← Chapters

အပြန်အလှန် လှည့်ကွက်ဆင်

Vol. 51 Ch. 702

အပြန်အလှန် လှည့်ကွက်ဆင်

Vol. 51 Ch. 702

ဤမြင်ကွင်းကို ကြည့်နေကြသောလူတိုင်း၏ မျက်နှာထက်တွင် ဖော်ပြမရနိုင်လောက်အောင် စုံလင်လှသော အမူအရာများစွာ ဖြစ်ပေါ်နေသည်။

အထူးသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အမျိုးသားကျင့်ကြံသူများ၏ မျက်ဝန်းများတွင် မနာလိုဝန်တိုမှုများဖြင့် မျက်နှာအရောင်များပါ စိမ်းပုပ်လာတော့မလား ထင်မှတ်ရလောက်၏။

လော့ချင်းဝူသည် မြောက်ပိုင်းအေးခဲမသေမျိုးဒေသတွင် မည်သို့ပင်နာမည်ဆိုးဖြင့် ကျော်ကြားပါသော်လည်း သူမ၏ ထိပ်တန်းမျက်နှာအလှနှင့် အချိုးကျသောကိုယ်လုံးကိုယ်ပေါက်၊ ထို့အပြင် ပြိုင်စံရှားအစွမ်းထက်လှပါသော ခွန်အားနှင့် ‌ကျော်ကြားမှုဂုဏ်ဒြပ်တို့ကြောင့် အမျိုးသားများစွာမှာ လေးစားကြောက်ရွံ့စိတ်ဖြင့် အဝေးကသာ လှမ်းမျှော်ကြည့်နေရပါသော်ငြား တစ်ဖက်တွင်မူ ရင်းနှီးခွင့်ရရန် ပြင်းပြစွာ တောင့်တနေကြရသူဖြစ်သည်။

ယခု ထိုကဲ့သို့သော ပါရမီရှင်အမျိုးသမီးတစ်ယောက်က ဘယ်သူဘယ်ဝါမှန်းမသိရသော အမျိုးသားတစ်ဦးကို ရုပ်ရည်ချောမောသည်ဆိုသည့် အကြောင်းပြချက်သက်သက်ဖြင့် မိမိကိုယ်ကို ပေးဆပ်ရန် လိုလိုလားလား ကမ်းလှမ်းနေသည် မဟုတ်ပါလား။

သူတို့အမြင်တွင်မူ ယဲ့ကျွင်းလင်မှာ တကယ့်ကို အမြတ်အကြီးစားရသွားခြင်းပင်။

"ထွီ၊ တကယ့်ကို လူရမ်းကားမပဲ၊ နေ့ခင်းကြောင်တောင် ဒီလိုဖြစ်ပျက်နေတာ အရှက်မရှိဘူးလားမသိဘူး"

စင်္ကြံလမ်းတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူအချို့က စိတ်ထဲမှ မလိုတမာရေရွတ်လိုက်ကြသည်။

သို့သော် သူတို့၏အကြည့်များ ယဲ့ကျွင်းလင်ထံသို့ ဝေ့ဝဲကျရောက်သွားချိန်တွင်မူ နှလုံးသားများက မထိန်းနိုင်အောင် ခုန်လှုပ်သွားရပြန်သည်။ မိန်းမပျိုလေးတို့မှာ မိမိတို့၏ နှုတ်ခမ်းနီနီလေးများကို အသာဖိကိုက်ကာ အတွေးကမ္ဘာထဲတွင် နစ်မျောနေကြပြီး ခြေထောက်လေးများကိုလည်း တစ်ဖက်ပေါ်တစ်ဖက်ထပ်လျက် ပူးကပ်ပွတ်သပ်နေမိကြသည်။

အမှန်အတိုင်းပြောရလျှင် ဤသခင်လေးမှာ ရင်မခုန်ဘဲမနေနိုင်အောင် ချောမောလွန်းလှသဖြင့် တစ်ခုခုသာ ဖြစ်ခွင့်ရမည်ဆိုပါက သူတို့ဆိုလျှင်လည်း ကြည်ကြည်ဖြူဖြူပင် လက်ခံမိကြမည်ဖြစ်သည်။

သို့သော် လက်သွက်သူက အရင်ဦးသွားလျှင်တော့ နှမြောရုံသာတတ်နိုင်တော့ပေမည်။

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော စန်းလန်ကျွင်းမှာမူ အတော်လေးနေရထိုင်ရခက်နေဟန်ရှိကာ ယဲ့ကျွင်းလင်နှင့် လော့ချင်းဝူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေရသည်။

မင်းတို့ဟာက နည်းနည်းတော့မလွန်ဘူးလား။

ဒီအဘိုးကြီးရဲ့ ခံစားချက်ကိုရော ထည့်မစဉ်းစားကြတော့ဘူးလား။

ပြောစရာစကားတောင်မရှိတော့ဘူး...

ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာမှာတော့ အတော်လေးထူးဆန်းနေပုံရသည်။

မြတ်စွာဘုရား၊ သူ အခု မြူဆွယ်ဖျားယောင်းခံနေရတာလား။

"သခင်လေးလို့... ဘာလို့ စကားပြန်မပြောတာလဲ။ ဒီနေရာမှာတင် ရှက်စရာတွေလုပ်လိုက်ချင်လို့လား။ ရှင်သာလုပ်ချင်တယ်ဆိုရင် ကျွန်မကလည်း အဖော်ပြုပေးဖို့အသင့်ပါနော်"

လော့ချင်းဝူ၏ စကားလုံးများက ပို၍ပွင့်လင်းမြင်သာလာပြီး လေသံမှာလည်း ရာဂစိတ်ကို လှုံ့ဆော်သကဲ့သို့ ဆွဲငင်လျက်ရှိသည်။ ပတ်ဝန်းကျင်မှ အကြည့်များကို လုံးဝပင် ဂရုမစိုက်တော့ဟန်ပေ။

တည်းခိုခန်းအတွင်းတွင် အံ့သြတကြီး အာမေဋိတ်သံအမျိုးမျိုးက နေရာတိုင်းမှထွက်ပေါ်လျက်။

ကျင့်ကြံသူများမှာ တံတွေးကိုခက်ခက်ခဲခဲမျိုချလျက် တုန်လှုပ်စွာ ဆက်ကြည့်နေရသည်။

လုပ်ရဲကိုင်ရဲပါလားဟ။

နောက်လာမဲ့အပိုင်းတွေကို အခမဲ့ ကြည့်ရတော့မှာလား။

ဒီနေ့စားတဲ့ထမင်းဖိုးတော့ တကယ်တန်သွားပြီ။

ထူးဆန်းသည်မှာ ယဲ့ကျွင်းလင်ကတော့ စိတ်လှုပ်ရှားခြင်းမရှိဘဲ အေးအေးဆေး‌ဆေး စဉ်းစားခန်းဝင်နေခြင်းပင်။

နတ်မိမယ်တိုင်းပြည့်တွင် သူလှည့်လည်ခဲ့စဥ်က ပြည့်ရှင်ဘုရင်မ တုန်ဖန်းကျင်းသည်လည်း သူ့ကို ယခုကဲ့သို့ပင် တက်ကြွစွာ မြူဆွယ်ခဲ့ဖူးသည်။ ထိုစဉ်က သူ၏ခန္ဓာကိုယ်သည် အချက်ပေးစနစ်ကဲ့သို့ တုံ့ပြန်လာခဲ့ပြီး တစ်ဖက်လူတွင် အကြံအစည်ရှိကြောင်းနှင့် ချစ်ရေးချစ်ရာကိစ္စတွင် အထူးကျွမ်းကျင်ကြောင်း အလိုလိုသိခဲ့ရသည်။

သို့သော် ယခုရှေ့မှ အဖြူရောင်ဝတ်စုံနှင့် ပွေလီလှပါသည်ဆိုသော အမျိုးသမီးကို ရင်ဆိုင်ရချိန်တွင်မူ သူ့ခန္ဓာကိုယ်မှ မည်သည့်တုံ့ပြန်မှုမှရှိမလာခဲ့။

ဘာကိုဆိုလိုပါသနည်း။

ရုတ်တရက် ယဲ့ကျွင်းလင်သည် လော့ချင်းဝူ၏နှုတ်ခမ်းထက်မှ မသိမသာ ပြုံးယောင်သန်းနေမှုကို သတိပြုမိလိုက်သည်။ အထူးသဖြင့် သူမ၏မျက်ဝန်းများမှာ ဖမ်းမိထားသော သားကောင်ငယ်ကို လေ့လာဆန်းစစ်နေသည့်အလား။

ယဲ့ကျွင်းလင် ချက်ချင်းပင် နားလည်သွားသည်။ ဤအမျိုးသမီးမှာ အပြောသက်သက်သာ နှုတ်ရဲနေခြင်းဖြစ်ပြီး အစစ်အမှန် ရည်ရွယ်ချက်မှာ တစ်ဖက်ယောက်ျားသားအား စိတ်ကြွလာစေပြီး အခွင့်အရေးရှိလာပြီဟု ထင်မှတ်သွားစေရန်ဖြစ်သည်။ သူသာ ဤဖိတ်ခေါ်မှုကို အလေးအနက်ထားလိုက်ပါက ဟားတိုက်ခံရပေလောက်မည်။

ဒါတွေအားလုံးက လှည့်ကွက်တွေပဲ။

မင်းက ဒီလိုကစားချင်တယ်ဆိုမှတော့ ငါကလည်း အဆုံးထိ လိုက်ကစားပေးရတာပေါ့။

အတွေးနှင့်အတူ ယဲ့ကျွင်းလင်သည် ရှေ့သို့တိုးသွားပြီး လော့ချင်းဝူ၏နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"မင်းကတော်တော်ဆိုးတာပဲ"

လော့ချင်းဝူ၏ အမူအရာမှာ တခဏမျှတောင့်တင်းသွားပြီးနောက် တဟားဟားအော်ရယ်တော့သည်။ ရယ်မောလိုက်သဖြင့် သူမ၏ရင်အစုံမှာလည်း နိမ့်ချည်မြင့်ချည်နှင့် လှုပ်ခါနေတော့၏။

"သခင်လေးရယ်၊ ဒါကိုတော့ ချီးကျူးစကားလို့ပဲ မှတ်ယူလိုက်ပါ့မယ်။"

ယဲ့ကျွင်းလင်က ဆက်ပြောသည်။ "မင်းအထဲမှာ ဘာလေးဝတ်ထားသလဲ ကိုယ့်ကိုပြကြည့်ပါလား။ မြန်မြန်လေး အချိန်မဆွဲနဲ့တော့"

အတော်လေးကို စိတ်မရှည်လက်မရှည်ဖြစ်နေဟန်လေသံပင်။

လော့ချင်းဝူ၏မျက်နှာထက်မှ အပြုံးများ အေးခဲသွားကာ တမုဟုတ်ချင်းပင် ဒေါသရိပ်လွှမ်းလာတော့၏။

နင်ကများ ဘာအဆင့်ရှိလို့ ငါ့ကိုအမိန့်ပေးရဲတာလဲ။

"တွန့်တိုလှချည်လား။ ဒီလောက်တောင်လုပ်မပေးနိုင်ဘဲ ငါ့ကိုလာစနေရသေးလား။ သွား ထွက်သွားတော့"

ယဲ့ကျွင်းလင်သည် လော့ချင်းဝူကို တွန်းထုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးမှာ မထီမဲ့မြင်ဟန်ဖြင့် မော်ကြွားစောင်းချိတ်လျက်။

တစ်လောကလုံး တိတ်ဆိတ်သွားရသည်။

လော့ချင်းဝူ၏ မျက်နှာမှာ အကျည်းတန်စွာ ပျက်ယွင်းသွားတော့သည်။ ထိုအချိန်မှသာ သူမလည်း တစ်ဖက်လူထံမှ ပြန်အကစားခံနေရကြောင်း သိလိုက်တော့၏။

သူမသည် အမြဲတမ်းပင် ယောကျာ်းများကို စနောက်ရသည်အား ဝါသနာထုံသူဖြစ်၏။ အထူးသဖြင့် ရုပ်ရည်ချောမောသူများကို ပြင်းပြင်းပြပြမြူဆွယ်တတ်ပြီး စိတ်လှုပ်ရှားမှု အထွတ်အထိပ်ရောက်ချိန်မှ ရုတ်တရက် အမူအရာပြောင်းကာ ထထွက်သွားတတ်လေ့ရှိသည်။ တစ်ဖက်ကိုလူချော ခမျာတော့ သူ့ဆွဲဆောင်မှုသူ သံသယတဝေဝေနှင့် ကျန်ခဲ့ရမည်သာ။

ယနေ့အထိ သူမ မအောင်မြင်ခဲ့ဖူးသည့် ပစ်မှတ်မျိုးမရှိ။ မသေမျိုးဘုံရှိ ဂုဏ်သိက္ခာကြီး သူတော်စင်ကြီးများပင် သူမ၏လှည့်ကွက်အောက်ကျရှုံးကာ လူအများကြား မျက်နှာမပြဝံ့ဖြစ်ခဲ့ရဖူး၏။

သို့သော် ယခုမူ...

သူမသည် ဤငွေရောင်ဆံပင်ဖြင့် လူငယ်လေးလက်ထဲ ကျရှုံးသွားခဲ့ရလေပြီ။

"နင်ကများငါ့ကို အဲ့လိုစကားပြောဝံ့တယ်ပေါ့။ တယ်သတ္တိကောင်းနေတာပဲ"

လော့ချင်းဝူသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ယခုအခါ သူမ၏သွင်ပြင်သည် ဖရိုဖရဲ လှုပ်လီလှုပ်လဲ့ဟန်များ လုံးဝပျောက်ဆုံးလျက် ထက်ရှသောနတ်ဓားတစ်စင်းကဲ့သို့ အရှိန်အဝါများ လက်လက်ထလျက်ရှိသည်။

လူအများကို ပြင်းထန်သောဖိအားဖြင့် ငြိမ်ဝပ်စေလျက်။

စန်းလန်ကျွင်းမှာလည်း ထိတ်လန့်တုန်လှုပ်နေရသည်။

ပတ်ဝန်းကျင်လေထုမှာ ရုတ်တရက် တင်းမာသွားပြီး ကျင့်ကြံသူအပေါင်း အသက်ရှူဖို့ပင် ခက်ခဲလာရတော့သည်။

သို့သော် ယဲ့ကျွင်းလင်မှာမူ မည်သည့်ခံစားချက်မှရှိဟန်မတူဘဲ ခပ်သာသာရယ်မောလိုက်ပြီး စားပွဲကို လက်ချောင်းဖြင့် တဒေါက်ဒေါက်ခေါက်ရင်းဆိုသည်။

"ဟားဟား အခြေအနေကို ရှင်းရှင်းလင်းလင်းသိအောင် အရင်လုပ်ပါဦး။ မင်းပဲအရှက်မရှိ သူများထမင်းကို အလကားဝင်စားသွားတာမဟုတ်လား"

လော့ချင်းဝူ မျက်မှောင်ကြုတ်သွားသည်။

ယဲ့ကျွင်းလင်၏ တည်ငြိမ်မှုမှာ တစ်ခုခုမှားယွင်းနေသည်ဟု သူမခံစားမိနေသည်။

အစပိုင်းတွင် ထိုသူသည် ဂုဏ်သရေရှိမိသားစုမှ သခင်လေးတစ်ပါးပါးဖြစ်မည်ဟု ထင်ထားသော်လည်း သူမလူကဲခတ်မှားသွားဟန်ပင်။

လော့ချင်းဝူ နောက်ထပ်စမ်းသပ်ရန် ပြင်လိုက်စဉ်မှာပင် ကြည်လင်သာယာသော အမျိုးသမီးအသံတစ်ခုက တည်းခိုခန်းအပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။

"ဆရာသခင်၊ ဘယ်လိုလုပ်ဒီရောက်နေရတာလဲ"

အစိမ်းနုရောင်ဝတ်ရုံဖြင့် အမျိုးသမီးငယ်တစ်ဦးသည် လော့ချင်းဝူ၏အနားသို့ ရောက်ရှိလာကာ နုနယ်သောမျက်နှာလေးထက်မူ စိတ်ပျက်လက်ပျက်ဟန်အရိပ်အယောင်ဖြင့်။

ဤသူမှာ ထန်ယောင်ယောင်ပင် ဖြစ်သည်။

"အလို... မြတ်စွာဘုရား၊ ဒါက ဝမ်ကျန့်မြို့တော် မြို့စားမင်းရဲ့ သမီးပဲ"

"အဲ့မိန်းကလေးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂိုဏ်းတစ်ခုကို ဝင်သွားတယ်လို့ ကြားတယ်၊ လော့ချင်းဝူတပည့်ဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး"

"ဒီလိုအရိုင်းအစိုင်းက ဆရာဖြစ်ဖို့ထိုက်တန်လို့လား၊ တပည့်တွေကို လမ်းမှားပို့မိမှာမကြောက်ဘူးလား"

"ရှူး... စကားပြောတာ ဆင်ခြင်ဦး"

ထန်ယောင်ယောင် ရောက်ရှိလာမှသာ ထိုနှစ်ဦးမှာ ဆရာတပည့်တော်စပ်ကြောင်း အားလုံးသိသွားကြရခြင်းဖြစ်သည်။

"ငါဗိုက်ဆာလို့ စားစရာဝင်ရှာတာပါအေ"

လော့ချင်းဝူပုံစံက ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ သူမ၏တပည့်ကို ပြုံးကြည့်နေသည်။

ထန်ယောင်ယောင်မှာ ခေါင်းကိုက်သွားရသည်။

ခန့်မှန်းစရာပင်မလို၊ နောက်တစ်ကြိမ် အလကားဝင်စားပြန်ပြီဖြစ်ရမည်။

ထန်ယောင်ယောင်၏ အကြည့်များက ယဲ့ကျွင်းလင်ထံ ကျရောက်သွားချိန်တွင်မူ မိန်းကလေးမှ မှင်တက်မိသွားရ၏။

ချောလိုက်တဲ့ သခင်လေးပါလားရှင်။

ဂိုဏ်းမှာနေတုန်းကတောင် ဒီလိုအရှိန်အဝါနဲ့ရုပ်ရည် လိုက်ဖက်ညီလှတဲ့ယောက်ျားမျိုး တစ်ခါမှမတွေ့ဖူးဘူး။

"ဒီကသခင်လေး တောင်းပန်ပါတယ်ရှင်၊ ဒီထမင်းဖိုးကို ဆရာသခင့်ကိုယ်စား ကျွန်မပေးပါ့မယ်။"

ထန်ယောင်ယောင်က ရိုးသားစွာ တောင်းပန်စကားဆိုလိုက်သည်။

ဆရာသခင်မှာ အရှက်မရှိလှသော်ငြား သူမကတော့ ထိုမျှမျက်နှာမပြောင်နိုင်။

"အဆင့်မြင့် မသေမျိုးသလင်းကျောက်နှစ်သောင်း" ယဲ့ကျွင်းလင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘယ်... ဘယ်လောက်ရယ်"

ထန်ယောင်ယောင် ဆွံ့အသွားရသည်။ ဤစားကြွင်းစားကျန်များက နှစ်သောင်းအထိ တန်ကြေးရှိလေသလော။

ထန်ယောင်ယောင်မှာ နှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်ကျသွားသလိုပင် ခံစားလိုက်ရကာ စကားဟမိသည်ကိုပင် နောင်တအကြီးအကျယ်ရမိတော့၏။

မသေမျိုးသလင်းကျောက် နှစ်သောင်းတဲ့လေ။

မျက်နှာမွဲမသေမျိုးတစ်ပါးအတွက် တစ်သက်လုံးစုဆောင်းတောင် တစ်သောင်းမပြည့်နိုင်တဲ့ မသေမျိုူးသလင်းကျောက်ကိုမှ နှစ်‌သောင်းတောင်လား။

ဖြစ်ချင်သော့ သူမသည်လည်း မျက်နှာမွဲမသေမျိုးလေးတစ်ပါးသာ။

အမှန်တော့ သူမ၏ထူးဆန်းလှသော ဆရာသခင်ကား တရားခံသာပင်။ သူမရသမျှ ထောက်ပံ့ကြေးများ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ ဆရာသခင်၏အရက်ဖိုးသာဖြစ်သွားရသည့်အတွက် သူမဤမျှကျပ်တည်းနေရခြင်းပင်။

ထို့ကြောင့် နှစ်သောင်းဆိုသည့်ပမာဏက ထန်ယောင်ယောင်ကို ယိုင်လဲစေတော့မတတ် ပြင်းထန်လှသည်။

သူမသည် လော့ချင်းဝူကို စိတ်ပျက်လက်ပျက်အကြည့်များဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့ တုံးအလိုက်တဲ့ တပည့်မလေးရယ်... ဒီအဖိုးအခလောက်တော့ ဆရာသခင်ရဲ့အလှအပနဲ့တင် ကျေရောပေါ့" လော့ချင်းဝူက ဝင်ပြောသည်။

ထန်ယောင်ယောင်: "?"

ဒီလိုစကားမျိုးကို ဘယ်လိုတောင် ပြောထွက်ရတာလဲ။

ယဲ့ကျွင်းလင်မှာလည်း ထိုအမျိုးသမီး၏ အရှက်မရှိမှုကို သြချယူရသည်။ မျက်နှာက နန်းတော်မြို့ရိုးထက်ပင် ထူလေသလော။

လော့ချင်းဝူမှာတော့ ထိုကိုယ်ရည်သွေးစကားကိုပြောအပြီး မာန်တက်နေဟန်ဖြင့် မျက်နှာချီလျက်ရှိကာ ပတ်ဝန်းကျင်၏ ကဲ့ရဲ့လှောင်ပြောင်ကြည့်များကိုလည်း ရှိသည်ဟုမထင်။

"ဒီကသခင်လေး တောင်းပန်ပါတယ်၊ ကျွန်မမှာ အခုလောလောဆယ် အဲဒီလောက်မရှိသေးလို့ အရစ်ကျ ပေးလို့ရမလားဟင်"

ထန်ယောင်ယောင်၏ ပါးပြင်လေးများမှာ ရှက်လွန်းသဖြင့် နီမြန်းနေတော့သည်။

ယဲ့ကျွင်းလင်က လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့၊ ဒီလောက်ငွေက ကျွန်တော့်အတွက် ဘာမှမဟုတ်ပါဘူး။"

သူ့အတွက်တော့ ပင်လယ်ထဲမှ ရေတစ်စက်စာလောက်သာ။

"ကျေးဇူးတင်ပါတယ် သခင်လေး၊ ရှင်က တကယ့ကို လူကောင်းတစ်ယောက်ပါပဲ"

ထန်ယောင်ယောင်မှာ အလွန်ကျေးဇူးတင်မိသွားပြီး ရှေးဟောင်းတံဆိပ်ပြားတစ်ခုကို ထုတ်ပေးကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဒါက ကျွန်မတို့ဂိုဏ်းရဲ့ တံဆိပ်ပြားပါ၊ နောင်တစ်ချိန်မှာ အခက်အခဲရှိရင် ဒါကိုသုံးပြီး ကျွန်မကိုရှာနိုင်ပါတယ်၊ ကျွန်မတတ်နိုင်သလောက် ကူညီပေးပါ့မယ်"

ယဲ့ကျွင်းလင်မှာ ထိုတံဆိပ်ပြားကိုကြည့်ကာ ရယ်ချင်စိတ်ကို အောင့်အီးထားလိုက်ရသည်။

ငါတောင်ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုရင် ညီမလေးတို့ဂိုဏ်းလည်း ကူညီနိုင်မှာမဟုတ်ပါဘူး။

သို့သော်လည်း ယဉ်ကျေးမှုအရ သူလက်ခံသိမ်းဆည်းထားလိုက်သည်။

လော့ချင်းဝူက မျက်လုံးလှန်ကြည့်ကာ မကျေမချမ်းဆိုသည်။ "အဲ့လောက်လိုလို့လား"

ထပ်မံအရှက်မကွဲစေရန် ထန်ယောင်ယောင်သည် လော့ချင်းဝူကို အတင်းဆွဲကာ ဆိုင်တွင်းမှ ထွက်ခွာသွားတော့၏။

လော့ချင်းဝူမှာ ယက်ကန်ယက်ကန် ပါသွားစဥ်တွင်ပင် ယဲ့ကျွင်းလင်ကိုတစ်ချက်လှည့်ကြည့်ကာ ထိုမျက်နှာအား စွဲနေအောင်မှတ်သားထားလိုက်သေးသည်။

သူတို့ဆရာတပည့် ထွက်သွားပြီးနောက် တည်းခိုခန်းအတွင်းတွင် ဆွေးနွေးသံများ ပြန်လည်ဆူညံလာတော့သည်။

မြို့စားမင်း၏ သမီးလိမ္မာလေးက မြေခွေးမလော့ချင်းဝူ၏ တပည့်ဖြစ်နေသည်ဟူသော သတင်းမှာ မြို့တစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်လှသည်။

"အကြီးအကဲယဲ့၊ ကျွန်တော်တို့ အခုဘာဆက်လုပ်ကြမလဲ" စန်းလန်ကျွင်းက မေးလိုက်သည်။

ယဲ့ကျွင်းလင် မတ်တပ်ရပ်လိုက်ပြီး "သွားကြစို့" ဟု ဆိုကာ တည်ငြိမ်စွာပင် ထွက်ခွာလာခဲ့တော့သည်။

All Chapters