← Chapters

အခန်း (၇၀၇)

Vol. 51 Ch. 707

အခန်း (၇၀၇)

Vol. 51 Ch. 707

လော့ချင်းဝူ၏ တိုက်ခိုက်ပုံမှာ ထူးခြားသည်ကို သူဝန်ခံသော်လည်း မီးတောက်ကောင်းကင်မသေမျိုးကို အနိုင်ယူရန်မှာမူ ကွာဟချက်အများကြီးရှိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် မသေမျိုးဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်လျှင် မသေမျိုးသူတော်စင်သည် အဆပေါင်းများစွာအားကောင်းသော ဥပဒေစွမ်းအားများကို ပိုင်ဆိုင်ထားပြီး ထိုဥပဒေစွမ်းအားအရေအတွက်သည်သာ အောင်ပွဲ၏အဆုံးအဖြတ်ဖြစ်သောကြောင့်ပင်။

ယခုလက်ရှိတွင် မီးတောက်ကောင်းကင်မသေမျိုးသည် ဥပဒေစွမ်းအားများကို ထုတ်မသုံးသေးဘဲ တခြားအစီအစဥ်ရှိနေသေးပုံရသဖြင့် တိုက်ပွဲရလဒ်မှာ ဝေဝါးနေဆဲသာ။

တဖြည်းဖြည်းနှင့် အရှိန်အဝါကုန်ထုတ်သုံးမိနေသော လော့ချင်းဝူမှာလည်း တစ်ခုခုမှားယွင်းနေသလို စတင်ခံစားလာရသည်။

"ဒါ နင့်အစွမ်းအကုန်ပဲလား လော့ချင်းဝူ။ နင်က သာမန်မသေမျိုးသူတော်စင်တွေကို သတ်နိုင်စွမ်းရှိတာကို ငါဝန်ခံတယ်၊ ဒါပေမဲ့ ဒီနေ့နင်ရင်ဆိုင်နေရတာက ငါဖြစ်နေလို့ နင်ရှုံးဖို့ကံပါလာတဲ့သဘောပဲ"

စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်သည်။ မီးတောက်ကောင်းကင်မသေမျိုးသည် ဒေါသကိုဖောက်ထုတ်ကာ အော်ဟစ်လိုက်သည်။

"အင်အားအစစ်အမှန်ဆိုတာကို ငါပြပေးမယ်"

ဝှစ်

ထိုစဥ် ဥပဒေစွမ်းအားဆယ်သန်းခန့် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဝန်းရံလိုက်သည်။

အုံး အုံး အုံး

ကောင်းကင်ယံတွင် ကြီးမားလှသော မီးပင်လယ်ကြီးတစ်စင်း ပေါ်ပေါက်လာသကဲ့သို့ ထင်မှတ်ရကာ အပူလှိုင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

မီးတောက်ကောင်းကင်မသေမျိုးသည် ထိုမီးပင်လယ်ကြီး၏အလယ်တွင် ရပ်နေရင်း မီးနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါများအား ထုတ်လွှတ်နေလျက်ရှိ၏။

ဤသည်မှာ သူ၏အကြီးမားဆုံးသောအားကိုးရာ၊ အခိုင်မာဆုံးသောယုံကြည်ချက်ပင်။

ဤမျှများပြားသော ဥပဒေစွမ်းအားများကို လက်ကိုင်ထားသူသည် စကြဝဠာအရှင်နေရာအတွက် အလားအလာရှိသူတစ်ဦးသာဖြစ်သည်။

ဤအဆင့်သို့ ရောက်ရှိသူများကို မသေမျိုးသူတော်စင်များထဲတွင် ထိပ်သီးဟု သတ်မှတ်ကြသည်။

"လော့ချင်းဝူ နင့်အပြစ်ကို ဝန်ခံမလား"

မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော အသံကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ သွေးနှင့်ချီလမ်းကြောင်းတို့ ကမောက်ကမဖြစ်ကာ ကိုယ်တွင်းအင်္ဂါများ ပြင်းစွာနာကျင်ကုန်ကြသည်။

ပြင်းထန်သောဖိအားများက လော့ချင်းဝူထံသို့ တိုက်ရိုက်ကျရောက်လာသဖြင့် သူမတစ်ကိုယ်လုံးတွင် အေးစိမ့်သွားသော်လည်း လေသံမှာတော့ ကြောက်ရွံ့ခြင်းအလျဥ်းမပါရှိ။

"ရယ်စရာပဲ၊ ငါက ဘာအပြစ်လုပ်ထားလို့လဲ"

"ဒီမသေမျိုးသူတော်စင်က ပုရွက်ဆိတ်တစ်အုပ်လောက်သတ်ပြီး ‌ဒေါသဖြေချင်ရုံပဲ။ ဒါပေမဲ့ နင်က မျက်နှာသာပေးထားတဲ့ကျေးဇူးမှမထောက် ငါ့ကိုဆန့်ကျင်ရဲသေးတယ်"

"နင်က ထာဝရမသေမျိုးဂိုဏ်းကဖြစ်နေလို့ ငါ နင့်အသက်ကိုတော့ ချမ်းသာပေးမယ်၊ ဒါပေမဲ့ ပြစ်ဒဏ်ကတော့ ခံရမှာပဲ။ ငါ နင့်ကိုအရှင်ဖမ်းပြီး နေ့ညမပြတ် ကောင်းကင်မိုးကြိုးဒဏ်ပေးမယ်"

မီးတောက်ကောင်းကင်မသေမျိုးသည် လော့ချင်းဝူကို အထက်စီးမှကြည့်ကာ သူမ၏ကံကြမ္မာကို ဆုံးဖြတ်သကဲ့သို့ ပြစ်ဒဏ်ချမှတ်လာ၏။

ဥပဒေစွမ်းအားကို ထုတ်သုံးလိုက်ပြီးနောက် လော့ချင်းဝူမှာ သူ့ကို လုံးဝမယှဉ်နိုင်တော့ပေ။ သို့သော် သူသည် လော့ချင်းဝူနောက်ကွယ်မှ ကျောထောက်နောက်ခံဂိုဏ်းကို ကြောက်ရသေးသဖြင့် သူမကို သတ်ရန်မဝံ့ရဲဘဲ အရှင်ဖမ်းရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏နောက်ကွယ်ရှိ အကြီးအကဲ၏စွမ်းအားကို သူမယှဥ်နိုင်သောကြောင့်။

သူမကို အရှင်ဖမ်းပြီး ညှဉ်းပန်းကာ အကျိုးအမြတ်ဖြင့်လဲလှယ်ခြင်းက ပိုလို့အကျိုးရှိပေမည်။

ထိုစကားကိုကြားသော် လော့ချင်းဝူသည် ဓားကိုမြှောက်ကာ ဆဲဆိုလိုက်သည်။ "နင့်ဘိုးစဥ်ဘောင်ဆက်မျိုးရိုးတစ်ခုလုံးကို ငါကျိန်ဆဲလိုက်မယ်။ နင့်လိုလူက ငါ့ကိုပြစ်ဒဏ်စီရင်ချင်သေးတာလား။ ငါ့ကိုတည့်တည့်ကြည့်စမ်း"

မောက်မာလှသော စကားများကြောင့် မီးတောက်ကောင်းကင်မသေမျိုးမှာ ဒေါသပေါက်ကွဲသွားလေတော့၏။

"ကျေးဇူးမသိတတ်တဲ့ အောက်တန်းစားမ၊ နင့်ဂိုဏ်းက နင့်ကိုမသင်ပေးထားတော့ ငါကပဲ လူကြီးသူမကို ဘယ်လိုလေးစားရမလဲဆိုတာ သင်ပေးရမှာပေါ့"

ချက်ချင်းပင် ဧရာမမီးတောက်လက်ဝါးကြီးမှာ ဥပဒေစွမ်းအားဆယ်သန်း၏အားဖြည့်မှုဖြင့် လော့ချင်းဝူထံ တည့်တည့်ကြီးဦးတည်သွားလေတော့သည်။

လော့ချင်းဝူသည် ထိုစွမ်းအားနှင့် ထိပ်တိုက်မတွေ့လိုသဖြင့် လေဟာနယ်အတွင်းသို့ ပုန်းကွယ်ရန် ကြိုးစားလိုက်သော်လည်း ထူးဆန်းစွာပင် လေဟာနယ်မှာ ပိတ်ဆို့ခံထားရသကဲ့သို့ ဖြစ်နေသည်။

"ဘာဖြစ်တာလဲ" လော့ချင်းဝူ၏မျက်လုံးများ အရောင်ပြောင်းသွားသည်။

"ဥပဒေစွမ်းအားနဲ့ လေဟာနယ်ကိုပိတ်ဆို့ဖို့ဆိုတာ ဘယ်မှာအဲ့လောက်ခက်လိမ့်မလဲ"

"ဥပဒေစွမ်းအားကို မတတ်ကျွမ်းထားတဲ့လူတိုင်း အဲ့ဒီပိတ်ဆို့မှုကို ဖြည်နိုင်မှာမဟုတ်ဘူး"

မီးတောက်ကောင်းကင်မသေမျိုးက လှောင်ရယ်သံပေးလာသည်။

သူမသည် ထိပ်တန်းမသေမျိုးဧကရာဇ်တစ်ပါး ဖြစ်နေစေကာမူ အများဆုံးမှာ အသစ်တက်ရောက်လာသော မသေမျိုးသူတော်စင်တစ်ပါးလောက်ကိုသာ ခက်ခက်ခဲခဲသတ်နိုင်မည်။

ဥပဒေစွမ်းအားဆယ်သန်းရှေ့တွင်တော့ သူမလက်တစ်ဖက်ဖြင့် မြှောက်ခွင့်ရှိလိမ့်မည်မဟုတ်။

"လျှပ်တပြက်ဓားကွက်"

လော့ချင်းဝူသည် ဆုတ်ရန်လမ်းမရှိတော့သည်ကို သိသဖြင့် အစွမ်းကုန်ခုခံရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် ကောင်းကင်နှင့်မြေကြီးကို သိမ့်ခနဲတုန်လှုပ်သွားစေသော ဓားကွက်ကြီးထွက်ပေါ်လာပြီး လောကနိယာမများကိုပင် ဖြတ်တောက်တော့မည့်အလား အရှိန်အဝါကြီးမားလှ၏။

"ဟမ်"

မီးတောက်ကောင်းကင်မသေမျိုးမှာ အံ့ဩသွားရသည်။

ဤအမျိုးသမီးမှာ မသေမျိုးဧကရာဇ်များကြား အင်အားအကြီးဆုံးဟု ခေါ်ထိုက်လောက်အောင် ထိတ်လန့်စရာကောင်းလှသည်ပင်။

ထာဝရမသေမျိုးဂိုဏ်းကတော့ ရတနာကိုမှရထားတာပဲ။

တစ်ချိန်တည်းမှာပင် သူ၏ သေဆုံးသွားသော ရင်နှစ်သည်းချာရတနာကို သတိရမိကာ စိတ်နှလုံးနာကျင်သွားရသည်။

ငါ့သားသာမသေခဲ့ရင် လော့ချင်းဝူထက် ပိုပြီးအောင်မြင်နိုင်ဦးမှာ?

"အခုတော့... အကုန်လုံး ပျက်စီးသွားခဲ့ပြီ"

ဒေါသအရှိန်ဖြင့် သူသည် ရှေ့နောက်မတွေးနိုင်တော့ဘဲ ဧရာမမီးတောက်လက်ဝါးကြီးဖြင့် လော့ချင်းဝူကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

ဝုန်း

နှစ်ဖက်စလုံး၏ အပြင်းထန်ဆုံး ထိတိုက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

မြေကမ္ဘာကိုတုန်လှုပ်စေသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး စွမ်းအားလှိုင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားကာ မြို့တစ်ခုလုံးမှာ သိသိသာသာ တုန်ခါသွားရသည်။

ဖုန်မှုန့်များ ကင်းစင်ငြိမ်သက်သွားချိန်တွင် ကျင့်ကြံသူများမှာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြရသည်။

"မဖြစ်ဘူး"

သူတို့ မြင်လိုက်ရသည်မှာ လော့ချင်းဝူသည် အင်အားချည့်နဲ့နေသောဟန်ဖြင့် ပါးစပ်ထောင့်မှ သွေးများ စီးကျနေလျက် ဧရာမမီးတောက်လက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကြား ကူကယ်ရာမဲ့စွာလိုက်ပါလာရသည့် မြင်ကွင်းပင်ဖြစ်သည်။ တင်းမာအေးစက်နေကျ မျက်နှာထက် နာကျင်မှုအရိပ်အယောင်များ သိသာစွာထင်ဟပ်လျက်။

"ဟဲဟဲ အခုတော့ နင်ငါ့လက်ထဲရောက်ပြီပေါ့" မီးတောက်ကောင်းကင်မသေမျိုးက အောင်နိုင်သူအသွင်ဖြင့် ပြုံးလိုက်တော့သည်။

All Chapters