← Chapters

ခေတ်တွေပြောင်းပြီ

Vol. 51 Ch. 708

ခေတ်တွေပြောင်းပြီ

Vol. 51 Ch. 708

လော့ချင်းဝူအသုံးပြုခဲ့သော ကျင့်စဥ်နည်းလမ်းများမှာ ထူးခြားဆန်းသစ်ပြီး သူမ၏ အစွမ်းမှာလည်း အမှန်ပင် ကြောက်ခမန်းလိလိထက်မြက်သည်။ သို့သော် သန်းနှင့်ချီသော ဥပေဒစွမ်းအားများကို ထိန်းချုပ်ထားသည့် မီးတောက်ကောင်းကင်မသေမျိုးနှင့် ရင်ဆိုင်ရချိန်တွင်မူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်ဟု ဆိုရမည်ပင်။

သို့သော်လည်း ဤမျှအထိ တိုက်ခိုက်နိုင်ခဲ့ခြင်းသည်ကား သူမအား အင်အားအကြီးဆုံး မသေမျိုးဧကရာဇ်ဟု ခေါ်ဆိုထိုက်ကြောင်း သက်သေပြနေပါသည်။

"နင်လိုခွေးကောင်က ငါ့ကိုသတ်ဖို့ သတ္တိရှိလို့လား" လော့ချင်းဝူသည် သွားများကို တင်းတင်းဖိကြိတ်ကာ တစ်ဖက်လူကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

မီးတောက်ကောင်းကင်မသေမျိုးက အေးစက်စွာပင် နှာခေါင်းရှုံ့ရင်းဆို၏။

"မင်းကိုသတ်လိုက်လို့ ငါ့အတွက် ဘာအကျိုးမှမရှိဘူး၊ ဒါပေမဲ့ အရှင်ဖမ်းပြီး လီဟူမသေမျိုးဂိုဏ်းနဲ့ ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ အမြတ်ထွက်မဲ့ကိစ္စပဲလေ"

"ဒါတွေအားလုံးက မင်းအမှားပဲ။ အကောင်းနဲ့အဆိုးကို မခွဲခြားတတ်ဘဲ ခြေဖဝါးအောက်က ပုရွက်ဆိတ်တစ်အုံစာအတွက် မသေမျိုးသူတော်စင်တစ်ပါးကို ဆန့်ကျင်အာခံခဲ့တာကိုး"

"ချီးတဲ့မှ၊ အဲ့ဒီကောင်လေးက သေသင့်လို့ သေတာပဲ။" လော့ချင်းဝူက ဒေါသတကြီး ဆဲရေးလိုက်သည်။

"နင်ဘာပြောလိုက်တာလဲ"

မီးတောက်ကောင်းကင်မသေမျိုး၏ နဖူးမှသွေးကြောများ ထောင်တက်လာပြီး ဆုပ်ကိုင်ထားသောအားကို ပို၍ တိုးမြှင့်လိုက်သည်။ ချက်ချင်းပင် လော့ချင်းဝူမှာ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ ပြင်းထန်လာသောညှစ်အားကို ခံစားလိုက်ရပြီး အရိုးအဆစ်များ တဆစ်ဆစ်မြည်ကာ ကိုယ်တွင်းအင်္ဂါများ ကြေမွတော့မည့်အလား ဝေဒနာကို ခံစားလိုက်ရသည်။

"အား"

လော့ချင်းဝူ၏ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာသော်လည်း မီးတောက်ကဲ့သို့ မျက်ဝန်းများကတော့ သေသည်အထိ ရန်ငြိုးမပြေမည့်အလား စိုက်ကြည့်နေဆဲပင်။

ခေါင်းကြောမာလှသောအမူအရာကို မြင်သောအခါ မီးတောက်ကောင်းကင်မသေမျိုးက ခပ်ယုတ်ယုတ်ပြုံးသည်။

"နင့်စိတ်ထဲ ဘာတွေတွေးနေမလဲဆိုတာ ငါသိတာပေါ့။ ငါနင့်ကို သေလုမျောပါးဖြစ်အောင်နှိပ်စက်ပြီး နှလုံသားနတ်ဆိုးကို ကြီးမားသည်ထက်ကြီးမားလာအောင်လုပ်မယ်၊ ပြီးရင် နင့်ကျင့်စဉ်အခြေခံကို ဖျက်ဆီးပစ်မယ်။ နင်ဒီဘဝမှာတော့ မသေမျိုးသူတော်စင်အဆင့်ကို ဘယ်လိုနည်းနဲ့မှ တက်လှမ်းနိုင်တော့မှာမဟုတ်ဘူးလဲ။ အဲ့ဒီအခါကျမှ ငါ့ကိုဘယ်လိုကလဲ့စားချေမလဲ ကြည့်ရသေးတာပေါ့။"

လော့ချင်းဝူ၏ ပါရမီမှာ ရှာမှရှားထူးချွန်လွန်းလှသည်။ ယခုတစ်ကြိမ် သူမ ရှုံးနိမ့်သွားသော်လည်း နောင်တစ်ချိန်တွင် ဤသို့လွယ်လွယ်ကူကူ မကိုင်တွယ်နိုင်တော့မည်ကို သူစိုးရိမ်မိသည်။ အကယ်၍ သူမသာ မသေမျိုးသူတော်စင်အဆင့်သို့ တက်ရောက်နိုင်သွားပါက သူ့တွင် ထူးထူးခြားခြားအားသာချက် မကျန်ရှိတော့။ ထို့ကြောင့် သူမကိုဖမ်းခေါ်သွားပြီး တစ်သက်တာဒုက္ခိတဖြစ်အောင်ညှင်းပန်းဖို့ ကြံစည်ထားခြင်းဖြစ်သည်။

"မြေနိုးကောင်" လော့ချင်းဝူသည် ရင်ထဲမှမုန်းတီးခံပြင်းမှုများကို စကားသုံးလုံးတည်းဖြင့် ညှစ်ထုတ်ဖော်ပြလိုက်၏။

မီးတောက်ကောင်းကင်မသေမျိုး၏ မျက်နှာမှာ တွန့်ခနဲဖြစ်သွားပြီး အံကြိတ်သံကြီးဖြင့် အော်ဟစ်လာသည်။ "ရိုင်းစိုင်းလိုက်တာ"

"ဆရာသခင်"

ထိုအချိန်တွင် ထန်ယောင်ယောင်မှာ အဝေးတစ်နေရာမှ စိုးရိမ်တကြီးဖြင့် မျက်ရည်များရစ်ဝိုင်းနေလျက်ရှိသည်။ သို့သော် သူမအနေဖြင့် ‌ဘေးကရပ်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့။

"နတ်သမီးလော့က ငါတို့လိုအားနည်းသူတွေအတွက်နဲ့ အခုလိုဖြစ်ရတာ တန်လို့လားကွာ"

ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုကြည့်ရင်း ရင်ထုမနာဖြစ်နေကြရသလို နီးကပ်လာသော သေခြင်းတရားအတွက်လည်း ကြောက်ရွံ့နေကြရသည်။ လော့ချင်းဝူကဲ့သို့သော ပြိုင်စံရှားပါရမီရှင်ပင် ရှုံးနိမ့်သွားပြီဖြစ်ရာ ဝမ်ကျန့်မြို့၏ ကံကြမ္မာမှာ ပျက်သုဉ်းရန်မှတစ်ပါး အခြားမရှိတော့သည်ပင်။

မီးတောက်ကောင်းကင်မသေမျိုးက ဝမ်ကျန့်မြို့အား အပြီးသတ်ချေမှုန်းတော့မည့်ဆဲဆဲတွင် ရွှေရောင်လက်ညှိုးအလင်းတန်းတစ်ခုသည် ကောင်းကင်ယံထက် ကြယ်တံခွန်ကဲ့သို့ ပျံတက်လာပြီး လော့ချင်းဝူ အား ချုပ်ကိုင်ထားသော မီးလျှံလက်ဝါးကြီးကို ရိုက်ခွဲလိုက်လေသည်။

"ဘယ်သူလဲ"

မီးတောက်ကောင်းကင်မသေမျိုးသည် အန္တရာယ်ကိုခံစားမိလိုက်ပြီး မျက်လုံးများလည်း ပြူးကျယ်သွားခဲ့ရသည်။

"မင်းရှာနေတဲ့လူက ငါပဲ"

အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကောင်းကင်ယံထက်တွင် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာသည်။ ဖြူဆွတ်သော ဆံပင်ရှည်များက လေအဝှေ့တွင် ပျံဝဲလျက်ရှိကာ နှုတ်ခမ်း‌ထောင့်တွင် နောက်ပြောင်ချင်သလို အပြုံးတစ်မျိုးဖြင့်။

"မင်း မင်းက ငါ့သားကိုသတ်ခဲ့တဲ့သူပဲ"

မိမိပိုက်စိပ်တိုက်ရှာဖွေနေသော တရားခံကို အရှင်လတ်လတ်မြင်လိုက်ရသောအခါ မီးတောက်ကောင်းကင်မသေမျိုး၏ မျက်လုံးများမှာ ရုတ်ချည်းသွေးရောင်လွှမ်းသွားခဲ့သည်။ အစောပိုင်းက ရွှေရောင်အလင်းတန်းကို အကျွမ်းတဝင်ရှိနေခြင်းမှာ ထိုအလင်းတန်းသည် သားဖြစ်သူကို သတ်ခဲ့သော ရွှေရောင်လက်ဝါးကြီး၏ အရှိန်အဝါနှင့် ထပ်တူကျနေသောကြောင့်ပင်။

"ဘယ်လိုလုပ်ပြီး နင်ဖြစ်နေရတာလဲ။"

ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသော လော့ချင်းဝူသည် မကြာသေးခင်ကမှတွေ့ထားခဲ့သော ဆံပင်ငွေရောင်လူငယ်ကို မြင်လိုက်ရသောအခါ မှင်တက်မိသွားရ၏။

"ဒါ... ဒါ ဟိုသခင်လေးပဲ။" ထန်ယောင်ယောင်လည်း မယုံနိုင်ဟန်ဖြင့် မျက်လုံးလေးများပြူးကျယ်လျက်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေထဲတွင်အသာရပ်ရင်း မီးတောက်ကောင်းကင်မသေမျိုးကို အဝေးတစ်နေရာမှ တည့်တည့်စိုက်ကြည့်သည်။

"ချီးတဲ့မှ၊ နင်လုပ်တာကို ငါကကြားကအပြစ်ခံနေရတာလား။ ငါသေအောင်အရိုက်ခံရတာကို နင်အစောကတည်းက ထိုင်ကြည့်နေတာမလား။" လော့ချင်းဝူက သတိဝင်လာပြီး ရန်လိုစွာပြောဆိုလာသည်။

ယဲ့ကျွင်းလင်က သာသာယာယာ ရယ်မောလိုက်သည်။ "တစ်မျိုးစဥ်းစားကြည့်ရရင် ဒီတစ်ခါအရိုက်ခံရတာက ငါ့ဆီကလုစားသွားတဲ့ထမင်းတစ်နပ်အတွက် အကြွေးဆပ်တယ်လို့ သဘောထားလိုက်ပေါ့။ အခုဆို ငါတို့ကျေသွားပြီလေ။"

သို့သော် လော့ချင်းဝူက ဗြောင်ကျကျပင် ပြန်ပက်သည်။ "အဲ့ဒီအတွက် ငါ့ရဲ့အလှတရားနဲ့ အခပေးထားပြီးသားမဟုတ်လား"

ယဲ့ကျွင်းလင် : "..."

ဤအခြေအနေတွင်ပင် ထိုမျှအရှက်မရှိသောစကားမျိုးကို ထွက်နိုင်သေးသည်။

"ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘဲနဲ့ ဘာလို့ငါ့သားကို ရက်ရက်စက်စက်သတ်ခဲ့တာလဲ။ စူးမျိုးရိုးက မင်းကိုတစ်ကြိမ်တစ်ခါလောက်များ စော်ကားခဲ့မိလို့လား။" မတိုက်ခိုက်မီ မီးတောက်ကောင်းကင်မသေမျိုးက သေချာအောင်မေးမြန်းလိုက်သည်။

"အင်း... ဘယ်လိုပြောရမလဲ။"

ယဲ့ကျွင်းလင်က ခေတ္တမျှငြိမ်စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြန်ပြောလာသည်။"သားသမီးကို ကောင်းကောင်းမဆုံးမဘဲ မကောင်းမှုတွေလုပ်ခွင့်ပေးထားတဲ့ မင်းရဲ့အမှားပဲလို့ ပြောရမှာပေါ့။"

"ငါကတော့ ဒီတိုင်းလမ်းကြုံတာနဲ့ အဲ့ဒီကျွီးယန်ခံတပ်ကို ဖျက်ဆီးလိုက်ရုံပဲ။ မင်းသားက တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမှာရှိနေခဲ့တာကတော့ သူ့ကံလို့ပဲဆိုရမှာပေါ့"

"အကြောင်းရှိရင် အကျိုးရှိစမြဲပဲ။ မင်းတို့ သားအဖနှစ်ယောက်အတွက် ဝဋ်လည်တာလို့ပဲ ဖြေတွေးလိုက်ပေါ့ကွာ"

"အားလုံးပဲ ထောက်ခံရင်လက်ခုပ်တီးကြ"

ထိုစကားအဆုံးတွင် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။

"ကောင်းလိုက်တဲ့ စကား"

စန်းလန်ကျွင်းက ပထမဆုံး သတိဝင်လာပြီး လူအုပ်ကြားတွင် လက်ခုပ်ကို အားရပါးရထတီးလိုက်လေသည်။ လူအများက အထူးတဆန်းလှည့်ကြည့်ကြသော် သူကပြန်ပြောလာသည်။ "ဘာကြည့်နေတာလဲ။ လက်ခုပ်တီးအားပေးတာ မမြင်ဖူးဘူးလား။"

မီးတောက်ကောင်းကင်မသေမျိုးမှာတော့ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချချင်မိသည်။

သားဖြစ်သူသေဆုံးမှုနှင့် ပတ်သက်၍ ကြီးကျယ်နက်နဲသော ပူးပေါင်းကြံစည်မှုများ ရှိနေလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း အမှန်တရားမှာ ဤမျှရိုးရှင်းနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူသည် လမ်းကြုံဖျက်ဆီးခံရသည့် ကျွီးယန်ခံတပ်တွင် ရှိနေခဲ့သဖြင့် လမ်းကြုံသေဆုံးသွားရခြင်းသာဖြစ်၏။

မီးတောက်ကောင်းကင်မသေမျိုးမှာ အကြောင်းရင်းကို လက်ခံရန်ခက်ခဲစွာဖြင့် အသက်ရှူပင်ကျပ်လာရသည်။

"မင်းဒီနေ့တော့ ငါ့သားအတွက် အသက်နဲ့ပြန်ပေးဆပ်ရမယ်။"

"သေစမ်း"

ဒေါသမီးက အထွတ်အထိပ်သို့ရောက်ရှိသွားသည့်နှယ် ကြိမ်းဝါးသံတစ်ချက်ဖြင့် ပေါက်ကွဲထွက်လာတော့၏။ မီးတောက်ကောင်းကင်မသေမျိုး၏ ဆံပင်နီများမှာ လေတွင်တလွင့်လွင့် ဖြစ်နေပြီး မျက်နှာသွင်ပြင်မှာလည်း သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေသည်။

ယခုတစ်ကြိမ်တွင်မူ လီဟူမသေမျိုးဂိုဏ်း၏ လျှို့ဝှက်ကျင့်စဥ်ကိုပါထုတ်သုံးကာ အစွမ်းကုန်တိုက်ခိုက်လေတော့သည်။

အုံး

ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံး အနီရင့်ရောင်ပြောင်းသွားပြီး ဖျက်ဆီးခြင်းအရှိန်အဝါများက တလူလူမြင့်တက်လာသည်။ တောက်လောင်နေသောမီးလျှံများသည် လှိုင်းလုံးကြီးများကဲ့သို့ ကြီးမားကျယ်ပြန့်ကာ ကောင်းကင်ယံထက်တွင် ကန့်လန့်ကာကြီးတစ်ခုသဏ္ဌာန် ဖြစ်ပေါ်လာပြီး သန်းနှင့်ချီသော ဥပဒေစွမ်းအားတို့က ယဲ့ကျွင်းလင်ထံသို့ ဖိနှိပ်ကျဆင်းလာသည်။

ပင်လယ်ပြင်နက်နက်ဆီ ကျဆင်းနစ်မြုပ်သွားသလို အသက်ရှူရန်ပင်ခက်ခဲလှသည့် ဖိနှိပ်အားပင်။

"ဟဲ့ နင့်ဟာကရရောရရဲ့လား" လော့ချင်းဝူပင် ထိုအရှိန်အဝါကြောင့် ကျောစိမ့်သွားရပြီး လှမ်းမေးမိသည်။

"ယောက်ျားတစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘူး ဆိုတဲ့စကားကို ဘယ်တော့မှမပြောသင့်ဘူး။" ယဲ့ကျွင်းလင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ထို့နောက် သူသည် စွမ်းအားများကိုစုစည်းကာ လေဟာနယ်ဆီသို့ လက်သီးဖြင့် တည့်တည့်ထိုးနှက်လိုက်သည်။ ထိုအချိန်တွင် သူ၏ အရှိန်အဝါမှာလည်း မသေမျိုးသူတော်စင် ပထမကောင်းကင်မှသည် တတိယကောင်းကင်ဆီသို့ တိုက်ရိုက်မြင့်တက်သွားလေတော့၏။ ထိုလူသား၏စွမ်းရည်သည်ကား ပြိုင်ဘက်ထက် အမြဲတစ်ဆင့်မြင့်သောနေရာတွင် ပုံသေရှိနေရမည်မဟုတ်လော။

ထို့အပြင် ယဲ့ကျွင်းလင်၏ ထိုလက်သီးချက်တွင် သန်းသုံးဆယ်ရှိသော ဥပဒေစွမ်းအားများကို အပြည့်အဝထည့်သုံးထားသေးသည်။

ဝုန်း

ကြီးမားလှသော ရွှေရောင်လက်သီးကြီးသည် မီးလျှံလှိုင်းလုံးများကို ရိုက်ခွဲပစ်လိုက်ပြီး စွမ်းအင်လှိုင်းများမှာ ကောင်းကင်တစ်ခွင်ပျံ့နှံ့သွားကာ ရင်သပ်ရှုမောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့တော့၏။

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

မီးတောက်ကောင်းကင်မသေမျိုးမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပြူးထွက်မတတ် ဖြစ်သွားရသည်။ ရန်သူ၏ကျင့်ကြံဆင့်က သူ့ထက်တစ်ဆင့်မြင့်နေသည်ကိုထားဦး၊ ဥပဒေစွမ်းအား သန်းသုံးဆယ်အရေအတွက်မှာ ယုံနိုင်ဖွယ်ပင်မရှိလှ။

ဒါက ဘယ်လိုသဘောတရားမျိုးလဲ။ ဆိုလိုသည်မှာ ဤလူငယ်သည် နောင်တစ်ချိန်တွင် စကြဝဠာအရှင်တစ်ပါးဖြစ်လာဖို့ လုံလောက်သည်ထက်ပိုသောအလားအလာကို ပိုင်ဆိုင်ထားရုံသာမက မဟာကောင်းကင် မသေမျိုးတာအိုသရဖူကိုပင် ပိုင်ဆိုင်နိုင်စွမ်းရှိနေလေသည်။

မသေမျိုးသူတော်စင်ချင်းယှဥ်လျှင်ပင် သူကငါးရှဥ့် ယဲ့ကျွင်းလင်ကနဂါးဖြစ်ပေမည်။

"မင်း.. မင်းက ဘယ်သူလဲ။ မြောက်ပိုင်းအေးခဲမသေမျိုးဒေသမှ မင်းလိုလူမရှိနိုင်ဘူး"

သို့သော် ရွှေရောင်လက်သီးကြီးမှာ သူ၏ရှေ့တူရူသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုဖိအားကြောင့် သူ့မှာ ရှောင်တိမ်းဖို့ရာပင် မလှုပ်မယှက်နိုင်ဘဲ ခန္ဓာကိုယ်တွင်းရှိ သွေးများခဲသက်သွားသလို ခံစားလိုက်ရသည်။ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့မှာ နေစရာမရှိအောင် တိုးဝင်ပြည့်နှက်လာလျက်။

"အား"

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် တိတ်ကျသွားသည်။ မီးတောက်ကောင်းကင်မသေမျိုးသည် တစ်ချက်တည်းသော လက်သီးဖြင့် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ အမှုန့်ဖြစ်သွားခဲ့လေသည်။

"ဟင် အရမ်းပျော့တာပဲ။" ယဲ့ကျွင်းလင်က လက်သီးကိုပြန်ရုပ်ရင်း နှာခေါင်းရှုံ့လျက်မှတ်ချက်ချသည်။

သေဆုံးသွားသော မီးတောက်ကောင်းကင်မသေမျိုးသာ ဤစကားကိုကြားလျှင် ဒေါသထွက်လွန်း၍ ပြန်ရှင်လာနိုင်လောက်သည်။

ထိုအချိန်တွင် ဝမ်ကျန့်မြို့ ရှိ ကျင့်ကြံသူအားလုံးမှာလည်း မှင်တက်မိနေကြသည်။ ဒေသတစ်ခုလုံးတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခံထားရသော မသေမျိုးသူတော်စင်တစ်ဦးမှာ လက်သီးတစ်ချက်စာပင် ဖြုတ်ခနဲပျောက်ဆုံးသွားရသည်လော။

လော့ချင်းဝူ၏ မျက်လုံးများမှာလည်း ပြူးထွက်နေဆဲပင်။ အနည်းဆုံးတော့ အနိုင်အရှုံးကို အပြင်းအထန်တိုက်ခိုက်ပြီးမှ သိရလောက်မည်ဟု ထင်ထားသော်လည်း ယဲ့ကျွင်းလင်၏လက်သီးတစ်ချက်က သူမ၏အနှစ်နှစ်အလလ တည်ဆောက်ထားသော နားလည်နိုင်စွမ်းများကို ရိုက်ချိုးလိုက်သည့်နှယ်။

"ဘာလဲ အံ့သြသွားတာလား။" ယဲ့ကျွင်းလင်ကလှည့်ကြည့်ပြီး ခပ်နောက်နောက်ပြောသည်။

လော့ချင်းဝူက သတိပြန်ဝင်လာပြီး မေးလိုက်သည်။ "နင်ဘယ်သူလဲ။ ဒီဒေသမှာ နင့်လိုလူတစ်ခါမှမကြားဖူးဘူး"

ယဲ့ကျွင်းလင်က ခေါင်းခါရင်းဖြေသည်။ "ငါက ယဲ့ကျွင်းလင်ပါ၊ ခွင်းလွင်ကမ္ဘာကလာတာ"

"ခွင်းလွင်ကမ္ဘာကလား"

လော့ချင်းဝူသည် နဝေတိမ်တောင်စဥ်းစားရင်းမှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် ယဲ့ကျွင်းလင်ကို လက်ညှိုးထိုးကာ အထပ်ထပ်အခါခါမေးလာသည်။

"နင် နင်က ခွင်းလွင်ကမ္ဘာကလာတာလို့ ပြောတာလား။ တကယ်ကြီးလား။"

"ဟုတ်တယ်၊ ငါဒီနေ့မှ မသေမျိုးဘုံဆီတက်လာတာလေ"

ထိုစကားကို ကြားလိုက်ရသောအခါ လော့ချင်းဝူမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားလေတော့သည်။

"ငါပဲ ခေတ်နောက်ကျနေတာလား။ အောက်လောကကနေ အခုမှ တက်လာတဲ့သူတစ်ယောက်က မသေမျိုးသူတော်စင်အဆင့်ကို ရောက်နေတယ် ဟုတ်လား။ ငါပဲ ရူးနေတာလား။ ဒီကမ္ဘာကြီးပဲ ပုံမှန်မဟုတ်တော့တာလား"

All Chapters