← Chapters

ဝမ်းနည်းကြေကွဲဖွယ် သတင်း

Vol. 1 Ch. 434

ဝမ်းနည်းကြေကွဲဖွယ် သတင်း

Vol. 1 Ch. 434

"ဘယ်လိုလျှို့ဝှက်ချက်မျိုးပဲ သူပိုင်ဆိုင်ပါစေ၊ ကျွန်မတို့အခု ဒုက္ခရောက်ပြီ။ ဒီကိစ္စကို ခန်းမသခင်ဆီ အကြောင်းကြားရမယ်။ ကျန်းရီသေမှဖြစ်မယ်"

ကျီထင်ယွီ၏ စကားများသည် အခြားလူများကို ပို၍ စိတ်ပူသွားစေသည်။ တုကူးယန်သည် ခေါင်ငြိမ့်၍ အလေးအနက်ပြောလိုက်သည်။

"ဟုတ်တယ်။ အဖေ့ဆီကို အခု သတင်းပို့ပြီး ချက်ချင်း ပြန်လာခိုင်းလိုက်တော့။ ကျန်းရီကို သတ်ပစ်မှဖြစ်မယ်။ ဒီကောင့်ကို အသက်ပေးရှင်ထားလို့ မဖြစ်ဘူး"

"ကျန်းရီတင်မဟုတ်ဘူး"

ကျီထင်ယွီသည် ခန်းမကျယ်ကြီးထဲတွင် လမ်းလျှောက်နေရင်း လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

"တိုက်ပွဲထဲမှာ ပါတဲ့သူတွေရော၊ တိုက်ပွဲကို ကြည့်ခဲ့ကြတဲ့သူတွေရော အကုန်သေမှရမယ်။ နတ်ဆိုးဧကရီ၊ ငွေပန်းပွင့်အဘွားအို၊ ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်၊ ကျန့်ဂိုဏ်း၊ ချမ်ဂိုဏ်း၊ ယွင်ဂိုဏ်းနဲ့ စုဂိုဏ်းက လူတွေအကုန်လုံး သေမှဖြစ်မယ်။ မဟုတ်ရင် အကျိုးဆက်ကို ရှင်တို့သိပါတယ်"

"ဒါက..."

မီးခိုးရောင်ဆံပင်များနှင့် အကြီးအကဲသည် မျက်ခုံးရှည်ကြီးများပင့်၍ ပြောလိုက်သည်။

"ယွင်ဂိုဏ်း၊ ကျန့်ဂိုဏ်း၊ ချမ်ဂိုဏ်းနဲ့ စုဂိုဏ်းကို ရှင်းပစ်ဖို့က လွယ်တယ်။ ငွေပန်းပွင့်အဘွားအို၊ ကျူးကော်ချမ်ယွမ်၊ ရွှေယို့လန်နဲ့ နတ်ဆိုးဧကရီကိုကျ ဘယ်လိုသတ်မှာလဲ။ အဆတစ်ထောင်လောက် လျှော့ပေါ့ပြီး ငါတို့သတ်နိုင်တယ်ပဲ ဆိုပါတော့၊ သူတို့အကုန်သေသွားရင် ဒီနယ်မြေရဲ့ အင်အားစုကြီးတွေက ကသောင်းကနင်းဖြစ်ကုန်လိမ့်မယ်။ ခန်းမသခင်ပြန်ရောက်လာရင် ငါတို့ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။"

"ဘာအတွက် အပြစ်ပေးခံရမှာလဲ"

ကျီထင်ယွီသည် ငယ်ရွယ်ပြီး သိုင်းခန်းမသို့ ဝင်ရောက်ခဲ့သည်မှာ အချိန်တိုတိုလေးသာ ရှိသေးသည်။ သို့သော် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ဤလေးယောက်အတွင်း သူမသည်သာ ခေါင်းဆောင်ဖြစ်သည့်အလား ခံစားရစေသည်။ သူမသည် မျက်လုံးများမှေးစင်း၍ ပြောလိုက်သည်။

"ဒီကိစ္စသာ ပေါက်ကြားသွားရင် အကျိုးဆက်က တော်တော်ဆိုးဝါးမှာ၊ ခန်းမသခင်သာ ဒီမှာရှိနေရင် ကျွန်မတို့ကို အပြစ်မတင်ဘဲ သဘောတူလိမ့်မယ်။ ပြီးတော့ ကျွန်မတို့မှာ အင်အားအလုံအလောက် မရှိသေးတဲ့အတွက် အခုချက်ချင်း လှုပ်ရှားဦးမှာ မဟုတ်ဘူး။ ဂိုဏ်းလေးဂိုဏ်းကို အရင်ရှင်းပစ်ကြမယ်။ ဒီတစ်ခေါက် ကျူးကော့ချမ်ယွမ်က ဒဏ်ရာအပြင်းအထန် ရလာတာမို့ အဲ့ဒီခြေကျိုးအဘိုးကြီးကို ဖယ်ထုတ်ပစ်ဖို့ အချိန်ကောင်းပဲ။ ဒါကိုမှ ကျွန်မတို့မလုပ်နိုင်ရင် ခန်းမသခင်ပြန်လာတာကို စောင့်ရုံပဲပေါ့"

"အင်း...နတ်မိမယ်ကျီပြောတာ မှန်တယ်"

ယခုထက်ထိ စကားတစ်ခွန်းမှ ဝင်မပြောခဲ့သေးသည့် ခေါင်းတစ်ခုလုံး ဆွတ်ဆွတ်ဖြူနေသော အကြီးအကဲသည် ခေါင်းငြိမ့်၍ ထောက်ခံလာခဲ့သည်။

"ဒီကိစ္စက ပေါက်ကြားသွားလို့ လုံးဝမဖြစ်ဘူး။ မဟုတ်ရင် အကျိုးဆက်တွေကို မတွေးဝံ့စရာပဲ။ ကျန်းရီက တခြားသူတွေကို ဘာမှထုတ်မပြောခဲ့ရင်တောင် သူတို့ကို အလွတ်ပေးမယ့့်အစား မှားယွင်းပြီး သတ်လိုက်တာ ပိုကောင်းတယ်။ အချိန်မရှိတော့ဘူး၊ သူတို့အခု ပြန်နေလောက်ပြီ။ ဂိုဏ်းလေးဂိုဏ်းကို သုတ်သင်ရှင်းလင်းဖို့ အခုချက်ချင်း ပြင်ဆင်ရမယ်"

"နတ်မိမယ်ကျီ...လိုအပ်တာတွေ သွားပြင်ဆင်လိုက်ပါ။ ကျုပ်က ခန်းမသခင်ဆီ အကြောင်းကြားလိုက်ပါ့မယ်"

အခြားသော အကြီးအကဲသည် ခေါင်းငြိမ့်၍ ခန်းမအပြင်သို့ ခပ်မြန်မြန် ထွက်သွားခဲ့သည်။ တုကူးယန်မှာ စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပြီး ကျီထင်ယွီသည် ခပ်ရေးရေး ပြုံးလိုက်ပြီး ခေါင်းအသာငြိမ့်၍ ခန်းမအပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် သူမသည် ကောင်းကင်သို့ မော့ကြည့်၍ ရယ်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ကျန်းရီ...ရှင်က တကယ့်ပါရမီရှင်ပဲ။ သေခြင်းတရားကို ရှင် နောက်တစ်ကြိမ် အနိုင်ယူလိုက်နိုင်ပြန်ပြီ။ ဒါပေမယ့် သိုင်းခန်းမတစ်ခုလုံးကို ရှင့်တစ်ယောက်ထဲနဲ့ ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား"

***

"လောရွှယ်...မင်းကို စိတ်ပူစေမိပြန်ပြီ။ ဒီတစ်ကြိမ် ကိုယ်မင်းအတွက် ပျားရည်တစ်ချို့ တကယ်ယူပေးချင်ခဲ့တာ..."

အခန်းတစ်ခုအတွင်းတွင် ကျန်းရီနှင့် စုလောရွှယ်တို့သည် ထိုင်ရင်းပွေ့ဖက်နေကြသည်။ ကျန်းရီ၏ မျက်လုံးများတွင် အပြစ်ရှိသလို ခံစားနေရကြောင်း ပေါ်လွင်နေခဲ့သည်။ စုလောရွှယ်သည် ရှားနိုင်ငံကို ချန်ရစ်ခဲ့၍ မိုင်တစ်သောင်းကျော် ခရီးထွက်လာခဲ့သည်။ သူမ မည်မျှ စိတ်ပူနေခဲ့ရကြောင်း သူခံစားနိုင်လေသည်။

"ကျွန်မတို့ကြားမှာ ဒါမျိုးတွေ ပြောဖို့ လိုလို့လား"

စုလောရွှယ်သည် ကျန်းရီအား မျက်စောင်းထိုးလိုက်ပြီး လက်ဦးမှုရယူ၍ ပြင်းပြသော အနမ်းတစ်ခုကို အစပျိုးလိုက်သည်။ သူမသည် ခံစားခဲ့ရသမျှ စိတ်ပူမှု၊ လွမ်းဆွတ်မှုတု့ိကို ထိုအနမ်းမှတစ်ဆင့် ဖော်ပြခဲ့ပြီး သူတို့သည် ထိုပုံစံနှင့် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် စုလောရွှယ်သည် အငြိမ်မနေသော ကျန်းရီ၏လက်ကို တွန်းထုတ်လိုက်ပြီး မျက်နှာနီနီနှင့် သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဝတ်စုံကို ပြန်ပြင်လိုက်သည်။ ထိုအခါမှ သူမသည် တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။

"ညီမရှောင်နူရော"

ကျန်းရီသည် ရှင်းပြလိုက်သည်။

"သူမအဆင်ပြေတယ်။ ကိုယ်သူ့ကို စကြဝဠာ နန်းတော်ထဲမှာ ထည့်ထားတယ်။ သူမအရမ်းပင်ပန်းသွားလို့ ရက်နည်းနည်း အနားယူဖို့ပဲ လိုနေတာ"

"ရှင်ဘာလို့ သူမကို ထုတ်မပေးတာလဲ"

စုလောရွှယ်သည် အလျင်အမြန် ထရပ်၍ စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။ ကျန်းရီသည် ကျောက်စိမ်းနန်းတော် အငယ်စားလေးကို ထုတ်လိုက်သည်။ ထို့နောက် အဖြူရောင်အလင်းတစ်ခု တောက်ပလာခဲ့ပြီး အိပ်ရာထက်တွင် ကျန်းရှောင်နူ ပေါ်ထွက်လာခဲ့သည်။ သူမသည် ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေသော်လည်း သူမ၏ အသက်ရှူနှုန်းမှာ တည်ငြိမ်လေသည်။

"ဘုရားရေ...ညီမရှောင်နူ"

စုလောရွှယ်သည် ကျန်းရီအား လုံးဝလျစ်လျူရှုလိုက်သည်။ သူမသည် ကျန်းရှောင်နူ၏ အဝတ်အစားများ ပေါက်ပြဲနေသည်ကို မြင်သောအခါ သူမ၏အစောင့်အရှောက် အဘွားအိုအား ရေနွေးတစ်ဇလုံ ယူလာခိုင်းလိုက်သည်။ သူမသည် ကျန်းရှောင်နူအား ရေပတ်ဝတ်တိုက်ပေး၍ ဝတ်စုံလဲပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"ရှင်အဲ့မှာ ဘာရပ်လုပ်နေတာလဲ"

သူမသည် ဘေးတွင် ရှက်ရွံ့နေဟန်ဖြင့် ရပ်နေသည့် ကျန်းရီအားကြည့်၍ ပြောလိုက်သည်။

"မြန်မြန်အပြင်သွားလေ။ ကျွန်မ ညီမရှောင်နူကို အဝတ်အစားလဲပေးမလို့...ရှင်ကြည့်နေမလို့လား"

"အာ..."

ကျန်းရီသည် အရှက်ပြေ နှာခေါင်းပွတ်၍ အပြင်သို့ ထွက်လာလိုက်သည်။ သူသည် စုလောရွှယ်ကို အရိုးများထဲထိ ချစ်သည်။ ကျန်းရှောင်နူသည် သူ့အား ချစ်နေသည်မှာ ထင်ရှားနေသော်လည်း စုလောရွှယ်သည် ကျန်းရှောင်နူအပေါ် မနာလိုဖြစ်ဟန် စိုးစဉ်းမျှမရှိဘဲ စိတ်ရင်းဖြင့် ဆက်ဆံသည်။ သူမသည် သူမလူကို အခြားမိန်းမတစ်ယောက်နှင့် ဝေမျှရန် ဆန္ဒရှိသည်။ သူမကဲ့သို့ သဘောထားကြီးသည့် မိန်းမမျိုး သူမည်သည့်နေရာတွင် သွားရှာရမည်နည်း။

တကယ်တမ်းတွင် စုလောရွှယ်မှာ ဉာဏ်ရှိရှိ ပြုမူခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်နူသည် ကျန်းရီအတွက် အလွန်အရေးပါသည်။ သူ၏ ဦးစားပေးမှုရရန် တိုက်ခိုက်ရမည့်အစား အဘယ့်ကြောင့် အလျှော့မပေးရမည်နည်း။ သဘောထားကြီးသော မိန်းကလေးကသာ ယောက်ျားတစ်ဦး၏ အချစ်ကို လွယ်ကူစွာ ရရှိနိုင်သည်။

ကျန်းရီသည် အခန်းထဲမှ ထွက်လာခဲ့ပြီး ကုန်းပတ်ပေါ်သို့ သွား၍ ယာ့ဇီသားရဲအား ထုတ်ပေးလိုက်သည်။ ယာ့ဇီသားရဲသည် အပြင်သို့ ရောက်သည်နှင့် ချက်ချင်းဆဲရေးလိုက်သည်။

"ကောင်စုတ်လေး...မင်းမကူညီသေးရင် ငါတကယ် ဖုတ်ကောင်သားရဲ ဖြစ်လာတော့မှာ၊ ဒီအနက်ရောင်အငွေ့တွေကို ထုတ်ပစ်ဖို့ ဒီဘုရင်ကို မြန်မြန်ကူညီစမ်းပါ"

ယာ့ဇီသားရဲ၏ အရေပြားပေါ်တွင် အနက်ရောင်အကွက်ကြီးတစ်ကွက် ရှိနေခဲ့သည်။ အနက်ရောင်အငွေ့များသည် ၎င်း၏ကိုယ်အား လွှမ်းခြုံလျက်ရှိပြီး ယာ့ဇီသားရဲထံတွင် နာကျင်ခံခက်သည့် အမူအရာရှိနေခဲ့သည်။ ၎င်း၏ အရှိန်အဝါသည် မူလကပင် ကြောက်စရာ ကောင်းလှနေပြီဖြစ်ရာ ရက်စက်ကြမ်းကြုတ်သော အနက်ရောင်အငွေ့များ၏ အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သော် ယာ့ဇီသားရဲ၏ ပုံစံမှာ အလွန်အမင်း ကြောက်စရာကောင်းနေသည်။ ကုန်းပတ်ပေါ်မှ လူများသည် ခပ်ဝေးဝေးသို့ ရွှေ့၍ ယာ့ဇီသားရဲအား ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

"ဟုတ်ပါပြီ...ဘာလို့ကျိန်ဆဲနေတာလဲ"

ကျန်းရီသည် ကမ္ဘာ့မီးလျှံအချို့ ထုတ်ဖော်လိုက်သည်။ မီးဝိဉာဉ်ပုလဲသည် ပိုင်ရှင်ကို ကာကွယ်ရန် ကြိုးစားသည့်အခါ သူသည် ထိုစွမ်းအင်ကို ယာ့ဇီသားရဲထံ ချက်ချင်းလွှဲပြောင်းပေးလိုက်သည်။ မီးဝိဉာဉ်ပုလဲမှ စွမ်းအင်သည် အလောင်းကောင်များထံမှ ထွက်လာသည့် သက်ရှိများကို တိုက်စားနိုင်သော ထိုအနက်ရောင်အငွေ့များကို ဖယ်ထုတ်ပေးနိုင်လေးသည်။

မြေအောက်လောက...

ကျန်းရီသည် တစ်ဖန် ပြန်တွေးမိသွားပြန်သည်။ ထိုနေရာသည် ချိန်ကိုက်ဗုံးတစ်ခု ဖြစ်သည်။ ထိုနေရာမှ ဖုတ်ကောင်များသည် အချိန်မရွေး မြေပေါ်သို့ တက်လာနိုင်သည်။ ထိုဖုတ်ကောင်များ မြေပေါ်ရောက်လာပါက နယ်မြေရှိ လူများ၊ နတ်ဆိုးသားရဲများနှင့် သက်ရှိများအားလုံးကို ဖုတ်ကောင်များအဖြစ် ပြောင်းလဲပစ်ကာ နယ်မြေကို သက်ရှိငရဲ ဖြစ်လာစေလိမ့်မည်။

ထိုအကြောင်းကို တွေးမိရုံဖြင့် ကျန်းရီမှာ ကြက်သီးတဖြန်းဖြန်း ထလာခဲ့သည်။ ကျန်းရီသည် ခေါင်းယမ်း၍ ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ သူသည် နယ်မြေ၏ ကယ်တင်ရှင်လည်း မဟုတ်သလို၊ အုပ်ချုပ်သူလည်း မဟုတ်ပေ။ ထိုအကြောင်းအရာများကို ရွှေယို့လန်နှင့် အခြားသူများ စိတ်ပူကြလိမ့်မည်။ သူ့အင်အားသည် မဖြစ်စလောက်လေးဖြစ်ပြီး သူ့ကိုယ်သူ ကာကွယ်ရန်တောင် ခက်ခဲလှသည်။ သုံးနှစ်အကြာတွင် အသက်ရှင်နိုင်ရန် နည်းလမ်းတစ်ခု အရင်ရှာသည်က ပိုကောင်းပေလိမ့်မည်။

သုံးရက်ကြာပြီးနောက်တွင် သင်္ဘောသည် သူတို့အားလုံး လမ်းခွဲကြရတော့မည့် ရှီနဉ်မြို့သို့ ရောက်ရှိသွားခဲ့သည်။ ယွင်ဖေးသည် သူမ၏လူများနှင့်အတူ ရှန်မိနိုင်ငံသို့ ပြန်ရမည်ဖြစ်သည်။ ကျန့်ဝူရွှမ်းမှာ အလွန်တုံ့ဆိုင်းနေခဲ့သည်။ ကျန့်ဂိုဏ်းသည် ထိမ်းမြားခွင့်တောင်းရန် ပြင်ဆင်ထားပြီးဖြစ်သော်လည်း သူမနေရစ်ခဲ့အောင် သူမလုပ်နိုင်သေးပေ။

ရှီးနဉ်မြို့သည် ရှန်မိနိုင်ငံ၏ ပိုင်နက်ဖြစ်ရာ သူမ၏ လုံခြုံရေးကို သူတို့စိတ်မပူကြပေ။ ထို့ကြောင့် ရှီးနဉ်မြို့တွင် ရက်အနည်းငယ် အနားယူကြပြီးနောက် ယွင်ဖေးတို့လူစုသည် ရှန်မိမြို့သို့ ပြန်သွားကြသည်။

ကျူးကော့ချမ်ယွမ်သည်လည်း အနည်းငယ် ပြန်ကောင်းလာပြီဖြစ်ရာ အားလုံးကို နှုတ်ဆက်၍ ရွှေရောင်နဂါးကိုစီးကာ ပြန်သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် ရှားယွိမြို့မှတစ်ဆင့် ရှန်ဝူနိုင်ငံသို့ ပြန်မည်ဆိုသည့်အတွက် ကျန်းရီနှင့် ကျန်လူများသည် အတူပြန်ကြရန် ဆုံးဖြတ်လိုက်ကြသည်။

လူအများကြီး ခရီးသွားပါက အချိန်သည် အနည်းနှင့်အများတော့ ပိုကြာပေလိမ့်မည်။ ကျန်းရီသည် အချိန်ထပ်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် သူသည် လူအားလုံးကို စကြဝဠာနန်းတော်အတွင်းထည့်၍ ယာ့ဇီသားရဲကိုစီးကာ ရှားယွိမြို့သို့ တိုက်ရိုက်ပြန်လာခဲ့သည်။

ယာ့ဇီသားရဲသည် အလွန်မြန်ဆန်သည့်အပြင် သူတို့သည် မြေပြင်အထက် မိုင်တစ်သောင်းခန့်အမြင့်မှ ပျံသန်းခဲ့ခြင်းဖြစ်ရာ အလွန်ဘေးကင်းလေသည်။ ရက်အနည်းငယ်အတွင်း ရှားယွိမြို့သို့ သူတို့ပြန်ရောက်ခဲ့သည်။

ရှားယွိမြို့ တော်ဝင်နန်းတော်ထဲသို့ ယာ့ဇီသားရဲ ဆင်းသက်လာသောအခါမှ မှူးမတ်များ သက်ပြင်းချနိုင်သည်။ သို့သော် ကျန်းရီသည် လူများကို အပြင်ထုတ်ပေးပြီး ရွှယ်လော့နန်းဆောင်အတွင်း ဝင်တော့မည့်ဆဲဆဲတွင် လက်မခံနိုင်စရာ သတင်းတစ်ခုကို သူတို့ရရှိခဲ့သည်။

ကျူးကော့ချမ်ယွမ်သည် ယမန်နေ့ညက ဝိဉာဉ်သားရဲ သင်တန်းကျောင်းသို့ ပြန်ရောက်ခဲ့ပြီး ပြန်ရောက်ရောက်ချင်း တိုက်ခိုက်ခံရသည်။ တိုက်ပွဲတွင် သူအသတ်ခံခဲ့ရပြီး သူ၏ ဝိဉာဉ်သားရဲဖြစ်သော ရွှေရောင်နဂါးမှာ သူနှင့်အတူ သေဆုံးသွားခဲ့သည်။ ဝိဉာဉ်သားရဲ သင်တန်းကျောင်းတစ်ခုလုံးသည် လူသတ်တရားခံကို ရှာဖွေကြရန် အုန်းအုန်းကြွက်ကြွက် ဖြစ်နေသည်။

***

All Chapters