← Chapters

မိုင်ထောင်ချီအနှံ့ရှာဖွေခြင်း

Vol. 1 Ch. 436

မိုင်ထောင်ချီအနှံ့ရှာဖွေခြင်း

Vol. 1 Ch. 436

ကျန်းရီသည် အခြေအနေကို ကြားရပြီးနောက်တွင် အကြမ်းဖျင်း နားလည်သွားခဲ့သည်။ လျှိုယွိသည် ဝိဉာဉ်သားရဲသင်တန်းကျောင်း၏ ဒုကျောင်းအုပ်များထဲမှ တစ်ယောက်ဖြစ်သည်။ ဤတစ်ခေါက် အနက်ရောင်နကျယ်ကောင်များကို သွားရောက်ရှာဖွေသည့် ခရီးတွင် ကျောင်းသားတစ်စုကို သူဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ သူ့အား ရွှေချမ်လော့၏ စားသောက်ပွဲတွင် ကျန်းရီ တွေ့ခဲ့သေးသည်။

နေနက်မိစ္ဆာနွယ် ထွက်ပေါ်လာပြီး ကျန်းရီအား ချုပ်နှောင်သွားသည့်နောက်တွင် သခင်လေး၊ သခင်မလေးများသည် ကြောက်လန့်သွားကြသည်။ လူတိုင်းသည် ကြောက်လန့်၍ ပျားရည်အား မလုရဲကြတော့ဘဲ နေရပ်သို့ အသီးသီး ပြန်လာကြသည်။

လျှိုယွိသည်လည်း ကျောင်းသားများကို ဝိဉာဉ်သားရဲသင်တန်းကျောင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာတွင် မမျှော်လင့်ထားစွာ နတ်ဆိုးသားရဲများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ကျောင်းသားအချို့ ထိခိုက်ဒဏ်ရာ ရကုန်ကြပြီး လျှိုယွိသည်လည်း ဒဏ်ရာရလာခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် သူတို့အနီးမှ ဖြတ်သွားဖြစ်လေရာ သူတို့လူစုအား ရွှေရောင်နဂါးပေါ်တင်၍ သင်တန်းကျောင်းသို့ ပြန်ခေါ်လာခဲ့သည်။

သို့သော် ဝိဉာဉ်သားရဲတောင်သို့ ရောက်လုဆဲဆဲတွင် လျှိုယွိသည် ကျူးကော့ချမ်ယွမ်အား လက်ဝါးဖြင့် ရိုက်၍ ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု မည်သူက ထင်ထားမိပါမည်နည်း။ တစ်ဆက်တည်းတွင် အနက်ရောင်အရိပ်တစ်ခုသည် အနောက်ဘက်မှ ပျံသန်းလာခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရထားပြီဖြစ်သော ကျူးကော့ချမ်ယွမ်အား တိုက်ကွက်တစ်ခုတည်းဖြင့် သတ်ဖြတ်သွားခဲ့သည်။ ထို့နောက်တွင် ရွှေရောင်နဂါးမှာလည်း သေဆုံးသွားခဲ့သည်။ အနီးပတ်ဝန်းကျင်တွင် တာဝန်ကျနေကြသော ကင်းလှည့်အဖွဲ့နှင့် ရွှေရောင်နဂါးကို စီးနင်းလာကြသည့် ကျောင်းသားများ အားလုံးမှာ လျှိုယွိ ပြစ်မှုကျူးလွန်လိုက်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။

လျှိုယွိသည် သင်တန်းကျောင်းတွင် နှစ်သုံးဆယ်ကျော်ကြာ နေထိုင်ခဲ့သည်။ သူသည် နှစ်နှစ်ဆယ်ကျော် ဆရာလုပ်ခဲ့ပြီး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်သို့ သူရောက်သောအခါတွင် ဒုကျောင်းအုပ်တစ်ဦးအဖြစ် ရာထူးတိုးသွားခဲ့သည်။ သူ၏ အဆင့်အတန်းမှာ ကျောင်းအုပ်ချီပြီးလျှင် အမြင့်ဆုံးဖြစ်ပြီး သူသည် သင်တန်းကျောင်းကို ကိုယ်စားပြုသော လူများထဲမှ တစ်ဦးလည်း ဖြစ်လေသည်။ သူသည် ကျူးကော့ချမ်ယွမ်၏ ယုံကြည်မှုကိုလည်း ရရှိထားလေရာ သူရုတ်တရက် သစ္စာဖောက်သွားလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့မိကြပေ။

ကျူးကော့ချမ်ယွမ်သည် သင်တန်းကျောင်းသို့ ပြန်ရောက်ရန် စိတ်လောနေလေရာ သတိလျော့နေမည်မှာ မလွဲပေ။ ထိုအချိန်တွင် သူ့ဘေးတွင် ရှိသော လျှိုယွိသည် ရုတ်တရက် တိုက်ခိုက်လာခဲ့လိမ့်မည်။ လျှိုယွိ၏ ထောင်ချောက်အတွင်း သူ ကျရောက်သွားသည်မှာ မဆန်းပေ။

ကျန်းရီ၏ စိတ်သည် ကျူးကော့ချမ်ယွမ်၏ သေအံ့မူးမူး အချိန်မှ မျက်နှာအမူအရာကို အလိုလို ပုံဖော်မိလိုက်သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှု၊ စိတ်ပျက်မှု၊ နာကျင်မှုနှင့် နောင်တတရားတို့ ပြည့်နှက်နေလောက်သည်။ သူအယုံုကြည်ဆုံး သူများထဲမှ တစ်ယောက်၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရသောအချိန်တွင် သူ့စိတ်နှလုံးသည် အလွန်နာကျင်နေလိမ့်မည်။ ထိုနာကျင်မှုသည် သူ့ပြင်ပခန္ဓာကိုယ် နာကျင်မှုထက်တောင် ပို၍ဆိုးဝါးပေလိမ့်မည်။

"လျှိုယွိ ဘယ်မှာလဲ"

အခြားသော အနက်ရောင်ဝတ်ဖြင့် လူသည် လုပ်ကြံပြီးသည်နှင့် မြေအောက်သို့ ချက်ချင်းခုန်ဆင်းသွားခဲ့သည်။ လူတိုင်းသည် ထိုသူ၏ မျက်နှာကို မြင်လိုက်ရန် နေနေသာ လှုပ်ရှားချိန်ပင် မရလိုက်ကြပေ။

ထို့နောက်တွင် လျှိုယွိသည်လည်း ရှန်ဝူနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ထိုသတင်းကိုရသော် ကျောင်းအုပ်ချီသည် ဒုကျောင်းအုပ်တစ်စုနှင့်အတူ ချက်ချင်းလိုက်သွားခဲ့ပြီး သတင်းတစ်ကြိမ်သာ ပြန်ပို့ခဲ့သေးသည်။

ကျောင်းကို ကြီးကြပ်ရန် ကျန်ရစ်ခဲ့သော ဒုကျောင်းအုပ်သည် ကျန်းရီ၏ လူသတ်ငွေ့များ ပြည့်နေသည့် မျက်လုံးအစုံကို တွေ့သော် နှလုံးခုန်ရပ်မတတ် ထိတ်လန့်သွားခဲ့သည်။ သူသည် သတင်းပို့တံဆိပ်ပြားကို ကျန်းရီထံ ပေး၍ ပြောလိုက်သည်။

"ကျန်းရီ...ကျောင်းအုပ်ချီကို မင်းဆက်သွယ်လိုက်၊ အခု သူတို့ ဘယ်ရောက်နေပြီလဲဆိုတာ ငါအတိအကျမသိဘူး"

"သွားစို့"

ကျန်းရီသည် လက်ကိုဝှေ့၍ စုလောရွှယ်နှင့် ကျန်လူများကို စကြဝဠာနန်းတော်အတွင်း ပြန်ထည့်လိုက်သည်။ ထို့နောက် သူသည် ယာ့ဇီသားရဲကို ဆင့်ခေါ်၍ လူသတ်ချင်စိတ်များ ပြည့်လျှံနေသည့် စကားတစ်ခွန်းကို ချန်ရစ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့သည်။

"ကျောင်းအုပ်ကို မမြှုပ်နဲ့ဦး။ ငါ လျှိုယွိရဲ့ခေါင်းကို ယူလာပြီး ကျောင်းအုပ်ကို အရိုအသေလာပေးမှာကို စောင့်နေ"

ဝေါင်း...

ယာ့ဇီသားရဲသည် ကျန်းရီ၏ စိတ်တွင်းမှ ဒေါသကို ခံစားမိပုံရသည့်အလား ဝိဉာဉ်သားရဲတောင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားအောင် ဟိန်းဟောက်လိုက်လေသည်။ ထို့နောက် ၎င်းသည် ကောင်းကင်တွင် ရစ်ဝဲ၍ မြောက်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။

ကျောင်းသားကျောင်းသူ တစ်သောင်းခန့်သည် ကျန်းရီအား နီရဲနေသော မျက်လုံးများဖြင့် မျှော်ကြည့်လျက် ကျန်ရစ်ခဲ့ကြသည်။ အများစုသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်မိလိုက်ကြသည်။ သူတို့စိတ်ထဲတွင်လည်း သူတို့ကိုယ်တိုင် ဗာဂျရာအဆင့်သို့ ချက်ချင်းရောက်၍ ကျန်းရီနောက်လိုက်၍ သစ္စာဖောက်ကို သတ်ကာ ကျူးကော့ချမ်ယွမ်အတွက် လက်စားချေပေးနိုင်ရန် ဆုတောင်းနေခဲ့ကြသည်။

လျှိုယွိက ဒီအချိန်လေးအတွက် သင်တန်းကျောင်းမှာ နှစ်သုံးဆယ်ကျော် ဇာတ်မြှုပ်နေခဲ့တာ...သူက ဘယ်အဖွဲ့ရဲ့ နယ်ရုပ်များလဲ။ သူ့အထက်က လူကို ရှာတွေ့ရင် ဒီပြဿနာရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ခန့်မှန်းဖို့ မခက်ခဲတော့ဘူး...

သူက ရှန်ဝူနိုင်ငံဘက်ကို ထွက်ပြေးသွားတာဆိုတော့ ရှန်ဝူနိုင်ငံက များလား။ ရှားထင်ဝေ့က ကျောင်းအုပ်ကို ဘာလို့သတ်ချင်တာလဲ။

သူသာ ရှားထင်ဝေ့ရဲ့ နောက်လိုက်ဆိုရင် မိန်းမစိုးအိုကြီးလင်းနဲ့ ငါထိပ်တိုက်တွေ့ရဦးမှာပေါ့။ ကျန်းပိုင်လီရော ဝင်ပါလာလောက်လား။

ကိစ္စတော့မရှိဘူး။ မိန်းမစိုးလင်း ဝင်ပါလာရင် ငါသူ့ကိုသတ်ပစ်မယ်။ ကျန်းပိုင်လီ ဝင်ပါလာရင်လည်း ငါ့ကို ရက်စက်ကြမ်းတမ်းတယ်လို့ မပြောနဲ့ပေါ့...ကျောင်းအုပ်အတွက် ငါသေချာပေါက် လက်စားချေပေးမှ ဖြစ်မယ်။

ကျန်းရီသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျောင်းအုပ်ချီထံ သတင်းပို့၍ သူတို့ရောက်နေသည့်နေရာကို အတည်ပြုလိုက်သည်။ လျှိုယွိ သေမှဖြစ်မည်။ မဟုတ်ပါက ကျူးကော့ချမ်ယွမ်ကို သူမည်သည့်မျက်နှာနှင့် သွားရောက်အရိုအသေပေးရမည်နည်း။

ကျောင်းအုပ်ချီသည် လျှိုယွိနောက် သူတို့လိုက်နေဆဲဖြစ်ကြောင်းနှင့် ထိုအကောင်အား သတ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်မှာ အကြိမ်ကြိမ်ရှိပြီဖြစ်ကြောင်း အမြန်သတင်းပြန်ပို့လာခဲ့သည်။ စာထဲတွင် လူထူးဆန်းတစ်ဦးသည် ရုတ်တရက် ပေါ်ပေါ်လာပြီး သူတို့အား နှောင့်ယှက်၍ အချိန်ဆွဲနေကြောင်း၊ လမ်းခရီးတွင် သူတို့သတ်ခဲ့သော အနက်ရောင်ဝတ်လူအရေအတွက်မှာ ဆယ်ယောက်ကျော်ပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် လျှိုယွိသည် ရှန်ဝူမြို့တော်ဘက်သို့ ပြေးသွားနေကြောင်းလည်း ပါရှိလေသည်။

လူထူးဆန်းတစ်ယောက်က သူတို့ကို အချိန်ဆွဲနေတယ်။ ပြီးတော့ ရှန်ဝူမြို့ဘက်...လျှိုယွိက တကယ်ပဲ ရှားထင်ဝေ့ရဲ့ လူများလား...

ကျန်းရီ၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်သွားခဲ့သည်။ သူသည် ဆုံးဖြတ်ချက်ချပြီးသည့် မျက်လုံးအစုံနှင့် အော်ဟစ်လိုက်သည်။

"နတ်ဆိုးသားရဲဘုရင်...မြန်မြန်သွား၊ လျှိုယွိ ရှန်ဝူမြို့ထဲ မဝင်နိုင်ခင် ငါတို့သူ့ကို တားရမယ်"

ရှန်ဝူမြို့သည် ရှန်ဝူနိုင်ငံ၏ တော်ဝင်နန်းမြို့တော်ဖြစ်သည်။ ကျန်းရီတွင် မည်သည့် အကြောင်းပြချက်ပင် ရှိပါစေ၊ ရှန်ဝူမြို့အတွင်း လူသတ်ပါက ရှန်ဝူနိုင်ငံမှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ထို့ကြောင့် လျှိုယွိကို ရှန်ဝူမြို့သို့ မရောက်ခင် သတ်နိုင်လျှင် ပြဿနာအတော်များများ လျော့ကျသွားပေလိမ့်မည်။

ယာ့ဇီသားရဲသည် ၎င်း၏ ပျံသန်းနှုန်းအား အစွမ်းကုန်မြှင့်လိုက်သည်။ မြေအောက်လောကတွင် ရှိခဲ့သော အချိန်အတောအတွင်း ၎င်းသည် အနက်ရောင်အငွေ့အသက်တို့၏ လွှမ်းမိုးခြင်းကို ခံခဲ့ရရုံမှတစ်ပါး မည်သည့်ဒဏ်ရာမှ မရရှိခဲ့ပေ။ ထိုအနက်ရောင် အငွေ့အသက်တို့ကို ကျန်းရီ ကူညီ၍ ထုတ်ပေးပြီးနောက်တွင် ၎င်း၏အင်အားမှာ မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ဝိဉာဉ်သားရဲတောင်သည် ရှန်ဝူနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးပိုင်းတွင် တည်ရှိပြီး ရှန်ဝူမြို့မှာ ရှန်ဝူနိုင်ငံ၏ အနောက်မြောက်ဘက်အရပ်တွင် ရှိသည်။ ယာ့ဇီသားရဲ မည်မျှပင် မြန်သည်ဖြစ်စေ၊ ရှန်ဝူမြို့သို့ရောက်ရန် လေးရက်မှ ငါးရက်အထိ ကြာမြင့်နိုင်သည်။ လျှိုယွိသည် လွန်ခဲ့သည့်နှစ်ရက်အကြာတည်းက ထွက်ပြေးသွားခဲ့ခြင်းဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် သူ့နောက်လူများ အဆက်မပြတ်လိုက်နေခဲ့သည်။ ရှန်ဝူမြို့သို့ သူရောက်ရန် ခုနှစ်ရက်မှ ရှစ်ရက်အထိ ကြာမြင့်နိုင်သည်။ ဆိုလိုသည်မှာ လျှိုယွိ့နောက် အမှီလိုက်ရန် ကျန်းရီတွင် အခွင့်အရေး ရှိသေးသည်ဖြစ်သည်။

လက်ရှိအချိန်သည် ဆောင်းနှောင်းကာလ ဖြစ်သည်။ မျက်နှာအား ဝင်တိုးနေကြသော လေပြင်းတို့သည် မျက်နှာအား စပ်ဖျင်းဖျင်း ဖြစ်စေလေသည်။

ကျန်းရီသည် ယာ့ဇီသားရဲ၏ ကျောထက်တွင် ဘုန်းကြီးအိုကြီး တရားထိုင်နေသည့်အလား တင်ပျဉ်ချိတ်၍ ထိုင်နေခဲ့သည်။ လျှိုယွိနောက် လိုက်နေသည့် ဤရက်များတွင် သူ့စိတ်ဝိဉာဉ်နှင့် အင်အားကို ချွေတာရမည့်အပြင် တစ်ချိန်တည်းတွင် သူ့အင်အား တိုးတက်လာအောင် သူကြိုးစား နေခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် သုံးနှစ်ကတိထက် ပို၍ ကြောက်စရာကောင်းသော အကြောက်တရားကို သူခံစားနေခဲ့ရသည်။ ဤကိစ္စကို သူသေချာ မဖြေရှင်းနိုင်ပါက သူတစ်စစီ ကျိုးပဲ့သွားနိုင်သည်။ သူသေသွားလျှင် စုလောရွှယ်၊ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ပါ သူနှင့်အတူ သေကြရလိမ့်မည်။ သူနှင့်ပတ်သက်သူ မှန်သမျှလည်း အသတ်ခံရလိမ့်မည်။

လက်ရှိအခြေအနေတွင် သေခြင်း၊ ရှင်ခြင်းကို သူပေါ့ပေါ့တန်တန် မပြောရဲတော့ချေ။ သေရမည်ကို သူမကြောက်သော်လည်း သူသေသွား၍ မဖြစ်ပေ။

သူ တန်ဖိုးထားသော လူတိုင်းအတွက်၊ သူ့အားတန်ဖိုးထားကြသော သူများအတွက်၊ သူနှင့်ပတ်သက်ဆက်နွယ်သော သူများအားလုံးအတွက် သူကြိုးစားရမည်၊ သူ့လက်ထဲမှ ဓားကိုသုံး၍ သွေးခင်းလမ်းပင်ဖြစ်ပါစေ သူဖောက်ရမည်ဖြစ်သည်။

ကျင့်ကြံနေချိန်တွင် သူ့ကိုယ်သည် အနားယူပြီးသားဖြစ်သလို ကောင်းကင်နှင့်မြေကြီး၏ ဝိဉာဉ်စွမ်းအားများကို အလိုအလျောက် စုပ်ယူ၍ ခန္ဓာကိုယ်မှ ပင်ပန်းထားသမျှကို အလိုလိုအားဖြည့်ပေးနေလိမ့်မည်။ ထို့ပြင် ဦးနှောက်ကို အသုံးပြုစရာလည်း မလိုသဖြင့် သူ့စိတ်ဝိဉာဉ် ပင်ပန်းမှုကိုလည်း သက်သာစေလေသည်။

ကျန်းရီသည် နာရီအတော်ကြာကြာ ကျင့်ကြံပြီးနောက် အားပြည့်လန်းဆန်းသွားခဲ့သည်။ ထို့နောက်တွင် ရိက္ခာခြောက်အချို့ကို ထုတ်၍ စားလိုက်ပြီး မှော်ကျင့်စဉ်များကို သူစတင်လေ့လာလိုက်သည်။

မှော်ကျင့်စဉ်များသည် အလွန်စွမ်းအားကြီးသည်။ သိုင်းကျင့်စဉ်များကို တာအိုဖွဲ့စည်းမှုတို့အပေါ် အခြေခံ၍ ဖန်တီးထားသည်ဆိုလျှင် မှော်ကျင့်စဉ်များသည် တာအို၏ တကယ့်အနှစ်သာရများ ထည့်သွင်း၍ ဖန်တီးထားခြင်းဖြစ်သည်။

ကျန်းရီသည် ကိုယ်ပွားအသင်္ချေ ကျင့်စဉ်ကို လေ့လာချိန်တည်းက ထိုအချက်ကို ကိုယ်တွေ့ကြုံဖူးခဲ့ပြီးဖြစ်သည်။ သူသည် လေပြည်အသင်္ချေ တာအိုဖွဲ့စည်းပုံကို နားလည်ထားပြီးဖြစ်သောကြောင့် လေပြည်အသင်္ချေ၏ အနှစ်သာရများ ပါဝင်နေသော ကိုယ်ပွားအသင်္ချေကို လွယ်လွယ်ကူကူ နားလည်နိုင်ခြင်းဖြစ်သည်။

ပထမကြယ်အတွင်းရှိ အနီရောင်အတွင်းအားမှ ဖန်တီးထားသော ကောင်းကင်ကိုးဆင့်နဂါးမီးလျှံသည် နေနက်မိစ္ဆာနွယ်ကိုတောင် အနိုင်ယူနိုင်သည်။ ကောင်းကင်ဖျက်မီးကျင့်စဉ် မည်မျှအစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပါသည်။

မီးဓာတ်သည် အလွန်စွမ်းအားပြင်းသော တည်ရှိမှုဖြစ်သည်။ လောကတွင် သူတော်စင်အဆင့် လက်နက်များကိုပင် ဖျက်ဆီးပစ်နိုင်သည့် မီးဝိဉာဉ်ကျောက်တုံးမှ မီးလျှံကဲ့သို့သော အလွန်အားပြင်းသည့် မီးလျှံများစွာ ရှိသည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ဖျက်မီးကျင့်စဉ်ကို သေချာလေ့လာ၍ ၎င်း၏ နောက်ဆုံးအဆင့်အထိရောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူသည် စုန်းနတ်ဘုရားပင် မထုတ်ဖော်နိုင်ခဲ့သည့် ကောင်းကင်ကိုးဆင့်မီးလျှံစစ်ကို ရအောင် ထုတ်ဖော်ရမည်။

ကျန်းရီသည် နာရီပေါင်းများစွာကို စိတ်ဖိအားလျော့ကျစေရန် ကျင့်ကြံလိုက်၊ ကောင်းကင်ဖျက်မီးကျင့်စဉ်ကို လေ့လာလိုက်ဖြင့် ကုန်ဆုံးခဲ့သည်။ မနားမနေ ခရီးဆက်ခဲ့ပြီးနောက် ငါးရက်မြောက်နေ့တွင် ကျောင်းအုပ်ချီတို့ လူစုအား သူလိုက်မှီသွားခဲ့သည်။

ကျောင်းအုပ်ချီသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းနေသည့် ဒုကျောင်းအုပ် ခုနှစ်ယောက်ကို ဦးဆောင်၍ ခရီးဆက်နေခဲ့သည်။ သူတို့အားလုံး၏ မျက်လုံးများမှာ ရဲရဲနီနေခဲ့ပြီး သူတို့၏ အဝတ်အစားများမှာ စုတ်ပြတ်ပေရေနေသည်။ မသိလျှင် ရှစ်ယောက်သားမှာ သူတောင်းစားများအလား။ သူတို့သည် လက်ရှိအချိန်တွင် ရှန်ဝူနိုင်ငံ၊ တောင်ဘက်ပိုင်း၏ အကြီးဆုံး မြို့ကြီးဖြစ်သော ရှန်ဖျင်းမြို့၏ တောင်ဘက်ဂိတ်တံခါးတွင် စစ်သည်တစ်ထောင်ခန့်၏ ဝန်းရံခြင်းကို ခံထားရသည်။ ထိုသူများသည် ရှန်ဝူနိုင်ငံ၏ ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး ရှန်ဝူနိုင်ငံ၏ စစ်သည်များ ဖြစ်ကြလေသည်။

လျှိုယွိက တကယ်ပဲ ရှားထင်ဝေ့ရဲ့လူ ဖြစ်နေတာလား...

ကျန်းရီ၏ မျက်ဝန်းများတွင် အေးစက်စက် အလင်းတစ်စ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ယာ့ဇီသားရဲပေါ်မှ ဆင်းလိုက်ပြီး အံကြိတ်၍ အော်ဟစ်လိုက်သည်။

"ရပ်လိုက်ကြစမ်း...မရပ်ရင် မင်းတို့အားလုံး သေရမယ်"

***

All Chapters