သွေးဆာနေသော နတ်ဆိုး
Vol. 1 Ch. 437
အောက်ဘက်မှ တိုက်ပွဲသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။ သို့သော် ထိုသို့ ဖြစ်ရခြင်းမှာ ကျန်းရီ၏ အော်သံ ကျယ်လွန်းသောကြောင့် မဟုတ်သလို သူ့စကားသည် လူရှိန်စရာကောင်းသောကြောင့်လည်း မဟုတ်ခဲ့ပေ။ တကယ်တမ်းတွင် ယာ့ဇီသားရဲ၏ အရှိန်အဝါမှာ ဖိအားများလွန်းသောကြောင့်ဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်အဆင့်၏ အရှိန်အဝါကို စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်တစ်ယောက်တောင် မခုခံနိုင်ပေ။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အယောက်တစ်ရာခန့်သာ ပါဝင်သော စစ်တပ်ဆိုပါက စကားထဲထည့်ပြောနေရန်ပင် မလိုချေ။
လူတိုင်းသည် ကောင်းကင်ပေါ်သို့ အလန့်တကြား မော့ကြည့်လိုက်ကြသော် အလွန်တရာ ကြီးမားလှသော သားရဲကြီးတစ်ကောင် နိမ့်ဆင်းလာသည်ကို မြင်လိုက်ကြရသည်။
"ကျန်းရီ..."
အောက်တွင် ရှိနေကြသူများတွင် အတွေ့အကြုံရင့်ကျက်၍ အားကောင်းသော တပ်မှူးများ ရှိလေသည်။ သူတို့သည် ယာ့ဇီသားရဲအား အလျှင်အမြန်ပင် မှတ်မိသွားကာ ၎င်းအပေါ်တွင် ရပ်နေသူမှာ ကျန်းရီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကြသည်။ ဘုရင်အဆင့် နတ်ဆိုးသားရဲများကို ထိန်းချုပ်နိုင်သူ အနည်းငယ်သာရှိပြီး ထိုအထဲတွင် ကျန်းရီတစ်ဦးတည်းသာ လူငယ်ဖြစ်သည်။
"ကျန်းရီ"
တပ်မှူး၏ ရေရွတ်သံအဆုံးတွင် လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျန်းရီဟူသော အမည်နာမကို ရှန်ဝူနိုင်ငံမှလူများ မစိမ်းသက်ကြပေ။ သူသည် ရှန်ဝူနိုင်ငံ၏ ဂုဏ်ဆောင်လည်းဖြစ်သလို ရှန်ဝူနိုင်ငံ အရှက်ရမှုလည်းဖြစ်သည်။ ထို့ပြင် သူသည် ရှန်ဝူနိုင်ငံနှင့် အကြောင်းမျိုးစုံဖြင့် ဆက်နွယ်နေသည်။
အောက်ရှိစစ်တပ်တွင် အာဏာအရှိဆုံးလူမှာ ရှန်ဖျင်းမြို့စား ရှားထင်ကျွင်းဖြစ်သည်။ သူသည် ယာ့ဇီသားရဲ၏ ဖိနှိပ်ခြင်း ခံလိုက်ရသော်လည်း မြန်ဆန်စွာ ကိုယ်ဟန်ကို ထိန်းလိုက်နိုင်သည်။ သူသည် လှံရှည်ကိုမြှောက်၍ အော်မေးလာလေ၏။
"ကျန်းရီ...မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ရှန်ဝူနိုင်ငံကို ပေါ်တင် စစ်ကြေငြာတော့မလို့လား"
ကျန်းရီသည် ရှန်ဝူနိုင်ငံကို စွန့်ခွာခဲ့သည့် အချိန်မှစ၍ ရှန်ဝူနိုင်ငံအတွင်း တစ်ကြိမ်မှ ပေါ်ပေါ်ထင်ထင် လူလုံးမပြခဲ့ပေ။ ထို့ပြင် ရှားထင်ဝေ့သည် ကျန်းရီ ရှန်ဝူနိုင်ငံသို့ လာရဲပါက ပြန်ထွက်မသွားနိုင်အောင် သူလုပ်မည်ဟု ကြေငြာချက် ထုတ်ထားခဲ့သည်။
ကျန်းရီသည် ပြင်ပလောကတွင် မည်မျှ အောင်မြင်ကျော်ကြားနေပါစေ၊ ရှန်ဝူနိုင်ငံ၏ အရေးပါသော ပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် သူသည် သစ္စာဖောက်ခွေးတစ်ကောင်သာ ဖြစ်သည်။ ရှန်ဝူနိုင်ငံ၏ စစ်တပ်သည် အင်အားကြီးပြီး သူတို့တွင် ဗာဂျရာအဆင့်ပုဂ္ဂိုလ် နှစ်ဦးရှိလေသည်။ ထိုအချက်ကြောင့် ရှားထင်ကျွင်းသည် ကျန်းရီ အဆင်အခြင်မဲ့ မလုပ်ရဲလောက်ဟု ယူဆလေသည်။ မည်သို့ပင်ဆိုစေ၊ ဤနေရာသည် ရှန်ဝူမြို့မှ နေ့ဝက်ခန့်သာ ဝေးသည် မဟုတ်ပါလား။
ကျန်းရီသည် အောက်သို့တစ်ချက် ဝေ့ကြည့်လိုက်သည်။ ကျောင်းအုပ်ချီနှင့် လူစု ဒဏ်ရာအပြင်းအထန် ရမထားကြောင်း သေချာသွားသောအခါမှ သူစိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူသည် ကျန်လူများကို ဝေ့ကြည့်၍ အော်ဟစ်လိုက်သည်။
"ထွက်သွားကြစမ်း...ငါလူမသတ်ချင်ဘူး"
"ဝိုး"
အာမေဋိတ်သံများ ထပ်မံထွက်ပေါ်လာသော်လည်း ရှားထင်ကျွင်းနှင့် လူအချို့၏ မျက်နှာထက်တွင် လှောင်ပြုံးအချို့ ဖြစ်တည်လာကြသည်။
သူ မသတ်ချင်ခြင်းလော၊ မသတ်ရဲသည်လော။ ကျန်းရီသည် သွေးဆာနေသော နတ်ဆိုးဟူ၍ ကျော်ကြားသည် မဟုတ်ပါလော။ ယခုမှ အဘယ့်ကြောင့် သူညှာတာတတ်နေသနည်း။
ရှားထင်ကျွင်းသည် လှောင်သံနှင့် ပြောလာခဲ့သည်။
"မင်းကမှ ထွက်သွားသင့်တဲ့ကောင်၊ ဒီလူတွေက ရှန်ဖျင်းမြို့ထဲမှာ လူသတ်ပြီး ရှန်ဝူနိုင်ငံကို ဖရိုဖရဲဖြစ်အောင် လုပ်နေတယ်။ ရှန်ဖျင်းမြို့ကိုတောင် သူတို့က တိုက်ခိုက်ရဲသေးတယ်။ သူတို့က ငါ့ရှန်ဝူနိုင်ငံကို ဘာမှမဟုတ်သလို သဘောထားနေတာလား။ သူတို့ကို ဒီနေ့မသတ်ရင် ရှန်ဝူနိုင်ငံက မျက်နှာကို ဘယ်နားသွားထားရမလဲ။ ငါတို့ ရှားဂိုဏ်းက မျက်နှာကို ဘယ်မှာထားရမလဲ"
"ငါ မင်းတို့ကို မျက်နှာထောက်ပေးပြီးပြီ"
ကျန်းရီသည် ဒေါသအတော် ထွက်လာခဲ့သည်။ သူသည် ကျောင်းအုုပ်ချီတို့ လူစုအား လှမ်းကြည့်၍ အော်ဟစ်လိုက်သည်။
"ကျောင်းအုပ်ချီ...ခင်ဗျားရဲ့လူတွေခေါ်ပြီး အရင်သွားနှင့်တော့။ ဘယ်သူနှောင့်ယှက်ရဲလဲဆိုတာ ကျွန်တော်ကြည့်မယ်"
"ကောင်းပြီ"
ကျောင်းအုပ်ချီနှင့် အခြားလူများသည် ပျံသန်းလိုက်ကြသည်။ သို့သော် ရှားထင်ကျွင်း၏ လှံသည် လှုပ်ရှားသွားခဲ့ပြီး နဂါးအသွင်ရှိသော အတွင်းအားတိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ဆက်တိုက်ဆိုသလို နှုတ်မှလည်း အော်ဟစ်လိုက်သည်။
"သူတို့ကိုသတ်ကြ...ကျန်းရီ ငါတို့ကိုထိရင် သူသေချာပေါက်သေရမယ်"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် အတွင်းအားတိုက်ခိုက်မှုများ ချက်ချင်းပစ်လွှတ်လိုက်ကြသည်။ ကျောင်းအုပ်ချီတို့ လူစုသည် အလျင်အမြန် နောက်ဆုတ်၍ ခုခံလိုက်ကြရသည်။ သူတို့သာ လုံလောက်အောင် မမြန်ဆန်ပါက သေသွားလောက်ပေသည်။
သေကြစမ်းကွာ...
ကျန်းရီသည် ဒေါသကို မထိန်းနိုင်တော့ချေ။ သူ၏ မျက်လုံးများသည် သွေးနီရောင် ချက်ချင်းပြောင်းသွားခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအင်အား ထွက်ပေါ်လာသည်။ သူသည် အောက်သို့ နေရာရွှေ့ပြောင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ မီးဝိဉာဉ်ပုလဲမှာ လင်းလက်တောက်ပလာခဲ့ပြီး သေးသွယ်ရှည်လျားသော ဓားတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ဓားရှည်အား ရှားထင်ကျွင်း ရှိရာသို့ လွှဲယမ်းလိုက်လေသည်။
ရွှစ်...ရွှစ်...
ထို့နောက် မရေမတွက်နိုင်သော မီးနဂါးလေးများ ပျံသန်းလာကြလေလျှင် ရှားထင်ကျွင်းနှင့် သူ့လူများမှာ မှင်တက်ကုန်ကြသည်။ သူတို့သည် တိုးဝင်လာနေသော မီးနဂါးလေးများကို မယုံနိုင်မှုများ၊ ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသည့် မျက်ဝန်းများဖြင့် ကြည့်နေရုံသာ တတ်နိုင်လေသည်။ ကျန်းရီသည် သူတို့အား အမှန်တကယ် သတ်ရဲလေသည်။
ဖောင်း...ဖောင်း...ဖောင်း...
ရှားထင်ကျွင်းသည် ပေါက်ကွဲသွားသည့် ပထမဆုံးလူဖြစ်ပြီး သူ့ကိုယ်သည် အလောင်းပင်မကျန်ခဲ့ချေ။ မီးနဂါးလေးများ ပျံသန်းပြီးသွားသည့်နောက်တွင် ရှားထင်ကျွင်းဘက်မှ လူအမြောက်အများ သေဆုံးသွားခဲ့သည်။ ဓားတစ်ချက်သည် လူတစ်ရာခန့်ကို မျက်တောင်တစ်ခတ်စာအတွင်း သတ်ဖြတ်ရန် လုံလောက်ခဲ့သည်။
ကောင်းကင်ကျောက်တုံး တစ်ရာခန့်ကို စုပ်ယူပြီးနောက် ကျန်းရီ၏ အတွင်းအားသည် အဆများစွာ အစွမ်းထွက်လာခဲ့သည်။ ထို့ကြောင့် ဤ အလယ်အလတ်အဆင့် တာအိုတိုက်ခိုက်မှုသည်လည်း ပိုမိုအစွမ်းထက်လာသည်မှာ သဘာဝပင်။ ကျန်းရီ၏ ယခုလေးတင် ထုတ်ပြခဲ့သော တိုက်ခိုက်မှုသည် ဗာဂျရာပထမအဆင့် သိုင်းပညာရှင်၏ တိုက်ခိုက်မှုနှင့် ယှဉ်နိုင်လေသည်။
ထို့နောက် ကျန်းရီသည် နေရာအနှံ့ကို ပျံသန်း၍ မီးနဂါးဓားကို လွှဲယမ်းကာ ဓားချက်ပေါင်းများစွာ ထုတ်လွှတ်၍ ကျန်ရှိနေသော ရန်သူများကို ကောက်ရိုးမျှင်များကို ပိုင်းဖြတ်နေသည့်အလား ရှင်းလင်းပစ်လိုက်သည်။ ကောင်းကင်ထက်တွင် ဓားအရိပ်များ ဖုံးလွှမ်းသွားခဲ့ပြီး ဆယ့်ငါးမိနစ်အတွင်းတွင် အသက်ရှင်သူ တစ်ယောက်မှ မရှိတော့ပေ။
မြို့တံတိုင်းထက်တွင် မြို့စောင့်စစ်သည်များ ရှိသော်လည်း သူတို့သည် သူတို့မြို့စားနှင့် ရာထူးကြီးပုဂ္ဂိုလ်များကို ကျန်းရီသတ်ဖြတ်နေသည်အား ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူတို့သည် သူတို့၏ လက်ရှိတာဝန်ကို မလစ်ဟင်းရဲပေ။ သို့သော် အောက်သို့ ဆင်းမသွားရဲခြင်းက ပိုများလေသည်။ ကျန်းရီ၏ သွေးဆာနေသော နတ်ဆိုးဟူသည့် ဂုဏ်ပုဒ်မှာ အပြောသက်သက် မဟုတ်မှန်း နားမလည်ရလောက်အောင် သူတို့ မတုံးအသေးပေ။
"လျှိုယွိဘယ်မှာလဲ"
နောက်ဆုံးတစ်ယောက်အား သတ်ပြီးနောက်တွင် ကျန်းရီ၏ သွေးနီရောင် မျက်ဝန်းများသည် ဖြူဖျော့နေသည့် ကျောင်းအုပ်ချီထံ အကြည့်ရောက်လာခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်းအင်အားသည် ကြောက်စရာကောင်းလွန်းလေရာ ကျောင်းအုပ်ချီကိုယ်တိုင်တောင် အပြည့်အဝ မခုခံနိုင်ပေ။
ကျောင်းအုပ်ချီသည် တံတွေးမြိုချ၍ အသက်ပြင်းပြင်း ရှူလိုက်ပြီး မြို့တံခါးအား လှည့်ကြည့်လိုက်သည်။
"မြို့ထဲမှာ...ငါတို့ မြို့ထဲကို လိုက်မသွားမလို့ လုပ်နေတုန်း ဒီလူတွေ လာတားတာ ခံရတာပဲ"
"သွားစို့"
ကျန်းရီသည် ရှေ့ဆုံးမှ ဦးဆောင်၍ မြို့တံခါးထံ ခြေလှမ်းလိုက်ပြီး ယာ့ဇီသားရဲသည် မြို့ပေါ်မှ ပျံသန်းလိုက်သည်။ မြို့တံတိုင်းပေါ်မှ စစ်သည်များသည် နေမထိထိုင်မသာ ဖြစ်ကုန်ကြသည်။ ထိုအထဲမှ ရာထူးအမြင့်ဆုံးတပ်မှူးသည် အသံတုန်တုန်ဖြင့် အထစ်ထစ်အငေါ့ငေါ့ စကားပြောလာခဲ့သည်။
"ကျန်း...ကျန်းရီ...မင်းဘာလုပ်ချင်တာလဲ။ ငါ...ငါမင်းကို သတိပေးနေတယ်နော်။ မင်းမြို့ကို တိုက်ခိုက်ရဲရင် မင်းကြီးက မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး"
ကျန်းရီသည် ခေါင်းမော့၍ မထီတရီ အကြည့်တစ်ချက် ပေးလိုက်သည်။ ကျောင်းအုပ်ချီတို့ လူစုမှာလည်း ထိုသူအား အရူးတစ်ယောက်သဖွယ် ကြည့်လိုက်ကြပြီး စစ်သည်များ၏ မျက်နှာထက်တွင် လှောင်ရိပ်ကိုယ်စီ ရှိနေကြသည်။ ကျန်းရီသည် ရှားဂိုဏ်း၏ ရှန်ဖျင်းမြို့စား၊ ရှားထင်ကျွင်းကို သတ်ရဲလေရာ ရှားထင်ဝေ့ကို ကြောက်နေပါမည်လား။
ကျန်းရီသည် သူ့သဘောထားကို အလုပ်ဖြင့် ဖော်ပြလိုက်သည်။ သူ၏ ဓားအဝှေ့တွင် မီးနဂါးဓားမှ မီးနဂါးနှစ်ကောင် ပြေးထွက်သွားခဲ့ပြီး မြို့တံခါးမှာ တစ်စစီ ဖြစ်သွားခဲ့သည်။
ကျန်းရီသည် ကျောင်းအုပ်ချီတို့လူစုအား ဦးဆောင်၍ မြို့ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားခဲ့သည်။ မြို့၏လမ်းများတွင် တောက်ပပြောင်လက်နေသော လက်နက်များ ကိုင်ဆောင်ထားသည့် စစ်သည်များဖြင့် ပြည့်နေခဲ့သည်။ သို့သော် မည်သူမှ အနီးသို့ ကပ်မလာရဲကြပေ။ ထိုအစား ကျန်းရီတို့လူစု ရှေ့တိုးသွားလိုက်တိုင်း သူတို့သည် နောက်သို့ အလျင်အမြန် ဆုတ်၍ အကွာအဝေး တစ်ခုကို ထိန်းထားကြသည်။
စစ်သည်အရေအတွက် များပြားလာသည်နှင့်အမျှ ကျန်းရီတို့၏ အနောက်ဘက်တွင်ပါ စစ်သည်များ ဝိုင်းလာသည်။ သို့သော်လည်း မည်သူမှ ရှေ့ဆက်တိုးမလာဘဲ နောက်မှသာ အသာလိုက်လာကြသည်။ လူတိုင်းသည် ကျန်းရီအား မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကို မြင်နေရသည့်နှယ် ထိတ်လန့်သွေးပျက်စွာ ကြည့်နေကြသည်။
"မြို့ထဲကလူတွေအားလုံး နားထောင်ကြ၊ အပြစ်ကင်းတဲ့ သူတွေကို ကျုပ်မသတ်ချင်ဘူး။ ဒါကြောင့် ကျုပ်ကို ဖိအားလာမပေးကြနဲ့။ ဝိဉာဉ်သားရဲသင်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်လျှို ဖြစ်ခဲ့ဖူးတဲ့ လျှိုယွိကို ထုတ်ပေး...သူ့ကို ရတာနဲ့ ကျုပ် ချက်ချင်းထွက်သွားမယ်"
ကျန်းရီသည် မြို့လယ်သို့ လျှောက်သွားလိုက်ပြီး အတွင်းအားသုံး၍ အသံကိုမြှင့်ကာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ လျှိုယွိအား ရှာဖွေကြည့်လိုက်သည်။
"အရှင်ကျန်း"
စစ်တပ်အတွင်းမှ တပ်မှူးတစ်ယောက်သည် ရှေ့ထွက်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ပြောလာခဲ့သည်။
"လျှိုယွိက မြောက်ဘက်ဂိတ်တံခါးကနေ ရှန်ဝူမြို့ကို ထွက်သွားပါပြီ။ ဒီကျွန်က ဒီသတင်းမှန်ကန်ကြောင်း ကျုပ်တို့တစ်ဂိုဏ်းလုံးရဲ့ အသက်နဲ့ရင်းပြီး အာမခံပါတယ်။ ကျုပ်ပြောနေတာ အမှန်တွေပါ။ ကျေးဇူးပြုပြီး ဒီမြို့က လူတွေရဲ့ အသက်ကို ချမ်းသာပေးပါ။ အာ...ကျုပ်က ယင်းဂိုဏ်းက ယင်းလုပါ"
"ယင်းဂိုဏ်းကလား"
ကျန်းရီသည် မျက်ခုံးပင့်လိုက်ပြီး သူ့လက်ထဲရှိ အဖြူရောင် နန်းတော်ငယ်ထဲမှ ချမ်ဝမ်ကွမ်အား အပြင်ထုတ်လိုက်သည်။
"မင်း သူ့ကိုသိလား"
ချမ်ဝမ်ကွမ်သည် စကြဝဠာနန်းတော်အတွင်း အနားယူရင်း ဇိမ်ကျနေရာမှ ရုတ်တရက် အပြင်အထုတ်ခံလိုက်ရသဖြင့် အူကြောင်ကြောင် ဖြစ်နေခဲ့သည်။ သူသည် မျက်လုံးကို ပွတ်၍ သေချာကြည့်လိုက်ပြီးမှ ပြောလာခဲ့သည်။
"မင်းက ယင်းဂိုဏ်းက မဟုတ်လား။ ငါမင်းကို မြင်ဖူးတယ်။ မင်းနာမည်က ဘာပါလိမ့်"
"ကောင်းပြီ...မင်းပြန်သွားလို့ရပြီ"
ချမ်ဝမ်ကွမ် စကားပြော၍ မဆုံးသေးခင် ကျန်းရီသည် သူ့အား စကြဝဠာ နန်းတော်အတွင်း ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် ယာ့ဇီသားရဲ၏ ကျောထက်သို့ နေရာရွှေ့ပြောင်းပြီး မြောက်ဘက်အရပ်သို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားခဲ့သည်။ သူသည် ကျောင်းအုပ်ချီတို့ လူစုအား စိတ်ချင်းဆက်သွယ်၍ စကားတစ်ခွန်း ပြောခဲ့သည်။
"ရှန်ဝူမြို့ကို ကျွန်တော်သွားကြည့်လိုက်ဦးမယ်။ ရှန်ဖျင်းမြို့မှာ ရှာကြည့်ပြီး ဘာမှမတွေ့ရင် ဝိဉာဉ်သားရဲတောင်ကို ပြန်နှင့်ကြတော့"
"ရှန်ဝူမြို့ကို သွားကြည့်မလို့တဲ့လား"
ကျောင်းအုပ်ချီတို့ လူစု၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ ကျန်းရီသည် ရှန်ဝူနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်တော့မည်ဖြစ်သည်။ ကျန်းပိုင်လီသာ ရှန်ဝူမြို့တွင် ရှိနေပါက အဖေနှင့်သားသည် လက်နက်ကိုယ်စီနှင့် တွေ့ဆုံကြရလောက်သည်။
***