လီမိသားစုဘိုးဘေး
Vol. 51 Ch. 712
ကောင်းကင်မီးတောက်မသေမျိုး သေဆုံးသွားသည်နှင့် အဝေးတစ်နေရာမှ လီဟူမသေမျိုးဂိုဏ်းရှိ သူတော်စင်နယ်မြေကိုယ်စားပြုကျောင်းဆောင်တွင်းမှ ဂိုဏ်းချုပ်၏ပုံတူရုပ်တုကြီးမှာ အသံကျယ်ကျယ်ပေး၍ ကွဲအက်ပြိုလဲသွားပေတော့၏။
ရုပ်တုကိုစောင့်ကြပ်ဖို့တာဝန်ကျသော အကြီးအကဲမှာ တုန်လှုပ်သွားတော့သည်။
ချက်ချင်းပင် သူ့နှုတ်ခမ်းများတဆတ်ဆတ်တုန်လာကာ မျက်လုံးများအနီရောင်သမ်းလျက် မျက်ရည်နှစ်ကြောင်းက မျက်နှာထက်စီးကျလာတော့သည်။ သူဒူးထောက်ချလျက် ငိုသံပါကြီးဖြင့် ကြေကွဲစွာအော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ်ကျဆုံးသွားပြီ"
လီဟူမသေမျိုးဂိုဏ်းတော်ကြီးတစ်ခုလုံး ဆွဲခါခံလိုက်ရသည့်အလား။
အကြီးအကဲများ အမြန်ပြေးဝင်လာကြပြီး ကွဲအက်နေသောရုပ်ထုကိုမြင်သော် မျက်နှာများဖြူဖျော့သွေးဆုတ်ကာ ဝမ်းနည်းမှုများ လှိုက်တက်လာကြတော့၏။
"ဂိုဏ်းချုပ်သာ တရားခံရှာဖို့ထွက်မသွားခဲ့ရင် သေစရာအကြောင်းမရှိဘူး။ ဒီသေခြင်းက အဲ့ဒီတရားခံနဲ့ဆက်စပ်နေရမယ်"
"ဂိုဏ်းချုပ်ရဲ့သဘာဝအရ ဒေါသကိုလည်းမထိန်းနိုင်လိုက်ဘူးထင်ပါတယ်။ ကံကြမ္မာအလိုပဲပေါ့ဗျာ"
"ဘယ်လိုစွမ်းအားရှင်ကများ ဝင်ပါလိုက်လို့ ဂိုဏ်းချုပ်ကြီးသေဆုံးသွားရတာလဲ။ ကျုပ်တို့လီဟူဂိုဏ်းများ တစ်ယောက်ယောက်က စောင့်ကြည့်ကြံစည်နေလေရော့လား"
"ဒီလိုသာဆို ကျုပ်တို့ ပြဿနာအကြီးကြီးတက်ပြီ"
အကြီးအကဲအုပ်စုမှာ လေးလံနေသောနှလုံးသားများကို ရင်ဝယ်ပိုက်လျက် သက်ပြင်းတချချရှိကြ၏။
အချုပ်ဆိုရလျှင် စူးဟောင်လင်၏သေဆုံးမှုက ဂိုဏ်းချုပ်၏လက်စားချေလိုမှုကို ဖြစ်ပေါ်စေခဲ့ကာ နောက်ဆုံးတော့ သားအဖနှစ်ယောက်လုံး ချုပ်ငြိမ်းဇာတ်သိမ်းသွားခဲ့ရခြင်းပင်။ သေဆုံးခြင်းများဆက်တိုက်လာနေသောအဖြစ်မှာ နောက်ကွယ်မှ တစ်စုံတစ်ယောက်၏ ဇာတ်လမ်းဆင်ကြိုးကိုင်ထားခြင်းကြောင့်သာဖြစ်ပေမည်။
ထိုအကြောင်းကို သူတို့တွေးလေလေ ပိုလို့ကျောချမ်းလာရလေလေပင်။
ထို့အပြင် ကောင်းကင်မီးတောက်မသေမျိုးကို ဆုံးရှုံးခြင်းသည် အားအကောင်းဆုံးသောလက်နက်ကိုမှ ဖျက်ဆီးခံရခြင်းဖြစ်လေရာ တစ်ချိန်က ကုလော့မဟာနယ်ပယ်ကို စိုးမိုးခြယ်လှယ်ခဲ့သော လီဟူမသေမျိုးဂိုဏ်းမှာ ကျဆင်းချိန်ရောက်လေပြီဟူသော အဓိပ္ပာယ်ပင်။
ဂိုဏ်း၏အနာဂတ်မှာ မျှော်ကြည့်စရာပင် မကျန်တော့လေပြီ။
"အမိန့်ချမှတ်တယ်။ ဒီအချိန်ကစပြီး ဂိုဏ်းရဲ့ဂိတ်တံခါးအားလုံးကို တံဆိပ်ခတ်ပိတ်ဆည်းမယ်။ ဂိုဏ်းကာကွယ်ရေးအစီအရင်ဟာလည်း ရန်သူကျူးကျော်မှုရှိရင် ချက်ချင်းအစွမ်းပြနိုင်ဖို့ အချိန်မရွေး အသင့်ဖြစ်နေရမယ်"
ဂိုဏ်းတွင်ကျန်ရှိသော အကြီးဆုံးရာထူးရှင် မဟာအကြီးအကဲသည် ဆုံးဖြတ်ချက်တစ်ခုချလျက် အမိန့်ပေးလိုက်တော့သည်။
"ဟုတ်ကဲ့"
အကြီးအကဲများက စကားပြန်လိုက်ကြသည်။
ဤသို့ဖြင့် လီဟူမသေမျိုးဂိုဏ်းမှာ အခြောက်လှန့်ခံလိုက်ရသော စာသူငယ်အလား ဂိတ်တံခါးများကို ကြောက်လန့်တကြားသွားရောက်ပိတ်ဆို့ကာ နောက်ပစ်မှတ်ဖြစ်လာတော့မည့်အရေးအား စိုးရိမ်ကြီးလျက်ရှိကြ၏။
မကြာခင်မှာပင် ဝမ်ကျန့်မြို့တော်တွင်ဖြစ်ပွားခဲ့သော ကိစ္စအဝဝသည် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ဒေသတစ်လွှား မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်မီးတောက်မသေမျိုးသည် ယွီရှန်းမဟာနယ်ပယ်တွင် ကျဆုံးသွားခဲ့လေပြီ။
ထိုသတင်းကိုကြားရချိန်တွင် ကျင့်ကြံသူတို့မှာ ယုံကြည်ဖို့ရာမစွမ်းသာလှ။ ကောင်းကင်မသေမျိုးမီးတောက်သည် မီးတောက်ဘုရင်ဟု နာမည်ကြီးသော ဒဏ္ဍာရီလာ စွမ်းအားရှင်တစ်ပါးဖြစ်သည် မဟုတ်လော။
အဲ့လိုလူက ဒီလိုပဲ သေသွားရသတဲ့လား။
သတင်းများက အိမ်နီးချင်းကုလော့နယ်ပယ်ဆီသို့ ချက်ချင်းပျံ့နှံ့ကုန်လေရာ မသေမျိုးအင်အားစုအများအပြား အုတ်အော်သောင်းနင်း အံ့သြတကြီးဖြစ်ကုန်ကြတော့၏။
ထိုနေ့က ကောင်းကင်မီးတောက်မသေမျိုးတစ်ယောက် ဒေါသမီးတလူလူဖြင့် ယွီရှန်းမဟာနယ်ပယ်ဆီ ဦးတည်ချီတက်သွားသောဟန်ကို မြင်လိုက်ရသူ မရေမတွက်နိုင်အောင်ရှိသည်။ သွေးချောင်းစီးသောတိုက်ပွဲကြီးတစ်ခု ဖြစ်ပေတော့မည်ဟု ခန့်မှန်းထားသော်ငြား ထိုပုဂ္ဂိုလ်၏ သေဆုံးမှုသတင်းသည်သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေ၏။
"ဟာ ယွီရှန်းမှာ မသေမျိုးသူတော်စင်တစ်ယောက်မှမရှိဘူးမလား။ ဘယ်တောထွက်စွမ်းအားရှင်ကများ ဒီလိုဆရာကြီးသဘာကြီးကို သတ်နိုင်ခဲ့တာလဲ သိချင်စမ်းရဲ့"
"ဝမ်းနည်းစရာပဲ။ ဒါဆို ငါတို့ကုလော့မှာ မသေမျိုးသူတော်စင်တစ်ယောက်မှမရှိတော့ဘူးပေါ့။ မြောက်ပိုင်းအေးခဲမသေမျိုးဒေသမှာ ငါတို့နယ်ပယ်အဆင့် တော်တော်လေးကျဆင်းသွားမှာပဲ"
"နေပါဦး လီဟူမသေမျိုးဂိုဏ်းက ဘာလို့လှုပ်တောင်မလှုပ်သေးတာလဲ"
သူတို့အားလုံး ထိုအချက်ကိုသတိရသွားသည်နှင့် လီဟူမသေမျိုးဂိုဏ်းရှိရာသို့ နားမလည်နိုင်စွာ လှည့်ကြည့်မိလိုက်ကြသည်။ ဤမသေမျိုးဂိုဏ်းတော်မှာ အရပ်ရှစ်မျက်နှာလုံးကို ဦးမော့ကြီးစိုးခဲ့သည့်အာဏာရှင်ဂိုဏ်းဖြစ်ခဲ့ဖူးပါသော်လည်း ယခုတော့ ဂိတ်တံခါးအားလုံး အသေစေ့ပိတ်၍ အပြင်လောကတွင် အရိပ်အယောင်မှပေါ်မလာခဲ့တော့ပေ။
လူအများ သက်ပြင်းချမိကြသည်။
ယွီရှန်းနယ်ပယ်နှင့် ကုလော့နယ်ပယ် နှစ်ခုစလုံးသည် မြောက်ပိုင်းအေးခဲမသေမျိုးဒေသတွင် အဆင့်နိမ့်နယ်ပယ်များထဲ ပါဝင်ကြသည်။
အဆင့်နိမ့်သည်ဆိုသော်ငြား မသေမျိုးဧကရာဇ်များတော့ သိပ်မရှားပါးလှပါချေ။ သို့တိုင် မသေမျိုးသူတော်စင်အရေအတွက်ကတော့ အားငယ်စရာအနေအထားပင်။
ကြီးမားကျယ်ပြန့်လှသော နယ်ပယ်ကြီးတစ်ခုလုံး ပိုက်စိပ်တိုက်ရှာလျှင်ပင် မသေမျိုးသူတော်စင်တစ်ပါးကို တွေ့ရမည်မဟုတ်။
ဥပမာအားဖြင့် ယွီရှန်းမဟာနယ်ပယ်ကိုသာကြည့်ပါလေ။
ကုလော့မဟာနယ်ပယ်သည်လည်း ကောင်းကင်မီးတောက်မသေမျိုး၏မျက်နှာဖြင့် ဂုဏ်တင့်နေနိုင်ခြင်းသာ။
ထိုသူအာဏာရှိစဉ်က လီဟူမသေမျိုးဂိုဏ်းမှာ အလွန်စည်ပင်ထွန်းကားခဲ့ပြီး မည်သည့် ဒေသခံအင်အားစုကမျှ ထိုနေရာကို မလှုပ်ခါနိုင်ခဲ့ပေ။ ဤသည်မှာ စွမ်းအားအကန့်အသတ်မဲ့ မသေမျိုးတစ်ဦး၏ သာလွန်မြင့်မြတ်သော သဘာဝပင်။
ယခုတော့ ကောင်းကင်မီးတောက်မသေမျိုးလည်း ကျဆုံးသွားခဲ့ပြီ။ ကုလော့တွင် မသေမျိုးသူတော်စင် တစ်ကောင်တစ်မြှီးမျှမရှိတော့လေပြီ။ အဆင့်လည်း ပိုကျသွားမည်မလွဲ။
"တာအိုရောင်းရင်းတို့ ကြားပြီးကြပြီလား။ အဲ့ဒီအမည်မသိစွမ်းအားရှင်က ကောင်းကင်မီးတောက်ကိုသတ်ဖို့ လက်သီးတစ်ချက်ပဲသုံးခဲ့ရသတဲ့ဗျ"
"ဘာ လက်သီးတစ်ချက်တည်းလား"
"ဟားဟားဟား လုပ်ဇာတ်တွေပါကွာ။ မင်းဘယ်ကကြားလာတာတုန်း"
"ဟုတ်တယ်လေ မသေမျိုးသူတော်စင်ကိုမှ အဲ့ဒီလူက ကောင်းကင်မီးတောက်နော်၊ လက်သီးတစ်ချက်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ရယ်လိုက်ရတာ၊ အဲ့ဒီစကားသာမှန်ရင် ငါချီးတောင်စားပြလိုက်ဦးမယ်"
...
ဤသို့ဖြင့် ကောင်းကင်မီးတောက်မသေမျိုး၏ သေဆုံးမှုနှင့်ပက်သက်သော ကောလဟလအစုံလည်း တစ်ပါတည်းပျံ့နှံ့သွားကြလေသည်။
သို့သော် ပြဿနာမှာ ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းကျော်ခန့်က ၎င်းကို ကောလာဟလဟုသာ ထင်နေကြခြင်း ဖြစ်သည်။ မသေမျိုးသူတော်စင် တစ်ဦးကို၊ အထူးသဖြင့် ဤသို့ ဟုန်းဟုန်းတောက် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးကို လက်သီးတစ်ချက်တည်းနှင့်သတ်နိုင်သည် ဟူသောအချက်မှာ နားထောင်ရသည်မှာပင် ရယ်စရာကောင်းနေသည်။
ဤသို့ဖြင့် ထိုလက်သီးတစ်ချက်သတင်းမှာ အရာမရောက်ခဲ့။
မသေမျိုးလောကတွင်လည်း အသံလွှင့်သလင်းကျောက်အဖွဲ့အစည်း များစွာရှိသဖြင့် ထိုသတင်းများမှာ မြောက်ပိုင်းအေးခဲမသေမျိုးဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့၏။
မသေမျိုးသူတော်စင်အသိုင်းအဝိုင်းမှာ စွမ်းအားရှင်များလည်း ထိုသတင်းဖြင့် ထိတ်လန့်အံ့သြမဆုံးရှိကြသည်။
ထိုကောင်းကင်မီးတောက်ဆိုသူအကြောင်းကို တော်ရုံလောက်သိသူပင် ထိုသူသည် ဥပဒေစွမ်းအားဆယ်သန်းကျော်အထိ ချိုးဖျက်တက်ရောက်ထားနိုင်သူ စကြဝဠာအရှင်အလောင်းအလျာများထဲမှ တစ်ဦးဖြစ်ကြောင်း သိထားကြသည်။
သာမန် အရည်အသွေးမပြည့်မီသော မသေမျိုးသူတော်စင်မဟုတ်။
သို့တိုင် အမည်မသိလူတစ်ယောက်၏လက်ထဲ ကြက်ကလေးငှက်ကလေးလို သေဆုံးခဲ့ရသည်။
မည်သူမျှ မအံ့သြဘဲမနေနိုင်။
"ဘာ ရောင်းရင်းမီးတောက်က လက်သီးတစ်ချက်နဲ့အသတ်ခံလိုက်ရတယ် ဟုတ်လား။ ဟုတ်မှလည်းလုပ်ပါကွာ"
သေဆုံးသူနှင့် ခင်မင်ကျွမ်းဝင်ဟန်ရှိသော ဝါရင့်မသေမျိုးတစ်ဦးကတော့ ခေါင်းကိုသာ မပြတ်ခါယမ်းလျက်ဆိုသည်။
သူ၏ကျင့်ကြံဆင့်နှင့် ဥပဒေစွမ်းအားမှာလည်း ကောင်းကင်မီးတောက်မသေမျိုးနှင့် အဆင့်အတူတူလောက်ဖြစ်ကာ ထိုသူ၏ လက်သီးတစ်ချက်စာအသက်သည် သူ့အတွက်လည်း အလားတူပင်ဖြစ်လိမ့်မည်ဟု ဆိုလိုခြင်းပင်။
မည်သည့်မသေမျိုးသူတော်စင်မှာ ထိုသတင်းစကားကို လက်မခံနိုင်ကြ။
သိထားရမည့်တစ်ချက်မှာ သူတော်စင်အဆင့်သို့ရောက်ရှိသော ကျင့်ကြံသူတို့အား အပြီးတိုင်သတ်ဖြတ်ရန် လွန်စွာမှခက်ခဲလှကြောင်းပင်။ ထိုသို့ တစ်ချက်တည်းနှင့်သတ်ဖြတ်နိုင်ရန် တစ်ဖက်လူသည် သူတို့ထက် အပြတ်အသတ်သာလွန်ထူးချွန်နေမှရမည်။
ဥပဒေစွမ်းအား သန်းနှစ်ဆယ်အထိပိုင်ဆိုင်ထားလျှင်ပင် လက်သီးတစ်ချက်တည်းနှင့် မသတ်နိုင်သေးပါ။ ဤသည်မှာ မည်မျှအဓိပ္ပာယ်မရှိလှသော ကောလဟလဖြစ်ပါသနည်း။
ဥပဒေစွမ်းအား သန်းသုံးဆယ်ဟူသောဖြစ်နိုင်ချေကိုတော့ သူတို့ထည့်မစဥ်းစားမိခဲ့ကြ။
အကြောင်းမှာ ၎င်းသည် လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သောကြောင့်ပင်။
ပေသို့ရှင်း မဟာနယ်ပယ်။
လီမိသားစု အိမ်တော်။
ဤကျင့်ကြံရေး မိသားစုသည် လက်ရှိ မြောက်ပိုင်းအေးခဲမသေမျိုးဒေသ၏ ထိပ်တန်းအင်အားစု ဖြစ်သည်။
လီမိသားစုဘိုးဘေးကြီးမှာ ဒေသတစ်ကြောလုံး၏ အင်အားအကြီးဆုံ နံပါတ်တစ်မသေမျိုးသူတော်စင်အဖြစ်ပင် သတ်မှတ်ခံထားရသည်။
တစ်ချိန်တည်းမှာပင် သူမသည် နတ်ဘုံအစည်းအရုံးမှ ခန့်အပ်ထားသော ဒုတိယတန်းစား မသေမျိုးအရာရှိတစ်ဦးလည်း ဖြစ်ပြီး အင်အားကြီးမားကာ လူတိုင်းကကြောက်ရွံ့ရသူ ဖြစ်သည်။
လီမိသားစု၏ ဘိုးဘေးမြေတွင် လခြမ်းပုံစံ ငွေဖြူရောင်လမင်းကြီးတစ်စင်း ဆွဲချိတ်ထားပြီး အေးမြစင်ကြယ်သော လရောင်များကို ထုတ်လွှတ်နေသည်။
အနီးကပ်ကြည့်ရှုပါက ၎င်းအပေါ်တွင် ခမ်းနားထည်ဝါသော ကောင်းကင်နန်းတော်တစ်ခု တည်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး လှပသပ်ရပ်ကာ ထူးခြားသော အငွေ့အသက်များ လွှမ်းခြုံလျက်ရှိသည်။
ဤသည်မှာ လီမိသားစု၏ အမြင့်ဆုံးအဆင့်အတန်းရှိ နေထိုင်ရာအိမ်တော်ဖြစ်ပြီး မိသားစုအကြီးအကဲများပင် ဆင့်ခေါ်ခြင်းခံရမှသာ တက်ရောက်ခွင့်ရှိသည်။
အကြောင်းမှာ ထိုနေရာတွင်နေထိုင်သူသည် လီမိသားစုကို ပြန်လည်ဦးမော့စေခဲ့သော အရှင်သခင်၊ လီမိသားစု၏ အာဏာအရှိန်အဝါကို ထွန်းကားကျယ်ပြန့်စေပြီး မြောက်ပိုင်းအေးခဲမသေမျိုးဒေသတွင် နာမည်ကျော်ကြားစေခဲ့သည့် လီမိသားစုဘိုးဘေးကြီး ဖြစ်သောကြောင့်ပင်။
ကောင်းကင်နန်းတော်အတွင်း၌ လက်ဝကျယ်ကျယ် ဖားဖားလျားလျားရှိသော ဝတ်ရုံလွှာပါးပျော့ပျော့ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးရှိသည်။ သူမသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသောအသားအရေရှိပြီး သူမ၏ မျက်ခုံးကြားတွင် ဆီးနှင်းလွှာလေးတစ်ခု စိမ့်ဝင်တည်ရှိနေသကဲ့သို့ စိတ်ထင်ရကာ အေးစက်ပြီး သီးသန့်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ရုတ်တရတ် သူမသည် မျက်လုံးအစုံကိုဖျတ်ခနဲဖွင့်ကာ ထိုမျက်လုံးများမှ မသေမျိုးအလင်းတန်းများ စူးခနဲထွက်ပေါ်လာလျက်။
ကောင်းကင်ယံထက်တွင်လည်း ကြီးမားသောဝဲဂယက်ကြီးတစ်ခုပုံပေါ်လာကာ ထိုမျက်နှာပြင်ထက် လျှပ်စီးမိုးကြိုးများ ပြိုးပြိုးပြက်ပြက်ပစ်ခတ်လျက် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ဖန်တီးထုတ်လွှတ်လာသည်။
အခိုက်အတန့်တစ်ခုအကြာတွင် ထိုဝဲဂယက်မှာ တစ်ခါမှမတည်ရှိခဲ့ဖူးသည့်အလား ငြိမ်ဝပ်ပျောက်ကွယ်သွားလျက်။
"ဥပဒေစွမ်းအား သန်းသုံးဆယ်ကို ဒီနေ့မှာ အပြည့်ဖြည့်နိုင်ခဲ့ပြီပဲ"
"အနာဂတ်မှာ စကြဝဠာအရှင်ဘဝကို တက်လှမ်းနိုင်တဲ့အခါ ဒဏ္ဍာရီလာ မဟာကောင်းကင် မသေမျိုးတာအိုသရဖူကို ငါပိုင်ဆိုင်နိုင်ပြီ"
“ငါက စကြဝဠာအရှင်အဆင့်မှာ အသစ်ဝင်ရောက်သူ ဖြစ်နေရင်တောင် နတ်ဘုံအစည်းအရုံးက ဟိုအဘိုးကြီးတွေထက်တော့ အပြတ်အသတ်သာနေဦးမှာပဲ
ထိုအမျိုးသမီးမှာ စိတ်လှုပ်ရှားနေဟန်ရှိကာ မျက်ခုံးထင်းထင်းတို့တွင် ယုံကြည်ချက်အပြည့်ဖြင့်။
ဤပန်းတိုင်ကို အောင်မြင်ဖို့ရာ သူမမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မသေမျိုးသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပါသော်ငြား ဤနှစ်ရှည်လများအတွင်း ဥပဒေစွမ်းအားပမာဏ တိုးပွားရန်အတွက်သာ အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့ရခြင်းပင်။
အခြားနည်းလမ်း မရှိပေ။ မဟာကောင်းကင် မသေမျိုးတာအိုသရဖူ ဆိုသည်မှာ စကြဝဠာအရှင်များကြားတွင် အမြင့်ဆုံးအထွတ်အထိပ်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် သူမ၏ အနာဂတ်လွှမ်းမိုးမှုနှင့် သက်ဆိုင်နေပြီး အကောင်းဆုံးကိုသာရယူလိုသော ဗီဇအရ ဘာတစ်ခုကိုမှ ကျန်လပ်စေရမည်မဟုတ်။
အမှန်တော့ သူမ၏ပါရမီစွမ်းအရ လက်ရှိအချိန်တွင် စကြဝဠာအရှင်ပင် ဖြစ်ပြီးနိုင်လေပြီ။
"အခုဆိုရင် ငါကျင့်ကြံဆင့်တက်ဖို့ကိုပဲ ဦးစားပေးအာရုံစိုက်ရတော့မယ်။ ဒီနေ့ဟာ ငါလီရော့ထုန် အချိန်အကြာကြီးစောင့်ဆိုင်းလာခဲ့ရတဲ့ နေ့ထူးနေ့မြတ်ပဲ။"
လီရော့ထုန်၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။