← Chapters

အခန်း (၇၁၁)

Vol. 51 Ch. 711

အခန်း (၇၁၁)

Vol. 51 Ch. 711

ပြန်စာကို အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ဟန်ရှိသော ထန်ယောင်ယောင်သည် အဆောင်စာရွက်လေးအား စိတ်လှုပ်ရှားစွာကောက်ကိုင်လျက် ဘေးခန်းဆီသို့ ပြေးဝင်သွားသည်။

အိပ်ရာထက်တွင် အမျိုးသမီးတစ်ယောက်သည် တင်ပျဥ်ခွေလျက်သားနှင့် အတွင်းဒဏ်ရာများကို ကုစားနေသည်။

လော့ချင်းဝူသည် အတွင်းခံများကိုပင် ဝတ်ဆင်မထားဘဲ အထူးပြုလုပ်စီရင်ထားသော ပတ်တီးဖြူများဖြင့်သာ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ဆေးစွမ်းများ ခန္ဓာကိုယ်ထဲသို့ မြန်မြန်စိမ့်ဝင်စေရန် ထိုသို့ လုပ်ဆောင်ထားခြင်းဖြစ်သည်။

ပတ်တီးများကို အလောတကြီးပတ်ထားရခြင်းဖြစ်သောကြောင့် ခန္ဓာကိုယ်အလှမှာ ပေါ်သည့်နေရာပေါ် လပ်သည့်နေရာလပ်လျက်။

"ဆရာသခင်ရေ ဆရာသခင်"

အခန်းထဲ အမောတကောပြေးဝင်လာသော ထန်ယောင်ယောင်မှာ ထိုမြင်ကွင်းတွင် ဆွံ့အရပ်တန့်သွားရှာ၏။

ချက်ချင်းဆိုသလိုပင် မျက်နှာလှလှလေး နီရဲပူပြင်းကာ ရှက်အားကြီးစွာ မျက်နှာအမြန်လွှဲလိုက်ရသည်။

"ဆရာသခင် ဘာလို့ဒီလိုကြီးဝတ်ထားတာလဲ"

ရှက်စရာကြီးလေ...

"ကောင်မလေးကလည်း ငါ့ဘာသာဘာဝတ်ဝတ်ပေါ့"

"မြန်မြန် ဘာကိစ္စရှိလို့လဲ"

လော့ချင်းဝူက စိတ်မရှည်သလို ပေါင်ကိုတစ်ချက်ရိုက်ကာ ဆိုသည်။

"ဆရာသခင့်ဆီ ပြန်စာရောက်လို့ပါ"

ထန်ယောင်ယောင်မှာ ရှေ့တည့်တည့်ကိုမကြည့်ရဲသေးသကဲ့သို့ မျက်နှာကိုတစ်ဖက်လှည့်ထားလျက်သားနှင့်ပင် ဆက်သွယ်ရေးအဆောင်အား အရှေ့ဆီကမ်းပေးလိုက်သည်။

"ကောင်းတယ် ဘိုးဘေးကြီးဆီကစာပဲဖြစ်မယ်"

လော့ချင်းဝူသည် အဆောင်စာရွက်ကိုမြန်မြန်ဆွဲယူပြီး မသေမျိုးချီထည့်သွင်းကာ ထွက်လာသောစကားသံကိုနားထောင်သည်။

နားထောင်နေရင်း လော့ချင်းဝူ၏မျက်နှာထားမှာ တဖြည်းဖြည်းထူးဆန်းလာရာမှ ထိတ်လန့်မှုတို့စွန်းထင်လာပြီး မယုံကြည်နိုင်ဟန်လည်းပေါက်လာသည်။

ဟာသတွေလာလုပ်နေတာလား ဘိုးတော်။

မသေမျိုးဘုံကို အစပျိုးတည်ထောင်ခဲ့ပါသော စွမ်းအားကြီးပုဂ္ဂိုလ်ထူးတို့မှာ ခွင်းလွင်နယ်ခံနယ်သားများဖြစ်ကြပြီး တစ်ချိန်ကခွင်းလွင်သည် ကောင်းကင်ဘုံနှင့် နယ်ပယ်ဘုံလောကတို့အားလုံး၏ အထွတ်အထိပ် ခေါင်းဆောင်ကမ္ဘာဖြစ်ခဲ့သည်တဲ့။

ထိုသို့ဆိုလျှင် ခွင်းလွင်ကမ္ဘာမှာ မသေမျိုးသူတော်စင်တစ်ပါးတက်လာသည်ဟူသော သတင်းက နားလည်ရခက်စရာမရှိတော့။

ခွင်းလွင်သည် မူလလက်ဟောင်းအခြေအနေသို့ ပြန်လည်မြင့်တက်နေလေပြီ။

ဤသို့ အဆင့်နိမ့်ကမ္ဘာတစ်ခုက ရှေးခေတ်တစ်ချိန်တွင် ထိုမျှကျက်သရေအဖြာဖြာပြည့်စုံကာ တောက်ပလင်းလက်ခဲ့သည့်အပြင် သူမတို့ လက်ရှိရှင်သန်နေထိုင်ရာ ဘုံကမ္ဘာကိုပါ ထုတ်လုတ်ပေးနိုင်ခဲ့သေးသည်။

"ဒီလိုဆိုရင်တော့ အဲ့လူအဲ့လောက်သန်မာနေတာ အံ့သြစရာမရှိတော့ပါဘူး"

လော့ချင်းဝူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရေရွတ်လာသည်။

ယဲ့ကျွင်းလင်ပေးခဲ့သော ထိတ်လန့်မှုက သူမရင်ထဲ ပျောက်ကွယ်မသွားသေးပါချေ။

ဝါရင့်မသေမျိုးသူတော်စင်ကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်နိုင်သောစွမ်းအားသည် အံ့မခန်းဆိုသည်ထက် သာလွန်ပေသည်။

"ဆရာသခင် ဘိုးဘေးချန်ရှန်းကဘာပြောလဲ" ထန်ယောင်ယောင်က သိချင်စိတ်ပြင်းပြစွာ‌ မေးသည်။

"လာနားထောင်လှည့်"

"အယ် လာပြီလာပြီ"

ထန်ယောင်ယောင်က မျက်နှာတစ်ဖက်လှည့်လျက်သားဖြင့် အနားသို့လျှောက်လာသည်။

လော့ချင်းဝူ၏နှုတ်ခမ်းထောင့်က ခပ်မြူးမြူးကော့တက်သွားကာ ကလေးမ၏လက်ကိုဆွဲ၍ အနားသို့တိုးကပ်စေလိုက်သည်။

ထို့နောက် ခပ်တင်းတင်းဆွဲဖက်လိုက်တော့၏။

"အာ့"

ထန်ယောင်ယောင်မှာ ဆွံ့အလန့်ဖျပ်သွားရကာ လော့ချင်းဝူဆွဲရာသို့ သတိလက်လွတ်ပါသွားရပြီး အသားချင်းထိစပ်လိုက်ချိန်တွင် သေးသေးပြားပြားရင်ဘတ်လေးမှာ ကြီးကြီးမားမားတစ်စုံတစ်ရာနှင့် ဝင်တိုက်သွားမိလျက်။

အသားချင်း အလွန်အကျွံထိကပ်သွားခြင်းကြောင့် သူမမျက်နှာမှာ ပန်းသီးတစ်လုံးအလားနီရဲသွားပြီး ရုန်းထွက်ဖို့အမြန်ကြိုးစားသည်။ သို့သော် ခါးသွယ်သွယ်မှာ တင်းနေအောင်အဖက်ခံထားရလေပြီ။

"ဆရာသခင် ဒါကတော့..."

ထန်ယောင်ယောင်မှာ အလုံးစုံရှက်သွေးကြွလျက်ရှိကာ မျက်နှာလှလှလေး သွေးထွက်တော့မတတ်ရဲတက်လာလျက် ခေါင်းကိုတစ်ဖက်သို့အတင်းလှည့်ကာ နှုတ်မှ ဝူးဝူးဝါးဝါးတွေပြောလာသည်။

"ယောင်ယောင်လေးကလည်း ဘာတွေအဲ့လောက်ရှက်နေတာလဲ။ ဆရာသခင်က နင့်ကိုကိုက်မစားပါဘူး"

လော့ချင်းဝူက အရှေ့သို့ကိုင်းညွှတ်ကာ တပည့်မလေး၏နားနားသို့ တိုးတိုးကပ်ပြောလာသည်။

ရိုက်ခတ်လာသော ထွက်သက်နွေးနွေးကြောင့် ထန်ယောင်ယောင်မှာ ကြက်သီးမွေးညင်းများဖျင်းခနဲထကာ နှလုံးသားကလည်း အရိုင်းဆန်ဆန်လှုပ်ခုန်လာသည်။

အခန်းတွင်းရှိလေထုမှာလည်း ရုတ်ချည်းပူလောင်လာကာ မရေမရာဆန်လာသည်။

"ဆရာသခင် ဒီလိုတွေမလုပ်ပါနဲ့တော့" ထန်ယောင်ယောင်က အသံတုန်တုန်ဖြင့်ဆိုသည်။

"ဘာလဲ ဆရာသခင့်ကို အဲ့လောက်တောင်မုန်းလား" လော့ချင်းဝူမှာ အနည်းငယ်စိတ်ပျက်သွားဟန်။

"လုံဝ မမုန်းပါဘူးရှင်" ထန်ယောင်ယောင် အမြန်ဖြေရှင်းလာသည်။

"ဒါဆို ဆရာသခင်က အံ့သြစရာလေးတစ်ခုလုပ်ပြပေးမယ်"

လော့ချင်းဝူက မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထန်ယောင်ယောင်ကိုစိုက်ကြည့်ရင်း မျက်နှာနားစတင်တိုးကပ်လာသည်။ သူမ၏ရည်ရွယ်ချက်ကား ထင်ရှားနေလေပြီ။

အလွန်နီးကပ်လာသောမျက်နှာကြောင့် ထန်ယောင်ယောင်မှာ အနမ်းခံရတော့မည့်အခြေအနေကို ရိပ်စားမိလိုက်ပြီး မယုံနိုင်စွာ ရင်တဒိုင်းဒိုင်းခုန်လာရသည်။‌ ဦးခေါင်းထက်မှာ အခိုးထွက်တော့မည့်အလား တစ်ကိုယ်လုံးပူပြင်းလျက်။

ဘုရားရေ

ဆရာသခင်က ကျွန်မကိုနမ်းမလို့လား။

မိန်းကလေးအချင်းချင်းပဲ ဖြစ်ပါစေဦး။ ဆရာတပည့်ဆက်ဆံရေးက ဒီလိုနမ်းလို့ရရိုးလား။

နောက်ပြီး ဒါကျွန်မရဲ့ ပထမဆုံးအနမ်းလေးပါနော်။ ကျမရဲ့ ချစ်လှစွာသော အနာဂတ်ဖူးစာရှင်လေးအတွက် သီးသန့်သိမ်းဆည်းထားတဲ့ လက်ဆောင်လေးပါ။ ဆရာသခင်က ဒီလိုပဲယူသွားတော့မလို့လား။ ထန်ယောင်ယောင်ရေ တစ်ခုခုလုပ်စမ်းပါဦး။

ငြင်းလိုက်ရမလား လက်ခံလိုက်ရမလား

အားးးး ဘာလုပ်ရမလဲလို့

တစ်ယောက်လောက်လာကယ်ကြပါဦး။

စိတ်ထဲမှ အပြန်အလှန်အတွန်းအထိုးများစွာဖြစ်အပြီး ထန်ယောင်ယောင်သည် အံကိုတင်းတင်းကြိတ်ကာ မျက်လုံးကိုသာမှိတ်ချလိုက်ရင်း ကျရောက်လာမည့်အနမ်းကြမ်းကြမ်းအတွက် ကြိုတင်ပြင်ဆင်ထားလိုက်တော့၏။

ရလဒ်မှာတော့...

နဖူးကိုတစ်ချက်အတောက်ခံလိုက်ရခြင်းသာ။

"အာ့"

ထန်ယောင်ယောင်မှာ ပူခနဲနာသွားသောနဖူးကို လက်ဖြင့်အုပ်ကာရင်း မျက်ရည်များပါစို့လာသည်။ ထို့နောက် နားမလည်နိုင်စွာ မျက်လုံးကိုဖွင့်ကြည့်သော် လော့ချင်းဝူမှာ ဗိုက်ကိုနှိပ်လျက် အိပ်ရာပေါ်လဲကျသည်အထိ ထိုင်ရယ်နေလေပြီ။

"ဟားဟားဟားဟားဟား"

ရယ်နေသောဆရာသခင်ကိုမြင်တော့ ထန်ယောင်ယောင်မှာ ခေတ္တကြောင်အသွားပြီးမှ ဒေါသတကြီးခြေဆောင့်လျက် အော်သည်။

"ဆရာသခင် ဒါကျွန်မကို သက်သက်အနိုင်ကျင့်တာပဲ"

"ယောင်ယောင်ရယ် နင်ကအရမ်းချစ်စရာကောင်းနေတာကိုး၊ မစဘဲနဲ့ကိုမနေနိုင်ဘူး။ စိတ်မဆိုးပါနဲ့ဟာ"

လော့ချင်းဝူမှာ တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်အောင် ရယ်လို့ကောင်းဆဲ။

"ဒါကကျ ဆရာသခင် အရမ်းလွန်တယ်လေ။ ကျွန်မကိုစကားလာမပြောနဲ့တော့"

သူမ၏ရှက်စရာအပြုအမူကို ပြန်စဥ်းစားမိရင်း ထန်ယောင်ယောင်မှာ မျက်နှာမပြဝံ့အောင်ရှက်သွားရကာ ပူလောင်နေသောပါးများကိုအုပ်ကာလျက် လှည့်ပြေးထွက်သွားလေတော့သည်။

ဆရာသခင်က သူများတွေပြောသလို လူရမ်းကား၊ တကယ့်ကို လူရမ်းကားကြီး။

ကိုယ့်တပည့်လေးကိုယ်တောင် မချန်ဘူး။

ဝူးဝူး

"ဆရာသခင်မှားပါတယ်လို့ စိတ်ဆိုးမပြေသေးဘူးလား" လော့ချင်းဝူက အော်လျက်ကျန်ခဲ့သည်။

တပည့်မလေးပြေးထွက်သွားသည်ကိုကြည့်ရင်း လော့ချင်းဝူပုခုံးတွန့်ကာ လက်ထဲမှဆက်သွယ်ရေးအဆောင်အား ပြန်ငုံ့ကြည့်မိသည်။ ထို့နောက် အတွေးများ တစ်ဖန်ပြန့်ကျဲသွားရတော့၏။

ခွင်းလွင်ကမ္ဘာ၏ ပုံစံအစစ်အမှန်ကို သူမသိလိုလှသည်။

All Chapters