← Chapters

ကောင်းကင်ကိုးဆင့် နဂါးမီးလျှံ

Vol. 1 Ch. 431

ကောင်းကင်ကိုးဆင့် နဂါးမီးလျှံ

Vol. 1 Ch. 431

ကျန်းရီသည် မှော်စွမ်းအင်ကျင့်စဉ်တစ်မျိုးကို နားလည်ရန် ကြိုးစားနေခဲ့သည်။ ၎င်းမှာ သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း ဖြစ်ရမည့်အစား ကောင်းကင်ဖျက်မီး ဖြစ်သည်။

သူသည် သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်းကို လေးနာရီကြာ လေ့လာကြည့်သော်လည်း တိုးတက်မှု လုံးဝမရှိကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် ကောင်းကင်ဖျက်မီးကျင့်စဉ်ကို လေ့လာကြည့်ရန် လုပ်လိုက်စဉ်တွင် ထူးခြားမှုတစ်ခုကို တွေ့ရှိသွားခဲ့သည်။

သူသည် ထိုမှော်ကျင့်စဉ်အတိုင်း ကောင်းကင်နှင်မြေကြီး၏ မီးဒြပ်စင်များကို စုပ်ယူကြည့်နေချိန်တွင် အကြံတစ်ခု ရလာခဲ့သည်။ သူရရှိထားသမျှ မီးအားလုံးကို ဒန်တျန်းထံ ပို့လိုက်ခြင်းဖြစ်သည်။ ယခင်အချိန် မီးတောက်များကို သူအသုံးပြုခဲ့စဉ်က ကမ္ဘာ့မီးလျှံအနည်းငယ်ကို ဒန်တျန်းထံ ပို့ခဲ့ဖူးသော်လည်း ၎င်းတို့မှာ အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ ဤမီးဒြပ်စင်များလည်း ပျောက်သွားမည်လားဟု သူသိချင်နေခြင်းဖြစ်သည်။

အဆုံးတွင် ထိုမီးဒြပ်စင်များမှာလည်း မီးစွမ်းအင်တစ်စအဖြစ် ပြောင်းလဲသွားကာ ဒန်တျန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

သူသည် မီးဒြပ်စင်များကို အလျင်အမြန် ထပ်မံ စုပ်ယူလိုက်ပြီး ဒန်တျန်းထံ ထပ်ပို့ကြည့်လိုက်ပြန်သည်။ ထို့နောက် မီးဒြပ်စင်များ ရောက်သွားသည့်နေရာကို ရှာဖွေရန် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ့ဒန်တျန်းကို စစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးတွင် ပြဿနာကို သူသတိပြုမိလိုက်သည်။ မီးဒြပ်စင်များမှာ ဒန်တျန်းအတွင်း ရောက်သည်နှင့် ပထမကြယ်၏ စုပ်ယူခံလိုက်ရခြင်းဖြစ်သည်။ ပထမကြယ်အတွင်း သူစစ်ဆေးကြည့်လိုက်သော် အတွင်းတွင် အနီရောင်အတွင်းအားများကိုသာ တွေ့လိုက်ရသည်။ ဖြစ်နိုင်သည်မှာ ပျောက်ကွယ်သွားသော ကမ္ဘာ့မီးလျှံများ၊ မီးဒြပ်စင်များ အားလုံးသည် အနီရောင် အတွင်းအားများအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းကို သဘောပေါက်လိုက်သည်နှင့် ကောင်းကင်ဖျက်မီး မှော်ကျင့်စဉ်ကို မကျင့်ကြံတော့ရန် တွေးလိုက်သည်။ ထိုကျင့်စဉ်အတွက် သဘာဝလွန်ကို အဆင့်ကိုရောက်ရန် အလွန်ခက်ခဲသည့်အပြင် နည်းလမ်းမှာလည်း မီးမှန်သမျှကို စုပ်ယူပြီး ကျင့်ကြံရန် တစ်နည်းသာရှိသည်။ ထို့ပြင် ရှားပါးမီးလျှံများကို ရှာဖွေ၍ စုပ်ယူပြီး မီးလျှံများ၏ စွမ်းအားကို မြှင့်တင်ရဦးမည်။ သို့သော် မီးလျှံများအားလုံးမှာ ပထမကြယ်၏ စုပ်ယူခြင်းခံလိုက်ရလေရာ သူမည်သို့ ကျင့်ကြံရမည်နည်း။

ကြယ်ကိုးလုံး၏ ဆန်းကြယ်မှုများကို သူလုံးဝ မသိေပေ။ သူ့တွင် အကိုးအကားယူစရာ သမိုင်းမှတ်တမ်းလည်း မရှိသလို လမ်းညွှန်သင်ကြားပေးမည့်သူလည်း မရှိချေ။ ထို့ကြောင့် သူသည် မီးလျှံများနှင့် ကျင့်ကြံရန် မဖြစ်နိုင်ဟူသော အမှန်တရားကို လက်ခံလိုက်ရုံသာ ရှိသည်။

သို့သော် သူလက်လျှော့တော့မည့်အချိန်တွင် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည်။ မီးဒြပ်စင်များသည် ပထမကြယ်၏ စုပ်ယူခံရပြီး အနီရောင်အတွင်းအားများအဖြစ် ပြောင်းလဲသွားသည်။ ထိုအချက်ကို ပြောင်းပြန်လုပ်ရန် အဘယ့်ကြောင့်မဖြစ်နိုင်ရမည်နည်း။ အနီရောင်အတွင်းအားကို မီးလျှံများအဖြစ် ပြောင်းလဲပစ်နိုင်သည် မဟုတ်ပါလော။

ကြယ်များအတွင်းမှ အတွင်းအားသည် ဆန်းကြယ်၍ စွမ်းအားကြီးသည်။ နတ်ဆိုးဧကရီသည် ကြယ်များထဲမှ အတွင်းအားသည် ကောင်းကင်ဧကရာဇ်အဆင့်များသာ ပိုင်ဆိုင်သည့် အတွင်းအားစစ်ဟု မပြောခဲ့သော်လည်း ကောင်းကင်သတ္ထုကြောတွင် ဤအနီရောင်အတွင်းအား၏ စွမ်းအားကို သူမျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

သို့နှင့် သူသည် အာရုံခံစားမှု အားလုံးကို ပိတ်ဆို့လိုက်ပြီး အနီရောင်အတွင်းအားကို မီးလျှံများအဖြစ် ပြောင်းလဲပစ်ရန် နည်းလမ်းရှာဖွေနေခဲ့သည်။ သူ၏ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်၍ ကျင့်ကြံနေမှုသည် နှစ်ရက်နှင့် သုံးညကြာမြင့်ခဲ့သည်။ အနက်ရောင် အငွေ့အသက်တို့ သူ့ကိုယ်နှင့် စိတ်ဝိဉာဉ်အတွင်းသို့ ကျူးကျော်လာသဖြင့် မီးဝိဉာဉ်ပုလဲက ကာကွယ်ပေးလိုက်ခြင်းကြောင့်သာ မဟုတ်ပါက သူနိုးလာမည်ပင် မဟုတ်သေးချေ။

"ရှောင်နူ"

ကျန်းရီ သတိလာချိန်တွင် သူ့လက်များအတွင်း သတိမေ့နေသော ကျန်းရှောင်နူကို အရင်ဆုံးမြင်လိုက်ရသည်။ သူမ၏ ဆံပင်များမှာ အနက်ရောင် ပြန်ဖြစ်နေခဲ့ပြီး တောင်ပံများလည်း ပျောက်ကွယ်သွားခဲ့ရာ ကျောပြင်ဖြူဖြူ ပေါ်လွင်နေခဲ့သည်။ သူမ၏ နားရွက်များနှင့် လက်ချောင်းများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်သော်လည်း သူမ၏အသားအရောင်မှာ အလွန်တရာ ဖြူဖျော့နေလေသည်။

"ရှောင်နူ...ရှောင်နူ"

ကျန်းရီသည် မျက်နှာပျက်ယွင်းသွားခဲ့ပြီး ကျန်းရှောင်နူကိုပွေ့၍ စိတ်ပူပန်စွာ အော်ခေါ်လိုက်သည်။ ဘေးဘက်မှ ယာ့ဇီသားရဲသည် ဆွံ့အသွားခဲ့သည်။ ဤအခြေအနေတွင် အနှီမိုက်မဲသော ကောင်စုတ်လေးသည် ပူဆွေးနေရန် စိတ်ကူးရှိသေးသည်လော။ သူသည် ချက်ချင်း အော်လိုက်သည်။

"ကောင်လေး...မင်းဘာမှမလုပ်သေးရင် ငါတို့အားလုံး ဒီမှာ သေသွားတော့မယ်"

"အမ်"

ထိုအခါမှ ကျန်းရီသည် ပတ်ဝန်းကျင်ကို သတိပြုမိလိုက်သည်။ သူသည် ဖုတ်ကောင်များ၊ သွေးများ၊ ပုပ်နံ့များ ပြည့်နေသော လက်ရှိနေရာ၏ သွေးပျက်ဖွယ်ကောင်းပုံကို မြင်လိုက်သောအခါ အံ့အားသင့်စွာ မေးလိုက်သည်။

"ဒါဘယ်နေရာလဲ။ တမလွန်လောကဆိုတဲ့နေရာလား"

"ဒါဘယ်နေရာလဲဆိုတာ နောက်ထားပြီး အရင်တိုက်ခိုက်ပါလား။ မင်းဘာမှမလုပ်သေးရင် ဒီဘုရင်က ဖုတ်ကောင်သားရဲ ဖြစ်သွားလိမ့်မယ်"

ယာ့ဇီသားရဲသည် ငိုချင်နေပါသော်လည်း မျက်ရည်များ ထွက်မလာခဲ့ပေ။ ၎င်း၏ ကိုယ်မှာ အနက်ရောင် အငွေ့များ၏ လွှမ်းခြုံခြင်းခံနေရပြီး သူ့ကိုယ်ကြီး၏ တစ်ဝက်ကျော်ခန့်မှာ အရောင်ပြောင်းနေပြီဖြစ်သည်။ ၎င်း၏ အမြန်နှုန်းမှာလည်း နှေးသထက်နှေးလာပြီး စိတ်ဝိဉာဉ်ပါ အရောင်ပြောင်းလုနေချေပြီ။ ထိုအနက်ရောင်အငွေ့များသာ သူ့စိတ်ဝိဉာဉ်ကို ဝါးမျိုသွားပါက သူသည်လည်း ဖုတ်ကောင်သားရဲ ဖြစ်သွားရန် သေချာသလောက်ရှိသည်။

"ကောင်းပြီ"

ကျန်းရီသည် စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ ယာ့ဇီသားရဲ မှန်လေသည်။ ဤနေရာဘာဖြစ်ဖြစ် ဘာမှမပြောခင် အရင်တိုက်ခိုက်သင့်သည်။ တမလွန်လောက ဖြစ်နေလျှင်ရော ဘာအရေးနည်း။ သူ သတ်ဖြတ်၍ ဤနေရာကို ကျွမ်းထိုးမှောက်ခုံ လုပ်ပစ်ရပေမည်။

သူသည် ကျန်းရှောင်နူကို စကြဝဠာနန်းတော်အတွင်း ထည့်လိုက်သည်။ သူမတွင် ပြန်ကုသပေးရန်မလိုဘဲ အလိုအလျောက် ပြန်ကောင်းနိုင်သည့် ထူးခြားသည့် ခန္ဓာကိုယ်ရှိသည်။ သူမကို ပြင်ပမှ ကုသပေး၍လည်း အသုံးမဝင်ချေ။

ဂါး...ဂါး...

ဖုတ်ကောင်များမှာ နေရာအနှံ့မှ ပျံသန်းလာခဲ့သည်။ ကျန်းရီ၏ကိုယ်မှာ မရွေ့လျားသလို ရန်သူများကို ရင်ဆိုင်ရန် မီးနဂါးဓားကိုလည်း ဆွဲမထုတ်ခဲ့ပေ။ သူသည် နှုတ်ဖျားမှသာ အော်ဟစ်လိုက်သည်။

"ကောင်းကင်ဖျက်မီး"

သူ့လက်များသည် တောက်ပလာခဲ့ပြီး လက်ဝါးထက်တွင် မီးလျှံများ ထွက်ပေါ်လာသည်။ ထိုမီးလျှံများမှာ ပုံမှန်မီးတောက်များနှင့် ကွဲပြားလေသည်။ မီးလျှံတစ်စစီတိုင်းသည် အလွန်ထူးခြားပြီး မီးများအတွင်းတွင် မီးနဂါးတစ်ကောင် ကူးခတ်နေသည့်အလားပင်။

မီးလျှံများ ပြေးထွက်သွားသည်နှင့် လေထုတစ်ခုလုံးမှာ တုန်ခါသွားခဲ့သည်။ တောက်လောင်နေသော မီးလျှံများမှာ ကမ္ဘာ့မီးလျှံများထက် အဆတစ်ရာခန့် ပိုပြင်းထန်လေသည်။ ကျန်းရီသည် လက်ဝါးရိုက်ချက်များ မပြတ်ထုတ်လွှတ်၍ မီးလှိုင်းကြီးများကို ဖုတ်ကောင်များရှိရာသို့ တွန်းလွှတ်နေလေသည်။

"အမ်...ကောင်းကင်ကိုးဆင့်နဂါးမီးလျှံ"

ယာ့ဇီသားရဲသည် အလွန်တရာ မြင့်မားလှသော အပူချိန်ကြောင့် သတိအနေအထားဖြစ်သွားကာ လှည့်ကြည့်၍ မယုံနိုင်စွာ ပြောလာခဲ့သည်။

"ကောင်လေး...မင်းတကယ်ကြီး ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတွေ လွှတ်လိုက်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ"

ယာ့ဇီသားရဲသည် စုန်းနတ်ဘုရားကို နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့သည်။ ၎င်းသည် ဉာဏ်ရည်အလွန်မြင့်မားပြီး စုန်းနတ်ဘုရား၏ မှော်ကျင့်စဉ်များနှင့် ပတ်သက်၍ အကုန်သိလေသည်။

ကောင်းကင်ဖျက်မီးသည် မီးဓာတ်အထူးပြုသော မှော်ကျင့်စဉ်ဖြစ်သည်။ ကျင့်စဉ်၏ ကနဦးအဆင့်တွင် သာမန်မီးလျှံများကိုသာ ထုတ်နိုင်လိမ့်မည်။ နောက်တစ်ဆင့်တွင် ကျင်ကြံသူသည် ကမ္ဘာ့မီးလျှံများနှင့် စွမ်းအားတူသည့် မီးလျှံများကို ထုတ်နိုင်လိမ့်မည်ဖြစ်ပြီး နောက်တစ်ဆင့်သည် ကောင်းကင်ကိုးဆင့်မီးလျှံများကို ထုတ်ဖော်နိုင်လိမ့်မည်။ နောက်ထပ်သော အဆင့်သည် စုန်းနတ်ဘုရားရောက်ရှိခဲ့သော အဆင့်ဖြစ်ပြီး ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို ထုတ်နိုင်လိမ့်မည်။ ကျင့်ကြံသူသည် နောက်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပါက ကောင်းကင်ဧကရာဇ်အဆင့်များကိုတောင် ပြာချပစ်နိုင်သည့် ကောင်းကင်ကိုးဆင့် မီးလျှံစစ်များကို ထုတ်ဖော်နိုင်လိမ့်မည်ဟု အဆိုရှိသည်။

စုန်းနတ်ဘုရားသည် ရှားပါးပါရမီရှင်တစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ဖျက်မီးကျင့်စဉ်ကို လဝက်ခန့်နှင့် ကနဦးအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး ကမ္ဘာ့မီးလျှံများကို ထုတ်ဖော်နိုင်ရန် နှစ်ဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ ကောင်းကင်ကိုးဆင့်မီးလျှံများကို ထုတ်ဖော်နိုင်ရန်မူ နှစ်သုံးဆယ်ခန့် သူအချိန်ယူခဲ့ရသည်။ ထိုမှော်ကျင့်စဉ်ကို နှစ်တစ်ရာကျော် ကျင့်ကြံခဲ့ပြီးနောက်တွင်တော့ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို သူထုတ်လွှတ်နိုင်ခဲ့သည်။

ကျန်းရီ ဘယ်လောက်ကြာကြာ ကျင့်ကြံခဲ့သနည်း။

ယာ့ဇီသားရဲ မလန့်ဘဲ နေနိုင်ပါမည်လော။ စုန်းနတ်ဘုရား နှစ်တစ်ရာခန့် အချိန်ပေး၍ လေ့လာခဲ့ရသောအဆင့်ကို ကျန်းရီသည် ရက်အနည်းငယ်နှင့် ရောက်ရှိခဲ့သည်။

"ဒါက ကောင်းကင်ကိုးဆင့် နဂါးမီးလျှံလား။ အိုး...ဟုတ်မယ်ထင်တယ်။ မီးလျှံတွေထဲမှာ နဂါးတစ်ကောင် ရှိနေသလိုပဲ"

ကျန်းရီသည် မှင်တက်သွားခဲ့သည်။ ဤမီးလျှံများသည် စုန်းနတ်ဘုရား ရောက်ရှိခဲ့သည့်အဆင့်မှ ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများ အမှန်တကယ် ဖြစ်နေသည်။

သို့သော် ကောင်းကင်ဖျက်မီး မှော်ကျင့်စဉ်စာအုပ်တွင် မီးလျှံများကို ထုတ်ဖော်ခြင်းသည် တစ်ဆင့်ပြီးမှ တစ်ဆင့်လာသည်ဟု ဖော်ပြထားသည်။ ကမ္ဘာ့မီးလျှံများနှင့် ကောင်းကင်ကိုးဆင့် မီးလျှံများကိုတောင် သူမထုတ်လွှတ်ရသေးပေ။ ဘယ်ပုံဘယ်နည်းဖြင့် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ ထွက်လာလေသနည်း။

မဟုတ်သေးဘူး။ ဒီမီးတောက်တွေက ငါကျင့်ကြံပြီးရလာတာ မဟုတ်ဘူး။ ဒါတွေက ပထမကြယ်ထဲက အနီရောင်အတွင်းအားတွေကနေ တိုက်ရိုက်ပြောင်းထားတာ...ဒီကြယ်ကိုးလုံးမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ဒီအနီရောင်အတွင်းအားတွေက ဘာတွေမို့ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံအဖြစ် တိုက်ရိုက်ပြောင်းလဲသွားတာလဲ။

ကျန်းရီသည် မယုံနိုင်စွာ ရေရွတ်လိုက်သည်။

မှန်ပေသည်။ သူသည် ကောင်းကင်ဖျက်မီးကျင့်စဉ်၏ နောက်ပိုင်းအဆင့်များကို ကျင့်ကြံထားခြင်းမဟုတ်ပေ။ သူ့ပထမကြယ်ထဲမှ အနီရောင်အတွင်းအားများကိုသာ မီးလျှံများအဖြစ် ပြောင်းလဲစေလိုက်ခြင်းဖြစ်သည်။ ထိုမီးလျှံများသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ ဖြစ်နေမည်ဟု သူမထင်ထားခဲ့မိပေ။

ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများသည် ကမ္ဘာ့မီးလျှံများထက် အဆတစ်ရာခန့် ပိုမိုအားပြင်းသည်။ ၎င်းသည် မီးဝိဉာဉ်ကျောက်တုံးကို မယှဉ်နိုင်သော်လည်း အလွန်ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။

ပို၍ အရေးကြီးသည့်အချက်မှာ ဤမီးလျှံများသည် အကန့်အသတ် မရှိပေ။ သူ့ဒန်တျန်းရှိ ပထမကြယ်ထဲတွင် အနီရောက်အတွင်းအားများ ရှိနေသရွေ့ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများကို သူထုတ်သုံးနိုင်သည်။

"သတ်..."

ကျန်းရီသည် ယာ့ဇီသားရဲရှိရာသို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် ဖုတ်ကောင်များရှိရာသို့ လက်ဝါးမြှောက်၍ မီးလှိုင်းကြီးများ ပစ်လွှတ်လိုက်သည်။ ကြောက်စရာကောင်းလှသော ဖုတ်ကောင် အမြောက်အများမှာ သူ့လက်တစ်ဖက် လှုပ်ရှားမှုအောက်တွင် မီးလောင်ပြာကျ ကုန်ကြလေသည်။

***

All Chapters