← Chapters

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉) ထျန်ကျောက်ကြယ်စုနယ်မြေ၊ အံ့ဖွယ်စစ်တုရင်ကစားပွဲ

စစ်မှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိလာပြီးနောက် ရွှယ်အန်း​သည် လွန်းပျံယာဉ်ကို တစ်ဖန်ပြန်လည် အဆင့်မြှင့်တင်၍ ခိုင်ခံ့အောင် ပြုလုပ်နိုင်ခဲ့သည်။ အထူးသဖြင့် လီဟန်ကောင်းကင်​၏ ယဲ့လျို့ယန် စီးနင်းလာသော လွန်းပျံယာဉ်သည် ရွှယ်အန်းကြောင့် ပျက်စီးသွားသော်လည်း ၎င်း၏ပစ္စည်းများသည် ပြန်လည်အသုံးပြုနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် လက်ရှိ လွန်းပျံယာဉ်သည် အလွန်မကြီးမားသော်လည်း အလွန်ခိုင်ခံ့၍ စွမ်းအင်ပြင်းထန်ပေသည်။

အာကာသစုပ်ဝဲ၏ ကြီးမားသောစုပ်ယူအားနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းသည် ခိုင်ခံ့နေဆဲဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းသည် လွန်းပျံယာဉ်ကို တိုက်ရိုက်ထိန်းချုပ်ပြီးနောက် စုပ်ဝဲထဲသို့ ဟင်းလင်းပြင်ချိန်းကြိုးတစ်ခု ပစ်လွှတ်လိုက်သည်။ ဤအချိန်တွင် ထိုလွန်းပျံယာဉ်ပေါ်ရှိ လူများသည်လည်း ၎င်းတို့​၏လွန်းပျံယာဉ်ကို သတိထားမိသွားကာ ထိုချိန်းကြိုးကို မြင်သည်နှင့် ယာဉ်ပျံကို ကန့်သတ်ချက်အထိ တွန်းပို့ကာ ၎င်းဆီသို့ မောင်းနှင်လိုက်သည်။

နောက်ဆုံးတွင် လွန်းပျံယာဉ်သည် ချိန်းကြိုးနှင့် ထိမိပြီးနောက် အတူတကွ ချိတ်ဆက်သွားသည်။ ထိုအခါ လွန်းပျံယာဉ်သည် အနည်းငယ်တုန်ခါလာ၍ အားကောင်းသောစုပ်ယူမှုကြောင့် အတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည်။ ရွှယ်အန်း၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလာပြီးနောက် သူ၏နတ်ဘုရားအာရုံဖြင့် လွန်းပျံယာဉ်တစ်ခုလုံးကို ထိန်းချုပ်လိုက်သည့်အတွက် အင်ဂျင်များ ပြည့်ဝသော စွမ်းအားဖြင့် လည်ပတ်လာသည်နှင့် သူသည် တစ်ဖက်လွန်းပျံယာဉ်ကို အလျင်စလို ဆွဲထုတ်လိုက်လေသည်။

ဟင်းလင်းပြင်ချိန်းကြိုးသည် ၎င်း၏အကန့်အသတ်အထိ ဆန့်ထုတ်သွားသည်။ ၎င်းတို့လွန်းပျံယာဉ်၏ ဆွဲငင်အားအောက်တွင် အခြားလွန်းပျံယာဉ်သည် အာကာသစုပ်ဝဲမှ တဖြည်းဖြည်း ဆွဲထုတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် လွန်းပျံယာဉ်နှစ်စင်းစလုံးသည် အာကာသစုပ်ဝဲနှင့် အကွာအဝေးသို့ လွတ်မြောက်လာ၍ ဘေးကင်းသောနေရာသို့ ရောက်ရှိလာသည်။ အန်းယန်သည် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားလွန်းပျံယာဉ်ပေါ်မှ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာသည်။

“သူတို့တွေက ဒီကိုလာပြီး ကျေးဇူးတင်ချင်လို့တဲ့" ဟူယင်းသည် တစ်ဖက်ရှိ နတ်အာရုံကို ခံစားလိုက်ရသောကြောင့် တီးတိုးပြောလိုက်သည်။

“ကောင်းပြီလေ၊ လာခိုင်းလိုက်ပါ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

မှန်ကန်စွာပြောရလျှင် ရွှယ်အန်းသည် လွန်းပျံယာဉ်ကို မကယ်တင်မီ သူ၏နတ်အာရုံမှတစ်ဆင့် တစ်ဖက်ယာဉ်ပျံပေါ်ရှိ အခြေအနေကို သိရှိပြီးဖြစ်သည်။ ၎င်းသည် ယာဉ်ငယ်တစ်စင်းဖြစ်၍ နတ်အာရုံ အရှိန်အဝါအရ၊ ယာဉ်ပျံပေါ်တွင် လူနှစ်ဦးသာရှိကြောင်း ညွှန်ပြနေသည်။ ထိုကဲ့သို့သော အခြေအနေအရ ကြယ်တာရာပင်လယ်ဓားပြ သို့မဟုတ် စွန့်စားသူများ၏ အစီအစဉ်မဟုတ်ကြောင်း သိသာထင်ရှားသည်၊ ရွှယ်အန်းသည် ထို့ကြောင့်သာ ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မဟုတ်ပါက၊ အပြိုင်စကြဝဠာနယ်မြေတွင် ခွဲခြားမှုမရှိသော စာနာမှု ပြသခြင်းသည် အသက်အန္တရာယ်ရှိသော အပြုအမူတစ်ခုဖြစ်လာနိုင်သည်။ ယာဉ်ပျံနှစ်စင်း ရပ်တန့်ပြီးနောက် အခြားယာဉ်ပျံပေါ်မှ လူများ ရောက်ရှိလာသောအခါ အန်းယန်နှင့် ဟူယင်းတို့သည် အနည်းငယ် အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အရှေ့တွင် ပေါ်လာသူများသည် အသက် ၂၁ နှစ် သို့မဟုတ် ၂၂ နှစ်ထက် မပိုသော မောင်နှမများဖြစ်သောကြောင့်ဖြစ်​၏။

ဤအချိန်တွင် မောင်နှမများ၏ ငယ်ရွယ်သော မျက်နှာများတွင် ဟင်းလင်းပြင်ဝဲဂယက်ကြောင့် ကြောက်ရွံ့မှု အရိပ်အမြွက်များ ကျန်ရှိနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့၏ အဝတ်အစားနှင့် အသွင်အပြင်များသည် အလွန်ဂုဏ်သိက္ခာရှိသော နောက်ခံအသိုင်းအဝိုင်းကို ဖော်ပြနေသည်။ မောင်နှမများသည်လည်း အန်းယန်နှင့် ဟူယင်းတို့၏ အလှကြောင့် အံ့အားသင့်သွားကြသည်။

သို့သော် အမျိုးသမီးငယ်ထက် အနည်းငယ် အသက်ကြီးပုံပေါ်သော လူငယ်သည် မကြာမီတွင် ဣန္ဒြေပြန်ရလာ၍ လေးစားစွာ အရှေ့တိုးလာပြီးနောက် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။

“ကူညီပေးကြအတွက် ကျေးဇူးအထူးတင်ပါတယ်။ ထျန်မု၊ ကုန်းမိသားစုရဲ့ ကျွန်တော်ကုန်းချန်ယွဲ့က ကျေးဇူးတင်ပါတယ်”

အမျိုးသမီးငယ်သည် သူမ၏ ကနဦးအံ့အားသင့်မှုမှ အာရုံပြန်ကပ်လာသော်လည်း ဟူယင်းသည် သူမ၏အာရုံကို ဖမ်းစားထားပုံရသည်။

“အစ်ကို၊ သူက မြေခွေးနဲ့တူတယ်။ အရမ်းချစ်စရာကောင်းတာပဲ”

ကုန်းချန်ယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ရွှယ်မန်၊ မရိုင်းရဘူးလေ”

ကုန်းရွှယ်မန်သည် နှုတ်ခမ်းစူလိုက်သော်လည်း သူမ၏မျက်လုံးများသည် ဟူယင်းဆီတွင် စူးစိုက်နေဆဲဖြစ်သည်။ ဟူယင်းသည် အနည်းငယ် မနှစ်မြို့ဖွယ် အမူအရာသို့ ပြောင်းလဲလာသည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ဘာသိဘာသာ မှတ်ချက်ချလိုက်သည်။

“နတ်အာရုံ ကျင့်ကြံသူတွေလား”

ထိုသို့ကြားသောအခါ ကုန်းမောင်နှမများ ထိတ်လန့်သွားကြ၍ ကုန်းချန်ယွဲ့သည် ရွှယ်အန်းကို မရောသော အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားက ဘယ်သူလဲမသိဘူး…”

“အိုး၊ ဘယ်သူမှမဟုတ်ဘူး ကျုပ်တို့ ဒီနားကဖြတ်သွားရင်း ခင်ဗျားတို့ကို တွေ့တာနဲ့ ဒီအတိုင်းကူညီလိုက်တာ” ရွှယ်အန်းက ပြောသည်။

ထိုအချိန်တွင် ကုန်းချန်ယွဲ့​၏ နှလုံးသားက အနည်းငယ်တုန်ခါသွားသည်၊ မည်သို့ဆိုသော် သူ့အရှေ့ရှိ အမျိုးသားကို ထိုးဖောက်မမြင်နိုင်ကြောင်း သဘောပေါက်သွားသောကြောင့်ဖြစ်သည်။ သူ၏ နတ်အာရုံတွင် ထူထပ်သောမြူခိုးများဖြင့် ဖုံးလွှမ်းနေသည်၊ ဤရှာဖွေတွေ့ရှိမှုသည် ကုန်းချန်ယွဲ့​၏ နှလုံးသားကို အေးစက်သွားစေသည့်အတွက် သူ​၏အပြုအမူများ သုံးဆမျှပို၍ လေးစားလာသည်။

“လူကြီးမင်းရဲ့ ကြင်နာတဲ့အပြုအမူက ကျွန်တော်တို့ မောင်နှမတွေရဲ့ အသက်ကို ကယ်တင်ခဲ့တာပါ”

ရွှယ်အန်းက ပြုံးလိုက်သည်။

"စကြဝဠာက ကျယ်ပြောတယ်၊ ခင်ဗျားတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံရတာ ကံကြမ္မာပဲဖြစ်ရမယ်”

ထိုအချိန်တွင် ကုန်းချန်ယွဲ့​ညီမ ကုန်းရွှယ်မန်က ထူးဆန်းလေသံဖြင့် ပြောလိုက်သည်။

“အစ်ကို၊ သူတို့တွေလည်း နတ်အာရုံစစ်တုရင်ကစားနေကြတာ”

မှန်သည်၊ ယာဉ်ပျံထဲရှိ စားပွဲပေါ်တွက် အခြေခံအဆင့် သုံးလွှာစစ်တုရင်တစ်ခုရှိနေသည်။ အန်းယန်​၏မျက်နှာ နီရဲသွားသည်။ သူမသည် ပျင်းလာသောကြောင့် အပျော်အဖြစ် ကစားနေခြင်းဖြစ်သည်။ သို့သော် နတ်အာရုံနှင့် ဉာဏ်ပညာသည် အန်းယန်​၏ အားသာချက်မဟုတ်သည့်အတွက် ရက်အတော်ကြာ စဉ်းစားပြီးနောက် သုံးလွှာစစ်တုရင်အဆင့်ထိသာ ကစားနိုင်ခဲ့သည်။

ကုန်းရွှယ်မန်သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်လိုက်သည်။

“ဟီးဟီး၊ ဒီလိုစစ်တုရင်မျိုးကို ကျွန်မ သုံးနှစ်သားအရွယ်တုန်းက မျက်လုံးမှိတ်ပြီး ကစားရင်တောင် အနိုင်ရနိုင်တယ်။ ဒါကို လူတွေက အခုချိန်ထိ ကစားနေကြတုန်းလား”

ကုန်းချန်ယွဲ့​၏ မျက်နှာအမူအရာ တင်းမာလာ၍ လေးနက်စွာ ပြောလိုက်သည်။

“ရွှယ်မန်”

ကုန်းရွှယ်မန်က အစ်ကိုဖြစ်သူကို အလွန်ကြောက်ရွံ့ကြောင်း သိသာထင်ရှားသည်။ သို့တိုင် ထိုစကားများကိုကြားသောအခါ သူမသည် လျှာထုတ်ပြ၍ တီးတိုးပြောလိုက်ဆဲဖြစ်သည်။

"ဒီအဆင့်လောက်နဲ့များ အံ့မခန်းစစ်တုရင်ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်နေတာလား"

စကားသံသည် အလွန်တိုးသော်လည်း ရွှယ်အန်းသည် သူမ​၏စကားကို ကြားလိုက်ရသောအခါ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။

ထိုအချိန်တွင် ကုန်းချန်ယွဲ့​က တောင်းပန်လိုက်သည်။

"ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ကျွန်တော့်ညီမက ပါးစပ် စည်းမစောင့်ဘဲ ပြောတတ်လို့ပါ။ သူ့စကားတွေကို စိတ်ထဲမထားပါနဲ့"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ခင်ဗျားညီမ ပြောတဲ့ 'အံ့ဖွယ်စစ်တုရင်ပြိုင်ပွဲ' က ဘာလဲ"

ကုန်းချန်ယွဲ့​က အံ့အားသင့်သွားသည်။

"ခင်ဗျားတို့လည်း ပြိုင်ပွဲမှာ ပါဝင်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူးလား။ မဟုတ်ရင် ဘာလို့ ဒီလောက်လူသူကင်းမဲ့တဲ့ ကြယ်စုနယ်မြေမှာ ပေါ်လာရတာလဲ"

"ကျုပ်တို့က တခြားကိစ္စတွေအတွက် ဒီကနေဖြတ်သွားတာပါ" ရွှယ်အန်းက ပြန်ဖြေလိုက်သည်။

ကုန်းချန်ယွဲ့​က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"အဲ့လိုလား။ ဒါဆိုရင်တော့ ကျွန်တော်တို့မောင်နှမတွေက မသေထိုက်သေးဘူး ထင်ပါတယ်၊ မဟုတ်ရင် အခုအချိန်လောက်ဆို အာကာသဝဲထဲမှာ သေသွားလောက်ပြီ"

ပြီးနောက် ကုန်းချန်ယွဲ့​သည် ပြိုင်ပွဲအကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။

“ဒီအံ့ဖွယ်စစ်တုရင်ပြိုင်ပွဲဆိုတာ ထျန်ကျောက်ကြယ်စုနယ်မြေက ကျင်းပတဲ့ ပွဲပါ။ ဒီကနေ တစ်လလောက် ခရီးဆက်ရမှာပါ”

“ကျွန်တော်တို့ ထျန်မုကြယ်စု၊ ကုန်းမိသားစုလည်း စစ်တုရင်လမ်းကြောင်းမှာ ကျွမ်းကျင်မှုကြောင့် ဖိတ်စာရထားတာပါ”

“ဒါပေမယ့် ခရီးရှည်တာအပြင် တခြားကိစ္စတွေကြောင့် နှောင့်နှေးသွားတာနဲ့ ထျန်ကျောက်ကြယ်စုနယ်မြေ မဖွင့်ခင် အမီရောက်ဖို့ ဒီလူသူကင်းမဲ့တဲ့ ကြယ်စုနယ်မြေကနေ ဖြတ်လမ်းရှာဖို့ စွန့်စားလိုက်လို့ အာကာသစုပ်ဝဲထဲ ရောက်သွားတာပါ"

ရွှယ်အန်းသည် အထူးတလည် အာရုံမစိုက်ခဲ့သော်လည်း ထျန်ကျောက်ကြယ်စုနယ်မြေဟု ကြားလိုက်ရသောအခါ သူ​၏မျက်လုံးများ ရုတ်တရက် တောက်ပလာ၍ စိတ်ဝင်စားစွာ မေးမြန်းလိုက်သည်။

“ထျန်ကျောက်ကြယ်စုနယ်မြေက စစ်တုရင်နဲ့ပတ်သက်ပြီး မြင့်မားတဲ့ကျင့်ကြံမှုတွေရှိပုံပဲ”

ကုန်းချန်ယွဲ့​၏မျက်လုံးများတွင် ရှုံးနိမ့်မှုအရိပ်အမြွက်များ ပေါ်ပေါက်လာပြီးနောက် သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ်၊ ထျန်ကျောက်ကြယ်စုနယ်မြေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာအတွင်း စစ်တုရင်လမ်းကြောင်းမှာ လွှမ်းမိုးထားခဲ့တာလို့ ပြောလို့ရတယ်၊ ဒါကြောင့် ဒီအံ့ဖွယ်စစ်တုရင်ပြိုင်ပွဲက ပိုပိုပြီး ကြီးမားလာတာ"

ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက်ပြုံးလိုက်သည်။

"တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း စစ်တုရင်လမ်းကြောင်းမှာ နည်းနည်း လေ့လာဖူးတယ်။ ကျုပ်တို့တွေ ထျန်ကျောက်ကြယ်စုနယ်မြေကို အတူသွားပြီး ဒီစည်ကားတဲ့ပွဲကြီးကို ကြည့်ကြရအောင်"

ကုန်းချန်ယွဲ့က အနည်းငယ် အံ့အားသင့်သွားသည်။ ကုန်းရွှယ်မန်သည် မထီမဲ့မြင်ပြုစွာ လှောင်ပြောင်လိုက်သည်။

"ကျွန်မအစ်ကိုတောင်မှ စစ်တုရင်မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖူးတယ်လို့ မပြောရဲဘူး၊ ရှင်က..."

ကုန်းရွှယ်မန်သည် ထိုသို့ပြောနေစဉ် စားပွဲပေါ်ရှိ အခြေခံသုံးလွှာစစ်တုရင်ကို လက်ညှိုးထိုးပြလိုက်ရာ၊ သူမ​၏ အဓိပ္ပာယ်သည် ရှင်းလင်းလှသည်။ ထိုအခါ ဂုံးချန်းယွဲ့​၏ မျက်နှာအမူအရာ အေးစက်သွားသည်။

"ကုန်းရွှယ်မန်၊ ကျေးဇူးရှင်ကို ဒီလိုထပ်ပြောရဲရင် အိမ်ပြန်ရောက်တာနဲ့ မင်းကို စစ်တုရင်ခန်းထဲမှာ ဆယ်နှစ်လုံးလုံး ပိတ်ထားလိုက်မယ်၊ သတိထားနေ"

အခန်း (၉၈၀) ထျန်ကျောက်သို့ သွားရောက်ခြင်း၊ အစွမ်းသတ္တိပြသလာသော ဟူယင်း

ကုန်းရွှယ်မန်သည် အသံမထွက်ဝံ့သော်လည်း သူမ၏မျက်လုံးများတွင် ဖီဆန်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ပြီးနောက် ကုန်းချန်ယွဲ့က အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“အတူသွားလို့တော့ ရပါတယ်၊ ဒါပေမယ့် ထျန်ကျောက်ကြယ်ဆီ ရောက်ဖို့က တစ်လလောက်လိုသေးတယ်။ ဒီတော့…"

သူ​၏စကား မပြီးဆုံးမီတွင် တံခါးပေါက်အပြင်ဘက်ရှိ ၎င်းတို့၏ လွန်းပျံယာဉ်သည် ရုတ်တရက် မှိန်ဖျော့လာ၍ စွမ်းအင်များအားလုံး ကုန်ဆုံးကာ အာကာသထဲတွင် မျောပါသွားလေသည်။

“ဘာဖြစ်သွားတာလဲ” မောင်နှမနှစ်ယောက်စလုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

“ခင်ဗျားတို့ လွန်းပျံယာဉ်က အချိန်-အာကာသစုပ်ဝဲကနေ လွတ်နိုင်ခဲ့ပေမယ့် ဆွဲငင်အားကြောင့် ယာဉ်ရဲ့ စွမ်းအားအရင်းအမြစ်တွေ ပျက်စီးသွားတာဖြစ်မယ်။ အခုတော့ လုံးဝ အသုံးမဝင်တော့ဘူး” ရွှယ်အန်းက ပြောလိုက်သည်။

ဤစကားများသည် မောင်နှမများ၏ မျက်နှာများကို ပြာနှမ်းသွားစေသည်။ ၎င်းတို့ကဲ့သို့ နတ်အာရုံ အထူးပြုကျင့်ကြံသူများမဆိုနှင့် အင်မော်တယ်သခင်အဆင့်သို့ မရောက်မီ ကိုယ်ခန္ဓာကျင့်ကြံသူများပင် အာကာသထဲတွင် ကြာကြာမနေရဲကြပေ။

“ကြည့်ရတာတော့... ကျုပ် မသွားချင်ရင်တောင် အခု ရွေးချယ်စရာမရှိတော့ဘူးထင်တယ်” ရွှယ်အန်းက ပြုံးလိုက်သည်။

၎င်းတို့​၏လွန်းပျံယာဉ်သည် သိပ်မကြီးလှသော်လည်း ဧည့်သည်အခန်းများပါဝင်သည့်အပြင် အသုံးအဆောင်အမျိုးမျိုးဖြင့် ပြည့်စုံစွာတပ်ဆင်ထားသည်။ ကုန်းချန်ယွဲ့သည် အကြိမ်ကြိမ်ကျေးဇူးတင်စကားပြောကြားပြီးနောက် ၎င်းတို့မောင်နှမနှစ်ဦးစလုံး လွန်းပျံယာဉ်ပေါ်တွင် အခြေချနေထိုင်လိုက်ကြသည်။ ပြီးနောက် လွန်းပျံယာဉ်သည် သူ​၏လမ်းကြောင်းကို ပြောင်းလဲကာ ကုန်းချန်ယွဲ့​၏ လမ်းညွှန်မှုအောက်တွင် ထျန်ကျောက်ကြယ်စုနယ်မြေဆီသို့ အရှိန်တင်မောင်းနှင်သွားလေသည်။

မောင်နှမနှစ်ဦး အနားယူရန် ၎င်းတို့အခန်းသို့ ပြန်ဝင်သွားပြီးနောက် အန်းယန်က စပ်စုစွာမေးမြန်းလိုက်သည်။

“ယောက်ျား၊ ရှင် တကယ်ကြီး ဒီအံ့ဖွယ်စစ်တုရင်ကစားပွဲမှာ ဝင်ပြိုင်မလို့လား”

ရွှယ်အန်းက ပြုံးလိုက်သည်။

“ဘယ်ဟုတ်မှမလဲ”

“ဒါဆို ရှင်…”

ရွှယ်အန်းက အရှေ့ကိုကြည့်လျက် ပြောလိုက်သည်။

"ယန်အာ၊ ဒီစစ်တုရင်ပြိုင်ပွဲကို လက်ခံကျင်းပနေတာ ထျန်ကျောက်ကြယ်စုနယ်မြေလို့ သူတို့ပြောတယ်လေ မကြားလိုက်ဘူးလား”

အန်းယန်က တုံ့ဆိုင်းသွားသည်။

"ရှင် ပြောချင်တာက... ထျန်ကျောက်ကြယ်စုနယ်မြေကို ဆိုလိုတာလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ထျန်ကျောက်ကြယ်စုနယ်မြေ”

အန်းယန်​၏မျက်လုံးများ တဖြည်းဖြည်းတောက်ပလာသည်။

“ကျွန်မ နားလည်ပြီ”

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘာကိုနားလည်တာလဲ”

“ကျွန်မလည်း အများကြီးတော့ နားမလည်ပေမယ့် ထျန်ကျောက်ဆိုတာ အာတိုင်းပြည်ရဲ့ ဒဏ္ဍာရီတွေထဲမှာ နတ်ဘုရားတစ်ပါးဆိုတာတော့ သိပါတယ်၊ ဒီထျန်ကျောက်ကြယ်စုနယ်မြေက အဲဒါနဲ့မသက်ဆိုင်စရာ အကြောင်းမရှိဘူးလေ၊ ဟုတ်တယ်မလား” အန်းယန်က ရယ်လိုက်သည်။

ရွှယ်အန်းက အန်းယန်​၏ခေါင်းကို ပုတ်လိုက်သည်။

“မဆိုးပါဘူး၊ ပိုပြီးဉာဏ်ကောင်းလာသားပဲ"

“ရှင့်စကားက မသိရင်ဘဲ ကျွန်မက အရင်က တုံးအတဲ့လူလိုပဲ” အန်းယန်က အနည်းငယ်စိတ်တိုသွားသည်။

ရွှယ်အန်းက ရယ်လိုက်သည်။

“ယုံကြည်မှုရှိစမ်းပါ၊ ‘မသိရင်ဘဲ’ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်"

“ရှင်နော်…” အန်းယန်က ဒေါသထွက်လာသည့်အတွက် လက်သီးများ ဝှေ့ယမ်း၊ အစွယ်များ ထုတ်ပြ၍ ရွှယ်အန်းကို ကိုက်ရန် ဟန်ပြင်လိုက်သည်။

ဟူယင်းသည် တစ်ဖက်သို့ ခေါင်းလှည့်၍ တီးတိုး ပြောလိုက်သည်။

“အဟွတ်၊ အစ်ကိုရွှယ်တို့ နည်းနည်းလောက် တိုးတိုးသက်သာလည်း လုပ်ကြပါ။ ဒီမှာ ကျွန်မ ရှိနေသေးတယ်လေ”

ရွှယ်အန်းက မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်၍ ပြောလိုက်သည်။

“မင်း မပြောခဲ့ရင် မေ့တော့မလို့၊ သုံးနာရီပြည့်ပြီ။ အထဲ ပြန်ဝင်ရမယ့်အချိန်ရောက်ပြီ”

ဟူယင်း၏မျက်နှာအမူအရာ ချက်ချင်းညှိုးကျသွားသည်။

“ဟာ မဖြစ်ဘူးလေ။ အစ်ကိုရွှယ်၊ ကျွန်မ ပခုံး နှိပ်ပေးပါရစေ လာပါ”

ထိုသို့ပြောပြီးနောက် သူမသည် ရွှယ်အန်းကို ဝန်ဆောင်မှုပေးရန် စိတ်အားထက်သန်စွာ ချဉ်းကပ်လာသည်။

ရွှယ်အန်းက လက်ခါပြလိုက်သည်။

“လုပ်မနေနဲ့။ မင်း အစ်ကိုဟွီယွဲ့မြင်ရင် ကျုပ်က မင်းကို အမြတ်ထုတ်နေတယ်လို့ ထင်နေဦးမယ်”

“အိုး၊ သူ့ကို မေ့ထားလိုက်ပါ။ ဒါပေမယ့် အစ်ကိုရွှယ် ဒီထျန်ကျောက်ကြယ်စုနယ်မြေကို သုံးပြီး ကောင်းကင်နယ်မြေကို ဝင်ရောက်ဖို့ စီစဉ်ထားတာလား" ဟူယင်းက မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ မင်းရော ကျုပ်ရော၊ ဒီမှာရှိ ကြယ်စင်မြေပုံတွေကို မသိကြဘူး။ ဒီလိုဖြည်းဖြည်းချင်း ရှာနေမယ်ဆိုရင် အချိန်အရမ်းကြာသွားလိမ့်မယ်”

ဟူယင်းက ခေါင်းညိတ်ကာ စကားပြောတော့မည့်အချိန်တွင် ကုန်းရွှယ်မန်းသည် သူမ၏အခန်းထဲမှ ခြေဖျားထောက်လာ၍ ဟူယင်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လျက် ပြောလိုက်သည်။

“ဝါး၊ ဒီမြေခွေးလေးက တကယ်စကားပြောနိုင်တာပဲ ချစ်စရာကောင်းလိုက်တာ”

သူမစကားပြောနေစဉ် ရှက်ရွံ့ခြင်းမရှိဘဲ ချဉ်းကပ်လာကာ ဟူယင်း၏ပါးများကို ဆွဲညှစ်ရန် လက်ကို ဆန့်ထုတ်လာသည်။ ယခုအခါ ပါးဖောင်းဖောင်းလေးများဖြင့် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကဲ့သို့ ထင်မှတ်ရသော ဟူယင်းသည် အမှန်တကယ် ချစ်စဖွယ်ကောင်းပေသည်။ ထိုသို့သော ဆွဲဆောင်မှုကြောင့် ကုန်းရွှယ်မန်ကဲ့သို့ မိန်းကလေးငယ်တစ်ဦးပင် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။

အန်းယန်က သူမကို တားဆီးတော့မည့်အချိန်တွင် ရွှယ်အန်းက တိတ်ဆိတ်နေရန် လက်ဟန်ပြလိုက်သည်။ ရွှယ်အန်းသည် သူ​၏အတွေ့အကြုံနှင့် ထိုကဲ့သို့ပျက်စီးနေသော “ကလေး” အများအပြားကို မြင်တွေ့ဖူးသည်။ ၎င်းတို့သည် လိမ္မာယဉ်ကျေးလာစေရန် ရက်စက်သော သင်ခန်းစာတစ်ခု လိုအပ်ကြောင်း သူ သိနေသည်။ ထို့ကြောင့် ဟူယင်းက သင်ခန်းစာတစ်ခု ပေးအပ်ခြင်းသည် ကောင်းဆုံးအကြံအစည်ဖြစ်သည်။

အမှန်တကယ်ပင်၊ ကုန်းရွှယ်မန်​၏လက်သည် ဟူယင်း​၏ ပါးကို ထိတော့မည့်အချိန်တွင် ဟူယင်းသည် မည်းမှောင်နေသော အမူအရာဖြင့် ပြောလာသည်။

“နင် သိလား။ လူတွေက ငါ့ကို ချစ်စရာလေးလို့ ခေါ်တာကို ငါ အမုန်းဆုံးပဲ"

“ဟင်” ကုန်းရွှယ်မန်က အံ့အားသင့်သွားသည်။

ကုန်းရွှယ်မန် မတုံ့ပြန်နိုင်မီ ဟူယင်းက သူမကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

“ဒါကြောင့် ဒီနေ့ ငါ နင့်ကို သင်ခန်းစာကောင်းကောင်းပေးရမယ်”

ဤသို့ဖြင့် ဟူယင်းသည် ကုန်းရွှယ်မန်​၏လက်ကို ဆွဲယူ၍ သူမ​၏လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်သောအခါ ကုန်းရွှယ်မန်သည် အရှေ့သို့ နာကျင်စွာ လဲကျသွားသည်။ သို့သော် ကုန်းရွှယ်မန်သည် လျင်မြန်စွာ တုံ့ပြန်လာသည်၊ သရော်တိုက်ပြီးနောက် ဟူယင်းဆီ နတ်အာရုံတစ်ခု ထုတ်လွှတ်၍ သူမ​၏စိတ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ​၏နတ်အာရုံသည် ဟူယင်းဆီရောက်လာအခါ လေပြေညင်းကဲ့သို့ လွင့်ပြယ်သွားသည်။ ကုန်းရွှယ်မန်က အံ့အားသင့်သွားသည်။

“နင့်ရဲ့ မလောက်လေးမလောက်စား နတ်အာရုံကို ငါ့ရှေ့မှာ ဟန်လုပ်ရဲတယ်ပေါ့လေ” ဟူယင်းက အေးစက်စွာ ပြောလိုက်သည်။

ထိုအခါ ဟူယင်း​၏ ဆွဲဆောင်မှုရှိသော မျက်လုံးများမှ အလင်းရောင်များ လင်းလက်သွားခဲ့ရာ၊ ကုန်းရွှယ်မန်သည် မခုခံနိုင်ဘဲ ညို့ယူခံလိုက်ရပုံပေါ်သည်။

ပြီးနောက် ဟူယင်းက အေးစက်စွာ ပြောလိုက်သည်။

“ဒူးထောက်စမ်း”

ကုန်းရွှယ်မန်က နာခံစွာ ဒူးထောက်လိုက်သည်။

ဟူယင်းက ကျေနပ်အားရသော အကြည့်ဖြင့် မေးစေ့ကို မော့လိုက်သည်။

“ပြောပါဦး၊ ထပ်လုပ်ဦးမလား”

ကုန်းရွှယ်မန်​၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။ သူမ​၏စိတ်သည် ကြည်လင်နေဆဲဖြစ်သော်လည်း သူမ​၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဤသည်မှာ အလွန်ဆိုးရွားသော ခံစားချက်ဖြစ်သည်။ ထိုအချိန်တွင် ကုန်းချန်ယွဲ့သည် ဆူညံသံများ ကြားလိုက်ရသည့်အတွက် အပြေးအလွှားထွက်လာခဲ့ပြီးနောက် သူ့အရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ အစ်ကိုဖြစ်သူ ထွက်လာကြောင်း မြင်လိုက်ရသောအခါ ကုန်းရွှယ်မန်သည် ကုန်းချန်ယွဲ့သည် မျက်လုံးများတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လျက် အတတ်နိုင်ဆုံးကြိုးစား၍ မျက်တောင်ခတ်ပြနေခဲ့သည်။

“ဒါ… ဒါကဘယ်လိုဖြစ်တာလဲ…” ကုန်းချန်ယွဲ့က တွန့်ဆုတ်စွာ မေးလိုက်သည်။

ဟူယင်းသည် လက်များကို နောက်ကျောတွင် ပစ်လျက် မောက်မာမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ရှင့်ညီမက ကျွန်မကို လာထိရဲတယ်လေ၊ ဒါကြောင့် သူ့ကို သင်ခန်းစာပေးနေတာ”

ကုန်းချန်ယွဲ့သည် ဖြစ်ပျက်ခဲ့သမျှ ချက်ချင်း နားလည်သွား၍ ခါးသီးစွာပြုံး၍ ပြောလိုက်သည်။

“မြေခွေးအင်မော်တယ် အရှင်၊ ကျွန်တော့်ညီမရဲ့ ဆိုးသွမ်းမှု့အတွက် တောင်းပန်ပါတယ်။ ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ”

“ဒီလိုမှပေါ့” ဟူယင်းသည် ချီးကျူးခံရသော ခံစားချက်ကို အလွန်နှစ်သက်သည်။ အထူးသဖြင့် ‘မြေခွေးအင်မော်တယ်အရှင်’ ဆိုသည့် အသုံးအနှုန်းသည် သူမ​၏စိတ်ဓာတ်ကို မြင့်တက်သွားစေသောကြောင့် ကုန်းချန်ယွဲ့အပေါ် သူမ​၏အမြင်များ ပိုမိုကောင်းမွန်လာသည်။

ထို့ကြောင့် သူမသည် လက်ကိုဝှေ့ယမ်း၍ ကုန်းရွှယ်မန်အပေါ်ရှိ ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်သည်။ ကုန်းရွှယ်မန်သည် လျင်မြန်စွာ မတ်တတ်ထရပ်၍ အစ်ကိုဖြစ်သူ​၏ အနောက်သို့ ပြေးကာ မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“အစ်ကို…"

“ဘာမှမပြောနဲ့တော့၊ အိမ်ပြန်ရောက်တဲ့အထိ စောင့်နေ။ အဲတော့မှ မင်းနဲ့ ငါ တွေ့မယ်” ကုန်းချန်ယွဲ့က စိတ်ပျက်နေသော အကြည့်ဖြင့် ပြောလိုက်သည်။

ကုန်းရွှယ်မန်သည် အလွန် ကြောက်လန့်သွားသည့်အတွက် အသံမထွက်ရဲတော့ပေ။

“ကြည့်ရတာ စစ်တုရင်ပညာရှင်ချန်ယွဲ့လည်း အိပ်မပျော်ပုံပဲ။ ကျုပ်တို့အတူ လက်ဖက်ရည်သောက်ပြီး စကားပြောကြရင်ရော ဘယ်လိုက်သည်" ထိုအချိန်တွင် ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

ခေတ္တတုံ့ဆိုင်းပြီးနောက် ကုန်းချန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“အဲဒီလိုဆိုရင်လည်း စိတ်မရှိပါနဲ့”

ပြီးနောက် သူသည် ကုန်းရွှယ်မန်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“သွားအိပ်တော့ မခေါ်မချင်း ပြန်ထွက်မလာနဲ့”

ကုန်းရွှယ်မန်သည် ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်သည်။

“အစ်ကို…"

အခန်း (၉၈၁) စစ်တုရင်ကစားပွဲ​၏အပြင်ဘက်၊ လောကရေးရာများဖြင့် ရှုပ်ထွေးလှခြင်း

“ကဲပါ၊ သူက ကလေးပဲရှိသေးတာကို။ သူ့ကို့လည်း လာစားခိုင်းလိုက်ပါ" အန်းယန် ဝင်ပြောလိုက်သည်။

နောက်ဆုံးတွင် ရွှယ်အန်းနှင့် ကုန်းချန်ယွဲ့တို့သည် ပြတင်းပေါက်ဘေးတွင် လက်ဖက်ရည်သောက်၍ စကားပြောနေကြစဉ် ကုန်းရွှယ်မန်၊ အန်းယန်နှင့် ဟူယင်းတို့သည် တစ်ဖက်တွင် စားသောက်နေကြသည်။ ကုန်းရွှယ်မန်သည် သွန်သင်ဆုံးမမှု ညံ့ဖျင်းသောကြောင့် ခေါင်းမာသည့် စိတ်နေစိတ်ထားရှိသော်လည်း သူမ၏ သဘောသဘာဝသည် မဆိုးလှပေ။ သူမသည် အလွန်အပြစ်ကင်းစင်၍ ရွှင်မြူးသော စိတ်နေစိတ်ထားရှိပေသည်။ ထို့ကြောင့် အန်းယန်၏ စကားအနည်းငယ်အောက်တွင် ကုန်းရွှယ်မန်သည် သူမကို မမအန်းယန်ဟု ပျော်ရွှင်စွာ ခေါ်ပြောနေပြီဖြစ်သည်။ ဤမြင်ကွင်းကိုကြည့်နေသော ရွှယ်အန်းသည် ရယ်ဖွယ်ရာကောင်းသော အတွေးတစ်ခုကို ခံစားလိုက်ရသည်။

'ယန်အာရဲ့ ဆွဲဆောင်မှုက တစ်နေ့တခြား တကယ့်ကို တိုးပွားလာပဲ။ ယန်အာက အပြိုင်စကြဝဠာမှာ ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့တောင် အလားအလာရှိနေတာများလား'

ပြီးနောက် သူသည် အကြည့်လွှဲ၍ လက်ဖက်ရည် တစ်ငုံသောက်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ပညာရှင်ချန်ယွဲ့က ပြိုင်ပွဲအပေါ် ယုံကြည်မှု သိပ်မရှိပုံပဲ”

ကုန်းချန်ယွဲ့သည် တုန်လှုပ်သွားပြီးနောက် ခါးသီးစွာ ရယ်မောလိုက်သည်။

“လူကြီးမင်းရွှယ်ရဲ့အမြင်က တကယ်လည်း ထက်မြက်တာပဲ။ ခင်ဗျားပြောတာ ဟုတ်ပါတယ်၊ ကျွန်တော် ဒီပြိုင်ပွဲအတွက် လုံးဝကိုယုံကြည်မှု မရှိတာပါ"

“အိုး ဘာလို့ အဲ့လိုပြောတာလဲ” ရွှယ်အန်းသည် မည်သည့်အံ့အားသင့်မှုမျှ မပြသဘဲ ကုန်းချန်ယွဲ့​၏ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးလိုက်သည်။

လက်ဖက်ရည်အတွက် ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ကုန်းချန်ယွဲ့က သက်ပြင်းချလိုက်သည်။

“အမှန်တိုင်းပြောရရင် စစ်တုရင်ပြိုင်ပွဲမှာ ပါဝင်ဖို့ ထျန်ကျောက်ကြယ်စုနယ်မြေကို သွားတာ ဒါကျွန်တော့်ရဲ့ ဒုတိယအကြိမ်ပါ။ ဒါပေမယ့် တရားဝင် ပါဝင်သူအနေ ဦးဆောင်တာကတော့ ပထမဆုံးအကြိမ်ပေါ့"

ရွှယ်အန်းသည် တိတ်တဆိတ် နားထောင်နေခဲ့သည်။ ကုန်းချန်ယွဲ့သည် စိတ်ပျက်အားငယ်မှု အရိပ်အမြွက်တချို့ဖြင့် လက်ဖက်ရည်ကို သောက်လိုက်သည်။

"ပြီးခဲ့တစ်ခေါက်တုန်းက ကျွန်တော်တို့မိသားစုအကြီးအကဲတွေနဲ့အတူ ကျွန်တော် လက်ထောက်အဖြစ် လိုက်သွားခဲ့တာ။ ဘာချန်ပီယံဆုမှ ရဖို့ စိတ်ကူးမရှိဘဲ ကျွန်တော့်အမြင်ကျယ်လာဖို့ သက်သက်ပဲ လိုက်သွားတာလို့ ဆိုရမယ်"

ထိုအချိန်တွင် ကုန်းချန်ယွဲ့မျက်နှာတွင် ခါးသီးမှု အရိပ်အမြွက်တချို့ ပြသလာသည်။

"အင်းပေါ့၊ ကျွန်တော့်ဘက်က ချန်ပီယံဆုကို လိုချင်ရင်တောင် ဘယ်ဖြစ်နိုင်ပါ့မလဲ။ စစ်တုရင်ကစားပွဲကို ရောက်တဲ့အခါမှ ကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောပြီး ထူးချွန်ထက်မြက်တဲ့လူတွေ ဘယ်လောက်အများကြီးရှိတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတာ။ သူတို့နဲ့ယှဉ်ရင် ကျွန်တော့်ရဲ့စစ်တုရင်စွမ်းရည်က သိပ်မထူးခြားသလောက်ပဲ"

"ဒါဆိုရင် ဒီတစ်ခါ ဘာလို့ခင်ဗျားတို့မောင်နှမနှစ်ယောက်ပဲ ဝင်ပြိုင်ကြတာလဲ" ရွှယ်အန်းက မေးလိုက်သည်​။

ကုန်းချန်ယွဲ့မျက်နှာတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။

"ဒါ... ဒါကိုတော့ မပြောပြနိုင်အတွက် စိတ်မရှိပါနဲ့"

"ကိစ္စမရှိပါဘူး" ရွှယ်အန်းက ပြုံးလိုက်သည်။

“ဟာ... လူကြီးမင်းရွှယ်၊ ကျွန်တော် ခင်ဗျားကို မယုံလို့မဟုတ်ပါဘူး၊ ဒါပေမယ့် ပြောမပြနိုင် အခြေအနေတွေရှိနေလို့ပါ။ ဒါ့အပြင် ဒီတစ်ခါ ပြိုင်ပွဲမှာ တစ်ယောက်တည်း ဝင်ပြိုင်ရတာ ကျွန်တော့်ရင်ထဲမှာ ယုံကြည်မှု နည်းနည်းလေးတောင် မရှိဘူး”

“ရှုံး​တော့လည်း ရှုံးပေါ့ ဘာဖြစ်လို့လဲ။ ခင်ဗျားအသက်အရွယ်နဲ့ ရှက်စရာကိစ္စ မဟုတ်ပါဘူး” ရွှယ်အန်းသည် သိပ်အမူထားပုံမပေါ်ပေ။

ကုန်းချန်ယွဲ့က ခေါင်းခါလိုက်သည်။

“ခင်ဗျား နားမလည်ဘူး။ ပြီးခဲ့တစ်ခေါက် ဝင်ပြိုင်တုန်းက ကျွန်တော်တို့ ကုန်းမိသားစုထဲက လူတိုင်းနီးပါး ရှုံးခဲ့တာ။ ဒီတစ်ခါ ချန်ပီယံဆု မရဘူးဆိုရင် စစ်တုရင်အသိုင်းအဝိုင်းမှာရှိတဲ့ ကျွန်တော်တို့ကုန်းမိသားစုရဲ့ အဆင့်အတန်းလည်း ဖြုတ်ခံရလိမ့်မယ်…”

ကုန်းချန်ယွဲ့သည် စကားမဆုံးမီပင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လာသည်။

ရွှယ်အန်းသည် ပြုံးပြ၍ လက်ဖက်ရည်ခွက်ကို ထပ်ဖြည့်ကာ တစ်ငုံသောက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆို ပြိုင်ပွဲကို စီမံခန့်ခွဲနေတဲ့ ထျန်ကျောက်ကြယ်စုနယ်မြေက ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားပုံပဲ”

ကုန်းချန်ယွဲ့​၏မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များ ပေါ်လာခဲ့သော်လည်း နောက်ဆုံးတွင် သူသည် ခေါင်းညိတ်၍သာ ဝန်ခံလိုက်ရသည်။

"ဟုတ်တယ်၊ ထျန်ကျောက်ကြယ်စုနယ်မြေရဲ့ စစ်တုရင်ပညာရှင်တွေက အရမ်းလွှမ်းမိုးပြီး ရန်လိုကြတယ်။ ကံမကောင်းစွာနဲ့ပဲ စစ်တုရင်အဆင့်အတန်းမြင့်လေ ဖိအားပိုများလေပဲ။ ကျွန်တော်တို့လည်း ဘာမှမလုပ်နိုင်ဘူး"

ထိုစကားများကို ကြားသောအခါ ကုန်းရွှယ်မန်သည် ရုတ်တရက် လှည့်ကြည့်လာသည်။

"အစ်ကို၊ အကုန်လုံးက အဲလိုလည်း မဟုတ်ပါဘူး။ အစ်မ ကျူကောရွှမ်ချင်းကို မေ့သွားပြီလား"

ထိုနာမည်ကိုကြားသောအခါ ကုန်ချန်ယွဲ့​၏မျက်လုံးများတွင် အလင်းရောင်များ ထွက်ပေါ်လာသော်လည်း ခဏအကြာတွင် ချက်ချင်းမှေးမှိန်သွားပြန်သည်။

"ဟုတ်တယ်။ သခင်မလေးရွှမ်ချင်းကတော့ ထျန်ကျောက်ကြယ်စုနယ်မြေရဲ့ စစ်တုရင်ပညာရှင်တော်တော်များများကို စိန်ခေါ်နိုင်တဲ့အရည်အချင်းရှိတယ်။ နောက်ဆုံးပြိုင်ပွဲမှာ ထျန်ကျောက်စစ်တုရင်အဖွဲ့အစည်းရဲ့ သုံးကြိမ်ဆက်တိုက် ချန်ပီယံကျန်းထျန်ယွေ့ကိုတောင် သူ အနိုင်ရလုနီးပါးပဲ။ ဒါပေမယ့် ကျန်းထျန်ယွေ့က နောက်ဆုံးပြိုင်ပွဲပြီးကတည်းက သုံးနှစ်ကြာတဲ့အထိ သီးသန့်ကျင့်ကြံနေလို့ သူ့ရဲ့စစ်တုရင်စွမ်းရည်တွေ အများကြီး တိုးတက်လာတယ်လို့ ဆိုကြတယ်။ ဆိုတော့ ဒီပြိုင်ပွဲရလဒ်ကို ခန့်မှန်းရခက်လိမ့်မယ်"

ရွှယ်အန်းသည် ဘေးဘက်တွင် တိတ်တဆိတ် နားထောင်နေသော်လည်း ကျူကောဟူသော မျိုးရိုးအမည်ကို ကြားလိုက်ရသည့်အခါ သူ၏ အမူအရာ အနည်းငယ် ထူးခြားသွားလေသည်။ ရွှမ်ချင်းဟူသောအမည်ကို ထုတ်ပြောသည့်အခါ ကုန်းချန်ယွဲ့​၏ မျက်နှာတွင် နူးညံ့မှုများဖြင့် ပြည့်နှက်နေကြောင်း သူ တပ်အပ်ပြောနိုင်သည်။ ကုန်ချန်ယွဲ့​၏မျက်နှာပေါ်တွင် “လျှို့ဝှက်အချစ်” ဟူသော စာလုံးများ ရေးထွင်းထားဟန်ပင် ထင်မှတ်ရစေသည်။

ရွှယ်အန်းသည် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

“ဒါက တော်တော် ဆန်းကြယ်ပါလား။ ကျုပ်လည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ကြည့်ဦးမှပဲ။ စစ်တုရင်ဘုရင်ဘွဲ့ကို ရယူနိုင်ခဲ့ရင်လည်း မဆိုးဘူးပေါ့"

ကုန်းရွှယ်မန်သည် ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်၍ စကားပြောရန်ဟန်ပြင်လိုက်သော်လည်း အစ်ကိုဖြစ်သူက ချောင်းဟန့်ကာ သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ပြီးနောက် ကုန်းချန်ယွဲ့သည် စိုးရိမ်နေသော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်တော် လူကြီးမင်းရွှယ် ကံကောင်းပါစေလို့ ဆုတောင်းပါတယ်”

သို့သော် သူ၏စကားများအရ ကုန်းချန်ယွဲ့သည် ရွှယ်အန်း​၏စကားများအပေါ် ယုံကြည်မှုအနည်းငယ်သာရှိကြောင်း သိသာထင်ရှားသည်။ ရွှယ်အန်းက ရှင်းပြရန် စိတ်မကူးဘဲ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ နောက်ဆက်တွဲ အခြေအနေသည် ပျင်းရိစရာကောင်းသည့် ဂြိုဟ်တစ်ခုနှင့် တစ်ခုကြား ခရီးစဉ်သာဖြစ်သည်။ လွန်းပျံယာဉ်သည် မောင်နှမများ ပိုင်ဆိုင်သော လွန်းပျံယာဉ်ထက် ပိုမိုမြန်ဆန်သောကြောင့် ပုံမှန်အားဖြင့် တစ်လကြာသောခရီးစဉ်သည် ရက်နှစ်ဆယ်အတွင်း ပြီးဆုံးသွားလေသည်။

ထိုအချိန်အတောအတွင်း ပတ်ဝန်းကျင်ရှိ ကြယ်စုနယ်မြေတွင် အပြောင်းအလဲများ ပေါ်ပေါက်လာသည်။ ၎င်းတို့ဖြတ်သန်းလာသော ဂြိုဟ်များပေါ်တွင် လူသားများ​၏ အခြေချနေထိုင်မှု အရိပ်အမြွက်များ မြင်တွေ့လာရ၍ အချို့သောဂြိုလ်များတွင် ကျင့်ကြံသူများပင် တည်ရှိနေကြသည်။ မှန်သည်၊ ဤလူ့ယဉ်ကျေးမှုများသည့် သိပ်အဆင့်မြင့်ခြင်းမရှိသော်လည်း အနည်းဆုံးလျှင် ပိုင်ရှင်မဲ့ နယ်မြေရိုင်းများထက် သာလွန်ပေသည်။

“လူကြီးမင်းရွှယ်၊ ဟိုအရှေ့က ထျန်ကျောက်ကြယ်စုနယ်မြေပါ" ကုန်းချန်ယွဲ့က ပြောလိုက်သည်။

ရွှယ်အန်းသည် ပြတင်းပေါက်တွင် ရပ်တန့်လျက် မမြင်နိုင်သော နတ်အာရုံတစ်ခု တိတ်တဆိတ် ထုတ်လွှတ်ကာ ကြယ်နယ်မြေကို စူးစမ်းလိုက်သည်။ စစ်မှန်အင်မော်တယ်ဖြစ်လာပြီးနောက်၊ ရွှယ်အန်း​၏နတ်အာရုံသည် သိသိသာသာတိုးမြင့်လာသည့်အတွက် ယခုအခါ နေစနစ်ကဲ့သို့ကြီးမားသောဧရိယာကို အလွယ်တကူ လွှမ်းခြုံထားနိုင်သည်။ သို့တိုင်၊ သူ၏နတ်အာရုံသည် ထျန်ကျောက်ကြယ်စုနယ်မြေ၏အစွန်းသို့သာ ရောက်ရှိနိုင်၍ မမြင်နိုင်သော အတားအဆီးတစ်ခုသည် သူ​၏ နောက်ထပ်စူးစမ်းရှာဖွေမှုကို တားဆီးထားသည်။

ရွှယ်အန်းသည် ထိုဖြစ်စဉ်ကြောင့် မအံ့ဩမိပေ။ ဗျူဟာကစားပွဲ ကျင်းပမည့်နေရာတွင် နတ်အာရုံ ကျင့်ကြံသူအများအပြား စုစည်းနေကြသည်။ ထို့ကြောင့် နတ်အာရုံ စူးစမ်းလေ့လာမှုကို ပိတ်ဆို့ထားသည့် ဖွဲ့စည်းပုံများရှိခြင်းသည် မထူးဆန်းလှပေ။ လွန်းပျံယာဉ်သည် ထိုအတားအဆီးကို ဖြတ်ကျော်ပြီးနောက် ပတ်ဝန်းကျင်တစ်လုံး တစ်ဖန်ပြောင်းလဲသွားပြန်သည်။ ယခင်က တိတ်ဆိတ်နေသည့် အာကာသသည် အလွန်စည်ကားလာသည်။ လွန်းပျံယာဉ်များနှင့် ယာဉ်အမျိုးမျိုးတို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြရာ၊ လမ်းကြောင်းများပင် အနည်းငယ် ပြည့်သိပ်ညပ်လာသည်။

“လူကြီးမင်းရွှယ်၊ သူတို့အားလုံးက လာမယ့် အံ့ဖွယ်စစ်တုရင်ပြိုင်ပွဲမှာ ပါဝင်မယ့်လူတွေပါ” ကုန်းချန်ယွဲ့​သည် ရှင်းပြနေစဉ် သူ၏မျက်နှာအမူအရာ ပို၍ပင် နက်မှောင်လာသည်။

ဤစစ်တုရင်ကစားပွဲ၏အတိုင်းအတာသည် နောက်ဆုံးကျင်းပခဲ့သည့် ကစားပွဲထက်ပင် ကြီးကျယ်ခမ်းနားလှကြောင်း သူ သဘောပေါက်သွားသောကြောင့်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူ များပြားလေ၊ မြင့်မားသော အမှတ်စာရင်းသို့ ရောက်ရှိနိုင်မည့် သူ​၏အခွင့်အလမ်း မှေးမှိန်လေဖြစ်သည်။

ရွှယ်အန်းက ပတ်ဝန်းကျင်ကို စိတ်ဝင်စား စောင့်ကြည့်၍ ပြောလိုက်သည်။

“ပိုပြီးတောင် စိတ်ဝင်စားဖို့ကောင်းလာပြီ”

ထျန်ကျောက်ကြယ်စုနယ်မြေ၏ဗဟိုသည် စစ်တုရင်ပြိုင်ပွဲ ကျင်းပရာနေရာဖြစ်သည်။ ဝင်ရောက်လာသော ယာဉ်ပျံများအားလုံးသည် ဗဟိုတည်နေရာနှင့် မဝေးခှသော ဂြိုလ်များစွာတွင် ဆိုက်ကပ်နေကြသည်။ ယခင်က ဟူယင်း ပြောခဲ့သည့်အတိုင်း စည်ကားသော ကြယ်စနစ်တွင် လူသားများရှင်သန်နိုင်သည့် ဂြိုလ်များရှိနေသည်။ ဤဂြိုလ်များ​၏ ရှင်သန်ပေါက်ရောက်ရန် အတော်လေး သင့်လျော်သော ပတ်ဝန်းကျင်အရ အင်အားကြီးမားသော ဖြစ်တည်မှုများသည် ၎င်းတို့ကို ပြောင်းလဲဖွဲ့စည်းထားခဲ့ပုံပေါ်သည်။ သို့သော် ထိုဖြစ်စဉ်အရ၊ ဤဂြိုလ်များ​၏ကောင်းကင်တာအိုသည် လုံးလုံးလျားလျား ချေမှုန်းခံထားသည်ဟု ဆိုလိုသည့်အတွက် အဓိကအားဖြင့် ၎င်းတို့ကို ဟိုတယ်များအဖြစ် ယာယီနေထိုင်ရန်သာ သင့်လျော်ပေသည်။

All Chapters