အခန်း (၉၆၄-၉၆၆)
Vol. 65 Ch. 964-966
အခန်း (၉၆၄) - အိုဒင် ကျဆုံးပြီ သွေးနတ်ဘုရား အသနားခံခြင်း
ကြာပန်းနီမီးတောက်များ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်ာ
လူအများစု၏ မျက်ရည်ပူများမှာ မထိန်းချုပ်နိုင်ဘဲ ကျဆင်းလာကြသည်။ နတ်ဘုရားများ၏ ကျူးကျော်မှုသည် တိုတောင်းသော်လည်း လူသားမျိုးနွယ်မျညးအတွက် ကြောက်မက်ဖွယ်ရာ ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။
အကယ်၍သာ ရွှယ်အန်းအချိန်မီ ရောက်မလာခဲ့ပါက ယခုရှိနေသူအားလုံး အသက်ရှင်ကျန်ရစ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကြီးမားသော ရန်သူကြီးကို ရွှယ်အန်းက အရှင်လတ်လတ် မီးဖြင့် သန့်စင်လိုက်သည်ကို မြင်လိုက်ရသောအခါ လူအများမှာ ခံစားချက်ပေါင်းစုံ လွှမ်းမိုးသွားကြလေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် နောက်သို့လှည့်လိုက်ပြီး လေဟာနယ်တစ်နေရာသို့ ပြုံးသယောင်ယောင် မျက်နှာထားဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့ ဘယ်လောက်ကြာကြာ ပုန်းနေဦးမလို့လဲ"
သူ့စကားသံ ဆုံးသည်နှင့် လေဟာနယ်သည် အနည်းငယ် တုန်ခါသွားပြီး ထိတ်လန့်တုန်လှုပ်နေသော ပုံရိပ်နှစ်ခု ပေါ်လာလေသည်။ ထိုသူများမှာ အိုဒင်နှင့် သွေးနတ်ဘုရား ဂါယားတို့မှလွဲ၍ တခြားသူမဟုတ်ပေ။
ဤနတ်ဘုရားနှစ်ပါးသည် ကံကောင်းထောက်မစွာဖြင့် ကနဦး အကြောင်းအကျိုးဓားချက်တွင် ကျဆုံးခြင်းမရှိဘဲ တိုက်ပွဲပြင်းထန်နေချိန် ဖရိုဖရဲဖြစ်ရပ်များကြား၌ ထွက်ပြေးရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့သည် ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်ကို လျှော့တွက်ခဲ့မိကြသည်။
ရွှယ်အန်းသည် ထွက်ပြေးမည့်သူ ရှိမည်ကို ရအစကတည်းက တွေးမိသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့် ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်သည်။
၎င်းတို့ ထွက်ပြေးလိုလျှင် ရွှယ်အန်းကို အနိုင်ယူမှသာ ရမည်ဖြစ်သည်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ လေဟာနယ်ကြားတွင် တုန်လှုပ်စွာ ပုန်းအောင်းနေရင်း ရွှယ်အန်း သူတို့ကို မေ့သွားပါစေဟု ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။
သို့သော် ထိုဆုတောင်းမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။
"သ... သခင်ကြီး... ကျုပ်အသက်ကို ချမ်းသာပေးပါ"
အိုဒင်သည် ကိုယ်ထင်ပြလိုက်သည်နှင့် တပြိုင်နက် ပထမဆုံး အသနားခံလိုက်တော့သည်။ သူ့အတွက် အသက်ရှင်ရန်ကသာ အဓိကဖြစ်ပြီး သိက္ခာနှင့် မာနတို့မှာ တန်ဖိုးမရှိတော့ပေ။
အထူးသဖြင့် ယဲ့လျို့ယန်ကို ကြာပန်းနီမီးတောက်ဖြင့် သန့်စင်ပြီး လီဟန်သခင်ကြီး၏ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်သည့် မြင်ကွင်းကြောင့် အိုဒင်မှာ ကြောက်လန့်တကြား ဖြစ်နေရသည်။
သွေးနတ်ဘုရား ဂါးယားမှာမူ အသနားမခံချင်၍မဟုတ်ဘဲ ကြောက်လွန်းသဖြင့် စကားပင်မပြောနိုင် ဖြစ်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် နတ်ဘုရားနှစ်ပါးကို အေးစက်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"အိုဒင်... အရင်တုန်းက ငါမင်းကို ပြောခဲ့တာ မှတ်မိသေးလား"
အိုဒင် တောင့်ခဲသွားသည်။
"ဘာ... ဘာကိုလဲ"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"တစ်နေ့ကျရင် မင်းရဲ့ နတ်ဘုရားအမြုတေကို တံဆိပ်တုံး လုပ်ပြီး ယန်အာကို လက်ဆောင်ပေးမယ်လို့ ငါပြောခဲ့တယ်လေ"
ထိုစကားကို ကြားသောအခါ အိုဒင်၏ မျက်နှာသည် သေလူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
"မဟုတ်... မဟုတ်ပါဘူး သခင်ကြီးရယ်၊ ကျုပ်က အတင်းအဓမ္မ ခိုင်းစေခံရလို့ပါ... ယဲ့လျို့ယန်က ကျုပ်ကို ကမ္ဘာမြေပြန်သွားဖို့ အတင်းဖိအားပေးခဲ့လို့ပါ၊ ကျေးဇူးပြုပြီး လွှတ်ပေးပါနော်"
ရွှယ်အန်း ခေါင်းခါလိုက်ရာ သူ့ မျက်နှာထားမှာ ပို၍ အေးစက်လာလေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက မင်းအသက်ရှင်ဖို့အတွက် ကမ္ဘာမြေကို သစ္စာဖောက်ပြီး လေဟာနယ်မျိုးနွယ်စုကြီးတွေနဲ့ ပေါင်းခဲ့တယ်၊ အခုလည်း ကိုယ့်လူမျိုးကို ထပ်ပြီး ရန်သူလုပ်ပြန်ပြီ၊ မင်းရဲ့ အပြစ်အတွက်... အပြစ်ဒဏ်ကခံရမှာပဲ"
ရွှယ်အန်း စကားပင်မဆုံးသေးပေ။
အိုဒင်၏ မျက်လုံးများ ယောက်ယက်သွားပြီး ရွှယ်အန်း ကျောပေးထားချိန် သတိလွတ်နေသည်ဟု ထင်ရချိန်ကို အခွင့်ကောင်းယူ၍ ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။ ရွှယ်အန်းသည် သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း သူနားလည်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ရှင်ရန်အတွက် အရာအားလုံးကို ပုံအော၍ စွန့်စားရတော့မည်။
ဥရောပမြောက်ပိုင်း အင်မော်တယ်ဘုရင် အိုဒင်သည် လီဟန်သခင်ကြီးနှင့် ပူးပေါင်းပြီးနောက် သူ၏ စွမ်းအားများ အဆပေါင်းတစ်ရာခန့် တိုးတက်လာခဲ့သည်။ ထာဝရလှံတံ ပျက်စီးသွားပြီဖြစ်သော်လည်း သူ၏ အစွမ်းကုန် တိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသည်။ သို့သော် ရွှယ်အန်းသည် ပူပင်ဟန် အနည်းငယ်မျှပင် မပြဘဲ အေးစက်စွာ ကြည့်နေခဲ့သည်။ အိုဒင်၏ လက်သီးသည် သူ့ မျက်နှာနားသို့ ရောက်လုနီးပါး ဖြစ်လာမှသာ ရွှယ်အန်းသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး အန်းယန်ကို ပြုံးပြကာ ပြောလိုက်သည်။
"ယန်အာ... ဘယ်လို တံဆိပ်တုံးမျိုး လိုချင်လဲ"
အန်းယန် အံ့အားသင့်သွားသည်။ သို့သော် အိုဒင်၏ ရင်ထဲတွင် ပျော်ရွှင်သွားလေသည်။
ယဲ့လျို့ယန်တောင် ငါ့ရှေ့မှာ ဒီလို မနေရဲဘူး... ရွှယ်အန်း မင်းက အရမ်းမောက်မာလွန်းတယ်... သေစမ်းကွာ
အိုဒင် လှောင်ပြုံးပြုံးလိုက်သည်။ သို့သော် သူ့ အပြုံးမဆုံးခင်မှာပင် သူ့မျက်နှာ ခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် လက်ကိုမြှောက်လိုက်ပြီး အိုဒင်၏ လက်သီးကို အချိန်ကိုက် ဖမ်းဆုပ်လိုက်သောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"နှေးလွန်းတယ်... ဒီလောက်နှစ်တွေကြာတာတောင် သူများခိုင်းဖတ်ဘဝက မတက်တာ မဆန်းပါဘူး"
အိုဒင် လန့်ဖျပ်သွားပြီး ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"အား... အား... အား"
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လက်ဝါးမှ အနီနှင့်အဖြူ ရောယှက်နေသော မီးတောက်များ ထွက်ပေါ်လာပြီး အိုဒင်၏ ပခုံးမှတဆင့် အထက်သို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်သည်။ အိုဒင်သည် ရက်စက်သောသူတစ်ဦးဖြစ်သည့် အားလျော်စွာ အသက်ရှင်ရန်အတွက် လက်မောင်းကို ဖြတ်ပစ်ရန် ဝန်မလေးခဲ့ပေ။
သို့သော် ထိုကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်သည်။ ကြာပန်းနီမီးတောက်သည် အရိုးထဲစွဲနေသော လောက်ကောင်ကဲ့သို့ မရပ်မနား ပျံ့နှံ့လောင်ကျွမ်းနေတော့သည်။
ရုတ်တရက်ဆိုသလို အိုဒင်၏ ခန္ဓာကိုယ်တွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်ထဲတွင် ဒဏ်ရာအပြင်းအထန်ရထားသော ဗီတာသည် အိုဒင်၏ အင်မော်တယ်နိုင်ငံတော်ထဲတွင် အေးအေးဆေးဆေး အနားယူနေသည်ကို တွေ့ရသည်။ အိုဒင်သည် အင်မော်တယ်ဘုရင် ဖြစ်သည့်အတွက် သူ့ နိုင်ငံတော်သည် အတိုင်းအဆမဲ့ ကျယ်ပြောလှသည်။ ဗီတာသည် ထိုနေရာတွင် နတ်သမီးအများအပြားနှင့် နေ့စဉ်နေ့တိုင်း ပျော်ပါးနေခဲ့သည်။ သူသည် အစွမ်းထက်လှပါသည်ဆိုသော ဖခင်ဖြစ်သူရှုံးနိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အင်မော်တယ်နိုင်ငံတော်ပင် ပျက်စီးသွားခဲ့လေသည်။
ထို့ကြောင့် ပုံရိပ်ယောင်ထဲတွင် ပျော်ပါးနေသော ဗီတာသည် ထိတ်လန့်တကြား မော့ကြည့်လိုက်ပြီးနောက် ကြာပန်းနီမီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်များ ပျောက်ကွယ်သွားပြီး သားအဖနှစ်ယောက်လုံး ပျောက်ကွယ်သွားတော့သည်။ လေဟာနယ်ထဲတွင် ကြည်လင်တောက်ပသော အလင်းရောင် ထုတ်လွှတ်နေသည့် အလုံးလေး တစ်လုံးသာ ကျန်ရစ်တော့သည်။
ရွှယ်အန်း လက်လှမ်းလိုက်ရာ ထိုအလုံးလေးသည် သူ့လက်ထဲသို့ ကျရောက်လာသည်။ ၎င်းသည် ကြယ်တစ်လုံးပမာ ကြည်လင်တောက်ပပြီး အဆုံးမဲ့ အလင်းရောင်များ ဖြာထွက်နေသော ဥရောပမြောက်ပိုင်း အင်မော်တယ်ဘုရင် အိုဒင်၏ နတ်ဘုရားအမြုတေပင်ဖြစ်သည်။
ရွှယ်အန်း ပြုံးလိုက်ပြီး အန်းယန်ကို ပေးလိုက်သည်။ ထို့နောက် သူသည် တုန်ယင်နေသော ဂါယားကို မော့ကြည့်လိုက်သည်။
"ထူးဆန်းတယ်... မင်းက ဘာလို့ အသနားမခံသေးတာလဲ"
ဂါယား တုန်လှုပ်သွားပြီးပြောလာသည်။
"ကျေး... ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်ကြီး"
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"မရဘူး"
ဂါးယား ငိုချင်သွားသည်။ မရဘူးဆိုမှတော့ ဘာလို့ လာမေးနေသေးလဲ၊ ငါ့ကို ကစားနေတာလား...
"မင်းရဲ့ ရိုးသားမှုကို ပြဖို့အတွက်တော့ အသနားခံသင့်တာပေါ့... မဟုတ်ရင် စိတ်ဝင်စားဖို့ မကောင်းဘူးလေ၊ ပြီးတော့ စိတ်မပူပါနဲ့... မင်းတို့ သွေးမျိုးနွယ်စုဆီက သွေးပုလဲတွေ ငါစုထားတာ ပြည့်ခါနီးနေပြီ၊ ပြိုင်ဘက်ကင်း ဆေးလုံးဖော်ဖို့ မင်းတစ်ယောက်ပဲ လိုတော့တာ... ဒါ မင်းအတွက် သတင်းကောင်းပဲ မဟုတ်ဘူးလား"
ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
ဂါယား အမှန်တကယ် ငိုမိတော့သည်။
ဒီ သတ်ဖြတ်ခြင်းနတ်ဘုရားက သွေးမျိုးနွယ်စုကို ကတ်ပြားစုသလို စုနေပြီး အကုန်ရရင် ဆေးဖော်မလို့တဲ့... ငါ့ကိုတော့ ရှားပါးကတ်ပြားလို့ သဘောထားနေတာလား...
မည်သူမှ ဤသို့ကံကြမ္မာမျိုးကို လိုချင်မှာမဟုတ်ပေ။ သို့သော် ရွှယ်အန်းကို မနိုင်သည့်အတွက် မည်သို့လုပ်ရမည်နည်း။ ဂါယား အကြံတစ်ခု ရသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"သခင်ကြီး... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ ကျွန်တော် လူသားမျိုးနွယ်စုကို သတ်ဖြတ်ခဲ့တဲ့သူတွေရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပြောပြပါ့မယ်"
ထိုစကားကြောင့် လူအများ၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ သို့သော် ရွှယ်အန်းကမူ ရယ်မောလိုက်လေသည်။ သို့သော် သူ၏ အပြုံးတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။
"တခြားလူသာဆိုရင် ငါယုံချင်ယုံမိမှာ... ဒါပေမဲ့ မင်းကတော့..."
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းရဲ့ နတ်ဘုရားအမြုတက ဘာလို့ မပြည့်မစုံ ဖြစ်နေရတာလဲ... ငါ ရှင်းပြပေးရမလား"
ထိုစကားကို ကြားသောအခါ ဂါယား၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
"ခင်... ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"အဲ့ဒီစစ်ပွဲမှာ မင်း ပါဝင်ခဲ့တာ သေချာတယ်၊ အဲ့ဒီလူတွေကိုလည်း မင်း မြင်ကောင်းမြင်ခဲ့လိမ့်မယ၊ ကံဆိုးတာက သူတို့က မင်းကို မယုံကြည်ဘူးထင်ပါရဲ့... ဒါကြောင့် မင်းကို ခိုင်းပြီးတာနဲ့ အဲ့ဒီမှတ်ဉာဏ်တွေကို ဖျောက်ဖျက်ဖို့အတွက် မင်းရဲ့ နတ်ဘုရားအမြုတေ တစ်ဝက်ကျော်ကို ထုတ်ယူသွားခဲ့တာ ဟုတ်တယ်မလား"
အခန်း (၉၆၅) - ယင်နှင့်ယန် ပြောင်းပြန်လှန်၍ ကောင်းကင်နှင့် မြေကြီးကို ပြန်လည်ပုံဖော်ခြင်း
ရွှယ်အန်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။
"သူများခိုင်းဖတ်ဘဝနဲ့ ဒီလောက်ကြာကြာ နေခဲ့ပြီးမှ... နောက်ဆုံးတော့ မင်း ဒီလိုဘဝ ရောက်သွားရတာပဲ ဂါယား... မင်းက သွေးနတ်ဘုရားဖြစ်ပေမယ့် တကယ်ကို ဂုဏ်သိက္ခာမရှိတာလိုက်တာ"
ဂါယား၏ မျက်နှာသည် ပြာနှမ်းသွားပြီး မည်သည့်အရာမှ မတတ်နိုင်တော့သည့်အဆုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
"ကောင်းပြီလေ... ဆေးဖော်ဖို့ ကုန်ကြမ်းတစ်ခုအနေနဲ့ပဲ နေလိုက်တော့၊ အချိန်တန်ရင် ငါ မင်းအတွက် ကလဲ့စားချေပေးမယ်"
ရွှယ်အန်းက ဂရုမစိုက်သော လေသံဖြင့် ပြောပြီး လက်ညှိုးကိုမြှောက်လိုက်သည်။
"လဲ့ကျွင်း... ဒီလို ကောက်ကျစ်စဉ်းလဲတဲ့ ကောင်တွေကို ရှင်းတာ မင်းအလုပ်ပဲ... ကဲ... ငါ့အတွက် သွေးပုလဲဖြစ်အောင် ကြိတ်ချေပေးစမ်း"
အန်းယန်၏ ဘေးတွင် ဝဲပျံနေသော မိုးကြိုးနတ်ဘုရားသည် မကြားတကြား တီးတိုး ရေရွတ်လိုက်သည်။
"အလုပ်တွေသာ ခိုင်းနေတာ... လုပ်အားခကျတော့ တစ်ပြားမှမပေးဘူး... ကပ်စေးနည်း သခင်"
သို့သော် သူသည် ရွှယ်အန်း၏ အမိန့်ကို မလွန်ဆန်ရဲပေ။ ထို့ကြောင့် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။
"ဟေ့ကောင်... မကောင်းဆိုးဝါးကောင်... ငါ့ရဲ့ မိုးကြိုးလက်ဝါးအရသာကို မြည်းစမ်းကြည့်လိုက်စမ်း"
သူသည် မိုးကြိုးတစ်ချက် ပစ်ချလိုက်သည်။ ဂါယားသည် မလိုလားသော်လည်း မိုးကြိုးဌာန၏ စစ်မှန်သောနတ်ဘုရား ဖြစ်လာပြီဖြစ်သော မိုးကြိုးနတ်ဘုရားနှင့် ရင်ဆိုင်ရသည့်အခါ အကြိမ်ရေအနည်းငယ်သာ ခုခံနိုင်ပြီး မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရလေသည်။ အဆုံးတွင် သူသည် သွေးပုလဲတစ်လုံးအဖြစ် စုစည်းသွားတော့သည်။
ထိုအဖြစ်အပျက်နှင့်အတူ ကမ္ဘာမြေကို တုန်လှုပ်စေခဲ့သော ဤတိုက်ပွဲကြီးသည် အဆုံးသတ်သွားခဲ့လေသည်။ အစမှ အဆုံးထိ ဤတိုက်ပွဲကြီးသည် တစ်ရက်တိတိ ကြာမြင့်ခဲ့သည်။ ထိုအချိန်အတွင်း အခြေအနေများသည် ကြိုတင်ခန့်မှန်းမရနိုင်အောင် ပြောင်းလဲခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ နှလုံးသားများကိုလည်း တုန်လှုပ်ချောက်ချားစေခဲ့သည်။
အဆုံးတော့ ကမ္ဘာမြေကို ကျူးကျော်လာသော နတ်ဘုရားများအားလုံး သတ်ဖြတ်ခံလိုက်ရလေသည်။ ထိုအခါမှ လူတိုင်း သက်ပြင်းချနိုင်လိုက်ကြသည်။ ထို့နောက် လူတိုင်းသည် ရွှယ်အန်း၏ ပုံရိပ်ကို အတိုင်းအဆမဲ့ လေးစားကြည်ညိုမှုဖြင့် ကြည့်လိုက်ကြသည်။ ရွှယ်အန်းသာ မရှိပါက ကမ္ဘာကြီးတစ်ခုလုံးသည် နတ်ဘုရားများ၏ သံခွာအောက်တွင် အရုပ်တစ်ခုသဖွယ် ဖြစ်သွားခဲ့ရပေလိမ့်မည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ရုတ်တရက် ခုန်တက်လိုက်ပြီး ကောင်းကင်ယံ အမြင့်ဆုံးနေရာသို့ ထပ်မံရောက်ရှိသွားပြန်သည်။ လူအများက မော့ကြည့်လိုက်ကြပြီး ရွှယ်အန်း မည်သည့်အရာလုပ်ဦးမည်နည်းဟု စိတ်ရှုပ်ထွေးနေကြသည်။
သို့သော် ရွှယ်အန်းသည် နတ်ဘုရားများကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို ငုံ့ကြည့်လိုက်ပြီး ခြေထောက်ကို စောင့်နင်းလိုက်သည်ကို တွေ့လိုက်ကြရသည်။
"ယင်နဲ့ယန် ပြောင်းပြန်လှန်စေ... ကောင်းကင်နဲ့မြေကြီး ပြန်လည်ဖွဲ့စည်းစေ"
ဘုန်း...
သူ၏ အမိန့်သံနှင့်အတူ ဝိဉာဉ်စွမ်းအင်များသည် မိုးရေများအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ သွန်းဖြိုးကျဆင်းလာတော့သည်။
ခမ်းခြောက်သွားခဲ့သော ယွင်မုန်ရေကန်ကြီးသည် ချက်ချင်းဆိုသလို ရေလှိုင်းလေးများ တဖျပ်ဖျပ်ဖြင့် ပြန်လည်ပြည့်လာပြီး တိုက်ပွဲကြောင့် ပျက်စီးသွားသော မြေပြင်များသည်လည်း အံ့သြဖွယ်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာလေသည်။ လူတိုင်း၏ ဒဏ်ရာများသည်လည်း ဤစွမ်းအင်မိုးရေအောက်တွင် လျင်မြန်စွာ ပျောက်ကင်းသွားကြသည်။ စွမ်းအင်မိုးရေ ရွာသွန်းသည့် ဧရိယာသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ကနဦးတွင် ပေကျင်းတစ်ဝိုက်၌သာ ရွာသွန်းသော်လည်း မကြာမီ မြောက်ပိုင်းဒေသ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အဆုံးတွင် နိုင်ငံတစ်ခုလုံးသည် ဤစွမ်းအင်မိုးရေဖြင့် လွှမ်းခြုံသွားတော့သည်။ ဒဏ်ရာရသူများ ပြန်လည်ကျန်းမာလာကြပြီး ကျန်းမာရေးမကောင်းသူများပင်လျှင် များစွာအကျိုးကျေးဇူးရရှိကြကာ ကျင့်ကြံသူအများအပြားမှာ အဆင့်အတန်းတစ်ခု တက်လှမ်းနိုင်သည်အထိ တိုးတက်သွားကြသည်။
တောင်များနှင့် မြစ်များအတွင်းရှိ သက်ရှိမည်မျှသည် ဤမိုးရေကြောင့် ဉာဏ်ပညာအလင်း ပွင့်သွားကြသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။ ပြည်ပရှိ လူအားလုံးသည် ဤမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း အားကျနေကြသည်။ အချို့သော ကျင့်ကြံသူများဆိုလျှင် ယခုချက်ချင်း တရုတ်လူမျိုးဖြစ်ချင်စိတ်ပင် ပေါက်နေကြသည်။
အဆုံးတွင် အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားပြီး တရုတ်နိုင်ငံရှိ စွမ်းအင်ကြွယ်ဝမှုသည်ပင် ယခင်ကထက် ကျော်လွန်သွားခဲ့လေသည်။
ပေကျင်းတွင်...
ကျင့်ကြံသူအများစု လူစုကွဲသွားကြပြီဖြစ်သော်လည်း မပြန်ကြသေးသူ အများအပြားလည်း ရှိနေသေးသည်။ ထိုသူအများစုမှာ ရွှယ်အန်း၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ ရွှယ်အန်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် သူတို့အားလုံး ပြေးလာကြသည်။
"အရှင်ရွှယ်"
"သခင်ကြီး"
"အစ်ကိုရွှယ်"
အော်ဟစ်သံများလည်း ဆူညံသွားပြီး ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"လာကြ... ဗီလာထဲဝင်ပြီး ပြောကြတာပေါ့"
စွမ်းအင်မိုးရေဖြင့် ဆေးကြောပြီးနောက် အမှတ်တစ် ထျန်ဗီလာသည် နတ်ဘုံနတ်နန်းတစ်ခုအလား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အားလုံး အထဲရောက်၍ နေရာပင်မယူရသေးခင် ထန်ရွှယ်အာသည် မျက်လုံးများ နီရဲလျက် ရှေ့သို့ တိုးလာပြီး နှုတ်ဆက်လိုက်သည်။
"အရှင်ရွှယ်..."
ရွှယ်အန်းသည် ပင်ပန်းနွမ်းနယ်နေသော မိန်းကလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"အဆင်ပြေပါတယ် ရွှယ်အာ... အားလုံးပြီးသွားပါပြီ"
ထန်ရွှယ်အာသည် စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ကြီးကြီးမားမား ခံစားနေရကြောင်း သူသိသည်။ သို့သော် ထိုအချိန်တွင် ရှောင်ယုသည် ငိုယိုလျက် ပြေးထွက်လာပြီး ရွှယ်အန်း၏ ရှေ့တွင် ဒူးထောက်ချလိုက်ကာ ရှိုက်ကြီးတငင် ပြောလိုက်သည်။
"သခင်ကြီး... ရှောင်ရှကို ကြည့်ပါဦး... သူ... သူ..."
"သူ ဘာဖြစ်လို့လဲ"
ထန်ရွှမ်းအာ အလန့်တကြား မေးလိုက်သည်။
"သူ ဥအဖြစ် ပြောင်းသွားပြီ"
ရွှယ်အန်း အတွင်းခန်းထဲသို့ ဝင်သွားသောအခါ လူတစ်ယောက်အရွယ်အစားရှိသော ဥအကြီးကြီးတစ်လုံးကို နူးညံ့သော ကုတင်ပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။ ရှောင်ယုက ဆက်လက် ငိုကြွေးရင်း ပြောသည်။
"ညီမ ရှောင်ရှဘေးမှာပဲ အမြဲနေခဲ့တာပါ၊ ဒါပေမဲ့ သခင်ကြီးရဲ့ တိုက်ပွဲကို ထွက်ကြည့်ပြီး ပြန်ဝင်လာတော့ ရှောင်ရှက ဥကြီးတစ်လုံး ဖြစ်သွားပြီ"
ရွှယ်အန်း အနားသို့ သွားပြီး ချောမွေ့သော ဥခွံကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ကာ တိတ်ဆိတ်နေလေသည်။ ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော အန်းချင်းက ရုတ်တရက် ပြောလိုက်သည်။
"သူ သေသွားပြီ"
ထိုစကားကြောင့် အခန်းတစ်ခုလုံး တုန်လှုပ်သွားကြသည်။ ရှောင်ယုသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ဒေါသထွက်လာသည်။ အန်းချင်းသည် ဆွေမျိုးတော်စပ်သူမှန်း သိသော်လည်း သူမ၏ ဒေါသကို မထိန်းနိုင်ဘဲ ပြန်ပြောလိုက်သည်။
"နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ရှောင်ရှက မသေပါဘူး၊ ပြန်လည်မွေးဖွားဖို့အတွက် ဥအဖြစ် ပြောင်းသွားတာ"
အန်းချင်းသည် ရှောင်ယု၏ စကားကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ဆက်ပြောသည်။
"သူ့ရဲ့ အသက်စွမ်းအားက လုံးဝ ကုန်ဆုံးသွားတာကို ငါအာရုံခံမိတယ်"
အန်းယန် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သုံးနှစ်ကြာ အိပ်ပျော်ပြီးနောက် သူမ၏ ညီမလေး ပြောင်းလဲသွားကြောင်း သတိထားမိသောကြောင့် ဖြစ်သည်။
"ချင်းအာ... မဟုတ်တာတွေ မပြောနဲ့"
"ညီမ မဟုတ်တာ ပြောနေတာ မဟုတ်ဘူး၊ သူ တကယ် သေသွားပြီ"
အန်းချင်းက မတုန်မလှုပ် ဆက်ပြောနေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ခေါင်းလှည့်လိုက်ပြီး အန်းချင်းကို အေးစက်စွာ ကြည့်လိုက်သည်။ အန်းချင်းကလည်း မျက်တောင်မခတ်ဘဲ ပြန်ကြည့်နေသည်။ အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ခဏကြာမှ ရွှယ်အန်းသည် မျက်လွှာချလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"ချင်းအာ... ပိုးမွှားမျိုးနွယ်စုရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားနိုင်တာ ကောင်းပါတယ်၊ ဒါပေမဲ့ အဲ့ဒီအရာက မင်းရဲ့ အသိစိတ်ကို လွှမ်းမိုးသွားတာမျိုးတော့ အစ်ကို မဖြစ်စေချင်ဘူး မဟုတ်ရင် မင်း ပိုပြီး စွမ်းအားကြီးလာရင်တောင် မင်းက မင်းဖြစ်နေတော့မှာမဟုတ်ဘူး"
သူ့စကားသည် အန်းချင်း၏ နှလုံးသားကို တူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမ၏ မျက်လုံးများ ရုတ်တရက် တွေဝေသွားသည်။
ဟုတ်တယ်၊ သူမ ပိုးအိမ်မှ ပြန်လည်မွေးဖွားလာပြီးကတည်းက သူမသည် ကြီးမားသော စွမ်းအားကို ရရှိခဲ့ပြီး စကြဝဠာများတွင် ရှားပါးသော ပိုးမွှားမျိုးနွယ်စု ဘုရင်မတစ်ပါး ဖြစ်လာကာ အနာဂတ်တွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိရန် ကံပါလာသူဖြစ်သည်။ သို့သော် မသိလိုက်မသိဘာသာပင် သူမ၏ စိတ်သည် ပိုးမွှားမျိုးနွယ်စု၏ စိတ်ဆန္ဒများ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ သူမ၏ ခံစားချက်များသည် ရက်စက်လုနီးပါး အေးစက်လာပြီး နှလုံးသားမှာလည်း တဖြည်းဖြည်း သွေးအေးလာခဲ့သည်။
ဒီလိုပုံစံနဲ့ဆိုရင် ငါက ငါဟုတ်သေးရဲ့လား
အန်းချင်း၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ဖြတ်သန်းသွားပြီး နက်ရှိုင်းသော အတွေးများထဲသို့ ရောက်ရှိသွားသည်။ ထိုစဉ် ရှောင်ယုသည် မျှော်လင့်ချက်အပြည့်ဖြင့် ရွှယ်အန်းကို မေးလိုက်သည်။
"သခင်ကြီး... ရှောင်ရှရဲ့ အခြေအနေက ဘယ်လိုလဲဟင်... သူ ဘယ်တော့ နိုးလာမလဲ"
ရွှယ်အန်းသည် သူမကို တိုက်ရိုက်မဖြေဘဲ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဒေါ်လေးဖန်ဘက်သို့ လှည့်မေးလိုက်သည်။
"ဒေါ်လေးဖန်... ကျင်းကျင်း အခြေအနေ ဘယ်လိုရှိလဲ"
"သူ သတိမရသေးဘူး၊ မေ့မြောနေတုန်းပဲ... ပြီးတော့ သူ့အသက်ရှူသံက တဖြည်းဖြည်း ပျော့လာတယ်"
ဒေါ်လေးဖန်သည် မျက်ရည်များ စီးကျလျက် ပြောလိုက်သည်။ တချိန်က ပြည့်ဖောင်းသော သူမ၏ ခန္ဓာကိုယ်သည် ရက်ပိုင်းအတွင်းမှာပင် သိသိသာသာ ပိန်ကျသွားခဲ့သည်။
"ဒေါ်လေးဖန်... မငိုပါနဲ့ဦး၊ ကျွန်တော် ကြည့်ပေးပါ့မယ်... ပြီးတော့... ဦးလေးရှဲ့ရဲ့ ရုပ်အလောင်းကိုပါ ယူလာခဲ့ပါ"
ရွှယ်အန်း၏ စကားကို ကြားသောအခါ ဒေါ်လေးဖန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါက်ကွဲထွက်ပေါ်လာသည်။
"ရှောင်အန်း... သားပြောချင်တာက ဦးလေးရှဲ့ကို..."
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
ထိုသို့ပြောပြီး သူသည် အခန်းထဲမှ ထွက်သွားလေသည်။
အခန်း (၉၆၆) - လူကယ်ခြင်း
ရှဲ့ကျင်းကျင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ အသားအရည်မှာ အသက်မဲ့နေသော လူသေကောင်ကဲ့သို့ ဖြစ်နေသည်။ သူမ အသက်ရှင်နေသေးကြောင်း တခုတည်းသော သက်သေမှာ နှာခေါင်းဝမှ ထွက်ပေါ်နေသော တိုးညင်းဖျော့တော့သည့် အသက်ရှူသံလေးသာ ဖြစ်သည်။
တစ်ဖက်တွင်မူ ခန္ဓာကိုယ်ထက်ဝက်ခန့် ပွင့်ထွက်ပျက်စီးနေသော ဦးလေးရှဲ့၏ ရုပ်အလောင်း လဲလျောင်းနေသည်။ သူမ၏ အရေးအပါဆုံး ချစ်ရသူနှစ်ဦးတွင် တစ်ဦးကသေပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန် ရထားသည်ကို မြင်လိုက်ရသောအခါ ဒေါ်လေးဖန်သည် ဝမ်းနည်းပူဆွေးမှုကို မထိန်းချုပ်နိုင်တော့ဘဲ တရှုံ့ရှုံ့ ငိုကြွေးလေတော့သည်။
ရွှယ်အန်းသည် ကုတင်ဘေးသို့ လျှောက်သွားပြီး ရှဲ့ကျင်းကျင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သုံးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီးနောက် ကောင်မလေးသည် အပျိုပေါက်အရွယ်သို့ အပြည့်အဝ ရောက်ရှိလာပြီဖြစ်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်သည် ရင့်ကျက်လာရုံသာမက သူမ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း လူအများက ချီးကျူးပြောဆိုနေကြသည်။
မနှစ်က ကျင်းပသော လူငယ်ကျင့်ကြံသူများ ပြိုင်ပွဲတွင် သူမ သရဖူဆောင်းနိုင်ခဲ့ကြောင်းကိုပင် ရွှယ်အန်း ယခုလေးတင် ကြားသိခဲ့ရသည်။ သို့သော် ဘဝရည်မှန်းချက်ကို ရှာဖွေတွေ့ရှိထားသော ဤကောင်မလေးသည် သူသေဆုံးပြီဟူသော သတင်းကို ကြားလိုက်ရသည့်အခါ နတ်ဘုရားတစ်ပါးကိုပင် မဆင်မခြင် သွားရောက် ရင်ဆိုင်ခဲ့သည်။
တုံးအလှသော သူမ၏ လုပ်ရပ်ကြောင့် ရွှယ်အန်းမှာ ပြောစရာစကားပင် မရှိတော့ပေ။ အဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"တကယ့် ငတုံးမလေးပါလား"
ထိုအချိန်တွင် ရွှယ်အန်း၏ သက်ပြင်းချသံကို ကြားလိုက်ရသော ဒေါ်လေးဖန်သည် စိတ်ထံလန့်သွားပြီး သတိထားကာ မေးလိုက်သည်။
"ရှောင်အန်း... ကျင်းကျင်း အခြေအနေ ဘယ်လိုလဲဟင်၊ သူ့ဒဏ်ရာတွေက ကုရအရမ်းခက်နေလို့လား"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးပြလိုက်သည်။
"ဒေါ်လေးဖန်... စိတ်ချပါ၊ ဒဏ်ရာ ဘယ်လောက်ပြင်းပြင်း ကျင်းကျင်းကို မူလအတိုင်း ပြန်ဖြစ်အောင် ကျွန်တော် ကုပေးပါ့မယ်... စိတ်မပူပါနဲ့"
ထိုအခါမှ ဒေါ်လေးဖန် စိတ်သက်သာရာ ရသွားပြီး နောက်သို့ ဆုတ်ကာ ဘာမှဝင်မပြောရဲတော့ပေ။ ရှဲ့ကျင်းကျင်း၏ ဒဏ်ရာများမှာ အမှန်တကယ်ပင် ပြင်းထန်လှသည်။ ယဲ့လျို့ယန်သည် ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုသာ တိုက်ထုတ်ခဲ့သော်လည်း စွမ်းအားကွာခြားချက် ကြီးမားလွန်းသောကြောင့် ထိုပေါ့ပါးသော တိုက်ခိုက်မှုကပင် ရှဲ့ကျင်းကျင်း၏ ဝိညာဉ်ကို ကြေမွလုနီးပါး ဖြစ်သွားစေခဲ့သည်။
ယခုအခါ ရှဲ့ကျင်းကျင်း၏ ခန္ဓာကိုယ်ရှိ စွမ်းအင်လမ်းကြောင်းများအားလုံး ပြတ်တောက်နေပြီး သူမ၏ အသိစိတ်ပင်လယ်မှာလည်း အပေါက်အပြဲများ ဖြစ်နေကာ အတွင်းကလီစာများနှင့် အရိုးများပင်လျှင် ဆွေးမြည့်စပြုနေပြီဖြစ်သည်။ ဤဒဏ်ရာမျိုးသည် အခြားသူဆိုလျှင် အကြိမ်ပေါင်းရာချီ သေဆုံးနိုင်လောက်သည်။
သို့သော် ရှဲ့ကျင်းကျင်းသည် အံ့သြဖွယ်ကောင်းစွာဖြင့် ယခုအချိန်ထိ တောင့်ခံထားနိုင်ခဲ့သည်။ ရှဲ့ကျင်းကျင်း၏ အသိစိတ်ပင်လယ်ထဲတွင် အလွန်အားနည်းသော်လည်း မယုံနိုင်လောက်အောင် ခိုင်မာသော နတ်ဘုရားအာရုံတစ်ခု ရှိနေသေးကြောင်းကို ရွှယ်အန်းပင် ခံစားမိနေသည်။ ထိုအသက်ရှင်လိုစိတ်သည် ရွှယ်အန်းကို နက်ရှိုင်းစွာ ထိရှစေခဲ့သည်။ ထို့ကြောင့်လည်း ရွှယ်အန်းက ဒေါ်လေးဖန်ကို ထိုသို့ အာမခံချက် ပေးလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကောင်မလေး၏ အသက်ရှင်လိုစိတ်ကို အချည်းနှီး မဖြစ်စေချင်သောကြောင့် ဖြစ်သည်။
ရွှယ်အန်းသည် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ သူ၏ ကြီးမားသောနတ်ဘုရားအာရုံသည် ရှဲ့ကျင်းကျင်း၏ အသိစိတ်ပင်လယ်ကို ဦးစွာ လွှမ်းခြုံလိုက်ပြီး သူမ၏ ကျိုးပဲ့လွယ်သော အသိစိတ်ပင်လယ်ကို ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူ၏ အထွတ်အထိပ် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြု၍ သူမ၏ ရုပ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လေတော့သည်။
ဤလုပ်ငန်းစဉ်သည် အလွန်အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဤသို့လုပ်ဆောင်ရန် မဝံ့ရဲကြသောကြောင့်ဖြစ်သည်။ လူသားခန္ဓာကိုယ်သည် နူးညံ့သိမ်မွေ့သော အရာတစ်ခုဖြစ်ပြီး အမှားအယွင်း အနည်းငယ်မျှ ရှိရုံဖြင့် ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် ရွှယ်အန်းသည် လုံးဝ တည်ငြိမ်စွာဖြင့် ရှဲ့ကျင်းကျင်း၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနေသည်။ ဤလုပ်ငန်းစဉ်သည် နာရီဝက်ခန့် ကြာမြင့်သည်။ အဆုံးတွင် ရှဲ့ကျင်းကျင်း၏ ခန္ဓာကိုယ်သည် မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပြီး သူမ၏ အသားအရောင်မှာလည်း ပြန်လည်စိုပြည်လာလေသည်။ သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးကြောင်း ရွှယ်အန်းသိသည်။ အခက်ခဲဆုံး အပိုင်းမှာ ယခုမှ လာတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရှဲ့ကျင်းကျင်း၏ ဝိညာဉ်သည် အစမကျန် ကွဲကြေနေပြီး အတွေးတစ်စတစ်ခုကသာ မပြိုကွဲအောင် ထိန်းထားပေးသောကြောင့် ဖြစ်သည်။
ယခုအချိန်သာ သေချာစွာ မကိုင်တွယ်နိုင်ပါက ရှဲ့ကျင်းကျင်းသည် အသက်ရှင်လျက်နှင့် သေဆုံးနေသူ ဖြစ်သွားနိုင်ပေသည်။ ဤလောကတွင် ရွှယ်အန်းတစ်ယောက်သာလျှင် ဝိညာဉ်ကို ဤကဲ့သို့ ပြုပြင်ရန် လုပ်ရဲပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ နတ်ဘုရားအာရုံသည် အလွန်အမင်း စွမ်းအားကြီးမားရုံသာမက သူ၏ ထိန်းချုပ်နိုင်စွမ်းမှာလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းမွန်သောကြောင့် ဖြစ်သည်။ ဤအချက်ကပင် သူ့ကို ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်ရန် အခြေခံအုတ်မြစ် ဖြစ်လာစေသည်။ နတ်ဘုရားအာရုံ စမ်းချောင်းလေးများသည် ရှဲ့ကျင်းကျင်း၏ ကွဲကြေနေသော ဝိညာဉ် အပိုင်းအစလေးများကို ဂရုတစိုက် မတင်လိုက်ပြီး ပဟေဠိဆက်နေသည့်ပမာ တစစီ ပြန်လည်ဆက်စပ်ပေးလေသည်။ လှုပ်ရှားမှုတိုင်းကို အထူးသတိထားပြီး လုပ်ဆောင်နေရသည်။
အဆုံးတွင် ရွှယ်အန်း၏ နဖူးပေါ်တွင် ချွေးစများ စို့လာချိန်မှ ရှဲ့ကျင်းကျင်း၏ ဝိညာဉ်ကို ဆက်၍ ပြီးစီးသွားလေသည်။ သို့သော် ဤဝိညာဉ်တွင် အသက်ရှင်နေသည့်လက္ခဏာ မရှိဘဲ သေဆုံးနေသူနှင့် မခြားနားပေ။ ရွှယ်အန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှဲ့ကျင်းကျင်း၏ အသိစိတ်ပင်လယ်ထဲသို့ အာရုံပြောင်းလိုက်သည်။ အသိစိတ်ပင်လယ်ထဲတွင် ယခုအချိန်ထိ တည်ရှိနေသော အတွေးတစ်စသည်သာ အဓိကသော့ချက် ဖြစ်ရပေမည်။
ရွှယ်အန်းသည် ပျက်စီးနေသော အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသောအခါ လေထဲတွင် တိတ်ဆိတ်စွာ ပေါလောပေါ်နေသော ဖျော့တော့သည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အသိစိတ်ပင်လယ်ထဲတွင် အလွန်တိုးညင်းသော ရေရွတ်သံတစ်ခု ပဲ့တင်ထပ်နေသည်။
"ရှောင်အန်း... ကယ်ပါဦး"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ နားထောင်နေပြီး အဆုံးတွင် သက်ပြင်းချလိုက်သည်။
"ကျင်းကျင်း"
ထိုအသံကို ကြားလိုက်ရသောအခါ ဖျော့တော့လုနီးပါး ပုံရိပ်လေးသည် ရွှယ်အန်းကို မော့ကြည့်လိုက်ပြီး ငိုကြွေးလိုက်တော့သည်။
"ရှောင်အန်း..."
ရွှယ်အန်း ရင်ထဲတွင် နာကျင်သွားရသည်။ ရှဲ့ကျင်းကျင်း၏ လက်ကျန်ဝိညာဉ်လေးသည် ယခုအချိန်ထိ တောင့်ခံထားနိုင်ရန် မည်မျှကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသည်ကို သူအကောင်းဆုံး သိနေသည်။
ထို့ကြောင့် သူသည် ဝိညာဉ်လေး၏ လက်ကို ဆွဲယူလိုက်ပြီးပြောလိုက်သည်။
"လာ... ရှောင်အန်းက အိမ်ပြန်ပို့ပေးမယ်"
ထိုအချိန်တွင် အပြင်ဘက်၌ ရှိနေသော ဒေါ်လေးဖန်မှာ စိုးရိမ်ပူပန်သော စိတ်ဖြင့် ကြည့်နေသည်။ သူမသည် မည်သည့်အရာများဖြစ်ပျက်နေသည်ကို အတိအကျ မသိသော်လည်း သမီးဖြစ်သူ၏ အသားအရောင် စိုပြည်လာသည်ကို သတိထားမိသည်။ သို့သော် အသက်ရှူသံမှာမူ ပို၍ပင် ဖျော့တော့လာနေသည်။ ဤအခြေအနေသည် သူမ၏ နှလုံးသားကို ဓားဖြင့် မွှေနှောက်နေသကဲ့သို့ ခံစားရစေသည်။
ရှောင်အန်းက ကျင်းကျင်းကို မကယ်နိုင်တော့ဘူးလား
ထိုအချိန်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားသလို ပြောလိုက်သည်။
"ပြီးသွားပြီ"
ဒေါ်လေးဖန် အံ့အားသင့်သွားသည်။ ထို့နောက် ကုတင်ပေါ်မှ ရှဲ့ကျင်းကျင်း တုန်လှုပ်သွားပြီး မျက်လုံးများ ပွင့်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်းသာလွန်း၍ မျက်ရည်ကျလာသော ဒေါ်လေးဖန်သည် အနားသို့ သွားရန် ပြင်လိုက်သည်။ သို့သော် ရှဲ့ကျင်းကျင်းသည် ပြန်လည်မေ့မြောသွားပြန်သည်။ ဒေါ်လေးဖန် ထိတ်လန့်မိသွားသည်။
"ရှောင်အန်း... ကျင်းကျင်း သူ..."
ရွှယ်အန်းက တိုးညင်းစွာ ရယ်မောလိုက်သည်။
"အဆင်ပြေပါတယ်... သူက စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှု အကြီးအကျယ် ရထားလို့ အနားယူဖို့ အချိန်လိုတာပါ"
ထိုအခါမှ ဒေါ်လေးဖန် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ရွှယ်အန်းသည် ဦးလေးရှဲ့၏ အလောင်းရှိရာသို့ လျှောက်သွားလိုက်သည်။ ဒေါ်လေးဖန်က စွမ်းအင်ဖြင့် ထိန်းသိမ်းပေးထားသောကြောင့် ဦးလေးရှဲ့၏ အလောင်းမှာ ပုပ်သိုးခြင်းမရှိဘဲ ပါးပြင်ပေါ်တွင် သွေးရောင်လွှမ်းနေဆဲဖြစ်ကာ တစ်ဝက်ပွင့်ထွက်နေသည်ကို မမြင်လျှင် အိပ်ပျော်နေသည်ဟုပင် ထင်ရပေသည်။
ဒေါ်လေးဖန်သည် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
"ရှောင်အန်း... ဦးလေးရှဲ့ကိုကော... ပြန်ခေါ်လာလို့ ရနိုင်မလားဟင်"
ရွှယ်အန်းသည် ခေတ္တမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ဒေါ်လေးဖန်ကို မော့ကြည့်လိုက်သည်။
"နည်းနည်းတော့ ခက်ခဲတယ်... ဒါပေမဲ့ ကြိုးစားကြည့်လို့ မရနိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ ကျွန်တော် ကြိုပြောထားရမယ့် အချက်တစ်ချက် ရှိတယ်"
ဒေါ်လေးဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ရှောင်အန်း... ပြောသာပြောပါ... ဒေါ်လေး ဘာမဆို လက်ခံနိုင်ပါတယ်... သူ့အတွက် ဒေါ်လေးရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ဖြတ်ပေးရမယ်ဆိုရင်တောင် မငြင်းပါဘူး"
ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။
"အဲ့ဒီလောက်ထိ မလိုပါဘူး... ဒါပေမဲ့... နောက်ပိုင်းကျရင် ပုံစံမတူတော့တဲ့ ဦးလေးရှဲ့ကို ဒေါ်လေး လက်ခံပေးရလိမ့်မယ်"
အချိန်အတန်ကြာသောအခါ ဒေါ်လေးဖန်သည် ထူးဆန်းသော မျက်နှာထားဖြင့် အခန်းထဲမှ ထွက်လာပြီး အပြင်ဘက်ရှိ ရုပ်သေးနတ်ဘုရားဂိုဏ်းမှ လျိုခယ့်ခယ့်ကို ပြောလိုက်သည်။
"မစ္စလျို... ရှောင်အန်း သမီးကို အထဲခေါ်ခိုင်းလိုက်တယ်"
လျိုခယ့်ခယ့် အံ့သြသွားသည်။
"သူ ကျွန်မကို ခေါ်လိုက်တယ် ဟုတ်လား"
"ဟုတ်တယ်"
လျိုခယ့်ခယ့်သည် အချိန်ဆွဲမနေရဲဘဲ အခန်းထဲသို့ အလျင်အမြန် ဝင်သွားလိုက်သည်။ ကျန်လူများမှာ တယောက်မျက်နှာ တယောက်ကြည့်ရင်း ရွှယ်အန်း အဘယ်ကြောင့် လျိုခယ့်ခယ့်ကို ခေါ်လိုက်သည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
ချန်ရုရှီကမူ မျှော်လင့်ချက်အပြည့်ဖြင့် အိမ်ခန်းကို ကြည့်နေသည်။ ဒေါ်လေးဖန်ပြီးလျှင် ဦးလေးရှဲ့ကို ရွှယ်အန်း ပြန်လည်အသက်သွင်းပေးနိုင်ရန် အမျှော်လင့်ဆုံးသူမှာ သူမပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်နိုင်မှသာ သူမ၏ အဘိုး ချန်ရှို့ဟယ်ပြန်လည်ရှင်သန်လာနိုင်မည့် အခွင့်အလမ်း ရှိလာမည် ဖြစ်သောကြောင့်ဖြသ်သည်။
တစ်နာရီခန့်အကြာတွင် အခန်းထဲမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ထူးဆန်းသော ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။ လူတိုင်း အံ့အားသင့်သွားကြပြီး ဒေါ်လေးဖန်သည် ဦးဆုံး ပြေးဝင်သွားသည်။ ကျန်လူများလည်း နောက်မှ လိုက်ဝင်သွားကြရာ ခန္ဓာကိုယ်တစစီ ပွင့်ထွက်သွားခဲ့သော ဦးလေးရှဲ့သည် မြေကြီးပေါ်မှ ထရပ်လိုက်သည်ကို တွေ့လိုက်ကြရသည်။
သို့သော် သူ၏ ခန္ဓာကိုယ် ကျန်တစ်ဝက်မှာ အသားမဟုတ်ဘဲ တိကျသေချာသော စက်ပစ္စည်းများ ဖြစ်နေသည်။ ထိုနှစ်ခု ပေါင်းစပ်ထားမှုကြောင့် သူ့ကိုကြည့်ရသည်မှာ ဇာတ်ကားထဲမှ စက်ရုပ်တစ်ရုပ်နှင့် တူနေသည်။ ပြန်လည်အသက်မသွင်းမီ ရွှယ်အန်းသည် ဖြစ်လာနိုင်သော အန္တရာယ်များကို ဒေါ်လေးဖန်အား ကြိုတင်ပြောပြထားပြီးဖြစ်၍ သူမ စိတ်ထဲတွင် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဦးလေးရှဲ့ ပြန်လည်မတ်တတ်ရပ်လာသည်ကို မြင်လိုက်ရသောအခါ မျက်ရည်များ စီးကျလာပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ပြောလိုက်သည်။
"လောင်ရှဲ့... ရှင်... ရှင်..."
သူမ စကားမဆုံးခင်မှာပင် ဦးလေးရှဲ့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး တောရိုင်းတိရစ္ဆာန်ပမာ ဟိန်းဟောက်လိုက်တော့သည်။