အခန်း (၇၀၆)
Vol. 51 Ch. 706
မီးတောက်ကောင်းကင်မသေမျိုး : "???"
မဖြစ်နိုင်တာ၊ ဒီလိုအောက်တန်းကျတဲ့အတွက်တွေလည်း တတ်သေးတာပဲလား။
"အရှက်မရှိတဲ့မိန်းမ" သူဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
မီးတောက်ကောင်းကင်မသေမျိုးသည် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ပြီး လက်ဝါးထဲတွင် စွမ်းအားများစုစည်းကာ ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းလှသော စွမ်းအားလှိုင်းများသည် လော့ချင်းဝူထံသို့ အလုံးအရင်းလိုက်တိုးဝင်သွားတော့၏။
"နင်ငါ့ကို မထိနိုင်ပါဘူး"
ရန်သူမှ အချိန်မီတုံ့ပြန်လာသည်ကို မြင်သောအခါ လော့ချင်းဝူသည် နောက်သို့လှန်ချလိုက်ပြီး ရေထဲသို့တိုးဝင်သွားသော ငါးတစ်ကောင်ကဲ့သို့ လေဟာနယ်အတွင်းသို့ အစအနမကျန် ငုပ်လျှိူးပျောက်ကွယ်သွားတော့၏။
ဤသည်ကိုမြင်သောအခါ မီးတောက်ကောင်းကင်မသေမျိုး၏မျက်နှာမှာ အကြီးအကျယ်ပျက်ယွင်းသွားလေတော့သည်။ အမှန်တော့ ခုနက တိုက်ခိုက်ခံရလုနီးအခြေအနေကို သူထိတ်လန့်နေမိဆဲဖြစ်သည်။
ကံကောင်း၍သာ ကျင့်ကြံဆင့်နှင့်အလိုက် ရင့်သန်လာသောအာရုံခံစားမှုကြောင့် တုံ့ပြန်မှုမြန်ဆန်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ အသစ်တက်ရောက်ထားသော မနူးမနပ် မသေမျိုးသူတော်စင်တစ်ယောက်သာဆိုလျှင် ထိုဓားချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။
လော့ချင်းဝူပြောခဲ့သော အကောင်းဆုံးအကွက်ဆိုသည်မှာ အရည်အသွေးအကောင်းဆုံးမဟုတ်ပါဘဲ အောက်တန်းအကျဆုံးအကွက်သာဖြစ်ကြောင်း သူနားလည်လိုက်ရသည်။
ဝှစ်
သူ၏နောက်ကျောဘက်မှ အေးစိမ့်သွားသောခံစားချက်နှင့်အတူ အလွန်ထက်ရှပြင်းပြသော ဓားအရှိန်အဝါတစ်ခု တိုးဝင်လာပြန်သည်။
"ချီးတဲ့မှ လာပြန်ပြီ"
လော့ချင်းဝူ၏ တစ်ပြန်ထပ်ကျော့လာသောတိုက်ကွက်ကြောင့် မီးတောက်ကောင်းကင်မသေမျိုးမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားရသည်။ ဘယ်လိုတောင်ယုတ်ညံ့လိုက်တဲ့ ဓားကျင့်စဥ်မျိုးလဲ။
ဝှစ်
အရိုးဓားသည် အရှိန်အဟုန်ဖြင့် ပြင်းထန်စွာထိုးစိုက်လာသည်။ တာအိုအဆင့် ဓားစိတ်ဆန္ဒ၏ ပံ့ပိုးအားဖြည့်မှုကြောင့် တိုးဝင်လာသောစွမ်းအားမှာ ရှောင်လို့မလွတ်နိုင်အောင် ကြီးမားကျယ်ပြန့်လှ၏။
မှန်ပါသည်။ လော့ချင်းဝူသည် ထူးချွန်သောဓားကျင့်ကြံသူတစ်ဦးလည်းဖြစ်ကာ သူမ၏ဓားစွမ်းရည်မှာ တစ်ခေတ်တစ်ခါက နာမည်တစ်လုံးရှိခဲ့သော ချင်းလျန်ဓားမသေမျိုး၏ မူလစွမ်းရည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။
ချင်းလျန်ဓားမသေမျိုးသည် ယခုတိုင် ကောင်းကင်အဆင့်ဓားဆန္ဒ ပြည့်စုံခြင်းအဆင့်မှာသာ ရှိနေသေးသော်လည်း လော့ချင်းဝူမှာ ပိုမိုရင့်သန်သောပါရမီအရင်းခံကြောင့် တာအိုအဆင့်ဓားစိတ်ဆန္ဒသို့တိုင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
တာအိုအဆင့်တွင် ပြည့်စုံခြင်းဆီသို့တော့မရောက်သေး၊ တက်လှမ်းကျင့်ကြံနေဆဲအခြေအနေဖြစ်သော်ငြား သူမ၏လက်ရှိကျင့်ကြံဆင့်နှင့် နှိုင်းဆကြည့်လိုက်လျှင် အံ့မခန်းဖွယ်ရာပင်။
မီးတောက်ကောင်းကင်မသေမျိုးသည် ထိုဓားချက်ကို နောက်တစ်ကြိမ် တိကျစွာရှောင်တိမ်းနိုင်ခဲ့သည်။ ယခုအကြိမ်တွင်မူ သူ၏တိုက်ခိုက်မှုမှာ ပိုမိုမြန်ဆန်လာပြီး လော့ချင်းဝူကို တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်ရန်ရည်ရွယ်ကာ ပြင်းထန်သော မီးတောက်စွမ်းအားများကို လက်ဖဝါးထက်တွင် စုစည်းလိုက်သည်။
သို့သော်လည်း လော့ချင်းဝူ၏လှုပ်ရှားမှုက သူ့ထက်ပင် မြန်ဆန်နေသေး၏။ သူမသည် သူ၏နောက်ကျောဘက်ရှိ လေဟာနယ်ရှိရာသို့ ချက်ချင်းထွက်ပြေးသွားပြန်သဖြင့် မီးတောက်ကောင်းကင်မသေမျိုး၏တိုက်ကွက်မှာ အချည်းနှီးသာဖြစ်သွားရပြန်သည်။
"လေဟာနယ်ကြားခံ ရွေ့လျားမှုကျင့်စဥ်ပဲ"
မီးတောက်ကောင်းကင်မသေမျိုးသည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်မိသည်။ နှလုံးသားထဲတွင်လည်း တိတ်တဆိတ် တုန်လှုပ်နေလျက်။
အဘယ်ကြောင့်ဆိုသော် လော့ချင်းဝူကဲ့သို့သောအဆင့်သို့ ရောက်ရန်မှာ အလွန်ခက်ခဲလှကြောင်း သူသေချာသိသောကြောင့်ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် လေဟာနယ်ကို ဖြတ်သန်းကူးပြောင်းရာတွင် ဤသို့ ကျင်လည်ကျွမ်းကျင်နေခြင်းမရှိ။
ထိုရှားပါးလှသော လေဟာနယ်ကြားခံကျင့်စဥ်ကို တတ်ကျွမ်းထားမှသာ ဤမျှမြန်ဆန်သွက်လက်နိုင်သည်။
အသုံးပြုသူသည် လေဟာနယ်၏သဘောတရားကို သူတကာထက်သာလွန်စွာ နားလည်ထားရမည့်အပြင် လေဟာနယ်လမ်းကြောင်းများကို မျက်စိတစ်မှိတ်အတွင်း ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့် ဖြတ်သန်းခြင်း စသည့် ရှုပ်ထွေးသောအဆင့်များကို တစ်ဆက်တည်း အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။
အမှားအယွင်းတစ်ခုကြောင့် လမ်းကြောင်းထိခိုက်သွားပါက ဖြတ်သန်းသူသာ အန္တရာယ်ကျရောက်ပေမည်။
လေဟာနယ်လမ်းကြောင်းထဲဝင်ရန်ဆိုသည်မှာလည်း လေဟာနယ်ကိုဆွဲဖြဲလိုက်ရုံနှင့်ပြီးမည်မဟုတ်။ လေဟာနယ်၏ နက်နဲသောစည်းမျဥ်းနိယာမများကို နားလည်ကျွမ်းကျင်ထားဖို့လိုအပ်သေးပေရာ လွန်စွာမှခဲယဥ်းလှ၏။
"ကြွက်လိုပါပဲလား။ ဘယ်မှာထပ်ပုန်းချင်သေးတာလဲ"
မီးတောက်ကောင်းကင်မသေမျိုးမှာ တွေးလေ ဒေါသထွက်လေ ဖြစ်လာသည်။ သူ၏တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ရာ အနီရောင်မီးတောက်များကို တဟုန်းဟုန်းထုတ်လွှတ်လိုက်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားစေသည်။
တစ်ခဏချင်းမှာပင် လေဟာနယ်ပြင်တစ်ခုလုံးမှာ ပြင်းထန်သောမီးဒဏ်ကြောင့် လောင်ကျွမ်းပြီး တွန့်လိမ်သွားကာ မီးတောက်ကောင်းကင်မသေမျိုး၏ ကိုယ်ပိုင်မီးတောက်နယ်ပယ်အဖြစ် ပြောင်းလဲသွားတော့သည်။
"ဒီအခြေအနေမျိုးမှာ နင်လေဟာနယ်ကျင့်စဥ်တတ်နေရင်တောင် ဝင်ရထွက်ရခက်သွားမှာပဲ"
မီးတောက်ကောင်းကင်မသေမျိုးက အောင်နိုင်သူအသွင်ဖြင့် လှောင်ပြောင်လိုက်သည်။
"ဘယ်သူပြောတာလဲ"
ထိုစဥ် နောက်ကျောဘက်ရှိလေဟာနယ်မှာ တစ်ဖန်ပွင့်အာလာပြီး လော့ချင်းဝူသည် ဓားကိုကိုင်ကာ ပြေးထွက်လာသည်။ သူမ၏ တစ်ကိုယ်လုံးကို ထူထဲသောချီအကာအရံများဖြင့် ဖုံးကာထားကာ မီးတောက်အန္တရာယ်ကို ခုခံလို့ထား၏။
သူမသည် အရိုးဖြူဓားကို ဆွဲကိုင်ကာ ရူးသွပ်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် မီးတောက်ကောင်းကင်မသေမျိုး၏ နောက်ကျောဘက်ကို တည့်တည့်ချိန်ရွယ်ထိုးစိုက်ပြန်သည်။
"နင်... နင်ကတော့..."
မီးတောက်ကောင်းကင်မသေမျိုးမှာ ဒေါသထွက်လွန်းသဖြင့် ဒွာရခုနစ်ပေါက်မှ မီးခိုးများတလူလူထွက်ကာ တုံ့ပြန်ပုံများမှာလည်း ကပျာကယာနိုင်လာသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးမှာ ရှေ့တိုးနောက်ဆုတ်ဖြင့် သည်းထိတ်ရင်ဖိုဖွယ် စီးချင်းထိုးပွဲကို ပြုလုပ်နေကြတော့သည်။
ဤတစ်ချိန်လုံးတွင် လော့ချင်းဝူမှာ ကပ်ပါးကောင်တစ်ကောင်ကဲ့သို့ မီးတောက်ကောင်းကင်မသေမျိုး၏ နောက်ကျောကိုသာ ဓားဖြင့်အတင်းလိုက်ထိုးနေတော့သည်။
ဟာကွက်ကိုအဓိကထားသော တိုက်ခိုက်မှုပုံစံကြောင့် မီးတောက်ကောင်းကင်မသေမျိုးမှာ စိုးရိမ်ထိတ်လန့်နေရသည့်အပြင် ဟိုဟိုဒီဒီ ပြေးလွှားရှောင်တိမ်းနေရသောကြောင့် အရှက်ရခြင်းကိုပါ ခံစားနေရသည်။
ပို၍ဆိုးရွားသည်မှာ လော့ချင်းဝူ၏ရဲတင်းလွန်းသော အပုတ်ချနှိပ်ကွပ် လှောင်ပြောင်စကားများကြောင့်ပင်။
"မရုန်းနဲ့လေ၊ ဒီအဖွားကြီးလိုချင်တာကို အသာတကြည် ပေးလိုက်စမ်းပါ"
"နင်ယောက်ျားဖြစ်ပြီး ဒီလိုပတ်ပြေးနေစရာလား" စသည်ဖြင့်။
"ယောင်ယောင် ဆရာကသမီးကို ဒီလိုထူးထူးဆန်းဆန်းတွေသင်ပေးဖူးသေးလား"
ထန်ယွမ်ဖုန်းမှာ ချွေးစေးများပင်ထွက်လာပြီး သတိကြီးစွာဖြင့် သူ့သမီးသူ တိုးတိုးလေးကပ်မေးရသည်။
အဖိုးတန်သမီးလေး ဤသို့လမ်းဘေးစကားအစုံပြောတတ်သည့် ဆရာသခင်မျိုးထံမှ လမ်းမှားပို့ခံလိုက်ရမည်အား အမှန်ပင်စိုးရိမ်မိပါသည်။
ထန်ယောင်ယောင်၏ မျက်နှာလေးမှာ နီရဲသွားပြီး သူမ၏ဆရာသခင်ဘက်က ခုခံပြောဆိုရှသည်။ "ဖေဖေ လျှောက်မတွေးပါနဲ့။ ဆရာသခင်က စကားပြောတာနဲ့ အပြုအမူကသာ နည်းနည်းပွင့်လင်းတာ၊ တကယ်တမ်းစိတ်ထားကတော့ အလွန်ဖြောင့်မတ်တဲ့သူပါ။ ကျွန်မကိုယုံပါ"
"အေးပါ ဖေဖေ ယုံပါတယ်" ထန်ယွမ်ဖုန်း အကျပ်ရိုက်စွာ ပြုံးလိုက်သည်။
သို့သော် သူ့စိတ်ထဲတွင်မူ "နင့်ကိုယုံမယ့်အစား သရဲကိုပဲ ယုံလိုက်တော့မယ်" ဟု တွေးနေမိသည်။
တစ်ချိန်တည်းမှာပင် ဝမ်ကျန့်မြို့တော်ရှိ ကျင့်ကြံသူအားလုံးမှာလည်း လော့ချင်းဝူနှင့် မီးတောက်ကောင်းကင်မသေမျိုးတို့၏ သူမသာကိုယ်မသာတိုက်ပွဲကို စောင့်ကြည့်နေကြသည်။
လော့ချင်းဝူက မီးတောက်ကောင်းကင်မသေမျိုး၏ နောက်ကျောကို ဓားဖြင့်လိုက်လံထိုးနှက်နေသည်ကို မြင်သောအခါ သူတို့သည်ပင် နောက်ကျောများမလုံမခြုံနှင့် အေးစက်စက်ကြက်သီးများထလာမိတော့၏။
အရှက်မရှိလော့မျိုးရိုးဆိုတဲ့နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ တိုက်ခိုက်ပုံကအစ အရှက်မရှိတာပဲ။
နာမည်ကြီးဓားကျင့်ကြံသူ အမျိုးသမီးတစ်ဦးဖြစ်လျက်နှင့် သူမ၏ဓားဦးချိန်ရွယ်ရာနေရာများမှာ ဖော်ပြလို့မသင့်တော်သည့်နေရာများဖြစ်နေသည်ကိုသာ ကြည့်ပါတော့။
"ဓားကျင့်ကြံသူဖြစ်ရတာတောင် နည်းနည်းရှက်လာပြီ" လူငယ်တစ်ဦးက ရေရွတ်လိုက်သည်။
ဘေးနားရှိ လူများကလည်း မကန့်ကွက်ဘဲ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
"အကြီးအကဲယဲ့၊ ဒီအမျိုးသမီးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ" မီးတောက်ကောင်းကင်မသေမျိုးတစ်ယောက် လော့ချင်းဝူ၏အကွက်ထဲ လွတ်လမ်းမရှိပိတ်မိနေပြီး ခံစစ်လောက်သာတုံ့ပြန်နိုင်သည်ကို မြင်သောအခါ စန်းလန်ကျွင်းလည်း မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ" ယဲ့ကျွင်းလင်က လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။