← Chapters

နာမည်ကျော် မိန်းမလှ

Vol. 51 Ch. 701

နာမည်ကျော် မိန်းမလှ

Vol. 51 Ch. 701

"မိန်းကလေးက ဒီနေရာကို စားဖို့လာတာလား တည်းခိုဖို့လာတာလား" ဆိုင်အကူက ထိုအမျိုးသမီးကို အပြေးအလွှားသွားရောက်ကြိုဆိုဟန်ဖြင့် အသားယူဖို့ကြိုးစားသည်။

သို့သော် ထိုဝတ်ရုံဖြူနှင့်အမျိုးသမီးနား သူတိုးကပ်လိုက်သည်နှင့် မမြင်ရသောအားတစ်ခုက အနောက်ကိုလွင့်စင်သွားအောင် ရိုက်ထုတ်လိုက်သည်။

"အာ့"

ဆိုင်အကူမှာ နောက်ပြန်လဲကျသွားကာ ကြမ်းပြင်နှင့်ခေါင်းထိတိုက်၍ မူးဝေသွားပြီး နာကျင်စွာညည်းညူလိုက်သည်။

ထိုဝတ်ရုံဖြူအမျိုးသမီးသည် သိသိသာသာကိုမူးယစ်နေပြီးသားဖြစ်သော်ငြား လက်ထဲရှိသေရည်အိုးမှ သေရည်များကို ပါးစပ်ထဲ အဆက်မပြတ်လောင်းထည့်နေဆဲဖြစ်ပြီး ကြမ်းပြင်ပေါ် အချိန်မရွေးလဲကျသွားတော့မည့်အလား ယိမ်းထိုးလျက်ရှိ၏။

သူမထံ ချဥ်းကပ်လာသော အမျိုးသားကျင့်ကြံသူအားလုံး မီတာဝက်မျှအကွာအဝေးထိ ကပ်လိုက်မိသည်နှင့် ထိုမမြင်နိုင်သောအားထံမှ ဆက်တိုက်ရိုက်ထုတ်ခံရကာ အရိုးများကျိုးကြေတော့မတတ် နာကျင်ခံစားကြရသည်။ ဝတ်ရုံဖြူပုံရိပ်ထံ ပြန်ကြည့်လာသော သူတို့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပြည့်လျှမ်းလျက်။

ထိုအခါမှသာ မိန်းကလေးသည် ရန်သွားစလို့ရမည့်သူမဟုတ်ကြောင်း သူတို့နားလည်လိုက်ကြရ၏။

ရုတ်တရတ်ဆိုသလို ဝတ်ရုံဖြူအမျိုးသမီးသည် ယဲ့ကျွင်းလင်အားသတိထားမိသွားခဲ့သည်။ အမှန်အတိုင်းဆိုရပါလျှင် ယဲ့ကျွင်းလင်၏စားပွဲထက်မှ ဖွယ်ဖွယ်လျာလျာဟင်းလျာများဆီ စိတ်ရောက်သွားခဲ့ခြင်းပင်။

မှုန်မှိုင်းနေသောမျက်လုံးများ ချက်ချင်းပြူးကျယ်လာပြီး ရုတ်ချည်းတောက်ပလာခဲ့သည်။

အံ့သြဘနန်း ဝိုင်းကြည့်နေကြသောလူများကြားထဲ သူမသည် ယဲ့ကျွင်းလင်ထိုင်နေသောစားပွဲဆီသို့ တည့်တည့်ကြီးလျှောက်သွားလေတော့၏။

"ဒီမိန်းကလေး မင်း..."

စန်းလန်ကျွင်းသည် သူမကိုတားဖို့ အမြန်ထရပ်လိုက်ပါသော်ငြား မျှော်လင့်မထားစွာပင် မမြင်နိုင်သောအရှိန်အဝါတစ်ခုထံမှ ရုတ်ချည်းဖိချခံလိုက်ရ၍ သူ့မှာ ခန္ဓာတွင်းရှိ မသေမျိုးစွမ်းအားကိုပင် အသက်သွင်းလည်ပတ်စေဖို့ ခက်ခဲသွားရလေသည်။

စန်းလန်ကျွင်းတစ်ယောက် အလန့်တကြားဖြစ်သွားရသည်။

ထို့နောက် ထိုအမျိုးသမီးကို မယုံနိုင်စွာ ပြန်ကြည့်မိသည်။

မည်သို့ပင်ဆိုစေ သူသည် ထိပ်တန်းအဆင့် မသေမျိုးဘုရင်ကျင့်ကြံသူတစ်ဦးဖြစ်သည်ပင်။ သို့သော် ယခုတော့ ထိုများပြားလှသောစွမ်းအားအဟုန်တို့ မလှုပ်နိုင်သည်အထိ ဖိနှိပ်ခံလိုက်ရလေပြီ။

ဒါ ဘယ်လိုသဘောတရားမျိုးလဲ။

လက်တစ်ချက်တောင်လှုပ်စရာမလိုဘဲ ရာနှုန်းပြည့်အနိုင်ယူလိုက်နိုင်တာမျိုး။

သူတို့ကြားရှိကွာခြားချက် မည်မျှကြီးမားလှကြောင်း စန်းလန်ကျွင်းခံစားသိရှိသွားခဲ့ရသည်။

ထိုဝတ်ရုံဖြူအမျိုးသမီးသည် စန်းလန်ကျွင်းကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်တစ်ချက်ပေးလာ၏။ ထိုအကြည့်တစ်ချက်မှာ သူ့ကို‌ချောက်နက်နက်ထဲဆွဲချသွားသည့်အလား ကြက်သီးဖြန်းဖြန်းထစေခဲ့လျက်။

ယဲ့ကျွင်းလင်၏မျက်နှာအမူအရာမှာလည်း ထိုအမျိုးသမီးကို အတော်လေးစိတ်ဝင်တစားဖြစ်နေဟန်ရှိ၏။

စန်းလန်ကျွင်းကို လှုပ်မရပြုမရကျန်ရစ်အောင် ဖိနှိပ်နိုင်သူသည် အနည်းဆုံးသော မသေမျိုးဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်။

အဓိကအချက်မှာတော့ ယဲ့ကျွင်းလင်သည် ထိုအမျိုးသမီးထံမှ လုံအော်ထျန်းထက်မနိမ့်နိုင်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၍ပင်။

ထိုအချက်ကို အတည်ပြုပြီးနောက် ဤသို့ကျဥ်းမြောင်းသိမ်နုပ်သည့်နေရာလေးတွင် ရှားပါးပါရမီရှင်တစ်ဦးရှိနေရခြင်းအား သူအလွန်အံ့သြသွားခဲ့ရသည်။"

နောက်ဆုံးတော့ လုံအော်ထျန်းဆိုသူမှာ ဘယ်လောက်ပင်မာနခေါင်ခိုက် လေကြီးမိုးကြီးတိုက်နေပေသည့် ထိပ်တန်းစွမ်းအားရှင်တစ်ပါးဖြစ်ကြောင်း ငြင်းမရလေအောင် ပါရမီထက်လှကာ နောက်လာမည့်အလားအလာများမှာလည်း ခိုင်မာတောင့်တင်းလှ၏။

သို့ပေမဲ့ ဤကပိုကရိုနိုင်လှသော နောက်ကြောင်းခန့်မှန်းမရနိုင်လှသည့် အမျိုးသမီးက အင်အားအရာတွင် ထိုလုံအော်ထျန်းနှင့် ရင်‌ဘောင်တန်းနိုင်လောက်သည်အထိ သာလွန်နေခဲ့သည်။

ယဲ့ကျွင်းလင် အခိုက်အတန့်မျှ စိတ်ဝင်စားသွားမိသည်။

အတွေးများလည်ပတ်နေစဥ် ထိုဝတ်ရုံဖြူအမျိုးသမီးသည် ယဲ့ကျွင်းလင်ဘေးသို့ စွေ့ခနဲရောက်လာကာ စားပွဲထက်လက်တစ်ဖက်ထောက်ကာ မေးတင်ရင်း သူ့နားရွက်နားတိုးကပ်လာသည်။ ကြည်လဲ့သောမျက်ဝန်းများဖြင့် ဆိုလာသည့်စကားက စနောက်ကလူချင်ဟန်။

"သခင်လေးရှင့်၊ ဒီညီမလေးနဲ့ ထမင်းတစ်နပ်လောက် အတူစားပေးလို့ရမလားနော်"

အလွန်အမင်းကွေးညွှတ်ချလိုက်သော ခန္ဓာကိုယ်ကြောင့် ဆွဲ‌ဆောင်မှုရှိသော ရင်ဘတ်အပေါ်စီးမြင်ကွင်းက ယဲ့ကျွင်းလင်မျက်လုံးရှေ့တည့်တည့် ထိုးကျရောက်ရှိလာလေသည်။

မြင်ကွင်းက အ‌တော်လေးသာယာပါပေတယ်။

အားပါးပါး နည်းတာကြီးမဟုတ်ဘူး အမှတ်ပြည့်ပဲ။

သို့သော် တစ်ချိန်တည်းမှာပင် ပြင်းထန်သော အရက်နံ့နံ့စူးစူးကြောင့် ယဲ့ကျွင်းလင်မသိလိုက်စွာ မျက်မှောင်ကြုတ်မိလိုက်၏။

ဘယ်နှယ့် အရက်သမားမျိုးပါလိမ့်။

"ကျေးဇူးပါရှင့်"

သူ့ဘက်က ဘာမှပြန်မပြောနိုင်လိုက်သေးမီ ထိုအမျိုးသမီးကတော့ သူ့ဘေးကပ်ရပ်တွင် အားကြိုးမာန်တက်ဝင်ထိုင်ချလိုက်လေသည်။

ထို့နောက် တူတစ်စုံကောက်ယူကာ အစားအသောက်များကို ပါးစပ်ထဲအပြည့်ထိုးသွပ်လျက် ဝူးဝူးဝါးဝါးအသံများထွက်ပြီး စားသောက်လေသည်။ စကားပြောနေဟန်ရသော်ငြား ပါးစပ်အပြည့်စားစရာများကြောင့် တစ်လုံးမှမသဲကွဲပေ။

ယဲ့ကျွင်းလင်: “???”

ဖရီးကြိတ်ဖို့သက်သက်ရောက်လာတာပဲကိုး။

ညီမလေးရယ်၊ မင်းမလည်း အရှက်ကိုမရှိတော့တာပါလား။

"အာ ဒီဟာကတော့.."

စန်းလန်ကျွင်းလည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်နေဟန်ဖြင့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး၏ ဖြစ်ချင်တိုင်းဖြစ်နေပုံကို ထိုင်သာကြည့်နေရတော့လေ၏။

မည်သို့ပင် အမြင်မတော်လှပါစေ ယဲ့ကျွင်းလင်ကတော့ တားဆီးခြင်းမပြုဘဲ သူမကိုဆက်စားဖို့ပင် လက်ဟန်ပြလိုက်သေးသည်။

ဤသို့ဖြင့် ထိုအမျိုးသမီးသည်လည်း ပို၍အားတက်ကာ အားရပါးရစားသောက်တော့၏။ ကောင်းကင်ခွေးသားဟင်းကို အထူးနှစ်သက်ပုံရကာ သူမ၏ပါးစပ်တစ်ဝိုက်တွင်လည်း ဆီများဖြင့်ဝင်းပြောင်လျက် တစ်ချက်ချက် လက်ထဲရှိသေရည်အိုးကို ခေါင်းမော့ကာ တကျိုက်ကျိုက်သောက်တတ်သေးသည်။ မျက်နှာထားအရတော့ အတော်လေးစိတ်လက်ကြည်ရွှင်နေဟန်။

သနားစရာ ကောင်းပုလီ၏မျိုးနွယ်လေးခမျာတော့ ထိုအမျိုးသမီးလှလှ၏ပါးစပ်အထဲ တစ်ကောင်လုံးခုန်ဝင်သွားခဲ့ရကာ ပန်းကန်ပင်ဆေးစရာမလိုအောင် အပြောင်လျက်ခံလိုက်ရသည်။

တော်တော်သွက်တဲ့လျှာပါလား။

တည်းခိုခန်းရှိ လူတိုင်းမှာလည်း ဤထူးဆန်းသောမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ဝိုင်းကြည့်နေကြသည်။

မိန်းမပျိုလှလှလေးက ဒီလိုလည်း အလားဂုန်းဆင်းတတ်သေးတာလား။

ရုပ်လေးချောရုံနဲ့ ပိုက်ဆံမပါလည်း ထမင်းစားလို့ရတာလား။

မနာလိုစရာပဲ။

စိတ်ကျေနပ်လောက်အောင် စားသောက်အပြီး အမျိုးသမီးသည် ဂေ့ခနဲလေချဥ်တက်ကာ အများသူငှာ၏အမြင်ကို နည်းနည်းမှဂရုမစိုက်ဟန်ဖြင့် ထိုင်ခုံပေါ်ထိတင်ပျဥ်ချိတ်ထိုင်လျက် ပွင့်ပွင့်လင်းလင်းပင် သွားကြားထိုင်ထိုးသည်။ ဘဝင်မြင့်ပြီး ရိုင်းစိုင်းမောက်မာနေဟန် ရှိလှပေတည့်။

"ဒီကောင်းကင်ခွေးသားက အမြဲအကောင်းဆုံးဖြစ်နေတုန်းပဲ။ ဒီခရီးကိုလာရတာ အလဟဿတော့မဖြစ်ခဲ့ဘူး။ ဟိဟိ"

ရိုင်းစိုင်းသောစကားလုံးများကြောင့် ကြားရသူတိုင်း စိတ်မသက်မသာဖြစ်သွားရသည်။

"နေပါဦး ငါအခုမှတ်မိသွားပြီ။ အဲ့မိန်းကလေးက ကောင်းကင်ပြာမဟာနယ်ပယ်က လော့ချင်းဝူမဟုတ်လား။ မြောက်ပိုင်းအေးခဲမသေမျိုးဒေသတစ်ခုလုံးမှာ အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်လို့ လူသိများတယ်လေ"

ရှေးဟောင်းသရဖူတစ်ခုကို ဆင်မြန်းထားသော သက်လတ်ပိုင်းလူတစ်ဦးက သူ့ခေါင်းသူပိတ်ရိုက်ကာ ရုတ်တရတ်ထပြောလိုက်သည်။

"ဘုရားဘုရား သူကအဲ့ဒီအရှက်မရှိတဲ့မိန်းမလို့ နာမည်ကြီးတဲ့တစ်ယောက်လား"

အခြား ဗဟုသုတစုံလင်ဟန်ရှိသော အမျိုးသားကျင့်ကြံသူတစ်ဦးကလည်း လွှတ်ခနဲထပြောမိပြီးမှ ပါးစပ်ကိုအမြန်အုပ်ကာ ထိုင်ခုံထဲကျုံ့ဝင်သွားတော့မတတ် ခေါင်းပုသွားပြီး ကြောက်ကြောက်ဖြင့်တုန်ရီနေတော့သည်။

"ဟိုက်"

ထိုစဥ် သက်ပြင်းရှိုက်သံများ အာမေဋိတ်သံများ ပလုံစီအောင်ထွက်ပေါ်လာကြသည်။

ထိုအမျိုးသမီးကိုကြည့်နေသော အကြည့်များမှာလည်း ထိတ်လန့်မှုနှင့် ကြောက်လန့်မှုတို့ ရောယှက်နေလျက်။

ယနေ့မထွက်ခွာခင် ပြက္ကဒိန်လောက်တော့ ကြည့်ခဲ့ရကောင်းသားဟု သူတို့တိတ်တဆိတ်တွေးမိကြသည်။ မည်သို့သောပြဿဒါးနေ့မျိုးမလို့ ဒီလိုမိန်းမနှင့်မှ တည့်တည့်တိုးရလေသနည်း။

နာမည်အကြီးဆုံး အထူးကဲဆုံး မသေမျိုးဧကရာဇ်တစ်ပါးဖြစ်သော ထိုလော့ချင်းဝူသည် မြောက်ပိုင်းအေးခဲမသေမျိုးဒေသတစ်ခုလုံးတွင် အရှက်မရှိလော့မျိုးရိုးဟု နာမည်ကြီးပါသော ကျင့်ကြံသူအမျိုးသမီးတစ်ယောက်ဖြစ်၏။ နာမည်ဆိုးဖြင့်ကျော်ကြားကာ သူတော်ကောင်းကျင့်ကြံရေးလမ်းထက်မှ ကျင့်ကြံသူအများအပြား၏ မုန်းတီးရွံရှာခြင်းကိုခံရသည့်အတွက် အရှက်မရှိလော့မျိုးရိုးဟု အမည်တွင်ခဲ့ရခြင်းပင်။

သူမ၏အင်အားမှာ သံသယဝင်စရာမရှိအောင်သန်မာလှကာ ထိုမျက်နှာလှလှလေးဖြင့်ပေါင်းစပ်သော် သီအိုရီကျကျဆိုရလျှင် ကိုးကွယ်ရူးသွပ်သူအမြောက်အများ ရှိနေသင့်သည်မဟုတ်ပါလော။ သို့သော် သူမ၏ နှစ်ပေါင်းများစွာကြာရှည်လှပြီဖြစ်သော အကျင့်ပျက်လုပ်ရပ်များကြောင့် ကိုးကွယ်သူအစား ရွံမုန်းသူများသာ ရိုက်သတ်မကုန်အောင်ရှိလေသည်။

ဤသို့ တစ်မျိုးတစ်မည်ပုံမှန်မဟုတ်လှပါသော လော့ချင်းဝူအကြောင်း အကြမ်းဖျင်းပြောရလျှင် အမျိုးသမီးကျင့်ကြံသူအများသည် သူမကိုကျက်သရေကင်းမဲ့သူအဖြစ်သတ်မှတ်ထားကာ မရေမတွက်နိုင်သော အမျိုးသားကျင့်ကြံသူများမှာ ထိုနာမည်ကြားရုံဖြင့် နေစရာမရှိအောင်တုန်လှုပ်ကြရလေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက မသေမျိုးသူတော်စင်တစ်ပါး၏သားဖြစ်သူသည် သူ့အဆင့်အတန်းကိုတော့ မည်သူမှရန်မစရဲလောက်သူသတ်မှတ်ကာ လော့ချင်းဝူကိုတိုက်ရိုက်ပင် မထိတထိသွားလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် လော့ချင်းဝူသည် ထိုသူကိုဖမ်းဆီးကာ သတ်သေချင်လောက်သည်အထိ မပြတ်ညှင်းပန်းခဲ့သည်။ ဖခင်ဖြစ်သူ မသေမျိုးသူတော်စင်၏ ငယ်သားများမှ ရှာတွေ့ချိန်တွင်မူ ထိုယောက်ျားသည် သွေးအလူးလူးပေကျံနေသော လူသားတုတ်ချောင်းလေးတစ်ချောင်းအဖြစ်သာ ကျန်ရှိခဲ့ကာ ထိုတုတ်ချောင်းလေးကို အညစ်အကြေးတွင်းထဲတွင် စိုက်ထူထားခဲ့သည်။ အသက်ကတော့ ကြာရှည်လှစွာကတည်းက ကင်းမဲ့နေခဲ့လေပြီ။

ထိုအဖြစ်အပျက်ပေါ်ပေါက်အပြီးတွင် မြောက်ပိုင်းအေးခဲမသေမျိုးဒေသတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ ထိုမသေမျိုးသူတော်စင်မှာတော့ အကြီးအကျယ်ဒေါသထွက်လျက် ကိုယ်တိုင်ဦးဆောင်လျက် လော့ချင်းဝူကို သည်းသည်းမည်းမည်းလိုက်ရှာခဲ့သည်။ သို့သော် အချိန်တစ်ခုကြာသည်အထိ အစအနပင်ရှာမတွေ့ခဲ့ခြင်းကြောင့် သူကိုယ်တိုင်ပင် တုန်လှုပ်ခဲ့ရသည်ဟူ၏။

နောက်ဆုံးတွင်တော့ လော့ချင်းဝူ၏ဂိုဏ်းမှ အာဏာသုံးကာ ကြားဝင်စေ့စပ်ပေးခဲ့သည်။ အဆင့်အတန်းတူ မသေမျိုးသူတော်စင် အကြီးအကဲတစ်ဦး၏ ဖျန်ဖြေညှိနှိုင်းပေးခြင်းကြောင့်သာ ထိုမသေမျိုးသူတော်စင်သည် ရွေးချယ်စရာမရှိစွာ ဒေါသကိုမျိုချလျက် လှည့်ပြန်သွားခဲ့ရတော့သည်။

ထိုအဖြစ်အပျက်ဖြင့် လော့ချင်းဝူ၏ ကြမ်းကြုတ်မှုဂုဏ်သတင်းသည် တဟုန်ထိုးကျော်ဇောလာကာ အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်ဟူသည့်ဂုဏ်ပုဒ်ကိုလည်း ပို၍ခိုင်မြဲစွာထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုလော့ချင်းဝူသည် ယွီရှန်းမဟာနယ်ပယ်ရှိ မထင်မရှားမြို့ငယ်လေးတစ်ခု၌ ဤသို့အဆက်အစပ်မရှိပေါ်လာခဲ့လေပြီ။

ပျက်စီးကျိုးပဲ့နေသော နတ်ကွန်းငယ်လေးထံ နတ်ဘုရားကြီးတစ်ပါးက ရုတ်ချည်းလာရောက်လည်ပတ်သည့်အလား။

သူတို့အားလုံး မည်သို့ မထိတ်လန့်ဘဲရှိမည်နည်း။

"မြောက်ပိုင်းအေးခဲမသေမျိုးဒေသရဲ့ အသန်မာဆုံး မသေမျိုးဧကရာဇ်အရှင် လော့ချင်းဝူတဲ့လား"

တီးတိုးစကားသံများမှတစ်ဆင့် ယဲ့ကျွင်းလင်သည် ဤအမျိုးသမီး၏နောက်ခံဂုဏ်ပုဒ်အား သိလိုက်ရ၏။

"ဒီလောက်ကြောက်စရာကောင်းနေတာ အံ့သြစရာမဟုတ်တော့ပါဘူး"

စန်းလန်ကျွင်းလည်း ကြက်သီးထရင်းဖြင့် စိတ်ထဲမှရေရွတ်မိသည်။

"ကျွန်မကအဲ့လောက်အရှက်မရှိတာမဟုတ်ပါဘူးနော်။ ကောလဟလတွေကို မယုံစားစမ်းပါနဲ့"

လော့ချင်းဝူ၏မျက်နှာက အရက်ရှိဖြင့်ရဲတက်နေကာ နူးညံ့သောကိုယ်ခန္ဓာသည် ယဲ့ကျွင်းလင်၏လက်မောင်းထက် တင်းတင်းဖိကပ်လာသည်။ သွယ်လျသော ကျောက်စိမ်းသားလက်ချောင်းလေးတစ်ချောင်းက မြှောက်တက်လာကာ ယဲ့ကျွင်းလင်၏မေးဖျားကို လှပ်ခနဲပင့်တင်လိုက်၏။ ရဲတင်းသောလုပ်ရပ်များသည် စိန်ခေါ်လိုမှုအပြည့်ဖြင့် စကားလုံးများက မြူဆွယ်ခြင်းသင်းပျံ့လျက်။

"ရက်ရောတဲ့ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ် သခင်ငယ်လေး"

"ကျွန်မလော့မျိုးရိုးက ကျေးဇူးတရားကို အလကားထားတတ်တဲ့သူမဟုတ်ပါဘူး။ ဒီလောက်ခန့်ညားတဲ့မျက်နှာလေးနဲ့ဆိုမှတော့ ကျွန်မလည်း ရှင်ပြုသမျှနုပေးဖို့ ဆန္ဒရှိပါတယ်။ ဘယ်လိုလဲဟင် ဆန္ဒတွေဖြည့်ဆည်းပေးရတော့မလား.."

All Chapters