အခန်း (၉၈၅-၉၈၇)
Vol. 66 Ch. 985-987
အခန်း (၉၈၅) နို့ဗူးလောက်ရှိတဲ့ လက်သီး၊ ကြောက်သွားပြီလား
ထိုသို့ငေးငိုင်နေသည့် အခိုက်အတန့်တွင် ကလေးမလေးနှစ်ယောက်သည် သူမ အနီးနားသို့ ရောက်ရှိလာပြီးနောက် နို့ဗူးအရွယ် လက်သီးလေးများကို မြှောက်ကာ မိုးသက်မုန်တိုင်းသဖွယ် ကုန်းရွှယ်မန်အပေါ်သို့ တရစပ် ထိုးနှက်လေတော့သည်။ ဤအတောအတွင်း ရွှယ်အန်းသည် သူ၏သမီးနှစ်ဦးကို အခြေခံအုတ်မြစ် ခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် စစ်မှန်အင်မော်တယ်အဆင့်၏ မူလစွမ်းအင်ကို အသုံးပြုကာ ၎င်းတို့၏ ရိုးတွင်းခြင်ဆီများကို နေ့စဉ်သန့်စင်ပေးခဲ့သည်။ ထိုကဲ့သို့ အလွန်တရာ ကောင်းမွန်လှသော အခြေခံအုတ်မြစ်များကြောင့် ရှန်းရှန်းနှင့် နျန်နျန်တို့၏ စွမ်းဆောင်ရည်သည် သိသိသာသာ တိုးတက်လာသည်။
မှန်သည်၊ ရွှယ်အန်းသည် သူ၏ သမီးများကို ဟင်းလင်းပြင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများတွင် ဆက်ခံသူများ ပျိုးထောင်သကဲ့သို့ ပြင်းထန်စွာ လေ့ကျင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူသည် နောင်တစ်ချိန် ၎င်းတို့နှစ်ဦး ကျင့်စဉ်လောကသို့ ဝင်ရောက်သည့်အခါ အဆင်ပြေချောမွေ့၍ အလွန်ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုရှိလာရန်သာ ပြုလုပ်ပေးခြင်းဖြစ်သည်။ လက်ရှိတွင် အရေးကြီးဆုံးအရာသည် ကလေးမလေးနှစ်ယောက်ကို အလှပဆုံးသော ကလေးဘဝ အမှတ်တရများ ပေးစွမ်းရန်သာဖြစ်သည်။
ထို့ကြောင့် အခြေခံအုတ်မြစ်ကို ပြုပြင်ပေးခြင်းမှအပ ရွှယ်အန်းသည် ၎င်းတို့ကို မည်သည့် တိုက်ခိုက်ရေးပညာ သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်ကိုမျှ သင်ကြားပေးခြင်း မရှိသေးပေ။ သို့သော်လည်း ရှန်းရှန်းနှင့် နျန်နျန်တို့၏ ခွန်အားများသည် သိသိသာသာ တိုးတက်လာခဲ့သည်။
အထူးသဖြင့် ရွှယ်အန်း၏ စစ်မှန်အင်မော်တယ်အဆင့် မူလစွမ်းအင်များနှင့် ဖေးမထားသဖြင့် ကုန်းရွှယ်မန်၏ နတ်အာရုံ တိုက်ခိုက်မှုများသည် ကလေးမလေးများ၏အနီးသို့ မရောက်မီပင် ပျက်စီးသွားသည်။ ကလေးမလေးများ၏ လက်သီးချက်များ ကုန်းရွှယ်မန်အပေါ် ကျရောက်သွားသောအခါ အလိုလိုက်ခံထားရသော ထိုမိန်းကလေးသည် နာကျင်လွန်းသဖြင့် အော်ဟစ်တော့သည်။
"အား... နာတယ် တော်တော့... မျက်နှာကိုတော့ မထိုးပါနဲ့" ကုန်းရွှယ်မန်က ရုန်းကန်ကာ ပြောလိုက်သည်။
သူမ စကားမပြီးဆုံးမီတွင် ရှန်းရှန်း၏ လက်သီးတစ်ချက်သည် သူမ၏ မျက်လုံးအထက်သို့ တည့်တည့်ကျရောက်သွားသည်။ ကုန်းရွှယ်မန်သည် ခပ်လှမ်းလှမ်းသို့ ယိမ်းယိုင်သွားလေသည်။ ယခုအခါ သူမ၏ အခြေအနေသည် အတော်ပင် သနားစဖွယ်ကောင်းနေသည်။
မျက်နှာတစ်ခုလုံးတွင် ညိုမည်းစွဲနေ၍ အဝတ်အစားများသည်လည်း လက်သီးရာများဖြင့် ပြည့်နှက်နေသည်။ ကုန်းရွှယ်မန်က သနားစဖွယ်ကောင်းစွာ ငိုယိုတော့လေသည်။
"အစ်ကို တွေ့လား၊ သူတို့ ညီမကို အနိုင်ကျင့်နေကြတယ်"
ရှန်းရှန်းသည် သူမ၏ လက်သီးကို ပြန်ရုပ်သိမ်းပြီးနောက် မေးငေါ့လျက် အေးစက်စွာ ပြောလိုက်သည်။
"အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြော၊ နင်က ငါတို့သူငယ်ချင်း ရှောင်ယွီကို အရင်အနိုင်ကျင့်တာ။ ငါက သူ့ကို လွှတ်ပေးဖို့ သတိပေးပေမယ့် နင် နားမထောင်ခဲ့ဘူး၊ အဲ့ဒါကြောင့် ငါတို့က နင့်ကို ရိုက်ရတာ"
"မမ ပြောတာ မှန်တယ်" နျန်နျန်သည်လည်း ဘေးကနေ ထောက်ခံလိုက်သည်။
ထိုအချိန်တွင် ကုန်းချန်ယွဲ့သည် ညီမဖြစ်သူကို နက်မှောင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
"အစ်ကို၊ ညီမ တကယ်ပြောတာ သူတို့က အရင်စတာပါဆို..." ကုန်းရွှယ်မန်က ခေါင်းငိုက်စိုက်ပြီးနောက် ငိုလျက် ပြောလိုက်သည်။
"တော်တော့" ကုန်းချန်ယွဲ့က အေးစက်စွာ နှာခေါင်းရှုံပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ငါ အကုန်လုံး မြင်တယ် ကုန်းရွှယ်မန်။ မင်း ဘယ်တော့မှ အဲ့ဒီပြဿနာရှာတတ်တဲ့ ပါးစပ်ကို ပြင်မှာလဲ။ တစ်ဖက်သားကို မြင်တာနဲ့ ပြည်ကြီးငါးလို့ အော်ရလား၊ သူ့ပုံစံက ပြည်ကြီးငါးနဲ့ တူနေရင်တောင် နင် အဲ့လိုမျိုးတိုက်ရိုက်ပြောလို့ မရဘူးလေ၊ နားလည်ရဲ့လား"
ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် ပြုံးနိုင်ခါစသာရှိသေးသော ရှောင်ယွီသည် တစ်ခါတည်း ဆွံ့အသွားပြန်သည်။
"အာ တောင်းပန်ပါတယ်၊ ကျွန်တော် စကားပြောတာ နည်းနည်းဒဲ့တိုးဆန်သွားလို့၊ စိတ်ထဲမထားပါနဲ့နော်" ကုန်းချန်ယွဲ့က ရှောင်ယွီကို တောင်းပန်ရန် မမေ့ခဲ့ပေ။
ပြီးနောက် သူသည် ညီမဖြစ်သူဘက်သို့ ပြန်လှည့်ကာ စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
"ပြီးတော့ နတ်အာရုံကို သုံးပြီး သူ့ကို စရဲသေးတယ်ပေါ့။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒါက ဘယ်လိုကျင့်ဝတ်မျိုးလဲ"
ကုန်းရွှယ်မန်သည် အဆူခံရလွန်းသဖြင့် ငိုချင်လာမိသည်။
"ဒါပေမယ့် အခု အရိုက်ခံရတာက ညီမလေ"
"ပြန်ပြောရဲသေးတယ်ပေါ့လေ၊ သူတို့ကို ကြည့်ဦး..." ကုန်းချန်ယွဲ့က ကလေးမလေးနှစ်ယောက်ကို လက်ညှိုးထိုးပြ၍ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"သူတို့နှစ်ယောက်လုံးရဲ့ အသက်နဲ့ အရပ်ကို ပေါင်းလိုက်ရင်တောင် မင်း လောက်မရှိဘူး၊ ဒါတောင် သူတို့ကို မနိုင်တဲ့အပြင် ဒီလို ငိုနေရဲတယ်ပေါ့လေ ဟုတ်လား"
ထိုသို့ ပြောပြီးနောက် ကုန်းချန်ယွဲ့က ရွှယ်အန်းကို အားနာစွာဖြင့် ဦးညွှတ်လိုက်သည်။
"လူကြီးမင်းရွှယ်၊ ကျွန်တော့် ညီမက အမြဲပြဿနာရှာနေလို့ ကျွန်တော် တောင်းပန်ပါတယ်"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် ကုန်းရွှယ်မန်အပေါ် အငြိုးထားခြင်းမရှိသော်လည်း ကုန်းချန်ယွဲ့ကိုမူ အတော်လေး သဘောကျမိသည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ရပါတယ်၊ သူ ကျုပ်သမီးတွေကို တောင်းပန်လိုက်ရင် ရပါပြီ"
"ကျွန်မမျက်နှာက ဒီလိုဖြစ်နေတာတောင် တောင်းပန်ရဦးမှာလား" ကုန်းရွှယ်မန်သည် သူမ၏ ညိုမည်းနေသော မျက်နှာကို လက်ညှိုးထိုးပြလာသည်။
ရွှယ်အန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ ကျုပ်သမီးလေးတွေရဲ့ လက်သီးလေးတွေ ခင်ဗျားမျက်နှာနဲ့ ထိမိလို့ နာသွားရင် ဘယ်လိုလုပ်မလဲ၊ ဒီတော့ ခင်ဗျားက တောင်းပန်ရမှာပေါ့"
ကုန်းရွှယ်မန်သည် ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်ချင်စိတ်ပေါက်နေသော်လည်း အစ်ကိုဖြစ်သူ၏ ဖိအားပေးမှုကြောင့် မတတ်သာဘဲ ဦးညွှတ်လိုက်ရသည်။
"တောင်းပန်ပါတယ် ငါ့မျက်နှာနဲ့ နင်တို့ရဲ့ လက်သီးတွေကို ထိခိုက်အောင် မလုပ်ခဲ့သင့်ဘူး"
"ရပါတယ်၊ နောက်တစ်ခါ သတိထားပေါ့" ရှန်းရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ကုန်းရွှယ်မန်: "..."
ထိုသို့ဖြင့် သေးငယ်သော ပြဿနာများ ပြီးဆုံးသွားလေသည်။ ကုန်းရွှယ်မန်သည် မှန်ကြည့်လျက် သူမ၏ အပြင်ထွက်လည်မည့် အစီအစဉ်များ ပျက်စီးသွားပြီဟု ထင်မှတ်ကာ ဝမ်းနည်းနေမိသည်။ ထိုစဉ် ရွှယ်အန်းက သူမထံသို့ ပုလင်းငယ်တစ်လုံး ပစ်ပေးလိုက်သည်။
"ဒါက ဘာလဲ" ကုန်းရွှယ်မန်က အံ့ဩသွားလေသည်။
"ခင်ဗျားမျက်နှာက ဒဏ်ရာတွေကို ကုသဖို့ပဲ၊ အတွင်းဒဏ်ရာရော အပြင်ဒဏ်ရာရော သုံးလို့ရတယ်" ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။
အစပိုင်းတွင် ကုန်းရွှယ်မန်က မသုံးချင်သော်လည်း လှပသော ပုလင်းလေးကို မလွန်ဆန်နိုင်သောကြောင့် သူမမျက်နှာတွင် အနည်းငယ် လိမ်းကြည့်လိုက်ရာ၊ သူမ၏ ဒဏ်ရာများ မျက်စိရှေ့တင် သိသိသာသာ ပျောက်ကင်းသွားလေသည်။
"ဝါး... မှော်ဆန်လှချည်လား"
"လူကြီးမင်းရွှယ်ကို ကျေးဇူးသင့်တယ် မဟုတ်ဘူးလား"
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
တစ်ဖက်တွင်မူ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဤဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ကြသည်။ နျန်နျန်က အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် တီးတိုးမေးလိုက်သည်။
"မမ၊ ဖေဖေက အဲ့ဒီလူဆိုးအစ်မကြီးကို ဘာလို့ဆေးပေးလိုက်တာလဲ"
"ငတုံးနျန်နျန်၊ ဒါကို လူတွေက 'ပါးတစ်ချက်ရိုက်ပြီး သကြားလုံးတစ်လုံးကျွေးတယ်' လို့ ခေါ်တာလေ။ မသိသေးဘူးလား" ရွှယ်ရှန့်က ဉာဏ်ပညာရှိစွာဖြင့် တီးတိုးပြန်ဖြေလိုက်သည်။
"မမက တကယ့်ကို အသိဉာဏ်ကြွယ်ဝတာပဲ" နျန်နျန်သည် ချက်ချင်းပင် နားလည်သဘောပေါက်သွားသဖြင့် ချီးကျူးလိုက်သည်။
"ဒါပေါ့... မဟုတ်ရင် ငါက နင့်မမ ဖြစ်နေပါ့မလား" ရှန်းရှန်းက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။
သူမသည် နျန်နျန်ထက် ၆ မိနစ်စော၍သာ မွေးဖွားလာသည့်အချက်ကို လုံးလုံးလျားလျား ထည့်မတွက်ဘဲ ပြောလိုက်သည်။ ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်၏ စကားများကို ကြားလိုက်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ သမီးလေးနှစ်ယောက်သည် တစ်နေ့ထက်တစ်နေ့ ပို၍ သိတတ်လာကြသည်။ အထူးသဖြင့် ရှန်းရှန်းသည် ပိုပို၍ လိမ္မာပါးနပ်လာသည်။ သို့သော် ဤသည်မှာ ကောင်းသောအချက်ဖြစ်သည်။ အကယ်၍ နျန်နျန်ကဲ့သို့ ရိုးအလွန်းနေပါက အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည်ဟု ရွှယ်အန်း တွေးနေမိသည်။
ထိုအချိန်တွင် အန်းယန်သည် အားလုံးပြင်ဆင်ပြီးနောက် ဟူယင်း၊ ကလေးမလေးနှစ်ယောက်၊ ရှောင်ယွီတို့နှင့်အတူ ဈေးဝယ်ထွက်ရန် ပြင်လိုက်သည်။ ကနဦး အရိုက်ခံထားရသော ကုန်းရွှယ်မန်သည်လည်း အရှက်မရှိဘဲ ၎င်းတို့နောက်သို့ လိုက်သွားလေသည်။ ရွှယ်အန်းသည် ၎င်းတို့နှင့်အတူ လိုက်မသွားခဲ့ပေ။ ဈေးဝယ်ထွက်ခြင်းဆိုသည်မှာ အမျိုးသမီးများအတွက် ပျော်ရွှင်စရာဖြစ်သော်လည်း အမျိုးသားများအတွက်မူ ရန်သူတော်ကြီးသဖွယ်ဖြစ်သည်။ ဈေးဝယ်ထွက်ချင်သော အမျိုးသားဟူ၍ အလွန်ရှားပါးလှသည်။
ရွှယ်အန်းသည် ဈေးဝယ်ထွက်မည့်အစား အစွမ်းထက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရခြင်းကို ပို၍ပင် နှစ်သက်ပေလိမ့်မည်။ ထို့ကြောင့် သူသည် တည်းခိုခန်း၌သာ ကျန်ရစ်ခဲ့သည်။ ရွှယ်အန်းသည် ဤအချိန်ကို အသုံးချ၍ သူ၏ နတ်အာရုံထဲတွင် သိမ်းဆည်းထားသော စစ်တုရင်ဗျူဟာများကို ပြန်လည် စုစည်းရန် စီစဉ်ထားသည်။ ပြီးနောက် ကုန်းချန်ယွဲ့ကို သင်ကြားပေးရန် အခွင့်အရေးရှာရမည်ဖြစ်သည်။ သို့သော် သူသည် အာရုံစူးစိုက်၍ လေ့လာနေစဉ် တုန်ခါမှုတစ်ခုကို နတ်အာရုံမှတစ်ဆင့် ရုတ်တရက် ခံစားလိုက်ရသည်။
ရွှယ်အန်းသည် ထိတ်လန့်သွားပြီးနောက် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ကုန်းချန်ယွဲ့သည်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်ရသဖြင့် အခန်းထဲမှ အမြန်ထွက်လာလေသည်။ ထိုအချိန်တွင် မြို့၏ လူစည်ကားသော လမ်းမတစ်ခုပေါ်တွင် ရင်ဆိုင်မှုတစ်ခုဖြစ်ပွားနေသည်။ ကုန်းရွှယ်မန်သည် သူမ အရှေ့ရှိ အမျိုးသားကို မျက်နှာထား တင်းမာစွာဖြင့် သွားကြိတ်လျက် ပြောလိုက်သည်။
"ချိုင်ရုံရှင်း... ရှင် ဘာလုပ်နေတာလဲ"
သူမ အရှေ့ရှိ အမျိုးသားသည် တောက်ပြောင်လှသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ မောက်မာသော အမူအရာနှင့် ကလိန်ကကျစ်ကျသော မျက်လုံးများရှိသူဖြစ်သည်။ သူသည် ကုန်းရွှယ်မန်၏ စကားကို ကြားသောအခါ လက်နှစ်ဖက်ကို နှိမ့်ချ၍ နှုတ်ဆက်လိုက်သည်။
"သခင်မလေးကုန်းပါလား၊ မင်းကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"
အခန်း (၉၈၆) လမ်းမပေါ်ရှိ ရင်ဆိုင်မှု
"အပိုစကားတွေ ရပ်လိုက်စမ်း၊ သူက ဘယ်သူလဲ" ကုန်းရွှယ်မန်သည် စူးရှသော အကြည့်များဖြင့် ချိုင်ရုံရှင်း နံဘေးရှိ မသင့်လျှော်စွာ ဝတ်စားဆင်ယင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးကို လက်ညှိုးထိုးပြကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
ချိုင်ရုံရှင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အမြွက်တချို့ ဖြတ်သန်းသွားသော်လည်း သူ၏ မျက်နှာသည် ချက်ချင်းပင် ခက်ထန်လာသည်။
"ကုန်းရွှယ်မန်၊ သူက ဘယ်သူပဲဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လို့လဲ"
"ရှင်..." ကုန်းရွှယ်မန်သည် ဒေါသထွက်လွန်းသဖြင့် နဖူးမှ အကြောများပင် ထောင်ထွက်လာသည်။
"ချိုင်ရုံရှင်း... ရှင် ကျွန်မကွယ်ရာ ဒီလိုအဆင့်အတန်းနိမ့်တဲ့ မိန်းမတွေနဲ့ ပတ်သက်နေတယ်ပေါ့လေ၊ ကျွန်မတို့ စေ့စပ်ထားတာကို ရှင် မေ့နေတာလား"
သူမ စကားများ ပြီးဆုံးသည်နှင့် အန်းယန်နှင့် အခြားလူများအားလုံး မျက်လုံးအဝိုင်းသားဖြစ်သွားကြရာ၊ ဇာတ်လမ်းကောင်း စောင့်ကြည့်နေသော ပရိသတ်များအလားဖြစ်သွားလေသည်။
"သခင်လေးချိုင်... သူက ကျွန်မကို အဆင့်အတန်းနိမ့်တဲ့ မိန်းမလို့ ခေါ်နေတယ်" ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးက မတရာစွပ်စွဲခံရဟန်ဖြင့် ပြောလိုက်သည်။
ချိုင်ရုံရှင်း၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်ပေါက်လာ၍ လှောင်ရယ်လိုက်သည်။
"ကုန်းရွှယ်မန်... ဟုတ်တယ်၊ ငါတို့ စေ့စပ်ထားကြတာ မှန်တယ်၊ ဒါပေမယ့် ငါတို့ လက်မထပ်ရသေးဘူး မဟုတ်လား။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်ဦး၊ ရှေ့ရော နောက်ရော ပြားချပ်နေတာ၊ မီးပိတ်လိုက်ရင် ဘယ်ဟာက အရှေ့၊ ဘယ်ဟာက အနောက်လဲတောင် ခွဲလို့ရတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ အပျင်းပြေအောင် အဖော်တစ်ယောက်ရှာတာ ဘာမှားလို့လဲ"
ဤစကားများကြောင့် အန်းယန်နှင့် အခြားလူများ၏ မျက်နှာထားများ အေးစက်သွားသည်။ ကုန်းရွှယ်မန်သည် ဆွံ့အစွာ ရပ်နေမိသည်။ ခဏအကြာတွင် သူမက ဝမ်းနည်းကြေကွဲစွာ ပြန်ပြောလိုက်သည်။
"အရှေ့နဲ့ အနောက် ခွဲခြားလို့မရတာက ရှင်ပဲ၊ ရှင့်မိသားစုတစ်ခုလုံးကသာ အရှေ့အနောက် ခွဲခြားလို့မရတာ။ ပြီးတော့ ချိုင်ရုံရှင်း၊ ဘာတွေ ဖြစ်နေတာလဲဆိုတာ ကျွန်မ မသိဘူးလို့ မထင်လိုက်နဲ့။ အရင်ကဆိုရင် ရှင် ကျွန်မအရှေ့မှာ တခြားမိန်းမတစ်ယောက်နဲ့ တွဲရဲမှာတောင် မဟုတ်ဘူး။ ရှင်တို့ချိုင်မိသားစုက ကျွန်မတို့ကုန်းမိသားစုနဲ့ လက်ထပ်ဖို့ အရင်က ဘယ်လောက်တောင် ခခယယ တောင်းဆိုခဲ့လဲဆိုတာ မမေ့နဲ့ဦး။ အခု ကျွန်မတို့မိသားစု အခက်အခဲနဲ့ ကြုံနေရချိန် ရှင်တို့ချိုင်မိသားစုက ကျွန်မတို့နဲ့ အမြန်ဆုံး အဆက်သွယ်ဖြတ်ချင်နေတာပေါ့လေ ဟုတ်လား"
ဤစွပ်စွဲချက်သည် ချိုင်ရုံရှင်း၏ မျက်နှာကို ဖြူတစ်ဝက် နီတစ်ဝက်ဖြစ်သွားစေသည်။ တစ်ဖက်တွင်မူ ဘေးမှ ကြည့်နေသော အန်းယန်နှင့် အခြားလူများသည် အခြေအနေကို နားလည်သွားကြသည်။ ကုန်းရွှယ်မန်နှင့် ချိုင်ရုံရှင်းတို့သည် စေ့စပ်ထားကြသော်လည်း ယခုအခါ ကုန်းမိသားစုသည် အခက်အခဲနှင့် ရင်ဆိုင်နေရပုံပေါ်သဖြင့် ဤလူက စေ့စပ်မှုကို တန်ဖိုးမထားတော့ခြင်းဖြစ်သည်။
"တကယ့် လူယုတ်မာပဲ" ရှောင်ယွီက ခါးသီးစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ချိုင်ရုံရှင်းသည့် ရက်စက်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... မင်း ပြောသလိုပဲ၊ ဒီတော့ရော မင်း ဘာလုပ်နိုင်မှာလဲ။ အခု မင်းတို့ကုန်းမိသားစုက ဆုတ်ယုတ်နေပြီ။ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းကလည်း မင်းတို့မိသားစုက အကြီးအကဲတွေ အစွမ်းကုန် ကြိုးစားခဲ့တာတောင် တစ်ပွဲမှ မနိုင်ဘဲ လက်ဗလာနဲ့ ပြန်ခဲ့ရတာမဟုတ်လား။ ဒီတစ်ခါသာ မင်းတို့တွေ နေရာတစ်ခုမရရင် ကုန်းမိသားစုရဲ့ ဂုဏ်သိက္ခာတော့ လုံးဝ ပျက်စီးပြီပဲ။ ပြီးတော့ ဒီတစ်ခါ မင်းတို့ မောင်နှမနှစ်ယောက်တည်းကိုပဲ လွှတ်လိုက်တယ်ဆိုကတည်းက မင်းတို့မှာ ယုံကြည်ချက် လုံးဝ မရှိတော့တာကို ပြနေတာပဲ"
"မင်းတို့ကုန်းမိသားစုသာ ထပ်ပြီး ရှုံးနိမ့်သွားရင် မင်းတို့ရဲ့အဆင့်အတန်း သတ်မှတ်ချက်လည်း ချက်ချင်း ကျဆင်းသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ ချိုင်မိသားစုရဲ့အဆင့်အတန်းက မင်းတို့ကို ကျော်တက်သွားလိမ့်မယ်ကွ။ အဲ့ဒီအခါကျမှ... ဟင်း၊ မင်းတို့ကုန်းမိသားစုတွေ ပြန်ပြီး ရုန်းထချင်တယ်ဆိုရင် ငါတို့ ချိုင်မိသားစုကိုပဲ အားကိုးရမှာ။ ဒီအချိန်မှာ မင်းတို့တွေ ငါတို့ကို အာခံရဲဦးမယ် ထင်နေတာလား"
ချိုင်ရုံရှင်းသည် လူယုတ်မာတစ်ဦး၏ ရုပ်အသွင်ပြင်ကို အပြည့်အဝ ပြသနေသည်။
ဘေးမှ ကြည့်နေသူများပင် မခံမရပ်နိုင်ဖြစ်လာကြသည်။ ကုန်းရွှယ်မန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့လာ၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သို့သော် ထိုစဉ် ကုန်းရွှယ်မန်က အသက်ကို ပြင်းပြင်းရှူသွင်းကာ စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ချိုင်ရုံရှင်းကို အေးစက်စွာ ပြုံးပြလိုက်သည်။
"ရှင်တို့ချိုင်မိသားစုရဲ့ အသနားခံမှုနောက်မှာ လိုက်ပါလာတဲ့ သစ္စာဖောက်မူက တကယ့်ကို အောက်တန်းကျပြီး ရွံစရာကောင်းတယ်လို့ ပြောရမယ်"
"မင်း..." ချိုင်ရုံရှင်းသည် ဒေါသဖြင့် ပေါက်ကွဲတော့မည့်အလား မျက်နှာထား တင်းမာသွားလေသည်။
"လူကြီးမင်းချိုင်... ပြန်သွားပြီး ရှင့်အဖေနဲ့ ရှင့်မိသားစုက အကြီးအကဲတွေကို ပြောလိုက်၊ ငါဆိုတဲ့ ကုန်းရွှယ်မန်က ဒီလက်ထပ်ပွဲကို လုံးဝ သဘောမတူဘူးလို့" ကုန်းရွှယ်မန်က အေးစက်စွာ ဆက်ပြောလိုက်သည်။ ပြီးနောက် သူမ ရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ချလိုက်သည်။ "ဂလောင်" ဟူသော အသံနှင့်အတူ ကျောက်စိမ်းဆွဲပြားသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။
ချိုင်ရုံရှင်း၏ မျက်နှာအမူအရာသည် အရောင်အမျိုးမျိုးဖြင့် ပြောင်းလဲသွားသည်။
"မင်း... ကောင်းပြီလေ။ ကုန်းရွှယ်မန်၊ ဒါက ကလေးကစားစရာ မဟုတ်ဘူးနော်။ ဒီစကားက မင်း တစ်ယောက်တည်းရဲ့ ရည်ရွယ်ချက်လား၊ ဒါမှမဟုတ် ကုန်းမိသားစုတစ်ခုလုံးကို ကိုယ်စားပြုတာလား သေသေချာချာ စဉ်းစားပြီးမှ ပြောတာကောင်းလိမ့်မယ်"
"ကျွန်မက ကိုယ့်ကိုယ်ကို ကိုယ်စားပြုသလို၊ တစ်ချိန်တည်းမှာ ကုန်းမိသားစုကိုလည်း ကိုယ်စားပြုနိုင်တယ်" ကုန်းရွှယ်မန်၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမ၏အမူအရာသည် ပြတ်သားလှသည်။
"ဟားဟား... မင်းက ကုန်းမိသားစုကို ကိုယ်စားပြုနိုင်မယ်လို့ ကျုပ်တော့ မထင်ဘူး"
ထိုစကားများ ပြီးဆုံးသွားသည်နှင့် ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
"သူက ကုန်းမိသားစုကို ကိုယ်စားမပြုနိုင်ဘူးဆိုရင် ကျုပ်ကရော"
ထိုအသံနှင့်အတူ ကုန်းချန်ယွဲ့သည် အားလုံး၏ ရှေ့မှောက်သို့ ပေါ်လာလေသည်။
"အစ်ကို..." ကုန်းရွှယ်မန်သည် နောက်ဆုံးတွင် သူမ၏ မိသားစုဝင်ကို မြင်လိုက်ရသောကြောင့် မျက်ရည်များ ဝိုင်းလာသော်လည်း ဇွဲကြီးစွာဖြင့် မျက်ရည်မကျလာအောင် ထိန်းထားနိုင်ခဲ့သည်။
ကုန်းချန်ယွဲ့သည် ညီမဖြစ်သူကို ပြုံးပြခဲသော်လည်း ယခုအချိန်တွင် ပြုံးနေခဲ့သည်။
"ရွှယ်မန့်၊ အရမ်းတော်တယ်။ အစ်ကိုတို့ကုန်းမိသားစုဝင်တွေဆိုတာ ဒီလိုမာန်မာနမျိုးရှိနေရမှာ" ထိုသို့ ပြောပြီးနောက် သူက ချိုင်ရုံရှင်းဘက်သို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။
"လူကြီးမင်းချိုင်... ခင်ဗျား ခုနက ကျွန်တော့်ညီမက ကုန်းမိသားစုကို ကိုယ်စားမပြုနိုင်ဘူးလို့ ပြောတယ်နော်၊ ဒါဆိုရင် ကျုပ်ကိုရော ဘယ်လိုထင်လဲ"
"ခင်ဗျား... ကုန်းချန်ယွဲ့၊ နောက်ဖြစ်လာမယ့် အကျိုးဆက်ကို စဉ်းစားပြီးပြီလား" ချိုင်ရုံရှင်း၏ မျက်နှာအမူအရာ အေးစက်လာ၍ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
ကုန်းချန်ယွဲ့က ခေါင်းခါပြလိုက်သည်။
"ကျုပ် မစဉ်းစားရသေးဘူး၊ စဉ်းစားဖို့လည်း စိတ်ကူးမရှိဘူး။ ဘာလို့လဲဆိုတော့ ကျုပ်မှာညီမလေး တစ်ယောက်တည်းပဲရှိတာ။ သူ မကြာခဏ ဆိုးချင်ဆိုးလိမ့်မယ်၊ ဒါပေမယ့် သူ့ကို အနိုင်ကျင့်တဲ့လူရှိလာမယ်ဆိုရင်တော့ ကျုပ်ဆိုတဲ့ ကုန်းချန်ယွဲ့က လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
ဤစကားများကြောင့် ကုန်းရွှယ်မန်သည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။
ချိုင်ရုံရှင်းက အေးစက်စွာ ရယ်လိုက်သည်။
"တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ မောင်နှမ သံယောဇဉ်ပါလား။ ဒါပေမယ့် ကုန်းချန်ယွဲ့... ခင်ဗျားတို့ ကုန်းမိသားစုက အခုဘာအရင်းအမြစ်မှ မရှိတော့တဲ့အပြင် လုံးဝကို အကျပ်အတည်းထဲ ပိတ်မိနေတာ။ ဒီပြိုင်ပွဲမှာ အဆင့်တစ်ခုခု မရရင်တော့ ခင်ဗျားတို့ သေချာပေါက် ဒုက္ခရောက်ပြီးပဲ။ ပြီးတော့ ခင်ဗျားတစ်ယောက်တည်းနဲ့... ဟားဟား ဖြစ်နိုင်မယ် ထင်နေတာလား။ ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ဆိုရင် ကျုပ်တို့ ချိုင်မိသားစုက ခင်ဗျားတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ အခု အခြေအနေကို နားလည်သွားပြီလား" ချိုင်ရုံရှင်းသည် ဤစကားများကို အောင်နိုင်သူတစ်ဦးအလား ဝင့်ကြွားစွာ ပြောနေသည်။
ကုန်းရွှယ်မန်၏ မျက်နှာ ဖြူဖျော့သွား၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ ချိုင်ရုံရှင်း၏ စကားများ မှန်ကန်ကြောင်း သူမ သိနေသည်။ ၎င်းသည် ကုန်းမိသားစု၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် နောင်တအနည်းငယ်ရလာသည်။
သို့သော် ထိုအချိန်တွင် ကုန်းချန်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။
"ချိုင်ရုံရှင်း... ခင်ဗျားပြောတာ မှန်တယ်၊ ကျုပ်တို့ ကုန်းမိသားစုက အခက်အခဲတွေနဲ့ တကယ် ရင်ဆိုင်နေရတာ။ ဒါပေမယ့် ကျုပ်တို့ ရှင်သန်ဖို့အတွက် ကျုပ်ညီမကို စတေးပြီး ခင်ဗျားတို့လို ယုတ်မာတဲ့ လူတွေဆီမှာ ဒူးထောက်ရမယ်ဆိုရင်တော့ ဒီလိုရှင်သန်မှုမျိုးကို ကျုပ် မလိုချင်ဘူး"
"ခင်ဗျားကတော့... ကောင်းပြီလေ၊ ကုန်းချန်ယွဲ့ ဒါဆိုရင် ခင်ဗျား ဒီပြိုင်ပွဲမှာ ဘယ်လိုမျိုး ထူးထူးခြားခြားတွေ စွမ်းဆောင်နိုင်မလဲဆိုတာ ကျုပ် စောင့်ကြည့်နေမယ်။ အချိန်ကျလာမှ ခင်ဗျားတို့ကုန်းမိသားစုတွေ ကျုပ်တို့ချိုင်မိသားစုကို လာပြီး မတောင်းပန်ကြစေနဲ့" ချိုင်ရုံရှင်းသည် နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထိုစဉ် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"ခဏနေပါဦး"
ထိုအသံကို ကြားလိုက်ရသောအခါ ကုန်းမိသားစု မောင်နှမနှစ်ယောက်လုံး အံ့ဩသွားကြသည်။
အန်းယန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ မည်သို့ဆိုသော် ရွှယ်အန်းသည် အားလုံး အရှေ့တွင် ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။ ချိုင်ရုံရှင်းသည် သူ၏ ခြေလှမ်းများကို ရပ်တန့်၍ အနောက်လှည့်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ"
"ကျုပ်မျိုးရိုးနာမည်က ရွှယ်ပါ၊ ကျုပ်ကို လူကြီးမင်းရွှယ်လို့ ခေါ်နိုင်ပါတယ်" ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။
"အော် ကျုပ် မှတ်မိပြီ၊ ခင်ဗျားက ကျန်းထျန်ယွေ့ကို အနိုင်ယူမယ်လို့ ကြွေးကြော်ခဲ့တဲ့ လူပဲ" ချိုင်ရုံရှင်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာ ပေါ်ပေါက်လာသည်။
ရွှယ်အန်း အားလုံးရှေ့တွင် ပြောခဲ့သော စကားများသည် သီယွမ်လုံနှင့် အခြားသူများ၏ တမင်ဖြန့်ကြက်မှုကြောင့် တစ်မြို့လုံး ပျံ့နှံ့နေပြီဖြစ်ရာ၊ ယခုဆိုလျှင် စစ်တုရင် ‘ပထမအဆင့်’ပင် မရှိသေးသော လူတစ်ယောက်သည် ကျန်းထျန်ယွေ့ကို အနိုင်ယူမည်ဟု ဝင့်ကြွားစွာ ပြောဆိုနေခြင်းကို လူတိုင်း သိနေကြသောကြောင့် ဟာသတစ်ခုသဖွယ်ဖြစ်နေတော့သည်။
"အတိအကျပဲ၊ အဲ့ဒါ ကျုပ်လေ" ရွှယ်အန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
အခန်း (၉၈၇) အံ့အားသင့်ဖွယ် လောင်းကြေး
"ဘာကိစ္စလဲ ကျုပ်ကို လမ်းညွှန်ချက်တွေ ဘာတွေပေးမလို့လား" ချိုင်ရုံရှင်းသည် ‘လမ်းညွှန်ချက်’ ဟူသည့် စကားလုံးကို အသံရှည်ဆွဲ၍ ပြောလိုက်သောကြောင့် လှောင်ပြောင်သရော်သော လေသံပေါက်နေသည်။
"ခင်ဗျားက အဲ့လောက်အဆင့်မရှိလို့ လမ်းညွှန်ချက်တော့ မပေးချင်ပါဘူး။ ကျုပ် ခုနက ခင်ဗျားပြောတာတွေကို ကြားလိုက်ရတော့ နည်းနည်း ဇဝေဇဝါဖြစ်သွားရုံပါ"
"ခင်ဗျားက ဘာကို ဇဝေဇဝါဖြစ်တာလဲ"
“ခင်ဗျားတို့တွေက ဘယ်လိုလုပ်ပြီး ထျန်ကျောက်ကြယ်စုနယ်မြေရဲ့ခွေးခြေဘဝကို ဒီလောက်တောင် လိုလိုလားလား လက်ခံနိုင်ကြတာလဲဆိုတာ တွေးလို့မရလို့ပါ" ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားများကို ကြားလိုက်ရသောအခါ ကုန်းချန်ယွဲ့၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအခြေအနေကို ချက်ချင်း သဘောပေါက်သွားသောကြောင့်ဖြစ်သည်။ မှန်သည်၊ ချိုင်မိသားစုသည် ထျန်ကျောက်ကြယ်စုနယ်မြေဘက်သို့ သိသိသာသာ ကူးပြောင်းသွားခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးအတွက် ခိုင်လုံသော အဖြေတစ်ခုဖြစ်သည်။
ချိုင်ရုံရှင်း၏ မျက်နှာသည် ဖြူတစ်ဝက် နီတစ်ဝက် ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် ယုတ်မာသော အပြုံးအဖြစ် ကူးပြောင်းသွားသည်။
“ဟုတ်တယ်... ကျုပ်တို့က သခင်လေးသီယွမ်လုံရဲ့ လက်အောက်မှာရှိတာ မှန်တယ်။ ဒါက ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား"
"ချိုင်ရုံရှင်း... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ကျုပ်တို့ရဲ့ ကြယ်တာရာမျက်ဝန်းဂြိုလ်ပေါ်မှာ ထျန်ကျောက်ကြယ်စုနယ်မြေ လုပ်ခဲ့တဲ့ လူသတ်ပွဲကြီးကို ခင်ဗျားတို့ ချိုင်မိသားစု မေ့သွားပြီလား" ကုန်းချန်ယွဲ့က နာကျည်းချက်များဖြင့် ပြန်ပြောလိုက်သည်။
"အဲ့ဒါက ဘာဖြစ်လဲ လူဆိုတာ အမြဲတမ်း အတိတ်မှာပဲ ရှင်သန်နေလို့ မရဘူးလေ၊ အခုဆိုရင် ထျန်ကျောက်ကြယ်စုနယ်မြေက စစ်တုရင်ဗျူဟာပိုင်းမှာ ဦးဆောင်နေပြီ၊ ဒါက မလွဲမသွေဖြစ်လာမယ့် အလားအလာပဲ။ သူတို့ကို ဆန့်ကျင်ရင် ဘာကောင်းကျိုးမှမရှိဘူး၊ ခင်ဗျားတို့ ကုန်းမိသားစုက သက်ရှိထင်ရှားရှိနေတဲ့ သာဓကပဲ မဟုတ်လား" ချိုင်ရုံရှင်းက အေးစက်စွာ ပြောလိုက်သည်။
ရွှယ်အန်းသည် ဒေါသထွက်နေသော ကုန်းချန်ယွဲ့ကို တိတ်ဆိတ်ရန် လက်ကာပြလိုက်ပြီးနောက် ဖြည်းဖြည်းချင်း လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ကောင်းလိုက်တဲ့ စကား၊ လူဆိုတာ အမြဲတမ်း အတိတ်မှာပဲ မရှင်သန်သင့်ဘူး။ ဒါပေမယ့် ထျန်ကျောက်ကြယ်စုနယ်မြေက ဒီပွဲမှာ အနိုင်ရလိမ့်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား"
"ဒါပေါ့" ချိုင်ရုံရှင်းက မောက်မာစွာ ခေါင်းမော့လိုက်သည်။
"ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျုပ် သိတယ်။ ဒါပေမယ့် သခင်လေး ကျန်းထျန်ယွေ့က သီးသန့်ကျင့်ကြံရာကနေ ပြန်လာပြီးနောက် သူ့ရဲ့စစ်တုရင်ကျွမ်းကျင်မှုက သိသိသာသာ တိုးတက်လာပြီ။ ကျူးကော့ရွှမ်ချင်းတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ရွှယ်အန်းက ခေါင်းခါလိုက်လျက် အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား မှားနေပြီ၊ ကျုပ်က ကျူးကော့ရွှမ်ချင်းအကြောင်း ပြောနေတာ မဟုတ်ဘူး"
"ဒါဆို ခင်ဗျားက..."
“ကျုပ် ဆိုလိုတာက... ကျုပ်က ဒီပွဲမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ပြောတာ" ရွှယ်အန်းက ကြယ်တာရာ ကောင်းကင်ယံအလား တောက်ပနေသော သူ၏မျက်လုံးများဖြင့် မော့ကြည့်၍ ပြောလိုက်သည်။
ချိုင်ရုံရှင်းသည် မိမိနားကိုပင် မယုံကြည်နိုင်ဖြစ်နေမိ၍ ခဏအကြာတွင် အထင်သေးစွာဖြင့် ရယ်မောလေတော့သည်။
"အမှန်အတိုင်း ပြောရရင် ခင်ဗျားရဲ့ သတ္တိကိုတော့ ကျုပ် တကယ်ချီးကျူးတယ်။ ဒါပေမယ့် ဒီလိုစကားမျိုး မပြောခင်..."
ရွှယ်အန်းက သူ၏စကားကို ကြားဖြတ်လိုက်သည်။ "လောင်းကြေးထပ်ကြမလား"
"လောင်းကြေးတဲ့လား။ ဘာကို လောင်းကြေးထပ်မှာလဲ"
"ကျုပ်စကားနဲ့ လောင်းကြေးထပ်မယ်။ အကယ်၍ ကျုပ်သာ ဒီပွဲမှာ နိုင်ခဲ့ရင် ခင်ဗျားတို့ ချိုင်မိသားစုဝင်အားလုံးက လူပုံအလယ်မှာ ကုန်းရွှယ်မန်ကို ဒူးထောက်ပြီး အမှားဝန်ခံရမယ်"
ချိုင်ရုံရှင်း၏ မျက်နှာထား တဖြည်းဖြည်း တည်တင်းလာသည်။
"တကယ်လို့ ခင်ဗျား မနိုင်ခဲ့ရင်ရော"
"ကျုပ် မနိုင်ခဲ့ရင် ကုန်းမိသားစုက ကြယ်တာရာမျက်ဝန်းဂြိုလ်ပေါ်ကနေ လိုလိုလားလား ဆုတ်ခွာပေးမယ်။ ဘယ်လိုလဲ။ ပြီးတော့ အဲ့ဒါက ခင်ဗျားတို့ အလိုချင်ဆုံးအရာ မဟုတ်လား" ရွှယ်အန်းက ဆက်ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ကုန်းမိသားစုမောင်နှမများ၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွားသည်။ ကုန်းချန်ယွဲ့၏ နှလုံးသား ပြုတ်ကျသွားသည်၊ သူ မည်မျှနှေးကွေးသူဖြစ်ပါစေ၊ နောက်ဆုံးတွင် ကုန်းမိသားစုများ အဘယ်ကြောင့် ဤမျှ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို နားလည်သွားသည်။ ချိုင်မိသားစုနှင့် ထျန်ကျောက်ကြယ်စုနယ်မြေတို့သည် ကြယ်တာရာမျက်ဝန်းဂြိုလ်ကို အပိုင်စီးရန် ကြံစည်နေကြခြင်းဖြစ်သည်။
"ခင်ဗျားရဲ့စကားက ကုန်းမိသားစုကို ကိုယ်စားပြုနိုင်လားဆိုတာ ကျုပ် ဘယ်လို အတည်ပြုရမလဲ" ချိုင်ရုံရှင်း၏ မျက်လုံးများ တောက်ပသွားသည်။
ရွှယ်အန်းသည် ကုန်းချန်ယွဲ့ကို လှည့်ကြည့်လိုက်သည်။ ကုန်းချန်ယွဲ့သည် ယုံကြည်ချက် လုံးလုံးလျားလျား မရှိသော်လည်း ရွှယ်အန်း၏ တည်ငြိမ်သော အကြည့်များကို မြင်လိုက်ရသောအခါ အလိုအလျောက် ခေါင်းညိတ်ပြလိုက်မိသည်။
"ကောင်းပြီလေ။ သဘောတူတယ်" ချိုင်ရုံရှင်းက ကုန်းချန်ယွဲ့နှင့် ရွှယ်အန်းတို့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သကဲ့သို့ အလျင်အမြန် သဘောတူလိုက်သည်။
ထိုအချိန်တွင် အငြင်းပွားမှုကို ကြည့်ရန် စုဝေးနေသည့် လူအုပ်ကြီးသည် ဤအံ့အားသင့်ဖွယ် လောင်းကြေးအကြောင်း ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသော အမူအရာများ ပြသကုန်သည်။ ၎င်းတို့ထဲတွင် ကုန်းမိသားစုနှင့် ရင်းနှီးသော စစ်တုရင်ပညာရှင်အချို့သည် တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
"ကုန်းချန်ယွဲ့ ရူးသွားပြီလား။ ဒီလိုလောင်းကြေးမျိုးကို သူ ဘယ်လိုလုပ် သဘောတူနိုင်ရတာလဲ"
"ဟုတ်ပါ့၊ ဒါက ကိုယ့်ကိုယ်ကို သတ်သေဖို့ လမ်းရှာတာ မဟုတ်ဘူးလား"
"ဒီလူကြီးမင်းရွှယ်ဆိုတဲ့ လူကရော ဘာအစွမ်းရှိလို့ ဒီလောက်တောင် ဝင့်ကြွားနေရတာလဲ"
ထိုသို့ တီးတိုးပြောသံများကြားတွင် ချိုင်ရုံရှင်းသည် ကုန်းမိသားစုမောင်နှမကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ကျုပ် မသွားခင် ခင်ဗျားတို့ကို တစ်ခုတော့ ပြောပြရဦးမယ်။ သခင်လေးကျန်းထျန်ယွေ့က သီးသန့်ကျင့်ကြံနေတဲ့ အချိန်အတွင်း စစ်တုရင်သူတော်စင်ဆီကနေ ကိုယ်တိုင်လမ်းညွှန်မှုတွေ ရရှိခဲ့တယ်တဲ့"
ပြောပြီးသည်နှင့် သူသည် အားရပါးရ ရယ်မောကာ လှည့်ထွက်သွားလေသည်။
ကုန်းမိသားစုမောင်နှမများနှင့် ကြည့်နေသူအားလုံး၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ စစ်တုရင်သူတော်စင်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှု ရရှိသည်ဟု ဆိုခဲ့သည်။ ကျန်းထျန်ယွေ့သည် ယခုတစ်ကြိမ်တွင် ဤမျှယုံကြည်ချက်ရှိနေခြင်းသည် မဆန်းလှပေ။ ကုန်းချန်ယွဲ့သည် သူ၏ နှလုံးသား အောက်ခြေမရှိသော ချောက်နက်ကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ရွှယ်အန်းမူ ဘာကိုမျှ မကြားလိုက်သကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းမထိပ်တွင် ရွှတ်နောက်နောက် အမူအရာဖြင့် ရပ်နေသည်။ မကြာမီပင် ကုန်းမိသားစုနှင့် ချိုင်မိသားစုတို့ လမ်းမပေါ်တွင် အံ့အားသင့်ဖွယ် လောင်းကြေးထပ်ခဲ့သည့် သတင်းသည် ဟာရီကိန်း မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွား၍ ကြယ်စုနယ်မြေ၏ ပြိုင်ပွဲကိုပင် လွှမ်းခြုံသွားလေသည်။ ရေတွက်မရသော လူများ တုန်လှုပ်သွားကြသည်။
"ဘာ၊ ကုန်းမိသားစုက ချိုင်မိသားစုနဲ့ တကယ်ပဲ လောင်းကြေးထပ်ရဲတယ်ပေါ့လေ။ သူတို့တွေ တစ်ဖက်လူရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီပဲ"
"အခုတော့ ကုန်းမိသားစု တကယ်ဇာတ်သိမ်းသွားပြီ။ ထျန်မုကြယ်နယ်မြေလည်း ထျန်ကျောက်ကြယ်စုနယ်မြေရဲ့ လက်အောက်ခံ ဖြစ်လာတော့မယ်"
"ကျွတ်၊ ဒီလူကြီးမင်းရွှယ်ဆိုတဲ့ လူကတော့ တကယ် အပြောကြီးတာပဲ။ ဒီလိုရူးကြောင်ကြောင် စကားတွေကို ပြောရဲရတယ်လို့"
ဤအလောင်းအစားတွင် ရွှယ်အန်းအပေါ်မဆိုနှင့် ကုန်းမိသားစုအပေါ်၌ပင် လူတိုင်းနီးပါး အယုံအကြည်မရှိကြရာ၊ ကုန်းမိသားစု၏ ကံကြမ္မာသည်လည်း အမှောင်ကျပြီဟု ယူဆနေကြသည်။ မြို့ထဲရှိ အဆောက်အအုံငယ်တစ်ခုအတွင်းရှိ ကျူးကော့ရွှမ်ချင်းသည်လည်း ဤသတင်းကို ကြားလိုက်ရသည်။
သူမသည် ပြတင်းပေါက်အရှေ့တွင် ရပ်တန့်ကာ အပြင်ဘက် ရှုခင်းကို ငေးကြည့်ပြီးနောက် ခဏအကြာတွင် အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။
"မိုက်မဲလိုက်တာ"
သူမ၏ စကားသည် ကုန်းချန်ယွဲ့ကို ရည်ညွှန်းခြင်းသော်လည်းကောင်း ရွှယ်အန်းကို ရည်ညွှန်းခြင်းသော်လည်းကောင်း မည်သူမျှ မသိကြပေ။ သို့မဟုတ် နှစ်ယောက်လုံးကို ဆိုလိုနေခြင်းလည်းဖြစ်နိုင်သည်။ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ကုန်းရွှယ်မန်သည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ ဘဝ၏ အခက်အခဲများကို တစ်ခါမျှ မကြုံဖူးသော ဤမိန်းကလေးငယ်သည် ယနေ့ ဖြစ်ရပ်များအပြီးတွင် နောက်ဆုံး၌ ရင့်ကျက်မှုအချို့ရရှိသွားသည်။ သို့သော် သူမသည် အနည်းငယ်မျှ မပျော်ရွှင်နိုင်ပေ။
မည်သို့ဆိုသော် ကုန်းမိသားစု ဇာတ်သိမ်းသွားပြီဟု သူမ ခံစားနေရသောကြောင့်ဖြစ်သည်။ ဤခံစားချက်သည် သူမ၏ နှလုံးသားကို စိုးရိမ်ပူပန်မှုများဖြင့် ဝါးမြိုနေခဲ့ရာ၊ ရွှယ်အန်းကို အဘယ်ကြောင့် ဤသို့ပြုလုပ်ခဲ့သနည်းဟု မေးမြန်းရန်ပင် စိတ်မပါတော့ပေ။ သူမ အခန်းထဲ ပြန်ဝင်သွားပြီးနောက် ကုန်းချန်ယွဲ့သည်လည်း ရွှယ်အန်းကို တည်ကြည်စွာ ကြည့်လိုက်သည်။
"ခင်ဗျား မေးချင်တာ မရှိဘူးလား" ရွှယ်အန်းက ပြုံးကာ မေးလိုက်သည်။
ကုန်းချန်ယွဲ့က ခေတ္တတုံ့ဆိုင်းပြီးနောက် အဆုံးတွင် သက်ပြင်းရှည်ရှည်ချကာ ပြောလိုက်သည်။
"လူကြီးမင်းရွှယ်၊ ခင်ဗျားက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်ကို ကျွန်တော် ထိုးဖောက် မမြင်နိုင်လို့ပဲ၊ ဒါပေမယ့် ဒီစစ်တုရင်ပြိုင်ပွဲက ပါရမီနဲ့ နတ်အာရုံပေါ် မူတည်တာ။ ကျန်းထျန်ယွေ့က လူငယ်ပါရမီရှင်ဖြစ်တဲ့အပြင် စစ်တုရင်သူတော်စင်ရဲ့ လမ်းညွှန်မှုကိုပါ ရထားတာဆိုတော့..."
သူသည် စကားဆက်ပြောရန်ပင် ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် ဆက်ပြောလေ၊ ပို၍ မျှော်လင့်ချက်မဲ့လာသကဲ့သို့ ခံစားနေရသောကြောင့်ဖြစ်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် ထိုမေးခွန်းကို တိုက်ရိုက် မဖြေဘဲ ခပ်ပေါ့ပေါ့သာ ပြန်မေးလိုက်သည်။
"ခင်ဗျား ဒီပြိုင်ပွဲအပေါ် ယုံကြည်ချက်ဘယ်လောက်ရှိလဲ"
ကုန်းချန်ယွဲ့က ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြလာသည်။
"ကျွန်တော့်လည်း လုံးဝကို ယုံကြည်ချက် မရှိပါဘူး"
ရွှယ်အန်းက ထောက်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုလုပ်ဘဲ သူ၏ ရင်ဘတ်ထဲမှ ကျောက်စိမ်းပြားတစ်ခု ရုတ်တရက် ထုတ်ယူကာ ပစ်ပေးလိုက်သည်။
"ဒါက..."
"အိုး... ဒါက ရှေးခေတ်ကနေ လက်ဆင့်ကမ်းလာတဲ့ စစ်တုရင် လက်စွဲစာအုပ်အချို့ပါ။ တော်တော်လေး ကောင်းတယ်လို့ ကျုပ် ထင်တယ်။ ခင်ဗျား လေ့လာကြည့်သင့်တယ်၊ အနိုင်ရဖို့ အာမမခံနိုင်ပေမယ့် အဆင့်တစ်ခုရဖို့ကတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်"
ကုန်းချန်ယွဲ့သည် ကျောက်စိမ်းပြားကို ကိုင်ထားလျက် ခေတ္တအာရုံစူးစိုက်ကြည့်လိုက်ရာ ချက်ချင်းပင် မှင်သက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအနက် မှတ်တမ်းတင်ထားသော စစ်တုရင်ဗျူဟာများသည် အနှိုင်းမဲ့ ရတနာများဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် ကုန်းမိသားစုတွင် တန်ဖိုးထား သိမ်းဆည်းထားသော စစ်တုရင်စာအုပ်များသည် အမှိုက်များသဖွယ်ဖြစ်နေသည်။
"ဒါ... ဒါက..." ကုန်းချန်ယွဲ့သည် ခေါင်းမော့၍ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ ရွှယ်အန်းက အကျောဆန့်၍ သမ်းဝေလျက် အခန်းထဲသို့ ဝင်သွားကြောင်း မြင်တွေ့လိုက်ရသည်။ ပြီးနောက် သူသည် လမ်းလျှောက်နေစဥ် ပြောလိုက်သည်။
"ညဉ့်နက်နေပြီ။ စောစော သွားအိပ်တာ ပိုကောင်းပါတယ်"
ရွှယ်အန်း ထွက်သွားပြီးနောက် ကုန်းချန်ယွဲ့သည် ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် ခြံဝင်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ ဤလူကြီးမင်းရွှယ်သည် မည်သူဖြစ်သနည်း။