အခန်း (၉၇၀-၉၇၂)
Vol. 65 Ch. 970-972
အခန်း (၉၇၀) - ကောင်းကင်နှင့် မြေကြီးကို ဆေးပေါင်းအိုးအဖြစ် အသုံးပြုခြင်း
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဟွာရှမြေရှိ မဟာတောင်ကြီး ငါးလုံးသည် ပြိုင်တူ တုန်ခါသွားသည်။ တောင်များ၏ မျက်နှာပြင်ပေါ်တွင် ထူထပ်သော မှော်သင်္ကေတများစွာ ပေါ်ထွက်လာပြီး တောင်ထိပ်များမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ ရွှယ်အန်းရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လာကြလေသည်။
မျက်စိတစ်မှိတ်အတွင်း ဟွာရှ၏ မြစ်များနှင့် တောင်တန်းများသည် တပြိုင်နက် လှုပ်ရှားလာကြပြီး အလင်းရောင်များသည် ရွှယ်အန်း၏ ရှေ့မှောက်တွင် စုစည်းသွားကာ ဧရာမ ဆေးပေါင်းအိုး ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အစောက လေကြီးမိုးကြီး ပြောနေခဲ့သော ဆေးပညာရှင်သည်လည်း ထိုမြင်ကွင်းအားလုံးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို လှန်လိုက်သည်။
"ဝင်စေ"
ဘုန်း!
ကောင်းကင်အပြည့် ရှိနေသော သွေးပုလဲများသည် မြစ်ရှည်ကြီးမှ ရေများ စီးဆင်းသကဲ့သို့ ဆေးပေါင်းအိုးကြီးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သွေးပုလဲအားလုံး ဆေးပေါင်းအိုးထဲသို့ ဝင်ရောက်သွားကြလေသည်။ ထို့နောက် ရွှယ်အန်းသည် ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်သည်။
"ထစမ်း"
ကြာပန်းနီမီးတောက်သည် ရုတ်တရက် ပေါ်ထွက်လာပြီး ဆေးပေါင်းအိုးထဲရှိ သွေးပုလဲများကို လောင်မြှိုက်လိုက်ရာ လှုပ်ခတ်ဆူပွက်လာပြီး ဝိုးတဝါး အော်ဟစ်သံများပင် ထွက်ပေါ်လာသည်။ အကန့်အသတ်မဲ့သော သွေးစွမ်းအင်သည် ကောင်းကင်တစ်ခုလုံးကိုပင် အနီရောင် ပြောင်းသွားစေသည်။ ရွှယ်အန်းသည် မလှုပ်မယှက်ပင် ရှိနေပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
ခဏကြာသော် ဆေးပေါင်းအိုးထဲရှိ သွေးပုလဲများအားလုံး သွေးရေအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သွေးရေများသည် မဟူရာကျောက်ကဲ့သို့ ကြည်လင်နေပြီး ဆေးပေါင်းအိုးထဲတွင် စီးဆင်းနေကာ ၎င်းတို့၏ ကြီးမားလှသော သွေးစွမ်းအင်ကြောင့် အဝေးမှ လှမ်းကြည့်နေကြသော အက်လော့နှင့် အခြား လျှို့ဝှက်ပါတီ သွေးမျိုးနွယ်စုဝင်များ၏ မျက်နှာထားများပင် ပြောင်းလဲကုန်ကြသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် မီးတောက်ကို အားဖြည့်ပေးလိုက်ပြီး သွေးရေများကို စတင်သန့်စင်လေတော့သည်။ အဆုံးတွင် တစ်နာရီ၏ လေးပုံတစ်ပုံ (၁၅ မိနစ်) ခန့် ကြာပြီးနောက် ဆေးပေါင်းအိုးထဲရှိ သွေးချီသည် ပိုမိုအားကောင်းလာသည်။ ထို့နောက် ရွှယ်အန်း လက်ကို မြှောက်လိုက်ရာ လက်သီးဆုပ်ခန့်ရှိပြီး အလွန်အမင်း ကြည်လင်တောက်ပသော သွေးပုလဲတစ်လုံးသည် လေထဲတွင် ပေါ်လာလေသည်။
၎င်းသည် သွေးနတ်ဘုရား ဂါယားကို သန့်စင်ထားသော သွေးပုလဲဖြစ်သည်။ သွေးပုလဲ ပေါ်လာသည်နှင့် ဂါယား၏ တိုးညင်းသော အသနားခံသံများ လေထဲတွင် ပဲ့တင်ထပ်လာသကဲ့သို့ ဖြစ်နေသည်။ ရွှယ်အန်းသည် ၎င်းတို့ကို ဂရုမစိုက်ဘဲ မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ကာ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် သွေးပုလဲပေါ်တွင် တိကျသော မှော်သင်္ကေတ အများအပြားကို ရေးထိုးလိုက်ပြီး ရုတ်တရက် ဆေးပေါင်းအိုးထဲသို့ ပြန်လည် ပစ်ထည့်လိုက်လေသည်။
ဘုန်း!
ဆေးပေါင်းအိုးထဲရှိ သွေးရေများသည် ပြင်းထန်စွာ လှုပ်ခတ်လာပြီး ဆေးပေါင်းအိုး၏ အကန့်အသတ်ကို ဖောက်ထွက်ရန်ပင် ကြိုးစားလာကြသည်။ ထိုအရာကို မြင်သောအခါ ရွှယ်အန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကြာပန်းနီမီးတောက်ဖြင့် ဆေးပေါင်းအိုးတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။
အဆုံးတွင် နောက်ထပ် ၁၅ မိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် ဆေးပေါင်းအိုးသည် တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။ ထို့နောက် ရွှယ်အန်း လက်ဝှေ့ယမ်းလိုက်ရာ ကြာပန်းနီမီးတောက် ရပ်တန့်သွားသည်။
သို့သော် ထိုအချိန်၌ပင် ဆေးပေါင်းအိုး၏ အဖုံး ပွင့်ထွက်သွားသည်။ အနီရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထွက်ပြေးရန် ကြိုးစားလေတော့သည်။ ရွှယ်အန်းသည် နေရာမှပင် မရွေ့ဘဲ အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။
"ပြေးချင်တယ်ပေါ့လေ..."
သူသည် စကားပြောလျက် လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်သည် လေဟာနယ်ထဲသို့ တိုးဝင်သွားပြီး အနီရောင် အလင်းတန်းဘေးတွင် ပေါ်လာကာ ပြန်လည်ဖမ်းဆွဲလိုက်လေသည်။ ထိုအချိန် ကောင်းကင်တွင် မိုးတိမ်မည်းများ စုဝေးလာပြီး လျှပ်စီးများ လက်လာကြသည်။ ရွှယ်အန်းသည် တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ ပေါ့ပါးစွာ အော်ဟစ်လိုက်သည်။
"လဲ့ကျွင်း"
သူ့စကားဆုံးသည်နှင့် ဒယ်အိုးပြားကြီးတစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး မိုးတိမ်မည်းများကို ရိုက်ခွဲပစ်လိုက်ကာ လျှပ်စီးများကို ဒယ်အိုးပြားထဲရှိ မိုးကြိုးနတ်ဘုရားက ဝါးမြိုပစ်လိုက်လေသည်။ ထို့နောက် ကျေနပ်စွာ လေတက်လိုက်ပြီး ပြန်ဆင်းလာတော့သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် ခိုဥအရွယ်အစားခန့်ရှိပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြည်လင်တောက်ပနေသော ဆေးလုံးတစ်လုံး ရှိနေလေသည်။ ထူးခြားသော မွှေးရနံ့တစ်ခုသည် ပေကျင်း တစ်မြို့လုံးကို ချက်ချင်း ပျံ့နှံ့သွားသည်။ ထိုရနံ့ကို ရလိုက်သော ကျင့်ကြံသူ အများအပြားသည် စိတ်ဝိညာဉ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ စိတ်နှင့် ဝိညာဉ်များသည် ပိုမို တည်ငြိမ်လာကြသည်။ ရွှယ်အန်း၏ ဆေးလုံးဖော်စပ်မှု အောင်မြင်သွားပြီဆိုသည်ကို ငတုံးများပင် သိနိုင်သော အခြေအနေဖြစ်သည်။
ထို့ကြောင့် ကျုံးတု ရုပ်သံလိုင်း၏ စတူဒီယိုထဲတွင် လူတိုင်း၏ မျက်လုံးများသည် ထိုဆေးပညာရှင်ထံသို့ ရောက်ရှိသွားကြသည်။ ထိုလူ၏ မျက်နှာသည် အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားပြီး မျက်နှာမပျက်အောင် ကြိုးစားကာ ပြောလိုက်သည်။
"အဟမ်း... အဟမ်း... ဘာပဲပြောပြော ကျွန်တော်ပြောတာ အမှန်ပဲလေ... အစကနေ အဆုံးထိ အရှင်ရွှယ်က ဆေးပေါင်းအိုးကို လုံးဝ မသုံးသွားဘူး... ဒါက ဆန်းသစ်တဲ့ ဆေးပညာရပ် တစ်ခုခု ဖြစ်မှာပါ"
သို့သော် သူစကားပင် မဆုံးသေးခင် အလွန် ရွှင်လန်းနေသော ရွှယ်အန်းသည် သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားနေရာမှာ ပြုံးကာ ပြောလိုက်သည်ကို တွေ့လိုက်ကြရသည်။
"ဒါက ဆေးပညာရပ်ပါပဲ... ဒါပေမဲ့ ကျွန်တော်က တောင်တွေနဲ့ မြစ်တွေကို ဆေးပေါင်းအိုးအဖြစ် အသုံးပြုခဲ့တာပါ၊ မဟုတ်ရင် သာမန် ဆေးပေါင်းအိုးဆိုတာ ဒီလောက်ကြီးမားတဲ့ စွမ်းအင်ကို ဘယ်ခံနိုင်ပါ့မလဲ"
ထိုစကားများသည် ထိုဆေးပညာရှင်၏ ပါးကို ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အဆုံးတွင် သူသည် အရှက်ကွဲကာ ထွက်ပြေးသွားရတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ပရိသတ်ကြီးသည် အားပါးတရ ရယ်မောလိုက်ကြသည်။
"အရှင်ရွှယ်ကို လှောင်ရဲတယ်ဆိုတာ ပါးရိုက်ခံချင်လို့ပဲနေမှာ"
"ကျွတ်... ကျွတ်... ဒီဆေးပညာရှင်တော့ နာမည်ကြီးတော့မယ်"
ထိုအဖြစ်အပျက်ကိုမူ ရွှယ်အန်း မသိလိုက်ပေ။ ဆေးလုံးဖော်စပ်ပြီးသည်နှင့် သူသည် အမှတ်တစ် ထျန်ဗီလာသို့ ပြန်လာခဲ့သည်။
"ရော့... ဒါလေး စားလိုက်"
ရွှယ်အန်းသည် ကလေးကို ဆေးတိုက်နေသည့်ပမာ ချော့မော့ပြောဆိုလိုက်သည်။
အန်းယန်က ပြုံးစိစိဖြင့် ပြောသည်။
"ကျွန်မက ကလေးမဟုတ်တော့ပါဘူး... သင်ပေးနေရဦးမှာလား"
သူမသည် ပြောပြောဆိုဆိုဖြင့် ဆေးလုံးကို ယူလိုက်ပြီး တွန့်ဆုတ်မနေဘဲ မျိုချလိုက်ကာ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ယောင်္ကျား... ကျွန်မ ဘာလို့ ဘာမှမခံစားရ..."
အန်းယန်သည် ဘာမှမခံစားရဘူးဟု မေးရန် ပြင်လိုက်ချိန်တွင် သူမ၏ ဦးခေါင်းထိပ်တွင် မယုံကြည်နိုင်လောက်အောင် များပြားပြီး သိပ်သည်းသော စွမ်းအင်များ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် အန်းယန်သည် ချက်ချင်းပင် မေ့လဲသွားတော့သည်။
ရွှယ်အန်းသည် သူမကို ဖမ်းထိန်းလိုက်ပြီး ခေါင်းခါကာ ကြင်နာစွာ ရယ်မောလိုက်သည်။
"မင်း စားမယ်ဆိုတာ ကိုယ်သိပါတယ်... ဒါပေမဲ့ ကုတင်ပေါ်ရောက်မှ စားဖို့ မစဉ်းစားမိဘူးလားကွာ"
ဟူရင်းသည် ဘေးမှနေ၍ အားကျစွာ ကြည့်နေသည်။ ရွှယ်အန်းသည် အန်းယန်ကို ကုတင်ပေါ်သို့ ချပေးပြီးနောက် ဟူရင်းသည် အနားသို့ကပ်ကာ ခဏကြာ ကြည့်ရှုပြီးနောက် ခေါင်းမော့ကာ အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။
"အစ်ကိုကြီးရွှယ်... မရီးရဲ့ ခန္ဓာကိုယ်ထဲက ချိပ်စည်းက ဘာကြီးလဲဟင်"
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... လမ်းကြုံဖြတ်သွားတဲ့ အင်မော်တယ်ဘုရင်တစ်ပါးပါးက ချိပ်ပိတ်ခဲ့တာ နေမှာပေါ့"
"အင်မော်တယ်ဘုရင် ဟုတ်လား... အင်မော်တယ်ဘုရင်လောက်က ဒီလောက် စွမ်းရည်ရှိလို့လား"
ဟူရင်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် အင်မောါတယ်ဘုရင်ကိုလောက်ဟု သုံးနှုန်းရဲသူမှာ သူမတစ်ယောက်သာ ရှိပေလိမ့်မည်။ ရွှယ်အန်းက ရေရေရာရာ အဖြေမပေးဘဲ ပြန်မေးလိုက်သည်။
"မင်းကော ဘယ်လိုထင်လို့လဲ"
"ညီမရဲ့ သွေးစည်းစွမ်းအားနဲ့ ကျင့်ကြံခြင်းအဆင့်က အပြည့်အဝ ပြန်မကောင်းသေးပေမဲ့ ဒီအနံ့အသက်က တစ်မျိုးကြီးပဲလို့ ခံစားမိတယ်"
ဟူရင်းက မှတ်ချက်ပေးသည်။ ရွှယ်အန်းလည်း ဖျော့တော့စွာ ပြုံးလိုက်သည်။
"ဟုတ်တယ်ဖြစ်ဖြစ် မဟုတ်ဘူးဖြစ်ဖြစ်... နောက်ဆုံးကျရင် သိရမှာပါ... ဒါပေမဲ့ မင်းကတော့..."
"ညီမလား... ညီမက ဘာဖြစ်လို့လဲ"
ဟူရင်းက ရုတ်တရက် စိုးရိမ်သွားသည်။ ရွှယ်အန်း သည်သက်ပြင်းချလိုက်သည်။
"မင်း အပြင်ရောက်နေတာ တော်တော်ကြာနေပြီ... မင်းအစ်ကိုနဲ့ မြေခွေးတိုင်းပြည်က လူကြီးတွေ စိတ်ပူနေမှာကို မစိုးရိမ်ဘူးလား"
"မစိုးရိမ်ပါဘူး ပြီးတော့ အဲ့ဒီနေရာက စုတ်ပြတ်နေတာပဲ... မွေးကတည်းက အဲဒီမှာ နေလာတာ နှစ်ပေါင်းသုံးထောင်ကျော်နေပြီ၊ ရိုးအီနေပြီ"
ထိုသို့ပြောရင်း ဟူရင်းသည် ရွှယ်အန်းအနားသို့ တိုးကပ်လာပြီး မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုကြီးရွှယ်... ဒီကိစ္စတွေပြီးရင် ကောင်းကင်ဘုံကို သွားမှာမလားဟင်"
"ဘယ်သူပြောတာလဲ ငါ ကောင်းကင်ဘုံကို သွားမယ်လို့"
"ဟွန်း... ညီမကို ငတုံး ထင်နေလား... လီဟန်ကောင်းကင်ဘုံကိစ္စက ဒီလောက်နဲ့ ပြီးမှမပြီးသေးတာ၊ အစ်ကိုကြီးက သေချာပေါက် အဆုံးထိ လိုက်စုံစမ်းမှာပဲလေ... ဟုတ်တယ်မလား"
ဟူရင်းသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လုပ်ပြရင်း ကောက်ကျစ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ရွှယ်အန်းသည် သူမကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံရသည်။
"သွားမယ်ဆိုရင်ရော ဘာဖြစ်လဲ"
"ညီမကိုပါ ခေါ်သွားလေနော်"
ဟူရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ရွှယ်အန်း ခေါင်းခါလိုက်သည်။
"မရဘူး... ငါမင်းကို မြေခွေးတိုင်းပြည်ကို အရင် ပြန်ပို့ပေးရမယ်"
ချက်ချင်းဆိုသလို ဟူရင်း၏ မျက်နှာ ညှိုးကျသွားပြီးနောက် ချွဲနွဲ့သည့် နည်းဗျူဟာကို ထုတ်သုံးကာ ရွှယ်အန်း၏ လက်ကို ဆွဲ၍ မရပ်မနား လှုပ်ရမ်းလိုက်တော့သည်။
"ဟာ... လုပ်ပါ အစ်ကိုကြီးရွှယ်ရယ်၊ ညီမကို ခေါ်သွားပါနော်၊ ညီမ ကတိပေးပါတယ် ပြဿနာမရှာပါဘူးလို့၊ ညီမ အဝတ်လည်းလျှော်ပေးမယ်၊ ထမင်းလည်းချက်ပေးမယ်၊ စောင်လည်းခေါက်ပေးမယ်၊ အိပ်ရာနွေးအောင်လည်း လုပ်ပေးမယ်နော်၊ ခြေထောက်လည်းဆေးပေးပြီး အညောင်းအညာပြေအောင် နှိပ်ပေးတက်..."
"တော်ပြီ... တော်ပြီ..."
ရွှယ်အန်းမှာ ဟူရင်း လှုပ်ရမ်းသဖြင့် မူးနောက်သွားရသည်။
"အစ်ကိုကြီးရွှယ် သဘောတူပြီလား"
ဟူရင်း ပျော်ရွှင်စွာ မေးလိုက်သည်။
"တခြားဟာ အကုန် အဆင်ပြေတယ်... ဒီကိစ္စတစ်ခုပဲ ထပ်မပြောကြေး"
"ဘာလို့လဲဟင်"
ဟူရင်း နှုတ်ခမ်းဆူလိုက်သည်။ ရွှယ်အန်း တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းယန်သည် ရုတ်တရက် တုန်ခါသွားပြီး သူမ၏ အရှိန်အဝါသည် ရူးသွပ်မတတ် ထိုးတက်လာပြန်သည်။ ရွှေအင်မော်တယ်အဆင့်ဝက်မှနေ၍ ရွှေအင်မော်တယ်အဆင့်သို့ အလွယ်တကူ တက်လှမ်းသွားပြီး အစစ်အမှန် အင်မော်တာ်အဆင့်ဝက်ဆီသို့ ချီတက်သွားတော့သည်။
အခန်း (၉၇၁) - ချန်မိသားစု၏ ကိစ္စရပ်များ
"ဒါ... ဒါက ကျင့်ကြံခြင်းတဲ့လား... အဆင့်တက်တာ နည်းနည်းတောင် မြန်လွန်းနေပြီ မဟုတ်ဘူးလား"
ဟူရင်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။ ရွှယ်အန်းကမူ အံ့သြခြင်း မရှိတော့သည့်အပြင် ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းယန်ကို ရယ်ချင်သော အကြည့်ဖြင့် ကြည့်နေလေသည်။
လက်တစ်ဖက်တောင် မလှုပ်ရဘဲ နောက်ထပ်အဆင့် ထပ်တက်သွားပြန်ပြီလား...၊ ဤတစ်ခါတော့ သူမသည် လူအများ မကျော်လွှားနိုင်သော ကွာဟချက်တစ်ခုဟု သတ်မှတ်ထားကြသည့် ရွှေအင်မော်တယ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခြင်း ဖြစ်သည်။
ချိပ်စည်းလုံးဝ ပွင့်သွားလျှင် ယန်အာက အင်မော်တယ်ဘုရင်အဆင့်ကို တိုက်ရိုက် ရောက်သွားမလား
ထိုသို့ တွေးမိသောအခါ ရွှယ်အန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်နိုင်သည်ဟု သူထင်နေသောကြောင့်ဖြစ်သည်။ အဆုံးတွင် အန်းယန်၏ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ မြင့်တက်နေမှုသည် တဖြည်းဖြည်း နှေးကွေးသွားပြီး စစ်မှန်အင်မော်တယ်အဆင့်သို့ မရောက်မီ ခြေတစ်လှမ်းအလိုတွင် ရပ်တန့်သွားလေသည်။
ဟူရင်းသည် အံ့သြတကြီး မျက်တောင်ခတ်လိုက်ပြီး အံဩဟန်ပြုလိုက်သည်။
"အစ်ကိုကြီးရွှယ်... ကြည့်ရတာ မရီးက အစ်ကိုကြီးထက်တောင် ပိုကြမ်းနေပြီထင်တယ်"
ရွှယ်အန်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါလည်း အဲ့ဒီလို ထင်တယ်"
ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းယန်သည် မျက်လုံးများကို ညင်သာစွာ ဖွင့်လိုက်သည်။ အစပိုင်းတွင် သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း ချက်ချင်းပင် အသိစိတ် ပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
"ယောင်္ကျား... ကျွန်မ အဆင့်ထပ်တက်သွားပြန်ပြီ၊ ကြည့်ရတာ ကျင့်ကြံခြင်းဆိုတာ ရှင်ပြောသလောက် မခက်ပါဘူးနော်"
ရွှယ်အန်း၏ နှုတ်ခမ်း အနည်းငယ် တွန့်သွားသည်။
"အင်း... လုံးဝ မခက်ပါဘူး"ဈ
"ဒါပေမဲ့ မရီးရဲ့ ခန္ဓာကိုယ်ထဲက ချိပ်စည်းက ဘယ်လိုလုပ်မလဲ၊ အစ်ကိုကြီးရွှယ်က သွေးမျိုးနွယ်စု တစ်ခုလုံးကိုတောင် ဆေးဖော်ပြီးပြီလေ"
ဟူရင်းက ရုတ်တရက် ဖြတ်မေးလိုက်သည်။ ရွှယ်အန်း ဖျော့တော့စွာ ပြုံးလိုက်သည်။
"သွေးပုလဲနဲ့ ချိပ်စည်းဖွင့်တယ်ဆိုတာ ယာယီနည်းလမ်းပါ... ချိပ်စည်းကို လုံးဝ ပျောက်သွားအောင် လုပ်ချင်ရင် ယန်အာကို ချိပ်ပိတ်ခဲ့တဲ့သူကို သတ်မှရမယ်"
ထိုသို့ ပြောလိုက်ချိန်တွင် ရွှယ်အန်း၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုချိပ်ပိတ်ထဲတွင် ကျန်ရှိနေသော အရှိန်အဝါကို ရွှယိအန်း ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သည်။ စကြဝဠာသည် အကန့်အသတ်မရှိ ကျယ်ပြန့်သော်လည်း အင်မော်တယ်ဘုရင်ဆိုသည်မှာ အလွန်ရှားပါးလှသည်။ထို့ကြောင့် ထိုလူ သေချာပေါက် ထွက်ပြေး၍ လွတ်မည်မဟုတ်ပေ။
ရွှယ်အန်း၏ စကားကို ကြားသောအခါ အန်းယန် စကားမပြောနိုင်ခင်မှာပင် ဟူရင်းက စိတ်လှုပ်ရှားလွန်းသဖြင့် ကခုန်လုနီးပါး ဖြစ်နေလေပြီ။
"ဟုတ်တယ်... မရီးကို ချိပ်ပိတ်ရဲတဲ့သူ ဘယ်သူမဆို သတ်ပစ်ရမယ်၊ အစ်ကိုကြီးရွှယ်... ဘယ်တော့ ထွက်ကြမလဲ"
ရွှယ်အန်းက ဟူရင်းကို အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်လိုက်သည်။
"ထွက်သွားတော့ရော ဘာဖြစ်လဲ... ငါမင်းကို ခေါ်သွားမယ်လို့ ပြောမိလို့လား"
ထိုစကားကြောင့် ဟူရင်း၏ မျက်နှာ ချက်ချင်း ညှိုးကျသွားပြီး သနားစရာကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးရွှယ်... ညီမကို ခေါ်သွားပါနော်၊ ကျေးဇူးပြုပြီး"
ရွှယ်အန်း မလှုပ်မယှက်ပင်ရှိနေသည်။ ထိုအခြေအနေကို မြင်သောအခါ ဟူရင်းသည် ပစ်မှတ်ပြောင်းလိုက်ပြီး အန်းယန်ဘက်သို့ လှည့်ကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"မရီး... ကူပြောပေးပါဦး..."
အန်းယန်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေသည်။ ဤကောင်မလေးသည် အစပိုင်းတွင် သူမကို ရန်လိုခဲ့သည်။ သို့သော် အန်းယန်၏ ကိုင်တွယ်ပုံအောက်တွင် ဟူရင်းသည် မကြာမီမှာပင် လုံးဝ ယဉ်ပါးသွားခဲ့သည်။ ယခုဆိုလျှင် ကလေးလေးတစ်ယောက်လို ဖြစ်နေသည်။
"မရီးက ဒီလိုကိစ္စတွေ ဆုံးဖြတ်လို့မရဘူး... ညီမရဲ့ အစ်ကိုကြီးရွှယ်ကိုပဲ မေးကြည့်လိုက်ပါ"
ဟူရင်းသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ရွဗယ်အန်းဘက်သို့ တစ်ဖန် လှည့်ကြည့်လိုက်ပြန်သည်။
သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ထန်ရွှမ်အာ၏အသံ ထွက်ပေါ်လာသည်။
"ရွှယ်အန်း... ကျုံးတုက လူရောက်နေတယ်"
ရွှယ်အန်း အံ့သြသွားပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
"ဘယ်သူလဲ"
ထန်ရွှမ်းအာ သက်ပြင်းအနည်းငယ် ချလိုက်သည်။
"ဧည့်ခန်းထဲမှာ ရောက်နေတယ်... သွားကြည့်လိုက်ပါ"
ရွှယ်အန်း အမှတ်တစ် ထျန်ဗီလာ၏ ဧည့်ခန်းထဲသို့ ဝင်လာသောအခါ လူအများအပြား မတ်တတ်ရပ်လိုက်ကြသည်။
"အရှင်ရွှယ်"
"အရှင်ရွှယ်"
ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရိုရိုသေသေ နှုတ်ဆက်အသံများ တပြိုင်နက် ထွက်ပေါ်လာကြသည်။ သို့သော် ရွှယ်အန်းသည် သူတို့ကို အာရုံမစိုက်ဘဲ လူအုပ်အလယ်တွင် ရပ်နေသော ချန်ရုရှီကိုသာ အကြည့်ပို့လိုက်သည်။ သူမသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး လက်မောင်းတွင် အနက်ရောင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပိုးစညှပ်ထားလေသည်။
ချန်ရုရှီသည် လွန်ခဲ့သော နှစ်ရက်က ကျုံးတာသို့ ပြန်သွားခဲ့ပြီး ယခု မထင်မှတ်ဘဲ ပြန်ရောက်လာခြင်း ဖြစ်သည်။ ဤသို့ ဝတ်စားဆင်ယင်ပြီး ပြန်လာခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ ရွှယ်အန်း အံ့အားသင့်နေစဉ်မှာပင် ချန်ရုရှီသည် ကြမ်းပြင်ပေါ်တွင် လေးစားစွာ ဒူးထောက်လိုက်ပြီး ရွှယ်အန်းကို ဦးညွှတ်ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"အရှင်ရွှယ်... မနက်ဖြန် အဘိုးရဲ့ ဈာပနပါ၊ အဘိုး သက်ရှိထင်ရှား ရှိစဉ်တုန်းက မိတ်ဆွေတစ်ယောက်အနေနဲ့ ချန်မိသားစုက မစ္စတာရွှယ်ကို တက်ရောက်ပေးဖို့ လာဖိတ်တာပါ"
ထိုအခါမှ ရွှယ်အန်း အခြေအနေကို နားလည်သွားသည်။ ချန်ရုရှီက ချန်ရှို့ဟယ်၏ ဈာပနကို ဖိတ်ကြားရန် လာခဲ့ခြင်း ဖြစ်သည်။ ရွှယ်အန်း၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
"မိန်းကလေးချန်... ဘာမှ ဆက်ပြောစရာ မလိုပါဘူး၊ ကျွန်တော်နဲ့ ချန်သခင်ကြီးက မိတ်ဆွေကောင်းတွေပါ၊ သူ့ကို ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်အနေနဲ့ အမြဲ လေးစားခဲ့တာပါ... ဒီတစ်ခါ ချန်သခင်ကြီးက တရုတ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာအတွက် အသက်စွန့်ခဲ့တာ၊ ကျွန်တော် ဘယ်လိုလုပ် မလာဘဲ နေပါ့မလဲ"
ချန်ရုရှီသည် ငိုထားသဖြင့် မျက်လုံးများ မို့အစ်နေကာ ထိုစကားကို ကြားလိုက်ရသောအခါ ထပ်မံငိုကြွေးလိုက်ပြန်သည်။
"ကျေးဇူးတင်ပါတယ် အရှင်ရွှယ်"
သူမ ထပ်မံ၍ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ ရွှယ်အန်း လက်ဝှေ့ယမ်းလိုက်ရာ နူးညံ့သော စွမ်းအားတစ်ခုက ချန်ရုရှီကို ကြမ်းပြင်ပေါ်မှ မတင်လိုက်သည်။
"မိန်းကလေးချန်... ဒီလို တခမ်းတနားတွေ လုပ်နေစရာ မလိုပါဘူး၊ ဒါတွေက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေပါ"
ရွဗယ်အန်း၏ စကားကို ကြားသောအခါ ချန်ရုရှီနှင့်အတူ ပါလာသော လူများ၏ မျက်နှာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ခေါင်းငုံ့သွားကြသည်။ ထိုအခြေအနေကို မြင်သောအခါ ရွှယ်အန်း စိတ်ထဲတွင် လှောင်ပြုံးလိုက်သော်လည်း ဘာမှထုတ်မပြောပေ။ ထိုအချိန်တွင် အန်းယန်နှင့် ထန်ရွှမ်အာတို့ ရှေ့သို့ထွက်လာပြီး ချန်ရုရှီကို တွဲကူပေးလိုက်ကြသည်။
"ရူရှီ... ညီမရဲ့ ဘိုးဘေး လုပ်ခဲ့တဲ့အရာက တရုတ်မျိုးနွယ်စုအတွက် စံပြပါပဲ၊ အရမ်းဝမ်းနည်းမနေပါနဲ့... ညီမရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပါ"
အန်းယန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ ကျုံးတုသို့ ပြန်ရောက်ကတည်းက စိတ်ချမ်းသာမှု တစ်ခဏမျှ မရခဲ့သော ချန်ရုရှီသည် အန်းယန်၏ စကားကို ကြားသောအခါ မျက်ရည်များကြားမှ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ မမယန်"
ယခုအခါ မျိုးဆက်သစ် အမျိုးသမီးများကြားတွင် အန်းယန်၏ ဂုဏ်သတင်းသည် အလွန်မြင့်မားနေပြီဖြစ်သည်။ လူအများအပြားသည် သူမကို မမယန် ဟု ခေါ်ဆိုရခြင်းကိုပင် ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်ရုရှီသည် နှုတ်ဆက်ပြီး ကျုံးတုသို့ ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ရူရှီ... မင်းက အခု အားနည်းနေတယ် ပြီးတော့ စွမ်းအင်တွေလည်း ကမောက်ကမ ဖြစ်နေတယ်၊ ဒီအတိုင်း ဆက်သွားရင် စွမ်းအင်တွေ ကုန်ခမ်းသွားလိမ့်မယ်၊ ဒီမှာပဲ နေလိုက်ပါ... မနက်ဖြန်ကျမှ ကျွန်တော် ကျုံးတုကို ပြန်လိုက်ပို့ပေးမယ်"
"ဒါပေမဲ့..."
ချန်ရုရှီ အနည်းငယ် အံ့အားသင့်သွားသည်။
"အဲဒီအတိုင်းပဲ လုပ်လိုက်တော့"
ရွှယ်အန်းက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် အန်းယန်နှင့် ထန်ရွှမ်အာတို့က ချန်ရုရှီကို အတွင်းခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အခန်းထဲရှိ လူများကို နားလည်ရခက်သော အပြုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်သည်။ သူထွက်သွားပြီးနောက် ချန်ရုရှီနှင့်အတူ ပါလာသော အစေခံအများအပြားသည် ချွေးများ ရွှဲရွှဲစိုနေကြပြီး မျက်လုံးများထဲတွင် သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က တိုးတိုးပြောလိုက်သည်။
"ဒီအကြောင်းကို သခင်လေး ၃ နဲ့ သခင်လေး ၄ တို့ကို အကြောင်းကြားလိုက်ရမလား"
မည်သူမျှ ဝင်မပြောကြပေ။ လူအများအပြားက ပြောလိုက်သူကို ငတုံးတစ်ယောက်ကဲ့သို့ ဝိုင်းကြည့်နေကြသည်။
ထို့နောက် လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။
"သခင်လေး ၃ နဲ့ သခင်လေး ၄ ဟုတ်လား... ဟားဟား သူတို့က အရှင်ရွှယ်ရှေ့မှာ ပုရွက်ဆိတ်လောက်ပဲ ရှိတာ၊ မင်း သတင်းပေးချင်ရင် ပေးလိုက်လေ"
"ဟုတ်တယ်... ခုနက အရှင်ရွဗယ် ရှေ့မှာ သခင်မလေးရဲ့ အနေအထားက ဘယ်လောက် ထူးခြားလဲဆိုတာ မင်း မမြင်ဘူးလား"
ယခင်က ပြောလိုက်သူမှာ လည်ပင်းကျုံ့သွားပြီး ဟန်လုပ်ရယ်မောကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်က ဒီတိုင်းပြောကြည့်တာပါ၊ ကျွန်တော်က သခင်မလေးအပေါ် သစ္စာရှိပါတယ်... မကောင်းတဲ့စိတ် လုံးဝမရှိပါဘူး"
ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လိုက်ပါလာကြသော ချန်မိသားစု အစေခံများသည် အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ချက်ချင်းပင် ချန်ရုရှီဘက်သို့ ကူးပြောင်းလိုက်ကြတော့သည်။
ထိုအချိန်တွင် ကျုံးတုရှိ လျှို့ဝှက်အခန်းတစ်ခန်းထဲ၌
ချန်မိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်သော ချန်ရှန်းရှန်းသည် ဝိုင်နီကို ကျေနပ်စွာ သောက်သုံးရင်း သက်ပြင်းချလိုက်လေသည်။
"တကယ်ကို ကောင်းတဲ့ ဝိုင်ပဲ... အဘိုးကြီးသာ မသေရင် ချန်မိသားစု မြေတိုက်ခန်းထဲက ဒီလိုဝိုင်ကောင်းမျိုးကို ငါဘယ်လိုလုပ် ယူနိုင်ပါ့မလဲ”
အခန်း (၉၇၂) - ဈာပန အခမ်းအနားထက်မှ အဖြစ်အပျက်များ
ထိုအချိန်တွင် သူ၏ဝမ်းကွဲညီအစ်ကိုဖြစ်သူ ချန်ပေလဲ့က စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
"အစ်ကို... အဲ့ဒီ ချန်ရုရှီဆိုတဲ့ ကောင်မက ပေကျင်းကို သွားတယ်ဆိုတော့... တကယ်ပဲ စစ်ကူတွေ ခေါ်လာရင် ဘယ်လိုလုပ်မလဲ"
ထိုစကားကို ကြားသောအခါ ချန်ရှန်းရှန်းက အေးစက်စွာ လှောင်ပြုံးလိုက်သည်။
"သူ့မှာ ဘာစစ်ကူရှိမှာမို့လို့လဲ... အလွန်ဆုံးရှိလှ ရွှယ်အန်းဆီ သွားပြီး အကူအညီတောင်းတာပဲ နေမှာပေါ့"
"အဲ့ဒါကိုပဲ စိုးရိမ်နေတာလေ... ရွှယ်အန်းရဲ့ စွမ်းရည်ကို အစ်ကိုလည်း သိသားနဲ့၊ ကျုပ်တို့အားလုံး ပေါင်းရင်တောင် သူ့လက်သန်းတစ်ချောင်းစာလောက် ရှိမှာမဟုတ်ဘူး"
ချန်ရှန်းရှန်းသည် ဝိုင်ခွက်ကို ချလိုက်ပြီး မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဘာလဲ... မင်းက ကြောက်နေတာလား"
ချန်ပေလဲ့ တံတွေးမြိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"မကြောက်တဲ့သူ ဒီလောကကြီးမှာ ရှိလို့လားဗျာ"
"မင်းကြောက်ရင် နောက်ဆုတ်လိုက်လေ"
"ဒါပေမဲ့..."
ထိုအချိန်တွင် ချန်ရှန်းရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ရွှယ်အန်းက တကယ်ပဲ ကြောက်စရာကောင်းတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ မမေ့နဲ့နော်... သူ့အဆင့်အတန်းက ဘာလဲဆိုတာပြီးတော့ ဟိုကောင်မရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ"
"အစ်ကို ဘာကိုဆိုလိုတာလဲ"
"ချန်ရုရှီက ရွှယ်အန်းအပေါ် စိတ်ရှိနေတယ်ဆိုတာ ကျုံးတုတစ်မြို့လုံး သိတဲ့ ကိစ္စပဲ၊ အဓိကအချက်က ရွှယ်အန်းမှာ မိန်းမရှိပြီးသားလေ၊ သူမက သာမန်မိန်းမတောင် မဟုတ်ဘူး... ဒီနေ့ခေတ် ကျုံးတုမှာ အခမ်းနားဆုံး အန်းမိသားစုဝင်တစ်ယောက်ပဲ၊ ဒါကြောင့် ချန်ရုရှီအတွက် ဘယ်လိုမှ နေရာမရှိနိုင်ဘူး"
"ချန်ရှို့ဟယ် ရှိတုန်းကတော့ လူတွေက အားနာပါးနာ ရှိကြသေးတယ်၊ အခု ချန်ရှို့ဟယ်လည်း သေသွားပြီလေ"
"ရွှယ်အန်းက သူ့မိန်းမဆီပ စိတ်ဆိုးခံပြီး ချန်ရုရှီကို ကူညီမယ်လို့ မင်းထင်နေလား"
ထိုစကားကြောင့် ချန်ပေလဲ့ နားရှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
"အင်း... အဓိပ္ပာယ်တော့ ရှိသား ဒါပေမဲ့ ချန်ရုရှီက ရွှယ်အန်းဆီကနေ တကယ်ပဲ အကူအညီတောင်းနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
"တောင်းနိုင်တော့ရော ဘာဖြစ်လဲ၊ မင်း မမေ့နဲ့... ငါတို့ရဲ့ မျိုးရိုးနာမည်က ဘာလဲဆိုတာ"
ချန်ရှန်ရှန်က မတ်တတ်ရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ငါတို့အားလုံးက ချန်မိသားစုရဲ့ သွေးသားရင်းတွေလေ ပြီးတော့ ယောက်ျားလေးတွေကွ၊ အခု ချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က နည်းလာပြီ... ချန်ရှို့ဟယ်လည်း သေပြီ၊ ချန်ရုရှီရဲ့ အဖေကလည်း ဒီနှစ်အစပိုင်းကတည်းက စိတ်ဖောက်ပြန်ပြီး ရူးသွားပြီ၊ အခု လက်ကျန်ဆိုလို့ ချန်ရုရှီ တစ်ယောက်ပဲ ရှိတော့တာ... မိန်းမတစ်ယောက်လေကွ"
"အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလား... မျိုးဆက်ဆက်ခံမယ့်သူ မရှိတော့ဘူးလို့ ဆိုလိုတာပဲ ဒီလိုအခြေအနေမျိုးမှာ ငါတို့က ချန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံတာ သဘာဝကျပါတယ်ကွာ"
"ရွှယ်အန်း ဘယ်လောက်ပဲ တော်နေပါစေ... ဒီကိစ္စကို ဝင်ပါဖို့ သူ့မှာ အခွင့်အရေး မရှိဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက ချန်မိသားစုရဲ့ အတွင်းရေးကိစ္စပဲ"
ဝမ်းကွဲအစ်ကိုဖြစ်သူ ချန်ရှန်းရှန်း၏ စကားများကို ကြားသောအခါ ချန်ပေလဲ့၏ မျက်လုံးများ အရောင်တောက်သွားပြီး လေးစားအားကျစွာဖြင့် ခွက်ကို မြှောက်လိုက်သည်။
"အစ်ကို ပြောတာကြားမှပဲ စိတ်အေးရတော့တယ်... ချီးယားစ်ဗျာ"
ချန်ရှန်းရှန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
"ငါအမြဲပြောပါတယ်... ဒီလောကကြီးမှာ ရှိသမျှ အရာအားလုံးကို အကြမ်းဖက်ရုံနဲ့ ဖြေရှင်းလို့ မရပါဘူးလို့၊ ဟိုအဘိုးကြီး ချန်ရှို့ဟယ်က အဲဒါကို နားမလည်ဘဲ ပြည်ပကနတ်ဘုရားတွေကို သွားရင်ဆိုင်တာလေ... အဲ့ဒါ သေလမ်းရှာတာ မဟုတ်ဘူးလား"
ထိုသို့ပြောဆိုရင်း သူတို့နှစ်ဦးသည် ကိုယ်စီ အကြံအစည်များဖြင့် ဝိုင်ခွက်များကို မော့သောက်လိုက်ကြသည်။ ထို့နောက် မူးနေသော ချန်ရှန်းရှန်းက ပြောလိုက်သည်။
"ဈာပနပြီးတာနဲ့ လူတစ်ယောက် စီစဉ်ပြီး ချန်ရုရှီကို ရှင်းခိုင်းလိုက်မယ်၊ အဲဒီကျရင် ချန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ငါတို့လက်ထဲ ရောက်ပြီပဲ"
သူ ပြောပြီးသည်နှင့် အားပါးတရ အော်ဟစ်ရယ်မောလိုက်တော့သည်။ နောက်တစ်နေ့တွင် ကျုံးတုတစ်မြို့လုံးရှိ လေထုသည် လေးလံအုံ့မှိုင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ချန်မိသားစု၏ ခေါင်းဆောင်ဟောင်း ချန်ရှို့ဟယ် သဂြိုလ်မည့်နေ့ဖြစ်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။
မနက်စောစောကတည်းက ကျုံးတုမြို့ အနှံ့အပြားမှ လူများသည် တရုတ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သော ဤအဘိုးအိုအား နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ရန် အလိုအလျောက် ရောက်ရှိလာကြသည်။ ချန်အိမ်တော်တွင်မူ ဝင်ပေါက်တစ်ခုလုံး အဖြူရောင် လွှမ်းနေပြီး ငိုကြွေးသံများ ဆူညံနေလေသည်။ ကျုံးတုရှိ မိသားစုကြီး အသီးသီးမှ လူများလည်း လာရောက် ဂါရဝပြုကြသည်။ သို့သော် ထိုမိသားစုများ၏ မျက်နှာထားသည် အနည်းငယ် ထူးခြားနေသည်။ အထူးသဖြင့် ခေါင်းရင်းတွင် ရှိနေသင့်သော ချန်ရုရှီ မရှိနေသည်ကို မြင်လိုက်ရသောအခါ တီးတိုးပြောဆိုလာကြသည်။
"တကယ့် ကို စိတ်ပျက်စရာ ကောင်းလိုက်တာ၊ အဘိုးချန် အလောင်းတောင် မအေးသေးဘူး... ချန်မိသားစုက အမွေလုပွဲ စနေကြပြီ"
"ကျွတ်... ကျွတ်... ကြည့်ပါဦး၊ ချန်ရှန်းရှန်းနဲ့ ချန်ပေလဲ့တို့ ညီအစ်ကိုနှစ်ယောက်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်ထားပေမဲ့ မျက်နှာမှာ ဝမ်းနည်းရိပ် တစ်စက်မှ မရှိဘူး... လောဘရမ္မက် တက်နေတဲ့ မျက်နှာတွေချည်းပဲ"
"သူတို့သာ ရက်စက်ယုတ်မာတဲ့ စိတ်ဓာတ်မရှိရင် ကူရာမဲ့နေတဲ့ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့ အလုပ်မျိုး ဘယ်လုပ်ပါ့မလဲ"
ထိုမိသားစုကြီးများသည် ပုံမှန်အားဖြင့် လူကောင်းများဟု သတ်မှတ်၍ မရသော်လည်း ဤကိစ္စတွင်မူ သူတို့အားလုံး အကြီးအကျယ် ဒေါသထွက်နေကြသည်။
အချို့ကလည်း တီးတိုး ပြောကြပြန်သည်။
"ကြားတာတော့ သခင်မလေးရူရှီက ပေကျင်းကို သွားပြီး အရှင်ရွှယ်ကို သွားဖိတ်တယ်ဆိုလား... တရားဝင်ပြောတာကတော့ အဘိုးကြီးကို နောက်ဆုံးခရီး ပို့ဆောင်ပေးဖို့ပေါ့ ဒါပေမဲ့ ကျွန်တော် ထင်တာတော့ အကူအညီ သွားတောင်းတာလည်း ပါမယ်ထင်တယ်"
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ကြားတယ် ပြီးတော့ သခင်မလေးရူရှီနဲ့ အရငေိရွှယ်က သိတာကြာပြီ တော်တော်လည်း ရင်းနှီးကြတယ်တဲ့၊ အရှင်ရွှယ်ရဲ့ စိတ်ထားနဲ့ဆိုရင်တော့ ကြည့်ကောင်းမယ့် ပွဲဖြစ်လာတော့မယ် ထင်တယ်"
"ဒီ အသုံးမကျတဲ့ လူငယ်တွေက အရှင်ရွှယ်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ ပြဿနာက ချန်မိသားစု အတွင်းရေးလေ... ပြင်ပလူဖြစ်တဲ့ အရှင်ရွှယ်က တိုက်ရိုက် ဝင်ပါတာ သိပ်တော့ မသင့်တော်ဘူး ထင်တယ်"
"ဘယ်သူသိမှာလဲ... ဘာပဲဖြစ်ဖြစ် အရှင်ရွှယ် မျက်စောင်းထိုးလိုက်ရင် နတ်ဘုရားတွေတောင် ဒူးထောက်ရတာ... ဒီကောင်တွေလောက်ကတော့ ပြောမနေနဲ့"
ထိုတီးတိုးပြောသံများသည် ရံဖန်ရံခါ ချန်ရှန်းရှန်းနှင့် ချန်ပေလဲ့တို့ နားထဲသို့ ရောက်ရှိသွားတတ်သည်။ ချန်ပေလဲ့၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့နေသည်။ ချန်ရှန်းရှန်းကမူ ဂရုမစိုက်သော ပုံစံဖြင့် တခြားသူများ ပြောဆိုနေသည်ကို လျစ်လျူရှုထားလေသည်။ ထိုနေ့ ဈာပန အခမ်းအနားတွင် လေထု တင်းမာနေစဉ် အလင်းတန်းအချို့သည် ကောင်းကင်ယံမှ ပျံသန်းလာပြီး လူအုပ်အလယ်သို့ ချက်ချင်း ဆင်းသက်လာကြသည်။ ၎င်းတို့မှာ ရွှယ်အန်း၊ ချန်ရုရှီနှင့် သူတို့၏ အဖွဲ့သားများ ဖြစ်ကြသည်။
သူတို့ ရောက်ရှိလာမှုသည် လူအုပ်ကြီးကို လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် ရွဗယ်အန်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ လူအများအပြား ကျယ်လောင်စွာ အော်ဟစ် နှုတ်ဆက်ကြလေသည်။
"မင်္ဂလာပါ အရှင်ရွှယ်"
"ဂါရဝပြုပါတယ် သခင်ကြီး"
ရွဗယ်အန်းသည် ခေါင်းညိတ်ပြပြီး လူတိုင်းကို ပြန်လည် နှုတ်ဆက်လိုက်သည်။ ထိုအချိန်တွင် ချန်ရုရှီသည် အဘိုးဖြစ်သူ၏ ခေါင်းတလားကို မြင်လိုက်ရသောအခါ ဝမ်းနည်းပူဆွေးမှုကို မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျကာ ထပ်မံ ငိုကြွေးလေတော့သည်။
ပြီးခဲ့သော ရက်များအတွင်း ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များသည် မိန်းကလေး၏ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာရာ သူမ၏ ငိုကြွေးသံသည် ရင်ကွဲမတတ် ဖြစ်နေပြီး ကြားရသူတိုင်းကို သနားကရုဏာ သက်မိစေသည်။ ရွှယ်အန်းသည် ခေါင်းတလားကို မော့ကြည့်လိုက်ပြီး တိုးညင်းစွာ သက်ပြင်းချကာ ရှေ့သို့တိုး၍ အမွှေးတိုင် သုံးတိုင်ကို ယူပြီး အမွှေးတိုင်အိုးတွင် စိုက်လိုက်သည်။
"ချန်သခင်ကြီး... ခင်ဗျားက သေမျိုးတစ်ယောက် ဖြစ်ပေမဲ့ သေမင်းနဲ့ ရင်ဆိုင်ရချိန်မှာတောင် နတ်ဘုရားတွေကို မကြောက်မရွံ့ ရင်ဆိုင်ပြီး တရုတ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့တယ်၊ ဒီအချက် တစ်ချက်တည်းနဲ့တင် ခင်ဗျားက ကျွန်တော့်ရဲ့ လေးစားမှုကို ခံယူထိုက်ပါတယ်"
ထိုသို့ ပြောပြီးနောက် ရွှယ်အန်းသည် အလွန် လေးစားသမှုဖြင့် ခါးကိုင်း ဦးညွှတ်လိုက်လေသည်။ လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ငတုံးများ၏ မျက်နှာပေါ်တွင် အံ့သြထိတ်လန့်မှုများ ပေါ်လာကြသည်။ ရွှယ်အန်း၏ လက်ရှိ အဆင့်အတန်းက ဘယ်လောက် မြင့်မားသနည်း။
သူသည် ဤခေတ်ကာလ၏ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးက ချန်ရှိုဟယ်၏ ခေါင်းတလားကို ဦးညွှတ်ဂါရဝပြုခြင်းသည် အလွန် လေးနက်သော အဓိပ္ပာယ်ကို ဆောင်လေသည်။ ထို့ကြောင့် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နေသော အိမ်တော်ထိန်းကြီးပင် ခေတ္တမျှ ကြောင်အသွားပြီး ရွှယ်အန်း ခေါင်းပြန်မော့လာမှသာ အလျင်အမြန် အော်ဟစ်လိုက်ရသည်။
"မိသားစုဝင်များ ပြန်လည် ဂါရဝပြုစေ"
ချန်ရုရှီသည် ရှိုက်သံများကြောင့် ပခုံးများ တုန်ခါနေရာမှ ရွှယ်အန်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်ရွှယ်"
ရွှယ်အန်း လက်ဝှေ့ယမ်းလိုက်သည်။
"ရူရှီ... ထပါ"
ထို့နောက် သူသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ချန်ရုရှီကို ချန်မိသားစုရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ကျွန်တော် စီစဉ်ထားတယ်၊ ခင်ဗျားတို့ထဲက ဘယ်သူများ... ကန့်ကွက်ချင်ကြလဲ"
ထိုစကားသည် မိုးကြိုးပစ်လိုက်သည့်ပမယ လူတိုင်းကို မှင်သက်သွားစေသည်။ အောင်နိုင်သူ အကြည့်များကို ဖုံးကွယ်ထားရင်း ခေါင်းငုံ့နေသော ချန်ရှန်းရှန်းသည် သိသိသာသာ တုန်လှုပ်သွားပြီး ရွှယ်အန်းကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
လူအုပ်ကြီး တိတ်ဆိတ်နေပြီး ရွှယ်အန်း၏ အဆိုပြုချက်ကို လက်ခံလိုက်သည့်ပမာ ဖြစ်နေသည်ကို မြင်သောအခါ သူ အကြီးအကျယ် ထိတ်လန့်သွားပြီး ရှေ့သို့ ပြေးထွက်သွားလေသည်။
"ကျွန်တော် ကန့်ကွက်တယ်"
ရွှယ်အန်းသည် ပြောလိုက်သူဘက်သို့ လှည့်ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။
"အို... ခင်ဗျားက ဘာကို ကန့်ကွက်ချင်တာလဲ”