← Chapters

သစ္စာဖောက်

Vol. 1 Ch. 435

သစ္စာဖောက်

Vol. 1 Ch. 435

ကျန်းရီသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်သည် မိုက်ခနဲ ဖြစ်သွား၍ ယိုင်လဲလုနီးပါး ဖြစ်သွားခဲ့သည်။ ဘေးမှ ကျန့်ဝူရွှမ်းက ဖမ်းဆွဲလိုက်၍သာ မဟုတ်လျှင် သူလဲကျသွားလိမ့်မည်ဖြစ်သည်။

သူနှင့် ကျူးကော့ချမ်ယွမ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ လမ်းခွဲခဲ့သည်။ သူ၏ လေးစားထိုက်သော စီနီယာသည် ရက်အနည်းငယ်အတွင်း ရုတ်တရက်ကြီး သေဆုံးသွားသည်။ သူမည်သို့ လက်ခံနိုင်ပါမည်နည်း။

အစပိုင်းတွင် ကျန်းရီသည် ကျူးကော့ချမ်ယွမ်သည် ကျန်းပိုင်လီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အတွက် ကျူးကော့ချမ်ယွမ်အပေါ် အထင်အမြင်ကောင်း မရှိခဲ့ပေ။ ရွှေချမ်လော့မှ သူ့အား လိုက်သတ်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် ကျူးကော့ချမ်ယွမ်အား သူပိုသိလာခဲ့သည်။ နောက်ပိုင်း သူသင်တန်းကျောင်းမှ ထွက်လာခဲ့သည့်အချိန်တွင် ကျူးကော့ချမ်ယွမ်သည် သူ့အား အနက်ရောင်အကြေးခွံဓား ချီးမြှင့်ခဲ့ပြီး ရီဖျောင်ဖျောင်အား သူ သိသည့်အကြောင်း ပြောပြလာခဲ့သည်။ ထိုမှစ၍ ကျန်းရီသည် ကျူးကော့ချမ်ယွမ်အပေါ် လေးစားမှု ထားခဲ့သည်။

နောက်ပိုင်းကိစ္စများကိုကား ရှင်းပြနေရန်ပင် မလိုချေ။ ရှားယွိမြို့ပြင်တွင် ကျူးကော့ချမ်ယွမ်သည် ကျန်းရီအတွက် ဗာဂျရာအဆင့် လူနှစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် ကျန်းရီသည် ကျူးကော့ချမ်ယွမ်အား သူ့ကိုဂရုစိုက်၍ ပူပန်ပေးခဲ့သော သူ့စီနီယာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဤတစ်ခေါက်တွင်လည်း ကျူးကော့ချမ်ယွမ်သည် နေနက်မိစ္ဆာနွယ်နှင့် တိုက်ခိုက်ရင်း သေလုနီးပါး ဖြစ်သွားခဲ့ရာ ကျန်းရီမှာ အပြစ်မကင်းသလို ခံစားနေခဲ့ရသည်။

ယခု သူသေသွားခဲ့ပြီဖြစ်သည်။ သူအသတ်ခံခဲ့ရသည်။ ဝိဉာဉ်သားရဲသင်တန်းကျောင်းကို ရာစုနှစ်တစ်ခုကျော်ကြာ စောင့်ရှောက်ခဲ့သော ကျူးကော့ချမ်ယွမ်၊ နယ်မြေ၏ အတော်ဆုံး သိုင်းသမားဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကျူးကော့ချမ်ယွမ်သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ကျန်းရီသာမက ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် စုလောရွှယ်တို့အားလုံး ကျောက်ရုပ်အလား ဖြစ်ကုန်ကြသည်။ သူတို့အားလုံးသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် အချိန်တစ်ခုကြာအောင် နေခဲ့ကြသည်။ ကျူးကော့ချမ်ယွမ်သည် သူတို့အားလုံး၏ စောင့်ရှောက်သူ နတ်ဘုရားဖြစ်ခဲ့ပြီး ထိုသူမှာ အသတ်ခံခဲ့ရသည်။

ဂိုဏ်းသုံးဂိုဏ်းမှ လူများအားလုံးသည် ဆွံ့အသွားကြပြီး မျက်နှာများ မကောင်းကြတော့ပေ။ ကျူးကော့ချမ်ယွမ်သည် သူ့ဘဝတစ်လျှောက်လုံးတွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိခဲ့သည်။ သူသည် ဖြောင့်မတ်မှန်ကန်၍ စကားကို အရှိအတိုင်း ပြောတတ်သည်။ နယ်မြေမှ သိုင်းသမားအများစုသည် သူ့အားလေးစားကြသည်။ ရုတ်တရက်ရောက်လာခဲ့သော သတင်းဆိုးသည် လူတိုင်းအား ဝမ်းနည်းပူဆွေး သွားစေခဲ့သည်။

ဟူး...ဟူး...

ကျန်းရီသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ် ထွက်လာခဲ့သည်။ သူ့မျက်လုံးများသည် သွေးနီရောင် ပြောင်းသွားခဲ့ပြီး သူ့ကိုယ်ပေါ်မှ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။ သူသည် ရုတ်တရက် ခေါင်းမော့၍ အော်ဟစ်လိုက်သည်။

"အား..."

ကျန်းရီ၏ နာနာကျင်ကျင် အော်ဟစ်လိုက်သံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး လူတိုင်း၏ နားစည်ကို နာကျင်လာစေသည်။ သူ့အသံသည် ရှားယွိမြို့ ကောင်းကင်ထက်တွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။ ထိုအသံတွင် ဝမ်းနည်းမှု၊ နာကျင်မှုနှင့် နာကျည်းမှုများ ပါဝင်နေခဲ့သည်။ မြို့ထဲမှ လူများသည် ကျန်းရီ၏ အသံကို ကြားပြီးနောက် နှလုံးခုန်သံများ မြန်ဆန်လာကြသည်။ ထိတ်လန့်လွန်း၍ လဲကျသွားသူများလည်း ရှိလေသည်။

"သင်တန်းကျောင်းကို ငါသွားလိုက်ဦးမယ်"

အော်ဟစ်ပြီးနောက် ကျန်းရီ၏ မျက်နှာသည် ရက်စက်သည့် အမူအရာ မရှိတော့ပေ။ သို့သော် သူ့မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။ သူသည် နောက်လှည့်၍ ခြေလှမ်းကျဲကြီးများနှင့် ထွက်ခွာလိုက်သည်။ ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် စုလောရွှယ်တို့သည်လည်း မှင်တက်နေရာမှ ရုန်းထွက်ကာ သူ့နောက်ပြေးလိုက်သွားကြသည်။

"ငါတို့လည်း လိုက်ခဲ့တယ်"

ကျန်းရီသည် စဉ်းစားလိုက်သည်။ သူတို့အားလုံးသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ အဖွဲ့ဝင်များဖြစ်ကြသည်။ အထူးသဖြင့် စုလောရွှယ်သည် သင်တန်းကျောင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ ကျူးကော့ချမ်ယွမ် ဆုံးပါးသွားပြီဖြစ်ရာ သူတို့အားလုံး သွားရောက်အရိုအသေပေးသင့်သည်။ ထို့ကြောင့် ကျန်းရီသည် ချက်ချင်းသဘောတူလိုက်သည်။

"သတင်းရောက်လာပါတယ်"

သူသည် ကျန်လူများကို စကြဝဠာနန်းတော်အတွင်း ထည့်တော့မည်ဆဲဆဲတွင် စစ်သူကြီးတစ်ဦးသည် အပြေးရောက်လာခဲ့သည်။ သူသည် စုလောရွှယ်နှင့် ကျန်းရီကို မြင်သောအခါတွင် ချက်ချင်းဒူးတစ်ဖက်ထောက် ထိုင်ချ၍ လျှောက်တင်လိုက်သည်။

"အရှင်မ၊ ကိုယ်စားအုပ်ချုပ်သူအရှင်...မင်းသမီးယွင်ဖေး ရှန်မိမြို့ကို အပြန်လမ်းမှာ လူထူးဆန်းတစ်ယောက်ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ကျွန်တော်တို့ အခုပဲ သတင်းရခဲ့တယ်။ ယွင်ဂိုဏ်းက စစ်သည်တွေအကုန်လုံး သေသွားပါတယ်။ စစ်သည်တွေက ရန်သူကို အစွမ်းကုန်ကြိုးစားပြီး အချိန်ဆွဲထားခဲ့တာကြောင့် မင်းသမီးယွင်ဖေးက သစ်ပင်ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့အစွမ်းကို အသုံးချပြီး ထွက်ပြေးနိုင်ခဲ့တယ်။ ငွေပန်းပွင့်အဘွားအိုက သူမကို ကယ်နိုင်သွားခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးယွင်ဖေးက အားလုံးကို ဂရုစိုက်ဖို့ အထူးသတိပေးလိုက်ပါတယ်။ မင်းသမီးယွင်ဖေး သစ်ပင်ဝိဉာဉ်တွေနဲ့ ဆက်သွယ်ခဲ့တဲ့အချိန်မှာ ရန်သူဘက်က အရှင်မ၊ သခင်လေးကျန့်နဲ့ သခင်လေးချမ်ကိုပါ လုပ်ကြံမယ်လို့ ပြောနေတာကို ကြားခဲ့တယ်လို့လည်း သိရပါတယ်"

"ဟမ်"

ကျန်းရီ၏ မျက်လုံးများ ပြန်လည်အေးစက်သွားခဲ့ပြန်သည်။ ကျန့်ဝူရွှမ်း၏ မျက်နှာသည် သွေးဆုတ်ဖြူဖျော့သွားခဲ့သည်။ ချမ်ဝမ်ကွမ်နှင့် စုလောရွှယ်တို့၏ အမူအရာများမှာ အဆိုးဆုံးဖြစ်သည်။

"လူထူးဆန်းတစ်ယောက်တဲ့လား"

ကျန်းရီသည် ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ မမြင်ရသော လက်ကြီးတစ်ဖက်က သူတို့အားလုံးကို ဖမ်းချုပ်၍ သတ်ဖြတ်ရန် ကြိုးစားနေသည်ဟု သူခံစားနေရလေသည်။

ကျူးကော့ချမ်ယွမ်သည် မည်သည့်အဆင့်အတန်းကို ပိုင်ဆိုင်ထားသနည်း။ ယွင်ဖေးသည် မည်သူပေနည်း။

ထိုလူနှစ်ယောက်အား လုပ်ကြံသတ်ဖြတ်ရဲမည့်သူမှာ နယ်မြေတွင် မရှိသလောက်ပေ။ သို့သော် ထိုသူတို့သည် လုပ်ကြံရဲသည့်အပြင် သူတို့၏ အကြံမှာလည်း အောင်မြင်သွားခဲ့သည်။ ယွင်ဖေးသာ သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည် မရှိပါက သူမပါ သေဆုံးသွားလောက်ပြီဖြစ်သည်။

လုပ်ကြံသူမှာ မည်သူမှန်း သူမသိသော်လည်း ကျူးကော့ချမ်ယွမ်နှင့် ယွင်ဖေးတို့ကို တိုက်ခိုက်ခဲ့သူများမှာ တစ်ဖွဲ့ထဲဖြစ်ကြောင်း သူခန့်မှန်းမိလေသည်။ ကျန်းရီသည် တောင်ကြီးတစ်လုံးကို ထမ်းထားရသည့်အလား မွန်းကြပ်လာခဲ့သည်။ ဤကိစ္စကို သူသေချာမကိုင်တွယ်နိုင်ပါက သူကိုယ်တိုင်ပင် အသက်နှင့်ကိုယ် အိုးစားကွဲသွားနိုင်သည်။

ယွင်ဖေး၏ သတိပေးစကားကို ပြန်တွေးမိသော် ကျန်းရီ၏ မျက်လုံးများ အေးစက်သွားခဲ့သည်။

"ဒီအချိန်ကစပြီး မင်းတို့အားလုံး ငါနဲ့အတူ နေရမယ်။ ငါ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာပြီး မသတ်နိုင်ခင်အချိန်ထိ ငါဘယ်သွားသွား မင်းတို့လိုက်ခဲ့ရမယ်။ ငါသေသွားမယ်ဆိုရင်လည်း ငါတို့အတူ သေကြတာပေါ့"

စုလောရွှယ်ထံတွင် ငြင်းစရာ အကြောင်းပြချက် မရှိပေ။ ချမ်ဝမ်ကွမ်မှာလည်း ချမ်ဂိုဏ်း၏ ပိုင်ဆိုင်မှုများကို သိုသိပ်စွာ ထိန်းချုပ်နိုင်သောကြောင့် ကျန်းရီနောက် ပျော်ပျော်ကြီး လိုက်နိုင်လေသည်။ ကျန့်ဝူရွှမ်းမှာမူ ယွင်ဖေးအား စိတ်မချသောကြောင့် တုံ့ဆိုင်းနေလေသည်။ ကျန့်ဂိုဏ်းသည် သွားရောက်တောင်းရမ်း၍ ယွင်ဖေးအား ခေါ်ဆောင်လာရန် ပြင်ဆင်ပြီးနေပြီဖြစ်သည်။

"အစ်ကိုဝူရွှမ်း...စိတ်မလောပါနဲ့။ ယွင်ဖေးကိစ္စကို ငါကူပြီးဖြေရှင်းပေးမယ်။ အရင်ဆုံး ဝိဉာဉ်သားရဲသင်တန်းကျောင်းကို သွားကြရအောင်"

ကျန်းရီသည် ကျန့်ဝူရွှမ်း၏ ခံစားချက်ကို သတိပြုမိလေသည်။ ကျန့်ဝူရွှမ်းသည် ခေါင်းငြိမ့်လာခဲ့သည်။ ထို့နောက် ကျန်းရီသည် သူတို့အားလုံးအား စကြဝဠာ နန်းတော်အတွင်း ထည့်၍ ယာ့ဇီသားရဲကို ဆင့်ခေါ်ကာ ဝိဉာဉ်သားရဲ သင်တန်းကျောင်းသို့ ခရီးပြင်းနှင်လာခဲ့သည်။

'ကျောင်းအုပ်ကို ဘယ်သူသတ်တာများလဲ။ ဒဏ်ရာရထားခဲ့တယ်ဆိုရင်တောင် ကျောင်းအုပ်က အချိန်အကြာကြီး ကျော်ကြားခဲ့တဲ့ ထိပ်တန်းသိုင်းသမားတစ်ယောက်လေ။ သူက နယ်မြေရဲ့အတော်ဆုံးသိုင်းသမား ဆယ်ယောက်မှာ အဆင့်ငါးဖြစ်ပြီး နတ်ဆိုးသားရဲဘုရင်အဆင့် ရွှေရောင်နဂါးကိုလည်း ပိုင်ထားသေးတယ်။ ပုံမှန်ဗာဂျရာအဆင့် လူတစ်ယောက်တောင် သူ့ကို တစ်ချက်တည်းနဲ့ လုပ်ကြံသတ်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အချင်းဖြစ်တဲ့နေရာက သင်တန်းကျောင်းရဲ့အပြင်ဘက် မျက်မြင်သက်သေတွေ အများကြီး ရှိတဲ့နေရာမှာ...သတ်တဲ့သူကို ဘယ်သူမှ မခန့်မှန်းနိုင်ကြတာများလား'

ကျန်းရီသည် တွေးတောရင်း ခေါင်းကိုက်လာသောကြောင့် နားထင်များကို နှိပ်နယ်လိုက်သည်။ ထိုခဏတွင် ချန်းဖူအရွက်ကို သူသတိရသွားခဲ့သည်။ သူသည် ဆေးပင်နှစ်ခုကို ထုတ်ယူလိုက်ပြီး သေချာစစ်ဆေးလိုက်သည်။ ဆေးပင်၏ ရနံ့ကို ရှူရှိုက်လိုက်ပြီးနောက်တွင် သူရလာခဲ့သည်မှာ ချန်းဖူအရွက်ဖြစ်ကြောင်း သူအတည်ပြုလိုက်နိုင်သည်။ သူသည် ယာ့ဇီသားရဲ၏ ကျောထက်တွင် တင်ပျဉ်ချိတ်ထိုင်ရင်း  အရွက်နှစ်ခုကို ချက်ချင်းယူ၍ ဝါးစားလိုက်သည်။

ချန်းဖူအရွက်များသည် စွမ်းအင်စများအဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲသွားခဲ့ပြီး သူ့စိတ်ဝိဉာဉ်အား လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက်တွင် ၎င်းစွမ်းအင်အား စိတ်ဝိဉာဉ်က အလိုအလျောက် စုပ်ယူသွားလိမ့်မည်။ စိတ်ဝိဉာဉ် သန်မာခြင်းသည် ကောင်းကျိုးအမြောက်အများ ရရှိလေရာ ကျန်းရီသည် အချိန်မဆိုင်းဘဲ ချန်းဖူအရွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

တစ်ရက်အကြာတွင် ချန်းဖူအရွက်၏ စွမ်းအင်ကို သူစုပ်ယူပြီးစီးသွားခဲ့လေသည်။ ယာ့ဇီသားရဲသည် အမြန်ဆုံးနှုန်းဖြင့် ခရီးနှင်လာခဲ့ရာ ဝိဉာဉ်သားရဲ သင်တန်းကျောင်းကို သူတို့ မြင်နေရပြီဖြစ်သည်။ ကျန်းရီသည် ချန်းဖူအရွက်များတွင် မည်သည့်ပြဿနာမှ မရှိကြောင်း သေချာစေရန် စိတ်ဝိဉာဉ်အား သေချာစစ်ဆေးလိုက်သည်။ ထို့နောက် သူသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်းအား နောင်တလွှမ်းသည့် မျက်နှာဖြင့် လှမ်းကြည့်လိုက်မိသည်။

ဝှစ်...

ယာ့ဇီသားရဲသည် လေကိုခွင်း၍ သင်တန်းကျောင်းအထက်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ အောက်ဘက်တွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့လေသည်။

ဝှစ်...

ကျန်းရီ၏လက်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ယာ့ဇီသားရဲမှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် မြေပြင်ထက်သို့ သူခုန်ဆင်းလိုက်သည်။ သူ့လက်သည် နောက်တစ်ကြိမ် လင်းလက်လာခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ စုလောရွှယ်၊ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့လူစု ထွက်ပေါ်လာခဲ့သည်။

ဝိုး...

ရောက်လာသူမှာ ကျန်းရီဖြစ်ကြောင်း သေချာသွားသည့်အခါတွင် ကျောင်းရှေ့ကွင်းပြင်ကျယ်ရှိ ဆရာများ၊ ကျောင်းသားများအားလုံးသည် သူတို့ရှိရာသို့ အပြေးတစ်ပိုင်းရောက်လာကြသည်။ ကျန်းရီနှင့် မျက်မှန်းတန်းမိသူ ဆရာအချို့သည် အဝေးမှပင် အော်ပြောလာကြသည်။

"ကျန်းရီ...ကျောင်းအုပ်အတွက် မင်းလက်စားချေပေးရမယ်။ ကျောင်းအုပ်က မတရားသေသွားရတာ"

ဝှစ်...

ကျောင်း၏ အတွင်းဆောင်ဘက်မှ အဖြူရောင်ပုံရိပ်တစ်ခု ပျံတက်လာခဲ့ပြီး အော်ပြောလာလေသည်။

"ကျန်းရီ...ကျောင်းအုပ်ချီက သတင်းပို့လာတယ်။ သူတို့ လျှိုယွိရဲ့ နေရာကို ရှာတွေ့သွားလို့ အခုလိုက်သွားနေကြပြီ။ မင်းမြန်မြန်သွားပြီး ကူညီသင့်တယ်"

"လျှိုယွိ"

ကျန်းရီ၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်သည့်ဟန် ပေါ်ထွက်နေခဲ့သည်။ တစ်ဖက်တွင်မူ စုလောရွှယ်၏ ကိုယ်လေးသည် ဆတ်ခနဲဖြစ်သွားခဲ့ပြီး ချက်ချင်းပြန်မေးလာခဲ့သည်။

"ဒုကျောင်းအုပ်လျှိုလား...ကျောင်းအုပ်ကို အန္တရာယ်ပြုတာ သူလား"

"အဲ့ဒီ သစ္စာဖောက် တိရစ္ဆာန်ကောင်အပြင် ဘယ်သူရှိဦးမှာလဲ။ သူ့လှည့်ကွက်ကြောင့်သာ မဟုတ်ရင် အဲ့ဒီလူထူးဆန်းက ဒီလောက်စွမ်းအားကြီးတဲ့ ကျောင်းအုုပ်ကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ"

"ဟုတ်တယ်။ လျှိုယွိက ကျောင်းအုပ်ကို လက်ဝါးနဲ့ရိုက်လိုက်တာ ငါတို့ကိုယ်တိုင်မြင်ခဲ့တာ...အဲ့ဒီတိရစ္ဆာန်ကို ဖမ်းမိရင် ငါတို့ သေချာပေါက် တစ်စစီ ဆွဲဖြဲပစ်မယ်"

"...."

လူတိုင်းသည် စတင်၍ တိုင်တောကြပြီး လျှိုယွိအား ကျိန်ဆဲကြတော့သည်။ ကျန်းရီသည် စွမ်းအားမြင့်ပြီး ကျော်ကြားသည်။ သူသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ ဂုဏ်ဆောင်လည်းဖြစ်ရာ လူတိုင်းက သူ့အား ကျောင်း၏ကျောထောက်နောက်ခံသဖွယ် သတ်မှတ်ထားကြသည်။ ကျူးကော့ချမ်ယွမ်သည် သေသွားပြီဖြစ်ပြီး ကျန်ဒုကျောင်းအုပ်များမှာ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဋ္ဌမအဆင့်၊ နဝမအဆင့်များသာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျူးကော့ချမ်ယွမ်အတွက် လက်စားချေပေးရန် ကျန်းရီကိုသာ အားကိုးရမည်ဖြစ်သည်။

***

All Chapters