အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း (၄၈၇) - အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်
~"သတ်... သူ့ကို သတ်ကြစမ်း..."
ကန်ဟိုင်ဖုန်း၏ ဒေါသသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပွင့်အန်ထွက်လာသည်။ သူ့ဇနီးသည် သူများလက်ထဲတွင် စော်ကားခံလိုက်ရသည် ဟူသော အတွေးက သူ့ကို ရူးသွပ်သွားစေ၏။
"ငါ့ကို သတ်ချင်တာလား... မင်းတို့ အဆင့်လောက်နဲ့..."
ကျန်းရှီလျန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ကျန်းရှီလျန်သည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ ဖြစ်သည့်အတွက် အားနည်းသူ မဟုတ်သော်လည်း၊ သွေးလမင်းမြို့တော်၏ ပညာရှင် အားလုံးနှင့် ယှဉ်ပြိုင်လျှင် တစ်ကိုယ်ရေတည်းဖြင့် မနိုင်နိုင်ပေ။
အထူးသဖြင့် ဆဋ္ဌမအလွှာ ရောက်နေသော ကန်ဟိုင်ဖုန်း ရှိနေသည့် နေရာမျိုးတွင် ပို၍ ခက်ခဲသည်။
"သတ်..."
သွေးလမင်းမြို့တော်မှ အကြီးအကဲများနှင့် ပညာရှင် ဒါဇင်ပေါင်းများစွာ ကောင်းကင်သို့ ပျံတက်သွားကြ၏။ သတ်ဖြတ်လိုစိတ် အရှိန်အဝါများက ကောင်းကင်ကို ဖုံးလွှမ်းသွား၏။
"သခင်လေး... ကျွန်တော်တို့ ဝင်ပါရမလား..."
မိုမိသားစုမှ ပညာရှင်တစ်ဦးက မေးလိုက်သည်။
မိုဝူရှဲ့က ကန်ဟိုင်ဖုန်းကို အေးစက်စွာ ကြည့်လိုက်သည်။ ကျန်းရှီလျန်၏ စကားများသည် သူ့ကို အတွေးများစေခဲ့၏။
"မလိုဘူး..."
မိုဝူရှဲ့က ပြတ်သားစွာ ခေါင်းခါလိုက်သည်။
သို့သော် ကျန် အင်အားကြီး မိသားစု သုံးစုကတော့ တွန့်ဆုတ်ခြင်း မရှိဘဲ ဝင်ရောက်တိုက်ခိုက်ကြ၏။ သူတို့၏ မျက်နှာများ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို ကြည့်လျှင် သူတို့မိသားစုမှ အမျိုးသမီးများလည်း စော်ကားခံခဲ့ရပုံ ပေါ်သည်။
"ဝီ..."
ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေဟာနယ် တုန်ခါသွား၏။ အောက်ဘက်မှ ကြည့်ရှုသူများ မျက်နှာဖြူဖျော့ကာ ထိတ်လန့်နေကြ၏။
"ဟွန်း... 'အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်' ရဲ့ အရသာကို မြည်းစမ်းကြည့်ကြစမ်း..."
ကျန်းရှီလျန်က ထိုသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်း တစ်ဒါဇင်ကျော် ထွက်ပေါ်လာသည်။ ပုလင်းထဲတွင် အစိမ်းရောင် အမှုန့်များ ပြည့်နေ၏။
ကျန်းရှီလျန်က နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းများ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွား၏။
"ဘုန်း..."
ကျန်းရှီလျန်က လက်ကို ဆုပ်လိုက်သည်နှင့် ကျောက်စိမ်းပုလင်း တစ်လုံး ပေါက်ကွဲသွားပြီး အစိမ်းရောင် အမှုန့်များ နေရာအနှံ့ ပျံ့လွင့်သွား၏။ ကောင်းကင်သို့ ပျံတက်လာသော ပညာရှင်များသည် ရှောင်တိမ်းချိန် မရလိုက်ဘဲ အဆိပ်မှုန့်များနှင့် ထိတွေ့မိကုန်ကြ၏။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်..."
ကန်ဟိုင်ဖုန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။ သို့သော် နောက်ကျသွားချေပြီ။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်တဲ့လား..."
ပညာရှင်များ အားလုံး ထိတ်လန့်တကြား အော်ဟစ်ကာ ကိုယ်ပေါ်မှ အဆိပ်မှုန့်များကို အသည်းအသန် ခါချနေကြ၏။
"ဘုန်း... ဘုန်း... ဘုန်း..."
ကျန်းရှီလျန်သည် ကျန်ရှိနေသော ပုလင်းများကို ဆက်တိုက် ဖောက်ခွဲပစ်လိုက်ရာ မြို့တံခါးဝ တစ်ခုလုံး အစိမ်းရောင် အဆိပ်မှုန့်များ ဖုံးလွှမ်းသွားတော့၏။
"ပြေး... ပြေးကြ... အဆိပ်မှုန့်တွေ..."
ကန်ဟိုင်ဖုန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မိုဝူရှဲ့လည်း မျက်နှာပျက်သွားပြီး...
"ဝေးဝေးရှောင်ကြ... အသက်အောင့်ထား..."
ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီး ကစဥ့်ကလျား ဖြစ်ကုန်ကြ၏။ အားလုံး အသက်လု ထွက်ပြေးကြ၏။
သို့သော်... အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။ အစိမ်းရောင် အမှုန့်များသည် မိုးရွာသကဲ့သို့ ကျဆင်းလာပြီး လူအများအပြားကို လွှမ်းခြုံသွားလေသည်။
"ပြီးတော့ မိသားစုကြီး (၄)စု... မင်းတို့ပါ ငါနဲ့အတူ လိုက်သေကြစမ်း... ခွဲဖြာစေ..."
ကျန်းရှီလျန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ်ပွား သုံးခု ဖန်တီးလိုက်သည်။ ထို့နောက် မူရင်းခန္ဓာကိုယ်နှင့် ကိုယ်ပွားများသည် မိသားစုကြီး (၄) စု ရှိရာသို့ အသီးသီး ပျံသန်းသွားကြ၏။
"မကောင်းတော့ဘူး... မြန်မြန် ပြန်ကြ... အဝတ်တွေ ချွတ်ပစ်..."
မိုဝူရှဲ့ မျက်နှာ ဖြူဖျော့သွား၏။ သူသည် ကောင်းကင်ဘုံလူသား တတိယအလွှာ ဖြစ်ပြီး အမြန်နှုန်း ကောင်းမွန်သော်လည်း အဆိပ်မှုန့်များကို လုံးဝ ရှောင်ရှားနိုင်ခြင်း မရှိပေ။ အစိမ်းရောင် အမှုန့်တချို့ သူ့ကိုယ်ပေါ်သို့ ကျရောက်နေပြီ ဖြစ်လေ၏။
မိုဝူရှဲ့သည် အဝတ်အစားများကို ချွတ်ပစ်ရင်း မိသားစုဆီသို့ အမြန်ဆုံး ပြန်ပြေးသွား၏။
ကျန်လူများလည်း အဆိပ်သင့်မည် စိုးသဖြင့် အဝတ်အစားများကို ကမန်းကတန်း ချွတ်ပစ်ကြ၏။
သို့သော် အဆိပ်မှုန့် ပမာဏက များပြားလွန်းလှသဖြင့် အဝတ်ချွတ်လိုက်လျှင်တောင် လွတ်မြောက်နိုင်ရန် ခဲယဉ်းလှသည်။
"ကျန်းရှီလျန်ကို အောင်မြင်ခွင့် မပေးနဲ့... မြန်မြန် ပြန်ကြမယ်..."
အခြား မိသားစု (၃) စုမှ ပညာရှင်များလည်း ထိတ်လန့်တကြားဖြင့် မိမိတို့ မိသားစုများဆီသို့ အပြေးအလွှား ပြန်သွားကြ၏။
မြို့စားမင်းနှင့် မိသားစုကြီး (၄) စုတို့သည် 'အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်' ၏ အသည်းထိတ်စရာ အန္တရာယ်ကို ကောင်းကောင်း သိထားကြ၏။ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ ရှိသော ကန်ဟိုင်ဖုန်းတောင် ကြောက်ရွံ့နေမှတော့ ကျန်လူများ ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
—---------
"မိုကျန့်နန်... ထွက်ခဲ့စမ်း... မင်း သေနေ့ ရောက်ပြီ..."
မိုမိသားစု အိမ်တော်အထက်တွင် ကျန်းရှီလျန်က ဟိန်းဟောက်လိုက်ပြီး ကျောက်စိမ်းပုလင်း အများအပြားကို ပစ်ချလိုက်သည်။
"ကျန်းရှီလျန်..."
အော်သံကို ကြားလိုက်ရသောအခါ မိသားစုခေါင်းဆောင် မိုကျန့်နန်နှင့် အကြီးအကဲများ၏ မျက်နှာထား ပြောင်းလဲသွား၏။ သူတို့ ချက်ချင်း ထွက်လာကြသလို၊ မိသားစုဝင်များလည်း ပြေးထွက်လာကြ၏။
"ပန်းခူးသူခိုး..."
မိုမိသားစုဝင်များ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
"ဘုန်း... ဘုန်း..."
မိုကျန့်နန်တို့ ထွက်လာသည်နှင့် တပြိုင်နက် ကျောက်စိမ်းပုလင်းများ ပေါက်ကွဲသွားပြီး အစိမ်းရောင် အဆိပ်မှုန့်များ နေရာအနှံ့ ပျံ့လွင့်သွား၏။
"ဒါက..."
အစိမ်းရောင် အမှုန့်များကို မြင်လိုက်ရသောအခါ မိုကျန့်နန်၏ မျက်နှာထား ပျက်ယွင်းသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်... သတိထားကြ... ဒါ အဆိပ်ပြင်းတယ်... လူစုခွဲပြီး ရှောင်ကြ..."
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်..."
အကြီးအကဲများ ကြောက်လန့်တကြား ဖြစ်သွားပြီး ခန်းမဆောင်ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြ၏။
မိုကျန့်နန်နှင့် အကြီးအကဲများ ရှောင်နိုင်လိုက်သော်လည်း မိသားစုဝင် အများစုမှာ ကံမကောင်းရှာပေ။ အဆိပ်မှုန့်များ သူတို့အပေါ် ကျရောက်သွား၏။
"မင်းတို့လည်း မလွတ်စေရဘူး..."
ကျန်းရှီလျန်က လက်ဝှေ့ယမ်းလိုက်ရာ လေပြင်းမုန်တိုင်း တစ်ခု တိုက်ခတ်လာပြီး အဆိပ်မှုန့်များကို ခန်းမဆောင်ထဲသို့ တွန်းပို့လိုက်သည်။
မိုကျန့်နန်သည် သူ၏ အစစ်အမှန် ယွမ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး စွမ်းအင် အတားအဆီး တစ်ခု ဖန်တီးကာ အဆိပ်မှုန့်များကို တားဆီးလိုက်သည်။
"ဟွန်း... ကွဲစမ်း..."
ကျန်းရှီလျန်က အားကုန်သုံးပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
"ဘုန်း..."
"ဝူး... ဝူး.."
ကြောက်မက်ဖွယ် လက်ဝါးရာကြီးသည် စွမ်းအင် အတားအဆီးကို ရိုက်ခတ်သွားပြီး ပေါက်ကွဲသွားစေ၏။ စွမ်းအင်လှိုင်းများက မိုမိသားစု အိမ်တော်များကို မျက်စိရှေ့မှာတင် ဖျက်ဆီးပစ်လိုက်သည်။
"မကောင်းတော့ဘူး..."
မိုကျန့်နန် အော်ဟစ်လိုက်သည်။
"အစစ်အမှန် ယွမ် အကာအကွယ်..."
အကြီးအကဲများ အားလုံး အကာအကွယ်များ ဖန်တီးပြီး အဆိပ်မှုန့်များကို ကာကွယ်လိုက်ကြရသည်။
"ကျန်းရှီလျန်..."
ထိုအချိန်တွင် မိုဝူရှဲ့၏ အော်သံ ထွက်ပေါ်လာသည်။
ကျန်းရှီလျန် မျက်မှောင်ကြုတ်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းတို့ ကံကောင်းသွားတယ် မှတ်ပါ..."
ပြောပြီးသည်နှင့် ကျန်းရှီလျန် ပျောက်ကွယ်သွားလေသည်။
မိုကျန့်နန်တို့ အဆိပ်မှ လွတ်မြောက်သွားသလို၊ မိုဝူရှဲ့လည်း အချိန်မီ ရောက်လာသဖြင့် ကျန်းရှီလျန် အခွင့်အရေး ဆုံးရှုံးသွားခြင်း ဖြစ်လေ၏။ မထွက်ပြေးလျှင် သူ သေသွားနိုင်သည်။
"တောက်... လိုက်ဖမ်းစမ်း..."
မိုဝူရှဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မလိုက်နဲ့..."ဟု မိုကျန့်နန်က အလျင်အမြန် တားလိုက်သည်။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်က သာမန် အဆိပ် မဟုတ်ဘူး... လူတွေကို အရင်ကယ်ကြ..."
"ကျန်းရှီလျန်ဆီမှာ အဆိပ်မှုန့်တွေ ကျန်နေသေးနိုင်တယ်... သူ့ထောင်ချောက်ထဲ မဝင်စေနဲ့..."
အကြီးအကဲ တစ်ယောက်က သတိပေးလိုက်၏။
တစ်ချိန်တည်းမှာပင် အခြား မိသားစု (၃) စုလည်း ကျန်းရှီလျန်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး မိသားစုဝင် အများအပြားနှင့် အကြီးအကဲတချို့ အဆိပ်သင့်ကုန်ကြ၏။
သွေးလမင်းမြို့တော် တစ်ခုလုံး ကစဥ့်ကလျား ဖြစ်သွား၏။ လူတိုင်း အဆိပ်ဖြေရန် အိမ်ပြန်ပြေးနေကြ၏။
မြို့စားမင်း အိမ်တော်နှင့် မိသားစုကြီး (၄) စုတို့သည် အဆိပ်ဖြေရန် နည်းလမ်းပေါင်းစုံ ကြိုးစားနေကြ၏။
သို့သော်... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်၏ အစွမ်းသည် အလွန် ပြင်းထန်လှသည်။ ဖြေဆေး မရှိဘဲနှင့် ကန်ဟိုင်ဖုန်းပင်လျှင် အဆိပ်ကို ဖယ်ရှားရန် ခက်ခဲလှပေ၏။
ကံကောင်းသည်မှာ... ဤအဆိပ်၏ ပျံ့နှံ့မှု နှုန်းသည် နှေးကွေးခြင်းပင်။ ၇ ရက် အတွင်း ဖြေဆေး ရှာတွေ့ပါက အသက်ရှင်နိုင်သေးသည်။ (၇) ရက် ကျော်သွားလျှင်တော့ ဆေးနတ်ဘုရား ဆင်းကယ်ရင်တောင် မရနိုင်တော့ပေ။
"မိသားစုခေါင်းဆောင်... ယားလိုက်တာဗျာ... ကယ်ပါဦး..."
"မခံနိုင်တော့ဘူး... ကျွန်တော့်ကို သတ်ပေးပါတော့..."
မိုမိသားစုဝင်များ၏ ခန္ဓာကိုယ်တွင် အနီရောင် အကွက်ကြီးများ ပေါ်လာပြီး ယားယံမှု ဝေဒနာကို ခံစားနေရသည်။ သွေးထွက်သံယို ဖြစ်အောင် ကုတ်ဖဲ့နေကြရှာသည်။
"အဖေ... ဒါ ဘာအဆိပ်လဲဟင်..."
မိုဝူရှဲ့က စိုးရိမ်တကြီး မေးလိုက်သည်။ သူ အဝတ်အစား ချွတ်ခဲ့သော်လည်း လည်ပင်းနှင့် လက်မောင်းတို့တွင် အဆိပ်သင့်နေပြီ ဖြစ်လေ၏။
မိုကျန့်နန်က ပူပန်စွာ ဖြေလိုက်သည်။
"ဒါ အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ပဲ... အဆိပ် အရမ်းပြင်းတယ်... (၇) ရက် အတွင်း ဖြေဆေး မရရင် ခန္ဓာကိုယ် ပုပ်ပွပြီး သေသွားလိမ့်မယ်... ထျန်းကျီဘုံ အဆင့် ပညာရှင်တွေမှသာ ဒီအဆိပ်ကို ထုတ်ပေးနိုင်တာ..."
"ဟင်... ၇ ရက်ပဲ ရမယ်… ဟုတ်လား..."
မိုဝူရှဲ့ ချွေးစေးများ ပြန်လာသည်။
"ထျန်းကျီဘုံ ပညာရှင်တွေမှ ရမှာလား..."
မိုကျန့်နန်၏ စကားကို ကြားသောအခါ အားလုံး မျှော်လင့်ချက်မဲ့သွားကြ၏။
ဖြေဆေး မရှိလျှင် သေလမ်းသာ ရှိတော့မည် မဟုတ်ပါလော။
အခန်း (၄၈၈) - ကူကယ်ရာမဲ့ခြင်း
~"မြန်မြန်... အဆိပ်သင့်တဲ့သူတွေကို ခွဲထားကြ... ဒီအဆိပ်က ကူးစက်တတ်တယ်..."
"မကုတ်နဲ့... ကုတ်လေ ပိုဆိုးလေပဲ... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်က ပိုမြန်မြန် ပျံ့နှံ့သွားလိမ့်မယ်..."
"အစစ်အမှန် ယွမ်စွမ်းအားကို မလှုံ့ဆော်နဲ့..."
မိသားစုကြီး လေးခုလုံး ကစဥ့်ကလျား ဖြစ်နေကြ၏။ အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြ၏။
အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်၏ အဆိပ်သည် လေပြင်းများနှင့်အတူ လွင့်ပါလာပြီး သွေးလမင်းမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ကျင့်ကြံသူ အများအပြား အဆိပ်သင့်ကုန်ကြပြီ။
မြို့တံခါးဝမှ ထွက်ပြေးလာသူများသည် အဆိပ်ကိုပါ မြို့ထဲသို့ သယ်ဆောင်လာသကဲ့သို့ ဖြစ်သွား၏။
နာရီဝက်ပင် မကြာလိုက်သော အချိန်တိုအတွင်းမှာပင် သွေးလမင်းမြို့တော်၏ သုံးပုံတစ်ပုံခန့်သည် အဆိပ်သင့်ကုန်ကြ၏။ လမ်းမများပေါ်တွင် ယားယံလွန်း၍ ကုတ်ဖဲ့နေသူများ၊ နာကျင်စွာ အော်ဟစ်နေသူများဖြင့် ပြည့်နှက်နေ၏။
အဆိပ်သင့်သူများမှာ ဘာဖြစ်မှန်းမသိဘဲ ကြောက်လန့်တကြား ဖြစ်နေကြရှာသည်။
ဖြေဆေး မရှိလျှင်... ဒီအဆိပ်က မြို့ပြင်ကိုပါ ပျံ့နှံ့သွားတော့မည်။ အကျိုးဆက်ကို တွေးကြည့်ရုံဖြင့် ကျောချမ်းစရာ ကောင်းလှသည်။
သို့သော်... နောက်ကျသွားလေ၏။ အဆိပ်က ပျံ့နှံ့နေလေပြီ။
ကျန်းရှီလျန်သည် လက်စားချေလိုစိတ်ဖြင့် ရူးသွပ်သွားတော့၏။
လက်စားချေခြင်းက မမှားသော်လည်း၊ အပြစ်မဲ့သူများကိုပါ ဆွဲထည့်လိုက်ခြင်းက မှားယွင်းလှပေ၏။
"မြို့တံခါးတွေ ပိတ်လိုက်.. ဘယ်သူမှ အထွက်မခံနဲ့..."
ကန်ဟိုင်ဖုန်း အရေးပေါ် အမိန့်ထုတ်လိုက်သည်။
ကြောက်လန့်နေသော ကျင့်ကြံသူ အများအပြားသည် မြို့ပြင်သို့ ထွက်ပြေးသွားကြပြီ ဖြစ်လေ၏။ သူတို့ကို မတားဆီးနိုင်လျှင် ပတ်ဝန်းကျင် မြို့များပါ ဒုက္ခရောက်ကုန်ကြတော့မည်။
အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်သည် သွေးလမင်းမြို့တော်ကို ငရဲခန်းအဖြစ် ပြောင်းလဲပစ်လိုက်တော့၏။
...
"အစ်ကိုကြီး... ဒီနားတဝိုက်မှာ အသေးစိတ်ကျတဲ့ မြေပုံ ဝယ်လို့ရမယ့်နေရာ သိလားဗျ..."
သွေးလမင်းမြို့တော်မှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် အနီးအနားရှိ 'ပန်းတစ်ရာမြို့တော်'သို့ ရောက်ရှိလာကြ၏။
"မြေပုံလား... ဒီမြို့မှာ မရောင်းဘူးဗျ..."
လမ်းသွားလမ်းလာ တစ်ယောက်က ခေါင်းခါရင်း ဖြေလိုက်သည်။
လင်ရှောင်ရှောင်ကလည်း အဘိုးအို တစ်ဦးကို ယဉ်ကျေးစွာ မေးလိုက်သည်။
"အဘိုး... မြေပုံ ဘယ်မှာ ဝယ်လို့ရမလဲ သိလားဟင်..."
"မြေပုံလား... သမီးရယ်... မြေပုံအသေးတွေတော့ ရှိပေမယ့်... အကြီးစား အသေးစိတ် မြေပုံမျိုးက ရှားတယ်... သွေးလမင်းမြို့တော်က မိုမိသားစုဆီမှာပဲ ရှိလောက်တယ်..."
ဟု အဘိုးအိုက ပြန်ဖြေလိုက်သည်။
မြို့ထဲတွင် လူအများအပြားကို မေးကြည့်သော်လည်း အားလုံးက မိုမိသားစုကိုသာ ညွှန်ပြနေကြ၏။
မိုမိသားစုကတော့ မဖြစ်နိုင်တော့ပေ။ ဖုန်းဝူချန်ကို ပေါ်ပေါ်ထင်ထင် ငြင်းပယ်ခဲ့ပြီးပြီ မဟုတ်ပါလော။
"ဟူး... မိုမိသားစုမှလွဲရင် တခြားနည်းလမ်း မရှိတော့ဘူး ထင်တယ်..."
ဖုန်းဝူချန် သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
"အစ်ကိုကြီးဖုန်း... ကျွန်မတို့ မိုမိသားစုထဲကို ခိုးဝင်ပြီး မြေပုံ ခိုးယူရင်ရော..."
လင်ရှောင်ရှောင်က ရုတ်တရက် အကြံပေးလိုက်၏။
"သူတို့က ရတနာ ရှာဖွေရေး ကျွမ်းကျင်တယ် ဆိုတော့ မြေပုံ သေချာပေါက် ရှိမှာပဲ... အစ်ကိုဖုန်းက အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တယ်လေ... ညဘက်ကျရင် 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' သုံးပြီး ခိုးဝင်လိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး... လက်ဖဝါး တစ်ဖက် လှန်လိုက်သလို လွယ်လွယ်လေး ရမှာ..."
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်လုံးများ အရောင်လက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ခိုးမယ် ဟုတ်လား... စိတ်ဝင်စားစရာပဲ... ရှောင်ရှောင်က တော်တော် ဉာဏ်ကောင်းတာပဲ... ငါ ဘာလို့ ဒါကို မစဉ်းစားမိပါလိမ့်..."
လိုက်မေးနေမည့်အစား ခိုးယူလိုက်ခြင်းက ပိုမြန်ပြီး ပိုထိရောက်မည် မဟုတ်ပါလော။
ဆုံးဖြတ်ချက် ချပြီးနောက် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ပန်းတစ်ရာမြို့တော်မှ ပြန်လည် ထွက်ခွာလာခဲ့ကြ၏။
သို့သော်... မြို့တံခါးဝသို့ ရောက်သောအခါ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
မြို့တံခါးအနီး လမ်းမပေါ်တွင် လူအများအပြားသည် နာကျင်စွာ အော်ဟစ်ငိုကြွေးနေကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အကွက်ကြီးများ ပေါ်နေပြီး၊ သွေးထွက်သံယို ဖြစ်အောင် ကုတ်ဖဲ့နေကြ၏။ "ကယ်ပါဦး... ယားလိုက်တာဗျာ... အရမ်း ယားတယ်..."
"မခံနိုင်တော့ဘူး... မြန်မြန် သတ်ပေးကြပါ..."
"ငါတို့ အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်သင့်နေပြီ... သွေးလမင်းမြို့တော်က လူတွေ အများကြီး အဆိပ်သင့်ကုန်ပြီတဲ့..."
"ငါက သွေးလမင်းမြို့တော်ကို မသွားဘဲနဲ့ ဘာလို့ အဆိပ်သင့်ရတာလဲ... ဒီအဆိပ်က ကူးစက်တတ်တာလား..."
အဆိပ်သင့်နေသူများ၏ အော်ဟစ်သံများကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။
အခြားသူများလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြ၏။ မည်သူမျှ အနားမကပ်ရဲကြပေ။
"အစ်ကိုကြီးဖုန်း... သူတို့ ဘာဖြစ်ကြတာလဲ..."
လင်ရှောင်ရှောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ အခြေအနေက ဆိုးရွားနေမှန်း သိသာလှသည်။
"အဆိပ်သင့်တာ... အဆိပ်က ကူးစက်တတ်တယ်... သူတို့နား မကပ်နဲ့နော်..."
ဖုန်းဝူချန် သတိပေးလိုက်သည်။
"လူတွေ အများကြီး အဆိပ်သင့်နေတာလား... ဘယ်သူက ဒီလောက် ရက်စက်ရတာလဲ..."
လင်ရှောင်ရှောင် သနားစိတ် ဝင်သွားမိ၏။ အဆိပ်သင့်သူများထဲတွင် လူကြီး၊ လူငယ်၊ ကလေး၊ အမျိုးသမီး စုံလင်စွာ ပါဝင်နေသည် မဟုတ်ပါလော။
"ကျွန်တော်တို့ကို ကယ်ပါဦး... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်သင့်နေလို့ပါ..."
လမ်းပေါ်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ အဆိပ်သင့်သူများ၏ မျှော်လင့်ချက် မျက်ဝန်းများသည် သူတို့ဆီသို့ ရောက်ရှိလာကြ၏။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်..."
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲသွား၏။
"အဲ့ဒါ ဘာအဆိပ်လဲဟင်..."
လင်ရှောင်ရှောင်က မေးလိုက်သည်။
"အလွန်တရာ ပြင်းထန်တဲ့ အဆိပ်ပဲ... ထျန်းကျီဘုံ အဆင့် ပညာရှင်တွေမှသာ ဒီအဆိပ်ကို ဖယ်ရှားပေးနိုင်တာ... (၇) ရက် အတွင်း ဖြေဆေး မရရင် ခန္ဓာကိုယ် ပုပ်ပွပြီး သေသွားလိမ့်မယ်... အဆိပ်ကသာ ပြန့်သွားရင် အကျိုးဆက်က တွေးရဲစရာ မရှိဘူး..."
ဟု ဖုန်းဝူချန် လေးနက်စွာ ရှင်းပြလိုက်သည်။
"(၇) ရက်တည်းလား... ကြောက်စရာ ကောင်းလိုက်တာ... အစ်ကိုဖုန်း... သူတို့ကို ကယ်နိုင်မလား..."
လင်ရှောင်ရှောင် ထိတ်လန့်တကြား မေးလိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်က ခေါင်းခါလိုက်ကာ၊
"မသေချာဘူး... နဂါးမျိုးနွယ် မီးတောက်က ဒီအဆိပ်ကို ဝါးမြိုနိုင်မလား မသိဘူး... မရရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး..."
"ရှောင်ရှောင်... ဒီမှာပဲ နေခဲ့ပါ..."
ဖုန်းဝူချန် မှာကြားလိုက်ပြီး အဆိပ်သင့်နေသူ တစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။
"ကယ်ပါဦး လူငယ်လေး... ကျေးဇူးပြုပြီး မြန်မြန် ကယ်ပါ..."
ဖုန်းဝူချန် လာနေသည်ကို မြင်သောအခါ အဆိပ်သင့်သူများ မျှော်လင့်ချက် ရောင်ခြည် တွေ့လိုက်ရသကဲ့သို့ ဝိုင်းအုံလာကြ၏။
"ဘုန်း..."
နဂါးမီးတောက် တောက်လောင်လာပြီး ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို စိမ်းပြာရောင် မီးတောက်များ လွှမ်းခြုံသွား၏။ ရိုင်းစိုင်းကြမ်းတမ်းသော အပူရှိန်ကြောင့် လူအများ နောက်ဆုတ်သွားကြရသည်။
"ကယ်နိုင်မလား မသေချာဘူး... အရမ်းကြီး မမျှော်လင့်ကြပါနဲ့..."
ဖုန်းဝူချန် ပြတ်သားစွာ ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ မီးတောက်တစ်စကို လူတစ်ယောက်ဆီသို့ ပို့လွှတ်လိုက်သည်။
ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်သည် ထိုလူ၏ ကိုယ်ထဲမှ အဆိပ်များကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
'ဟာ၊ ဝါးမြိုလို့ မရဘူးပဲ…’
ဖုန်းဝူချန် အလိုမကျ မျက်မှောင်ကြုတ်လိုက်သည်။
မီးတောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖုန်းဝူချန် ဝမ်းနည်းစွာ ပြောလိုက်၏။
"တောင်းပန်ပါတယ်... ကျွန်တော် ဘာမှ မတတ်နိုင်တော့ဘူး..."
"လူငယ်လေး... ကယ်ပါဦးဗျာ..."
ဖုန်းဝူချန်၏ စကားကို ကြားသောအခါ လူတိုင်း မျှော်လင့်ချက်မဲ့စွာ ဒူးထောက်ငိုကြွေးကြ၏။
"အစ်ကိုကြီးဖုန်းတောင် မတတ်နိုင်ဘူးတဲ့လား..."
လင်ရှောင်ရှောင် မယုံကြည်နိုင် ဖြစ်နေ၏။
"အစ်ကိုလည်း ကယ်ချင်တာပေါ့... ဒါပေမဲ့ တကယ် နည်းလမ်းမရှိဘူး..."
ဖုန်းဝူချန် သက်ပြင်းချလိုက်သည်။
အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်၏ စွမ်းအားသည် သူထင်ထားသည်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေ၏။
"တကယ်ကြီး နည်းလမ်း မရှိတော့ဘူးလား..."
ဖုန်းဝူချန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
"ဒီအဆိပ်က အရမ်းလွှမ်းမိုးနိုင်လွန်းတယ်... နဂါးမီးတောက်တောင် မနိုင်ဘူး... အတင်းအကြပ် လုပ်ရင် အဆိပ်မပြေခင် မီးလောင်ပြီး သေသွားလိမ့်မယ်..."
"ဒါဆို ဘယ်လိုလုပ်မလဲဟင်... အဆိပ်တွေ ပျံ့သွားရင် လူတွေအများကြီး ဒုက္ခရောက်ကုန်မှာပေါ့..."
"အခု လုပ်နိုင်တာက... မြို့ကို ပိတ်ပြီး သူတို့ကို အထွက်မခံဖို့ပဲ... ဒါမှမဟုတ် အဆိပ်ခတ်တဲ့သူကို ရှာပြီး ဖြေဆေး တောင်းရမယ်... ဒါပေမဲ့ (၇) ရက်ပဲ အချိန်ရတယ်... သူတို့ (၇)ရက် ခံနိုင်မလား ဆိုတာလည်း မသေချာဘူး..."
ဖုန်းဝူချန် ထပ်မံ ခေါင်းခါလိုက်မိ၏။ အခြေအနေက အလွန် ဆိုးရွားနေပြီ ဖြစ်လေ၏။
အခန်း (၄၈၉) - မြေပုံ ခိုးယူခြင်း
~နေဝင်ရီတရော အချိန်သို့ ရောက်လာသည်နှင့်အမျှ 'အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်' ၏ အစွမ်းသည် သွေးလမင်းမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည်လည်း သွေးလမင်းမြို့တော်သို့ အလျင်အမြန် ပြန်ရောက်လာကြ၏။
အဆိပ်ခတ်သူကို ဖမ်းမိပြီး ဖြေဆေး ရမှသာ အဆိပ်သင့်သူများ အသက်ရှင်ခွင့် ရနိုင်ပေမည်။ မဟုတ်လျှင် သေမင်းကို ထိုင်စောင့်နေရုံသာ ရှိတော့၏။
သို့သော်... အဆိပ်ခတ်သူ ဘယ်သူလဲ ဆိုတာ သိလျှင်တောင် ရှာတွေ့ဖို့ မလွယ်ကူပေ။
ကျန်းရှီလျန်က အခုလောက်ဆို ဝေးရာသို့ ထွက်ပြေးပုန်းရှောင်နေလောက်ပြီ ဖြစ်လေ၏။
သွေးလမင်းမြို့တော်သို့ ရောက်သောအခါ ကောင်းကင်ကြီး မည်းမှောင်နေပြီ ဖြစ်လေ၏။
မြို့ထဲမှ သရဲတစ္ဆေများ ညည်းညူသံ၊ ဝံပုလွေများ အူသံကဲ့သို့ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေ၏။ ကြားရသူ အပေါင်းကို ကြက်သီးမွေးညှင်း ထစေ၏။
"ဘာဖြစ်သွားတာလဲ... လူတွေ ဒီလောက်များကြီး အဆိပ်သင့်နေကြတာလား..."
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိ၏။ သွေးလမင်းမြို့တော်ကို ဒီလောက် ရက်စက်တဲ့ အဆိပ်မျိုး ခတ်ရလောက်အောင် ဘယ်သူကများ အငြိုးကြီးနေရတာလဲ။
"ကြောက်စရာ ကောင်းလိုက်တဲ့ အဆိပ်မှုန့်... လူတွေအများကြီး ဒုက္ခရောက်နေကြပြီ..."
အော်ဟစ်သံများကို ကြားရသောအခါ လင်ရှောင်ရှောင်၏ မျက်နှာလေး ဖြူဖျော့သွား၏။
"မြို့ကို ပိတ်ထားလိုက်တာ ကောင်းတယ်..."
ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ပေ။ မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး မိုမိသားစု အိမ်တော်ရှိရာကို ရှာဖွေလိုက်သည်။ ထို့နောက် 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို အသုံးပြုကာ မိုမိသားစု အိမ်တော်ထဲသို့ ခိုးဝင်လိုက်လေသည်။
အဆိပ်သင့်သူတွေ များလွန်းသဖြင့် ဖုန်းဝူချန်လည်း ကယ်တင်နိုင်စွမ်း မရှိပေ။ သူ့အဓိက ရည်ရွယ်ချက်က မြေပုံ ခိုးယူရန်သာ။
ယခုအချိန်တွင် အစောင့်များမှလွဲ၍ မိုမိသားစုဝင် အားလုံး အနားယူနေကြပြီ ဖြစ်သဖြင့် အိမ်တော်ကြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
သို့သော် ကင်းလှည့်နေသော အစောင့်များကတော့ အများအပြား ရှိနေဆဲပင်။ လုံခြုံရေး တင်းကျပ်လှသည်။
"တိတ်ဆိတ်လွန်းတယ်... သွေးလမင်းမြို့တော် တစ်ခုလုံး အဆိပ်သင့်နေတာတောင် မိုမိသားစုက ဘာမှ မဖြစ်သလိုပဲ..."
နာကျင်စွာ အော်ဟစ်သံများ မကြားရသဖြင့် ဖုန်းဝူချန် ထူးဆန်းနေမိ၏။
တကယ်တော့ အဆိပ်သင့်ထားသော မိုမိသားစုဝင်များကို သီးသန့် ခွဲထုတ်ထားလိုက်ပြီ ဖြစ်လေ၏။
"မြေပုံက မိုမိသားစုအတွက် အရေးမကြီးပါဘူး... သူတို့ သိပ်ဂရုစိုက်မှာ မဟုတ်ဘူး... စာကြည့်တိုက်ထဲမှာပဲ ရှိလောက်တယ်..."
ဖုန်းဝူချန် တီးတိုးရေရွတ်ရင်း စာကြည့်တိုက် ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး လူရှင်းသည်နှင့် ဖုန်းဝူချန်သည် ကျွမ်းကျင်သော သူခိုးကြီး တစ်ယောက်အလား လျင်မြန်ပေါ့ပါးစွာဖြင့် စာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။
သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားသဖြင့် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ရှိသော မိုမိသားစု ခေါင်းဆောင်ပင်လျှင် သတိပြုမိမည် မဟုတ်ပေ။ သာမန် အစောင့်များ ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
"တွေ့ပြီ... ငါထင်တဲ့အတိုင်း စာကြည့်တိုက်ထဲမှာပဲ ရှိနေတာပဲ..."
ဖုန်းဝူချန် ဝမ်းသာအားရ ပြုံးလိုက်သည်။ ရှားပါး ရတနာ တစ်ခုကို တွေ့လိုက်ရသလို ရင်ထဲတွင် ပျော်ရွှင်သွား၏။
စာကြည့်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် မြေပုံများကို ချက်ချင်း တွေ့လိုက်ရသည်။ တစ်ခုမက အများအပြား ရှိနေ၏။
မြေပုံတိုင်းက ပြည်မကြီး၏ အသေးစိတ် အချက်အလက်များ ပါဝင်နေ၏။
ဖုန်းဝူချန်သည် တစ်ခုကို ကောက်ယူလိုက်သည်။ သူ ခိုးယူသွားသည်ကို မည်သူမျှ သိလိုက်မည် မဟုတ်ပေ။
မိုမိသားစုက နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ပြီးပြီ။ မကူညီချင်မှတော့ ခိုးယူလိုက်တာလည်း မလွန်ဘူးလို့ ဖုန်းဝူချန် ယူဆလိုက်သည်။ ဒါက တစ်ခုတည်းသော နည်းလမ်းလေ။
"စာကြည့်တိုက်ထဲမှာ အသံကြားသလိုပဲ... တစ်ယောက်ယောက် ဝင်သွားတာလား..."
ထိုစဉ် အပြင်ဘက်မှ အစောင့်တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
"လူလာနေတယ်..."
မြေပုံကို ယူတော့မည့် ဆဲဆဲတွင် လူသံကြားလိုက်ရသဖြင့် ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းပင် ကြမ်းပြင်ကို ခြေဖြင့်ကန်ပြီး စာကြည့်တိုက် အမိုးပေါ်သို့ ခုန်တက်ကာ ပုန်းအောင်းလိုက်သည်။
အစစ်အဆေး လုပ်နေချိန်တွင် လှုပ်ရှားလိုက်လျှင် မိသွားနိုင်သည်။
"ငါတော့ ဘာမှ မကြားပါဘူး... မင်း နားကြားမှားတာ နေမှာပါ... ဒီအချိန်ကြီး ငါတို့ မိုမိသားစုထဲကို ဘယ်သူက လာခိုးရဲမှာလဲ..."
ဟု နောက်ထပ် အစောင့်တစ်ယောက်က ပြောလိုက်သည်။
အစောင့်နှစ်ယောက် စာကြည့်တိုက်ထဲ ဝင်လာပြီး နေရာအနှံ့ လိုက်လံ စစ်ဆေးကြ၏။
"မရှိပါဘူး... ငါ တကယ်ပဲ နားကြားမှားတာလား..."
ပထမ အစောင့်က ခေါင်းကုတ်လိုက်သည်။
အမိုးပေါ်တွင် ပုန်းနေသော ဖုန်းဝူချန်ကို သူတို့ သတိမထားမိကြပေ။ မကြာမီ ပြန်ထွက်သွားကြ၏။
"မြေပုံလေး တစ်ချပ် လာယူတာတောင် စိတ်မအေးရပါလား..."
ဖုန်းဝူချန် စိတ်ထဲမှ ညည်းညူလိုက်မိ၏။
အစောင့်နှစ်ယောက် တံခါးပိတ်ပြီး ထွက်သွားသည်နှင့် ဖုန်းဝူချန် အောက်ဆင်းပြီး မြေပုံယူရန် ပြင်လိုက်သည်။
ထိုစဉ်...
‘ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ…’
ဖုန်းဝူချန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။
အစွမ်းထက် ပညာရှင်တစ်ဦး လာနေသည်ကို အာရုံခံမိလိုက်သဖြင့် မလှုပ်ရဲတော့ပေ။ စိတ်ထဲတွင်တော့ ကျိန်ဆဲနေမိ၏။
"မိသားစုခေါင်းဆောင်..."
အပြင်ဘက်မှ အစောင့်များ၏ ရိုသေသော အသံများ ထွက်ပေါ်လာသည်။
"မိသားစုခေါင်းဆောင်... ဒီအချိန်ကြီး စာကြည့်တိုက်ကို ဘာကိစ္စ ရှိလို့ပါလဲ..."
"ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရှေးဟောင်း စာအုပ်တွေထဲမှာ 'အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်' အကြောင်း ပါမလားလို့ လာရှာကြည့်တာ... ကဲ... မင်းတို့ သွားနားကြတော့..."
မိုကျန့်နန်က အစောင့်များကို ပြန်လွှတ်လိုက်သည်။
‘ဒုက္ခပဲ…’
အမိုးပေါ်မှ ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။
မိုကျန့်နန်က ပဉ္စမအလွှာ ပညာရှင် ဖြစ်သဖြင့် အခန်းထဲတွင် အတူရှိနေလျှင် ဖုန်းဝူချန် ဘယ်လောက်ပဲ ပုန်းနေပုန်းနေ၊ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ သတိထားမိသွားနိုင်သည်။
'ဟား... မြေပုံလေး တစ်ချပ် ယူမလို့ပါဆိုမှ... ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ…’
ဖုန်းဝူချန် စိတ်ညစ်သွားရ၏။
မိုကျန့်နန်က စာအုပ် ဘယ်လောက်ကြာကြာ ရှာနေမလဲ မသိပေ။
မိုကျန့်နန် ဝင်လာသည်နှင့် ဖုန်းဝူချန် တစ်လက်မမျှ မလှုပ်ရဲတော့ပေ။ မိသွားလျှင် မြေပုံမရရုံတင်မက အသက်ပါ ပျောက်သွားနိုင်သည်။
ကိုးထပ် ချန်ခွင်း မျှော်စင် မပါဘဲနှင့် ပဉ္စမအလွှာ ပညာရှင်ကို ယှဉ်နိုင်စွမ်း မရှိပေ။
မြေပုံ ရဖို့အတွက် သည်းခံပြီး အသက်အောင့်ထားရုံသာ ရှိတော့၏။
"ကျန်းရှီလျန်... မင်းက ငါ့မိန်းမနဲ့ အိပ်ရဲတယ်ပေါ့... မင်းကို ငါ နုတ်နုတ်စင်းပစ်မယ်..."
စာကြည့်တိုက်ထဲ ရောက်သည်နှင့် မိုကျန့်နန်က အံကြိတ်ပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။
‘သူ့မိန်းမက တခြားလူနဲ့ အိပ်သွားတာလား...
ဖုန်းဝူချန် အံ့ဩလွန်း၍ အာမေဋိတ်သံ ထွက်လုနီးပါး ဖြစ်သွား၏။
‘သနားစရာ ကောင်းလိုက်တဲ့ မိသားစုခေါင်းဆောင်... ကိုယ့်မိန်းမ ဖောက်ပြန်တာတောင် မသိရှာဘူး…’
ဖုန်းဝူချန် ခေါင်းခါလိုက်မိ၏။
‘ ပိုဆိုးတာက သိရက်နဲ့ ဘာမှ မလုပ်နိုင်တာပဲ’
ထိုစဉ်၊ မိုကျန့်နန်က စာအုပ်လှန်ရင်း ရေရွတ်နေ၏။
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်လို အဆိပ်ပြင်းမျိုးကို ကျန်းရှီလျန် ဘယ်က ရလာတာလဲ... ဘယ်သူ ဖော်စပ်ပေးတာလဲ..."
‘ကျန်းရှီလျန်တဲ့လား…’
ဖုန်းဝူချန် နာမည်ကို မှတ်သားလိုက်သည်။ အဆိပ်ခတ်သူက ကျန်းရှီလျန်ကိုး။
"ဘယ်သူလဲ..."
ရုတ်တရက် မိုကျန့်နန် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန် လန့်သွားပြီး အသက်အောင့်ထားလိုက်သည်။ နှလုံးခုန်သံများ မြန်လာသည်။ ပဉ္စမအလွှာ ပညာရှင်၏ အာရုံခံနိုင်စွမ်းကို ချီးကျူးမိ၏။
"ထွက်ခဲ့စမ်း..."
မိုကျန့်နန်က တံခါးဝဆီသို့ တရကြမ်း ပြေးသွားပြီး တံခါးကို ဖွင့်လိုက်သည်။
"မြောင်..."
တံခါးပွင့်သွားသည်နှင့် ကြောင်ကလေး တစ်ကောင် လန့်ပြီး ထွက်ပြေးသွား၏။
"ကြောင်ပါလား..."
မိုကျန့်နန် သက်ပြင်းချလိုက်သည်။ ကျန်းရှီလျန်ကြောင့် စိတ်တွေ လှုပ်ရှားနေပုံရသည်။
ထိုအခိုက်အတန့်တွင်... အခွင့်ကောင်းကို စောင့်နေသော ဖုန်းဝူချန် လှုပ်ရှားလိုက်သည်။
'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို သုံးကာ အောက်သို့ ဆင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ မြေပုံတစ်ချပ်ကို လှမ်းယူလိုက်တော့သည်။
"ဘယ်သူလဲ..."
မိုကျန့်နန် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ချက်ချင်း လှည့်ကြည့်လိုက်၏။
ဖုန်းဝူချန်က မြေပုံရသည်နှင့် တပြိုင်နက် ထပ်မံ ပျောက်ကွယ်သွားပြီး၊ ပွင့်နေသော တံခါးမှတဆင့် အပြင်သို့ လျှပ်စီးပမာ ပြေးထွက်သွားလေသည်။
"မြေပုံ..."
မိုကျန့်နန် စာကြည့်တိုက် အလယ်သို့ ရောက်လာပြီး မြေပုံပျောက်နေသည်ကို တွေ့လိုက်ရသောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ထွက်ပြေးလို့ လွတ်မယ် ထင်နေလား…”