အန္တရာယ်အကြား စီးပွားရှာခြင်း
Vol. 1 Ch. 432
ရွှီး...ရွှီး...
ထိုအချိန်တွင် လှုပ်ရှားခြင်း အလျဉ်းမရှိခဲ့သော နေနက်မိစ္ဆာနွယ်နှစ်ခုသည် သူတို့ထံ ရုတ်တရက်ကြီး တိုးဝင်လာခဲ့သည်။ ကျန်းရီနှင့် ယာ့ဇီသားရဲမှာ မှင်တက်သွားခဲ့ကြသည်။
ယာ့ဇီသားရဲသည် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့် ထိုနေနက်မိစ္ဆာနွယ်နှစ်ပင်သည် အစောပိုင်းက ငြိမ်နေပြီး ယခုမှ တိုက်ခိုက်လာသနည်း။ ကျန်းရှောင်နူလည်း မေ့မျောနေလေရာ သူတို့သာ နေနက်မိစ္ဆာနွယ်များ၏ ရစ်ပတ်ခြင်း ခံရပါက သေရမည်ကို စောင့်နေရုံသာ ရှိလိမ့်မည်။
ယာ့ဇီသားရဲသည် ကျန်းရှောင်နူကို သတိရသွားကာ အော်ပြောလိုက်သည်။
"ကောင်လေး...ဟိုကလေးမကို မြန်မြန်ထုတ်လိုက်၊ နေနက်မိစ္ဆာနွယ်တွေက သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကြောက်တယ်"
ကျန်းရီသည် တစ်ခဏ တွေဝေသွားသော်လည်း ယာ့ဇီသားရဲ၏ အကြံကို နားမထောင်လိုက်ပေ။ ကျန်းရှောင်နူသည် လက်ရှိအချိန်တွင် သတိမေ့နေရာ သူမ၏ အရှိန်အဝါမှာ အလွန်အားနည်းနေသည်။ သူမအား ထုတ်လိုက်လျှင်တောင် နေနက်မိစ္ဆာနွယ်များ ကြောက်သွားကြပါမည်လော။
သူသည် ခြေဆောင့်နင်း၍ ကိုယ်ဖော့လိုက်ပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ နေနက်မိစ္ဆာနွယ်သည် အလွန်သန်မာပြီး စွမ်းအားကြီးသော်လည်း ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများသည် ၎င်းတို့ကို မလောင်ကျွမ်းနိုင်ဟု သူမယုံပေ။
မီးလျှံများသည် မီးလောင်နေသော တောအုပ်အတွင်း လေကြမ်းတိုက်သွားသည့်ပမာ အရှိန်အဟုန်ပြင်းပြင်းနှင့် ပြေးထွက်သွားကြသည်။ ခဏအတွင်း နေနက်မိစ္ဆာနွယ်များမှာ မီးလျှံများ၏ လွှမ်းခြုံခြင်း ခံလိုက်ရလေသည်။
ရှဲ...ရှဲ...
နေနက်မိစ္ဆာနွယ်နှင့် မီးတောက်များ ထိတွေ့သွားသောအခါတွင် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် မီးကျွမ်းပေါက်များ ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင်အရည်များလည်း စိမ့်ထွက်လာကြသည်။ လောင်ကျွမ်းနှုန်းသည် မမြန်လှသော်လည်း ကောင်းကင်ကိုးဆင့် နဂါးမီးလျှံမှာ နေနက်မိစ္ဆာနွယ်တို့ကို လောင်ကျွမ်းနိုင်ကြောင်း သံသယ ဖြစ်စရာ မလိုချေ။
"နေရာပြောင်းရွှေ့ခြင်း"
လက်ဝါးရိုက်ချက် အနည်းငယ် ထုတ်လွှတ်ပြီးနောက်တွင် နေနက်မိစ္ဆာနွယ်တစ်ခုမှာ ကျန်းရီထံ တိုးဝင်လာခဲ့သည်။ ကျန်းရီသည် အချိန်မဆိုင်းဘဲ ချက်ချင်းနေရာရွှေ့ပြောင်းလိုက်သည်။ ၎င်းသာ အနီးရောက်လာပါက သူ၏ နေရာရွှေ့ပြောင်းနိုင်သော စွမ်းရည်အပေါ် သက်ရောက်လာနိုင်သည်။
သူ့ကိုယ်သည် ခပ်လှမ်းလှမ်း တစ်နေရာတွင် ပြန်ပေါ်လာခဲ့ပြီး နေနက်မိစ္ဆာနွယ်ရှိရာသို့ မီးလျှံများ ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။ ထို့နောက် သူသည် ထပ်မံ နေရာရွှေ့ပြောင်းလိုက်၊ လက်ဝါးရိုက်ချက်များဖြင့် မီးလျှံများ ထုတ်လွှတ်လိုက် လုပ်နေခဲ့သည်။ နေနက်မိစ္ဆာနွယ် နှစ်ခုမှာ ကျန်းရီနောက် အသည်းအသန် လိုက်ရန် ကြိုးစားနေကြသော်လည်း ကျန်းရီ ထုတ်လွှတ်လိုက်သော ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများနှင့်သာ ထိပ်တိုက်တွေ့နေရလေသည်။
ရွှီး...ရွှီး...
ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများနှင့် အကြိမ်ရေအတော်များများ ရင်ဆိုင်ပြီးနောက်တွင် နေနက်မိစ္ဆာနွယ်နှစ်ခုမှာ ဒဏ်ရာအမြောက်အများရ၍ ကြောက်ရွံ့သွားကြသည်။ ၎င်းတို့သည် ပြန်လည်ကုစားရန် သွေးအိုင်များအတွင်းသို့ ပြန်ဆုတ်သွားကြပြီး ကျန်းရီနောက် ဆက်မလိုက်ကြတော့ပေ။ သို့သော်လည်း ၎င်းတို့သည် အဆက်မပြတ် ယိမ်းနွဲ့၍ အသံစူးစူးများ ထုတ်လွှတ်ကာ ဖုတ်ကောင်များကို ကျန်းရီတို့အား တိုက်ခိုက်ရန် လှုံ့ဆော်နေကြသည်။
"ကောင်လေး...မင်း ဒီဘုရင်ကို စကြဝဠာနန်းတော်ထဲ အရင်ထည့်ပေးနိုင်မလား။ ဒီအတိုင်းဆို ဒီဘုရင် ဖုတ်ကောင်သားရဲ တကယ်ဖြစ်လာတော့မယ်"
ခါးသီးမှုများ ပြည့်နေသည့် အသံတစ်သံသည် အောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ထိုအခါမှ သတိရသွားကာ အလျင်အမြန် အောက်သို့ငုံ့ကြည့်လိုက်ပြီး ယာ့ဇီသားရဲ၏ အနီးသို့ နေရာရွှေ့ပြောင်းသွားလိုက်သည်။
သူသည် အနီးရှိ ဖုတ်ကောင်များရှိရာသို့ မီးလျှံများ အရင်ပို့လိုက်ပြီးမှ မီးဝိဉာဉ်ပုလဲအတွင်းမှ စွမ်းအင်တစ်စကို ယာ့ဇီသားရဲထံ လွှဲပြောင်းပေးလိုက်သည်။
ထိုစွမ်းအင်သည် သူ့အား အနက်ရောင်အငွေ့များ ဝါးမျိုခံရမည့်ဘေးမှ ကာကွယ်ပေးနိုင်ရာ ယာ့ဇီသားရဲကိုလည်း ကူညီပေးနိုင်လိမ့်မည်။ စွမ်းအင်သည် ယာ့ဇီသားရဲ၏ ကိုယ်အတွင်း ဝင်ရောက်သွားသည်နှင့် ၎င်းသည် ဆတ်ခနဲဖြစ်သွားခဲ့ပြီး ဝမ်းသာအားရ ပြောလာခဲ့သည်။
"ပစ္စည်းကောင်းပဲ။ နည်းနည်းထပ်ပေးဦး...ကောင်လေး"
"မပေးဘူး"
ကျန်းရီသည် ယာ့ဇီသားရဲ၏အသက် သေသေရှင်ရှင် အဖက်မလုပ်တော့ဘဲ ၎င်းအား စကြဝဠာ နန်းတော်အတွင်း ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် အပေါ်မှ အနက်ရောင်လှိုဏ်ခေါင်းကြီးကို မော့ကြည့်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။
ဤမြေအောက်လောကသည် အလွန်ကြောက်စရာကောင်းလှသည်။ သူဆက်လက်ကြာကြာနေပါက ဘာဖြစ်လာမည်ကို မပြောနိုင်ပေ။ အမြန်ဆုံး ထွက်သွားသည်က ကောင်းပေလိမ့်မည်။
ဝှစ်...
သူ့ကိုယ်သည် လေထုအလယ်သို့ နေရာရွှေ့ပြောင်းလိုက်သည်။ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက်တွင် အထက်သို့ ဆက်လက်နေရာရွှေ့ပြောင်းရန် သူလုပ်လိုက်သည်။ သို့သော် ထိုအခိုက်တွင် သူ့မျက်လုံးများသည် မလှမ်းမကမ်းရှိ သွေးအိုင်ဘေးသို့ အကြည့်ရောက်သွားခဲ့သည်။
သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။ သွေးကန်ဘေးတွင် ဆေးပင်နှစ်ပင်ကို သူတွေ့လိုက်ခြင်းဖြစ်သည်။ ဆေးပင်တစ်ခုစီတွင် အရွက်တစ်ရွက်သာရှိနေပြီး ၎င်းမှာ ချန်းဖူအရွက်နှင့် အလွန်ဆင်လေသည်။ ၎င်းတို့သည် ချန်းဖူအရွက်အတိုင်းပင် ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ အရည်လဲ့နေသည်။
ဒါတွေက တကယ် ချန်းဖူအရွက်တွေလား။
ကျန်းရီသည် တွေဝေနေခဲ့သည်။ သွေးအိုင်ဘေးသို့ သူသွားပါက နေနက်မိစ္ဆာနွယ်၏ တိုက်ခိုက်ခြင်း ခံရနိုင်သည်။ သူသာ ကောင်းကောင်းသတိမထားမိပါက ထပ်မံ ချုပ်နှောင် ခံရနိုင်ပြီး ဤလောကတွင် မည်သူကမှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်တော့။ နေနက်မိစ္ဆာနွယ်သည် လူတစ်ဦးကို ရစ်ပတ်လိုက်သည်နှင့် ထိုသူသည် အတွင်းအား ပိတ်ဆို့ခံရပြီးသား ဖြစ်သွားသည်။ အတွင်းအားကို ကိုယ်တွင်း မလှည့်ပတ်နိုင်လျှင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံကို သူမည်သို့ ထုတ်ဖော်ရမည်နည်း။
အန္တရာယ်ကြားမှာ စီးပွားရှာတာ...
ငါလုပ်မယ်...
ချန်းဖူအရွက်သည် တန်ဖိုးရှိလွန်းသည်။ တစ်ရွက်သည်ပင် သူ့စိတ်ဝိဉာဉ်ကို ပြောင်းလဲစေနိုင်လေရာ နောက်နှစ်ရွက်သည် သူ့စိတ်ဝိဉာဉ်ကို နောက်တစ်ဆင့်ရောက်အောင် အားဖြည့်ပေးနိုင်လိမ့်မည်။ စိတ်ဝိဉာဉ်သန်မာလာလျှင် ကိုယ်ပွားအသင်္ချေကို ကျင့်ကြံရန် ပိုလွယ်ကူသွားပြီဖြစ်သည်။ ထို့ပြင် ကောင်းကင်အသိအမြင် မှော်ကျင့်စဉ်ကို ကျင့်ကြံချင်လျှင် သန်မာသော စိတ်ဝိဉာဉ်လိုအပ်သည်။ ဤနယ်မြေတွင် ချန်းဖူအရွက် မရှိဟု ယာ့ဇီသားရဲမှ ပြောထားခဲ့သည် မဟုတ်ပါလော။
သူသည် ဆုံးဖြတ်ချက်ချ၍ သွေးအိုင်၏ ဘယ်ဘက်ခြမ်းသို့ ဆက်တိုက်နေရာရွှေ့ပြောင်းသွားလိုက်သည်။ ဖုတ်ကောင်များသည် ကျန်းရီထံ ခုန်အုပ်၍ သူ့ကို တစ်စစီဆွဲဖြဲနိုင်ရန် ကြိုးစားနေကြသည်။ သို့သော် သူသည် မြေပြင်နှင့်အတော်ဝေးနေရာ ဖုတ်ကောင်များမှာ သူ့အနီးသို့ပင် မရောက်နိုင်ပေ။
သူသည် ဖြည်းဖြည်းချင်း နေရာရွှေ့ပြောင်း၍ မသိမသာ ရှေ့တိုးနေခဲ့သည်။ သူသွားချင်သည့်နေရာသို့ ရောက်ခါနီးတွင် သူသည် သွေးအိုင်အထက်သို့ နေရာရွှေ့ပြောင်း၍ မီးလှိုင်းနှစ်လှိုင်း ပို့လွှတ်လိုက်ပြီး ထပ်မံနေရာရွှေ့ပြောင်းလိုက်ပြန်သည်။
သူသည် သွေးအိုင်ပတ်လည်တွင် လှည့်ပတ်နေရာရွှေ့ပြောင်း၍ မီးလျှံများ မပြတ်လွှတ်ကာ နေနက်မိစ္ဆာနွယ် တိုက်ခိုက်မလာနိုင်ဘဲ ရှောင်ရှားရင်းဖြင့် အလုပ်ရှုပ်နေအောင် လုပ်လိုက်သည်။
အခွင့်အရေးရသည်နှင့် ကျန်းရီသည် ချန်းဖူအရွက်ထံ လှမ်းကြည့်လိုက်ပြီး ၎င်းအနီးသို့ ချက်ချင်းနေရာရွှေ့ပြောင်းလိုက်သည်။ သူသည် လက်အမြန်လှမ်း၍ ဆေးပင်နှစ်ပင်အား ဆွဲနှုတ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို မီးဝိဉာဉ်ပုလဲအတွင်း သိမ်းလိုက်ပြီး နောက်ပြန်လှည့်မကြည့်တော့ဘဲ အပေါ်သို့ နေရာရွှေ့ပြောင်း၍ တက်သွားတော့သည်။
ရွှီး...ရွှီး...
အခြားတစ်ဖက်မှ နေနက်မိစ္ဆာနွယ်သည် သွေးအမြောက်အများကို စုပ်ယူပြီး အနည်းငယ် ပြန်ကောင်းနေပြီဖြစ်သည်။ ၎င်းသည် ချက်ချင်းထိုးတက်လာပြီး ကျန်းရီနောက် လိုက်လာလေ၏။
"ငါ့နောက်ကို လိုက်ရဲသေးတယ်လား။ လာစမ်းပါ... ဒီသခင်လေးက မင်းကို ကြွပ်ရွသွားအောင် မီးရှို့ပေးမယ်"
ကျန်းရီသည် မှောင်မည်းနေသော လှိုဏ်ခေါင်းကြီးကိုဖြတ်၍ အပေါ်သို့ ဆက်တိုက် နေရာရွှေ့ပြောင်းလာခဲ့သည်။ သူတစ်ကြိမ်နေရာရွှေ့ပြောင်းပြီးတိုင်းတွင် လှိုဏ်ခေါင်းတစ်ခုလုံးအပြည့် မီးပင်လယ်တစ်ခုစီ ချန်ရစ်ခဲ့သည်။ ထိုနေနက်မိစ္ဆာနွယ် သူ့နောက်ဆက်လိုက်ချင်လျှင် မီးပင်လယ်ကို ဖြတ်လျှင်ဖြတ်၊ မဖြတ်ပါက မီးလျှံများ ငြိမ်းသွားသည်အထိ စောင့်ရပေလိမ့်မည်။
ကောင်းကင်ကိုးဆင့် နဂါးမီးလျှံသည် အလွန်ကြောက်စရာကောင်းလေသည်။ နေနက်မိစ္ဆာနွယ်သည် နောက်တစ်ခုကို ရွေးချယ်ခဲ့သည်။ ၎င်းသည် ကျန်းရီကို ချက်ချင်း သေအောင် ရိုက်သတ်ပစ်ချင်နေပါသော်လည်း မီးလျှံများ ငြိမ်းသွားသည်အထိ စောင့်ပြီးမှသာ ဆက်လက်တက်လာနိုင်သည်။ ၎င်း၏ အရှိန်သည် အလွန်မြန်ဆန်လှသော်လည်း ကျန်းရီကို အမှီလိုက်ရန်မှာ မဖြစ်နိုင်ခဲ့ပေ။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် အပေါ်သို့ အကြိမ်တစ်ရာခန့် နေရာရွှေ့ပြောင်းပြီးပြီဖြစ်သော်လည်း ထွက်ပေါက်ကို မမြင်ရသေးပေ။ သူသည် စိတ်ထဲတွင် အံ့အားသင့်စွာဖြင့် ရေအောက်မှ လောကကြီးအကြောင်းကို ပြန်တွေးလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် တမလွန်လောကလေလော။
ဝှစ်...
သူသည် ထပ်မံ နေရာရွှေ့ပြောင်းလိုက်ပြီးနောက်တွင် အပေါ်မှ အလင်းဖျော့ဖျော့ကို မြင်လိုက်ရသောကြောင့် ဝမ်းသာသွားခဲ့သည်။ နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းအပြီးတွင် ယခင် ရေအောက်ကြမ်းပြင် မြေကွက်လပ် နေရာသို့ သူပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဤနေရာ၏ တစ်ဖက်အစွန်းတွင် ဘာရှိလောက်မည်နည်းဟု တွေးကြည့်လိုက်သည်။ သို့သော် သူကြာကြာမနေရဲဘဲ အပေါ်သို့ ဆက်တက်သွားလိုက်သည်။
ဆယ့်ငါးမိနစ် ကြာပြီးနောက်တွင်...
ရေပြင်အထက်သို့ နောက်ဆုံးတွင် သူရောက်ရှိသွားခဲ့သည်။ သူသည် ကျယ်ပြောသော ပင်လယ်ကြီးနှင့် ကောင်းကင်ပြာကြီးကို ကြည့်လိုက်ပြီး လတ်ဆတ်သောလေကို တစ်ဝကြီး ရှူလိုက်သည်။ သူသည် ပျော်လွန်း၍ ငိုတောင်ငိုချင်လာသည်။ ရေအောက်မှကမ္ဘာနှင့် ရေပြင်ပေါ်မှ ကမ္ဘာသည် လုံးဝကွဲပြားလေသည်။ သူသည် တမလွန်လောကမှ လူ့လောကသို့ ပြန်ရောက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။
"ကျန်းရီ"
မလှမ်းမကမ်းရှိ သင်္ဘောပေါ်မှ ပုံရိပ်သုံးခုသည် လေပေါ်သို့ ပျံတက်လာကြပြီး ကျန်းရီအား မယုံနိုင်စွာ ကြည့်လိုက်ကြသည်။ ကျန်းရှောင်နူ ဆင်းသွားသည်မှာ ခဏသာ ရှိသေးသည်။ ကျန်းရီ တကယ်ကြီး အသက်ရှင်လျက် ပြန်လာခဲ့သည်လော။
"အစ်ကိုကြီး"
ချမ်ဝမ်ကွမ်နှင့် အခြားလူများလည်း သိသွားကြကာ သင်္ဘောကုန်းပတ်ပေါ်သို့ ချက်ချင်းပြေးထွက်လာကြသည်။ သူတို့သည် ကောင်းကင်ထက်မှ ပိန်ပိန်ပါးပါး ပုံရိပ်ကို မြင်လိုက်သောအခါတွင် မျက်ရည်များပင် ဝဲလာကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်ရည်များ ရပ်တန့်သွားကြသည်။ သူတို့မျက်ဝန်းထဲမှ ခံစားချက်များသည် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားကြခြင်းဖြစ်သည်။
ဘန်း...
ကျန်းရီ၏ အောက်ဘက်မှ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထို့နောက် နေနက်မိစ္ဆာနွယ် တစ်ခု ထွက်လာပါသော်လည်း ကျန်းရီမှာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်သည်။ သူ့လက်နှစ်ဖက်သည် တောက်ပလာခဲ့ပြီး မီးလျှံများထွက်လာသည့် လက်ဝါးရိုက်ချက်နှစ်ခုကို ထုတ်ဖော်လိုက်သည်။ အောက်ရှိ ပင်လယ်ရေများသည် အငွေ့ပျံသွားခဲ့ပြီး ကျန်းရီထံ တိုးဝင်လာသော နေနက်မိစ္ဆာနွယ်မှာ ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ကျန်းရီသည် အလျင်မလိုဘဲ အေးအေးလူလူ ထပ်မံနေရာရွှေ့ပြောင်းလိုက်သည်။
"အဲ့ဒီမီးလျှံတွေ"
နတ်ဆိုးဧကရီနှင့် အခြားလူများသည် အဝေးမှနေ၍တောင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ၏ ကြောက်စရာကောင်းမှုကို ခံစားမိလေသည်။ ငွေပန်းပွင့်အဘွားအို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး ထိုမီးလျှံများနှင့် ထိတွေ့ပြီး ပြာကျသွားသည့် သူမပုံကို မြင်ယောင်ကြည့်မိလိုက်သည်။
နတ်ဆိုးဧကရီနှင့် ရွှေယို့လန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ ကျန်းရီသည် အမှန်တကယ်ကို အံ့ဖွယ်ပါရမီရှင်ဖြစ်သည်။ သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြောက်ပြီးနောက်တွင် သူ့အင်အားမှာ သိသိသာသာ ထပ်ခုန်တက်သွားခဲ့ပြန်လေပြီ။
***