← Chapters

တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်

Vol. 1 Ch. 433

တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်

Vol. 1 Ch. 433

"ဘာ...ကျွန်းအောက်မှာ ရေအောက်မြေကွက်လပ်ကျယ်ကြီး ရှိတယ်ဟုတ်လား။ ပြီးတော့ အဲ့အောက်မှာမှ နောက်ထပ်မြေအောက်လောကတစ်ခု ထပ်ရှိပြီး ဖုတ်ကောင်တွေက ရှိသေးတယ်။ နေနက်မိစ္ဆာနွယ်တွေက သွေးတွေကို သောက်ပြီး အစိတ်အပိုင်းတွေလည်း အစားပြန်ထွက်နိုင်သေးတယ်။ နောက်ပြီး အနက်ရောင်အငွေ့တွေက လူတွေကို ဖုတ်ကောင်အဖြစ် ပြောင်းပစ်နိုင်တယ်တဲ့လား"

သင်္ဘောသည် ကောင်းကင်ကြယ်တာရာနယ်မြေဘက်သို့ ဦးတည်၍ လျင်မြန်စွာ ရွက်လွှင့်နေခဲ့သည်။ သင်္ဘောပေါ်ရှိ အခန်းတစ်ခုထဲတွင် လူလေးယောက်သည် ကျန်းရီ၏ ဇာတ်ကြောင်းပြန်မှုအဆုံးတွင် အလွန် အံ့အားသင့်ဟန်များ ဖော်ပြလာကြသည်။ ကျူးကော့ချမ်ယွမ်သည် သတိပြန်ရနေပြီဖြစ်ရာ ဒဏ်ရာများကို တောင့်ခံ၍ ချက်ချင်းလာရောက်ခဲ့သည်။ သတင်းကို ကြားရပြီးနောက် သူသည် အံ့သြလွန်း၍ နာကျင်မှုကိုတောင် မေ့လျော့သွားခဲ့သည်။

"အဲ့ဒါက တကယ်တမလွန်လောကများ ဖြစ်နေမလား"

ငွေပန်းပွင့်အဘွားအိုသည် တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

နတ်ဆိုးဧကရီသည် ငွေပန်းပွင့်အဘွားအိုအား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရွှေယို့လန်သည် ခေါင်းအသာယမ်း၍ ကျူးကော့ချမ်ယွမ်မှာ အခိုင်အမာ ပြောလိုက်သည်။

"ရူးနေတဲ့ အဘွားကြီး...မင်းကလည်း နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ။ မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုသုံးစားမရတဲ့ ဦးနှောက်ရှိနေတာလဲ။ အဲ့ဒါသာ တကယ်တမလွန်လောကဆိုရင် ကျန်းရီလွတ်လာပါ့မလား။ ယင်နဲ့ယန်က တကွဲတပြားစီ ရှိနေတာ...အဲ့ဒါသာ တကယ်တမလွန်လောကဆိုရင် အဲ့ဒီမကောင်းဆိုးဝါးဝိဉာဉ်တွေ အကုန်လုံး လူ့လောကမှာ လျှောက်သွားနေလောက်ပြီ"

"ခြေကျိုးကြီး...ရှင် ကျွန်မကို လာအပြစ်ပြောရဲတယ်လား။ ကျွန်မကြောင့်သာ မဟုတ်ရင် ရှင်တမလွန်ကို ရောက်နေလောက်ပြီ"

ငွေပန်းပွင့်အဘွားအိုသည် ဒေါသထွက်သွားခဲ့ပြီး သောင်းကျန်းလုဆဲဆဲဖြစ်သည်။ နတ်ဆိုးဧကရီ သူမအား စိုက်ကြည့်နေကြောင်း သတိထားမိလိုက်သောအခါမှ အမြန်ပြန်ထိုင်လိုက်သည်။

ကျန်းရီသည် ငွေပန်းပွင့်အဘွားအိုအား ဒေါသမထွက်ရန် လက်အသာကာပြလိုက်ပြီး ဆက်ပြောလိုက်သည်။

"အဲ့ဒီလောကက ဘာလဲ။ နယ်မြေအောက်မှာ ဘယ်လိုလုပ်ပြီး ဒီလိုလောကရှိနေတာလဲ။ အဲ့ဒီမှာ ဒီထက် ကြောက်စရာကောင်းတဲ့ဟာတွေ ရှိနေနိုင်သေးလား။ သူတို့က လူသားတွေကို ဘာလို့လာမတိုက်ခိုက်တာလဲ"

လူလေးယောက်သည် နှုတ်ဆိတ်သွားကြသည်။ ကျန်းရီပြောခဲ့သော အရာများသည် သူတို့မမြင်ဖူး၊ မကြားဖူးသည့် အရာများဖြစ်သည်။ သူ့တို့ထံတွင် ရေအောက်ဆင်းသွား၍ လေ့လာရန် သတ္တိလည်း မရှိပါချေ။ နေနက်မိစ္ဆာနွယ်များ ရှိနေရာ အောက်ဆင်းသွားပါက နတ်ဆိုးဧကရီပင် သေရလိမ့်မည်။ ထို့ပြင် မြေအောက်လောကသည် အဆုံးအစမရှိ ကျယ်ပြန့်သည်။ ထိုနေရာတွင် နေနက်မိစ္ဆာနွယ်ကဲ့သို့ အရာပင် ကြီးထွားနိုင်ရာ ပို၍ကြောက်စရာကောင်းသော အရာများ ရှိဦးမည်မှာ သေချာသလောက်ပင်။

ဤပုဂ္ဂိုလ်ကြီးလေးယောက်သည် ဗဟုသုတ ကြွယ်ဝကြသော်လည်း ကျန်းရီပြောသွားခဲ့သော အရာများကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ထိုသည်မှာ နယ်မြေရှိ ဘယ်သူမှ မသိကြဟူသော အဓိပ္ပါယ်ပင်။ သူတို့၏ နယ်မြေ၏အောက်ဘက်တွင် ရှိနေသည့် ကြောက်စရာ လောကကြီးအကြောင်း စဉ်စားမိလိုက်သောအခါတွင် သူတို့အားလုံး၏သွေးများ အေးစက်သွားကြသည်။ မြေအောက်မှ အနှီသတ္တဝါများ ထွက်လာကြပြီး လူသားများနှင့် သားရဲများကို ဖုတ်ကောင်များအဖြစ် ပြောင်းလဲပစ်လိုက်လျှင် မည်သို့လုပ်ကြမည်နည်း။

ထိုသို့ဆိုလျှင်ရော သူတို့ဘာလုပ်နိုင်မည်နည်း။ လူသားသိုင်းပညာရှင်အားလုံးကို စည်းရုံး၍ ရေအောက်ဆင်းသွားကြမည်ဆိုလျှင်တောင် သူတို့လုပ်နိုင်သည့်အရာ မရှိပေ။ နတ်ဆိုးဧကရီတောင် ရေအောက်ဆင်းသွားပါက သေမည်ဖြစ်ရာ လူသားသိုင်းပညာရှင်အားလုံး ဆင်းသွားပါက အကုန်သေကုန်ကြလိမ့်မည်။

ဤလောကတွင် အမှန်တကယ်ပင် မမြင်ရသည့် လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေပေသည်။

နတ်ဆိုးဧကရီသည် သက်ပြင်းဖွဖွ ချလိုက်သည်။ သူမသည် နယ်မြေမှ ထွက်သွားတော့မည်ဖြစ်ရာ ထိုအကြောင်းအရာတို့ကို စဉ်းစား၍ ခေါင်းရှုပ်မခံတော့ပေ။ သူမသည် ကျန်းရီကိုကြည့်၍ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

"ကောင်လေး...ဘယ်မှမသွားတော့ဘဲ ရှားယွိမြို့ ဒါမှမဟုတ် နတ်သမီးတောင်ထွတ်မှာပဲ ကျင့်ကြံတော့။ မင်းက ကောင်းကင်ကျောက်တုံးတွေနဲ့ ကျင့်ကြံပြီးနေပြီဆိုတော့ ဆက်သာလုပ်။ နောက်မှ ကောင်းကင်ကျောက်တုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ချေဖျက်နိုင်တဲ့ ဆေးပင်တွေ၊ ပစ္စည်းတွေ တခြားနယ်မြေတွေမှာ သွားရှာချေ။ ငါအရင်ပြန်နှင့်မယ်။ နယ်မြေက ထွက်မသွားခင် ငါမင်းကို လာရှာမယ်"

ထို့နောက် နတ်ဆိုးဧကရီသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဝေးရှိ မိုးကုပ်စက်ဝိုင်းအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ရွှေယို့လန်သည်လည်း မတ်တပ်ရပ်၍ ပြောလိုက်သည်။

"ကျန်းရီ...ငါလည်းပြန်တော့မယ်။ ရေအောက်က ကိစ္စတွေကို ဘယ်သူ့မှ မပြောမိစေဖို့ သတိရ...မဟုတ်ရင် အဲ့ကိစ္စက နယ်မြေကို ဖရိုဖရဲ ဖြစ်လာစေလိမ့်မယ်။ အဲ့ဒီအခါကျ နောက်ဆက်တွဲတွေက ဆိုးဝါးလိမ့်မယ်"

"အိုး...ဟုတ်သားပဲ"

ရွှေယို့လန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ စိတ်ချင်းဆက်သွယ်၍ ပြောလာခဲ့သည်။

"ငါ့အထင်တော့ မင်းကို နေနက်မိစ္ဆာနွယ် ဖမ်းဆီးသွားတဲ့ ကိစ္စက သိုင်းခန်းမရဲ့လက်ချက် ဖြစ်နိုင်ချေရှိတယ်။ မင်းသတိထားနေတာ ကောင်းလိမ့်မယ်။ ဒီအချိန်အပိုင်းအခြားအတွင်း သိုင်းခန်းမမှာ ထက်မြက်တဲ့ နတ်မိမယ်တစ်ယောက် ပေါ်ထွက်လာတယ်။ သူမက သူမတူလောက်အောင် ဉာဏ်ရည်မြင့်မားတယ်။ သူမရဲ့ ထောင်ချောက်တွေထဲ ကျမသွားဖို့ မင်းသတိထားမှရမယ်"

ရွှေယို့လန် ထွက်ခွာသွားပြီးနောက် ကျန်းရီသည် နေရာတွင် မှင်တက်၍ ကျန်ရစ်သည်။

ဒီကိစ္စက သိုင်းခန်းမရဲ့လက်ချက်တဲ့လား။ နယ်မိမယ်ဆိုတော့ တုကူးယန်များလား...မဟုတ်လောက်ဘူး။ နောက်ထပ် နတ်မိမယ်တစ်ယောက် ရှိနေသေးတာများလား....

သိုင်းခန်းမသည် အဘယ့်ကြောင့် သူ့အား သတ်ချင်နေရသနည်း။ သိုင်းခန်းမသည် သူတို့နှင့် မပူးပေါင်းသော လူတိုင်းကို သတ်ပစ်ရန် ကြံစည်နေသည်လော။

ငွေပန်းပွင့်အဘွားအိုလည်း ထွက်ခွာသွားခဲ့သည်။ ကျူးကော့ချမ်ယွမ်တစ်ယောက်သာလျှင် ဒဏ်ရာများ ပြင်းထန်သောကြောင့် နေရစ်ခဲ့သည်။ ငွေပန်းပွင့်အဘွားအိုနှင့် ကျူးကော့ချမ်ယွမ်တို့ နှစ်ဦးမှာလည်း ကျန်းရီအား ဤမတော်တဆမှုကို ထုတ်မပြောရန် တားမြစ်ခဲ့ကြသည်။ ထို့ကြောင့် ရေအောက်မှကိစ္စကို စုလောရွှယ်၊ ချမ်ဝမ်ကွမ်နှင့် အခြားသူများလည်း သိခွင့်မရကြပေ။

ထို့အတူ ယာ့ဇီသားရဲနှင့် ကျန်းရှောင်နူ ဘယ်ရောက်သွားကြောင်းကိုလည်း သူရှင်းမပြခဲ့ပေ။ အထူးသဖြင့် ကျန်းရှောင်နူအကြောင်း ဖြစ်သည်။ ရွှေယို့လန်နှင့် နတ်ဆိုးဧကရီတို့သည် ကျန်းရှောင်နူနှင့် ပတ်သက်၍ သိချင်နေကြသော်လည်း ကျန်းရီသည် ဘာတစ်ခုမှ ထုတ်မပြောခဲ့ချေ။ သူသည် စုန်းနတ်ဘုရား၏ မှော်ကျင့်စဉ်တစ်ခုကို သူနားလည်သွား၍ မီးလျှံများကို ထုတ်သုံးနိုင်ကာ လွတ်မြောက်လာခဲ့သည်ဟုသာ ပြောခဲ့သည်။

လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်။ ကျန်းရီပြောမပြချင်လျှင် သူတို့ကလည်း ဆက်မမေးတော့ပေ။ ထို့ပြင် ကြောက်စရာကောင်းသော မီးလျှံများကို လူတိုင်းမြင်ခဲ့ကြသည်။ သူတို့သည် ထိုမီးလျှံများကို ကျန်းရီမည်သို့ ထုတ်လွှတ်နိုင်ခဲ့ကြောင်း မသိသော်လည်း သူ့ထံတွင် ပို၌ကြောက်စရာကောင်းသည့် မီးဝိဉာဉ်ကျောက်တုံးတောင် ရှိခဲ့လေသည်။ မည်သူမှ ထူးဆန်းသည်ဟု မခံစားကြရပေ။

ကျန်းရီသည် ကျူးကော့ချမ်ယွမ်အနား ခဏနေပြီးနောက် ချမ်ဝမ်ကွမ်တို့ လူစုနှင့် စကားအနည်းငယ် ပြောလိုက်သည်။ သူသည် ရေအောက်မှ လောကကြီးအကြောင်း ဘာမှထည့်မပြောဘဲ မှော်ကျင့်စဉ်တစ်ခုကို နားလည်သွား၍ လွတ်မြောက်လာခဲ့ကြောင်းသာ ပြောခဲ့သည်။ ထို့နောက် သူသည် ဆွံ့အနေသော လူအားလုံးကို ထားရစ်ခဲ့၍ စုလောရွှယ်၏ အခန်းတွင်း ဝင်သွားခဲ့လေသည်။

"မှော်ကျင့်စဉ်တဲ့လား"

ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။ နတ်ဆိုးဧကရီတောင် ရင်မဆိုင်နိုင်ခဲ့သော နေနက်မိစ္ဆာနွယ်ကို မှော်ကျင့်စဉ်တစ်ခုဖြင့် အနိုင်ယူခဲ့သည်။ ထိုမှော်ကျင့်စဉ်ကို မည်သည့်အဆင့်အထိ သူကျင့်ကြံခဲ့သနည်း။

"အားလုံး နားထောင်ကြ၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ ထုတ်မပြောရဘူး။ စကားတစ်ခွန်းပဲဖြစ်ဖြစ် ပေါက်ကြားသွားတယ်ဆိုရင် ပေါက်ကြားစေတဲ့သူကို ငါကျန့်ဝူရွှမ်း ဂိုဏ်းရဲ့အင်အားသုံးပြီး လိုက်သတ်မယ်"

ကျန့်ဝူရွှမ်းသည် မျက်လုံးများမှေးစင်း၍ လေးလေးနက်နက် အမိန့်ထုတ်လိုက်သည်။ ချမ်ဝမ်ကွမ်နှင့် ယွင်ဖေးသည်လည်း အမိန့်ကိုယ်စီ ထုတ်လိုက်ကြသည်။ ကျန်းရီတွင် ရန်သူအမြောက်အများရှိသည်။ အခြားလူများသာ ဤကိစ္စကို သိသွားပါက သူ့အားလုပ်ကြံသတ်ဖြတ်ရန် လှည့်ကွက်များ၊ ပူးပေါင်းကြံစည်မှုများ ပိုမိုများပြားလာမည်မှာ သေချာသည်။

***

တစ်ဖက်တွင် ကျန်းရီ ရေအောက်ကြမ်းပြင်မှ လွတ်လာလာချင်း သိုင်းခန်းမမှ ထိုအကြောင်းကို သိရှိနေပြီးဖြစ်သည်။

အိပ်မက်ပင်လယ်ချောက်နက်၏ ခန်းမကြီးတစ်ခုထဲတွင် အကြီးအကဲနှစ်ဦး၊ ကျီထင်ယွီနှင့် တုကူးယန်တို့သည် အတွင်းတွင် ပုံရိပ်တစ်ခု ရှိနေသည့် သလင်းကျောက်ဖန်လုံး၏ဘေးတွင် ထိုင်နေကြသည်။ ဖန်လုံးအတွင်းမှ ပုံရိပ်သည် ကြီးမားကျယ်ပြန့်လှသည့် ရေအောက်ကြမ်းပြင်ကျယ်ကြီးဖြစ်သည်။ ထိုနေရာ၏ဘေးဘက်တွင် ကျောက်နံရံကြီးများရှိနေပြီး ထောင့်များတွင် ညလင်းပုလဲလုံးများ ရှိနေခဲ့သည်။ ထိုနေရာမှာ ကျန်းရီချုပ်နှောင်ခံခဲ့ရသည့် ရေအောက်ကြမ်းပြင်နေရာဖြစ်သည်။

သို့သော် ကျန်းရီ၏ပုံရိပ်သည် ထိုနေရာ၏အောက်ဘက်မှ အပေါ်ဘက်သို့ နေရာရွှေ့ပြောင်းလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် အပေါ်ဘက်သို့ လျင်မြန်စွာ ဆက်တက်သွားခဲ့သည်။ သူ့နောက်တွင် နေနက်မိစ္ဆာနွယ် တစ်ခု လိုက်ပါလာခဲ့သည်။ မကြာခင်တွင် နေနက်မိစ္ဆာနွယ်သည် အောက်သို့ ပြန်ဆုတ်လာခဲ့သည်။ ၎င်း၏ ထိပ်ပိုင်းသည် မီးကျွမ်းထားပုံရပြီး အနက်ရောက်အရည်များလည်း စိမ့်ထွက်နေခဲ့သည်။

"ဒါက..."

တုကူးယန်သည် မှင်တက်နေသည့် အမူအရာရှိပြီး မယုံကြည်နိုင်စွာ ပြောလာခဲ့သည်။

"ကျန်းရီ...ကျန်းရီ တကယ်လွတ်သွားခဲ့တယ်။ ဘယ်လိုလုပ်ပြီးလဲ။ သူဘယ်လိုလုပ် လွတ်သွားတာလဲ...နေနက်မိစ္ဆာနွယ်ကတောင် သူ့ကို မသတ်နိုင်တော့ဘူးလား"

အကြီးအကဲနှစ်ဦးမှာလည်း မျက်နှာများ ပျက်နေကြသည်။ နေနက်မိစ္ဆာနွယ်တောင် ကျန်းရီကို မသတ်နိုင်လျှင် မည်သူကများ သူ့အားသတ်နိုင်ပါဦးမည်နည်း။ သူ့တွင် ကောင်းကင်ဧကရာဇ် အမြင့်ဆုံးအဆင့်၏ စွမ်းအား ရှိနေသည်လော။

"မဖြစ်နိုင်ဘူး"

ထိုအတွေးဖြစ်ပေါ်လာသည်နှင့် အကြီးအကဲတစ်ဦး အလျင်အမြန် ငြင်းချက်ထုတ်လိုက်သည်။

မည်သို့သော ဟာသပေနည်း။

ကျန်းရီသာ နှစ်ရက်အတွင်း ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားနိုင်ပါက နယ်မြေတွင် ကောင်းကင်ဧကရာဇ်အဆင့်များ ရိုက်သတ်၍တောင် ကုန်မည်မဟုတ်ပေ။

"ခစ်...ခစ်"

ကျီထင်ယွီသည် ခပ်တိုးတိုး ရယ်လိုက်ပြီး ပြောလာခဲ့သည်။

"ကျန်းရီက အဲ့လောက် မတော်ပါဘူး။ သူ အဲ့ဒီမီးလျှံတွေ ထုတ်ပေးနိုင်တဲ့ ကျောက်တုံးကို အားကိုးလိုက်တာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ သူ့ကို အဲ့လောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုလို့ ထင်မနေကြပါနဲ့။ သူ့မှာ အစွမ်းအစတချို့ ရှိနိုင်ပေမယ့် ကောင်းကင်ကိုအန်တုနိုင်လောက်တဲ့ အဆင့်ထိတော့ မဟုတ်သေးဘူး"

"ဟုတ်တယ်...ဟုတ်တယ်။ သူက ကံကောင်းနေတဲ့ ခွေးတစ်ကောင်လေးပဲ"

တုကူယန်းသည် ခေါင်းတငြိမ့်ငြိမ်နှင့် သူမကိုယ်သူမ နှစ်သိမ့်နေသည့်နှယ် ပြောလာခဲ့သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းနဲ့ စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကနေ ရတနာတစ်ချို့ ရခဲ့တာကြောင့်သာ မဟုတ်ရင် သူ့မှာ ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး...ဟမ့်"

"ဒီလိုပြောလို့မရဘူး"

အကြီးအကဲတစ်ဦးသည် ခေါင်းယမ်း၍ ပြောလာခဲ့သည်။

"တစ်ကြိမ်တည်းသာဆို ကံကောင်းသွားတာလို့ ပြောနိုင်တယ်။ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ဆိုရင် ကံကောင်းရုံပဲလို့ ပြောလို့မရတော့ဘူး။ သမိုင်းထဲမှာ ရတနာတွေကို အားကိုးပြီး ပြိုင်ဘက်ကင်း ဖြစ်လာတဲ့သူ ရှိလို့လား။ ကျန်းရီရဲ့ကိုယ်ထဲမှာ တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာပဲ ဖြစ်ရမယ်"

***

All Chapters