အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
အခန်း (၄၉၀) - လွတ်မြောက်ခြင်း
~မိုကျန့်နန်၏ အမြန်နှုန်းသည် ကြောက်ခမန်းလိလိပင်။
အော်ဟစ်လိုက်သည့် တခဏအတွင်းမှာပင် တံခါးဝသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဒီတစ်ခါတော့... ကြောင် မဟုတ်တော့ပေ။ လူတစ်ယောက် အမှန်တကယ် ရှိနေလေသည်။
ဖုန်းဝူချန်သည် 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို သုံးလိုက်သော်လည်း၊ မိုကျန့်နန်က ချက်ချင်း သတိပြုမိသွား၏။
မိုကျန့်နန်၏ အမြန်နှုန်းက မြန်လွန်းလှသဖြင့် ဖုန်းဝူချန်ပင် အံ့အားသင့်သွားရသည်။ 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို နှစ်ကြိမ်ဆက်တိုက် သုံးလိုက်မှသာ မိုကျန့်နန်နှင့် အကွာအဝေး တစ်ခု ခြားသွားစေနိုင်သည်။
မိုကျန့်နန် လိုက်မီမည့်အချိန်တွင် ဖုန်းဝူချန်သည် မီတာထောင်ချီ ဝေးသော နေရာသို့ ရောက်ရှိသွားပြီ ဖြစ်လေ၏။
"ထူးဆန်းလိုက်တဲ့ ကိုယ်ဖော့ပညာ..."
မိုကျန့်နန် အကြီးအကျယ် တုန်လှုပ်သွား၏။ သူ့အမြန်နှုန်းနှင့်တောင် လိုက်မမီနိုင်ဘူးတဲ့လား။
လိုက်မမီရုံတင်မက ဘယ်သူဘယ်ဝါမှန်းတောင် သေချာ မမြင်လိုက်ရပေ။ ရိပ်ခနဲ ပျောက်ကွယ်သွားသော ပုံရိပ်တစ်ခုကိုသာ တွေ့လိုက်ရသည်။
ဤမျှ နက်နဲဆန်းကြယ်ပြီး အစွမ်းထက်သော ကိုယ်ဖော့ပညာမျိုး သူ တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးခဲ့ပေ။
"ဟွန်း... ငါတို့ မိုမိသားစုရဲ့ မြေပုံကို ခိုးရဲတယ်ပေါ့... ထွက်ပြေးဖို့ စိတ်မကူးနဲ့..."
မိုကျန့်နန် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့၏။ ဖုန်းဝူချန်ကို လွှတ်ပေးမည့် အစီအစဉ် လုံးဝ မရှိပေ။
"ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ..."
ဖုန်းဝူချန်ကို စောင့်နေသော လင်ရှောင်ရှောင်သည် ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုကြီးဖုန်း...ကျွန်မတို့ကို မိသွားပြီလား..."
လင်ရှောင်ရှောင်က အသံလှိုင်းဖြင့် မေးလိုက်၏။
"ရှောင်ရှောင်... ပြေးကြမယ်..."
ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ပညာရှင်နှင့် ထိပ်တိုက်တွေ့လျှင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် နှစ်ယောက်ပေါင်းတိုက်ရင်တောင် နိုင်နိုင်မည် မဟုတ်ပေ။
ဖုန်းဝူချန်၏ အစွမ်းကုန် ထုတ်သုံးနိုင်သော စွမ်းအားသည် စတုတ္ထအလွှာ အဆင့်သာ ရှိသေးသည်။ ပဉ္စမအလွှာကို ယှဉ်နိုင်ရန် လုံလောက်ခြင်း မရှိသေးပေ။
"ရွှစ်..."
ဖုန်းဝူချန် ရောက်ရှိလာပြီး လင်ရှောင်ရှောင်၏ လက်ကလေးကို ဆွဲကာ ထပ်မံ ထွက်ပြေးရန် ပြင်လိုက်သည်။
"ဟွန်း... မင်းတို့ ဘယ်ထိ ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့..."
မိုကျန့်နန်က ဒေါသတကြီးဖြင့် ဖုန်းဝူချန်တို့ ပျောက်ကွယ်သွားမည့် နေရာသို့ ပြင်းထန်သော
လက်ဝါးလှိုင်း တစ်ချက် ပစ်သွင်းလိုက်သည်။
"မြန်လိုက်တာ..."
ဖုန်းဝူချန် ထိတ်လန့်သွား၏။ အစစ်အမှန် ယွမ်စွမ်းအားကို မသုံးဘဲ 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' သက်သက်ဖြင့် ပဉ္စမအလွှာ ပညာရှင်၏ တိုက်ခိုက်မှုကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။
ကျင့်ကြံဆင့်ကို ထုတ်ဖော် မပြချင်သော်လည်း ယခုအချိန်တွင် ရွေးချယ်စရာ မရှိတော့ပေ။
"ဘုန်း..."
"ဝီ..."
ကြောက်မက်ဖွယ် လက်ဝါးချက် ကျရောက်လာသည့် အခိုက်အတန့်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ လေထဲတွင် ပျောက်ကွယ်သွားကြ၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သွေးလမင်းမြို့တော် အထက် ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားရလေသည်။
ရုတ်တရက် ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးကြောင့် တစ်မြို့လုံး ထိတ်လန့်ကုန်ကြ၏။
"ကောင်းကင်ဘုံ လူသား ပဉ္စမ အလွှာ စွမ်းအား... မိုမိသားစု ခေါင်းဆောင်ရဲ့ အရှိန်အဝါပဲ..."
"မိုမိသားစုခေါင်းဆောင်ရဲ့ အရှိန်အဝါ... ကျန်းရှီလျန် ပေါ်လာတာ ဖြစ်မလား..."
"ကျန်းရှီလျန်ကို မိသွားပြီလား..."
မြို့စားမင်းနှင့် အခြား မိသားစုကြီးများမှ ပညာရှင်များ အားလုံး အာရုံခံမိလိုက်ကြ၏။
"ဒါ… ဘာကိုယ်ဖော့ပညာလဲ... အရှိန်အဝါပါ ပျောက်သွားတာလား... ကောင်းကင်ဘုံလူသား ပထမအလွှာလေးက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နေရတာလဲ..."
မိုကျန့်နန် အံ့ဩမဆုံး ဖြစ်နေမိ၏။
ထိုအချိန်တွင်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် မြို့လယ်ခေါင်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ အဆောက်အအုံများနှင့် ဆူညံပွက်လောရိုက်နေသော အသံများကို အကာအကွယ်ယူကာ မိုကျန့်နန်၏ အာရုံခံမှုကို ရှောင်တိမ်းလိုက်ကြ၏။
"ရွှစ်... ရွှစ်... ရွှစ်..."
မကြာမီမှာပင် မြို့စားမင်း ကန်ဟိုင်ဖုန်းနှင့် အခြား မိသားစု ခေါင်းဆောင်များ ရောက်ရှိလာကြ၏။
"မိုမိသားစုခေါင်းဆောင်... ကျန်းရှီလျန်လား..."
ကန်ဟိုင်ဖုန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မိုကျန့်နန် ခေါင်းခါလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"မဟုတ်ဘူး... ဘယ်သူလဲ ဆိုတာ ကျွန်တော်လည်း မသိဘူး...ကျွန်တော်တို့ မိုမိသားစုထဲ ဝင်လာပြီး စာကြည့်တိုက်ထဲက မြေပုံကို ခိုးသွားတာ..."
"မြေပုံခိုးသွားတယ် ဟုတ်လား..."
အားလုံး အံ့ဩသွားကြ၏။
"ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး မိုမိသားစုထဲ ဝင်ခိုးရဲတာလဲ..."
ဟု အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
"ကျွန်တော်လည်း မသိဘူး... သူ့ရဲ့ ကိုယ်ဖော့ပညာက သိပ်ထူးဆန်းတယ်... အသံမကြားရဘူး... အကောင်အထည် မမြင်ရဘူး... ကျွန်တော့်တစ်သက် ဒီလောက် ကောင်းတဲ့ ကိုယ်ဖော့ပညာမျိုး မမြင်ဖူးဘူး... လိုက်တာတောင် မမီလိုက်ဘူး..."
"သူများလား..."
ကန်ဟိုင်ဖုန်း မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲတွင် ဒေါသများ တောက်လောင်လာသည်။
"မြို့စားမင်း သိနေတာလား..."
မိုကျန့်နန် အံ့ဩတကြီး မေးလိုက်သည်။
"မသေချာဘူး... ကျန်းရှီလျန် မပေါ်လာခင်တုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရောက်လာသေးတယ်... နှစ်ယောက်လုံးက ကောင်းကင်ဘုံလူသား ပထမအလွှာတွေ... ငါ့သားကို အကြီးအကျယ် ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ပြီးတော့ အဲ့ဒီကောင်လေးက ဆေးပညာရှင်လည်း ဟုတ်တယ်... အကြီးအကဲရဲ့ မီးအဆိပ်ကိုတောင် ထိန်းချုပ်နိုင်တယ်... သူတို့က မိုမိသားစုကို လာပြီး မြေပုံဆွဲပေးဖို့ အကူအညီတောင်းခဲ့ပေမယ့် သခင်လေးမိုက ငြင်းလိုက်တယ်လေ..."
"ဆေးပညာရှင်... မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်..."
ထိုစကားကို ကြားသောအခါ အားလုံး တုန်လှုပ်သွားကြ၏။
"ခုနက လူကလည်း ကောင်းကင်ဘုံလူသား ပထမအလွှာပဲ... တကယ်ကြီး သူများလား..."
မိုကျန့်နန် တွေးတောလိုက်သည်။
"အဲ့ဒီကောင်လေးက နောက်ခံ မသိရပေမယ့် ငယ်ငယ်လေးနဲ့ ကောင်းကင်ဘုံလူသား ပထမအလွှာ ရောက်နေပြီ... လက်သီးတစ်ချက်တည်းနဲ့ ငါ့သားကို အနိုင်ယူခဲ့တာ..."
"ဗျာ... လက်သီးတစ်ချက်တည်းနဲ့ မြို့သခင်လေးကို အနိုင်ယူခဲ့တာလား..."
အားလုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။
"ဒီလူငယ်လေးက သာမန် မဟုတ်ဘူး..."
ဟု အကြီးအကဲ တစ်ယောက်ကလည်း သုံးသပ်လိုက်သည်။
ထိုအခိုက်အတန့်၌၊ ကန်ဟိုင်ဖုန်း စိုးရိမ်တကြီး ပြောလိုက်၏။
"ထားလိုက်ပါတော့... မြေပုံလေး တစ်ချပ်ပဲဟာ... အရေးကြီးတာက အဆိပ်သင့်နေတဲ့ လူတွေကို ကယ်ဖို့ပဲ... မကြာခင် သွေးလမင်းမြို့တော် တစ်ခုလုံး ကူးစက်ကုန်တော့မယ်..."
"မြို့စားမင်း ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ဖြေဆေး မရှိဘဲ၊ ကျန်းရှီလျန် ဘယ်မှာလဲ မသိဘဲ ဘယ်လိုလုပ်ကြမလဲ..."
"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို ‘’ဝိညာဉ်စား ဘိုးဘေး’ ကပဲ ဖော်စပ်နိုင်တာ... မနက်ဖြန်ကျရင် ငါကိုယ်တိုင် ဘိုးဘေးဆီ သွားလိုက်မယ်... မင်းတို့က လူနာတွေကို ဂရုစိုက်ပြီး ကျန်းရှီလျန်ကို လိုက်ရှာကြ..."
ဟု ကန်ဟိုင်ဖုန်း ပြတ်သားစွာ အမိန့်ပေးလိုက်တော့သည်။
"ဝိညာဉ်စား ဘိုးဘေးက ကောက်ကျစ်တတ်တယ်... ဖြေဆေး လွယ်လွယ်ပေးပါ့မလား..."
"ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲဗျာ..."
မိုကျန့်နန် အံကြိတ်ကာ ပြောလိုက်သည်။ သူ့သား မိုဝူရှဲ့လည်း အဆိပ်သင့်နေသည် မဟုတ်ပါလော။
...
ထိုအချိန်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် မြို့ပြင်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ အဆောက်အအုံများကို အကာအကွယ်ယူပြီး လွတ်မြောက်လာခဲ့ခြင်း ဖြစ်လေ၏။
"တော်တော် ကပ်သွားတယ်... ပဉ္စမအလွှာ ဆိုတာ တကယ် မလွယ်ကူပါလား..."
ဖုန်းဝူချန် သက်ပြင်းချလိုက်သည်။
"အစ်ကိုကြီးဖုန်း... မြေပုံ ရခဲ့လားဟင်..."
လင်ရှောင်ရှောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အစ်ကို ကိုယ်တိုင် လှုပ်ရှားမှတော့ မရဘဲ နေပါ့မလား... ဒါပေမယ့် ရှောင်ရှောင်ရဲ့ အကြံဉာဏ် ကောင်းလို့ပါ..."
ဖုန်းဝူချန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
လက်ဖဝါးကို ဖြန့်လိုက်ရာ ထွက်ပေါ်လာသည်က မြေပုံတစ်ချပ် ။
"ဒါ ပြည်မကြီးရဲ့ အသေးစိတ် မြေပုံပဲ... ဒါ ရှိရင် ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားတွေကို ရှာရတာ လွယ်ကူသွားပြီ..."
လင်ရှောင်ရှောင် မြေပုံကို ဖြန့်ကြည့်လိုက်ရာ အသေးစိတ် ရေးဆွဲထားသော နေရာဒေသများကို တွေ့လိုက်ရသဖြင့် အံ့ဩသွား၏။
"ဝ်ိုး…မိုမိသားစုက တော်တော် တော်တာပဲ... ယန်ဟော် အင်ပါယာ အထိတောင် ပါတာပဲ..."
"ဟင်... အစ်ကိုကြီးဖုန်း... ဒီမှာ ကြည့်ပါဦး... ဒီအမှတ်အသားက ဘာလဲဟင်..."
လင်ရှောင်ရှောင်က မြေပုံပေါ်ရှိ အမှတ်အသား တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
ဖုန်းဝူချန် ကြည့်လိုက်ပြီး အသံထွက်ကာ ရယ်လိုက်၏။
"ဟားဟား..မိုမိသားစုက ရတနာရှာတာ ကျွမ်းကျင်တယ်လေ... အဲ့ဒီနေရာတွေမှာ သူတို့ ရတနာတွေ ဝှက်ထားတာ နေမှာပေါ့ကွ..."
မြေပုံ အများကြီးထဲကမှ... ဖုန်းဝူချန်က အမှတ်အသားပါသော မြေပုံကိုမှ ရွေးပြီး ခိုးယူလာမိခြင်း ဖြစ်လေ၏။
အခန်း (၄၉၁) - ကယ်ဆယ်ခြင်း နည်းလမ်း
~ညတစ်ညတာ ကုန်ဆုံးသွားသည်မှာ မျက်တောင် တစ်ခတ်စာမျှသာ။
သွေးလမင်းမြို့တော် အတွင်း၌ မိသားစုကြီး (၄)စုနှင့် မြို့စားမင်း အိမ်တော်တို့က အစောင့်အကြပ် ထူထပ်စွာ ချထားသော်လည်း အဆိပ် ပျံ့နှံ့မှုနှုန်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
အစောင့်များထဲတွင်ပင် အဆိပ်သင့်သူများ များပြားလာသည်။
တစ်ညတည်းနှင့် အဆိပ်သင့်သူ အရေအတွက် ရာနှင့်ချီ တိုးပွားလာသည်။
ဤမျှ မြန်ဆန်သော နှုန်းဖြင့် ဆိုလျှင် သွေးလမင်းမြို့တော်သည် ကြာကြာခံနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင်... အဆိပ်သင့်သူ အများအပြားသည် ယားယံမှုကို သည်းမခံနိုင်တော့ဘဲ ရူးသွပ်စွာ ကုတ်ဖဲ့ကြရာမှ သွေးထွက်လွန်ပြီး သေဆုံးကုန်ကြ၏။
တချို့ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူများလည်း ရှိသည်။ တစ်ညတည်းနှင့် သေဆုံးသူ တစ်ထောင်ကျော်သွားခဲ့ရတော့၏။
တစ်ညတည်း ရှိသေးသည်၊ တစ်ရက်တောင် မပြည့်သေး။ ၇ ရက် ဆိုတာ အိပ်မက်တစ်ခုလို ဝေးကွာလွန်းလှသည်။
...
မိုမိသားစု အိမ်တော်...
"မိသားစုခေါင်းဆောင်... မိသားစုခေါင်းဆောင်... ရတနာသိုက် အမှတ်အသားပါတဲ့ မြေပုံ ပျောက်သွားပါပြီ..."
အစောင့်တစ်ယောက်၏ ထိတ်လန့်တကြား အော်သံက အိမ်တော်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။
"ဘာ..."
မိုကျန့်နန်၏ မျက်နှာထား ရုတ်ချည်း ပျက်ယွင်းသွားပြီး ထိုင်ရာမှ ကုန်းထလိုက်သည်။
‘မနေ့ညက အခိုးခံရတဲ့ မြေပုံက ရတနာသိုက် အမှတ်အသား ပါတဲ့ မြေပုံတဲ့လား။’
"မနေ့ညက သူခိုးလက်ချက်ပဲ နေမှာ..."
ဟု ပထမအကြီးအကဲက အံကြိတ်ရင်း ပြောလိုက်သည်။
ဒုတိယအကြီးအကဲလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒုက္ခပဲ... ရတနာသိုက် နေရာ ပေါက်ကြားသွားပြီ... အဲ့ဒီကောင်က ငါတို့ထက် အရင် ရောက်သွားတော့မယ်... အဲ့ဒီထဲက တစ်နေရာက ရှေးဟောင်း မြေအောက်ဂူသင်္ချိုင်းကြီးလေ..."
"ဟွန်း... မြေပုံရှိတိုင်း ရတနာ ရှာတွေ့မယ် မထင်နဲ့... ငါတို့ မိုမိသားစုတောင် အလွယ်တကူ ရှာမတွေ့နိုင်တာ... သူ့ကို ရှာခိုင်းလိုက်ပါစေ... ငါတို့က အမှတ်အသား ပါတဲ့ နေရာတွေကို 'နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့' သုံးပြီး လူလွှတ်ထားလိုက်မယ်..."
မိုကျန့်နန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွား၏။
"ကောင်းတယ်... သူ့ကို တွေ့တာနဲ့ တခါတည်း ရှင်းပစ်လိုက်မယ်..."
ဟု ပထမအကြီးအကဲကလည်း ရက်စက်စွာ ထောက်ခံလိုက်သည်။
...
သွေးလမင်းမြို့တော် ပြင်ပ တောအုပ်တစ်ခုတွင်...
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ တစ်ညလုံး ကျင့်ကြံအားထုတ်ပြီးနောက် နိုးထလာကြ၏။
"ရှောင်ရှောင်...အစ်ကို.. လူတွေကို ကယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားမိတယ်..."
မျက်လုံးဖွင့်လိုက်သည်နှင့် ဖုန်းဝူချန် ပြောလိုက်သည်။
"တကယ်လား... အစ်ကိုကြီးဖုန်း..."
လင်ရှောင်ရှောင်၏ မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်သော အပြုံးလေးတစ်ခု ပေါ်လာသည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။
“အစ်ကို့ရဲ့ သိုင်းဝိညာဉ်မှာ 'ဝါးမြိုခြင်း' စွမ်းရည် ရှိတယ်... ဖန်ရှောင်ယွင်ရဲ့ 'မူလ စွမ်းအား' ကိုတောင် အမြစ်ပြတ် ဝါးမြိုနိုင်ခဲ့တာ... ဒီအဆိပ်လောက်ကတော့ ပြဿနာ မရှိလောက်ဘူး…”
"မွေးရာပါ စွမ်းအား ဆိုတာ စွမ်းအားတစ်မျိုးလေ... အဆိပ် ဆိုတာက ဆေးဝါး အမျိုးအစား... က အဲ့ဒါကိုပါ ဝါးမြိုနိုင်ပါ့မလား..."
လင်ရှောင်ရှောင် သံသယ ဝင်မိ၏။
"အစ်ကို့ရဲ့ သိုင်းဝိညာဉ်က အရာအားလုံးကို ဝါးမြိုနိုင်တယ်... သိပ်ကို လွှမ်းမိုးနိုင်လွန်းတယ်..."
ဖုန်းဝူချန် ယုံကြည်မှု ရှိစွာ ပြုံးလိုက်သည်။
"ဒါဆို သွေးလမင်းမြို့တော်ကို အမြန်သွားပြီး စမ်းကြည့်ရအောင်..."
ဟု လင်ရှောင်ရှောင် စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။
မိုမိသားစု မြေပုံကို ခိုးယူထားသော်လည်း ဖုန်းဝူချန် လုံးဝ မကြောက်ပေ။ မိုကျန့်နန်က သူခိုးသည် သူ ဖြစ်ကြောင်း သိနိုင်မည် မဟုတ်ပေ။
နှစ်ယောက်သား သွေးလမင်းမြို့တော်ရှိ သီးသန့်ခွဲထားသော နေရာသို့ ရောက်ရှိလာကြ၏။
ထိုနေရာတွင် အဆိပ်သင့်နေသော ကျင့်ကြံသူ အများအပြားကို ပိတ်လှောင်ထားသည်။ အားလုံးသည် သွေးစုပ်ဖုတ်ကောင်များအလား သွေးသံရဲရဲ ဖြစ်နေကြပြီး၊ သေဆုံးနေသူများလည်း ပုံထပ်နေ၏။
မြင်ကွင်းက အလွန်တရာ လန့်စရာ ကောင်းပြီး သနားစရာလည်း ကောင်းလှသည်။
ဖုန်းဝူချန်ပင်လျှင် ကြက်သီးထသွားမိ၏။
အဆိပ်သင့်သူ များလွန်းသဖြင့် သီးသန့်နယ်နမိတ် သုံးခုတောင် ခွဲထားရလေသည်။
သို့သော် ဒီနယ်နမိတ်တွေထဲမှာ ရှိနေသူတွေက သာမန် ပြည်သူတွေသာ ဖြစ်သဖြင့် ဘယ်သူမှ ဂရုမစိုက်ကြပေ။
"မင်းတို့နှစ်ယောက်ပ.. မြန်မြန် ထွက်သွားကြ... ကူးစက်ကုန်မယ်... အနားမကပ်နဲ့..."
အစောင့် တစ်ယောက်က အော်ဟစ်သတိပေးလိုက်ခြင်း ဖြစ်သည်။
"ကိစ္စမရှိဘူး... ငါက အဆိပ်ပြီးတယ်..."
ဖုန်းဝူချန်က ဂရုမစိုက်ဘဲ ဆက်လျှောက်သွား၏။
"ဟွန်း... အဆိပ်ပြီးတယ် ဟုတ်လား... သေချင်ရင်လည်း သဘောပဲ..."
အစောင့်က မထီမဲ့မြင် ပြောလိုက်သည်။
အခြား အစောင့်များလည်း မတားကြတော့ပေ။ တချို့ကတော့ ဖုန်းဝူချန်ကို စူးစမ်းသလို ကြည့်နေကြ၏။
"ဟို... ဟို ဆေးပညာရှင် ညီလေး... ကယ်ပါဦးဗျာ... မခံနိုင်တော့ပါဘူး..."
"ငါ့တူလေး... ဦးရဲ့ သားလေးကို ကယ်ပါဦး... သားလေး သေတော့မယ်..."
"မောင်လေး... အစ်ကို့ရဲ့ မိန်းမကို ကယ်ပါဦး... သူ မွေးဖွားခါနီးနေပါပြီ..."
ဖုန်းဝူချန် လာနေသည်ကို မြင်သောအခါ အဆိပ်သင့်သူများ ဝိုင်းအုံလာပြီး ငိုယိုတောင်းပန်ကြ၏။ ကိုယ်ပေါ်ရှိ အနီကွက်များကို မရပ်မနား ကုတ်ဖဲ့ရင်း သွေးများ စီးကျနေကြရှာသည်။
သူတို့ကို ကြည့်ရင်း ဖုန်းဝူချန် နူးညံ့စွာ ပြုံးလိုက်သည်။
"အားလုံးကို ကယ်ပေးမယ်... မပူကြနဲ့... တစ်ယောက်ချင်းစီ လာခဲ့ကြပါ... ကလေးတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးမယ်..."
"ကျေးဇူးတင်လိုက်တာဗျာ... ငါတို့ ကယ်တင်ရှင် ရောက်လာပြီ..."
"မောင်လေး... ဦးရဲ့သားလေး အခြေအနေ ဆိုးနေပြီ... အရင် ကယ်ပေးပါ..."
အဆိပ်သင့်သူများ ပျော်ရွှင်လွန်း၍ ငရဲမှ ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သံဇကာ ကာရံထားသော နေရာကို ဖုန်းဝူချန်က လက်ဗလာဖြင့် ဆွဲဖြဲပစ်လိုက်သည်။
လူအုပ်ကြီးက စည်းကမ်းရှိစွာဖြင့် အားနည်းနေသော ကောင်လေးတစ်ယောက်ကို ရှေ့သို့ ပို့ပေးလိုက်သည်။
၁၃ နှစ်၊ ၁၄ နှစ် အရွယ် ကောင်လေး၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းမွန်သော အရေပြားဟူ၍ တစ်နေရာမှ မရှိတော့ပေ။ သွေးအလူးလူး ဖြစ်နေရှာသည်။
ထိုအခိုက်အတန့်တွင်... မိသားစု အသီးသီးမှ အစောင့်များနှင့် မြို့စားမင်း အစောင့်များ အားလုံး၏ အကြည့်များက ဖုန်းဝူချန်ဆီသို့ စုပြုံရောက်ရှိလာကြ၏။
ဇုန်သုံးခုလုံးမှ အဆိပ်သင့်သူများလည်း ယားယံမှုကို အံကြိတ်ခံရင်း ဖုန်းဝူချန်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ဖုန်းဝူချန် ကယ်နိုင်မလား ဆိုတာ ဒီကောင်လေးကို ကုသပေးနိုင်မလား ဆိုတာအပေါ် မူတည်နေ၏။
တစ်ရက်တည်း ရှိသေးသော်လည်း သူတို့အတွက်တော့ တစ်သက်တာလောက် ကြာရှည်နေသလိုပင်။ ဘယ်သူမှ လာမကယ်၊ ဘယ်သူမှ အနားမကပ်ရဲ၊ စွန့်ပစ်ခံထားရသော ဘဝများ။ မျှော်လင့်ချက်မဲ့ပြီး အမှောင်ထုထဲ ရောက်နေသလို ခံစားခဲ့ရသည်။
အခုတော့ လူငယ်လေးတစ်ယောက်က အဆိပ်ကူးစက်မှာ မကြောက်ဘဲ ရှေ့ထွက်လာပြီး ကယ်တင်ဖို့ ကြိုးစားနေ၏။ ဒီလုပ်ရပ်က သူတို့ရဲ့ နှလုံးသားကို လှုပ်ခါသွားစေပြီး မျက်ရည်များ ကျဆင်းစေခဲ့၏။
ပျောက်ကင်းအောင် မကုနိုင်လျှင်တောင်မှ၊ ဖုန်းဝူချန်၏ စေတနာက သူတို့အတွက် လူသားဆန်မှု၏ နွေးထွေးမှုကို ပေးစွမ်းလိုက်သည်။
"အစ်ကိုကြီး... သားကို ကယ်ပါ..."
ကောင်လေးက အားပျော့သော အသံဖြင့် တောင်းပန်လိုက်သည်။ သူ့မျက်လုံးထဲတွင် အသက်ရှင်ချင်စိတ်များ ပြည့်နှက်နေ၏။
ထိုအခိုက်အတန့်မှာ၊ ဖုန်းဝူချန်က ဓားလက်ချောင်း ပြုလုပ်ပြီး ကောင်လေး၏ နဖူးကို ထိလိုက်သည်။ စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်း ရွှေနဂါး တံဆိပ်တော် စတင် လှုပ်ရှားလာသည်။ နဖူးပေါ်တွင် တံဆိပ်တော် ဝင်းလက်လာပြီး မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲလာသည်။
ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။
"သိုင်းဝိဉာဉ်..."
လူတိုင်း အံ့အားသင့်သွားကြ၏။
"ဝါးမြိုမယ်..."
လက်ချောင်းကို နဖူးပေါ် ဖိထားရင်း ဖုန်းဝူချန် ဟိန်းဟောက်လိုက်သည်။ အလွန်တရာ လွှမ်းမိုးနိုင်သော ဝါးမြိုခြင်း စွမ်းအားကြီးတစ်ခု ရူးသွပ်စွာ ထွက်ပေါ်လာသည်။
ကောင်လေး၏ ကိုယ်ထဲမှ သေစေနိုင်သော အဆိပ်များသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူဝါးမြိုခြင်း ခံလိုက်ရ၏။
‘တကယ် ရတာပဲ... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူး…’
ဖုန်းဝူချန် စိတ်ထဲတွင် ကျေနပ်အားရသွား၏။
ခဏလေး အတွင်းမှာပင်... ကောင်လေး၏ ကိုယ်ထဲမှ အဆိပ်များ အားလုံး ကုန်စင်သွားခဲ့ရတော့၏။
"သား ယားတာတွေ ပျောက်သွားပြီ..."
ကောင်လေး၏ အားနည်းသော်လည်း စိတ်လှုပ်ရှားနေသော အသံလေး ထွက်ပေါ်လာသည်။
ဖုန်းဝူချန် လက်ဝှေ့ယမ်းလိုက်ရာ ရေလှိုင်းအလွှာတစ်ခုက ကောင်လေးကို ရစ်ပတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ သွေးများကို ဆေးကြောပေးလိုက်သည်။ အနီကွက်များ အားလုံး ပျောက်ကွယ်သွားလေတော့သည်။
"အစ်ကိုကြီးဖုန်း အောင်မြင်ပြီ..."
အဝေးမှ ကြည့်နေသော လင်ရှောင်ရှောင် ပျော်လွန်း၍ မျက်ရည်ကျလာသည်။
"မင်းအဆိပ်တွေ ပျောက်သွားပါပြီ..."
ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... သားအသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
ကောင်လေးက ဒူးထောက်ပြီး အကြိမ်ကြိမ် ဦးခိုက်နေရှာသည်။
"အဖေ... သား ကောင်းသွားပြီ..."
ကောင်လေးက သူ့အဖေကို လက်လှမ်းပြလိုက်သည်။
"အမယ်လေး…ငါတို့ ကယ်တင်ခံလိုက်ရပြီ... ကယ်တင်ရှင် ရောက်လာပြီ..."
"နောက်ဆုံးတော့ ကောင်းကင်ဘုံက မျက်စိဖွင့်ကြည့်ပြီး ငါတို့ကို ကယ်ဖို့ နတ်ဘုရားတစ်ပါး လွှတ်ပေးလိုက်ပြီ..."
နေရာတစ်ခုလုံး ပျော်ရွှင်သော အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်သွားလေတော့သတည်း။
အခန်း (၄၉၂) - နတ်ဘုရား
~"ပျောက်သွားပြီ... ကောင်လေးရဲ့ ကိုယ်ပေါ်က အနီကွက်တွေ အကုန် ပျောက်သွားပြီ..."
"မယုံနိုင်စရာပဲ... သေစေနိုင်တဲ့ အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို သူက ဝါးမြိုပစ်လိုက်တာလား..."
"ဒီကောင်လေးရဲ့ သိုင်းဝိဉာဉ်က အရမ်း စွမ်းတာပဲ..."
မိသားစုကြီး (၄) စုနှင့် မြို့စားမင်း အစောင့်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်သော မြင်ကွင်းကို ကြည့်နေကြ၏။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ဖုန်းဝူချန်သည် ကောင်လေး၏ ကိုယ်ထဲမှ အဆိပ်များကို ဝါးမြိုပစ်လိုက်ပြီး ပျောက်ကင်းအောင် ကုသပေးလိုက်သည် မဟုတ်ပါလော။
'ဝါးမြိုခြင်း' စွမ်းအား၏ လွှမ်းမိုးနိုင်စွမ်းသည် အလွန်တရာ ကြီးမားပြီး ဆန်းကြယ်လွန်းလှသဖြင့် အစောင့်များ ယုံကြည်ရန် ခက်ခဲနေကြ၏။
ကောင်လေးပြီးနောက် ကိုယ်ဝန်ဆောင် အမျိုးသမီး အလှည့်။ အံ့ဖွယ်ရာ မြင်ကွင်း ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ဖုန်းဝူချန်၏ ဝါးမြိုခြင်းအောက်တွင် အမျိုးသမီး၏ ကိုယ်ထဲမှ အဆိပ်များ ကုန်စင်သွားပြီး၊ အနီကွက်များလည်း မျက်စိရှေ့မှာတင် ပျောက်ကွယ်သွား၏။
ယားယံခြင်း ဝေဒနာများ ချက်ချင်း ပျောက်ကွယ်သွားပြီး နေလို့ထိုင်လို့ ကောင်းသွား၏။
"ကျေးဇူးတင်ပါတယ် ရှင်... ကျွန်မတို့ သားအမိရဲ့ အသက်သခင်ပါပဲ..."
မျက်ရည်များ စီးကျလျက် အမျိုးသမီးက ဒူးထောက်မတတ် ကျေးဇူးတင်စကား ဆိုလေသည်။
ဖုန်းဝူချန်က သူမကို အလျင်အမြန် တွဲထူလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"အားနာစရာ မလိုပါဘူး... ဒါ အသေးအမွှားလေးပါ..."
"ပြီးသွားပြီ... နောက်တစ်ယောက် ပျောက်သွားပြန်ပြီ..."
"အဆိပ်တွေ အကုန် စုပ်ထုတ်လိုက်ပြန်ပြီ..."
"တကယ့် နတ်ဘုရားပါလား... ငါတို့ အသက်ရှင်ပြီဟေ့..."
အဆိပ်သင့်သူများ၏ ပျော်ရွှင်စွာ အော်ဟစ်သံများ ဆူညံသွား၏။ ငရဲခန်းထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရသလို ခံစားခဲ့ရသော နေ့ရက်များ ကုန်ဆုံးသွားပြီ ဖြစ်လေ၏။
"မိန်းမရေ... မင်းရဲ့ အနီကွက်တွေ ပျောက်ကုန်ပြီ... ပျောက်ကုန်ပြီကွ..."
လူလတ်ပိုင်း အမျိုးသားတစ်ဦး ဝမ်းသာလွန်း၍ ငိုကြွေးနေ၏။ တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။
အစောင့်များ အားလုံး အံ့ဩတုန်လှုပ်နေဆဲ။
ပထမ ကောင်လေး ပျောက်သွားတာ တိုက်ဆိုင်မှုဟု ပြော၍ ရသော်လည်း၊ ဒုတိယ ကိုယ်ဝန်ဆောင် အမျိုးသမီးပါ ပျောက်သွားပြီ ဆိုတော့... ဖုန်းဝူချန်သည် အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို တကယ် ဝါးမြိုနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင်။
"ကျေးဇူးတင်ပါတယ် ညီလေး... ကျေးဇူးတင်ပါတယ်..."
"သူရဲကောင်းလေး... ကျေးဇူးကြီးလှပါတယ်..."
"မယားတော့ဘူး... လုံးဝ မယားတော့ဘူး..."
တစ်ယောက်ပြီး တစ်ယောက် ကုသပေးလိုက်သည်နှင့်အမျှ လူထု၏ ပျော်ရွှင်အော်ဟစ်သံများ မိုးထိအောင် ညံလာသည်။ သူတို့အားလုံး ဘဝသစ် ပြန်ရလိုက်သလို ခံစားနေကြရသည်။
"မြန်မြန်... မိသားစုခေါင်းဆောင်ဆီ သွားသတင်းပို့လိုက်ပါ."
အစောင့်များ အသိဝင်လာပြီး ချက်ချင်း သတင်းပို့ရန် ပြေးထွက်သွားကြ၏။
"မြို့ထဲမှာ အဆိပ်သင့်နေတဲ့သူတွေ အများကြီး ကျန်သေးတယ်... ခင်ဗျားတို့ သွားပြီး သတင်းဖြန့်လိုက်ပါ. မြို့တံခါးဝကို လာခဲ့ကြလို့ ပြောလိုက်ပါ."
ဖုန်းဝူချန်က အစောင့်များကို ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့... အခုချက်ချင်း သွားပါ့မယ်..."
အစောင့်များလည်း စိတ်လှုပ်ရှားစွာဖြင့် မြို့ထဲသို့ ပြေးဝင်သွားကြ၏။
...
မြို့စားမင်း ခန်းမဆောင်...
မိုကျန့်နန်နှင့် အခြား မိသားစုခေါင်းဆောင် (၃) ယောက်၊ အကြီးအကဲများ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။
"ဝှစ်..."
လေထု တုန်ခါသွားပြီး ကန်ဟိုင်ဖုန်း ရောက်ရှိလာခြင်းပင်။
"မြို့စားမင်း... ဘယ်လိုလဲ... ဝိညာဉ်စား ဘိုးဘေးက သဘောတူပါရဲ့လား..."
မိုကျန့်နန် စိတ်ပူပန်စွာ မေးလိုက်သည်။
ကန်ဟိုင်ဖုန်းက မျက်နှာပျက်နေပြီး ခေါင်းခါလိုက်သည်။
"ဝိညာဉ်စား ဘိုးဘေးက အဆိပ်မှုန့်ပဲ ဖော်စပ်တာ... ဖြေဆေး မဖော်ဘူးတဲ့... ကျန်းရှီလျန်လည်း သူ့ဆီကနေ အဆိပ်မှုန့်ပဲ ယူသွားတာ... ဖြေဆေး လုံးဝ မရှိဘူးတဲ့..."
"ဖြေဆေး မရှိဘူး..."
အားလုံး၏ မျက်နှာထားများ ဖြူဖျော့သွားကြ၏။
ဖြေဆေး မရှိရင်... အဆိပ်သင့်တဲ့သူတိုင်း သေလမ်းပဲ ရှိတော့တာပေါ့။
ကန်ဟိုင်ဖုန်း၏ စကားသည် အားလုံးကို မျှော်လင့်ချက်မဲ့ခြင်း နွံထဲသို့ တွန်းပို့လိုက်သလိုပင်။
ထျန်းကျီဘုံ ပညာရှင် မရှိဘဲ၊ ဖြေဆေး မရှိဘဲနှင့် အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို ကုသရန် မဖြစ်နိုင်ပေ။ သေမင်းကို ထိုင်စောင့်နေရုံသာ ရှိတော့၏။
အဆိပ်သင့်သူ ဦးရေက များလွန်းလှသဖြင့် ထျန်းကျီဘုံ ပညာရှင် ရှိလျှင်တောင် အားကုန်ပြီး သေသွားနိုင်လောက်သည်။
ထို့နောက်၊ ကန်ဟိုင်ဖုန်းက အားမရှိသော အသံဖြင့် ပြောလိုက်၏။
"ဝိညာဉ်စား ဘိုးဘေးက စိတ်ကောက်တတ်လွန်းတယ်... ဘယ်လောက်ပြောပြော မရဘူး... ဖြေဆေး ဖော်ပေးဖို့ ငြင်းတယ်... သွေးလမင်းမြို့တော်တော့ သွားပြီ..."
ထိုစဉ်၊ မိသားစုခေါင်းဆောင် တစ်ယောက်က ရက်စက်စွာ အကြံပြုလိုက်သည်။
"ဖြေဆေး မရှိရင် အဆိပ်သင့်တဲ့သူတွေ သေချာပေါက် သေရမှာပဲ... အဆိပ်မပြန့်အောင် လုပ်ဖို့ တစ်နည်းပဲ ရှိတယ်... အဆိပ်သင့်သူ အားလုံးကို သတ်ပစ်ရမယ်... ကိုယ့်မိသားစုဝင်တွေလည်း ချွင်းချက် မရှိဘူး... မဟုတ်ရင် ကျွန်တော်တို့ပါ ကူးစက်ကုန်လိမ့်မယ်..."
"မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး... ကျွန်တော့်သားလည်း အဆိပ်သင့်နေတာ..."
မိုကျန့်နန်က ပထမဆုံး ကန့်ကွက်လိုက်၏။
ကိုယ့်သားအရင်း အဆိပ်သင့်ပြီး သေတာကို သူ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မည်နည်း။
မိုဝူရှဲ့သည် အခုဆို မိုမိသားစု မြေတိုက်ခန်းထဲတွင် အဆိပ်ဒဏ်ကို အလူးအလဲ ခံစားနေရသည်။ သွေးသံရဲရဲဖြင့် အော်ဟစ်နေပြီး အသက်ငင်နေပြီ ဖြစ်လေ၏။
"မိသားစုခေါင်းဆောင်မို... အများအကျိုးကို ကြည့်ပါ... သခင်လေးမိုကို ကယ်လို့ မရတော့ပါဘူး..."
ဟု နောက်တစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။
"သူပြောတာ မှန်တယ်... မိသားစုခေါင်းဆောင်မို... သူတို့ကို မသတ်ရင် နောက်ဆုံး ကျုပ်တို့ပါ ကူးစက်ကုန်မှာ... သွေးလမင်းမြို့တော် တစ်ခုလုံး သေကုန်တာကို ခင်ဗျား မြင်ချင်လို့လား..."
"ဟွန်း... မင်းတို့သားတွေ အဆိပ်မသင့်တော့ ပြောရတာ လွယ်တာပေါ့..."
မိုကျန့်နန် ဒေါသတကြီး ပြန်ပြောလိုက်သည်။
ထိုအခါ၊ ကန်ဟိုင်ဖုန်းက အမိန့်ပေးလိုက်သည်။
"ဒီလိုလုပ်မယ်... သခင်လေးမိုက လွဲရင် ကျန်တဲ့ အဆိပ်သင့်သူ အားလုံးကို သတ်ပစ်မယ်... ဒါပေမဲ့ သခင်လေးမိုက မိုမိသားစု အိမ်တော်ကနေ ခြေတစ်လှမ်းတောင် အထွက်မခံရဘူး... မဟုတ်ရင် ငါ့ကို မညှာတာဘူးလို့ အပြစ်မဆိုနဲ့... ဒီအဆိပ်ကို သွေးလမင်းမြို့တော် အပြင်ဘက် ပျံ့နှံ့ခွင့် မပေးနိုင်ဘူး... အပြစ်မဲ့တဲ့ သူတွေ ထပ်ပြီး ဒုက္ခမရောက်စေချင်ဘူး..."
ကန်ဟိုင်ဖုန်း၏ စကားများသည် အများအကျိုး လိုလိုနှင့် ကိုယ်လွတ်ရုန်းသည့် သဘော သက်ရောက်နေ၏။
မိမိတို့ အသက်ရှင်ဖို့အတွက် မြို့စားမင်းနှင့် မိသားစုခေါင်းဆောင်များသည် အဆိပ်သင့်သူများကို ရက်စက်စွာ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြ၏။
ဘယ်သူက ဒီလောက် ကြောက်စရာကောင်းသည့် အဆိပ်ကို မကြောက်ဘဲ နေမည်နည်း။
မိုကျန့်နန် နှုတ်ဆိတ်နေလိုက်သည်။ သူ့မျက်နှာထား အလွန် သုန်မှုန်နေ၏။
သွေးလမင်းမြို့တော်တွင် ကန်ဟိုင်ဖုန်း၏ အမိန့်သည် အရာရာ ဖြစ်လေ၏။ မိုဝူရှဲ့ကို အသက်ချမ်းသာပေးသည်ကပင် ကျေးဇူးတင်စရာ ဖြစ်နေလေပြီ။ သူ ထပ်မပြောရဲတော့ပေ။
သူတို့ ငြင်းခုံနေစဉ်မှာပင်... အစောင့်အများအပြား ပြေးဝင်လာကြလေသည်။
"မြို့စားမင်း... မျှော်လင့်ချက် ရှိပါပြီ... မျှော်လင့်ချက် ရှိပါပြီ..."
အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လာလေသည်။
"မျှော်လင့်ချက်..."
"မနေ့က မြို့ထဲဝင်ချင်တဲ့ လူငယ်လေးလေ... သူက မြို့တံခါးဝမှာ လူတွေကို ကယ်နေတယ်... သူက အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို ဝါးမြိုနိုင်ပါတယ်... လူတစ်ဒါဇင်ကျော်တောင် အဆိပ်ပြယ်သွားပါပြီ..."
"ဟုတ်ပါတယ်... သူ ကယ်နိုင်ပါတယ်..."
"ကျွန်တော်တို့ မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာ... သူက သိပ်တော်တာပဲ... အဆိပ်တွေကို ချက်ချင်း ဝါးမြိုပစ်လိုက်တာပါ..."
အစောင့်များ အလုအယက် သတင်းပို့ကြ၏။
"သူလား..."
မိုကျန့်နန်၏ မျက်နှာထား ရှုပ်ထွေးသွား၏။
"သူက အဆိပ်ကို ဝါးမြိုနိုင်တယ် ဟုတ်လား..."
ကန်ဟိုင်ဖုန်းနှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်က သိပ်ပြင်းတာ... ဘယ်သူက ဝါးမြိုရဲမှာလဲ..."
အကြီးအကဲ တစ်ယောက်က မယုံနိုင်စွာ ရေရွတ်လိုက်သည်။
"တကယ်ပါ... ပြီးတော့ သူ ဘာမှလည်း မဖြစ်ဘူး... အခု မြို့တံခါးဝမှာ ကယ်နေတုန်းပဲ... မြို့စားမင်း ကိုယ်တိုင် သွားကြည့်လိုက်ပါ..."
အစောင့်က အတည်ပြုလိုက်သည်။
မျှော်လင့်ချက်မဲ့နေသော ကန်ဟိုင်ဖုန်းတို့ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာသည်။
"သွားကြည့်ကြမယ်..."
ကန်ဟိုင်ဖုန်း အလျင်အမြန် ပြောလိုက်သည်။
တကယ်သာ မှန်ခဲ့လျှင်... သွေးလမင်းမြို့တော် ကယ်တင်ခံရပြီ ဖြစ်၏။
ထိုအချိန်တွင်... မြို့တံခါးဝ အပြင်ဘက်ရှိ သီးသန့်ဇုန်တွင် လူပေါင်း ဒါဇင်များစွာ ကယ်တင်ခြင်း ခံလိုက်ရပြီ ဖြစ်ပါ၏။
ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော်လည်း၊ လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသား။ ဖုန်းဝူချန်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။
"ကျေးဇူးတင်ပါတယ် နတ်ဘုရား... ကျွန်တော်တို့ အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
လူအုပ်ကြီးက ဖုန်းဝူချန်ကို ဦးခိုက်နေကြ၏။ သူတို့အတွက်တော့ ဖုန်းဝူချန်သည် ကယ်တင်ရှင်သာ မကတော့ဘဲ... ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားစစ်စစ် တည်း။