှောင်ရှောင်ကို လှမ်းကြည့်လိုက်သည်။ သူ့စွမ်းအားနှင့် ဆွဲဆောင်မှုကြောင့် လင်ရှောင်ရှောင် စိတ်ဝင်စားသွားမလားဟု မျှော်လင့်နေပုံရသည်။

သို့သော်... သူ ချက်ချင်း စိတ်ပျက်သွားရသည်။

လင်ရှောင်ရှောင်၏ မျက်နှာထားသည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ အေးစက်ခြင်းနှင့် အထင်သေးခြင်းများသာ ရှိနေ၏။

"ငါ တကယ် မသိဘူး... မင်း ပြောပြပါလား..."ဟု ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ဆိုတာ သူ့အတွက် ဘာမှ မဟုတ်ပေ။

"မောက်မာလိုက်တာ..."

မြို့သခင်လေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ဖုန်းဝူချန်ကို ရက်စက်စွာ လက်သီးဖြင့် ထိုးလိုက်၏။

မြို့သခင်လေးသည် သူ့စွမ်းအားကို ယုံကြည်မှု ရှိပြီး၊ သူ့အမြန်နှုန်းနှင့် ဆိုလျှင် ဖုန်းဝူချန် ရှောင်နိုင်မည် မဟုတ်ဟု တွက်ဆထားသည်။

"ဘုန်း..."

"အွတ်..."

သို့သော်... မြို့သခင်လေး ထင်ထားသလို ဖြစ်မလာခဲ့ပေ။

သူ့လက်သီး ဖုန်းဝူချန်ကို မထိမိခင်မှာပင်၊ သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံးနှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ သွေးများ ပန်းထွက်လာပြီး အမြောက်ဆန်ပမာ နောက်သို့ လွင့်စင်သွားရလေ၏။

"အိုး..."

ထိုမြင်ကွင်းကို ကြည့်ရင်း ပရိသတ်ကြီး အောက်မေးရိုးများ ပြုတ်ကျသွားကြ၏။ ဖုန်းဝူချန်အတွက် စိတ်ပူနေကြသူများ အားလုံး အံ့အားသင့်သွားကြ၏။

ရလဒ်က သူတို့ မျှော်လင့်ထားသည်နှင့် တခြားစီ ဖြစ်နေသည် မဟုတ်ပါလော။

လွင့်စင်သွားသူက မြို့သခင်လေး ဖြစ်နေ၏။

ပို၍ အံ့ဩစရာ ကောင်းသည်မှာ... ဖုန်းဝူချန် ဘယ်အချိန်က တိုက်ခိုက်လိုက်မှန်း မည်သူမျှ မမြင်လိုက်ရခြင်းပင်။ အမြန်နှုန်းက ကြောက်စရာ ကောင်းလွန်းသည်။

"မြန်လိုက်တာ... လုံးဝ မမြင်ရဘူး..."

"မြို့... မြို့သခင်လေး ဒဏ်ရာရသွားပြီ..."

"ဒီကောင်လေးရဲ့ စွမ်းအားက တော်တော်ကောင်းတာပဲ... မြို့သခင်လေးအောက် မလျော့ဘူး..."

လူအုပ်ကြီး အုံကြွသွား၏။

ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ရှိသော မြို့သခင်လေးပင်လျှင် ဖုန်းဝူချန်၏ လှုပ်ရှားမှုကို မမြင်နိုင်ခဲ့ပေ။

"မဖြစ်နိုင်ဘူး..."

မြို့သခင်လေးသည် အကြီးအကျယ် တုန်လှုပ်သွားပြီး ဖုန်းဝူချန်ကို ကြောက်လန့်တကြား စိုက်ကြည့်နေမိ၏။

လက်သီးတစ်ချက်တည်းနှင့် သူ့ကို သွေးအန်အောင် လုပ်နိုင်သည် ဆိုသော အချက်ကို သူ လက်မခံနိုင်ပေ။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက မြို့သခင်လေးကို စိုက်ကြည့်နေ၏။ ပြဿနာ လာရှာသော သူများကို ဖုန်းဝူချန် ဘယ်တော့မှ ညှာတာလေ့ မရှိပေ။

"သေချင်ရင် ပြော... ငါ အချိန်မရွေး ဖြည့်ဆည်းပေးလို့ ရတယ်..."

"သူတောင်းစား... ဒီနေ့ မင်း သွေးလမင်းမြို့တော်ကနေ အသက်ရှင်လျက် ပြန်ထွက်သွားရမယ် မထင်နဲ့..." မြို့သခင်လေးက ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရောင်ရမ်းနေပြီး သားရဲ တစ်ကောင်လို ဟိန်းဟောက်လိုက်သည်။

All Chapters