အခန်း (၇၀၅)
Vol. 51 Ch. 705
"အောင်မာ၊ နင်ကလက်ချဆိုတာနဲ့ ငါကချပေးရမှာလား၊ နင့်ကိုယ်နင်ဘာလို့ထင်နေလဲ”
လော့ချင်းဝူက မရပ်မနားပြောဆိုနေရင်း မီးတောက်ကောင်းကင်မသေမျိုးကို လုံးဝအရေးမစိုက်ဘဲ လက်ခလယ်ကိုသာ မျက်နှာရှေ့ဆက်တိုက်ထောင်ပြကာ ရန်စနေလိုက်သည်။
မီးတောက်ကောင်းကင်မသေမျိုး၏ မျက်နှာကြွက်သားများမှာ ဒေါသဖြင့် တဆတ်ဆတ်တုန်ခါနေလျက်။ ဤထူးဆန်းသောအရူးမနှင့်မှ တည့်တည့်လာတိုးနေရသည်မှာ သူ၏ကံဆိုးမှုသာပင်။
“ဒီကိစ္စနဲ့နင်နဲ့ ဘာမှမဆိုင်ဘူးဆိုရင် မြန်မြန်ထွက်သွားစမ်း။ မတော်တဆထိခိုက်သွားမှ ငါ့လာပြီးအပြစ်မတင်နဲ့"
သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်သည်။ လော့ချင်းဝူနှင့် အချိန်အကြာကြီး ဖက်ပြိုင်ငြင်းခုံမနေလိုတော့ပေ။
“နင်ပြောချင်တာက ငါတစ်ယောက်တော့ ထွက်သွားလို့ရတယ်ပေါ့လေ" လော့ချင်းဝူက မျက်ခုံးပင့်ကာ မေးလိုက်သည်။
မီးတောက်ကောင်းကင်မသေမျိုး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စက်ပြန်ဖြေလာသည်။
“နင်နဲ့နင့်တပည့် နှစ်ယောက်လုံး ဒီမြို့ထဲကထွက်သွားလို့ရတယ်။ ကျန်တဲ့ ဒီမြို့ထဲက ကျင့်ကြံသူတွေကတော့ ငါ့သားနောက်ကိုလိုက်သွားကြရမယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာထက်၌ မျှော်လင့်ချက်မဲ့မှုများနှင့် ကူကယ်ရာမဲ့ခြင်းများ ဖုံးလွှမ်းသွားလေတော့၏။
“ဆရာသခင် ကျွန်မအဖေကို ဒီမှာတော့မထားခဲ့နိုင်ဘူး" ထန်ယောင်ယောင်သည် သူမ၏ဖခင် ထန်ယွမ်ဖုန်းကို ထူတွဲပေးထားရင်း လော့ချင်းဝူကို တောင်းပန်တိုးလျှိုးလိုက်သည်။
ထန်ယွမ်ဖုန်းက သက်ပြင်းချကာ ခါးသီးစွာဆိုသည်။ “ယောင်ယောင်၊ နင့်ဆရာနဲ့အတူလိုက်သွား။ အဖေနဲ့ဝမ်ကျန့်မြို့ကတော့ ဒီဘေးဒုက္ခကနေ လွတ်ဖို့မလွယ်တော့ဘူး။ နောင်ကျရင် ကျင့်ကြံရေးကိုသာ အထူးအာရုံစိုက်ဖို့မှာချင်တယ်။ ဒီလောကမှာ အင်အားကြီးလာမှသာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်မှာ”
အမှန်တကယ် အင်အားကြီးသူများ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်ငယ်များမှာ ဒေါသ၏သားကောင်အဖြစ် ကံကြမ္မာကို လက်သင့်ခံလိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ ယခုအချိန်တွင် ထန်ယွမ်ဖုန်းသည် ထိုအမှန်တရားကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့လေပြီ။
“ဟင့်အင်း၊ ဖေဖေမသွားရင် သမီးလည်းမသွားဘူး” ထန်ယောင်ယောင်၏ မျက်ဝန်းများတွင် မျက်ရည်များဝဲတက်လာပြီး စကားသံတွင်လည်း ရှိုက်သံတို့စွက်လာသည်။
မီးတောက်ကောင်းကင်မသေမျိုးက စိတ်မရှည်စွာဖြင့် ပြောသည်။ “ရှုပ်လိုက်တာ။ တစ်မိသားစုလုံးခေါ်ပြီး ထွက်သွားကြတော့။ ဒါငါ့ရဲ့ နောက်ဆုံးကန့်သတ်ချက်ပဲ"
စိတ်ကောင်းရှိ၍လွှတ်ပေးလိုက်ခြင်းတော့မဟုတ်။ သို့သော် လော့ချင်းဝူ၏တပည့်ဖြစ်သော ထန်ယောင်ယောင်၏အဆင့်အတန်းကို ထည့်မတွက်လို့မရသည်ပင်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ထန်ယွမ်ဖုန်းမှာ အသက်ဘေးမှလွတ်ချိန်တွင် ရုတ်တရတ် အလွန်ဝမ်းသာသွားမိသည်။ ထို့နောက် မြို့အတွင်းရှိ မရေတွက်နိုင်သော ကျင့်ကြံသူများကို လှည့်ကြည့်မိချိန်တွင်တော့ သူ့မျက်နှာမှာ စိတ်မကောင်းခြင်းများစွာဖြင့် ညှိုးငယ်သွားပြန်၏။
အခြားနည်းလမ်း မရှိတော့ပေ။ ဤအခြေအနေတွင် သူ၏ ထန်မျိုးနွယ်စုကိုသာ ကာကွယ်နိုင်ပေတော့မည်။
ဝမ်ကျန့်မြို့သည် သူတို့ထန်မိသားစု၏ ဇာတိချက်မြှုပ် အခြေခံအုတ်မြစ်ဖြစ်သဖြင့် မြို့တစ်ခုလုံး အမှုန့်ချေခံရတော့မည့်အရေးကို သူ့ထက်ပိုပြီးရင်နာရသူ ရှိမည်မဟုတ်။
မြို့အတွင်းမှ အသနားခံငိုကြွေးသံများကို ကြားလိုက်ရသောအခါ ထန်ယောင်ယောင်မှာ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိသော်လည်း တစ်ဖက်ရန်သူ ဤအခြေအနေအထိ အလျှော့ပေးလာခြင်းမှာ သူမဆရာဖြစ်သူ၏ မျက်နှာကြောင့်သာဖြစ်ကြောင်း သူမသိပါသည်။
မဟုတ်လျှင် မည်သူမှ အသက်ရှင်လျက်ထွက်သွားနိုင်မည်မဟုတ်။
“ဟေး လော့မျိုးနွယ်၊ ဘာလို့အခုထိမလှုပ်သေးတာလဲ။ ငါနင့်ကို တတ်နိုင်သမျှမျက်နှာသာပေးထားပြီးပြီပဲ"
ထိုမိန်းမက နေရာမှခြေတစ်လှမ်းမရွှေ့ဘဲ သူ့ကိုမျက်နှာချင်းဆိုင်ထားဆဲဖြစ်ကြောင်း သိလိုက်ရသောအခါ မီးတောက်မသေမျိုးသည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုလိုက်မိ၏။
နောက်တစ်စက္ကန့်တွင် လော့ချင်းဝူသည် သူမ၏ သေရည်အိုးနီနီကို မြှောက်ကာ ကျန်ရှိနေသောသေရည်များကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ထို့နောက် ပါးစပ်ကို လက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီးနောက် ထိုလက်ထဲမှ စူးရှသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ရာအရှိန်အဝါအပြည့်ဖြင့် အရိုးဖြူဓားတစ်စင်း ထွက်ပေါ်လာခဲ့တော့၏။
၎င်းမှာ မသေမျိုးသူတော်စင်အဆင့် လက်နက်တစ်ခုဖြစ်သည်။
လော့ချင်းဝူသည် ထိုအရိုးဓားဖြင့် မီးတောက်ကောင်းကင်မသေမျိုးကို တည့်တည့်ချိန်ကာ ပြတ်သားစွာ သတိပေးလိုက်သည်။ “အခုချက်ချင်းထွက်သွားစမ်း။ အပြစ်မဲ့တဲ့လူတွေကို ငါသတ်ခွင့်မပေးနိုင်ဘူး"
“နင်... နင်က တကယ်ပဲ ဒီပုရွက်ဆိတ်တွေကို ကာကွယ်ချင်နေတာလား” မီးတောက်ကောင်းကင်မသေမျိုးမှာ ထိုလုပ်ရပ်ကြောင့် အကြီးအကျယ် အံ့သြတုန်လှုပ်သွားရသည်။
ဤမျှခွင့်ပြုချက်ပေးလိုက်အပြီး လော့ချင်းဝူလည်း သူမ၏တပည့်မိသားစုကိုခေါ်ကာ မြို့အတွင်းမှ လိမ္မာပါးနပ်စွာထွက်သွားပေးလိမ့်မည်ဟုသာ ထင်ခဲ့သည်။
သို့သော် ဤမိန်းမက ခြေထောက်အောက်မှ ပုရွက်ဆိတ်တစ်အုံအတွက် မသေမျိုးသူတော်စင်တစ်ပါးကို တိုက်ခိုက်ဖို့ရွေးချယ်ခဲ့လေသည်။
“ဆရာ... ဆရာက...” ထန်ယောင်ယောင်၏ မျက်လုံးလေးများမှာလည်း ဝိုင်းစက်နေလျက်။
သူမ၏ အမြဲတမ်း အရှက်မရှိ ကပ်စေးနှဲပြီး အခွင့်အရေးသမားဟုသာထင်ရသော ဤဆရာသခင်တွင်လည်း အခြားသောပုံစံသစ်တစ်ခု ရှိနေသေးသည်လော။
သူမနှလုံးသားထဲရှိ လော့ချင်းဝူ၏ပုံရိပ်မှာ လွန်စွာမြင့်မားသွားခဲ့လေပြီ။
“ငါများမျက်စိမှားတာလား။ နာမည်ကျော် ‘အရှက်မရှိလော့မျိုးရိုး’ က ငါတို့လို ဘာမှမဟုတ်တဲ့လူတွေအတွက် လီဟူမသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဆန့်ကျင်ပေးနေတာလား”
“ဒီလိုကြီးကျ ငါပါငိုချင်လာပြီ...”
“ဝူးဝူး... ငါတို့တွေ သူ့အပေါ် တောက်လျှောက် နားလည်မှုလွဲခဲ့ကြတာပဲ”
“သူငယ်ချင်းတို့ နောက်ဆိုသူ့ကို အရှက်မရှိလော့မျိုးရိုးလို့ မခေါ်ကြနဲ့တော့။ နတ်သမီးလော့လို့ပဲ ခေါ်ကြရအောင်"
“ဒါပေါ့ နတ်သမီးလော့လို့ခေါ်ရမှာပေါ့”
"ငါကတော့ သူ့ကိုမုန်းရာကနေ အရမ်းချစ်သွားမိပြီ"
လော့ချင်းဝူ၏ တရားမျှတ၍ ရဲဝံ့သောလုပ်ရပ်မှာ ဝမ်ကျန့်မြို့တော်ရှိ ကျင့်ကြံသူအားလုံး၏စိတ်ကို ချက်ချင်းဖမ်းစားလိုက်နိုင်သည်။ ကျင့်ကြံသူပေါင်းများစွာမှာ မျက်ရည်များ ချက်ချင်းဝဲတက်လာပြီး ကောင်းကင်ထက်ရှိ အဖြူရောင်ပုံရိပ်အား ဒူးထောက်အရိုအသေပြုကုန်ကြတော့၏။
“အကြီးအကဲယဲ့၊ အဲ့မိန်းကလေးက တကယ်ကို ထူးခြားတာပဲနော်” စန်းလန်ကျွင်းက မှတ်ချက်ပြုရင်း သက်ပြင်းချလိုက်သည်။
“ဟုတ်ပါရဲ့”
ယဲ့ကျွင်းလင်က ခေါင်းညိတ်ပြကာ လော့ချင်းဝူကို လေးစားစွာငေးကြည့်နေသည်။
သူမနှင့် စတွေ့စဉ်က အရှက်မရှိသော လူရမ်းကားမတစ်ယောက်ဟုသာ သူထင်ခဲ့သည်။
တွေ့တွေ့ချင်းလုပ်ရပ်များကိုလည်း ကြည့်ပါဦးလေ။ အရက်သောက်သည်၊ သူများထမင်း အလကားဝင်စားသည်၊ အရှက်မရှိ ဂုဏ်သိက္ခာမဲ့သောအပြုအမူများကို ထုတ်ပြသည်။
သို့သော် သူမ၏ ယုံကြည်စိတ်ချရဟန်မတူသော ပေါ့ပျက်ပျက်ပုံစံအောက်တွင် တရားမျှတမှုကိုမြတ်နိုးသော နှလုံးသားတစ်ခု ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနှင့် ဆုံးဖြတ်၍မရကြောင်း သူကောင်းကောင်းသိလိုက်ရပါသည်။
“လော့ချင်းဝူ၊ နင် ဘာလုပ်နေလဲဆိုတာ နင်သိရဲ့လား၊ ငါနင့်ကိုဒီလောက်မျက်နှာသာပေးထားပြီးပြီ။ ငါ့စေတနာကို လာမစော်ကားနဲ့"
အခြေအနေကို သဘောပေါက်သွားပြီးနောက် မီးတောက်ကောင်းကင်မသေမျိုး၏ နှလုံးသားမှာ ဒေါသမီးများဖြင့် တောက်လောင်လာပြီး လော့ချင်းဝူအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့တော့၏။
လော့ချင်းဝူက နှာခေါင်းရှုံ့လိုက်သည်။ “ဒီမြို့ထဲမှာ ကျင့်ကြံသူပေါင်း သန်းရာနဲ့ချီရှိနေတာ။ နင့်သားသေရုံနဲ့ ဒီလူတွေအားလုံးကိုပါ လိုက်သတ်ချင်နေတာလား။ ဒီလောက်လွန်ကျူးနေတဲ့လုပ်ရပ်ကို ငါတတ်နိုင်သလောက်တော့ တားပေးရမှာပဲ"
“အောက်တန်းစားမ၊ နင်ငါ့ကို အထပ်ထပ်အခါခါ ရန်စနေတာပဲ။ ငါ့ကိုများ ကြောက်မယ်ထင်နေတာလား"
မီးတောက်ကောင်းကင်မသေမျိုးသည် ဒေါသအထွတ်အထိပ်ရောက်သွားဟန်တူပြီး သူ၏ ဆံပင်နီနီများမှာ မီးတောက်များစုဝေးနေသကဲ့သို့ ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများမှာလည်း အရှိန်အဟုန်နှင့် ပေါက်ကွဲထွက်လာတော့၏။
ဤသည်မှာ မသေမျိုးသူတော်စင် စတုတ္ထကောင်းကင်၏ ကျင့်ကြံခြင်းအရှိန်အဝါပင်။
သူသည် လော့ချင်းဝူ၏အစွမ်းနှင့် သူမနောက်ကွယ်မှ ဂိုဏ်းအကြီးအကဲကို စိုးရိမ်စိတ်ဝင်မိသော်ငြား အလျှော့ပေးရလောက်သည်အထိတော့ မဟုတ်။
ဆန့်ကျင်ဘက်အနေနှင့် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသော ဒေါသနှင့် သတ်ဖြတ်လိုစိတ်က နှိုးဆွခံလိုက်ရသကဲ့သို့ အမြင့်ဆုံးထိတောက်လောက်နေလေပြီ။
“နင်မကျေနပ်ရင် လာတိုက်လေ။ ဒီအဖွားကြီးက အဆုံးထိ လိုက်ကစားပေးမယ်” လော့ချင်းဝူက ရန်စသောလေသံဖြင့် အော်ဟစ်လိုက်သည်။
ထိုစကားအဆုံးတွင် သူမ၏နောက်ကျော၌ တောက်ပသော အဖြူရောင်မသေမျိုးစက်ဝန်းတစ်ခုပေါ်လာပြီး ဆယ်ပတ်တိတိ လျင်မြန်စွာလည်ပတ်သွားသည်။
ထိုခဏမှာပင် သူမ၏ခန္ဓာကိုယ်အတွင်း၌ မသေမျိုးဧကရာဇ် အယောက်တစ်သိန်းစာမျှရှိသော စွမ်းအားများ တလူလူမြင့်တက်လာကုန်တော့၏။
အုံး
လော့ချင်းဝူ၏အရှိန်အဝါမှာ မျက်စိတစ်မှိတ်အတွင်း ပြင်းထန်စွာမြင့်တက်လာသည်။ သူမ၏ ဆံပင်နက်နက်များမှာ လေပြင်းနှင့်အတူ လွင့်ပျံနေပြီး မျက်ဝန်းများမှာ လျှပ်စီးလက်သကဲ့သို့ စူးရှတောက်လောင်နေသောကြောင့် လူတိုင်းအထိတ်တလန့်ဖြစ်ကုန်ကြ၏။
“ဆယ်ပတ်လည် မသေမျိုးစက်ဝန်း အားကိုးနဲ့ပေါ့လေ"
“ဒါပေမဲ့ ငါ့ကိုတိုက်ဖို့တော့ နင်အဆင့်မမီသေးဘူး”
မီးတောက်ကောင်းကင်မသေမျိုးသည် လက်သင်္ကေတတစ်ခုကိုဖော်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ မသေမျိုးစွမ်းအားများကို အဆုံးမဲ့ ထုတ်လွှတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဆတ်ခနဲမြှောက်၍ လော့ချင်းဝူအား တစ်ချက်ပြင်းပြင်းရိုက်ချလိုက်၏။
ဝှစ်
မီးဟုန်းဟုန်းတောက်နေသော ဧရာမလက်ဝါးကြီး၏ ဆင်းသက်လာပုံမှာ တောင်တစ်လုံးပြိုကျလာသည့်အလား။
“ဖျက်ဆီးစမ်း”
လော့ချင်းဝူက ကြွေးကြော်အော်ဟစ်ကာ သူမ၏အရိုးဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။ တောက်ပသော ဓားအလင်းတန်းမှာ ကြယ်တံခွန်တစ်ခုကဲ့သို့ ကောင်းကင်သို့တိုင် ပျံတက်သွားလေသည်။
အုံး
မီးတောက်လက်ဝါးကြီးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လျှံထွက်လာသော စွမ်းအားလှိုင်းများမှာ လေဟာနယ်တပြင်လုံးသို့ ပျံ့နှံ့သွားတော့သည်။
လူတိုင်းလည်း ပါးစပ်အဟောင်းသားဖြစ်လျက်။
လော့ချင်းဝူ၏အစွမ်းမှာ ကောလာဟလများတွင် ကြားခဲ့ရသည်ထက် ပိုမိုထက်မြက်သာလွန်နေခဲ့သည်ပင်။
မသေမျိုးဧကရာဇ်အဆင့်ဖြင့် မသေမျိုးသူတော်စင်တစ်ပါး၏တိုက်ကွက်ကို တိုက်ရိုက်ဖျက်ဆီးနိုင်ခြင်းမှာ တော်ရုံအင်အားမဟုတ်။
မီးတောက်ကောင်းကင်မသေမျိုးလည်း အနည်းငယ် မျက်နှာပျက်သွားသည်။ တစ်ဖက်လူမှာ ကြားထားသည့်အတိုင်း ကြောက်စရာအလားအလာတို့ကို ပိုင်ဆိုင်ထားသည်။
"ဟမ့် ဒီအဖွားကြီးရဲ့ အကောင်းဆုံးဓားချက်ကို မြည်းစမ်းကြည့်လိုက်"
လော့ချင်းဝူသည် သူမ၏ ဝှက်ဖဲတစ်မျိုးဖြစ်သော ရွေ့လျားမှုကျင့်စဥ်ကို ထုတ်သုံးလိုက်သည်။ သူမ၏လက်ထဲမှ အရိုးဓားမှာ တဝှစ်ဝှစ်အသံပေးကာ လျင်မြန်စွာလည်ပတ်နေပြီး ကောင်းကင်ယံတစ်ခုလုံးကို အဖြူရောင်ဓားရိပ်များဖြင့် ဖုံးလွှမ်းသွားစေ၏။ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်ဖုံးလွှမ်းနေကာ ဘယ်ဟာကအရိပ် ဘယ်ဟာကအစစ်မှန်းပင် ခွဲခြားမသိနိုင်တော့။
“အသေးအဖွဲ စွမ်းရည်လေးပါပဲ”
မီးတောက်ကောင်းကင်မသေမျိုးက လက်ဝါးကိုလှန်ကာ ရိုက်ချလိုက်သောအခါ အဆုံးမရှိသော မီးတောက်လှိုင်းများမှာ အရာအားလုံးကို လောင်ကျွမ်းပြာကျစေမည့်အရှိန်ဖြင့် တိုးဝင်လာသည်။
ဓားရိပ်များစွာမှာ ထိုမီးတောက်များကြား တစ်ခုပြီးတစ်ခု ပျက်စီးသွားရသည်။
“ဒါ နင့်ရဲ့ အကောင်းဆုံးဓားကွက်တဲ့လား။ ဘာမှလည်းမထူးခြားပါလား"
မီးတောက်ကောင်းကင်မသေမျိုးသည် အခွင့်အရေးကိုသုံးကာ တစ်ဖက်လူ၏ယုံကြည်မှုကို ချိုးဖျက်ဖို့ကြိုးစားလာ၏။
သို့သော် ထိုခဏမှာပင် လော့ချင်းဝူမှာ လေထဲတွင် ဖြုတ်ခနဲပျောက်ကွယ်သွားသည်ကို သူသတိထားမိလိုက်သည်။
“ထွက်ပြေးသွားတာလား” မီးတောက်ကောင်းကင်မသေမျိုးက မျက်ခုံးပင့်လိုက်သည်။
ရုတ်တရက် သူ့အတွင်းစိတ်ထဲမှ အန္တရာယ်အချက်ပေးသံများ အော်မြည်လာပြီး နောက်ကျောဘက်တွင် ခပ်စူးစူးလေတိုးသံတစ်ချက် ကြားလိုက်ရသည်။
လော့ချင်းဝူသည် သူ့အနောက်ဘက် လေဟာနယ်အက်ကြောင်းတစ်ခုထဲမှ ရုတ်တရက်ထွက်ပေါ်လာပြီး အရိုးဓားကိုဆုပ်ကိုင်ကာ မီးတောက်ကောင်းကင်မသေမျိုး၏ နောက်ကျောအား ထိုးစိုက်ချလိုက်ရင်း အော်ဟစ်မေးမြန်းသည်။
"ဒီတစ်ကွက်ဆိုရင်ရော ဘယ်လိုနေလဲ"