အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အခန်း (၄၈၄) - မင်း ဘယ်လိုသေချင်လဲ
~'မြို့သခင်လေး' ဟု ခေါ်သော ကန်ယွီ သည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်... ဖုန်းဝူချန်၏ စွမ်းအားကို သူ ခန့်မှန်း၍ မရခဲ့ပေ။
လက်သီးတစ်ချက်တည်းနှင့် သူ့ကို သွေးအန်အောင် လုပ်နိုင်ခြင်းက အရာအားလုံးကို သက်သေပြနေ၏။
လင်ရှောင်ရှောင်ကလည်း သူမ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသဖြင့် ထျန်းယွမ်ဘုံ သတ္တမအလွှာလောက်သာ ရှိသည်ဟု လူတိုင်း ထင်နေကြ၏။ ထို့ကြောင့် ကန်ယွီသည် သူမကို အလေးမထားခဲ့ပေ။
ဖုန်းဝူချန်က အေးစက်သော အကြည့်ဖြင့် ကန်ယွီကို စိုက်ကြည့်ရင်း
"ဒီနေ့ ငါ့မှာ အရေးကြီးကိစ္စ ရှိတယ်... မင်း အခု ထွက်သွားမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်..."ဟု သတိပေးလိုက်သည်။
မြေပုံရဖို့ လာခဲ့တာ ဖြစ်ပြီး ပြဿနာ မဖြစ်ချင်ပေ။ အထူးသဖြင့် သွေးလမင်းမြို့တော်က အင်အားကြီးမားသဖြင့် ရန်စမိလျှင် မြေပုံရဖို့ ခက်ခဲသွားမည်ကို စိုးရိမ်သည်။
ထို့ကြောင့် ဖုန်းဝူချန်သည် ကန်ယွီကို သတ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။
"မင်း အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်မယ် ဆိုရင်တော့... မင်းအလောင်းကို အကောင်းပကတိအတိုင်း ထားပေးဖို့ ငါ စဉ်းစားပေးမယ်..."
ကန်ယွီက မောက်မာစွာ ပြန်ပြောလိုက်သည်။ ဖုန်းဝူချန်ကို သတ်ဖို့ သူ ဆုံးဖြတ်ပြီးသား ဖြစ်လေ၏။
သွေးလမင်းမြို့တော်သည် သူ့ပိုင်နက် ဖြစ်လေ၏။ ဖုန်းဝူချန် ဘယ်လောက်ပဲ စွမ်းပါစေ၊ သူ ဂရုမစိုက်ပေ။
အစောင့်များက သတင်းပို့လိုက်ပြီ ဖြစ်ရာ ခဏနေလျှင် မြို့စားမင်းနှင့် ပညာရှင်များ ရောက်လာကြတော့မည်။ ထို့အပြင် မြို့စားမင်းနှင့် ရင်းနှီးသော အင်အားကြီး မိသားစု လေးစုလည်း ရှိနေသေးသည်။
ဒီလောက် အင်အားတောင့်တင်းနေမှတော့ ပြင်ပလူ တစ်ယောက်လောက်ကို ကန်ယွီ ဘာကြောင့် ကြောက်ရမည်နည်း။
"အစ်ကိုဖုန်း... သူ့ကို စကားအများကြီး ပြောနေစရာ မလိုပါဘူး... သူက ရှောင်ရှောင်တို့ကို တမင်သက်သက် ရန်စနေတာပဲ..."
လင်ရှောင်ရှောင်က အေးစက်စွာ ပြောလိုက်သည်။
အခြားသူတွေ အများကြီး ဝင်ထွက်သွားလာနေတာကို မတားဘဲ သူမတို့ နှစ်ယောက်တည်းကိုမှ ကွက်ပြီး တားသည် ဆိုကတည်းက ရည်ရွယ်ချက် ရှိနေမှန်း သိသာလွန်းလှသည်။
"ဝီ..."
ဖုန်းဝူချန်၏ ကိုယ်ထဲမှ အစစ်အမှန် ယွမ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရွှေရောင် အလင်းတန်းများ တောက်ပလာသည်။ ကြီးမားသော စွမ်းအားလှိုင်းတစ်ခု ဖြစ်တည်လာပြီး မြို့တံခါးဝရှိ မြေပြင်များ အက်ကွဲကုန်သည်။
"ကောင်းကင်ဘုံလူသား ပထမအလွှာ..."
ကြည့်ရှုသူများ အားလုံး အံ့ဩတကြီး ရေရွတ်ရင်း နောက်သို့ ဆုတ်ခွာလိုက်ကြ၏။
"တကယ်ကြီး ကောင်းကင်ဘုံလူသား ပထမအလွှာပါလား... ဒါကြောင့် မြို့သခင်လေးကို ဒဏ်ရာရအောင် လုပ်နိုင်တာကိုး..."
"မရိုးရှင်းဘူး... မြို့သခင်လေးထက် အသက်ငယ်ပေမယ့် ဒီလောက် စွမ်းအားကြီးတာ... သေချာပေါက် ပါရမီရှင်ပဲ..."
"သူတို့က သာမန်လူတွေ မဟုတ်လောက်ဘူး... အင်အားကြီး ဂိုဏ်းတစ်ခုခုက ပါရမီရှင် တပည့်တွေ ဖြစ်လောက်တယ်..."
လူအုပ်ကြီး ဆူညံပွက်လောရိုက်သွား၏။ ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မြင်ပြီး အံ့ဩနေကြ၏။
"ကောင်းကင်ဘုံလူသား ပထမအလွှာ... မင်းမှာ အရည်အချင်းတော့ ရှိသားပဲ..."
ကန်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။
ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို သိလိုက်ရသောအခါ ကန်ယွီ စိတ်သက်သာရာ ရသွား၏။
စောစောက ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မမြင်ရဘဲ သွေးအန်သွားရသဖြင့် ဖုန်းဝူချန်က သူ့ထက် အဆင့်မြင့်နေမလားဟု စိုးရိမ်ခဲ့မိ၏။
'ငါ ပေါ့ဆသွားလို့ပါ...'
ဟု ကန်ယွီ စိတ်ထဲတွင် တွေးလိုက်သည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ လုံးဝ သတိမထားမိသေးပေ။
"ဝီ..."
ကန်ယွီသည် သူ၏ စွမ်းအားများကို အကုန်ထုတ်ဖော်လိုက်ပြီး လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွား၏။ ကောင်းကင်ဘုံလူသား ဒုတိယအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သွေးလမင်းမြို့တော် တစ်ခုလုံး တုန်ခါသွားစေ၏။
"ရွှစ်... ရွှစ်... ရွှစ်..."
တိုက်ပွဲစတော့မည့် အချိန်တွင် မြို့တွင်းမှ လူရိပ် တစ်ဒါဇင်ကျော် ပျံသန်းရောက်ရှိလာကြ၏။
သွေးလမင်း မြို့စားမင်း ကန်ဟိုင်ဖုန်း ၊ အကြီးအကဲ (၆) ယောက်နှင့် အခြား ပညာရှင်များ ဖြစ်ကြ၏။
သားဖြစ်သူ ဒဏ်ရာရသည်ဟု ကြားသည်နှင့် ကန်ဟိုင်ဖုန်း ချက်ချင်း ရောက်လာခြင်း ဖြစ်လေ၏။
"မြို့စားမင်း ရောက်လာပြီ..."
ပရိသတ်ကြီး အော်ဟစ်လိုက်ကြ၏။
"ဟွန်း..."
ဖခင်ဖြစ်သူနှင့် ပညာရှင်များ ရောက်လာသည်ကို မြင်သောအခါ ကန်ယွီ၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်လာသည်။ ဖုန်းဝူချန်ကို သူ့လက်ခုပ်ထဲက ရေလို သဘောထားလိုက်ပြီ ဖြစ်လေ၏။
"ကောင်းကင်ဘုံလူသား ပထမအလွှာ... မဆိုးဘူး... ဒီကောင်လေးက ဘယ်သူလဲ..."
ကန်ဟိုင်ဖုန်းက ဖုန်းဝူချန်ကို အကဲခတ်ရင်း မေးလိုက်သည်။
"မျက်နှာစိမ်းပဲ..."
အကြီးအကဲများ ခေါင်းခါလိုက်ကြ၏။ မည်သူမျှ ဖုန်းဝူချန်ကို မမြင်ဖူးကြပေ။
ကန်ဟိုင်ဖုန်းတို့ ရောက်လာသည်ကို ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့လည်း မြင်သည်။ သို့သော် ဖုန်းဝူချန်က ဂရုမစိုက်သလို တစ်ချက်သာ ကြည့်လိုက်သည်။ စိုးရိမ်စိတ် လုံးဝ မရှိပေ။
မကြာမီမှာပင်... ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ၏ အရှိန်အဝါကြောင့် မြို့တွင်းရှိ အခြား ပညာရှင်များ၊ အင်အားကြီး မိသားစု (၄) စုမှ လူများပါ ရောက်ရှိလာကြ၏။
"ကန်ယွီက ပြဿနာ ထပ်ရှာပြန်ပြီ... ဒီကောင်က တစ်ရက်လောက် ငြိမ်ငြိမ်နေရင် သေမလို ဖြစ်နေတာ..."
မိသားစုတစ်ခုမှ လူငယ်တစ်ယောက်က ခေါင်းခါရင်း ပြောလိုက်သည်။
"ဒီကောင်က ပြဿနာကောင်ပဲ... ဟိုအလှလေးကို တွေ့ပြီး စိတ်ယားသွားတာ နေမှာပါ... ဒါပေမဲ့ အဲ့ဒီကောင်မလေးက တကယ် လှတာကိုး... ကန်ယွီ စိတ်လှုပ်ရှားတာ မဆန်းပါဘူး..."
"ဟိုကောင်လေးက ဘယ်သူလဲ မသိဘူး... ငယ်ငယ်လေးနဲ့ ကောင်းကင်ဘုံလူသား ပထမအလွှာ ရောက်နေပြီ... ပါရမီရှင်ပဲ..."
အင်အားကြီး မိသားစု (၄) စုမှ ပညာရှင်များက ဖုန်းဝူချန်ကို စိတ်ဝင်တစား ကြည့်ရှုနေကြ၏။
မြို့စားမင်းက ဝင်မပါဘဲ ကြည့်နေသည်ကို မြင်တော့ ဖုန်းဝူချန် စိတ်ထဲတွင် ခေါင်းခါလိုက်မိ၏။
"သူတောင်းစား... ဒီနေ့ မင်း သွေးလမင်းမြို့တော်ကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရင် ငါ့နာမည်ကို ပြောင်းပြန်ရေးလိုက်မယ်..."
ကန်ယွီက ရန်စသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်သည် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ကန်ယွီကို သေလူတစ်ယောက်အလား စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်လား..."
ဖုန်းဝူချန်၏ တည်ငြိမ်မှုက လူတိုင်းကို အံ့အားသင့်စေ၏။
မြို့စားမင်းနှင့် ပညာရှင်များ ရောက်နေသည့်တိုင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည်မှာ ထူးဆန်းလွန်းလှသည်။
သာမန်လူဆိုလျှင် ဒူးထောက်ပြီး အသနားခံနေလောက်ပြီ။
"ကြွက်စုတ်..."
ဖုန်းဝူချန်၏ အကြည့်ကြောင့် ကန်ယွီ ဒေါသထွက်သွား၏။
"နောင်တရဖို့ နောက်ကျသွားပြီ... မင်း ဘယ်လိုသေချင်လဲ..."
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
ကောင်းကင်ဘုံလူသား ဒုတိယအလွှာလောက်ကို ဖုန်းဝူချန်က စာရင်းထဲတောင် မထည့်ပေ။
"အဲ့ဒီမေးခွန်းက ငါမေးရမှာကွ..."
ဟု ကန်ယွီ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။
"သေစမ်း... မြေကမ္ဘာအဆင့် အထက်တန်းစား သိုင်းပညာ... မိုးကြိုးခွင်း လေလက်သီး..."
ကန်ယွီသည် ဖုန်းဝူချန် အနားရောက်သည်နှင့် အစွမ်းထက် သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
"ဝုန်း..."
လက်သီးချက်မှ ထွက်ပေါ်လာသော စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး လေဟာနယ် တုန်ခါသွား၏။
သို့သော်... ဖုန်းဝူချန်ကတော့ ဘာမှ မမြင်ရသလို တည်ငြိမ်နေဆဲ။
"ဝှစ်..."
"ဘုန်း…”
ကန်ယွီ၏ လက်သီး ဖုန်းဝူချန်နှင့် လက်တစ်ကမ်း အလိုတွင်... ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်ချက် ပြန်ထိုးလိုက်သည်။ စူးရှသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လက်သီးချင်း ထိမိလိုက်သည့် တစ်ခဏ၌ ကန်ယွီ၏ မျက်နှာထား ပြောင်းလဲသွား၏။
သူ၏ ကောင်းကင်ဘုံလူသား ဒုတိယအလွှာ စွမ်းအား အကုန်ထုတ်သုံးထားသည့်အပြင်၊ သိုင်းကွက်ပါ သုံးထားသော်လည်း... ဖုန်းဝူချန်၏ ပေါ့ပေါ့ပါးပါး လက်သီးချက်ကို မယှဉ်နိုင်ခဲ့ပေ။
"ရှီး..."
ကြည့်ရှုသူ အားလုံး လေစုပ်သံ ထွက်သွားကြ၏။
"ဒီလူငယ်လေးက သောက်ရမ်း စွမ်းတာပဲ..."
ကန်ဟိုင်ဖုန်း မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့မျက်နှာထား လေးနက်သွားလေသည်။
အခန်း (၄၈၅) - လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခြင်း
~"မယုံနိုင်စရာပဲ... ဒီကောင်လေးရဲ့ စွမ်းအားက ဒီလောက်ထိ ကောင်းနေတာလား..."
"ကန်ယွီရဲ့ သိုင်းကွက်ကိုတောင် ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်နဲ့ တားလိုက်တယ်တဲ့လား..."
"မရိုးရှင်းဘူး... ဒီကောင်လေးက စွမ်းအားကို တော်တော်နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ... သူ့စွမ်းအားက ကန်ယွီထက် သာလွန်နေတာ သေချာတယ်..."
ဖုန်းဝူချန်၏ ပေါ့ပေါ့ပါးပါး လက်သီးချက်သည် ပညာရှင်များ အားလုံးကို တုန်လှုပ်သွားစေခဲ့၏။
ဖုန်းဝူချန်က ကြောင်အသွားသော ကန်ယွီကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒါ အကုန်ပဲလား... မင်းကိုယ်ပိုင် စွမ်းအားနဲ့ ငါ့ကို သတ်ချင်တာလား... ဒါမှမဟုတ် မင်းအဖေရဲ့ အာဏာကို အားကိုးပြီး သတ်ချင်တာလား..."
"မောက်မာလိုက်တာ..."
ဖုန်းဝူချန်၏ စကားလုံးများထဲမှ အထင်သေးမှုကို ခံစားလိုက်ရသောအခါ ကန်ယွီ ဒေါသထွက်လွန်း၍ ရင်ဘတ်ပေါက်မတတ် ဖြစ်သွားရသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝီ... ဝီ..."
ဒေါသအိုး ပေါက်ကွဲသွားသော ကန်ယွီသည် ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။ သူ၏ လက်သီးချက်များသည် ကောင်းကင်ယံတွင် တရစပ် ပေါက်ကွဲနေသော်လည်း ဖုန်းဝူချန်ကတော့ လက်တစ်ဖက်တည်းဖြင့်ပင် သာသာယာယာ ကာကွယ်နေလေသည်။
ကန်ယွီ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ အားလုံး အရာမထင်ခဲ့ပေ။
ကြည့်ရှုသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ကန်ယွီ၏ ပြင်းထန်သော လက်သီးချက်များသည် ဖုန်းဝူချန်၏ အမွေးတစ်ပင်ကိုပင် မထိခိုက်စေနိုင်ပေ။ ဖုန်းဝူချန်က လက်သီးတစ်ချက်တည်းဖြင့်ပင် ကန်ယွီ၏ တိုက်ခိုက်မှု အားလုံးကို တားဆီးနေသည် မဟုတ်ပါလော။
ခဏတာမျှ မြို့တံခါးဝ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အားလုံး၏ အကြည့်များက ဖုန်းဝူချန်ဆီသို့ စုပြုံရောက်ရှိနေကြ၏။
မြို့စားမင်း ကန်ဟိုင်ဖုန်းပင်လျှင် မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေ၏။
"သူက သိပ်စွမ်းလွန်းတယ်... ဒီလူငယ်လေးရဲ့ စွမ်းအားက အံ့မခန်းပဲ..."
တိတ်ဆိတ်မှု ပျက်ပြယ်သွားပြီးနောက် လူအုပ်ကြီး ဆူညံပွက်လောရိုက်သွား၏။ အားလုံး ဖုန်းဝူချန်၏ စွမ်းအားကို ချီးကျူးနေကြ၏။
"မင်းက အရမ်း အားနည်းလွန်းတယ်..."
ဖုန်းဝူချန်က ခံစားချက်မပါသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကန်ယွီ၏ မျက်နှာထား တောင့်တင်းသွား၏။ ကောင်းကင်ဘုံလူသား ပထမအလွှာက ဒုတိယအလွှာကို အားနည်းတယ်လို့ ပြောလိုက်တာလား။
ကန်ယွီ မယုံကြည်နိုင် ဖြစ်နေ၏။ ဖုန်းဝူချန်က သူ့ကို အားနည်းတယ်လို့ ပြောရဲတယ်ပေါ့။
ကြည့်ရှုသူများလည်း ကြက်သေသေနေကြ၏။
သွေးလမင်းမြို့တော်တွင် ကန်ယွီကို အားနည်းသည်ဟု ပြောရဲသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။ ဖုန်းဝူချန်ကတော့ တကယ့်ကို သတ္တိကောင်းလွန်းလှသည်။
"အစ်ကိုကြီးဖုန်း... သူ့ကို မသတ်လိုက်နဲ့ဦး... မဟုတ်ရင် ငါတို့ လာရတဲ့ကိစ္စ ပျက်စီးသွားလိမ့်မယ်... မြေပုံ အရင်ရအောင် လုပ်ကြရအောင်..."
လင်ရှောင်ရှောင်က အသံလှိုင်းဖြင့် သတိပေးလိုက်သည်။
ဖုန်းဝူချန်က ကန်ဟိုင်ဖုန်းတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"အဲ့ဒါက သူတို့ သဘောထားပေါ် မူတည်တယ်..."
ကန်ယွီက တိုက်ခိုက်ဖို့ ကြိုးစားနေသလို၊ ကန်ဟိုင်ဖုန်းကလည်း တားဆီးမယ့်ပုံ မပေါ်ပေ။ ဖုန်းဝူချန်က ကန်ယွီကို မသတ်ရင်တောင် ကန်ဟိုင်ဖုန်းတို့က အလွယ်တကူ လွှတ်ပေးမယ့်ပုံ မရှိပေ။
"ငါက အားနည်းတယ် ဟုတ်လား... မင်းက ငါ့ကို အားနည်းတယ်လို့ ပြောရဲတယ်ပေါ့..."
ကန်ယွီ၏ ဒေါသများ ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာသည်။ မျက်နှာတစ်ခုလုံး သွေးကြောများ ထောင်ထလာပြီး မျက်လုံးများ နီရဲလာသည်။ ရူးသွပ်နေသော သားရဲတစ်ကောင်အလား။
သွေးလမင်းမြို့တော်၏ မြို့သခင်လေး ဖြစ်သူ ကန်ယွီသည် ထိပ်တန်း ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်လေ၏။ ယခု ဖုန်းဝူချန်၏ အရှက်ခွဲမှုကို ခံလိုက်ရသောအခါ သူ ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။
ဖုန်းဝူချန်သည် ကန်ယွီ၏ သိက္ခာကို ခြေမွပစ်လိုက်ခြင်းဖြင့် သူ့ကို ဒေါသအထွတ်အထိပ် ရောက်အောင် လုပ်လိုက်ခြင်း ဖြစ်လေ၏။
"ဟား..."
ကန်ယွီ ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည့်အခါ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေဟာနယ် တုန်ခါသွား၏။ မုန်တိုင်းထန်သကဲ့သို့ စွမ်းအင်လှိုင်းများ တိုက်ခတ်လာသည်။
သို့သော်... ဒေါသထွက်နေသော ကန်ယွီနှင့် ကြောက်မက်ဖွယ် စွမ်းအားများ ရှေ့တွင် ဖုန်းဝူချန်၏ မျက်နှာထားက တည်ငြိမ်နေဆဲပင်။
"မင်းကို မြေမြှုပ်စရာ နေရာမရှိအောင် လုပ်ပစ်မယ်..."
"ဘုန်း..."
"အွတ်..."
ကန်ယွီ အော်ဟစ်လိုက်သည့် တစ်ခဏ၌ ဖုန်းဝူချန်၏ ပုံရိပ်သည် ရိပ်ခနဲ ပျောက်ကွယ်သွား၏။ အမြန်နှုန်းမှာ ကန်ယွီ လိုက်မမီနိုင်အောင်ပင်။ နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် ကန်ယွီ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားကြောင့် ကန်ယွီ သွေးအန်ကာ မျက်နှာထား ရှုံ့မဲ့လျက် မီတာထောင်ချီ ဝေးသော နေရာသို့ လွင့်စင်သွားရလေသည်။
တိတ်ဆိတ်ခြင်း...
နေရာတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ပညာရှင် တစ်ဦးသည် အစွမ်းကုန် ထုတ်သုံးထားပါလျက်နှင့် ပထမအလွှာ ဖုန်းဝူချန်၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားရသည် မဟုတ်ပါလော။
ဒီလက်သီးချက်က လွှမ်းမိုးနိုင်လွန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒီလက်သီးချက်တည်းနှင့် ကန်ယွီ အကြီးအကျယ် ဒဏ်ရာရသွားခဲ့ချေပြီ။
သံသယဖြစ်စရာ မလိုပေ... ကန်ယွီ ရှုံးနိမ့်သွားလေ၏။
"ယွီအာ..."
ကန်ဟိုင်ဖုန်းက ပထမဆုံး တုံ့ပြန်ကာ ထိတ်လန့်တကြား အော်လိုက်သည်။
"မြို့သခင်လေး..."
အကြီးအကဲများလည်း ထိတ်လန့်သွားကြ၏။ အဆင့်ငါး ဆေးပညာရှင် ဖြစ်သော ပထမအကြီးအကဲက ကန်ယွီရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
ကန်ဟိုင်ဖုန်း၏ အော်သံကြောင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ပြန်လည် နိုးထလာသည်။
"တစ်... တစ်ချက်တည်းနဲ့ ကန်ယွီကို အကြီးအကျယ် ဒဏ်ရာရသွားစေတာလား... ဒီကောင်လေးရဲ့ စွမ်းအားက သိပ်မများလွန်းဘူးလား..."
"မြန်လိုက်တာ... သူ ဘယ်လို တိုက်လိုက်မှန်းတောင် မမြင်လိုက်ရဘူး..."
"ဒီကောင်လေးက ဘယ်သူလဲ... ပထမအလွှာလေးနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေတာလား..."
"မယုံနိုင်စရာပဲ... သိပ်စွမ်းလွန်းတယ်..."
လူအုပ်ကြီး တုန်လှုပ်ချောက်ခြားသွားကြ၏။ အာမေဋိတ်သံများ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ အံ့ဩရပြန်လေ၏။
လင်ရှောင်ရှောင်၏ စကားကို နားထောင်ပြီး ဖုန်းဝူချန်က အသေသတ်လိုက်ခြင်း မဟုတ်ပေ။ မဟုတ်လျှင် ထိုလက်သီးချက်က ကန်ယွီကို သေစေနိုင်လောက်သည်။
ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်သော စွမ်းအားသည် အင်အားကြီး မိသားစု (၄) စုမှ ပညာရှင်များကိုပါ ကြက်သေသေသွားစေ၏။
ဖုန်းဝူချန် စွမ်းအားကြီးလေလေ... လူတိုင်းက ဒီမျက်နှာစိမ်း လူငယ်လေးအကြောင်း ပိုသိချင်လာလေလေ ဖြစ်နေ၏။
"ယွီအာ... ယွီအာ..."
ကန်ဟိုင်ဖုန်းက ရူးသွပ်မတတ် အော်ဟစ်နေ၏။
ကန်ယွီ၏ ဒဏ်ရာက ပြင်းထန်လွန်းလှပြီး သတိလစ်မေ့မြောနေပြီ ဖြစ်လေ၏။
"မြို့စားမင်း... စိတ်မပူပါနဲ့... မြို့သခင်လေး အသက်အန္တရာယ် မရှိပါဘူး... ဒဏ်ရာပြင်းထန်ရုံပါ..."
ပထမအကြီးအကဲက အလျင်အမြန် ပြောလိုက်ပြီး ကန်ယွီကို ကုသဆေး တိုက်ကျွေးလိုက်သည်။
ထိုစကားကြားမှ ကန်ဟိုင်ဖုန်း သက်ပြင်းချနိုင်တော့၏။
သို့သော်... ကန်ယွီ မသေသေးခြင်းက ကန်ဟိုင်ဖုန်းကို စိတ်အေးစေသည် မဟုတ်ဘဲ ပို၍ ဒေါသထွက်စေ၏။ သူ့တစ်ဦးတည်းသော သား၊ သွေးလမင်းမြို့တော်၏ အမွေဆက်ခံသူကို သေလုမျောပါး ဖြစ်အောင် လုပ်ရဲသည်မှာ ခွင့်လွှတ်နိုင်စရာ မဟုတ်ပေ။
ဒဏ်ရာရနေသော ကန်ယွီကို ပြန်သယ်လာပြီး ကုသရန် စီစဉ်လိုက်သည်။ ထို့နောက် ကန်ဟိုင်ဖုန်း၏ ဒေါသမျက်လုံးများက ဖုန်းဝူချန်ဆီသို့ ရောက်ရှိသွား၏။
မြို့စားမင်း၏ ဒေါသအရှိန်အဝါကို လူတိုင်း ခံစားလိုက်ရပြီး ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။
"သူတောင်းစား... မင်း တော်တော် သတ္တိကောင်းနေပါလား..."
ကန်ဟိုင်ဖုန်းက ဟိန်းဟောက်လိုက်စဥ် အေးစက်သော သတ်ဖြတ်လိုစိတ်များက မိုးကြိုးမုန်တိုင်းအလား တိုက်ခတ်လာသည်။
သွေးလမင်း မြို့စားမင်း ဖြစ်သည့်အားလျော်စွာ ကန်ဟိုင်ဖုန်း၏ ကျင့်ကြံဆင့်သည် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ သွေးလမင်းမြို့တော်၏ အစွမ်းအထက်ဆုံး ပညာရှင်ပင်။
ကန်ဟိုင်ဖုန်း၏ ရှေ့တွင် ဖုန်းဝူချန်က အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ အေးစက်စွာ ပြန်ပြောလိုက်သည်။
"လူတွေ အများကြီး ဝင်ထွက်သွားလာနေတာကို မတားဘဲ ကျွန်တော်တို့ကိုမှ ကွက်ပြီး တားတယ်... သက်သေမခိုင်လုံဘဲ ပန်းခူးသူခိုးရဲ့ ကြံရာပါတွေလို့ စွပ်စွဲတယ်... ပြီးတော့ ကျွန်တော့်ကို သတ်မယ်လို့ ခြိမ်းခြောက်တယ်... ခင်ဗျားသားကို ကျွန်တော် မသတ်ခဲ့တာ ခင်ဗျားကို မြို့စားမင်းအနေနဲ့ လေးစားလို့ပါ... မျက်နှာသာ အများကြီး ပေးထားပြီးပြီ... မဟုတ်ရင် သူ့ကို သတ်ရတာ ကျွန်တော့်အတွက် ခက်ခဲမယ် ထင်နေလား..."
"မောက်မာလိုက်တာ..."
ကန်ဟိုင်ဖုန်း မျက်နှာထား မည်းမှောင်သွား၏။
ဖုန်းဝူချန်၏ စကားများကို လူတိုင်း နားလည်ကြ၏။ ဖြစ်ပျက်ခဲ့သမျှကို ခန့်မှန်းမိကြ၏။
ကန်ယွီက လင်ရှောင်ရှောင်ကို သဘောကျပြီး ဖုန်းဝူချန်ကို တမင် ပြဿနာရှာရာမှ သံပန်းကန်ပြားကို ဝင်ကန်မိသလို ဖြစ်သွားခြင်းသာ။
"လူတိုင်း မြို့ထဲဝင်လို့ ရတယ်... ဒါပေမဲ့ မင်းတို့နှစ်ယောက် လုံးဝ ဝင်ခွင့်မရှိဘူး..."
ကန်ဟိုင်ဖုန်းက အော်ဟစ်လိုက်သည်။
ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ ဒီရလဒ်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်လေ၏။
ဖုန်းဝူချန်က ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျွန်တော် သွေးလမင်းမြို့တော်ကို လာတာ မိုမိသားစုကို လာလည်တာပါ... ဒီမှာ မိုမိသားစုက လူ ရှိပါသလား..."
"မိုမိသားစုကို လာလည်တာ..."
လူအုပ်ကြီး အံ့ဩသွားကြ၏။
ထိုစဉ်၊
"ငါတို့ မိုမိသားစုက မင်းကို သိပုံမရဘူး... မြို့သခင်လေးရဲ့ မိတ်ဆွေတွေထဲမှာလည်း မင်း မပါဘူး..."ဟု လူငယ်တစ်ယောက်က ထွက်ပြောလာသည်။
"ကျွန်တော် မိုမိသားစုကို မသိတာ မှန်ပါတယ်... ကျွန်တော် လာတာက မိုမိသားစုကို မြေပုံရေးဆွဲပေးဖို့ အကူအညီတောင်းချင်လို့ပါ..."
ဖုန်းဝူချန်က ထိုလူငယ်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။
မြို့ထဲဝင်လို့ မရမှတော့ ဒီနည်းလမ်းကို သုံးရုံသာ ရှိတော့၏။
"မြေပုံရေးဆွဲပေးဖို့..."
လူငယ်လေး မျက်မှောင်ကြုတ်လိုက်ပြီး ကန်ဟိုင်ဖုန်းကို လှမ်းကြည့်လိုက်သည်။
အခန်း (၄၈၆) - ဘယ်သူမှ မတားနိုင်
~"တောင်းပန်ပါတယ်... မိုမိသားစုက ဘယ်သူ့အတွက်မှ မြေပုံမဆွဲပေးပါဘူး..."
လူငယ်လေးက တွန့်ဆုတ်ခြင်း မရှိဘဲ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
ဖုန်းဝူချန်၏ နောက်ခံကို မသိရသဖြင့် လုံးဝအပြတ် ငြင်းဆိုရန် မဝံ့ရဲသော်လည်း၊ ကန်ဟိုင်ဖုန်းကိုလည်း မပြစ်မှားရဲပေ။
မိုမိသားစုမှ လူငယ်လေးသည် ပါးနပ်သည်ဟု ဆိုရမည်။
ဖုန်းဝူချန်က မြို့စားမင်း ကန်ဟိုင်ဖုန်းနှင့် ပြဿနာတက်နေပြီ ဖြစ်ရာ၊ မိုမိသားစုက မြေပုံဆွဲပေးလိုက်လျှင် မြို့စားမင်းကို ပေါ်တင် စိန်ခေါ်သလို ဖြစ်သွားမည် မဟုတ်ပါလော။
မိုမိသားစုသည် အင်အားကြီး မိသားစုကြီး လေးခုထဲမှ ခေါင်းဆောင် ဖြစ်သော်လည်း သွေးလမင်းမြို့တော်၏ အင်အားနှင့် ယှဉ်လျှင် များစွာ အားနည်းနေသေးသည်။
ကန်ဟိုင်ဖုန်း ဒေါသထွက်နေချိန်တွင် မိုမိသားစု အနေဖြင့် မီးလောင်ရာ လေပင့် လုပ်ရဲမည် မဟုတ်ပေ။
လူငယ်လေး၏ ငြင်းဆိုမှုကြောင့် ဖုန်းဝူချန် စိတ်ပျက်သွားမိ၏။
သွေးလမင်းမြို့တော်သို့ လာခဲ့ခြင်းသည် အလကား ဖြစ်သွားပြီ။
အလကား ဖြစ်ရုံတင်မက မြို့စားမင်းနှင့်ပါ ပြဿနာတက်ခဲ့ရသဖြင့် ဖုန်းဝူချန် ဒေါသထွက်နေမိ၏။
"ဟေ့ကောင်လေး... မြို့သခင်လေးကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီးမှ အသက်ရှင်လျက် ပြန်ထွက်သွားချင်တာလား..."
လေထုထဲမှ ပညာရှင်တစ်ဦး ထွက်ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။
သူသည် သွေးလမင်းမြို့တော်၏ စစ်သူကြီး ဖြစ်ပြီး ကောင်းကင်ဘုံလူသား တတိယအလွှာ အဆင့်ရှိသည့် အစွမ်းထက် ပညာရှင် တစ်ဦးဖြစ်လေ၏။
"ငါ ထွက်သွားချင်ရင်... မင်းတို့ဘယ်သူမှ တားလို့မရဘူး..."
ဖုန်းဝူချန်က မောက်မာစွာ ပြောလိုက်သည်။ သူ၏ အသံထဲတွင် လွှမ်းမိုးနိုင်သော အရှိန်အဝါများ ပါဝင်နေ၏။
ရုတ်တရက်... နဂါးမျိုးနွယ် မီးတောက်ကို လှုံ့ဆော်လိုက်ပြီး ဖုန်းဝူချန်၏ အေးစက်သော အကြည့်များသည် ပထမအကြီးအကဲဆီသို့ ရောက်ရှိသွား၏။
ဖုန်းဝူချန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်သည်။
"အား..."
ပထမအကြီးအကဲ၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွား၏။ သတိပေးချက် မရှိဘဲ မီးအဆိပ်များ ရုတ်တရက် ထကြွလာသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ မီးခိုးမည်းများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် ပြင်းထန်သော မီးတောက်များက သူ့ကို ဝါးမြိုသွားလေသည်။
ပထမအကြီးအကဲ၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"ပထမအကြီးအကဲ..."
ကန်ဟိုင်ဖုန်းနှင့် အခြားသူများ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြ၏။
ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းကြောင့် မည်သူမျှ ပထမအကြီးအကဲ အနားသို့ မကပ်ရဲကြပေ။
"အစစ်အမှန် မီး... မင်းက ဆေးပညာရှင်ပဲ..."
ဖုန်းဝူချန်၏ လက်ဖဝါးပေါ်ရှိ စိမ်းပြာရောင် မီးတောက်ကို မြင်လိုက်ရသောအခါ ကန်ဟိုင်ဖုန်း၏ မျက်နှာထား ပြောင်းလဲသွား၏။
"ဆေးပညာရှင်..."
လူအုပ်ကြီး အံ့ဩသွားကြ၏။
ဒီလောက် ငယ်ရွယ်ပြီး ကောင်းကင်ဘုံလူသား အဆင့် ရောက်နေတဲ့အပြင် ဆေးပညာရှင်ပါ ဖြစ်နေတယ်တဲ့လား။
"သူက ပထမအကြီးအကဲရဲ့ မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်..."
အကြီးအကဲ တစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"မီးအဆိပ်ကို ထိန်းချုပ်တယ် ဟုတ်လား..."
ထိုစကားကို ကြားသောအခါ လူတိုင်း ကြက်သေသေသွားကြ၏။
ဒါ ဘယ်လို နတ်ဘုရား စွမ်းရည်မျိုးလဲ။ မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်တဲ့လား။ ဒီလူငယ်လေးရဲ့ နောက်ခံက ဘာလဲ။
မေးခွန်းပေါင်းများစွာ လူတိုင်း၏ ခေါင်းထဲတွင် ပြည့်နှက်သွား၏။
"မြန်မြန်သတ်... သူ့ကို သတ်ပစ်... ပထမအကြီးအကဲကို ဆက်ပြီး ဒုက္ခမပေးစေနဲ့..."
တတိယအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ပထမအကြီးအကဲသည် သွေးလမင်းမြို့တော်၏ တစ်ဦးတည်းသော ပဉ္စမ အဆင့် ဆေးပညာရှင် ဖြစ်လေ၏။ သူသာ မီးအဆိပ်ကြောင့် သေဆုံးသွားလျှင် ဆုံးရှုံးမှု ကြီးမားလှပေမည်။
ပထမအကြီးအကဲ မရှိလျှင် အင်အားကြီး မိသားစု (၄) စုကို ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ဘဲ သွေးလမင်းမြို့တော် ပြိုကွဲသွားနိုင်သည်။
"သေလိုက်တော့..."
စစ်သူကြီးက ကြိမ်းမောင်းလိုက်ပြီး သူ့စွမ်းအားများကို အကုန်ထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
‘မင်း ငါ့ကို သတ်နိုင်မလား မသေချာပေမယ့်... ငါကတော့ မင်းထက် အရင်ဦးအောင် သူ့ကို သတ်ပြနိုင်တယ်…’
ဖုန်းဝူချန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး စိတ်အာရုံကို စုစည်းကာ ပထမ အကြီးအကဲ၏ ကိုယ်ထဲမှ မီးအဆိပ်များကို ရူးသွပ်စွာ ဆွဲထုတ်လိုက်သည်။
"အား..."
ပထမအကြီးအကဲ၏ အော်ဟစ်သံက ပိုမို ကျယ်လောင်လာပြီး ကြားရသူတိုင်းကို ကြက်သီးထသွားစေ၏။
သွေးလမင်းမြို့တော် အကြီးအကဲများ ပိုမို ထိတ်လန့်လာကြ၏။ သူတို့အားလုံး ဝိုင်းဝန်းပြီး မီးအဆိပ်ကို ဖိနှိပ်လျှင်တောင် သူတို့၏ အစစ်အမှန် ယွမ်စွမ်းအားများ ကုန်ခမ်းသွားနိုင်သည်။
"ရပ်လိုက်ပါ..."ဟု ကန်ဟိုင်ဖုန်းက အော်ဟစ်တားဆီးလိုက်၏။ စစ်သူကြီးလည်း ဆက်မတိုက်ရဲတော့ပေ။
မည်သူမျှ မလှုပ်ရှားရဲကြ။ ပထမအကြီးအကဲ၏ အသက်သည် ဖုန်းဝူချန်၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလော။
ထိုစဉ်၊ ဖုန်းဝူချန်က မိုမိသားစုမှ လူငယ်ဘက်သို့ လှည့်လိုက်ပြီး ထပ်မံ ပြောဆိုလိုက်သည်။
"မိုမိသားစု အနေနဲ့ ပြန်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်... ကျွန်တော် အသေးစိတ်ကျတဲ့ မြေပုံတစ်ခု တကယ် လိုအပ်နေလို့ပါ... မိုမိသားစုက ပြည်မကြီးရဲ့ ရတနာတွေကို ရှာဖွေရာမှာ ကျွမ်းကျင်ပြီး မြေအနေအထားကို ကောင်းကောင်း သိတယ်လို့ ကြားဖူးပါတယ်... ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်..."
"တောင်းပန်ပါတယ်... မိုမိသားစုက ဘယ်သူ့အတွက်မှ မြေပုံမဆွဲပေးပါဘူး..."
ဟု လူငယ်လေးက ယဉ်ကျေးစွာပင် ထပ်မံ ငြင်းပယ်လိုက်သည်။
ဖုန်းဝူချန်က မြို့စားမင်းနှင့် ရန်ဖြစ်ထားပြီးပြီ ဖြစ်ရာ မိုမိသားစုက ကူညီလိုက်လျှင် ကန်ဟိုင်ဖုန်းက မိုမိသားစုကို မျိုးဖြုတ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။
"ခင်ဗျားက မိုမိသားစု ကိုယ်စား ဆုံးဖြတ်လို့ ရလား..."
ဖုန်းဝူချန် မေးလိုက်သည်။
ထိုအခါ၊ နောက်ထပ် လူငယ် တစ်ယောက်က ဝင်ပြောလိုက်သည်။
"သူ မဆုံးဖြတ်နိုင်ပေမယ့်... ငါ ဆုံးဖြတ်လို့ ရတယ်... ငါက မိုမိသားစု သခင်လေး မိုဝူရှဲ့ပဲ..."
မိုဝူရှဲ့... မိုမိသားစု သခင်လေး... သွေးလမင်းမြို့တော်၏ ပါရမီရှင်များထဲမှ တစ်ဦး... ကောင်းကင်ဘုံလူသား တတိယအလွှာ အဆင့်ရှိသူ။
"မိုမိသားစု ကူညီလာအောင် ဘယ်လို လုပ်ပေးရမလဲ..."
ဖုန်းဝူချန် မျှော်လင့်ချက် မကုန်သေးဘဲ ထပ်မေးလိုက်သည်။
မိုဝူရှဲ့က စဉ်းစားခြင်း မရှိဘဲ
"ရှင်းရှင်းပဲ ပြောမယ်... မိုမိသားစုက ခင်ဗျားကို လုံးဝ ကူညီမှာ မဟုတ်ဘူး... လက်လျှော့လိုက်ပါတော့..."ဟု ပြတ်သားစွာ ငြင်းလိုက်၏။
မိုဝူရှဲ့၏ ငြင်းဆိုမှုကြောင့် ဖုန်းဝူချန် စိတ်ပျက်သွားရပြန်သည်။
"အစ်ကိုကြီးဖုန်း... သွားကြရအောင်... မိုမိသားစု အကူအညီ မပါဘဲနဲ့လည်း ရပါတယ်..."
လင်ရှောင်ရှောင်က ဖုန်းဝူချန် အနားသို့ ပျံသန်းလာပြီး ပြောလိုက်ခြင်းပါ။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ မီးတောက်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး လင်ရှောင်ရှောင်နှင့်အတူ ထွက်ခွာသွားလေ၏။
မည်သူမျှ သူတို့ကို မတားရဲကြပေ။
"ဟူး... ကံဆိုးလိုက်တာကွာ... ဒီလို အသုံးမကျတဲ့ မြို့စားမင်း သားနဲ့ လာတွေ့ရတယ်လို့..."
ဖုန်းဝူချန် စိတ်ပျက်လက်ပျက် ညည်းညူလိုက်မိ၏။
"သွေးလမင်း မြို့တော် တစ်ခုလုံးက မြို့စားမင်းရဲ့ ဩဇာအောက်မှာ ရှိနေတာ... မိုမိသားစုက မြို့စားမင်းကို မလွန်ဆန်ရဲတာ သဘာဝပါပဲ... အစ်ကိုကြီးဖုန်း... တခြားနေရာတွေမှာ သွားစုံစမ်းကြည့်ရအောင်..."
လင်ရှောင်ရှောင်က နှစ်သိမ့်ပေးသည်။
"အဲ့လိုပဲ လုပ်ရတော့မှာပေါ့..."
—------------
ဖုန်းဝူချန်တို့ ထွက်သွားပြီးနောက်... ကန်ဟိုင်ဖုန်းနှင့် အခြားသူများ ဝိုင်းဝန်းပြီး ပထမ အကြီးအကဲ၏ မီးအဆိပ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ကြရသည်။
ပထမအကြီးအကဲ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အားကုန်ခမ်းကာ သနားစဖွယ် ဖြစ်နေရှာ၏။
မီးအဆိပ် စဖြစ်ကတည်းက ဒီတစ်ခါ အဆိုးရွားဆုံး ဖြစ်ခဲ့၏။
‘အဲ့ဒီ သူတောင်းစားက ငါ့ကိုယ်ထဲက မီးအဆိပ်ကိုတောင် ထိန်းချုပ်နိုင်တယ်…’
ပထမအကြီးအကဲ တွေးလေ ကြောက်လေ ဖြစ်နေ၏။
"မြန်မြန်... အဲ့ဒီကောင်လေးရဲ့ နောက်ခံကို စုံစမ်းခိုင်းလိုက်..."
ကန်ဟိုင်ဖုန်း ရှူးရှူးရှားရှားနှင့် အမိန့်ပေးလိုက်သည်။ လူအများရှေ့တွင် ကောင်လေး တစ်ယောက်ကို မနိုင်လိုက်သည့် အဖြစ်က သူ့ကို အရှက်ရစေ၏။
"သခင်လေး... အဲ့ဒီကောင်လေးက မြေပုံကို ဘာလုပ်ဖို့ လိုချင်တာလဲ... သူလည်း ရတနာ ရှာမလို့များလား..."ဟု မိုမိသားစုမှ လူတစ်ယောက်က မေးလိုက်သည်။
မိုဝူရှဲ့ ပခုံးတွန့်လိုက်ပြီး...
"ပြည်မကြီးရဲ့ ရတနာတွေကို မိုမိသားစုနဲ့ ယှဉ်ပြီး ဘယ်သူမှ မရှာနိုင်ဘူး... မြေပုံလိုချင်တယ် ဟုတ်လား... အိပ်မက်သာ မက်နေလိုက်ပါ."
ခဏနားပြီးနောက် မိုဝူရှဲ့က လှောင်ပြောင်သလို ပြုံးလိုက်ကာ၊
"ဒီကောင်လေးက အရည်အချင်းတော့ ရှိသားပဲ... ဆေးပညာရှင်လည်း ဖြစ်နေတယ်... နှမြောစရာ ကောင်းတာက သူ ဟိုအဘိုးကြီးကို မသတ်လိုက်တာပဲ... မဟုတ်ရင် မကြာခင် ငါတို့ မိုမိသားစုက သူတို့ကို ရှင်းထုတ်နိုင်တော့မှာ..."
"ဟား... ဟား... ဟား..."
ထိုအချိန်တွင်... သွေးလမင်းမြို့တော် ကောင်းကင်ယံထက်မှ ကျယ်လောင်ပြီး လွတ်လပ်ပေါ့ပါးသော ရယ်မောသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရယ်သံကြီးက မြို့တစ်မြို့လုံး ပဲ့တင်ထပ်သွား၏။
"ပန်းခူးသူခိုး..."
ထိုရယ်သံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် တစ်မြို့လုံးရှိ လူများ၏ မျက်နှာထားများ ပြောင်းလဲကုန်ကြ၏။
"ကန်ဟိုင်ဖုန်း... မင်းလည်း အရေးနိမ့်တဲ့နေ့ ရှိသေးတာကိုး... သနားစရာ ကောင်းလိုက်တဲ့ အဖြစ်..."
ရယ်သံကြီး ထပ်မံ ထွက်ပေါ်လာပြီး၊ ကောင်းကင်ယံတွင် လူရိပ်တစ်ခု ရိပ်ခနဲ ပေါ်လာသည်။
"ကျန်းရှီလျန် ..."
ကန်ဟိုင်ဖုန်း၏ မျက်နှာထား ကြောက်မက်ဖွယ် ကောင်းလာသည်။ ဒေါသများ ငယ်ထိပ်ရောက်နေပြီ ဖြစ်လေ၏။
ထိုစဉ်၊ ကျန်းရှီလျန်က ညစ်ညမ်းစွာ ပြုံးရင်း ပြောလိုက်သည်။
"ကန်ဟိုင်ဖုန်း... မင်းမိန်းမက တော်တော် မိုက်တယ်ကွ... အော်သံလေးတွေက ဆွဲဆောင်မှု ရှိလိုက်တာ... သူက တော်တော် ပူးပေါင်းဆောင်ရွက်တယ်... ကျေနပ်သွားပုံပဲ... ငါနဲ့ နောက်တစ်ချီလောက် ထပ်ဆွဲချင်ဦးမလား မသိဘူး..."
"ပါးစပ်ပိတ်ထားစမ်း..."
ကန်ဟိုင်ဖုန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက်သွား၏။
"ကန်ဟိုင်ဖုန်း... မင်းက ငါ့မိန်းမနဲ့ ကလေးကို သတ်ခဲ့တယ်... မင်းသားက မိန်းကလေးပေါင်းများစွာကို စော်ကားခဲ့တာကျတော့ မင်း လွှတ်ထားပြီး... ငါ့ကျတော့ ပန်းခူးသူခိုး ဆိုပြီး နာမည်ဖျက်တယ်... မိသားစုကြီး (၄)စုကို လွှတ်ပြီး ငါ့ကို လိုက်ဖမ်းခိုင်းတယ်... ဒီနေ့... မင်း ပေးဆပ်ရမယ့် အလှည့်ရောက်ပြီ..."
ကျန်းရှီလျန်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာလေတော့သတည်း။