လူရမ်းကားဆရာသခင်
Vol. 51 Ch. 710
"ဟယ် နင့်အမေအိုကြီးကလည်း မွေးနိုင်လှချည်လား။ ဒီအသက်အရွယ်နဲ့တောင် မသေမျိုးဘုံရဲ့မွေးဖွားမှုနှုန်းကို ထောက်ပံ့အားပေးနေတုန်းပေါ့လေ"
လောချင်းဝူက အားတက်သရောပြောလာသည်။
"အဖေကလည်း ဘာတွေပြောနေတာတုန်း"
ထန်ယောင်ယောင်က အရှက်သည်းစွာဖြင့် ခြေကိုဆောင့်လျက် ဒေါသတကြီးဝင်တားသည်။
"ငါ ငါ..."
ထန်ယွမ်ဖုန်းမှာ စကားမှားသွားသည်ကို ပြန်မဖြည်နိုင်တော့ဘဲ မြေကြီးထဲသာ ခေါင်းမြှုပ်ပစ်ချင်မိတော့သည်။
နောက်တစ်စက္ကန့်တွင် သူသတ္တိကိုအလုံးစုံစုစည်းကာ လော့ချင်းဝူကိုလှမ်းကြည့်ပြီး ရိုးရိုးသားသားပြောရှာ၏။
"ဟိုဟာလေ ကျွန်တော်စကားမှားသွားတာရယ်"
"သွားသေလိုက်"
လော့ချင်းဝူက သူ့ကိုကော်လာမှလှမ်းဆွဲပြီး လှံပစ်သည့်ဟန် အလွန်ပြည့်စုံသေသပ်သော ကိုယ်ဟန်အနေအထားဖြင့် မြို့စားမင်းအိမ်တော်ခေါင်မိုးဆီသို့ တည့်တည့်ချိန်ကာ လွှင့်ပစ်လိုက်တော့သည်။
"အား"
ကောင်းကင်ထက်တွင် လှစ်ခနဲပျံဝဲသွားရှာသော ထန်ယွမ်ဖုန်း၏ခန္ဓာကိုယ်ကြီးမှာ ထိုလျင်မြန်မှုကို အလျဥ်မမီတော့သည့်အလား အရေပြားများပင် တတွန့်တွန့်လှုပ်ခတ်လျက်။
မရေမတွက်နိုင်သော ကျင့်ကြံသူအများမှာ ဝမ်ကျန့်မြို့၏ကောင်းကင်ထက် ဘာမှန်းမသိသောအရာကြီးတစ်ခု လှစ်ခနဲပျံပြေးသွားပြီး တောင်တစ်လုံးပေါ် အုံးခနဲကျသွားသည်ကိုသာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နိုင်လိုက်ကြသည်။ ကျသွားသောနေရာတွင် ဖုန်လုံးကြီးတစ်လုံးမှာ မှိုပွင့်ပုံလုံးတက်လာလျက်။
"အဖေ့"
ထန်ယောင်ယောင်က စိုးရိမ်တကြီးထအော်သည်။
"မစိုးရိမ်ပါနဲ့ နင့်အဖေအဲ့လောက်နဲ့ လွယ်လွယ်မသေပါဘူး"
လော့ချင်းဝူက လက်ကိုတဖတ်ဖတ်ခါလျက် ခပ်အေးအေးဆိုသည်။
"ဪ အဲ့လိုဆိုရပါပြီ" ထန်ယောင်ယောင်က ခေါင်းညိတ်လိုက်သည်။
မသေသေးရင်ရပြီလေ။ တော်ရောပေါ့။
"သွားကြစို့ ဒီဆရာသခင် ဆေးလေးဘာလေးပြန်ကုပြီး ဂိုဏ်းကိုလည်း ဖြစ်ကြောင်းကုန်စင်သတင်းပို့ရဦးမယ်၊ ဒီပြဿနာအတွက်အဖြေကိုတော့ ဘိုးဘေးကြီးဆီမေးရုံရှိတာပဲ။ သူက မသေမျိုးဘုံရဲ့ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းကြီးလေ"
လော့ချင်းဝူကဆိုသည်။
ခွင်းလွင်ဆိုသည်မှာ အဘယ်သို့သောကမ္ဘာဖြစ်ကြောင်း သူမသေသေချာချာသိလိုသည်။ မည်သို့သောအဆင့်မျိုးရှိနေ၍ မသေမျိုးသူတော်စင်အဆင့် စွမ်းအားရှင်တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့ရပါသနည်း။
သူမ မကြားမသိဖူးသေးသော လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေဦးမည်လား။
"ဘိုးဘေးကြီးချန်ရှန်းဆိုရင်တော့ သေချာပေါက် ဒီအရှုပ်အထွေးကို ဖြည်ချပေးနိုင်ပါလိမ့်မယ်"
ထန်ယောင်ယောင်က မျှော်လင့်တကြီးဆိုသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး မြို့စားမင်းအိမ်တော်ထံ ဆင်းသက်ခြေချလိုက်ကြသည်။
လော့ချင်းဝူကတော့ အင်မတန်ရှည်လျားသောအကွာအဝေးကို လုံလောက်သည်အထိ စွမ်းအားကြီးအဆောင်တစ်ခုဖန်ဆင်းကာ ကောင်းကင်ပြာမဟာနယ်မြေဆီ သတင်းစကားပေးပို့လိုက်သည်။
ထာဝရမသေမျိုးဂိုဏ်း။
မရေမတွက်နိုင်သော အရွယ်အစားကြီးမားလှပါသည့် မသေမျိုးတောင်ထိပ်ကြီးများသည် ခမ်းခမ်းနားနား ငွားငွားစွင့်စွင့်တည်ရှိနေကာ တိမ်တိုက်များကိုထိုးဖောက်နေသည်အထိ မြင့်မားဝင့်ကြွားလှသည်။ တိမ်မြူငွေ့များကြား မသေမျိုးကြိုးကြာငှက်များက တိုးဝှေ့ပျံဝဲနေကြလျက်။
တည်ဆောက်ထားသော နန်းတော်စံအိမ်များမှာ စီစဥ်တကျရှိကာ မျက်စိပသာဒရှိလှ၏။ အချို့သော မသေမျိုးတောင်ထိပ်များကို သက်တံ့တံတားများဖြင့် ချိတ်ဆက်ထားပုံမှာ အံ့မခန်းလောက်အောင် ခမ်းနားလှပသည်။
တပည့်ဂိုဏ်းသားအချို့က တင်ပျဥ်ချိတ်လျက်သားဖြင့် မျက်လွှာမှေးမှိတ် ကျင့်ကြံအားထုတ်နေပြီး အချို့က ဓားပျံများထက်စီးနင်းကာ လှစ်ခနဲ လှစ်ခနဲ သွားလာလှုပ်ရှားကြလျက်ရှိ၏။
အပြင်ပန်းကြည့်လျှင်တော့ တည်ငြိမ်အေးချမ်းကာ ကောင်းမွန်တက်ကြွစွာလည်ပတ်နေပါသည့် မသေမျိုးဂိုဏ်းကြီးတစ်ဂိုဏ်းသာပင်။
တောင်အနောက်ဘက်ရှိ ဝါးရုံတောထဲတွင်မတော့၊
ဝတ်ရုံဖြူ အပေါ်ရုံစိမ်းဖြင့် ရှင်းလင်းခံ့ညားသောမျက်နှာသွင်ပြင်၊ ပျော့ပျောင်းသောဆံနွယ်ရှည်နှင့် မြင့်မြတ်သန့်စင်သောအရှိန်အဝါတို့အား ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းအမျိုးသားကြီးတစ်ဦးသည် လက်ထဲတွင် အထူးဆက်သွယ်ရေးအဆောင်ပစ္စည်းတစ်ခုကို တအံ့တသြမျက်နှာထားဖြင့် ကိုင်ဆောင်ထားလျက်ရှိ၏။
"ဒဏ္ဍာရီတွေက တကယ်ကိုမှန်ကန်နေတာပါလား"
ဤမြင်ကွင်းကိုသာ အခြားဂိုဏ်းသားများမြင်သွားပါလျှင် အံ့သြလို့ဆုံးမည်မဟုတ်တော့။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်း၏ဘိုးဘေးကြီးမှာ ဘာအဖြစ်အပျက်တွေနှင့်ကြုံရကြုံရ အမြဲတစေ မတုန်မလှုပ်တည်ငြိမ်သူမှန်း သူတို့သိထားကြသောကြောင့်။
ယခုတော့ ထိုဘိုးဘေးကြီးလည်း မတည်ငြိမ်နိုင်တော့လေပြီ။
ဘိုးဘေးကြီးချန်ရှန်း၏ အမှန်တကယ် ထိတ်လန့်အံ့သြမှုမှာ အပြင်ပန်းအမြင်ထက်ပင်ပိုသာလွန်ပါသေးသည်။ အကြောင်းရင်းကား လော့ချင်းဝူပေးပို့လိုက်သော သတင်းစကားပါပေ။
မီးတောက်ကောင်းကင်မသေမျိုးသည် မသေမျိုးဘုံဆီသို့ အသစ်စက်စက်တက်ရောက်လာသော ကျင့်ကြံသူတစ်ဦး၏ လက်သီးတစ်ချက်စာဖြင့် သေဆုံးခဲ့ရပါသည်တဲ့။
ဘိုးဘေးကြီးချန်ရှန်းမှာ ထိုသတင်းကိုကြားလျှင်ကြားချင်း မဖြစ်နိုင်ဟုသာယူဆမိခဲ့သည်။ အောက်ဘုံများမှတက်ရောက်လာသော ကျင့်ကြံသူတို့မှာ များသောအားဖြင့် စစ်မှန်သောမသေမျိုး၊ တစ်ခါတလေမှ ကောင်းကင်မသေမျိုးအဆင့်လောက်သာရှိရာ မသေမျိုးသူတော်စင်ဆိုသည်မှာ စကားထဲပင်ထည့်ပြောနိုင်မည့်စကားလုံးမဟုတ်။
သို့သော် သတင်းစကား၏နောက်ပိုင်းတွင် ထပ်ပေါင်းထည့်လာသည့်အကြောင်းအရာသည်ကား တစ်ဖက်လူသည် ခွင်းလွင်ကမ္ဘာသားတစ်ဦးဖြစ်သည်ဟုဆိုလေရာ ဘိုးဘေးကြီးချန်ရှန်းမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကျိန်စာမိသွားသည့်အလား မလှုပ်မယှက် ရပ်နေရုံသာ တတ်နိုင်တော့လေ၏။
တမုဟုတ်ချင်းပင် အတွင်းစိတ်နက်နက်တစ်နေရာမှ မှတ်ဉာဏ်များပြန်လည်ရုန်းကြွထွက်ပေါ်လာခဲ့သည်။
ထိုစဥ်က မသေမျိုးလောက၏ လျှို့ဝှက်ချက်တစ်ရပ်ကို ပြန်လည်စဥ်းစားမိချိန်တွင် ဘိုးဘေးကြီးချန်ရှန်း၏နှလုံးသားမှာ တဒိန်းဒိန်းလှုပ်ခုန်လာရသည်။
ခွင်းလွင်ကမ္ဘာ။
မသေမျိုးဘုံသားအများစု၏အမြင်တွင် ထူးမခြားနားသော အောက်ဘုံကမ္ဘာတစ်ခုအဖြစ်သာ တည်ရှိပါသည်။
သို့သော် မသေမျိုးတာအိုလောက၏ ထိပ်သီးပုဂ္ဂိုလ်ကြီးများကတော့ ခွင်းလွင်ကမ္ဘာ၏အဆင့်အတန်း မည်မျှမြင့်မားကျော်ဇောခဲ့သည့်အကြောင်း ကောင်းကောင်းနားလည်ထားကြသည်ပင်။
"အရင်တစ်ချိန်က ကြားခဲ့ဖူးသလိုဆိုရင်တော့ မသေမျိုးဘုံဆိုတာ ဖန်တီးထားတဲ့နေရာတစ်ခုပဲ။ အဲဒီနေရာကို တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက အခုလက်ရှိ နတ်ဘုံအစည်းအရုံးရဲ့ ပထမဦးဆုံး အုပ်ချုပ်သူတွေဖြစ်ပြီး တစ်ဦးချင်းစီက ရှေးဟောင်းစကြဝဠာအရှင်တွေချည်းပဲတဲ့”
"နောက်ပြီး အဲ့ဒီစကြဝဠာအရှင်တွေအားလုံးက ခွင်းလွင်ကမ္ဘာက လာကြတဲ့သူတွေပဲ"
ဘိုးဘေးကြီးချန်ရှန်းက စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် သတင်းစကားပြန်ကြားလိုက်သည်။
တစ်နည်းဆိုရပါလျှင် မသေမျိုးလောက၏ ရှေးဦးတည်ထောင်သူ ပထမဦးဆုံး နေထိုင်အခြေချသူများသည် ခွင်းလွင်ကမ္ဘာမှလာခဲ့ကြခြင်းပင်။
ထိုမသေမျိုးဘုံဆိုသည်မှာလည်း ခွင်းလွင်ကမ္ဘာကို အစားထိုးဖို့ရာအတွက် ယာယီဖန်ဆင်းထားသော ဒုတိယခွင်းလွင်မျှသာပင်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ခွင်းလွင်ကမ္ဘာအတွင်းရှိ ကျင့်ကြံမှုပတ်ဝန်းကျင်သည် တစ်ချိန်က မသေမျိုးလောကထက်ပင် ပိုမိုကောင်းမွန်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။
"ငါ့ခန့်မှန်းချက်က မှန်နေတာပဲ။ ခွင်းလွင်ကမ္ဘာမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့လို့ နောက်ပိုင်းမှာ မသေမျိုးလောက ပေါ်ထွက်လာခဲ့တာ။ နတ်ဘုံအစည်းအရုံးရဲ့ အဆင့်အတန်းအမြင့်ဆုံး အာဏာပိုင်တွေက မလိုအပ်တဲ့ အငြင်းပွားမှုတွေမဖြစ်အောင် ဒီအချက်ကို လူသိရှင်ကြားမထုတ်ပြန်ခဲ့တာ ဖြစ်နိုင်တယ်။”
"ခွင်းလွင်ကမ္ဘာကနေတက်လာတဲ့ကျင့်ကြံသူဆိုရင် ခွင်းလွင်ရှေးဟောင်းစွမ်းအားရှင်တွေထဲက တစ်ယောက်ဖြစ်မှာပဲ။ ဒါမှမဟုတ် ခွင်းလွင်ကမ္ဘာ နာလန်ထူအပြီး ကျင့်ကြံဆင့်အမြန်မြင့်တက်လာတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်မလား"
အချိန်တိုလေးအတွင်းမှာပင် ဘိုးဘေးကြီးချန်ရှန်းကတော့ အကြမ်းဖျင်းဖြစ်နိုင်ချေများကို ခန့်မှန်းတွက်ချက်ပြီးသွားပြီဖြစ်၏။
အကြောင်းစုံတွက်ဆပြီးသွားသည်နှင့်အမျှ စိုးရိမ်စိတ်ကိုရော မျှော်လင့်ချက်ကိုပါ ခံစားမိလာရပြီး ဤမသေမျိုးဘုံတွင် ထိုလူသား မည်သို့မွှေနှောက်ကျင်လည်တော့မည်ကို သိမြင်ချင်စိတ် ပြင်းပြလာမိသည်။
လက်ရှိ မသေမျိုးဘုံမှာ အတွင်းအပြင်ပြဿနာပေါင်းစုံဖြင့် မတည်မငြိမ်ဖြစ်နေရပြီး အခြေအနေက ဘာကိုမှကြိုပြောလို့မရနိုင်။
ရှေးဟောင်း မသေမျိုးသူတော်စင်ကြီးတစ်ပါးဖြစ်ပါသော်လည်း သူ့မှာ အခြေအနေကို ပိုနားလည်လာလေလေ ပိုပြီး စွမ်းအားမဲ့အင်အားနည်းသလို ခံစားရလေလေဖြစ်နေသည်။
ဤသို့ အကန့်အသတ်မရှိကျယ်ပြောလှပါသော စစ်တုရင်ခုံကြီးထက် သူသည် တစ်ချိန်ချိန်တွင် ထိုးကျွေးခံရမည့် တစ်နည်းတစ်ဖုံအသုံးဝင်ပါသော နယ်ရုပ်လေးတစ်ရုပ်ထက်မပို။ ခုံ၏အလယ်ဗဟိုအနားကို ဝေ့သီနိုင်ဖို့ပင် အရည်အချင်းမပြည့်မီခဲ့ပါချေ။
စကြဝဠာအရှင် ဟူသောအဆင့်ကို တက်လှမ်းနိုင်မည့်ပုဂ္ဂိုလ်သည်သာ ထိုအလယ်ဗဟိုသို့ တိုးဝင်စူးစမ်းနိုင်စွမ်းရှိပေမည်။
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အမြှောက်စာလေးတွေပါပဲလေ။
"ယဲ့ကျွင်းလင်..."
ဘိုးဘေးကြီးချန်ရှန်းမှာ ဝါးရုံတောလေးထဲ အချိန်အကြာကြီး ရပ်တန့်စဥ်းစားနေမိရင်း ကောင်းကင်ထက်မျှော်ကြည့်ကာ တိုးတိုးရေရွတ်မိ၏။
အကြောင်းရင်းမည်မည်ရရမရှိပါသော်ငြား ထိုအမည်ပိုင်ရှင်၏ရောက်ရှိမှုသည် မသေမျိုးဘုံဆီသို့ မကြုံစဖူးပြောင်းလဲမှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု ခံစားသိမြင်နေမိသည်။
ယွီရှန်းမဟာနယ်ပယ်။
ဝမ်ကျန့်မြို့စားမင်း၏ နေအိမ်တော်တွင်၊
အထူးပြုလုပ်ထားသော အဆောင်စာရွက်တစ်ခုသည် စားပွဲထက်၌ ခပ်နွေးနွေးအလင်းတချို့ထုတ်လွှတ်လျက် ပေါ်ထွက်လာသည်။
"ဆရာသခင် ဘိုးဘေးချန်ရှန်းဆီက ပြန်စာလာပြီ"