အခန်း (၇၁၄)
Vol. 51 Ch. 714
"စကားမစပ် ဒီတလော ဟောင်ရန်မဟာနယ်ပယ်ထဲ ကိစ္စကြီးတစ်ခုဖြစ်သွားသေးတယ်၊ သခင်လေးကြားပြီးပြီလား"
လှေသမားအဘိုးကြီးမှာ စကားပြောဝါသနာပါသူဖြစ်ဟန်တူပြီး သတင်းပေးချင် စကားပြောချင်နေလှသည်မှာ ထင်ရှားသည်။ ယဲ့ကျွင်းလင်၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ သူက အားရပါးရဆက်ပြောသည်။
"ကြားရတာတော့ အဲ့ဘက်မှာ ထူးကဲမသေမျိုးဆေးပင်တစ်ပင်ပေါ်ခဲ့တယ်တဲ့၊ အဲဒီဆေးက ပြိုင်ဘက်ကင်း ကျင့်စဉ်အမွေအနှစ်တွေကို သယ်ဆောင်ထားလို့ အင်အားကြီးအဖွဲ့အစည်းတွေ အပြိုင်အဆိုင် လိုက်ရှာနေကြတာ။ နောက်တော့ အဲဒီဆေးလည်း အကျပ်ရိုက်ပြီး ‘မသေမျိုးသင်္ချိုင်းမြေ’ ထဲမှာ ပုန်းအောင်းနေဖို့ ရွေးချယ်ခဲ့တယ်လေ။ ဒီကာလအတွင်းမှာ သန်မာတဲ့ကျင့်ကြံသူတွေ အုပ်စုဖွဲ့ပြီး ဝင်ရှာကြပေမဲ့ လက်ဗလာနဲ့ပဲ ပြန်လာခဲ့ကြရတယ်။”
"အခု အဲ့ကိစ္စက ကြီးသည်ထက်ကြီးလာပြီး တချို့မသေမျိုးသူတော်စင်တွေတောင် မသေမျိုးသင်္ချိုင်းဂူထဲ မနေနိုင်မထိုင်နိုင်ဝင်ရှာကုန်ကြလို့ အပြိုင်အဆိုင်တွေ အတော်များကုန်ပြီတဲ့"
အကြောင်းစုံကိုနားထောင်ပြီး ယဲ့ကျွင်းလင်မျက်မှောင်ကြုတ်မိသည်။ ထိုမသေမျိုးဆေးပင်ဆိုသည်မှာ အလွန်ပင်ရင်းနှီးနေသလို ခံစားမိရ၍။
ထူးကဲမသေမျိုးဆေးပင်ကိုမှ ပြိုင်ဘက်ကင်းအမွေအနှစ်ကို သယ်ဆောင်ထားသေးသတဲ့လား။
နေစမ်းပါဦး။ အဲ့ဒါ ငါတို့ရှောင်ဟေးမဟုတ်လား။
ယဲ့ကျွင်းလင်၏စိတ်ထဲတွင် ဘာမဆိုကြောက်တတ်ပြီး၊ စကားနည်းကာ လူတွေနှင့် စကားပြောဆက်ဆံဖို့ အလွန်ကြောက်ရွံ့တတ်သော ပန်းကန်လုံးကေနှင့် ကောင်လေးကို ချက်ချင်းမြင်ယောင်လာသည်။
သူ၏ စတုတ္ထမြောက် တပည့်ဖြစ်သော မှိုဘုရင်မှာ ထူးကဲမသေမျိုးဆေးအဖြစ်သို့ အဆင့်တက်သွားခဲ့ပြီးဖြစ်ကာ သူသင်ပေးထားသော မြစိမ်းဧကရာဇ် ကျင့်စဥ်ပညာသည်လည်း သူတို့ပြောသော ပြိုင်ဘက်ကင်းအမွေအနှစ်ဆိုသောအချက်နှင့် ကိုက်ညီနေသည်။
မထင်မှတ်ဘဲ မှိုဘုရင်လေးမှာ မသေမျိုးလောကသို့ တက်လှမ်းပြီးနောက် လူချင်းကွဲသွားချိန်တွင် ဤမျှ သနားစရာကောင်းသော အခြေအနေနှင့် ကြုံတွေ့နေရရှာသည်ပင်။ အဖွဲ့အစည်းအများအပြား၏ အလိုလောဘကြီးစွာ လိုက်လံဖမ်းဆီးခြင်းကို ခံရရုံသာမက ယခုတော့ မသေမျိုးသူတော်စင်များထံမှပင် မျက်စိကျခံနေရလေပြီ။
ဒီကောင် ပြဿနာတွေဘယ်လောက်တောင်ရှာထားသလဲ ကြည့်ပါဦး။
"လှေသမားကြီး၊ ခင်ဗျားပြောတဲ့ မသေမျိုးသင်္ချိုင်းဂူဆိုတာဘာလဲ။ ဘယ်နားမှာရှိတာလဲ"
ယဲ့ကျွင်းလင်က အလေးအနက် မေးခွန်းထုတ်လိုက်သည်။
"ဟဲဟဲ ကြည့်ရတာ သခင်လေးရောစိတ်ဝင်စားသွားပုံပါပဲ"
အဘိုးကြီးက လှော်တက်ကိုထိုးရင် အကျယ်တဝင့်ရှင်းပြလာသည်။
"မသေမျိုးသင်္ချိုင်းဂူဆိုတာက အလွန်အင်မတန် အန္တရာယ်များတဲ့ တားမြစ်နယ်မြေတစ်ခုပေါ့"
“ဒဏ္ဍာရီအရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ထိပ်တန်းမသေမျိုးသူတော်စင်အဆင့် ပုဂ္ဂိုလ်နှစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်။ အဆုံးမှာတော့ မသေမျိုးသူတော်စင်တစ်ယောက်က မနိုင်တော့တဲ့အဆုံး ရန်သူနဲ့အတူတူသေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးလိုက်တာ၊ အဲဒီဒဏ်ကြောင့် အနီးတစ်ဝိုက် ပြည်နယ်ဒါဇင်ပေါင်းများစွာ ထိခိုက်ပျက်စီးပြီး သက်ရှိတွေလည်း အကုန်ပျက်သုဥ်းသေဆုံး၊ နယ်မြေတွေလည်း ကျင့်ကြံခြင်းစွမ်းအင်ကင်းမဲ့တဲ့ မြေသေတွေ ဖြစ်ကုန်တာပေါ့။”
“အချိန်ကြာလာတာနဲ့အမျှ သေဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ မကျေလည်နိုင်တဲ့အာဃာတနဲ့ မကျေနပ်ချက်တွေ ပေါင်းစုံသွားပြီး အချိန်မီ ဂရုတစိုက်မဖြေရှင်းနိုင်ခဲ့တာကြောင့် အဆုံးမှာ မရေမတွက်နိုင်တဲ့ မိစ္ဆာဝိညာဉ်တွေ ဖြစ်လာကြတယ်။ သူတို့က သက်ရှိကျင့်ကြံသူတွေကို မြင်တာနဲ့ ခုန်အုပ်ဝါးမျိုကြတော့တာပဲ။”
"နတ်ဘုံအစည်းအရုံးက လူတွေလွှတ်ပြီး အခြေအနေကိုထိန်းသိမ်းခဲ့ရတယ်။ အဲ့ဒီမိစ္ဆာဝိညာဥ်တွေကို နေရာတစ်နေရာသတ်သတ်မှတ်မှတ်ပေးပြီး ပိတ်လှောင်ထားခဲ့လိုက်တာပေါ့။ အဲ့ဒီနေရာက ဒီနေ့ခေတ်အခေါ် မသေမျိုးသင်္ချိုင်းဂူဖြစ်လာတာပါပဲ"
“ဒဏ္ဍာရီအရဆိုရင် အဲ့ဒီမှာ မသေမျိုးသူတော်စင်အဆင့်ရှိတဲ့ မိစ္ဆာဝိညာဉ်တွေတောင် ရှိတယ်လို့ ဆိုကြတယ်၊ ဒါပေမဲ့ ဒါက အပြောသက်သက်ပါပဲ။ ဒါတောင်မှ မသေမျိုးသင်္ချိုင်းမြေဟာ ကျင့်ကြံသူအများစု ခြေမချရဲတဲ့ နေရာတစ်ခု ဖြစ်နေတုန်းပဲ။”
“ဒါပေမဲ့ အခုတော့ အဲဒီမသေမျိုးဆေးပင်ကြောင့် ကျင့်ကြံသူအများအပြားဟာ အန္တရာယ်ကိုတောင် မကြောက်နိုင်ကြဘဲ မသေမျိုးသင်္ချိုင်းမြေထဲကိုဝင်ဖို့ ကြိုးစားနေကြတာ။ အင်း... လောဘကြောင့်လို့ပဲ ပြောရမှာပေါ့”
“သခင်လေးလည်း အပျင်းပြေ သွားကြည့်ချင်လှချည်ရဲ့ဆိုရင် ဒီဇီယွင်ပင်လယ်ကို ဖြတ်ပြီးတာနဲ့ အရှေ့မြောက်ဘက်ကို မိုင်ပေါင်းလေးသန်းလောက် ဆက်သွားလိုက်၊ အဲဒါဆိုရင် မသေမျိုးသင်္ချိုင်းမြေကို မြင်ရလိမ့်မယ်။”
"ဒါပေမဲ့ ကျုပ်တစ်ခုအကြံပေးလိုက်မယ်။ အပြင်ကကြည့်ရုံပဲကြည့်၊ အထဲဝင်သွားမယ်ဆို အလွန်အန္တရာယ်များလိမ့်မယ်"
"အဲ့ဒီထူးကဲမသေမျိုးဆေးပင်ကို လူတွေအများကြီးက ပစ်မှတ်ထားနေကြတာ။ မသေမျိုးသူတော်စင်တွေတောင် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်ဆိုမှတော့ သူတို့ကြားထဲ မြေစာပင်မဖြစ်အောင် ဝင်မသွားတာကောင်းမယ်နော"
အဘိုးကြီးက အကြံပြုလာသည်။
"လမ်းညွှန်ပေးလို့ကျေးဇူးပါ။ ဒါခင်ဗျားအတွက် အပိုဆုကြေး"
ယဲ့ကျွင်းလင်က ခေါင်းဆတ်လိုက်ပြီး ထူးကဲမသေမျိုးသလင်းကျောင်တစ်ခုထုတ်ကာ လှမ်းပစ်ပေးလိုက်သည်။
"မြတ်စွာဘုရား"
အဘိုးကြီး၏မျက်လုံးများမှာ ချက်ချင်းတလက်လက်တောက်ပသွားပြီး သလင်းကျောက်ကို အမြန်လှမ်းဖမ်းလိုက်သည်။ သူ့မှာ ရင်ခုန်သံများမြန်ဆန်ကာ လက်များပင်တုန်ယင်လျက်။
သူ၏လှေထိုးသက်တမ်းတစ်လျှောက် ကြုံဖူးသမျှထဲ အရက်ရောဆုံးလှေငှားသူပါပေ။
အပိုဆုကြေးတောင် ထူးကဲမသေမျိုးသလင်းကျောက်ကြီးတဲ့လား။
အလိုလေးလေး
သူ့အတွက်တော့ အကြိမ်ရေထောင်ချီ စုန်ချည်ဆန်ချည်လှေထိုးတောင် မရနိုင်မည့်ပမာဏပင်။
"သခင်လေး စိတ်မပူပါနဲ့။ ကျုပ်ရဲ့ ဒီမှော်ရတနာလှေလေးကို အစွမ်းကုန်အသက်သွင်းပြီး တစ်ဖက်ကမ်းဆီ အမြန်ဆုံးအရောက်ပို့ပေးမယ်လို့ အာမခံပါတယ်"
အဘိုးကြီးက ယုံကြည်မှုအပြည့်ဖြင့် အာမခံလာသည်။
"မလိုပါဘူး ကျုပ်သွားတော့မယ်"
ယဲ့ကျွင်းလင်သည် ဘေးမှစန်းလန်ကျွင်းကိုဆွဲကာ အပြုံးဖွဖွဖြင့် ဆိုသည်။
ထို့နောက် ကောင်းကင်ထက်သို့ နတ်နဂါးတစ်ကောင်အလား လွှားခနဲပျံတက်ကာ ဇီယွင်ပင်လယ်ပြင်ထက် စတင်ပျံသန်းလိုက်သည်။
ထိုစဥ် သက်ရှိတို့ ကောင်းကင်နားထိပျံတက်လာသည်ကို အာရုံခံမိလိုက်ဟန်ဖြင့် ကျယ်ပြောသောကောင်းကင်ယံတစ်ခုလုံး အမည်းရောင်လွှမ်းကာ ဖိအားအပြည့်ဖြင့် လျှပ်စီးကြောင်းဖြူဖြူတို့အား မဆိုင်းမတွ ထုတ်လွှတ်ပစ်ချလာသည်။
မသေမျိုးဘုရင်အဆင့်သာရှိသော စန်းလန်ကျွင်းမှာ ကြောက်စိတ်များထိုးတက်လာသော်ငြား နံဘေးတွင် ပြိုင်ဘက်ကင်း မသေမျိုးသူတော်စင်တစ်ပါးရှိနေသည်ကို သတိရလိုက်သဖြင့် ချက်ချင်းစိတ်ငြိမ်အေးဆေးသွားသည်။
အုံး အုံး အုံး
ယဲ့ကျွင်းလင်၏ ကိုယ်မှ တဖျတ်ဖျတ်တောက်ပနေသော မသေမျိုးအလင်းတန်းများ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို ကာရံဖုံးအုပ်ထားသည့် ကြီးမားသော ရွှေဝါရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပစ်ချလာသော ကောင်းကင်လျှပ်စီးအားလုံးကို အပြည့်အဝတားဆီးလိုက်သည်။
ချက်ချင်းပင် ယဲ့ကျွင်းလင်သည် အတားအဆီးအားလုံးကို လျစ်လျူရှုကာ ဇီယွင်ပင်လယ်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး တစ်ဖက်ကမ်းသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ပျောက်ကွယ်သွားသော ပုံရိပ်နှစ်ခုကို ကြည့်ရင်း လှေဦးတွင်ရပ်နေသော လှေသမားအဘိုးအိုမှာ မှင်သက်မိနေသည်။
ရုတ်တရက် သူ၏နဖူးထက်မှ ချွေးစေးများ စီးကျလာကာ ခြေထောက်များ ပျော့ခွေသွားပြီး လှေပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်မိသည်။
"ဘုရားရေ ဇီယွင်ပင်လယ်ကို ဒီလိုပဲဖြတ်ပျံသွားနိုင်တယ်ဆိုတော့ ဒါ မသေမျိုးသူတော်စင်ပါလား"
သူ၏ လှေထိုးသက်တမ်းတစ်လျှောက်တွင် မသေမျိုးသူတော်စင်တစ်ပါးကို လှေပေါ်တင်သယ်ပို့ပေးရသည့်အတွေ့အကြုံမျိုး ရှိလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့။
တကယ့်ကို သောက်ရမ်းဂုဏ်ယူစရာကိစ္စကြီးပဲ။
စာစဉ်ပြီး၏