တရားခံရှာခြင်း
Vol. 51 Ch. 703
တစ်ဖက်တွင်မူ ထန်ယောင်ယောင်သည် လမ်းတစ်လျှောက်တွင် ကျွီးယန်ခံတပ်၌ ဖြစ်ပျက်ခဲ့သမျှကို ဆရာသခင်ဖြစ်သူအား အသေးစိတ် ပြန်လည်ပြောပြနေသည်။
အထူးသဖြင့် လေဟာနယ်ထဲမှ ရွှေရောင်လက်ဝါးကြီး ရုတ်တရက်ပေါ်လာပြီး ကျွီးယန်ခံတပ်ကို တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်လိုက်သည်ဟူသောစကားအား ကြားလိုက်ရချိန်တွင်...
လော့ချင်းဝူ၏ မျက်ဝန်းများတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။
ဤနယ်မြေတွင် သူမအပြင် အခြားသော အစွမ်းထက်ကျွမ်းကျင်သူများ ရှိနေသေးသည်လော။
"ဆရာသခင်ရယ်... အဲဒီတုန်းက အခြေအနေက ဘယ်လောက်တောင် အန္တရာယ်များခဲ့လဲဆိုတာ ဆရာမသိပါဘူး။ တော်သေးလို့ အဲ့ဒီ ဘယ်ကမှန်းမသိတဲ့အကြီးအကဲက လက်ဦးမှုရယူပေးခဲ့လို့၊ မဟုတ်ရင် ကျွန်မ ပြန်တောင်လာနိုင်မှာ မဟုတ်ဘူး။ အဲဒီ ကျွီးယန်ခံတပ်ကကောင်လေးက ကျွန်မထက် အများကြီး ပိုသန်မာတာ"
ထန်ယောင်ယောင်က သူမ၏ရင်ဘတ်ကို လက်ဖြင့်အသာဖိကာ ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေသေးသည့်လေသံဖြင့် ပြောလိုက်သည်။
လော့ချင်းဝူ မျက်မှောင်ကြုတ်လိုက်သည်။ "နင့်အပြောအရဆိုရင် အဲဒီကလေးက အသက်ခြောက်နှစ်၊ ခုနစ်နှစ်ပဲ ရှိသေးတာကို မသေမျိုးဘုရင်အဆင့်တောင် ရှိနေပြီလား"
"ဟုတ်ပါတယ်ဆို"
"ပြီးတော့ မသေခင်နောက်ဆုံးအချိန်မှာ သူ့ရဲ့ မျက်ခုံးနှစ်ခုကြားကနေ ထူးဆန်းတဲ့စွမ်းအားတွေ ထွက်လာခဲ့တာ။ ကျွန်မခံစားမိသလောက်ဆိုရင် ဆရာဦးလေးနန်ကုန်းတောင် ခုခံနိုင်ဖို့ ခက်လိမ့်မယ်" ထန်ယောင်ယောင်က ဖြစ်စဥ်အကုန် ပြန်လည်ပြောပြသည်။
သူမပြောသော ဆရာဦးလေးနန်ကုန်းဆိုသည်မှာ မသေမျိုးစက်ဝန်း ကိုးပတ်လည်ရှိသော ထိပ်တန်း မသေမျိုးဧကရာဇ်တစ်ဦးဖြစ်ပြီး ဂိုဏ်းတော်တွင်လည်း ဩဇာအာဏာ အလွန်ကြီးမားသူဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် ထိုကြောက်မက်ဖွယ်မီးနဂါးနှင့် ရင်ဆိုင်ရပါက အသက်အန္တရာယ်ရှိနိုင်ပေသည် ဟူ၏။
"ဒါသာတကယ်ဆိုရင်တော့ အဲဒီကလေးက နောက်ခံနှယ်နှယ်ရရမဟုတ်လောက်ဘူး။ တိုက်ပွဲတွင်းပေါ်လာတဲ့ တိုက်ခိုက်မှုဟာလည်း တမင်တကာစီစဥ်ထားတာများလား"
လော့ချင်းဝူက မေးစေ့ကိုပွတ်ကာ စဉ်းစားခန်းဝင်နေသည်။
အသက် ခြောက်နှစ်၊ခုနစ်နှစ်နှင့် မသေမျိုးဘုရင်အဆင့်သို့ ရောက်ရှိနေခြင်းကပင် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။
သို့သော်လည်း တိုက်ပွဲအလယ်မှာပင် ထိုသို့ ပဟေဠိဆန်ဆန် တိုက်ခိုက်ခံရကာ သေဆုံးသွားခဲ့သည်။
တစ်ခုခုကတော့ သံသယဖြစ်စရာကောင်းနေလေပြီ။
ထိုစဥ် ရုတ်တရတ်ဆိုသလို တောက်ပနေသောကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်အတိကျသွားပြီး မည်းမှောင်သိပ်သည်းသော တိမ်တိုက်များက မြို့တော်တစ်ခွင်လုံးကို ဖိကြိတ်တော့မည့်အလား ဖုံးလွှမ်းလာသည်။
"ဘာလဲဟ"
မြို့အတွင်းရှိ ကျင့်ကြံသူများမှာ ကြောက်ရွံ့စိတ်များ လှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူတို့အားလုံး ကောင်းကင်ယံမှ လျင်မြန်စွာချဉ်းကပ်လာသော အနီရောင်မီးတောက်များကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေမိကြ၏။
ဧရာမမီးလုံးကြီးသည် ဝမ်ကျန့်မြို့တော်ပေါ်သို့ ရောက်ရှိလာကာ ဝဲပျံနေချိန်တွင် လေထုအတွင်းရှိ အပူချိန်မှာ ရုတ်တရက်မြင့်တက်လာပြီး ချော်ရည်အပြည့်နှင့် မီးတောင်ထဲရောက်နေသကဲ့သို့ ခံစားရကာ လူပေါင်းများစွာမှာ အာခေါင်ခြောက်ခန်း ရေငတ်မွတ်ပြီး အပူဒဏ်ကြောင့် နေရထိုင်ရခက်ခဲလာကြသည်။
"အကြီးအကဲခင်ဗျာ အခုလိုရောက်ရှိလာတာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်ထန်ယွမ်ဖုန်းက စနစ်တကျကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
မြို့စားမင်းအိမ်တော်အတွင်းမှ ခန့်ညားထည်ဝါသောဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်လာပြီး ရိုသေစွာဖြင့် လက်သီးကိုထပ်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ထိုသူသည် ဝမ်ကျန့်မြို့တော်၏ မြို့စားမင်းတစ်ဖြစ်လဲ ထန်ယောင်ယောင်၏ဖခင် ထန်ယွမ်ဖုန်းပင်ဖြစ်သည်။
ယခုအချိန်တွင် ထန်ယွမ်ဖုန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်နေလျက်၊
တစ်ဖက်လူ၏ အရှိန်အဝါမှာ သူစိတ်ကူးခန့်မှန်း၍ပင် မရနိုင်လောက်အောင် ကြီးမားလွန်းလှပြီး ဤကဲ့သို့ ရန်လိုသောဝင်ရောက်လာမှုကြောင့် ပြဿနာရှာရန်ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ထန်ယွမ်ဖုန်းမှာလည်း အလွန်ပင် ဇဝေဇဝါဖြစ်နေရသည်။ ဤသေးငယ်ပါသော ဝမ်ကျန့်မြို့ကလေးသည် ထိုမျှအင်အားကြီးသောပုဂ္ဂိုလ်ကို ဘယ်ကနေဘယ်လို သွားရောက်ပက်သက်ခဲ့မိပါသနည်း။
နီမြန်းသောမီးတောက်များ ကွယ်ပျောက်သွားပြီးနောက် မီးတောက်ချီလင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ နီညိုရောင်သမ်းနေသောမျက်နှာထက်တွင် ဆံပင်နှင့်မုတ်ဆိတ်ကျင်စွယ်များမှာလည်း အနီတောက်တောက်။ အမူအရာမှာ ခက်ထန်လှပြီး လေသံတွင် မထိန်းချုပ်နိုင်သောဒေါသများ ပါဝင်နေသည်။
"ငါ့သားရဲ့သေဆုံးမှုက မင်းရဲ့ ဝမ်ကျန့်မြို့နဲ့ ပတ်သက်နေတယ်။ မြို့စားတစ်ယောက်အနေနဲ့ မင်းဘက်က ဘာများရှင်းပြစရာရှိသလဲ"
ထိုတစ်ခဏမှာပင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်းအရှိန်အဝါများသည် မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လောကကြီးတစ်ခုလုံး ပြင်းစွာဖိအားအောက်သို့ မလှုပ်မယှက်နိုင်စွာ ကျရောက်သွားရတော့၏။
ထန်ယွမ်ဖုန်းသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
"မသေမျိုးသူတော်စင်ပဲ"
တစ်ဖက်လူက နောက်ခံအင်အားကြီးမားလိမ့်မည်ဟု သူကြိုတွက်သော်လည်း ဤမျှကြောက်စရာကောင်းသော အဆင့်မြင့်စွမ်းအားရှင်တစ်ပါး ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။
ထို့အပြင် လာရောက်ရခြင်းအကြောင်းရင်းမှာ သားဖြစ်သူအတွက် လက်စားချေရန်ပင်။
မေးစရာရှိသည်မှာ သူ၏သေးငယ်သောဝမ်ကျန့်မြို့လေးသည် ဤကြီးမားသောအမှုအခင်းကြီးတွင် မည်သို့ပါဝင်ပက်သက်သွားလေသနည်း။
ထန်ယွမ်ဖုန်းသည် သူ၏ကံဆိုးမှုကိုကျိန်ဆဲရင်း ကြောက်စိတ်ကိုထိန်းကာ မေးလိုက်သည်။
"လူကြီးမင်းခင်ဗျာ လာရင်းအကြောင်းကိစ္စကို သိပါရစေ"
"ငါ့သားက ကျွီးယန်ခံတပ်ရဲ့ခေါင်းဆောင်၊ မင်းရဲ့ဝမ်ကျန့်မြို့က အဲဒီကိုတိုက်ခိုက်ဖို့ စစ်သည်တွေလွှတ်ခဲ့တယ်မဟုတ်လား။ အခု နားလည်ပြီလား" မီးတောက်ကောင်းကင်မသေမျိုးက အော်ဟစ်ဟိန်းဟောက်လိုက်သည်။
ထိုစကားကိုကြားလိုက်ရချိန်တွင် ထန်ယွမ်ဖုန်း၏နဖူးထက် ချွေးစေးများသီးထလာသည်။
"နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ။ ကျွန်တော့်သမီးက ကျွီးယန်ခံတပ်ကို သွားခဲ့တာမှန်ပေမဲ့ သူပြန်ပြောပြသလိုဆိုရင် ကျွီးယန်ခံတပ်ကို ဖျက်ဆီးလိုက်တာက ရွှေရောင်လက်ဝါးကြီးတစ်ခုပါတဲ့။ အဲဒီ လက်ဝါးရှင်က ဘယ်သူလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ လူကြီးမင်း သေသေချာချာ ပြန်လည်စစ်ဆေးပေးပါဦးဗျာ"
ထန်ယောင်ယောင်သည် ခရီးမှပြန်ရောက်လာသည်နှင့် ဖြစ်ပျက်ခဲ့သမျှကို အကုန်ဖောက်သည်ချပြောပြခဲ့ပြီးဖြစ်၏။ ထို့အပြင် မြို့စားမင်းအိမ်တော်မှ အတူသွားရောက်ခဲ့သော ကျင့်ကြံသူတိုင်းမှာလည်း မျက်မြင်သက်သေများအဖြစ် ထောက်ခံကြသည်။
ဤထူးဆန်းသောဖြစ်ရပ်နှင့် ပတ်သက်၍ ထန်ယွမ်ဖုန်းသည် အစပိုင်းတွင်တော့ အင်အားကြီးကျွမ်းကျင်သူတစ်ဦးက လူသားတို့ကောင်းကျိုးအတွက် လမ်းကြုံဝင်ရောက်ကူညီခဲ့ခြင်းဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် ယခုမူ မသေမျိုးသူတော်စင်တစ်ပါး၏ သားသေဆုံးမှုလည်း ပါဝင်ပက်သက်နေသဖြင့် အမှုမှာ သပွတ်အူလိုက်သကဲ့သို့ ရှုပ်ထွေးလာလေပြီ။
ဆိုင်းမဆင့်ဗုံမဆင့် ဆိုသလိုပါပဲလား။
"ဘာမှရှင်းပြမနေနဲ့တော့။ ငါ့သားရဲ့သေဆုံးမှုမှာ ပါဝင်ပက်သက်နေသူအားလုံး သေကိုသေရမယ်"
မီးတောက်ကောင်းကင်မသေမျိုး၏ အနီရောင်ဆံပင်များမှာ လေထဲတွင် အရိုင်းဆန်စွာဝဲပျံနေလျက် မျက်လုံးများမှ လေဟာနယ်ကိုခွင်းထွက်လာသော အနီရောင်အလင်းတန်းများဖြင့် ခြိမ်းခြောက်လာ၏။
ထို့နောက် သူသည် ဝမ်ကျန့်မြို့တော်၏ အထက်ကောင်းကင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
ရုတ်တရက် မီးတောက်အလင်းတန်းများ ကောင်းကင်သို့ပျံတက်သွားပြီး မြို့နယ်နိမိတ်တစ်ခုလုံးကို ဧရာမမီးတောက်အကာအရံကြီးတစ်ခုဖြင့် လွှမ်းခြုံလိုက်ကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်သွားစေသည်။
ယခုမူ မည်သူမျှ အပြင်ထွက်လို့မရနိုင်တော့။