အခန်း (၉၇၆-၉၇၈)
Vol. 66 Ch. 976-978
အခန်း (၉၇၆) စကားလုံးတစ်လုံးတည်းဖြင့် ကောင်းကင်ဘုံကို ချိပ်ပိတ်ခြင်း
ကျုံးတုရှိ ဝေ့မိသားစုတော်၌ ဝေ့ရူလန်သည် သစ်ပင်တစ်ပင်အောက်တွင် ထိုင်၍ တစ်ယောက်တည်း စစ်တုရင်ကစားနေသည်။ သူမ၏ ကစားနည်းသည် အခြားလူများနှင့်မတူဘဲ လုံးလုံးလျားလျား ကွဲပြားသည်။ မည်သို့ဆိုသော် သူမ၏ စစ်တုရင်ဘုတ်သည် အပေါက်ဖောက်ထားသော ဇယားကွက်လေးလွှာရှိနေသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းသည် ၁၉ x ၁၉ ပြားလေးချပ်ဖြင့် ဖွဲ့စည်းထား၍ အလွှာတစ်ခုစီကို ပါးလွှာသော ဖန်သားဖိုက်ဘာလွှာများဖြင့် ချိတ်ဆက်ထားသည်။
အလင်းအစက်အပြောက်များကို ထိတွေ့အသုံးပြု၍ ရွေ့လျားနေသောကြောင့် သူမ၏ စစ်တုရင်အပိုင်းအစများကို ရွေ့လျားပုံသည်လည်း ထူးခြားလှသည်။ ထို့အပြင် ဤအပိုင်းအစများသည် ပြားချပ်သော မျက်နှာပြင်နှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ ချိတ်ဆက်ထားသော အလွှာလေးလွှာကြားရှိ နေရာလွတ်များသည်လည်း ဂိမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရလဒ်အနေဖြင့် ဤစစ်တုရင်ဂိမ်းသည် အလွန်တရာ ရှုပ်ထွေးလှသည်။ အနည်းဆုံးလျှင် ဘေးမှကြည့်နေသော ဝေ့ရူယန်သည် မည်သည်ကိုမျှ နားမလည်သည့်အပြင် မူးဝေလာခဲ့သည်။
အထူးသဖြင့် အဆုံးတွင် သူမသည် အပိုင်းအစများ၏ ရွေ့လျားမှုကိုပင် မခွဲခြားနိုင်တော့ဘဲ ဘုတ်အတွင်း အလင်းအစက်အပြောက်များ ရှေ့တိုးနောက်ဆုတ် ရွေ့လျားနေခြင်းကိုသာ မြင်နေရသည့်အတွက် အလွန် မျက်စိကျိန်းလာသည်။ နောက်ဆုံးတွင် အချိန်အတော်ကြာပြီနောက် အပိုင်းအစများ၏ အမြန်နှုန်းသည် တဖြည်းဖြည်း နှေးကွေးသွားသည်။ ဝေ့ရူလန်သည် ခေါင်းခါပြီးနောက် အစမှ ပြန်စသော ခလုတ်ကို နှိပ်လိုက်သည်။ ထိုအခါ ချက်ချင်းပင် အပိုင်းအစများအားလုံး ၎င်းတို့၏ မူလနေရာများသို့ ပြန်ရောက်သွားကြသည်။
“ဘယ်လိုလဲ။ ဒီတစ်ခါရော ဘယ်သူနိုင်သွားလဲ" ဝေ့ရူယန်က ငေါ့တော့တော့ လေသံဖြင့် မေးမြန်းလိုက်သည်။
“ဒီတစ်ခါတော့ သရေကျတယ်" ဝေ့ရူလန်က ဘာသိဘာသာ ပြန်ဖြေလိုက်သည်။
“ကိုယ့်ကိုယ်ကို ပြိုင်ဘက်လုပ်ပြီး ကစားတာလည်း သရေကျနိုင်တယ်လား" ဝေ့ရူယန် အံ့အားသင့်သွားပြီးနောက် ရယ်ချင်စိတ်ကို မဖုံးကွယ်နိုင်ဘဲ မေးလိုက်သည်။
“ဒါပေါ့၊ ကျတာပေါ့" ဝေ့ရူလန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
ပြီးနောက် သူမသည် အထူးပြုလုပ်ထားသော စစ်တုရင်ခုံကို စိုက်ကြည့်နေသည်။ ဤထူးခြားသော ကစားနည်းသည် သူမ၏ တီထွင်မှု မဟုတ်ပေ။ ၎င်းသည် တရုတ်စစ်တပ်ကို ရွှယ်အန်း သင်ကြားပေးခဲ့သော ဂိမ်းငယ်လေးအပေါ် အခြေခံ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ တစ်စုံတစ်ဦး၏ နတ်အာရုံကို လေ့ကျင့်ရန်ဖြစ်သည်။ သို့သော် ဝေ့ရူလန်သည် ဤဂိမ်းကို သိရှိသည်နှင့် အလွန်စွဲလမ်းလာ၍ ရုန်းထွက်မရဖြစ်နေမိသည်။ မည်သို့ဆိုသော် ဝေ့ရူလန်သည် ဤရိုးရှင်းသော ဂိမ်းတွင် သူမ၏နတ်အာရုံကို အသုံးပြု၍ ဖြစ်နိုင်ခြေအားလုံးကို တွက်ချက်နိုင်သောကြောင့်ဖြစ်သည်။
သာမန်စစ်တုရင်ဂိမ်းသည် သူမအတွက် အလွန်ပျင်းရိဖွယ်ကောင်းလှသည်။ ဝေ့ရူလန်သည် မကြာခဏဆိုသလိုပင် တစ်ဖက်ပြိုင်ဘက်က လှုပ်ရှားမှုသုံးခု မပြုလုပ်မီတွင် ဖြစ်နိုင်ခြေအားလုံးကို တွက်ချက်မိသွားကာ ရလဒ်ကို ကြိုတင်သိရှိလာသည်။ ထိုသို့သော ဂိမ်းမျိုးကစားရခြင်းသည် မည်သို့မျှ ပျော်ရွှင်ဖွယ်ကောင်းမည်နည်း။ သို့သော် ဤဂိမ်းပေါ်ထွက်လာခြင်းသည် ဝေ့ရူလန်ကို အံ့အားသင့်စေသည်။ မည်သို့ဆိုသော် အကွက်ချစစ်တုရင်ဂိမ်းသည် သုံးဖက်မြင်ပုံစံအဆင့်သို့ ရောက်ရှိလာသည်နှင့် ရှုပ်ထွေးမှုသည် အဆပေါင်းများစွာ တိုးမြင့်လာခြင်းကို သူမ မြင်တွေ့နိုင်သည်။
ဤဂိမ်းသည် အလွှာနှစ်ခုကို ပေါင်းစပ်ထားသည့်အတွက် အကွက်ချစစ်တုရင်ဂိမ်းထက် အဆတစ်ထောင် ပို၍ခက်ခဲလာသည်။ အလွှာသုံးခုဖြင့် အခက်အခဲတစ်သန်းခန့် တိုးမြင့်လာစေသည်။ အလွှာလေးလွှာသို့ရောက်သောအခါ ၎င်း၏ရှုပ်ထွေးမှုသည် ခန့်မှန်း၍ပင် မရနိုင်ပေ။ အလွှာတစ်ခု မြင့်တက်လာတိုင်း အခက်အခဲသည် အံ့မခန်းတိုးသည်ဟု ဆိုနိုင်သည်။ ယခုအခါ မယုံနိုင်လောက်အောင် ပြင်းထန်သော လေ့ကျင့်မှုများအပြီးတွင် ဝေ့ရူလန်သည် အလွှာလေးလွှာထိ ကစားနိုင်ခဲ့သည်။
ဤသည်မှာ တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာလုံးတွင်ပင် အကောင်းဆုံးရလဒ်ဖြစ်သည်။ နောက်ဆုံးပေါ် စူပါကွန်ပျူတာစနစ်ပင် ဤအဆင့်ထိ မအောင်မြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝေ့ရူလန်သည် ကိုယ့်ကိုယ်ကို အတော်လေးကျေနပ်နေခဲ့သည်။ လူကြီးမင်းရွှယ်သည် သူ၏အံ့သြဖွယ်ကောင်းသော ကျင့်ကြံအဆင့်ဖြင့် ဤစစ်တုရင်ဂိမ်းတွင် မည်သို့သောရမှတ်မျိုး ရရှိမည်နည်းဟု သူမ တွေးနေမိသည်။ သူမသာ လူကြီးမင်းရွှယ်နှင့် တစ်ချီကစားခွင့်ရလျှင် အသေအချာ အနိုင်ယူနိုင်လိမ့်မည်ဟု သူမ စဉ်းစားလိုက်သည်။
ဝေ့ရူလန်က သူမ၏အတွေးထဲတွင် နစ်မြုပ်နေစဉ် သူမ၏အစ်မဝမ်းကွဲ ဝေ့ရူယန်က ရုတ်တရက် အံ့အားသင့်စွာ ပြောလာသည်။
“ရူလန်၊ ကောင်းကင်ကိုကြည့်စမ်း”
ဝေ့ရူလန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်နှင့် မိုးကောင်းကင်အထက်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာခြင်းကို မြင်တွေ့လိုက်ရသည်။ အလွန်ဝေးကွာသော်လည်း ဝေ့ရူလန်၏နတ်အာရုံသည် အတိုင်းအတာတစ်ခုအထိ တိုးမြင့်လာသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူက မည်သူမည်ဝါဖြစ်သည်ကို သူမ သတိထားမိသွားသည်။
“လူကြီးမင်းရွှယ်ပဲ။ သူဘာလုပ်မလို့ပါလိမ့်” ဝေ့ရူလန်သည် အနည်းငယ် အံ့အားသင့်သွားလေသည်။
သူမ တစ်ယောက်တည်းမဟုတ်ဘဲ ကျုံးတုတစ်ခုလုံးနှင့် ဟွာတိုင်းပြည်တစ်ခုလုံးရှိ ခွန်အားကြီးသူများသည်လည်း ကောင်းကင်ရှိ မူမမှန်သောအခြေအနေကို ခံစားမိလိုက်သောကြောင့် အားလုံး စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ကြသည်။
'လူကြီးမင်းရွှယ်က ဘာလုပ်နေတာလဲ'
ထိုအချိန်တွင် ရွှယ်အန်းသည် ကောင်းကင်ထက်တွင် ရပ်တန့်လျက် သူ၏ရှည်လျား၍ အင်အားကြီးမားသောလက်ကို မြှောက်တင်ကာ အလျားလိုက်မျဉ်းကြောင်းတစ်ခု ညင်သာစွာ ရေးဆွဲလိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ဤရေးဆွဲမှုဖြင့် လေထုထဲတွင် ငြိမ်သက်သော စည်းတစ်ခု ပေါ်ပေါက်လာသည်။ မကြာမီတွင် ရွှယ်အန်းသည် နဂါးများနှင့် မြွေများ ကခုန်နေသကဲ့သို့ စာလုံးများ စတင်ရေးသားလာသည်။
ဟင်းလင်းပြင်သည် စက္ကူဖြစ်၍ သူ၏လက်ချောင်းထိပ်များသည် မင်ကဲ့သို့ထင်မှတ်ရစေသည်။ ချက်ချင်းပင်၊ အလွန်ရှုပ်ထွေး၍ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစည်းတံဆိပ်တစ်ခု ကောင်းကင်တွင် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ နောက်ဆုံး ရေးဆွဲချက်ဖြင့် ကမ္ဘာကြီးတစ်ခုလုံး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တုန်ခါသွားလေသည်။ ကျင့်ကြံသူအများအပြားသည် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြသလာသည်။ မည်သို့ဆိုသော် ကောင်းကင်တာအိုတစ်ခုလုံး တုန်ခါသွားခြင်းကို ၎င်းတို့ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်းက ကမ္ဘာကြီးကို ငုံ့ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။
“ဒါက ဖိနှိပ်ခြင်းဆိုတာ စာလုံးပဲ။ ဒီစာလုံးနဲ့ ကျုပ် ကောင်းကင်ကို ချိပ်ပိတ်လိုက်ပြီ။ တခြားနတ်ဘုရားတွေ ဒီကမ္ဘာကို ပြန်ဆင်းသက်သည်ရှိသော် ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားတို့အားလုံး ပျင်းရိလို့တော့မရဘူး၊ ဘာလို့လဲဆိုတော့ မိုင်ထောင်ချီတဲ့ အသင်္ချေကမ္ဘာမှာ အင်အားကြီးတဲ့ ဖြစ်တည်မှုတွေ အဆုံးမရှိအောင် ပေါ်ပေါက်နေလို့ပဲ။ ရဲစွမ်းသတ္တိနဲ့ စဉ်ဆက်မပြတ်တဲ့ တိုးတက်မှုနဲ့သာ သန်မာတဲ့မျိုးနွယ်စုတွေကြားမှာ နေရာတစ်ခု ရနိုင်လိမ့်မယ်"
ရွှယ်အန်း၏ အသံသည် မကျယ်လောင်လှသော်လည်း လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။
“ဟုတ်ကဲ့ ကျွန်တော်တို့ နားလည်ပါတယ်” ကျင့်ကြံသူအားလုံး ပြန်ဖြေလိုက်ကြသည်။
“လူကြီးမင်းရွှယ်၊ စိတ်ချပါ၊ ကျွန်တော်တို့ ရဲရဲရင့်ရင့်နဲ့ ဆက်ကြိုးစားမှာပါ၊ လူကြီးရွှယ်ရဲ့ မျှော်လင့်ချက်ကို မကျရှုံးစေရပါဘူး” ကျင့်ကြံသူများစွာသည် ကောင်းကင်သို့ ဦးညွှတ်လျက် ၎င်းတို့၏အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ရွှယ်အန်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ”
ထိုသို့ပြောပြီးနောက် သူ၏အကြည့်သည် ကျုံးတုရှိ ဝေ့မိသားစုသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားခဲ့ရာ၊ ခဏအကြာတွင် ရွှယ်အန်းသည် ဝေမိသားစု၏ နောက်ဖေးခြံတွင် ပေါ်ပေါက်လာသည်။ ဝေ့ရူယန်နှင့် ဝေ့ရူလန်တို့သည် အမြင်အာရုံများ ဝေဝါးသွားခြင်းကိုသာ ခံစားလိုက်ရပြီးနောက် ခဏအကြာတွင် ရွှယ်အန်းသည် ၎င်းတို့ရှေ့တွင် ပေါ်လာပြီဖြစ်သည်။ ဤလုပ်ရပ်သည် ညီအစ်မနှစ်ဦးစလုံးကို အံ့အားသင့်သွားစေသည်။
ဝေ့ရူယန်က ကမန်းကတန်း ရိုသေလေးစားစွာ ပြောလိုက်သည်။
“လူကြီးမင်းရွှယ်"
ရွှယ်အန်းက ပြုံး၍ လက်ကိုဝှေ့ယမ်းလိုက်သည်။
“ဒီလောက်ယဉ်ကျေးစရာမလိုပါဘူး၊ ဆရာဝေ့”
ဤစကားများကိုကြားသောအခါ ဝေ့ရူယန်၏ မျက်နှာ နီရဲလာသည်။
"ကျွန်မက လူကြီးမင်းရွှယ်အရှေ့မှာ ဆရာလို့ ဘယ်လိုလုပ်ခေါ်ထိုက်မှာလဲ”
“ဆရာဝေ့က အရမ်းချိုးနှိမ်နေတာပဲ။ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က အသန်မာဆုံးမဟုတ်ပေမယ့် ခင်ဗျားရဲ့ ပန်းအနုပညာက ကမ္ဘာပေါ်မှာ ပြိုင်ဆန်ရှားတဲ့အပြင် အပြိုင်စကြဝဠာမှာတောင် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်”
“တကယ်လား” ဝေ့ရူယန်က ခေတ္တအံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။ သူ၏စကားများသည် အမှန်တရားများဖြစ်သည်။ အပြိုင်စကြဝဠာတွင် ကျင့်ကြံမှုအမျိုးအစား မရေတွက်နိုင်အောင်ရှိခဲ့ရာ၊ အချို့သည် ပန်းအနုပညာကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနေကြခြင်းကို ရွှယ်အန်းကိုယ်တိုင် မြင်တွေ့ခဲ့သည်။ သို့သော် ဤကျင့်ကြံသူများအနက် နတ်သူငယ်များ သို့မဟုတ် ပန်းနတ်ဆိုးများကဲ့သို့ သဘာဝဗီဇမျိုးရိုးမှ ဆင်းသက်လာသောမျိုးနွယ်များ မပါဝင်ကြပေ။
ပန်းလမ်းကြောင်းကို ရွေးချယ်ခဲ့သည့် လူသားမျိုးနွယ်စု၏လူများကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်သည်။ ဝေ့ရူယန်သည် ကျင့်ကြံမှုလမ်းကြောင်းတွင် ပါရမီသိပ်မရှိသော်လည်း သဘာဝတရားအပေါ်ထားသည့် သူမ၏နှလုံးသားသည် ဖြူစင်သည့်အတွက် အချိန်ပေးခဲ့သည်နှင့် သူမ၏ အောင်မြင်မှုများ အံ့မခန်း မြင့်တက်လာပေလိမ့်မည်။ ရွှယ်အန်း၏ အတည်ပြုချက်ကြောင့် ဝေ့ရူယန်သည် အလွန်စိတ်လှုပ်ရှားနေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ကျောက်စားပွဲပေါ်ရှိ လေးလွှာဂိမ်းဘုတ်ကို လှည့်ကြည့်၍ ပြုံးလိုက်သည်။
“ကိုယ်တိုင်လေ့လာရုံနဲ့ လေးလွှာဂိမ်းကို ကစားနိုင်လိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။ မိန်းကလေးဝေ့ရူလန်ရဲ့ အရည်အချင်းက တော်တော်လေး မြင့်တာပဲ”
ရွှယ်အန်း၏ ချီးကျူးစကားကို ကြားသောအခါ ဝေ့ရူလန်၏ မျက်နှာတွင် ဂုဏ်ယူနေသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
“တကယ်တော့ အတော်လေး ရိုးရှင်းတယ်လို့တောင် ကျွန်မ ထင်မိတယ်။ နောက်ထပ် လအနည်းငယ်လောက် လေ့ကျင့်လိုက်ရင် ငါးလွှာဂိမ်းကိုတောင် စိန်ခေါ်နိုင်မယ် ထင်တယ်”
“ဒါပေမယ့် ဒီဂိမ်းကို ဖန်တီးခဲ့တဲ့ လူကြီးမင်းရွှယ်က ကျွန်မနဲ့ တစ်ပွဲလောက် ကစားဖို့ စိတ်ဝင်စားလား မသိ” ဝေ့ရူလန်က ပါးနပ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ဝေ့ရူယန်၏ အမူအရာ အေးစက်သွား၍ ဆူငေါက်ရန် ဟန်ပြင်လိုက်သည်။
“ရူလန်…”
သို့သော် ရွှယ်အန်းက လက်ကို ဝှေ့ယမ်းပြီးနောက် ဝေ့ရူလန်ကို ခပ်ဖျော့ဖျော့အပြုံးနှင့် ကြည့်လိုက်သည်။
“ကောင်းပြီလေ။ အချိန်လည်းရှိနေတော့ တစ်ပွဲလောက် ကစားကြတာပေါ့။ ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်”
“ဘာအခြေအနေလဲ” ဝေ့ရူလန်က မေးလိုက်သည်။
“ရှုံးတဲ့သူက ‘ငါက အရူးပါ’ ဆိုပြီး သုံးကြိမ်အော်ရမယ်” ရွှယ်အန်းက ရွှတ်နောက်နောက် အကြည့်ဖြင့် ပြောလိုက်သည်။
ဝေ့ရူလန်က ခေတ္တတွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ကျွန်မ အလျော့ပေးမှာ မဟုတ်ဘူးနော် လူကြီးမင်းရွှယ်”
အခန်း (၉၇၇) စစ်တုရင်ဂိမ်းကို ကောက်ချက်ချခြင်း
စကားလုံးများတွင် ခိုင်မာသည့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းများဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဝေ့ရူလန်သည် ဉာဏ်ပညာ ဗဟုသုတနှင့်ပတ်သက်လာလျှင် မည်သူနှင့်မျှ ရှုံးနိမ့်ကြောင်း ဝန်ခံမည်မဟုတ်ပေ။ ဝေ့ရူယန်သည် အကြိမ်ပေါင်းများစွာ ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခဲ့သော်လည်း ရွှယ်အန်း၏ ဆုံးဖြတ်ချက်ခိုင်မာသော အပြုအမူကို မြင်သောအခါ ဆက်မပြောဝံ့တော့ဘဲ ဘေးမှကူကယ်ရာမဲ့စွာသာ ကြည့်နေခဲ့ရသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးနောက် ရွှယ်အန်းက လက်ဟန်ပြကာ ပြောလိုက်သည်။
“မိန်းကလေးရူလန်၊ ကျေးဇူးပြုပြီး အရင်ရွေ့ပါ"
ဝေ့ရူလန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
“ဒီလေးလွှာဂိမ်းမှာ ပထမဆုံးလှုပ်ရှားတာက ပုံမှန် စစ်တုရင်မှာလို အားသာချက်မရဘူးဆိုပေမယ့် ကျွန်မ လူကြီးမင်းရွှယ်ကို အခွင့်အရေးမယူချင်ပါဘူး။ ကျွန်မ ငါးကွက်ခွဲ အကြောပေးပါ့မယ်”
“ဘာပဲဖြစ်ဖြစ်ပါ၊ ကျုပ်က ကိစ္စမရှိပါဘူး" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
'လူကြီးမင်းရွှယ်၊ ရှင်က ကျင့်ကြံမှုမှာပါရမီရှိတယ်ဆိုပေမယ့် စစ်တုရင်ဆိုတာ ဉာဏ်ပညာနဲ့ သက်ဆိုင်တာ။ လက်ရှိရလဒ်ကို ရောက်ဖို့ ကျွန်မ ရက်ပေါင်းများစွာ ကြိုးစားလေ့ကျင့်ခဲ့တာ ရှင့်ကို မနိုင်ဘူးလို့ ကျွန်မ မယုံဘူး' ဝေ့ရူလန် ဒသည် ရွှယ်အန်း၏ ဘာသိဘာသာ အပြုအမူကြောင့် စိတ်မသက်မသာဖြစ်လာ၍ ထိုသို့တော့လိုက်သည်။ ထို့ကြောင့် သူမသည် မူမနေဘဲ ဂိမ်းကို စတင်လိုက်သည်။
ဝေ့ရူယန်သည် ဘေးကနေ ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ဝေမိသားစုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်လာသည်။ ဝေ့ရူယန်၏ဖခင်၊ ဝေမိသားစုခေါင်းဆောင်နှင့် ဝေမိသားစု အကြီးအကဲအားလုံးနီးပါး အပြေးအလွှား ရောက်ရှိလာကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤသည်မှာ လူကြီးမင်းရွှယ်၏ ကိုယ်တိုင်လာရောက်လည်ပတ်မှုဖြစ်သည့်အတွက် ဝေမိသားစုသည် စိတ်အားထက်သန်သော ဧည့်ခံမှုများ ပြသချင်နေကြသည်။
သို့သော် လူကြီးမင်းရွှယ်သည် တူမဖြစ်သူ ဝေ့ရူလန်နှင် စစ်တုရင် ကစားနေကြောင်း မြင်လိုက်သောအခါ မိသားစုခေါင်းဆောင်သည် သွားမနှောင့်ယှက်စေရန် လူတိုင်းကို အမြန်တားဆီးလိုက်သည်။ ပြီးနောက် ၎င်းတို့၏ ကစားပွဲ အနှောင့်အယှက်မဖြစ်စေရန် အားလုံး အဝေးမှ တိတ်တဆိတ် ရပ်ကြည့်နေကြသည်။
အစပိုင်းတွင် ဝေ့ရူယန်သည် ဂိမ်း၏အမြန်နှုန်းနှင့် အမှီလိုက်နိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးသည် ပိုမိုမြန်ဆန်စွာ ကစားလာကြသည်။ မြန်ဆန်သော လှုပ်ရှားမှုများကြားတွင် ဝေ့ရူယန်သည် အနီနှင့် အစိမ်းရောင်များ အလွန်အမင်း ရှေ့တိုးနောက်ဆုတ် ပြေးလွှားနေခြင်းကိုသာ မြင်တွေ့နေရသည်။ နောက်ထပ် စက္ကန့်အနည်းငယ်ကြာ ကြည့်ရှုပြီးနောက် ဝေ့ရူယန်သည် အနည်းငယ် မူးဝေလာ၍ အမြင်အာရုံများ နက်မှောင်လာသည်။ သူမသည် ကြောက်လန့်သွားသည့်အတွက် ဆက်မကြည့်ဝံ့တော့ဘဲ မျက်လုံးများကို အမြန်မှိတ်ထားလိုက်သည်။
သို့သော် ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ ဂိမ်းပြီးဆုံးသွားခြင်းဖြစ်ရာ၊ ရွှယ်အန်းသည် ဝေ့ရူလန်ကို ဘာသိဘာသာ ပြောလိုက်သည်။
“ခင်ဗျား ရှုံးသွားပြီ"
အခန်းတစ်ခုလုံး အံ့အားသင့်စွာ တိတ်ဆိတ်သွားကြသည်။ ဝေ့ရူယန်သည် အလျင်အမြန် မော့ကြည့်လိုက်သည်။ သူမ၏ဝမ်းကွဲညီမသည် ဖြူဖျော့နေသော မျက်နှာနှင့် မယုံသင်္ကာဖြစ်သော အကြည့်များဖြင့် ပြည့်နှက်နေကြောင်း သူမ မြင်တွေ့လိုက်ရသည်။ ဝေ့ရူယန်၏နှလုံးသားထဲတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။ အစပိုင်း၌ သူမ၏ဝမ်းကွဲညီမသည် အနိုင်ရလိမ့်မည်ဟု သူမ အမှန်တကယ် ထင်မှတ်ခဲ့သည်။ မည်သို့ဆိုသော် ဝေ့ရူလန်သည် ငယ်စဉ်ကတည်းက ဉာဏ်ရည်နှင့်ပတ်သက်သော ကစားပွဲများတွင် ရှုံးနိမ့်ခြင်းကို သူမ တစ်ခါမှ မမြင်တွေ့ဖူးပေ။ သို့သော် ယခုအခါ ထိုဒဏ္ဍာရီသည် ပျက်စီးသွားလေသည်။ ဝေ့ရူလန်သည် ရှုံးနိမ့်ရုံသာမကဘဲ သူမသည် အလွန်ဆိုးရွားစွာ ရှုံးနိမ့်သွားခြင်းဖြစ်သည်။
“ခင်ဗျား ကျုပ်ကို ၁၁၂ မှတ်နဲ့ ရှုံးသွားတာ၊ ငါးမှတ်ခွဲ အကြောပေးတာကို ထည့်တွက်လိုက်ရင် ၁၁၇ မှတ်ခွဲဖြစ်သွားမယ်။ မိန်းကလေးရူလန်၊ ကန့်ကွက်စရာရှိလား" ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ဝေ့ရူလန်သည် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။
“ကန့်ကွက်စရာမရှိပါဘူး လူကြီးမင်းရွှယ်၊ ကျွန်မ ရှုံးပါတယ်။ နှလုံးသားနဲ့ရော စကားနဲ့ပါ လုံးဝလက်ခံပါတယ်”
သူမသည် စကားပြောနေစဉ် သုံးကြိမ်ဆက်တိုက်အော်ဟစ်ရန် မစောင့်နိုင်တော့ဟန်ဖြင့် ထရပ်လိုက်သည်။
"ကျွန်မက အရူးပါ၊ ကျွန်မက အရူးပါ၊ ကျွန်မက လုံးဝအရူးပါ"
ပြီးနောက် သူမသည် ရွှယ်အန်းကို အလွန်စိတ်အားထက်သန်သော အကြည့်ဖြင့် တုန်ရီစွာ ပြောလိုက်သည်။
"ဒီဂိမ်းက လူကြီးမင်းရွှယ် ဖန်တီးထားတာ မဟုတ်ဘူးမလား"
"ဘာလို့ ဒီလိုပြောတာလဲ" ရွှယ်အန်းက မျက်ခုံးပင့်၍ စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ လူကြီးမင်းရွှယ် ကစားသွားတဲ့ စစ်တုရင်ဂိမ်းမှာ ပုံစံတစ်ခုတည်းကို လိုက်နာတဲ့ ဗျူဟာတွေ အများကြီးပါလို့လေ။ အဲဒါတွေက ဂိုဏ်းကြီးတစ်ခုရဲ့ စစ်တုရင်လက်စွဲစာအုပ်တွေကပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား" ဝေ့ရူလန်သည် စိတ်ရင်းမှန်ဖြင့် မေးလိုက်သည်။
ရွှယ်အန်းက ထိုသို့ကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထိုရယ်သံကို ကြားသောအခါ ဝေ့မိသားစု၏ အကြီးအကဲများအားလုံး ဝမ်းသာပျော်ရွှင်သွားကြသည်။ လူကြီးမင်းရွှယ်သည် ရူလန်ကို အလွန်အလေးထားပုံပေါ်သည်။
ရွှယ်အန်းက ဣန္ဒြေထိန်းသိမ်းပြီးနောက် သဘောကျစွာ ပြောလိုက်သည်။
"မိန်းကလေးရူလန်၊ ခင်ဗျားရဲ့ ဉာဏ်ရည်က ကျုပ် မြင်ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးပဲ။ ဟုတ်တယ်၊ ဒီစစ်တုရင်ဂိမ်းကို ကျုပ် ဖန်တီးခဲ့တာ မဟုတ်ဘူး။ တကယ်တော့၊ ဒါက အပြိုင်စကြဝဠာတစ်လျှောက်မှာ အရမ်းရေပန်းစားတဲ့ ဂိမ်းတစ်ခုပဲ"
“ဂိမ်းတစ်ခုတဲ့လား”
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
“ဒါက ဂိမ်းတစ်ခုသက်သက်ချည်းတော့ မဟုတ်ဘူး၊ နတ်ဝိညာဉ်အစွမ်းသတ္တိကို တိုင်းတာဖို့ ဝိညာဉ်လေ့ကျင့်တဲ့နေရာမှာ ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေ အသုံးပြုတဲ့ တစ်ခုတည်းသော စံနှုန်းလို့လည်း ဆိုရမယ်”
ရွှယ်အန်း၏ စကားသည် ဝေ့ရူလန်အတွက် ခမ်းနားသော တံခါးသစ်တစ်ခု ဖွင့်ပေးလိုက်သကဲ့သို့ ထင်မှတ်ရစေသည်။
“ဒါဆို စွမ်းအင်ကို ဘယ်လိုပိုင်းခြားလေ့ရှိလဲ” သူမသည် တုန်ရီစွာ မေးလိုက်သည်။
“ယေဘုယျအားဖြင့်တော့ ပဉ္စမအဆင့်ကို တံခါးဝလို့ သတ်မှတ်ပြီး နဝအဆင့်ကို အခန်းထဲဝင်နေပြီလို့ သတ်မှတ်လို့ရတယ်။ အစွမ်းထက်တဲ့လူတွေကတော့ အဆင့်တစ်ရာကျော်လောက် ရောက်နိုင်တယ်” ရွှယ်အန်းက ပြုံးလိုက်သည်။
ထိုစကားများသည် ပြင်းထန်သော လက်သီးတစ်ချက်ကဲ့သို့ ဂုဏ်ယူနေသည့် ဝေ့ရူလန်ကို ဖြူဖျော့သွားစေသည်။
“ဒါဆို… ကျွန်မ ဂုဏ်ယူခဲ့အဆင့်က တံခါးဝကို ဝင်တယ်လို့တောင် မသတ်မှတ်နိုင်ဘူးပေါ့” ဝေ့ရူလန်က ကိုယ့်ကိုယ်ကို လှောင်ရယ်စွာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ဒီလိုကြည့်ရမှာ မဟုတ်ဘူး။ ဒီစစ်တုရင်ဂိမ်းက အပြိုင်စကြဝဠာမှာ ပျံ့နှံ့နေတာ တော်တော်ကြာတဲ့အပြင် လေ့ကျင့်မှုနည်းလမ်းတွေကလည်း ရင့်ကျက်နေပြီ။ ပြီးတော့ လက်စွဲစာအုပ်တွေ အများကြီးရှိတာမို့လို့ သင်ယူရတာလည်း ပိုလွယ်တာပေါ့။ ဒါပေမယ့် ခင်ဗျားက ကိုယ်တိုင်လေ့လာရင်းက စတုတ္ထအဆင့်ကို ရောက်လာတာလေ၊ ဒီတော့အတော်လေး အံ့သြစရာကောင်းနေပါပြီ”
ရွှယ်အန်း၏ စကားများကြောင့် ဝေ့ရူလန်သည် မျှော်လင့်ချက်များ ပြန်လည်ရရှိလာကာ ရွှယ်အန်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဒါဆိုရင်လေ… လူကြီးမင်းရွှယ်က အခု ဘယ်အဆင့်မှာ ရှိနေတာလဲ”
“ကျုပ်ကလား” ရွှယ်အန်းက ပြုံးလိုက်သည်။
“တကယ်တော့ ကျုပ် ရှင်းပြတာ မပြီးသေးဘူး။ တကယ် အင်အားကြီးတဲ့လူတွေ အသုံးပြုတဲ့ စစ်တုရင်ပုံစံတွေက သာမန်သေးငယ်တဲ့ စစ်တုရင်တွေ မဟုတ်ဘဲ မိုင်ပေါင်းရာထောင်ချီအထိ ရှည်လျားတဲ့ ဧရာမစစ်တုရင်ခုံတွေပဲ”
ဝေ့ရူလန်သည် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ဤဂိမ်းတွင် ကျွမ်းကျင်သော သူမသည် ၎င်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သဘာဝအတိုင်း နားလည်ပေသည်။ စစ်တုရင်ခုံသည် ပို၍ကြီးမားလေ၊ ပို၍ရှုပ်ထွေးလေဖြစ်သည်။ အကယ်၍ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော စစ်တုရင်ခုံတစ်ခုသာဆိုလျှင် ၎င်း၏ရှုပ်ထွေးမှုသည် လူသားများ မယုံကြည်နိုင်ဖွယ် ရှုပ်ထွေးပေလိမ့်မည်။ အနည်းငယ်အားနည်းသော ကျင့်ကြံသူဆိုလျှင် တစ်ချက်ကြည့်မိရုံဖြင့် ၎င်းတို့၏ ဝိညာဉ် ပျက်စီးသွားနိုင်သည်။
ဤအချိန်တွင် ရွှယ်အန်းသည် မတ်တတ်ထရပ်၍ ပြောလိုက်သည်။
"ကျုပ်ရဲ့အဆင့်ကတော့... ဟင်းလင်းပြင်ကို စစ်တုရင်ခုံအဖြစ်သုံးပြီး ကြယ်တွေကို စစ်တုရင်အပိုင်းအစတွေအဖြစ် အသုံးပြုတာပဲ"
ဤရိုးရှင်းသော စကားလုံးများသည် ဝေ့ရူလန်၏နှလုံးသားတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေ၍ သူမသည် ငေးငိုင်းစွာ ရေရွတ်လိုက်သည်။
“ဟင်းလင်းပြင်ကို စစ်တုရင်ခုံအဖြစ်သုံးပြီး ကြယ်တွေကို စစ်တုရင်အပိုင်းအစတွေအဖြစ် အသုံးပြုတဲ့လား၊ စွမ်းအင်အစစ်အမှန်ဆိုတာ... ဒါများလား”
ထိုအချိန်တွင် ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်း၍ ဝိညာဉ်ကျင့်ကြံမှုအတွက် ကျင့်ကြံနည်းစနစ်တစ်ခု ပါဝင်သော နတ်အာရုံတစ်ခုကို ဝေ့ရူလန်ထံ လွှဲပြောင်းပေးလိုက်သည်၊ ပြီးနောက် တီးတိုးပြောလိုက်သည်။
“ခင်ဗျားမှာ အရည်အချင်းကောင်းတွေရှိတယ်။ ဒီတော့ ဒီနည်းစနစ်ကို ကျုပ် ပေးအပ်လိုက်မယ်။ ကျုပ် အပြိုင်စကြဝဠာကနေ ပြန်လာတဲ့အခါ ခင်ဗျား ဒီထက်တိုးတက်လာတာကို မြင်ရမယ်လို့ ကျုပ် မျှော်လင့်တယ်"
ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် ဝေ့ရူလန်နှင့် အခြားလူများ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ကောင်းကင်သို့ ပျံသန်းသွားခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ ဝေ့ရူလန်၏ပါးများ အနည်းငယ်နီရဲလာပြီးနောက် သူမသည် တိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်သို့ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
“စိတ်ချပါ၊ လူကြီးမင်းရွှယ်။ ရူလန်… လူကြီးမင်းရွှယ်ကို စိတ်မပျက်စေရပါဘူး”
ထိုနေ့တွင် ရွှယ်အန်းသည် သူ၏စကားများဖြင့် ကောင်းကင်ကို ချိပ်ပိတ်၍ ဝေ့ရူလန်ကို သိုင်းပညာတချို့ ပေးအပ်ပြီးနောက် အန်းယန်နှင့်အတူ ပေကျင်းသို့ ပြန်သွားခဲ့သည်။
“ယောက်ျား၊ အဲဒီဝေ့ရူလန်ကို ရှင် တော်တော် အလေးထားပုံပဲနော်” လမ်းတွင် အန်းယန်က တီးတိုးမေးမြန်းလိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“သူ့အရည်အချင်းက တကယ်မြင့်တယ်လေ၊ ဒါကြောင့် တိမ်မြုပ်သွားမှာကို မလိုလားလို့ပါ။ မနာလိုဖြစ်နေလား”
“ကျွတ်၊ ရှင် ကျွန်မကို ရှာလကာရည်ပုလင်းလို့ ထင်နေတာလား”
ရွှယ်အန်းသည် အန်းယန်ကို ခေတ္တစူးစမ်းပြီးနောက် ခေါင်းညိတ်လိုက်သည်။
“အတော်လေးတော့ တူတယ်။ ဒါပေမယ့် သာမန်ရှာလကာရည်ပုလင်းထက်တော့ ပိုလှပါတယ်”
“ရှင်တော့ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာပဲ” အန်းယန်သည် ရွှယ်အန်းကို အော်ပြောလိုက်သည်။
"ဒါပေမယ့် ယောက်ျား၊ စစ်တုရင် ကောင်းကောင်းကစားနိုင်ရင်တောင် ဒါက ကစားပွဲတစ်ခုပဲ မဟုတ်ဘူးလား။ တခြား ဘာအသုံးဝင်လို့လဲ" ပြီးနောက် သူမ ထပ်မေးလိုက်သည်။
ရွှယ်အန်း၏ အကြည့်များ အခြားဘက်သို့ ရောက်ရှိသွားပြီးနောက် မရေရာစွာ ပြောလာသည်။
“ဒီစစ်တုရင်ဂိမ်းက မင်း ပြောသလောက် မရိုးရှင်းဘူး…”
အခန်း (၉၇၈) အပြိုင်စကြဝဠာသို့ ပြန်သွားခြင်း၊ အချိန်-အာကာသစုပ်ဝဲ
“ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မကိုလည်း ခေါ်သွားပါ” ရှောင်ယွီက တောင်းဆိုလိုက်သည်။
“ခေါ်သွားသင့်တဲ့ အကြောင်းပြချက်တစ်ခုလောက် ပြောပါဦး” ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
“ကျွန်မ… အရှင်ရှောင်ရှကို ဂရုစိုက်ဖို့ ကူညီပေးနိုင်ပါတယ်”
“ဒါပေမယ့် ရှောင်ရှက အခု ဥတစ်လုံးဖြစ်နေပြီလေ။ သူ့ကို ဂရုစိုက်ဖို့ မလိုတော့ဘူး”
“ဥတွေက ဂရုစိုက်စရာမလိုဘူးလို့ ဘယ်သူပြောလဲ။ အရှင်ရှောင်ရှက သန့်ရှင်းမှုကို အရမ်းကြိုက်တာ။ နဂါးဥတစ်လုံးဖြစ်နေရင်တောင် နေ့တိုင်း ဂရုတစိုက် သန့်ရှင်းရေးလုပ်ရမှာ၊ မဟုတ်ရင် သူ အရမ်းအဆင်မပြေဖြစ်နေလိမ့်မယ်” ရှောင်ယွီသည် ရွှယ်အန်းကို သနားစဖွယ်အကြည့်ဖြင့် ပြောလိုက်သည်။
“ယောက်ျားရယ် သူ့ကို ခေါ်သွားလိုက်ပါ။ ရှန်းရှန်းနဲ့ နျန်နျန်တို့အတွက်လည်း ခရီးမှာ ကစားဖော်တစ်ယောက်ရှိနေရင် ကောင်းတာပေါ့” အန်းယန်က ဘေးကနေ ပြောလိုက်သည်။
ခေတ္တစဉ်းစားပြီးနောက် ရွှယ်အန်းသည်လည်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာကတော်” ရှောင်ယွီသည် သူမ၏ ရေဘဝဲလက်အများအပြားကို အသည်းပုံသဏ္ဌာန် ဖန်တီးလျက် ပျော်ရွှင်စွာ ပြောလိုက်သည်။
ရွှယ်အန်းသည် နဂါးဥအဖြစ် ပြောင်းလဲသွာသော ရှောင်ရှကို မှော်ရတနာခန်းမထဲသို့ ထည့်ထားခဲ့သည်။ အပြိုင်စကြဝဠာသို့ အရေးတကြီး ခရီးထွက်ရသည့် အကြောင်းအရင်းသည် ရှောင်ရှကို ပြန်လည်အသက်သွင်းရန် နည်းလမ်းရှာဖွေခြင်းဖြစ်သည်။ ထို့အပြင် ခရီးအတွက် လိုအပ်သော ပစ္စည်းများ ပြန်လည်ဖြည့်တင်းရမည့် အခြားပြင်ဆင်မှုအများအပြားလည်းရှိနေသေးသည်။ အန်းယန်နှင့် ဟူယင်းအပါအဝင် အခြားလူများသည် ဤကိစ္စများကို ဂရုစိုက်ကြမည်ဖြစ်သည့်အတွက် ရွှယ်အန်းသည် အထူးတလည် စိတ်ပူစရာမလိုအပ်ပေ။
နောက်ဆုံးတွင် အရာအားလုံး ပြင်ဆင်ပြီးသွားသောအခါ ရွှယ်အန်း ထွက်သွားသည့်သတင်းကို မည်သူထံမျှ မပြောပြခဲ့ပေ။ သူ့ကို လိုက်ပို့ခဲ့သူများသည် အန်းချင်နှင့် ထန်ရွှမ်အာအပါအဝင် လူအနည်းငယ်သာရှိသည်။ ၎င်းတို့အနက် ချိပ်ပိတ်ခံထားရသော ကမ္ဘာမှ ပြန်ခေါ်လာသည့် ချန်းအာသည်လည်း ရှိနေသည်။ သူမ၏ ကျင့်ကြံမှုအဆင့်သည် အကန့်အသတ်ရှိသောကြောင့် ရွှယ်အန်းနှင့်အတူ အပြိုင်စကြဝဠာသို့ မလိုက်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ချန်းအာသည် ရက်အတော်ကြာ ငိုယိုနေခဲ့သည်။ ယခုအခါ ရွှယ်အန်း ထွက်သွားတော့မည့်ဟု သိလိုက်ရသောအခါ သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာသည်
“သခင်လေး…”
ရွှယ်အန်းသည် ဤအသုံးအနှုန်းနှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာ ပြင်ပေးခဲ့သော်လည်း ချန်းအာသည် ၎င်းကို မပြောင်းလဲနိုင်သောကြောင့် နောက်ဆုံးတွင် ရွှယ်အန်းသည်လည်း ဤအတိုင်းထားလိုက်ရသည်။ ရွှယ်အန်းသည်လည်း ရှောင်ချန်းအာကို အလွန်နှစ်သက်သောကြောင့် သူမ၏ ဦးခေါင်းကို ပြုံး၍ ပုတ်လိုက်သည်။
“ကဲပါ၊ တစ်သက်လုံးထွက်သွားမှာ မဟုတ်ပါဘူး။ သင်ပေးထားတဲ့ ကျင့်စဉ်တွေကို အိမ်မှာ သေချာလေ့ကျင့်ဖို့ မမေ့နဲ့။ ငါ ပြန်လာတာနဲ့ ကျင့်စဉ်အဆင့်တွေကို စစ်ဆေးမှာနော်”
ချန်အာက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့… သခင်လေး၊ ကျွန်မ နားလည်ပါပြီ။ လမ်းမှာ သခင်လေးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
"ရွှမ်းအာ၊ အိမ်ကို ဂရုစိုက်ပေးနော်။ ငါတို့ ပြန်လာခဲ့မယ်” အန်းယန်သည်လည်း ထန်ရွှမ်းအာကို ပြောလိုက်သည်။
ကလေးမလေးနှစ်ယောက်သည် ပို၍တွန့်ဆုတ်စွာဖြင့် တန်ရွှမ်းအာ၏အဝတ်အစားများကို ဆုပ်ကိုင်ထားကြသည်။
“အန်တီရွှမ်အာ၊ သမီးတို့ ပြန်လာရင် အရသာရှိတဲ့ မုန့်တွေ အများကြီး ယူလာခဲ့မယ်နော်”
"ကောင်းပါပြီ။ အန်တီရွှမ်အာလည်း သမီးတို့ယူလာမယ့် မုန့်တွေကို မျှော်နေမှာ" တန်ရွှမ်သည် ရှန်းရှန်နှင့် နျန်နျန်တို့၏ ပါးများကို ညှစ်လျက် ပြောလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သော အန်းချင်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။
"နားမလည်သေးဘူးလား"
အန်းချင်က ခေါင်းခါလိုက်သည်။ သူမသည် လတ်တလောတွင် နာကျင်စွာ ရုန်းကန်နေရသည်။ ရက်စက်ကြမ်းကြုတ်သော အင်းဆက်မျိုးနွယ်၏ သိုင်းပညာနှလုံးသားနှင့် ကြင်နာ၍ နွေးထွေးသော လူသားဆန်မှုတို့သည် သူမ၏ အတွင်းစိတ်ထဲတွင် တိုက်ခိုက်နေကြသည်။ ယခုချိန်တွင် သူမသည် အမှန်တကယ် ဇဝေဇဝါဖြစ်နေသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"အင်းပေါ့၊ ဒီလိုဟာတွေကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနားလည်ကြမှာလဲ။ ဒါပေမယ့် ငါ မင်းကို တစ်ခုပြောပြချင်တယ်"
ထိုစကားများဖြင့် ရွှယ်အန်း၏မျက်နှာအမူအရာ ပို၍လေးနက်လာသည်။
"တိရစ္ဆာန်ဗီဇတွေ ဆုံးရှုံးသွားရင် အများအပြား ဆုံးရှုံးသွားလိမ့်မယ်ဆိုပေမယ့် လူသားဆန်မှုတွေ ဆုံးရှုံးသွားရင်တော့ အရာအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်"
အန်းချင်သည် တုန်ယင်သွားပြီးနောက် ထိုစကားများကို တီးတိုးရေရွတ်လျက် အတွေးထဲ နစ်မြုပ်သွားလေသည်။ ရွှယ်အန်းတို့မိသားစု လွန်းပျံယာဉ်ပေါ်တက်ပြီးမှသာ အန်းချင် အာရုံပြန်ကပ်လာ၍ လွန်းပျံယာဉ်ဆီ အော်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခဲအို၊ ကျွန်မ အခု နားလည်ပါပြီ”
“ယောက်ျား၊ ချင်အာက ဘာကိုနားလည်တာလဲ” အန်းယန်က စပ်စုစွာ မေးမြန်းလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ လူသားမဆန်တဲ့ စွမ်းအင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ပေးလိုက်တာပါ၊ ဒါပါပဲ"
တစ်ချိန်တည်းမှာပင် လွန်းပျံယာဉ်သည် မြေပြင်မှ တဖြည်းဖြည်း မြင့်တက်လာကာ အရှိန်အဟုန် အမြင့်ဆုံးဖြင့် ပျံသန်းသွားသည့်အတွက် ကျယ်ပြောလှသော ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွားလေသည်။ ထန်ရွှမ်အာသည် ထိုနေရာတွင် ရပ်တန့်လျက် အဝေးရှိ အလင်းရောင်ကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“လမ်းခရီးဖြောင့်ဖြူးပါစေ ရွှယ်အန်း"
ယခုတစ်ကြိမ်တွင် အာကာသကို ဖြတ်ကျော်သည့်အမြန်နှုန်းသည် ပြီးခဲ့သည့်အကြိမ်ထက် နှစ်ဆကျော်မျှ ပိုမိုမြန်ဆန်ပေသည်။ ရက်အနည်းငယ်အတွင်း ရွှယ်အန်း၏ လွန်းပျံယာဉ်သည် ကြယ်စနစ်များစွာကို ဖြတ်ကျော်ကာ ကျယ်ပြောလှသည့် အကန့်အသတ်မဲ့ကြယ်ပင်လယ်သို့ ရောက်ရှိလာသည်။ ယခုတစ်ကြိမ်တွင် အန်းယန်သည် မှော်ရတနာခန်းမထဲတွင် မနေခဲ့ဘဲ ရှောင်ယွီ၊ ရှန်းရှန်းနှင့် နျန်နျန်တို့ကို အထဲတွင် နေခိုင်းပြီးနောက် ရွှယ်အန်းနှင့်အတူ လွန်းပျံယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည်။
ပြင်းထန်သော ကန့်ကွက်မှုအောက်တွင် ဟူယင်းသည်လည်း နေ့စဉ် သုံးနာရီခန့် အားလပ်ချိန်ရှိလာသည်။ သူမသည် အနားယူရန် လွန်းပျံယာဉ်ထဲသို့ လာနိုင်သော်လည်း ကျန်အချိန်များတွင် မှော်ရတနာခန်းမထဲသို့သာ နာခံစွာ ပြန်သွားခဲ့ရသည်။ ဤအခြေအနေသည် သူမကို အလွန်မကျေမနပ်ဖြစ်စေသော်လည်း “ချင်းချိုမြေခွေးနယ်မြေကို အရင်ပြန်သွားပါလား” ဟူသော ရွှယ်အန်း၏ အကြံပြုချက်ကို ကြားအခါ ဟူယင်းသည် ချက်ချင်းပင် နူးညံ့သိမ်မွေ့လာ၍ စကားတစ်ခွန်းမှ မဟရဲတော့ပေ။
ကြယ်တာရာပင်လယ်ထဲ ရောက်ရှိလာပြီးနောက် အိပ်မက်တစ်ခုကဲ့သို့ လှပ၍ စိတ်ကူးယဉ်ဆန်သည့် အပြင်ဘက်ရှုခင်းကို လွန်းပျံယာဉ်၏ပြတင်းပေါက်မှ မြင်တွေ့နိုင်သည်။ ထို့အပြင် ၎င်းတို့ဖြတ်လာသော ဂြိုဟ်များတွင် အသက်ရှိ တည်ရှိနေသည့်အတွက် ယခင်ဂြိုဟ်များကဲ့သို့ လူသူကင်းမဲ့မနေတော့ပေ။ သို့သော် ဤသက်ရှိပုံစံများသည် အတော်လေး ရှေးဆန်ပုံပေါ်သည်။ ၎င်းတို့အနက် အဆင့်မြင့်ဆုံးဂြိုဟ်သည် ကုန်းပေါ်တွင် ပြေးလွှားနိုင်သည့် သတ္တဝါများ ပေါက်ဖွားနေခြင်းဖြစ်သည်။ ထိုကဲ့သို့နေရာများတွင် လူယဉ်ကျေးမှုများမရှိသည့်အပြင် ကျင့်ကြံသူများလည်း မရှိကြပေ။
ဟူယင်းသည် ပြတင်းပေါက်အပြင်ဘက်တွင် ဖြတ်သွားသော ကြယ်များကိုကြည့်လျက် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“ကြွယ်ဝတဲ့ ကြယ်စနစ်မှာရှိတဲ့ ကြယ်တိုင်းမှာ လူနေထိုင်မှု အပြည့်အဝရှိနေရမှာကို ဘယ်လိုလုပ် ဒီလိုပိုင်ရှင်မဲ့တဲ့ ကြယ်တွေ ရှိနေရတာလဲ"
ထိုသို့ပြောပြီးနောက် သူမ၏သံသယကို ထုတ်ပြောလိုက်သည်။
“အစ်ကိုရွှယ်၊ သတိထားမိလား။ ကျွန်မတို့ အဝေးကြီး ခရီးဆက်လာခဲ့ပေမယ့် ဒီနေရာက လူသူကင်းမဲ့နေတုန်းပဲ။ ပြီးတော့ ဒီနေရာမှာရှိတဲ့ ကြယ်စဉ်ဇယားတွေကို ကျွန်မ နားမလည်ဘူး”
ရွှယ်အန်းက ပြုံးလိုက်သည်။
“အပြိုင်စကြဝဠာရဲ့ ကျယ်ပြောမှုက သာမန်လူတွေရဲ့ စိတ်ကူးဉာဏ်ကို ကျော်လွန်ပြီးသား။ အဲဒီကြီးမားတဲ့ ဗဟိုကြယ်စနစ်တွေတောင်မှ သမုဒ္ဒရာထဲက ရေစက်တစ်စက်လောက်ပဲရှိတာ အပြိုင်စကြဝဠာနဲ့ဆိုရင် ယှဉ်စရာကို မလိုဘူး”
'အပြိုင်စကြဝဠာထဲကို မရောက်ဖူးဘဲ ကမ္ဘာကြီး ဘယ်လောက်ကျယ်ပြောတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး' ရွှယ်အန်းသည် ကောင်းကင်တွင် တောက်ပနေသော ကြယ်များကို ကြည့်လျက် စိတ်ထဲတွင် တွေးလိုက်မိသည်။
ပြီးနောက် ဤအကန့်အသတ်မဲ့သော စကြဝဠာနှင့် နှိုင်းယှဉ်ပါက၊ လူသိများသော အပြိုင်စကြဝဠာသည် မမြင်သာသည့် ထောင့်တစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချိန်တွင် သမုဒ္ဒရာကို ဖြတ်ကျော်နေသည့် လွန်းပျံယာဉ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ ပြီးနောက် ပြတင်းပေါက်တွင် မြင်တွေ့နေရသော ကြယ်ပင်လယ်များ၏ အလင်းရောင်သည်လည်း ပုံပျက်သွားဟန်ရှိသည်။
ရွှယ်အန်း၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
“ဒါက အချိန်-အာကာသ ပဋိပက္ခပဲ။ ကြည့်ရတာ အရှေ့မှာ အချိန်-အာကာသစုပ်ဝဲတစ်ခု ပေါ်နေတာဖြစ်မယ်”
အာကာသကို ဖြတ်သန်းသွားလာခြင်းသည် ရှုထောင့်အမျိုးမျိုးမှ ကြည့်မည်ဆိုလျှင် အန္တရာယ်များလှသည်။ သို့သော် ဤအချိန်-အာကာသစုပ်ဝဲသည် ၎င်းအနက် အန္တရာယ် အကြီးမားဆုံးဖြစ်သည်။ မည်သို့ဆိုသော် ၎င်းပေါ်ပေါက်လာမည့်အချိန်ကို မည်သူမျှ မသိနိုင်သောကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း နေရာအများအပြားသည် တားမြစ်ဇုန်များ ဖြစ်လာခြင်းဖြစ်သည်။ သို့သော် အချိန်-အာကာသစုပ်ဝဲသည် အခြားလူများအတွက် အလွန်အန္တရာယ်များနိုင်သော်လည်း ရွှယ်အန်းသည် ၎င်းကို သိပ်ဂရုမစိုက်ပေ။
သို့သော် ထိုအချိန်တွင် အန်းယန်က ရုတ်တရက် အော်ပြောလာသည်။
“ယောက်ျား၊ ရှေ့ကိုကြည့်ဦး။ ယာဉ်ပျံတစ်စင်း”
ရွှယ်အန်းက မော့ကြည့်လိုက်သည်။ မှန်သည်၊ အဝေးမှာ ကြီးမားသော စုပ်ဝဲတစ်ခု ဖြစ်ပေါ်လာပြီးနောက် စုတ်ဝဲ၏အစွန်းတွင် ယာဉ်ပျံတစ်စင်း အပြင်းအထန် ရုန်းကန်နေခြင်းကို ရွှယ်အန်း မြင်လိုက်ရသည်။ အချိန်-အာကာသစုပ်ဝဲသည် အလွန်ကြီးမားလှသည့်အတွက် ၎င်း၏ပြင်းထန်သော စုပ်ယူမှုနှင့် နှိုင်းယှဉ်ပါက လွန်းပျံယာဉ်၏ ရုန်းကန်မှုသည် သနားစဖွယ်ကောင်းသည်အထိ အားနည်းနေပုံပေါ်သည်။
၎င်းသည် အချိန်-အာကာသစုပ်ဝဲထဲသို့ တစ်စတစ်စ စုပ်ယူခံရကာ လုံးလုံးလျားလျား ကွဲအက်တော့မည့်အချိန်တွင် အန်းယန်က စိုးရိမ်ပူပန်စွာ ပြောလာသည်။
“ယောက်ျား…”
"ကိုယ် နားလည်ပါတယ်၊ သူတို့ကို အရင်ကယ်ကြရအောင်” ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။