← Chapters

အခန်း (၉၈၈-၉၉၀)

Vol. 66 Ch. 988-990

အခန်း (၉၈၈-၉၉၀)

Vol. 66 Ch. 988-990

အခန်း (၉၈၈) ကစားပွဲစတင်ခြင်း

စစ်တုရင်ပြိုင်ပွဲ တရားဝင်စတင်သည့်နေ့တွင် ထျန်ကျောက်ကြယ်စုနယ်မြေတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေသည်။

အဓိကပြိုင်ပွဲ ကျင်းပရာနေရာဖြစ်သော လကြည့်ကြယ်သည် ထျန်ကျောက်ကြယ်စုနယ်မြေအတွင်း ထျန်ကျောက်ကြယ်ပြီးလျှင် ဒုတိယမြောက် အထင်ကရအဖြစ်ဆုံးကြယ်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ထျန်ကျောက်စစ်တုရင်အကယ်ဒမီသည်လည်း ဤနေရာတွင် တည်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် စစ်တုရင်ကျင့်ကြံသူများစွာ၏ စိတ်နှလုံးထဲတွင် မြတ်နိုးတန်ဖိုးထားရာ နယ်မြေတစ်ခုဖြစ်လာသည်။

ယခုအချိန်တွင် လကြည့်ကြယ်ပေါ်ရှိ စစ်တုရင်အကယ်ဒမီရှေ့တွင် လူပင်လယ်ကြီးသဖွယ်ဖြစ်နေသည်။ ဂြိုဟ်အသီးသီးမှ နတ်အာရုံကျင့်ကြံသူများနှင့် စစ်တုရင်ပညာရှင်များသည် နေရာအပြည့်ရှိနေကြသည်။ လူအများသည် စိတ်အားထက်သန်စွာ တီးတိုးဆွေးနွေးနေကြ၍ ၎င်းတို့၏ စကားဝိုင်းများသည် လက်ရှိပြိုင်ပွဲကိုသာ အဓိကထားနေကြသည်။

"ကျုပ် ကြားတာတော့ အံ့ဖွယ်စစ်တုရင်ဘုရင်လေး ကျန်းထျန်ယွေ့က သီးသန့်ကျင့်ကြံနေတုန်း စစ်တုရင်သူတော်စင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကိုရခဲ့လို့ သူ့စစ်တုရင်ပညာလည်း အကြီးအကျယ် တိုးတက်လာခဲ့တယ်တဲ့။ သူပဲ ဒီပြိုင်ပွဲကို ထပ်လွှမ်းမိုးပြီး ဆုဖလားကို သိမ်းပိုက်လိမ့်မယ်လို့ ထင်ရတာပဲ"

"ကျူကောမိသားစုက ပါရမီရှင်မလေး ကျူကောရွှမ်ချင်းကိုလည်း လျှော့မတွက်နဲ့ဦးနော်"

"အာ... ခင်ဗျားတို့ကုန်းမိသားစုနဲ့ ချိုင်မိသားစုကြားက လောင်းကြေးအကြောင်း ကြားပြီးကြပြီလား" တစ်စုံတစ်ယောက်က ထည့်ပြောလိုက်သည်။

ထိုစကားကြောင့် လူအများ၏မျက်နှာတွင် ထူးဆန်းသောအမူအရာများ ထွက်ပေါ်လာ၍ အချို့က ယုတ်မာစွာပင် ရယ်မောလိုက်ကြသည်။

"အဲဒီလောင်းကြေးအကြောင်း ဘယ်သူက မသိဘဲ နေမှာလဲ။ ဟားဟား၊ ကျုပ် ပြောရမယ်ဆိုရင်တော့ အဲဒီလူကြီးမင်းရွှယ်ဆိုတဲ့လူက လူလိမ်ပဲဖြစ်ရမယ်။ စောင့်ကြည့်ကြတာပေါ့"

"ဒါပေမယ့် အဲဒီလိုမျိုးကြီးတော့လည်း မဟုတ်လောက်ပါဘူး။ သူ ဒီလိုစကားမျိုး ပြောရဲတယ်ဆိုရင် တကယ့်အရည်အချင်းတစ်ခုခုတော့ ရှိလောက်မှာပါ"

"အရည်အချင်းရှိတယ်ပဲ ထားပါဦး၊ သူက သခင်လေးကျန်းကို အနိုင်ယူနိုင်ပါ့မလား။ သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ၊ ကျူကောပန့်ဇန်လား"

၎င်းတို့ ဆွေးနွေးနေကြစဉ် အဝေးမှ ရုန်းရင်းဆန်ခတ်အသံများ ထွက်ပေါ်လာခဲ့ရာ၊ ချိုင်ရုံရှင်းသည် ချိုင်မိသားစု​၏ အဆင့်မြင့်အဖွဲ့ဝင်များစွာကို ဦးဆောင်ကာ ရောက်ရှိလာသည်။ ထိုအချိန်တွင် ချိုင်ရုံရှင်း၏ မျက်နှာသည် ကျေနပ်ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေ၍ မည်သူ့ကိုမျှ ဂရုမစိုက်သကဲ့သို့ လျှောက်လှမ်းလာသည်။

၎င်းတို့အားလုံးသည် နဝမအဆင့် စစ်တုရင်ပညာရှင်များဖြစ်ကြသဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေရန် မလိုအပ်ဘဲ၊ ထိပ်တန်းစစ်တုရင်ပညာရှင်များအတွက် သီးသန့်ထားရှိသော စင်မြင့်ထက်သို့ တက်သွားကြသည်။ သို့သော် ၎င်းတို့ နေရာမယူရသေးမီ တီယွမ်လုံသည် ထျန်ကျောက်ကြယ်စုနယ်မြေ​၏ စစ်တုရင်ပညာရှင်များနှင့်အတူ ရောက်ရှိလာသည်။ ၎င်းတို့ကို မြင်သည်နှင့် ချိုင်မိသားစုဝင်များသည် မျက်နှာချိုသွေးကာ အပြေးအလွှား သွားရောက်ကြိုဆိုနေကြသည်။ ၎င်းတို့၏ ဖော်လံဖားမှုကို ကြည့်နေသူများပင် ပျို့အန်ချင်စိတ် ပေါက်လာကြသည်။ ပြီးနောက် စစ်တုရင်ပညာ၌ မျိုးရိုးကြီးမိသားစုများ​၏ လူများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြရာ၊ ပွဲခင်းကြီး ပို၍ပင် စည်ကားလာသည်။ သို့သော် ထျန်ကျောက်ကြယ်စုနယ်မြေမှ စစ်တုရင်ပညာရှင်များအားလုံး မောက်မာသော အမူအရာများရှိနေကြရာ၊ အပြင်ပကြယ်စုနယ်မြေများ​၏ စစ်တုရင်ပညာရှင်များကို သိသိသာသာ ခွဲခြားဆက်ဆံနေကြောင်း သိသာထင်ရှားသည်။

ထိုအချိန်တွင် လူအုပ်ကြီး အကြီးအကျယ် လှုပ်ခတ်သွားပြန်သည်။ အနက်ရောင်ဂါဝန် ဝတ်ဆင်ကာ စစ်တုရင်အိတ်ကို သိုင်းလွယ်ထားသော ကျူကောရွှမ်ချင်းသည် လူအုပ်ကြားမှ အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာသည်။ သူမ ရောက်ရှိလာခြင်းကြောင့် မျက်နှာငယ်နေရသော ပြင်ပစစ်တုရင်ပညာရှင်များ စိတ်သက်သာရာရသွားကြ၍ သူမကို နှုတ်ဆက်ရန် အလျင်အမြန် အရှေ့သို့တိုးလာကြသည်။ ကျူကောရွှမ်ချင်းသည် မပြုံးမရယ်ဘဲ ခေါင်းညိတ်ပြကာ နှုတ်ဆက်ပြီးနောက် စင်မြင့်ထက်တွင် တစ်ယောက်တည်း နေရာယူလိုက်သည်။

အထင်အမြင်လွဲမှားခြင်းဖြစ်နိုင်သော်လည်း သူမ ရောက်ရှိလာချိန်တွင် ထျန်ကျောက်စစ်တုရင်ပညာရှင်များ၏ စကားသံများပင် တိုးလျော့သွားကြ၍ လူအများသည် ကျူကောရွှမ်ချင်းကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ကျူကောရွှမ်ချင်း ပြောခဲ့သည့်စကားများအတိုင်း စစ်တုရင်လောကတွင် အရည်အချင်းသည်သာ အရာရာဖြစ်သည်။ အကယ်၍ လူတစ်ယောက်သာ အရည်အချင်းရှိ ကစားသမားဖြစ်လျှင် လူအများသည် ၎င်းကို အလိုအလျောက် ကြောက်ရွံ့ရိုသေကြမည်ဖြစ်သည်၊ ဤသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။

သို့သော် မကြာမီတွင် ထျန်ကျောက်စစ်တုရင်ပညာရှင်များ၏ မောက်မာမှုများ ပြန်လည်ထွက်ပေါ်လာသည်။ အကြောင်းမှာ ကျန်းထျန်ယွေ့ ရောက်ရှိလာသောကြောင့်ဖြစ်သည်။ ထျန်ကျောက်ကြယ်စုနယ်မြေတွင် ရာစုနှစ်တစ်ခုအတွင်း တစ်ဦးတည်းသော ပါရမီရှင်ဟု ကြွေးကြော်ခြင်းခံထားရသော ဤစစ်တုရင်ဘုရင်သည် သာမန်လူများထက် ပို၍ထင်ပေါ်စွာ ရောက်ရှိလာသည်။

ကျန်းထျန်ယွေ့ကိုမြင်သည်နှင့် တီယွမ်လုံအပါအဝင် ထျန်ကျောက်ကြယ်စုနယ်မြေမှ စစ်တုရင်ပညာများအားလုံးနှင့် ချိုင်မိသားစုကဲ့သို့ ထျန်ကျောက်ဘက်မှ အစစ်အမှန် ရပ်တည်နေသော မိသားစုများအားလုံး တစ်ဦးပြီးတစ်ဦး မတ်တပ်ရပ်လိုက်ကြသည်။

"သခင်လေးကျန်း"

"စစ်တုရင်ဘုရင်ကို နှုတ်ဆက်ပါတယ်"

နှုတ်ဆက်သံများ လှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာခဲ့ရာ၊ ကျန်းထျန်ယွေ့သည် အလွန်တရာ ကျေနပ်နေသည်။ သို့သော် သူ​၏ အာရုံသည် စင်မြင့်ထက်တွင် ထိုင်နေသော ကျူးကော့ရွှမ်ချင်းထံ ချက်ချင်း ရောက်ရှိသွားသည်။ ထိုမိန်းကလေး၏ အေးစက်သော အလှတရားသည် သူ၏မျက်လုံးထဲတွင် လောဘရိပ်များ လျှပ်ခနဲ ပေါ်ထွက်လာစေ၍ ခဏအကြာတွင် နွေးထွေးဟန်ဆောင်ကာ သူမဆီ လျှောက်သွားလိုက်သည်။

"သခင်မလေးကျူကော၊ နောက်ဆုံးပြိုင်ပွဲပြီးကတည်း မတွေ့ရတာ အခုဆို သုံးနှစ်တောင်ရှိသွားပြီပဲ။ မင်း အရင်ကထက်တောင် ပိုပြီးတင့်တယ်လာမယ်လို့ ကျုပ် မထင်ထားဘူး"

ကျူးကော့ရွှမ်ချင်းက သူ့ကို အေးစက်စွာ လှည့်ကြည့်ပြီးနောက် ခပ်အေးအေး ပြောလိုက်သည်။

"ရှင်လည်း မဆိုးပါဘူး"

ဤစိတ်မပါသော တုံ့ပြန်မှုသည် ကျန်းထျန်ယွေ့ကို အနည်းငယ် အရှက်ရစေသည်။ သို့သော် သူသည် ဇွဲမလျှော့ဘဲ ပြုံးလျက် ဆက်ပြောလိုက်သည်။

"တကယ်တော့ သခင်မလေးကျူကောရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလောက်စောစောလာဖို့ မလိုပါဘူး။ ပဏာမအဆင့်တွေပြီးရင် ဗိုလ်လုပွဲကို တန်းတက်လို့ရတာပဲကို"

အမှန်တကယ်ပင်၊ စစ်တုရင်ပြိုင်ပွဲ၌ ထိုသို့သော စည်းမျဉ်းမျိုးရှိသည်။ စစ်တုရင်ပညာရှင်အဖြစ် အသိအမှတ်ပြုခံထားရသူများသည် ပဏာမအဆင့်များကို ကျော်ကာ ဗိုလ်လုပွဲသို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိကြသည်။

သို့သော် ကျူးကော့ရွှမ်ချင်းက ခေါင်းခါလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မကတော့ ပဏာမအဆင့်ကနေ တစ်ဆင့်ချင်း အဆင့်တတ်သွားတာကိုပဲ ပိုသဘောကျတယ်"

ကျန်းထျန်ယွေ့၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီးနောက် မျက်လုံးအိမ်အတွင်း၌ ဒေါသရိပ်များ လျှပ်ခနဲ ပေါ်ပေါက်လာသည်။ ကျူကောရွှမ်ချင်း၏ စကားထဲမှ သွယ်ဝိုက်သော လှောင်ပြောင်မှုကို သူ မသိဘဲမနေပေ။ အမှန်တကယ်တွင်၊ နောက်ဆုံးစစ်တုရင်ပြိုင်ပွဲတွင် ကျန်းထျန်ယွေ့သည် သူ၏ကျော်ကြားမှုကြောင့် ပဏာမအဆင့်များကို မကစားခဲ့ဘဲ ဗိုလ်လုပွဲသို့ တိုက်ရိုက် ထည့်သွင်းခြင်းခံခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ၊ ကျူကောရွှမ်ချင်းသည် တစ်ဆင့်ချင်း တိုက်ပွဲဝင်သော်လည်း ခွန်အားများ စုဆောင်းကာ အပြည့်အဝ ပြင်ဆင်ထားသည့် ကျန်းထျန်ယွေ့နှင့် ရင်ဆိုင်ခဲ့ရသည်။

စစ်တုရင်ပြိုင်ပွဲများသည် ရုပ်ပိုင်းဆိုင်ရာနှင့် နတ်အာရုံကိုပင် အလွန်ပင်ပန်းစေခြင်းကို လူတိုင်းသိကြသည်။ ထိုစဉ်က ကျူကောရွှမ်ချင်းသည် စစ်တုရင် ၁၇ ပွဲ ကစားခဲ့ရသဖြင့် ခွန်အားနှင့် နတ်အာရုံနှစ်ခုလုံးတွင် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများပြသခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် အသာစီးရနေသော ကျန်းထျန်ယွေ့သည် ကျူကောရွှမ်ချင်းကို သုံးကွက်အကွာဖြင့် ကပ်၍အနိုင်ယူသွားခဲ့သည်။ အကယ်၍ ကျူကောရွှမ်ချင်းသာ ပုံမှန်အခြေအနေတွင်ရှိနေခဲ့ပါက၊ ရလဒ်သည် မရေမရာဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကျူကောရွှမ်ချင်း၏ စကားကို ကြားလိုက်ရသောအခါ ကျန်းထျန်ယွေ့သည် အလိုအလျောက် အနေရခက်သွားသည်။

သို့သော် ထိုမိန်းကလေးအပေါ် ထားရှိသော သူ​၏လိုချင်တပ်မက်မှုကြောင့် အောင့်အည်းသည်းခံကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ကျုပ်လည်း ပဏာမအဆင့်ကနေစပြီး တစ်ဆင့်ချင်း တက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

ကျူကောရွှမ်ချင်းက မည်သည့်စကားမျှ ပြန်မပြောဘဲ သူမ၏မျက်ခုံးများကို အနည်းငယ်တွန့်လျက် စိတ်မရှည်သော အမူအရာမျိုး ပြသလိုက်သည်။ ကျန်းထျန်ယွေ့သည် စိတ်ထဲတွင် မကျေနပ်သော်လည်း အေးစက်နေသော မျက်လုံးများဖြင့် နှုတ်ဆက်ပြီးနောက် သူ့နေရာသို့ ပြန်သွားလေသည်။ သူ တန်ဖိုးထားနေရခြင်းသည် ကျူကောရွှမ်ချင်း၏ အလှအပသက်သက်သာ မဟုတ်ပေ။ အမှန်တကယ်တွင် သူ၏ အဆင့်အတန်းနှင့် ရာထူးအရ ထျန်ကျောက်ကြယ်စုနယ်မြေတွင် လက်ယပ်ခေါ်လိုက်ရုံဖြင့် လှပသော မိန်းကလေးပေါင်းများစွာ သူ့ဆီ အပြေးအလွှား ရောက်လာကြမည်ဖြစ်သည်။

သူ အမှန်တကယ် တန်ဖိုးထားသည့်အရာသည် ကျူကောရွှမ်ချင်း၏ ပါရမီနှင့် အဆင့်အတန်းဖြစ်သည်။ စစ်တုရင်လောကတွင် အမြဲတမ်း ပျံ့နှံ့နေသော စကားတစ်ခုရှိသည်။ ဤသည်မှာ ပါရမီရှင် စစ်တုရင်ပညာရှင်နှစ်ဦး ပေါင်းဖက်ခြင်းသည် ပို၍ပင် အံ့ဩစရာကောင်းသော ပါရမီရှင်ရင်သွေးများ မွေးဖွားပေးနိုင်ခြေ အလွန်များပြားသည်ဟူ၍ စကားဖြစ်သည်။ ၎င်းသည် ကျူကောရွှမ်ချင်းကို ကျန်းထျန်ယွေ့ အသည်းအသန် လိုချင်နေရသည့် တကယ့်အကြောင်းရင်းဖြစ်သည်။

"ဟက်... အရမ်းလည်း ဝင့်ကြွားမနေနဲ့ဦး။ ဒီပြိုင်ပွဲပြီးတဲ့အထိ စောင့်ကြည့်နေလိုက်။ မင်း ဘာမှပြန်မပြောနိုင်အောင် အပြတ်အသတ် ချေမှုန်းပစ်မယ်၊ အဲဒီအချိန်ကျရင် မင်း ကျုပ်ရှေ့ အလိုအလျောက် ဒူးထောက်လာစေရမယ်" ကျန်းထျန်ယွေ့သည် စိတ်ထဲတွင် ခါးသီးစွာ တွေးနေသည်။

ထိုအချိန်တွင် ကုန်းမိသားစုမောင်နှမနှစ်ဦး အတူတူ ရောက်ရှိလာကြသည်။ ၎င်းတို့ ရောက်ရှိလာသည်နှင့် လူအုပ်ကြားတွင် အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ လူများသည် လက်ညှိုးထိုးလျက် အချင်းချင်း တီးတိုးပြောနေကြသည်။ ၎င်းတို့သည် ကုန်းမိသားစုဝင်များအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်ပေသည်။ သို့သော် ဆူညံသံများ မငြိမ်သက်သေးမီ စင်မြင့်အနီးတွင် ရွှယ်အန်း ပေါ်လာသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ပျံ့နှံ့ခဲ့သော ကောလာဟလများကြောင့် ရွှယ်အန်းသည်လည်း သူ့နည်းသူ့ဟန်ဖြင့် နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။ လူအများသည် သူ့ကိုမြင်သည်နှင့် ထူးဆန်းသော အပြုံးများ ပြသလာကြသည်။ ရွှယ်အန်းသည် ၎င်းတို့ကို ဂရုမစိုက်ဘဲ ကုန်းမောင်နှမနှင့်အတူ စင်မြင့်ထက်သို့ တက်ရန်ပြင်လိုက်သည်။

သို့သော် ထိုစဉ် အစောင့်တစ်ဦးက ၎င်းတို့​၏လမ်းကို ပိတ်ဆို့လိုက်သည်။

"စိတ်မရှိပါနဲ့၊ ဒီစင်မြင့်က နဝမအဆင့်စစ်တုရင်ပညာရှင်တွေအတွက် သီးသန့်ပါ၊ အဆင့်သတ်မှတ်ချက်မရှိတဲ့သူတွေက ဟိုဘက်မှာ သွားရပ်ရမှာပါ"

အခန်း (၉၈၉) ဒီမှာခဏစောင့်နေ၊ ကျုပ် နဝမအဆင့် စာမေးပွဲ သွားဖြေပြီး ပြန်လာခဲ့မယ်

ထိုစကားများကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။ ရွှယ်အန်းက ခေါင်းမော့ကြည့်လိုက်ရာ၊ စင်မြင့်ပေါ်တွင် သူ့ကို မောက်မာသော အမူအရာဖြင့် ကြည့်နေသည့် သီယွမ်လုံကို မြင်လိုက်ရသည်။ ဤသည်မှာ သီယွမ်လုံ​၏ လက်ချက်ဖြစ်ရမည်ဟု ရွှယ်အန်း နားလည်သွားသောကြောင့် မရယ်ဘဲ မနေနိုင်ဖြစ်နေမိသည်။

ဤကလေးကလား နည်းလမ်းများနှင့် ခြိမ်းခြောက်နိုင်မည်ဟု ထင်မှတ်နေခြင်းကို ကြည့်ခြင်းအားဖြင့် သီယွမ်လုံသည် အမှန်တကယ် စိတ်သဘောထား သေးသိမ်လွန်းကြောင်း သိသာထင်ရှားသည်။ သို့သော် သီယွမ်လုံသည် ရွှယ်အန်း ရယ်မောနေသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ အမှန်တကယ်ပင်၊ ထျန်ကျောက်ကြယ်စုနယ်မြေတွင် ပညာရှင်အစစ်အမှန်က မည်သူဖြစ်သည်ကို ပြသ၍ ရွှယ်အန်းကို နှိပ်ကွပ်ရန်အတွက် ဤစောင့်ကြပ်သူကို သူကိုယ်တိုင် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည် စိတ်ပျက်အားငယ်သည့် အရိပ်အမြွက်မျိုး မပြသဘဲ ပြုံးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

'ဘာတွေဖြစ်နေတာလဲ' သီယွမ်လုံ၏ ရင်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားသည်။

ပြီးနောက် ရွှယ်အန်းသည် ကုန်းချန်ယွဲ့ကို လှည့်ပြောလိုက်သည်။

"ကြည့်ရတာ ကျုပ်အခု မသွားလို့မရတော့ဘူး ထင်တယ်"

ကုန်းချန်ယွဲ့၏ မျက်နှာတွင် နေရခက်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။

"လူကြီးမင်းရွှယ်..."

ရွှယ်အန်းက လက်ကာပြပြီးနောက် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက် ဒီကနေ ခဏစောင့်နေပါ"

"ရှင် ဘာလုပ်မလို့လဲ" ကုန်းရွှယ်မန်က သံသယဖြင့် မေးမြန်းလိုက်သည်။

ယခုအခါ ကုန်းရွှယ်မန်၏ ရွှယ်အန်းအပေါ် ထားရှိသည့် သဘောထားများ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ရွှယ်အန်းသည် ကျန်ထျန်ယွေ့နှင့် ကျူကောရွှမ်ချင်းတို့ကဲ့သို့သော ပါရမီရှင်များကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မယုံကြည်သေးသော်လည်း အစ်ကိုဖြစ်သူကို ပေးအပ်ခဲ့သည့် ကျောက်စိမ်းပြားကြောင့် ရွှယ်အန်းအပေါ် ထားရှိသော အထင်အမြင်များ အလွန်ကောင်းမွန်လာသည်။

"ထုံးစံအတိုင်း၊ နဝမအဆင့် စာမေးပွဲ... သွားဖြေမလို့လေ" ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

'ဘာ'

ကုန်းရွှယ်မန်သာမကဘဲ ပတ်ဝန်းကျင်တွင် စိတ်ဝင်တစား ကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း ဆွံ့အသွားကြသည်။ စင်မြင့်ပေါ်တွင် နဝမအဆင့် စစ်တုရင်ပညာရှင်အများအပြားရှိနေသကဲ့သို့ ထင်မှတ်ရသော်လည်း ၎င်းတို့သည် ကြယ်စုနယ်မြေများစွာမှ ရွေးချယ်ထားသည့် ထိပ်သီးပုဂ္ဂိုလ်များဖြစ်ခြင်းကို မမေ့သင့်ပေ။မှန်ကန်စွာပြောရမည်ဆိုလျှင် နဝမအဆင့်စစ်တုရင်ပညာရှင်တစ်ယောက်ဟူသည် ကြယ်စုနယ်မြေအများအပြားတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးဖြစ်သည်။

လူအများအပြားသည် တစ်သက်လုံး ကြိုးစားလျှင်ပင် နဝမအဆင့်သို့ မရောက်ရှိနိုင်ကြပေ။ သို့သော် ရွှယ်အန်း​၏စကားများအရ ဈေးထဲတွင် ဟင်းသီးဟင်းရွက် သွားဝယ်မည့်နှယ် အလွန်သာမန်ကျသော ကိစ္စတစ်ခုကဲ့သို့ဖြစ်နေသည်။ ချက်ချင်းဆိုသလိုပင် ရွှယ်အန်း၏ စကားများသည် ပွဲတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ လူအများအပြားသည် ရွှယ်အန်းကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြသည်။

စင်မြင့်ပေါ်ရှိ ကျန်းထျန်ယွေ့သည်လည်း စင်အောက်ရှိ ရွှယ်အန်းကို အေးစက်သော အပြုံးဖြင့် စိုက်ကြည့်နေသည်။

"ယွမ်လုံ"

"ဟုတ်ကဲ့ သခင်လေး" သီယွမ်လုံသည် အနားသို့ တိုးကပ်သွားသည်။

"ဒီလိုအသိဉာဏ်မဲ့တဲ့ လူမိုက်ကို ပြီးပြည့်စုံသွားအောင် လူတစ်ယောက် လွှတ်လိုက်စမ်း" ကျန်းထျန်ယွေ့က ခပ်အေးအေး ပြောလိုက်သည်။

"နားလည်ပါပြီ" သီယွမ်လုံသည် ကောက်ကျစ်သော အပြုံးဖြင့် အလျင်အမြန် ထွက်ခွာသွားသည်။

ထိုစဉ် ကျူကောရွှမ်ချင်းသည် ရွှယ်အန်း၏ ကျောပြင်ကို အေးစက်စက် စိုက်ကြည့်ပြီးနောက် သူမ၏ မျက်လုံးများတွင် သံသယများ ရုတ်တရက် လင်းလက်လာသည်။ သူမသည် ရွှယ်အန်းနှင့် ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း မည်သည့်နေရာတွင် ကြားသိဖူးသည်ကို အတိအကျ မမှတ်မိနိုင်ပေ။ ထိုစဉ် စစ်တုရင်ပညာရှင်တစ်ဦးသည် ကျူကောရွှမ်ချင်းအနားသို့ ချဉ်းကပ်လာသည်။

"သခင်မလေးကျူကော၊ သီယွမ်လုံ ထွက်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်။ သူ တစ်ခုခု မကောင်းကြံဖို့ဖြစ်နိုင်တယ်။ ကျွန်တော်တို့ တစ်ခုခု..."

ကျူကောရွှမ်ချင်းက ခေါင်းခါလိုက်သည်။

"မလိုပါဘူး။ ကျွန်မတောင်မှ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း နဝမအဆင့်ကို မရောက်နိုင်ဘူး"

ကျူကောရွှမ်ချင်း၏ ဆိုလိုရင်းသည် ရှင်းလင်းလှသည်။ သူမကိုယ်တိုင်ပင် မပြုလုပ်နိုင်လျှင် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည့် လူကြီးမင်းရွှယ်ဆိုသူသည် ပို၍ပင် မဖြစ်နိုင်ပေ။ နဝမအဆင့်သို့ မအောင်မြင်နိုင်သရွေ့ ကျန်းထျန်ယွေ့သည် မည်သည့်အစီအစဉ် ပရိယာယ်များ အသုံးပြုပါစေ၊ ရလဒ်သည် တူညီနေပေလိမ့်မည်။

"ဟုတ်ကဲ့ပါ" ထိုစစ်တုရင်ပညာရှင်သည်လည်း ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကာ နောက်ဆုတ်သွားလေသည်။

ပြိုင်ပွဲ တရားဝင် မစတင်သေးသဖြင့် စပ်စုချင်သူအများအပြားသည် ရွှယ်အန်းနှင့်အတူ စစ်တုရင်အဖွဲ့အစည်း၏ အရည်အချင်းစစ်ဆေးရာနေရာသို့ လိုက်ပါသွားကြသည်။ ဤနေရာသည် စစ်တုရင်ပညာရှင်များ၏ အဆင့်များကို သတ်မှတ်ပေးသည့်နေရာဖြစ်သည်။ ရွှယ်အန်းသည် လက်ရှိ၌ မည်သည့်အဆင့်မျှ မရှိသေးသဖြင့် ပထမအဆင့်မှ စတင်ရမည်ဖြစ်သည်။ သူသည် ပထမအဆင့် စစ်ဆေးသည့်နေရာသို့ ရောက်သည့်အခါ အုပ်စုငယ်တစ်ခု စုဝေးနေပြီဖြစ်သည်။

သို့သော် ၎င်းတို့သည် အများအားဖြင့် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်များသာ ဖြစ်ကြ၍ အကြီးဆုံးသည် ဆယ်နှစ်ဝန်းကျင်သာရှိသည်။ နှိုင်းယှဉ်ကြည့်လျှင် ရွှယ်အန်းသည် သိသိသာသာ ထင်ပေါ်နေသည်။ သူ့အနောက်သို့ လိုက်ပါလာသည့် စစ်တုရင်ပညာရှင်အများအပြားသည် ကလေးများကြားတွင် ရပ်နေသည့် ရွှယ်အန်းကိုကြည့်ကာ ရယ်မောနေကြသည်။ ရွှယ်အန်းကမူ မည်သည့် စိတ်အနှောင့်အယှက်ဖြစ်သည့် အပြုအမူမျှ မပြသဘဲ ပြုံးလျက်သာ ရပ်နေသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးလည်း ပထမအဆင့်ဖြေဖို့ လာတာလား" အသက် ခုနစ်နှစ်၊ ရှစ်နှစ်ထက် မပိုသော မိန်းကလေးငယ်တစ်ဦးက မော့ကြည့်ကာ မေးလာသည်။

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်"

"အစ်ကိုကြီး၊ ဒီအဆင့်က တကယ် ခက်တာနော်၊ ညီမလေးဆို နှစ်ခါဖြေမှ အောင်တာ။ ခဏနေရင် အစွမ်းကုန် ကြိုးစားရမယ်နော်" ထိုမိန်းကလေးငယ်က စေတနာဖြင့် သတိပေးလိုက်သည်။

သူမ၏စကားများသည် ပထမအဆင့်ကို တာဝန်ယူ စစ်ဆေးနေသော ပညာရှင်များကို ရယ်မောစေသည်။

"ကဲပါ ညီမလေးရယ်၊ ဒီလူက ဒီအသက်အရွယ်အထိ ပထမအဆင့်တောင် မအောင်သေးတာကို ကြည့်ရရင် ပါရမီသိပ်ရှိပုံမရဘူး။ ညီမလေးက နှစ်ခါနဲ့ အောင်ပေမယ့် သူကတော့ အောင်ချင်မှ အောင်မှာ"

သို့သော် ရွှယ်အန်းသည် စစ်ဆေးသူ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ကလေးမလေးကို အပြုံးဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး အစွမ်းကုန် ကြိုးစားမှာပါ"

စစ်ဆေးမှု စတင်လေသည်၊ ပထမအဆင့်ဖြစ်သဖြင့် ပါဝင်သည့်အကြောင်းအရာသည် အလွန်ရိုးရှင်းသည်။ သတ်မှတ်ထားသော အချိန်အတွင်း သုံးပွဲအနိုင်ရရှိသည်အထိ ကစားရုံသာဖြစ်သည်။ အသုံးပြုသည့် စစ်တုရင်ခုံသည် ခုနစ်လွှာသာမြင့်ပေသည်။ ထိုအဆင့်ကို စစ်ဆေးရန်အတွက် အထူးဖန်တီးထားသည့် ရွှယ်အန်း၏ ပြိုင်ဘက်များသည် မှော်ဝင်တစ္ဆေများသာဖြစ်သည်။

၎င်းတို့ကို တစ္ဆေဟု ခေါ်လျှင် လုံးလုံးလျားလျား မမှန်ကန်ပေ။ အကြောင်းမှာ ဤဖြစ်တည်မှုများသည် အစွမ်းထက် နတ်အာရုံရှိသည့် ကျွမ်းကျင်သူများက လျှို့ဝှက်နည်းစနစ်များဖြင့် ပေါင်းစည်းထားသည့် ရိုးရှင်းသော နတ်အာရုံများသည့်အတွက်ဖြစ်သည်။ ဤသို့သော နတ်အာရုံမျိုးသည် ကိုယ်ပိုင်အသိစိတ်မရှိဘဲ ပေးအပ်ထားသည့် အလုပ်ကိုသာ လုပ်ဆောင်ကြသည်။ ရိုးရှင်းစွာပြောရလျှင် ကွန်ပျူတာ ပရိုဂရမ်များကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် တောင့်တင်း၍ စက်ရုပ်ဆန်သော်လည်း စစ်တုရင် လမ်းညွှန်စာအုပ်များစွာကို ထည့်သွင်းထားသဖြင့် သာမန်လူများ အနိုင်ယူရန် ခဲယဉ်းဆဲဖြစ်သည်။ ပထမအဆင့်အတွက် ဖြစ်တည်မှုများတွင် အလွန် အခြေခံကျသော စစ်တုရင်ဗျူဟာ အနည်းငယ်ကိုသာ ထည့်သွင်းထားကြသည်။ ရွှယ်အန်းသည် စစ်တုရင်ခုံများကို တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် ခေါင်းခါကာ ပြုံးလိုက်သည်။

"ဘာလဲ ကြောက်သွားပြီလား၊ မဖြေနိုင်ရင်လည်း အခုပဲ ဆင်းသွားလိုက်တော့" အနောက်မှ တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။

ရွှယ်အန်းက လူအုပ်ကို တစ်ချက် လှည့်ကြည့်လိုက်သောအခါ မကောင်းသော ရည်ရွယ်ချက်ရှိသူများသည် ထပ်ပြောမည့်စကားများကိုပင် ပြန်မျိုချလိုက်ရသည်။ အကြောင်းမှာ ရွှယ်အန်း၏ တည်ငြိမ်သော မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များ ပါဝင်နေသောကြောင့်ဖြစ်သည်။

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"ဒီပွဲတွေကို တစ်ပွဲချင်းစီ ကစားရတာ အရမ်းနှေးတယ်။ အကုန်လုံးကို တစ်ပြိုင်တည်း ကစားရအောင်"

'ဘာ' စစ်ဆေးသူသည် နားကြားမှားခဲ့သည်ဟုပင် ထင်မှတ်လိုက်သည်။

"ပထမအဆင့် သုံးပွဲရှိတယ် မဟုတ်လား၊ အားလုံးကို တစ်ပြိုင်တည်း ခင်းကျင်းလိုက်၊ ကျုပ်မှာ အချိန် သိပ်မရှိဘူး" ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။

လူအများအပြားသည် အံ့အားသင့်သော အမူအရာများ ဆင်မြန်းထားကြသည်။ အဆင့်စစ်ဆေးစဉ်အတွင်း သန်မာသော ပြိုင်ဘက်များသည် ယခင်က ဤသို့လုပ်ခဲ့ဖူးသော်လည်း၊ ထိုအပြုအမူသည် ခက်ခဲမှုကို အဆမတန် မြင့်တက်သွားစေနိုင်သည်။

'ဒီလူက တကယ်ပဲ အရည်အချင်းရှိတာလား'

"ကောင်းပြီ ခင်ဗျားက ဒီလိုပြောနေမှတော့ စလိုက်ကြတာပေါ့" စစ်ဆေးသူက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ ထိုစကားနှင့်အတူ စစ်တုရင်ခုံ သုံးခုကို အတန်းလိုက် ခင်းကျင်းလိုက်ရာ၊ တရားဝင် ပွဲစဉ်များ စတင်လေသည်။

ဤသုံးပွဲထဲတွင် အချို့သည် ဦးစွာလှုပ်ရှားနေ၍ အချို့သည် နောက်ကျစွာ လှုပ်ရှားနေကြသည်။ ခုနစ်ထပ် စစ်တုရင်ခုံများသာ ဖြစ်သော်လည်း ၎င်းတို့၏ ရှုပ်ထွေးမှုသည် ကြည့်နေသူကို မျက်စိလည်သွားစေပေလိမ့်မည်။ သို့သော် ရွှယ်အန်းသည် စစ်တုရင်ကစားနေသည့် တည်ကြည်လေးနက်မှုမျိုး မပြသဘဲ ထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်ကာ နတ်အာရုံဖြင့် ပွဲစဉ်သုံးခုလုံးကို ထိန်းချုပ်လိုက်သည်။ အစပိုင်းတွင် သိပ်မမြန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရွှယ်အန်းသည် စစ်တုရင်အပိုင်းအစများကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ရွေ့လျားနေခဲ့ရာ ပွဲစဉ်သုံးခုလုံးကို လိုက်ကြည့်ရန်ပင် ခက်ခဲလာသည်။

ထိုသို့သော အရှိန်ကြောင့် ကြည့်ရှုသူအချို့​၏ အမူအရာများ လေးနက်လာသည်။ ဤမျှ မြန်ဆန်သောအရှိန်ဖြင့် ကစားနိုင်ခြင်းအရ၊ ရွှယ်အန်း၏ စစ်တုရင်အနုပညာသည် အလွန်ထူးခြားနေကြောင်း သိသာထင်ရှားသည်။ သို့သော် ပွဲစဉ်များ အထွတ်အထိပ်သို့ ရောက်ခါနီးတွင် မှော်ဝင်တစ္ဆေ သုံးခုစလုံး တစ်ပြိုင်နက် တုန်ခါသွားပြီးနောက် အပြာရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ပရိသတ်များ ဆွံ့အသွားလေသည်။

'ဘာတွေဖြစ်နေတာလဲ'

"ဒီလောက် အရှိန်လေးကိုတောင် မခံနိုင်ဘဲ ပျက်သွားရအောင် ဒီမှော်ဝင်တစ္ဆေတွေက အဲ့လောက်တောင် အားနည်းကြတာလား" ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

စစ်ဆေးသူသည် အနီးကပ် ကြည့်ရှုရန် အပြေးအလွှား ရောက်ရှိလာသည်။ မှန်သည်၊ ထိုမှော်ဝင်တစ္ဆေ သုံးခုသည် အရှိန်ပြင်းထန်လွန်းသဖြင့် ၎င်းတို့၏ နတ်ဘုရားအာရုံ အမြုတေများ လောင်ကျွမ်းသွားခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ ၎င်းတို့သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။ ကြည့်နေသူများအားလုံး တုန်လှုပ်သွားကြသည်။ စစ်တုရင်ကစားခြင်းဖြင့် မှော်ဝင်တစ္ဆေများကို ပျက်စီးသွားစေသည်အထိ ပြုလုပ်နိုင်သူမျိုးကို မည်သူမျှ မကြားဖူးခဲ့ပေ။

'ဒါဟာ နိုင်တာလား၊ ရှုံးတာလား' လူအားလုံး၏ အကြည့် စစ်ဆေးသူထံသို့ ရောက်ရှိသွားသည်။

စစ်ဆေးသူ၏ မျက်နှာ စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေပြီးနောက် သူသည် အဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။

"သုံးပွဲလုံး... အကုန် အနိုင်ရရှိပါတယ်၊ ပထမအဆင့်အဖြစ် အသိအမှတ်ပြုလိုက်ပါပြီ"

အခန်း (၉၉၀) အဆုံးထိ လွှမ်းမိုးထားခြင်း

"အစ်ကိုကြီးက တကယ်တော်တာပဲ" မိန်းကလေးငယ်သည် ဦးစွာအားပေးလိုက်သည်။

သို့သော်လည်း ထိုနေရာရှိ လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်။ အချို့က နှာခေါင်းရှုံ့၍ သရော်တိုက်လိုက်သည်​။

"ပထမအဆင့် စာမေးပွဲပဲဟာကို၊ ကျုပ်ဆို မျက်စိမှိတ်ပြီး ဖြေရင်တောင် အောင်တယ်။ ဘာဂုဏ်ယူစရာရှိလို့လဲ"

"ဟုတ်တယ်၊ ဒါက အစပဲရှိသေးတာ"

ရွှယ်အန်းသည် ထိုလူများကို လျစ်လျူရှုကာ ဒုတိယအဆင့်စစ်ဆေးသည့် နေရာသို့ လျှောက်သွားလေသည်။ မျှော်လင့်ထားသည့်အတိုင်း ဒုတိယအဆင့်စစ်ဆေးမှုသည်လည်း အလွန်ရိုးရှင်းလှရာ၊ ရွှယ်အန်းသည် တစ်နာရီ၏ လေးပုံတစ်ပုံအတွင်း အောင်မြင်သွားသည်။ ပြီးနောက် တတိယအဆင့်သို့ ရောက်ရှိလာသည်။ တတိယအဆင့်စစ်ဆေးမှု အောင်မြင်ပြီးနောက် လူအုပ်ကြီးထဲရှိ လူအများအပြား စိတ်မသက်မသာဖြစ်လာကြသည်။ လူတစ်ဦးသည် ပုံမှန်အားဖြင့် အဆင့်တစ်ခုချင်းစီ တက်လှမ်းရန် သေချာပြင်ဆင်လေ့ရှိသည်၊ အဆင့်များကို တစ်ဆက်တည်း ဖြေဆိုခြင်းသည် အလွန်ပင်ပန်းလှသဖြင့် ထိုသို့ ပြုလုပ်သူ အလွန်နည်းပါးသည်။ သို့သော် ယခုအခါ ရွှယ်အန်းသည် ပင်ပန်းသည့် အရိပ်အမြွက်မျှပင် မပြသခဲ့ပေ။ ထိုအဆင့်သုံးဆင့် ဆက်တိုက်တက်လှမ်းခြင်းသည် သူ့အတွက် အလွန်လွယ်ကူနေပုံပေါ်သည်။

"ဒါပေမယ့် ဒီလူ တတိယအဆင့်အထိ တက်နိုင်ရင်တောင် ဒါက သူလုပ်နိုင်တာ အကုန်ပါပဲ။ စတုတ္ထအဆင့်မှာ တိုးလာမယ့် ခက်ခဲမှုက နည်းနည်းလေး မဟုတ်ဘူး၊ သူ စတုတ္ထအဆင့်မှာ ကျိန်းသေ ရပ်သွားလိမ့်မယ်" ထျန်ကျောက်​၏ စစ်တုရင်ပညာရှင်တစ်ဦးက လှောင်ပြောင်လိုက်သည်။

အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ စစ်တုရင်လမ်းစဉ်သည် အဆင့်ကိုးဆင့်ရှိသော်လည်း လူတို့သည် ၎င်းကို အဆင့်ကြီး သုံးဆင့်အဖြစ် ခွဲခြားလေ့ရှိသည်။ ၎င်းတို့သည် စစ်တုရင်ပညာသင်အဆင့်၊ စစ်တုရင်စစ်သည်အဆင့်နှင့် စစ်တုရင်အကျော်အမော်အဆင့်တို့ဖြစ်ကြသည်။ အဆင့်ကြီးတစ်ခုစီတွင် အဆင့်ငယ် သုံးဆင့်စီ ပါဝင်သည်။ ပထမအဆင့်သုံးဆင့်ကို အနိမ့်ဆုံးအဆင့်ဖြစ်သည့် စစ်တုရင်ပညာသင်ဟု ခေါ်ဆိုကြသည်။ ဤအဆင့်သည် အခက်ခဲဆုံး မဟုတ်ဘဲ အရိုးရှင်းဆုံးဖြစ်သည်။

သို့သော် စတုတ္ထအဆင့်သို့ ရောက်ရှိသည်နှင့် ခက်ခဲမှုများ သိသိသာသာ မြင့်တက်သွားမည်ဖြစ်သည်။ ဤသည်မှာ စစ်တုရင်ကျင့်ကြံသူများ ရင်ဆိုင်ရသည့် ပထမဆုံးသော အလှည့်အပြောင်းဖြစ်သည်။ ပါရမီရှင် လူငယ်များပင် စတုတ္ထအဆင့်စစ်ဆေးမှုကို တစ်ကြိမ်တည်းနှင့် အောင်မြင်ရန် ခဲယဉ်းလှသည်။ ရုတ်တရက် ပေါ်ပေါက်လာသည့် ဤအမျိုးသားသည်လည်း ကွဲပြားခြားနားမည်မဟုတ်ပေ။ ရွှယ်အန်းသည် ပတ်ဝန်းကျင်​၏ ဆွေးနွေးမှုများကို မကြားသကဲ့သို့ စတုတ္ထအဆင့်စစ်ဆေးသည့် နေရာသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် မလှမ်းမကမ်းတွင် ရပ်နေသည့် သီယွမ်လုံသည် စတုတ္ထအဆင့်စစ်ဆေးသူကို မျက်ရိပ်ပြလိုက်ရာ၊ စစ်ဆေးသူက နားလည်ကြောင်း ခေါင်းညိတ်ပြလာသည်။ ပြီးနောက် သီယွမ်လုံ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခုပေါ်ပေါက်လာသည်။

'လူကြီးမင်းရွှယ်ရေ၊ ခင်ဗျား ဒီစတုတ္ထအဆင့်စာမေးပွဲကို ဘယ်လိုအောင်မြင်အောင် ကစားမလဲဆိုတာ ကျုပ် တကယ် ကြည့်ချင်သေးတယ်'

တတိယအဆင့်စာမေးပွဲတွင် စစ်တုရင်ခုံ ၁၅ လွှာရှိသော်လည်း၊ ယခုအခါ စတုတ္ထအဆင့်တွင် ခက်ခဲမှု ၂၁ လွှာသို့ ရုတ်တရက် ခုန်တက်သွားသည်။ တစ်ချိန်တည်းမှာပင် စစ်တုရင်တစ္ဆေများသည် တတိယအဆင့်ထက် ပို၍ သန်မာကာ အစွမ်းထက်လာကြသည်။

စစ်ဆေးသူက ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"အဆင့်တက်ဖို့အတွက် သုံးပွဲမှာ နှစ်ပွဲနိုင်အောင် ကစားရမယ်။ အခု စကြတော့မလား"

ရွှယ်အန်းသည် စားပွဲပေါ်ရှိ စစ်တုရင်ခုံနှင့် မျက်နှာချင်းဆိုင်ရှိ လှုပ်ခတ်နေသော စစ်တုရင်တစ္ဆေကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လင်းလက်သွားပြီးနောက် ပြုံးစစဖြင့် ပြောလိုက်သည်။

"အရင်အတိုင်းပဲ၊ အကုန်လုံးကို တစ်ပြိုင်တည်း စလိုက်"

ဘုံး

လူအများသည် ယခင် စစ်ဆေးမှုများကို အလေးအနက်မထားခဲ့သော်လည်း ယခုအခါ အားလုံး ဆွံ့အသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထအဆင့်၏ ခက်ခဲမှုသည် အလွန်မြင့်မားသဖြင့် မည်သူမျှ ဤသို့တစ်ပြိုင်တည်း စစ်ဆေးမှုကို မလုပ်ဝံ့ကြသောကြောင့်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်က အစွမ်းထက်လှသည်ဟု ယူဆခံရသည့် ကျူကောပန့်ဇန်ပင် စတုတ္ထအဆင့်သို့ တက်လှမ်းရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ဤလူသည် အလွန်ပင် မောက်မာလွန်းလှသည်။

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးလာကြသည်။ သီယွမ်လုံသည် ခေတ္တမျှ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက်၊ ရွှယ်အန်းသည် ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု တွေးလျက် ပြုံးလိုက်သည်။ ထိုသို့မြင်သောအခါ စစ်ဆေးသူက သီယွမ်လုံကို မေးမြန်းနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သီယွမ်လုံက ခေါင်းညိတ်ပြ၍ ဆက်လက်ပြုလုပ်ရန် အချက်ပြလိုက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် မှတ်ထားပါ၊ စတုတ္ထအဆင့်စစ်ဆေးမှုမှာ အခွင့်အရေးက တစ်ကြိမ်ပဲရှိတယ်။ ခင်ဗျား ကျရှုံးသွားရင် နောက်လမှ ထပ်ဖြေခွင့်ရှိမယ်" စစ်ဆေးသူက ပြောလိုက်သည်။

ရွှယ်အန်းသည် မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။ စစ်တုရင်ခုံ သုံးခုကို ခင်းကျင်းကာ စစ်တုရင်တစ္ဆေများ နေရာယူလိုက်သည်နှင့် ကစားပွဲ တရားဝင် စတင်လာသည်။ ဤစစ်ဆေးမှုသည် ယခင်အဆင့်များထက် ပိုမို အာရုံစိုက်ခံခဲ့ရသည်။ မရေတွက်နိုင်သော လူများသည် သံသယနှင့် လှောင်ပြောင်မှုများ ရောနှောလျက် စစ်တုရင်ခုံ သုံးခုကို တစ်ဦးတည်း ရင်ဆိုင်နေသည့် ရွှယ်အန်း​ကို စောင့်ကြည့်နေကြသည်။

ရွှယ်အန်းသည် သူ၏ စစ်တုရင်အပိုင်းအစများကို လျင်မြန်စွာ ရွေ့လျားနေသဖြင့် ပိုပို၍ မြန်ဆန်လာကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ စစ်တုရင်ခုံ သုံးခုကို ရင်ဆိုင်နေရသော်လည်း သာမန်ကစားပွဲကို ကစားနေသကဲ့သို့ တည်ငြိမ်အေးဆေးနေသည်။ ထိုသို့သော အမူအရာကြောင့် ပွဲတစ်ခုလုံးရှိ လေထုအခြေအနေသည် တဖြည်းဖြည်း တင်းမာလာသည်။ လူအများအပြားသည် ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

'ဒီလူက တကယ်ပဲ စတုတ္ထအဆင့်ကို အောင်မြင်နိုင်တဲ့ အရည်အချင်းရှိနေတာလား'

ထိုအချိန်တွင် သီယွမ်လုံသည် စစ်ဆေးသူကို ကောက်ကျစ်စွာ ခေါင်းညိတ်ပြလိုက်သည်။ စစ်ဆေးသူသည် မျက်နှာအမူအရာ မပြောင်းလဲသွားသော်လည်း နောက်ကျောဘက်တွင် ဖုံးကွက်ထားသော လက်များဖြင့် လျှို့ဝှက်စည်းတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ မတည်မငြိမ်ဖြစ်နေသော စစ်တုရင်တစ္ဆေ သုံးဦးသည် အလင်းရောင်ဖြင့် ရုတ်တရက် လင်းလက်လာပြီးနောက် ၎င်းတို့​၏တုံ့ပြန်မှု အရှိန်နှင့် စစ်တုရင်စွမ်းရည်များ သိသိသာသာ မြင့်တက်သွားသည်။

ခဏအတွင်းမှာပင် ၎င်းတို့သည် ပဉ္စမအဆင့်ကို ကျော်လွန်ကာ ဆဌမအဆင့်သို့ ရောက်ရှိသွားကြသည်။ အခြေအနေကို အကဲခတ်နိုင်သူ အများအပြားသည် ဤအကြောင်းအရာကို သတိပြုမိသွားသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ တစ်စုံတစ်ယောက်သည် ရွှယ်အန်းကို နောက်ကွယ်မှ နှောင့်ယှက်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် ၎င်းတို့အားလုံး ရွှယ်အန်း ကျရှုံးတော့မည်ဟု ယူဆကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ စစ်တုရင်စွမ်းရည်သည် စတုတ္ထအဆင့်မှ ဆဌမအဆင့်သို့ ရုတ်တရက် မြင့်တက်သွားသည့်အပြင် ဤသည်မှာ တစ်ဦးနှင့် သုံးဦး ရင်ဆိုင်ရသည့် အခြေအနေဖြစ်သည်။ ရွှယ်အန်းမဆိုနှင့် ကျူကောရွှမ်ချင်းကဲ့သို့ စစ်တုရင်ပါရမီရှင်မျိုးပင် ဤသို့သော အခြေအနေတွင် အကြီးအကျယ် ထိတ်လန့်သွားပေလိမ့်မည်။ ဤအတွေးများသည် ထိုလူများ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သီယွမ်လုံ၏ မျက်နှာတွင် ကျေနပ်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။ ရွှယ်အန်းသာ စတုတ္ထအဆင့်တွင် ရပ်တန့်သွားခဲ့လျှင် သူ​၏ ယခင် စကားများအားလုံး ဟာသတစ်ခုဖြစ်သွားပေလိမ့်မည်။

'ဒီပြိုင်ပွဲမှာ ဆက်နေဖို့ သူ ဘယ်လို သိက္ခာမျိုး ကျန်တော့မှာလဲ'

သို့သော် သူ၏ ကျေနပ်မှုသည် ကြာရှည်မခံခဲ့ပေ၊ မည်သို့ဆိုသော် ရွှယ်အန်းသည် ထိုအချိန်တွင် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သောကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်သည် လူတိုင်းကို ဇဝေဇဝါဖြစ်သွားစေသည်။ မျက်လုံးမှိတ်လိုက်ခြင်းသည် မည်သို့သော အဓိပ္ပာယ်ဖြစ်သနည်း။ စစ်တုရင်လမ်းစဉ်တွင် မျက်လုံးသည် အလွန်အရေးကြီးသည်ဟု မယူဆနိုင်သော်လည်း မရှိမဖြစ် လိုအပ်နေဆဲဖြစ်သည်။ အကယ်၍ စစ်တုရင်ကစားပွဲတွင် လူတစ်ဦးသည် နတ်အာရုံကိုသာ အသုံးပြု၍ မျက်လုံးမှိတ်ကာ ကစားမည်ဆိုပါက နတ်အာရုံ ကုန်ဆုံးမှုသည် အဆမတန် မြင့်တက်သွားပေလိမ့်မည်။ ထို့ကြောင့် သန်မာသော ကစားသမားများပင် စစ်တုရင်ကို မျက်လုံးမှတ်၍ ကစားလေ့မရှိကြပေ။

'သူက ရှုံးတော့မယ်ဆိုတာသိလို့ လက်လျှော့လိုက်တာများလား'

လူအများ ဇဝေဇဝါဖြစ်နေစဉ် ရွှယ်အန်းသည် အတွေးတစ်ခုတည်းဖြင့် လုပ်ဆောင်မှုများစွာကို တစ်ပြိုင်နက်တည်းပြုလုပ်၍ အပိုင်းအစများကို အလွန်လျင်မြန်စွာ ရွေ့လျားနေကြောင်း ၎င်းတို့ မြင်လိုက်ရသည်။ ဤဖြစ်စဉ်သည် မြန်မြန်ရွေ့လျားနေသည်ဟု ပြောရုံဖြင့် မလုံလောက်ပေ။ သူ၏ စစ်တုရင်အပိုင်းအစများသည် အလင်းတန်းများသဖွယ်ဖြစ်နေ၍ စစ်တုရင်တစ္ဆေများကို အခွင့်အရေးပင် မပေးဘဲ ချေမှုန်းနေခဲ့သည်။ နေရာတစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ လူအများအပြား​၏မျက်နှာတွင် တုန်လှုပ်ချောက်ချားသော အမူအရာများဖြစ်ပေါ်လာသည်။

သီယွမ်လုံ၏ ပါးစပ်သည် အံ့အားသင့်လွန်းသဖြင့် အဟောင်းသားဖြစ်သွားလေသည်။

'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက နာမည်မရှိတဲ့ လူတစ်ယောက်ပါ၊ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်အာရုံနဲ့ စစ်တုရင်စွမ်းရည်တွေရှိနေရတာလဲ'

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာ၍ စစ်တုရင်ပွဲစဉ် သုံးခုလုံး ရပ်တန့်သွားသည်။ စစ်တုရင်တစ္ဆေ သုံးဦးသည် အစွမ်းကုန် အားစိုက်ထုတ်မှုကြောင့် လောင်ကျွမ်းသွားသဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် ပျောက်ကွယ်သွားကြသည်။ ထိုအချိန်တွင် လူအများသည် စစ်တုရင်ခုံ သုံးခုလုံးကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ စစ်ဆေးသူများ၏ ကြေညာချက်ကို စောင့်ဆိုင်းရန်ပင် မလိုအပ်ရာ၊ အဖြေသည် အလွန်ရှင်းလင်းလှသည်။ ပွဲစဉ်သုံးခုလုံးတွင် ရွှယ်အန်းကစားခဲ့သည့် အနက်ရောင် အပိုင်းအစများသည် စစ်တုရင်ခုံ တစ်ခုလုံးနီးပါး၌ ပြည့်နှက်နေသည်။

ဤသို့သော အပြတ်အသတ် အနိုင်ရရှိမှုသည် အလွန်ရှားပါးလှရာ၊ ကစားသမားနှစ်ဦးအကြား စွမ်းရည်ကွာခြားချက် အလွန်ကြီးမားမှသာ တွေ့ရလေ့ရှိသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လာခဲ့ရာ၊ ကြည့်ရှုသူအားလုံး​၏ အံ့အားသင့်မှုအရ ပဉ္စမအဆင့်စစ်ဆေးသည့် နေရာသို့ လျှောက်လှမ်းသွားလေသည်။ ရွှယ်အန်း​၏ နောက်ကျောကို ကြည့်နေစဉ် သီယွမ်လုံ၏ မျက်နှာသည် လူသေကဲ့သို့ ဖြူလျော့နေ၍ သူ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

'သူက တကယ်ပဲ ဘယ်သူလဲ။ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ စစ်တုရင်စွမ်းရည်တွေရှိနေရတာလဲ'

တစ်ချိန်တည်းပင် ရွှယ်အန်းသည် စတုတ္ထအဆင့်ကို အပြတ်အသတ် အနိုင်ယူ၍ ပဉ္စမအဆင့်သို့ တက်ရောက်သွားသည့် သတင်းသည် စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။ စိတ်အေးလက်အေး ပြုမူနေခဲ့သော ကျန်းထျန်ယွေ့သည် သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် မျက်နှာအမူအရာ တဖြည်းဖြည်း နက်မှောင်လာ၍ မျက်လုံးများတွင် အဆိပ်ပြင်းသော အလင်းတန်းများ တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။

ကျူကောရွှမ်ချင်းသည်လည်း အံ့အားသင့်သွားသည်။

'ငါ တကယ်ပဲ သူ့ကို အထင်မှားခဲ့မိတာလား'

All Chapters