← Chapters

နတ်သမီးဓားပြ

Vol. 51 Ch. 709

နတ်သမီးဓားပြ

Vol. 51 Ch. 709

"အယ်၊ နင်ငါ့ကိုလိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်။" လော့ချင်းဝူက မယုံကြည်နိုင်သေးဘဲ စူးစမ်းသလို ထပ်မေးလိုက်သည်။

"ငါကဘာလို့လိမ်နေရမှာလဲ။ လိမ်စရာအကြောင်းမှမရှိတာ" ယဲ့ကျွင်းလင်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

"နေပါဦး၊ ငါစဥ်းစားပါဦးမယ်"

ထိုအခိုက်တွင် လော့ချင်းဝူသည် သူမ၏ခန္ဓာကိုယ်မှ နာကျင်မှုများကိုပင် မေ့လျော့သွားရသည်။

အောက်ဘုံမှ မသေမျိုးဘုံသို့ လောလောလတ်လတ်တက်ရောက်လာသော ကျင့်ကြံသူတစ်ဦးက ဘယ်ကနေဘယ်လို မသေမျိုးသူတော်စင်ဖြစ်နေရမှန်ူ သူမ လုံးဝနားမလည်နိုင်အောင် ဖြစ်နေရသည်။ ပုံမှန်ဆိုလျှင် မသေမျိုးဘုံသို့ တက်လှမ်းလာသူများသည် စစ်မှန်သောမသေမျိုးအဆင့်တွင်သာ ရှိတတ်ကြသည်ပင်။

ဤသည်မှာ နှစ်ပေါင်းကုဋေကုဋာတစ်လျှောက် လက်ခံလာခဲ့ကြသည့် အမှန်တရားပင်ဖြစ်သည်။ မသေမျိုးဘုံသည် နယ်ပယ်အားလုံးတွင် အမြင့်ဆုံးဖြစ်ပြီး ကျင့်ကြံသူတိုင်း၏ နောက်ဆုံးပန်းတိုင်လည်း ဖြစ်သည်။ ဤအချက်မှာ လော့ချင်းဝူမွေးကတည်းက မျိုးရိုးစဥ်ဆက် သင်ကြားပေးခံခဲ့ရသည့် အသိတရားဖြစ်ပြီး တစ်လောကလုံးကလည်း ထိုအတိုင်းပင် ယုံကြည်ထားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က သူမကို မသေမျိုးလောကသို့ အခုမှတက်လှမ်းလာသူတစ်ဦးမှာ မသေမျိုးသူတော်စင်အဆင့်ရှိသည်ဟု ပြောခဲ့လျှင် သက်သက်လာစားနေသည်အမြင်ဖြင့် ခပ်ကြမ်းကြမ်းဆဲလွှတ်မိမည်အသေအချာပင်။

ခုမှ အပေါ်တက်လာတဲ့သူက အလွန်ဆုံးရှိလှ ကောင်းကင်မသေမျိုးပေါ့။ ဘယ်လိုလုပ် မသေမျိုးသူတော်စင် =ဖြစ်နိုင်မှာလဲ။ သုံးနှစ်သားကလေးကိုသွားလိမ်တောင် ယုံမှာမဟုတ်ဘူး။

သို့သော် ပြဿနာမှာ ငြင်းချင်လို့ပင်ငြင်းမရသည့် အမှန်တရားဖြစ်နေခြင်းပင်။ အောက်ဘုံမှတက်လာခါစတွင် မသေမျိုးသူတော်စင်အဆင့်ရှိနေသည့် ကျင့်ကြံသူတစ်ဦးက သူ့မျက်စိရှေ့ လူအကောင်လိုက်ရောက်နေသည်။ ထို့အပြင် သူမရှေ့တွင်ပင် မသေမျိုးသူတော်စင်တစ်ပါးကို လက်သီးတစ်ချက်ထိုးဖြင့် သတ်ပြခဲ့သေး၏။

လော့ချင်းဝူမှာ တွေးလေတွေးလေ လုံးလည်ချာလည်လိုက်လေပင်။

"နင့်ဘာသာ ယုံချင်ယုံ မယုံချင်နေ၊ ငါကတော့ သွားတော့မယ်"

ပြောပြောဆိုဆိုဖြင့် ယဲ့ကျွင်းလင်သည် ကောင်းကင်ယံမှ ဆင်းသက်သွားသည်။

ထိုအချိန်မှာမှ ငေးမောမှင်တက်နေဆဲရှိသော သန်းချီသောကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြင့် သတိဝင်လာကြပြီး အော်ဟစ်ကုန်ကြသည်။

"တော်သေးလို့ပေါ့။ ငါတို့တွေ အသက်ချမ်းသာရာရပြီ။"

မြို့တံခါးနားတွင် စိတ်ပျက်မှိုင်တွေနေခဲ့သော ထျန်းကျီးဇီသည်လည်း မယုံနိုင်သောမျက်နှာထားဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။ "ငါ့တွက်ချက်မှုကမှားသွားတာလား"

"နေဦး"

ထျန်းကျီးဇီသည် တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် နဖူးကိုဖြန်းခနဲပိတ်ရိုက်ကာ ဆိုမိသည်။ "အဲ့ဒီတော့ သေဘေးကြုံရမယ့်သူက သူမဟုတ်ဘဲ တစ်ဖက်လူဖြစ်နေတာကိုး"

အစကတည်းက သူ လမ်းကြောင်းမှားသွားခဲ့ခြင်းဖြစ်သည်။ သူနိမိတ်ကြိုမြင်ခဲ့သော တိုက်ပွဲအတွက် မီးတောက်ကောင်းကင်မသေမျိုးရောက်လာချိန်တွင် ယဲ့ကျွင်းလင်သေရလိမ့်မည်ဟု သူထင်ခဲ့သော်လည်း တကယ်တမ်းသေရမည့်သူမှာ မီးတောက်ကောင်းကင်မသေမျိုးသာ ဖြစ်သည်။

အမှန်တရားက ပေါ်ပေါက်လာခဲ့လေပြီ။

ထျန်းကျီးဇီသည် နောင်တရစွာဖြင့် ရင်ဘတ်ကိုထုကာ ညည်းညူမိသည်။

"အစကတည်းက အလွဲကြီး လွဲခဲ့တာပဲ။ ဒီလိုအကြီးအကဲကိုမှ သေရတော့မယ်လို့ ငါပြောခဲ့မိတယ်၊ အခုတော့ ငါ့လမ်းငါပိတ်လိုက်သလို ဖြစ်သွားပြီ၊ ဟောပြောခတောင်တောင်းဖို့ အခွင့်အရေးမရှိတော့ဘူး။"

ဤနာကျင်ဖွယ်သင်ခန်းစာမှတစ်ဆင့် ထျန်းကျီးဇီသည် အတွက်အချက်လုပ်တိုင်း ကောက်ချက်ချမစောဖို့နှင့် စကားပြောရာတွင် ပါးပါးနပ်နပ်ရှိစေဖို့ သင်ယူလိုက်ရသည်။

"ဟူး"

ထျန်းကျီးဇီသည် ခေါင်းတခါခါဖြင့် သက်ပြင်းချရင်း မြို့တံခါးပြင်သို့ စိတ်ပျက်လက်ပျက် ထွက်ခွာသွားလေတော့သည်။

ဝမ်ကျန့်မြို့အတွင်း၌မူ ကောင်းကင်နှင့်မြေကြီး တုန်ဟိန်းသွားမတတ် အောင်ပွဲခံသံများ ထွက်ပေါ်လာသည်။

"ဒီဝမ်ကျန့်မြို့ရဲ့ မြို့စားထန်ယွမ်ဖုန်းက အကြီးအကဲရဲ့ကယ်တင်မှုကို ကျေးဇူးတင်ရှိကြောင်း ဂါရဝပြုဖော်ပြပါတယ်။"

ယဲ့ကျွင်းလင်မြေပြင်သို့ ဆင်းသက်လာသည်ကို မြင်သောအခါ ထန်ယွမ်ဖုန်းသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အပြေးအလွှားလာရောက်နှုတ်ဆက်ပြီး ဦးညွှတ်လိုက်သည်။

သူ့မှာ အတော်လေးရင်တုန်ပန်းတုန်ဖြစ်နေရသည်ပင်။ ခြေတစ်ချက်ဆောင့်လိုက်ရုံနှင့် နယ်မြေတစ်ခုလုံးကို တုန်ခါစေနိုင်သည့် မီးတောက်ကောင်းကင်မသေမျိုးလို ပုဂ္ဂိုလ်ကြီးပင် လက်သီးတစ်ချက်တည်းနှင့် အမှုန့်ဖြစ်သွားရသည် မဟုတ်ပါလား။

"ယဥ်ကျေးနေစရာမလိုပါဘူး။ ဒါတွေက ကျွန်တော့်ကြောင့်စဖြစ်တာပဲ။ သူ့သားကိုသတ်မိလိုက်တာကိုး။" ယဲ့ကျွင်းလင်က လက်ကာပြကာ ခပ်အေးအေးဆိုသည်။

"အဲ့ဒါကဟုတ်ပေမယ့်လည်း အကြီးအကဲက လူ့လောကအတွက် မကောင်းတဲ့လူတစ်ယောက်ကို နှိမ်နင်းပေးခဲ့တာပဲ။ ပြီးတော့ အကြီးအကဲသာ အစောကမကူညီခဲ့ရင် ကျွန်တော့်သမီးလေးလည်း အသက်ဘေးကြုံရမှာ၊ ဒါကြောင့် ကျွန်တော်ကတော့ အကြီးအကဲကို အထူးပဲကျေးဇူးတင်မိပါတယ်။"

"ကျွန်တော့်ရဲ့ဂါရဝကို လက်ခံပေးပါ။"

ထန်ယွမ်ဖုန်းသည် မြေပြင်ထက်ဒူးထောက်ချကာ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ပူဇော်သကဲ့သို့ ရိုရိုသေသေ ဦးချလိုက်သည်။

"အကြီးအကဲ၊ ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။" ထန်ယောင်ယောင်၏ မျက်နှာလေးမှာ ရှက်ရွံ့အားနာဟန်ဖြင့် နီမြန်းနေသည်။ ဆရာသခင့်ကို ကယ်တင်ပေးထားသူမှာလည်း ဤသူပဲဖြစ်သဖြင့် သူမစိတ်ပါလက်ပါ ဦးချဂါရဝပြုမိချင်စိတ် ဖြစ်ရပါသည်။

"ဟုတ်ပါပြီ၊ ထကြပါတော့။"

ယဲ့ကျွင်းလင်က လက်ကို အနည်းငယ်မြှောက်ပင့်လိုက်ရာ သားအဖနှစ်ယောက်မှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ပင့်မခံလိုက်ရပြီး အလိုလိုထရပ်မိသွားကြသည်။

"အကြီးအကဲယဲ့၊ ခင်ဗျားကတော့ ဘယ်နေရာမှာမဆို ကြောက်စရာကောင်းနေတုန်းပဲ။" စန်းလန်ကျွင်း က အပြေးလေးရောက်လာပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"သွားကြစို့"

ယဲ့ကျွင်းလင်သည် ဤနေရာတွင်ဆက်နေရန် အကြောင်းမရှိတော့သဖြင့် ဝမ်ကျန့်မြို့ မှထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"နေပါဦး အကြီးအကဲရယ်၊ ကျွန်တော် မြို့စားအဖြစ်အလုပ်လုပ်ရင်း စုဆောင်းထားတဲ့ မသေမျိုးသလင်းကျောက်တွေရှိပါတယ်၊ အကြီးအကဲအတွက် ကျေးဇူးလက်ဆောင်အဖြစ် လက်ခံယူပေးပါဦး"

ပြောပြောဆိုဆိုဖြင့် ထန်ယွမ်ဖုန်းသည် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ကာ ရိုရိုသေသေ ကမ်းပေးလိုက်သည်။ ဤကဲ့သို့သော စွမ်းအားရှင်နှင့် ရင်းနှီးမှုရယူထားခြင်းမှာ ထန်မိသားစုအတွက် အကျိုးရှိစရာသာဖြစ်ပေမည်။

မထင်မှတ်ဘဲ ယဲ့ကျွင်းလင်က လက်ယမ်းပြကာပြောသည်။ "မလိုပါဘူး၊ ကျွန်တော် ပိုက်ဆံစိတ်မဝင်စားဘူးရယ်"

ထို့နောက် ချာခနဲကျောခိုင်းထွက်ခွာသွားတော့၏။

ထန်ယွမ်ဖုန်း : "..."

တကယ်ပဲလား။ ဒီလောကမှာ ပိုက်ဆံကို စိတ်မဝင်စားတဲ့လူ ရှိလို့လား။

ထန်ယောင်ယောင်က ရှက်ကိုးရှက်ကန်းဖြင့် ကပ်ပြောလာသည်။ "အဖေကလည်း.. အကြီးအကဲယဲ့က ဒီလိုဥစ္စာပစ္စည်းတွေကို ဘယ်ဂရုစိုက်မလဲ၊ ပြီးတော့ သူကအရမ်းချမ်းသာတာလေ"

ထိုသူ၏ ထမင်းတစ်နပ်စာဖိုးတင် မသေမျိုးဘုရင်တစ်ပါး၏ တစ်သက်တာစုဆောင်းမှုလောက် ရှိသည်မဟုတ်လော။

"အေးလေ အဖေနည်းနည်းစိတ်လောသွားတာထင်ပါ့"

ထန်ယွမ်ဖုန်းက ခေတ္တမျှမှင်တက်သွားပြီး လက်စွပ်ကို ပြန်သိမ်းမည်အပြု...

ရုတ်တရက် သူ့လက်ထဲမှလက်စွပ်မှာ ဖျတ်ခနဲလုယူခြင်း ခံလိုက်ရသည်။

"ငါ့ကိုပေး"

လော့ချင်းဝူက အားမနာတမ်း စွတ်ခနဲပြောလာ၏။

"အကြီးအကဲလော့၊ ခင်ဗျား..." ထန်ယွမ်ဖုန်းမှာ အတော်လေးရင်နင့်သွားဟန်။

"ဆရာသခင် ဘာလုပ်ပြန်တာလဲလို့"

ထန်ယောင်ယောင်မှာ စိတ်တိုလွန်း၍ ငိုချင်စိတ်တောင်ပေါက်သွားရသည်။

"ဘာဖြစ်လဲ။ ဆရာသခင်က နင်တို့ကို ကာကွယ်ပေးရင်း ဒီလောက်မျော့နေအောင်အရိုက်ခံထားရတာလေ။ ဆေးဖိုးနဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးတောင်းတာ မဖြစ်သင့်ဘူးထင်လို့လား"

လော့ချင်းဝူက ခပ်ပြောင်ပြောင်ပင် ပြန်မေးလိုက်သည်။

"မထင်ပါဘူး..." ထန်ယောင်ယောင်က ခေါင်းငုံ့ပြီး လေသံလေးဖြင့် ပြန်ပြောရှာသည်။

"ပြီးတော့ နင်တို့အားလုံး၊ တစ်ယောက်မကျန် ပိုက်ဆံထုတ်ကြ။ ငါ့ကို အရိုက်ခံရအောင် လုပ်တဲ့အတွက် လျော်ကြေးလို့မှတ်လိုက်။"

လော့ချင်းဝူက လူအုပ်ကြီးတစ်ခုလုံးကို အော်ပြောလိုက်သည်။

"ပြေးဖို့ကြိုးစားတဲ့သူရှိရင် အဲ့ဒီနေရာတင် ခြေထောက်ကို ရိုက်ချိုးပစ်မယ်။"

ထိုစကားကြောင့် မြို့ထဲမှ အောင်ပွဲခံသံများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် တအံ့တသြလှည့်ကြည့်နေကြလျက်။ အစောပိုင်းက မြို့တစ်ခုလုံးကို ကာကွယ်ပေးခဲ့သည့် နတ်သမီးလေးမှာ အခုတော့ ဓားပြကျင့်ဓားပြကြံ ကြံနေလေပြီ။

"အကြီးအကဲလော့၊ ကျွန်တော့်မှာ ခြေထောက်မှမရှိတာ၊ ဘယ်လိုလုပ်မလဲ။"

ခြေထောက်နှစ်ဖက်လုံးမရှိရှာဘဲ ပျဉ်ချပ်ပေါ် လှဲနေရသည့် အဘိုးကြီးတစ်ဦးက လက်ထောင်ပြီး အတည်ပေါက်ကြီးမေးလာသည်။

အမှန်တော့ ပိုက်ဆံမပေးချင်၍ အကြောင်းပြခြင်း ဖြစ်သည်။

"ဒါဆိုရင်လည်း နင့်ရဲ့ တတိယခြေထောက်ကို ရိုက်ချိုးပစ်မယ်"

လော့ချင်းဝူက တွေဝေခြင်းမရှိဘဲ ခပ်ပြတ်ပြတ်ဆိုသည်။

"အမလေးဗျာ"

ထိုဒုက္ခိတအဘိုးကြီးမှာ ဖြူဖျော့သွားပြီး သူ၏ မသေမျိုးသလင်းကျောက်တွေကို အမြန်ပင် ထုတ်ပေးလိုက်ရသည်။

ဤသည်ကိုမြင်သောအခါ ကျင့်ကြံသူအားလုံးလည်း အောင့်သက်သက်ဖြင့်ပင် ကာကွယ်အဖိုးအခများအား ရက်ရက်ရောရော ထုတ်ပေးလိုက်ကြရသည်။ သူတို့ရင်ထဲတွင်တော့ လော့ချင်းဝူ၏ ပုံရိပ်မှာ နတ်သမီးအဆင့်မှသည် ဓားပြအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့လေပြီ။

"ဟဲဟဲ၊ ပိုက်ဆံတွေ အများကြီးပဲ။ အခုဆိုရင် သေရည်ကောင်းကောင်းတွေ အများကြီးဝယ်သောက်လို့ရပြီ။" လော့ချင်းဝူသည် ပိုက်ဆံအိတ်ပေါင်းများစွာကို သူမ၏သိုလှောင်လက်စွပ်ထဲထည့်ကာ သလင်းကျောက်အရေအတွက်စုစုပေါင်းကို ပြန်လည်တွက်ချက်စစ်ဆေးရင်း အပျော်လွန်လျက်ရှိ၏။

တပည့်ဖြစ်သူ ထန်ယောင်ယောင်မှာတော့ ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်စွာ နဖူးကိုလက်ဖြင့်အုပ်၍ သက်ပြင်းချရရှာ၏။

လော့ချင်းဝူသည် သူတစ်ပါး အထင်အမြင်ကို လုံးဝဂရုမစိုက်တတ်သူဖြစ်၏။ သူမသည် မြောက်ပိုင်းအေးခဲမသေမျိုး‌ဒေသတစ်ခုလုံးက မုန်းတီးရွံရှာပါသည့် လူရမ်းကားမတစ်ယောက်လည်း ဖြစ်နိုင်သလို လိုအပ်လာလျှင် အသက်ပေးပြီး ကာကွယ်ပေးတတ်သည့် သူရဲကောင်းတစ်ဦးလည်း ဖြစ်နိုင်ပေသည်။

"ဟဲ့ နေပါဦး၊ ဟိုကောင်လေးကော ဘယ်ရောက်သွားပြီလဲ။"

"အကြီးအကဲယဲ့ကိုပြောတာလား။ သူ ထွက်သွားပြီလေ။"

ယဲ့ကျွင်းလင်၏ ပုံရိပ်ကို ပြန်တွေးမိရင်း ထန်ယောင်ယောင်၏ မျက်နှာလေးမှာ နီမြန်းလာပြီး ရှက်ကိုးရှက်ကန်းပြောလိုက်သည်။

"သူ ဘယ်အရပ်ကလာတာလဲဆိုတာကိုတောင် မပြောသွားဘူး၊ နှမြောစရာပဲ။"

လော့ချင်းဝူက ခေါင်းတခါခါနှင့် ပြောပြလိုက်သည်။ "သူက မသေမျိုးဘုံဇာတိသားမဟုတ်ဘူး၊ အောက်ဘုံကနေ အခုမှတက်လာတာ။"

"ဘယ်လို ဟားဟားဟားဟား" မြို့စားမင်းထန်ယွမ်ဖုန်းသည် ဘေးမှကြားလိုက်မိပြီး ဗိုက်ကိုလက်ဖြင့်နှိပ်ကာ အားရပါးရရယ်မောလေတော့၏။

အောက်ဘုံမှတက်လာခါစလူက မသေမျိုးသူတော်စင်အဆင့်ရှိသည် ဟူသောစကားမှာ မသေမျိုးဘုံသားတိုင်းအတွက် ရယ်စရာပြက်လုံးတစ်ခုသာ။

"ဆရာသခင် နောက်နေတာမဟုတ်လား။" ထန်ယောင်ယောင်က စူးစမ်းသလို မေးလိုက်သည်။

လော့ချင်းဝူက တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်ပြောသည်။ "သူက ခွင်းလွင်ကမ္ဘာကနေ ဒီနေ့မှတက်လာတာလို့ ငါ့ကို ကိုယ်တိုင်ပြောသွားတာ"

"အကြီးအကဲကလည်း ဟားဟားဟားဟား"

ထန်ယွမ်ဖုန်းမှာတော့ ရယ်လွန်း၍ မျက်ရည်ပင်ထွက်နေပြီဖြစ်သည်။ လော့ချင်းဝူ၏မျက်နှာကြီး ပိုပိုတင်းမာလာသည်ကို သူသတိမထားမိသေး။

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။" ထန်ယောင်ယောင်ကတော့ မနောက်တတ် မလိမ်တတ်သော ဆရာသခင်အကြောင်းသိသူဖြစ်ရာ အအံ့သြကြီးအံ့သြနေလျက်။

"အစကတော့ ငါလည်း လက်မခံနိုင်ဘူး။ ဒါပေမဲ့ ခုမှတက်လာတဲ့သူက ဒီလောက်အဆင့်ရှိနေတယ်ဆိုရင် သူ့ကမ္ဘာက ကျင့်ကြံခြင်းအဆင့်အတန်းကလည်း မသေမျိုးလောကနဲ့တောင် ယှဉ်နိုင်လောက်တယ်လို့ ငါထင်တယ်။" လော့ချင်းဝူက အတည်ပေါက် သုံးသပ်ပြလိုက်သည်။

"ဟားဟားဟားဟား။"

ထန်ယွမ်ဖုန်းတစ်ယောက်ကတော့ မြေပြင်ပေါ် လူးလှိမ့်နေလေပြီ။

ထိုအချိန်တွင် လော့ချင်းဝူသည် ဆက်ပြီးသည်းမခံနိုင်တော့ဟန်ဖြင့် ထန်ယွမ်ဖုန်းကော်လာစကို ထဆွဲသည်။ "ငါ စကားအကောင်းပြောနေတာကို ဘာလို့ရယ်နေတာလဲ။ အဲ့လောက်တောင် ရယ်ရနေလား ဟမ်"

ရယ်သံများ ချက်ချင်းရပ်သွားသည်။

လော့ချင်းဝူ၏ အတည်လူသတ်တော့မည့်ဟန်ကြောင့် ထန်ယွမ်ဖုန်း မျက်နှာလေးငယ်ကျသွားရသည်။

"ပြောစမ်း၊ ဘာက အဲ့လောက်ရယ်ရတာလဲ။ ပြောစမ်းပါ။"

"အကြီးအကဲလော့၊ ကျွန်တော် ရုတ်တရက် အရမ်းပျော်စရာကောင်းတဲ့ အကြောင်းတစ်ခုကို သတိရသွားလို့ပါ။"

"ကဲ ပြောစမ်းပါဦးဦ အဲ့ဒီ ပျော်စရာကဘာလဲ။ မပြောနိုင်ရင်တော့ နင့်ကို ခေါင်းချောင်သွားအောင်ရိုက်ပစ်မယ်။" လော့ချင်းဝူက လက်သီးကိုမြှောက်ကာ ခြိမ်းခြောက်လိုက်သည်။

ကြောက်လန့်လွန်းသဖြင့် ထန်ယွမ်ဖုန်းသည် မစဉ်းစားနိုင်တော့ဘဲ လွှတ်ကနဲပြောချလိုက်သည်။ "ကျွန်တော့်အမေအိုကြီးက ဒီနေ့ပဲ ဝဝဖြိုးဖြိုးညီလေးတစ်ယောက် မွေးလိုက်လို့ပါ။"

ထန်ယောင်ယောင်မှာတော့ ထိုနေရာမှာပင် ဆွံ့အကာ မှင်တက်သွားလေတော့သည်။

"ဘာတွေလဲဟ"

All Chapters