← Chapters

သူ့သား ပြန်လာပြီ

Vol. 1 Ch. 438

သူ့သား ပြန်လာပြီ

Vol. 1 Ch. 438

ကျူးကော့ချမ်ယွမ် အသတ်ခံရသည့် သတင်းသည် နယ်မြေအနှံ့ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ အတော်ဆုံး သိုင်းသမားဆယ်ယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် နယ်မြေအပေါ် သက်ရောက်မှု ရှိသည်။ စုဖျင်ဖျင်း သေစဉ်ကတောင် နယ်မြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သေးသည်။ စုဖျင်ဖျင်းထက် ပို၍ကျော်ကြားသော၊ သိက္ခာကြီးမားသော ကျူးကော့ချမ်ယွမ် သေဆုံးသည့်အခါ နယ်မြေတစ်ခုလုံး မည်သို့ခံစားကြရမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

ရုပ်ဖျက်နေသော သစ္စာဖောက်သည် အပြင်လူများနှင့် ပူးပေါင်းအကွက်ချသည်မှာ အံ့သြစရာ မဟုတ်ချေ။ လျှိုယွိသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် နှစ်သုံးဆယ်ကျော်ကြာ သူလျှိုအဖြစ် နေထိုင်ခဲ့သည်မှာလည်း ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်ခဲ့။ ရှန်ဝူနိုင်ငံ၊ ရှားနိုင်ငံ၊ ရှန်မိနိုင်ငံနှင့် ကျင်းရှန်နိုင်ငံတို့မှလည်း ဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် သူလျှိုအသီးသီး ထည့်ထားကြသည်။ သို့သော် အများစုမှာ ရာထူးမမြင့်ဘဲ သာမန်ဆရာများသာ ဖြစ်ကြသည်။ နောက်ထပ်ဆယ်စုနှစ် အနည်းငယ်အကြာတွင် ဆရာများအကြား နောက်ထပ်ဒုကျောင်းအုပ်လျှို ရှိမလာဟု မပြောနိုက်ပေ။

ထူးဆန်းသည်မှာ အနှီဗာဂျရာအဆင့်လူ၏ သရုပ်မှန်ဖြစ်သည်။

နယ်မြေတွင် ဗာဂျရာအဆင့် လူမှာ အနည်းငယ်သာရှိသည်။ နိုင်ငံအသီးသီးမှ သတင်းများအရ မည်သည့်ဗာဂျရာအဆင့်လူမှ လှုပ်ရှားခြင်း မရှိပေ။ တစ်စုံတစ်ရာယောက်သည် ကျန်းရီနည်းတူ ရုပ်ဖျက်ထားခြင်းလည်း ဖြစ်နိုင်ပါ၏။

မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခုသည် ကင်းထောက်အသီးသီးစေလွှတ်၍ ကျူးကော့ချမ်ယွမ်ကို လုပ်ကြံသည့်သူအား စုံစမ်းကြည့်သော်လည်း အဖွဲ့အားလုံးသည် လက်ဗလာဖြင့်သာ ပြန်လာကြရသည်။ ထိုဗာဂျရာအဆင့်ပုဂ္ဂိုလ်သည် လေထဲမှ ပေါ်လာ၍ လေထဲတွင်ပင် ပျောက်ကွယ်သွားသည့်အလား သဲလွန်စ တစ်ခုတစ်လေတောင် မကျန်ခဲ့ပေ။ သံသယရှိသူလည်း မတွေ့ရချေ။

လျှိုယွိသည် ရှန်ဝူနိုင်ငံ၏ မြို့တော်သို့ လာနေသည်။ ကျောင်းအုပ်ချီနှင့် လူစုကို နှောင့်ယှက်၍ အချိန်ဆွဲနေသည့် လူထူးဆန်းတစ်ဦးလည်း ရှိသေးသည်။ ထိုအချက်ကြောင့် ကင်းထောက်အများစုသည် လျှိုယွိမှာ ရှားထင်ဝေ့၏ လက်အောက်တွင် အလုပ်လုပ်နေသည်လောဟု သံသယဝင်လာကြသည်။ ထိုလူထူးဆန်းမှာလည်း မိန်းမစိုးလင်း ဖြစ်နေသည်လော။

အဆိုပါသတင်းသည် ရှန်ဖျင်းမြို့မှ တိုက်ပွဲအပြီးတွင် ရှန်ဝူမြို့သို့ ရောက်လာခဲ့သည်။ ကျန့်ဂိုဏ်း၊ ချမ်ဂိုဏ်းနှင့် လုံဂိုဏ်းမှ လူများသည်ပင် ရှန်ဖျင်းမြို့သို့ လိျှုယွိ အလွယ်တကူ ဝင်ရောက်နိုင်သည့် အကြောင်းအရင်းကို သံသယဝင်နေကြသည်။ အဘယ်ကြောင့် ရှားထင်ကျွင်းသည် ကိုယ်တိုင်မြို့ပြင်ထွက်၍ ကျောင်းအုပ်ချီတို့ လူစုအား တမင်အချိန်ဆွဲထားလေသနည်း။

ရှားထင်ဝေ့သည် ကျူးကော့ချမ်ယွမ်အား သတ်ရင် လူလွှတ်လိုက်လေသည်လော။

တကယ်တမ်းတွင် ထိုအကြောင်းကို ရှားထင်ဝေ့သာ ရှင်းရှင်းလင်းလင်း သိလေသည်။ သူသည် ရှန်ဖျင်းမြို့တွင် ကျန်းရီ လူစသတ်ကြောင်း ကြားသည်နှင့် မည်သို့ အရေးယူသင့်ကြောင်း ဆွေးနွေးရန် ညီလာခံတစ်ခု ချက်ချင်းဆင့်ခေါ်လိုက်သည်။ မှူးမတ်အားလုံးသည် ကျန်းရီအား နှိမ်နင်းရန် လူများစေလွှတ်ပြီး နိုင်ငံ့ဂုဏ်ကို ပြန်လည်ထိန်းသိမ်းပေးပါရန် ရှားထင်ဝေ့ထံ တစ်ညီတစ်ညာထဲ တောင်းဆိုကြလေ၏။

ရှားထင်ဝေ့သည် ခေါင်းအသာငြိမ့်၍ ဘယ်ဘက်ခြမ်း၏ ရှေ့ဆုံးတွင် ရပ်နေသော ကျန်းပိုင်လီထံ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဖတ်ရခတ်သည့် လေသံနှင့် မေးလိုက်သည်။

"ပိုင်လီ...ဒီကိစ္စကို မင်းဘယ်လိုထင်လဲ"

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ ဖခင်များသည် ကျန်းပိုင်လီထံ လှမ်းကြည့်လိုက်ကြသည်။ ရှားထင်ဝေ့သည် ကျန်းပိုင်လီ၏ သဘောထားကို သိလို၍ ဤညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် လက်ရှိအချိန်တွင် အလွန်အင်အားကြီးနေသည်။ ကျန်းပိုင်လီ ဝင်မပါလျှင် ကျန်းရီကို သူတို့ ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းပိုင်လီသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး အေးအေးလူလူ ပြန်ဖြေလာခဲ့သည်။

"အခုအချိန်မှာ ကျန်းရီက အရေးမကြီးဘူးလို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးတာက လှိျိုယွိကို နှိမ်နင်းဖို့ပါ။ မဟုတ်ရင် ရှန်ဝူမြို့မှာ ကျန်းရီပြဿနာ ရှာရုံတင်မကဘူး၊ နိုင်ငံဂုဏ်သတင်းပါ ပျက်ပြားမယ့် အခြေအနေရှိပါတယ်။ ဒီအတိုင်းဆို တစ်လောကလုံးက လူတွေက ကျူးကော့ချမ်ယွမ်ကို လုပ်ကြံတာ ကျွန်တော်တို့လို့ ထင်ပြီး ဝိုင်းလက်ညှိုးထိုးကြပါလိမ့်မယ်"

မှူးမတ်အားလုံးသည် ရှားထင်ဝေ့အား အကဲခတ်နေကြသည်။ ရှားထင်ဝေ့ ဘာတွေးနေသည်ကို ဘယ်သူမှ မသိကြပေ။ ဤကိစ္စသည် ရှားထင်ဝေ့၏ လက်ချက်ဖြစ်သည်လော။ အမတ်ချုပ်ကြီးကျန်းစွန်းတောင် အဖြေကို မသိချေ။

အမတ်ချုပ်ကြီးကျန်းစွန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည်လည်း ကျန်းပိုင်လီ၏ တုံ့ပြန်မှုမှာ သင့်လျော်သည်ဟု ယူဆသည်။ ဤကိစ္စအား ရှားထင်ဝေ့ လုပ်သည်ဆိုလျှင်တောင် ကိစ္စမရှိသော်လည်း ရှန်ဝူနိုင်ငံ၏ လက်ချက်ဖြစ်ကြောင်း လူသိ၍ မဖြစ်ချေ။ မဟုတ်ပါက ယနေ့ခေတ်တွင် အလွန်အရေးပါသည့် သာမန်ပြည်သူတို့၏ နှလုံးသားကို ဆုံးရှုံးသွားပေလိမ့်မည်။

သူသည် ဦးညွှတ်၍ လျှောက်တင်လိုက်သည်။

"မင်းကြီး...အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ပြောတာ မှန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လျှိုယွိကို နှှိမ်နင်းရပါမယ်။ သူ့ကို မြို့ထဲ အဝင်ခံလိုက်လို့ မဖြစ်ပါဘူး။ မဟုတ်ရင် ရှန်ဝူနိုင်ငံရဲ့ ဂုဏ်သတင်းအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိလာပါလိမ့်မယ်။ နောက်ဆက်တွဲတွေက မတွေးဝံ့စရာပါပဲ"

အမတ်ချုပ်ကျန်းစွန်းသည် ပြတ်သားလှသော လေသံဖြင့် ပြောလိုက်သည်။ ရှားထင်ဝေ့၏ လက်ချက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ...လျှိုယွိသေမှ ဖြစ်မည်။

ရှားထင်ဝေ့၏ အေးစက်စက် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် သူသည်လည်း သဘောပေါက်သွားခဲ့သည်။ သူသည် ခေါင်းငြိမ့်၍ မေးလိုက်သည်။

"စစ်သူကြီးထိုက်ရှစ်...လျှိုယွိဘယ်မှာလဲ။ သူ့ကို နှိမ်နင်းဖို့ မြန်မြန်လူလွှတ်လိုက်"

ထိုက်ရှစ်ဂိုဏ်းမှ စစ်သူကြီးတစ်ဦးသည် အမိန့်အား လက်ခံ၍ အပြင်သို့ ပြေးထွက်သွားခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် စစ်သူကြီးထိုက်ရှစ် ပြန်ရောက်လာခဲ့ပြီး ဒူးတစ်ဖက်ထောက်၍ မျက်နှာပျက်ပျက်နှင့် လျှောက်တင်လာခဲ့သည်။

"မင်းကြီး...လျှိုယွိ မြို့ထဲကို ရောက်နေပါပြီ။ အခု သူဘယ်မှာ ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး"

"ဘာ..."

ရှားထင်ဝေ့နှင့် မှူးမတ်တို့၏ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ ရှားထင်ဝေ့သည် ထိုင်ခုံမှထ၍ လူသတ်ချင်နေသည့် မျက်နှာဖြင့် စကားပြောလာခဲ့သည်။

"တောင်ဘက်ဂိတ်တံခါးမှာ တာဝန်ကျတဲ့ တပ်မှူးက ဘယ်သူလဲ။ သူ့ကို ခေါ်လာခဲ့စမ်း"

"မလိုတော့ပါဘူး..."

စစ်သူကြီးထိုက်ရှစ်သည် ပင့်သက်ရှိုက်၍ ဆက်ပြောလာခဲ့သည်။

"အဲ့ဒီတပ်မှူးက ကျန်းကျန့်ပါ၊ သူက ရှန်ဝူမြို့ နန်းတွင်းရဲမက်တွေရဲ့ တပ်မှူးဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ပါပြီ။ သူက ကျန်းစွန်းဂိုဏ်းရဲ့ သမက်လည်း ဟုတ်ပါတယ်။ သူက လျှိုယွိကို မြို့ထဲ ဝင်ခွင့်ပြုဖို့ အမိန့်ပေးတဲ့သူပါ။ လျှိုယွိမြို့ထဲဝင်လာပြီးတဲ့နောက် သူ ကိုယ့်ကိုယ်ကို သတ်သေသွားတာကို သူ့လက်အောက်ကလူတွေ တွေ့လိုက်ရပါတယ်"

"ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ ကျန်းစွန်းဂိုဏ်းရဲ့သမက်..."

ညီလာခံ ခန်းမတစ်ခုလုံး ပွက်လောက်ရိုက်သွားခဲ့သည်။ အခြေအနေသည် ပို၍ ထိန်းချုပ်ရ ခက်လာခဲ့ပြီဖြစ်သည်။

လူတိုင်းသည် တိတ်ဆိတ်သွားကြပြီး အမတ်ချုပ်ကျန်းစွန်း၏ မျက်နှာမှာ သွေးဆုတ်ဖြူရော် နေခဲ့သည်။ ရှားထင်ဝေ့သည် အမတ်ချုပ်ကျန်းစွန်းအား တစ်ချက်ငဲ့ကြည့်၍ အော်ဟစ်အမိန့်ပေးလိုက်သည်။

"စစ်သူကြီး ထိုက်ရှစ်...မင်းရဲ့လူတွေ လွှတ်ပြီး လျှိုယွိကို တစ်မြို့လုံး သေချာရှာခိုင်း၊ လိုအပ်မယ်ဆိုရင် မြေအောက်တစ်မီတာအနက်အထိ တူးပြီးရှာ...နှစ်နာရီအတွင်း မင်းသူ့ကို မဖမ်းနိုင်ရင် မင်းခေါင်းကို ဒီယူလာခဲ့"

"နားလည်ပါပြီ"

စစ်သူကြီးထိုက်ရှစ်သည် အလျင်အမြန် ထွက်သွားပြီး စစ်တပ်ကို ဦးဆောင်သွားခဲ့သည်။ ထို့နောက် မြို့ကို ပိတ်စေကာ အိမ်တိုင်းအား လိုက်လံရှာဖွေကြသည်။ လျှိုယွိကို ရှာမတွေ့ပါက ရှန်ဝူနိုင်ငံသည် သူတို့ကိုယ်သူတို့ ရှင်းပြနိုင်တော့မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် ကျူးကော့ချမ်ယွမ်ကို လုပ်ကြံသူမှာ ရှန်ဝူနိုင်ငံဟု နယ်မြေတစ်ခုလုံးက ယုံကြည်သွားတော့မည်ဖြစ်သည်။

ရှားထင်ဝေ့သည် မှောင်မည်းနေသည့် မျက်နှာထားဖြင့် နှုတ်ဆိတ်၍ ထိုင်နေခဲ့သည်။ အမတ်ချုပ်ကျန်းစွန်းသည် ရှင်းပြချင်ပါသော်လည်း မည်သို့ရှင်းပြရမည်ကိုပင် သူမသိကြောင်း သဘောပေါက်သွားခဲ့သည်။ ကျန်းကျန့်သည် သူတို့ဂိုဏ်း၏ သားမက်ဖြစ်သည်။ ကျန်းကျန့် သတ်သေသွားလေရာ သူ့ထံတွင် ရှင်းပြစရာ နည်းလမ်းမရှိတော့ပေ။

မှူးမတ်များသည် မျက်လုံးဖြင့် အချင်းချင်း စကားပြောနေကြသည်။ ဤကိစ္စအား ရှားထင်ဝေ့မှ အမိန့်ပေးထားခြင်းပေလော။ သို့မဟုတ် အမတ်ချုပ်ကျန်းစွန်းသည် အပြင်လူများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းပေလော။ မဟုတ်ပါက ရှန်ဝူမြို့ထဲသို့ လျှိုယွိမည်သို့ ဝင်လာနိုင်မည်နည်း။ သူသည် ခဏလေးအတွင်းတွင်တောင် အစရှာမရအောင် ပျောက်ကွယ်သွားသေးသည်။

မှူးမတ်အချို့ကမူ ရှန်ဝူနိုင်ငံကို အင်အားစုတစ်ခုခုမှ ချောက်ချရန် ကြံစည်နေသည်ဟု သံသယဝင်နေကြသည်။ သို့သော် မေးစရာရှိသည်မှာ မည်သည့်အင်အားစုက ဤကဲ့သို့ လုပ်နိုင်ရန် အစွမ်းအစ ရှိသနည်း။ သူတို့သည် ရှားဂိုဏ်း၏ မျိုးဆက်ဖြစ်သော ရှားထင်ကျွင်းလို လူကိုတောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သေးသည်။

လက်ရှိအချိန်တောင် ကျန်းပိုင်လီသည်လည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။

ရှားထင်ဝေ့၏ သူ့အပေါ်ထားသော ယုံကြည်မှုသည် ကျဆင်းသွားသည်ဟု သူခံစားနေရသည်။ ဥပမာအားဖြင့် ယနေ့ကိစ္စသည် ကိုယ်တိုင်တိုက်ရိုက်မေးလျှင်တောင် လုံလောက်ပြီး ညီလာခံဆင့်ခေါ်၍ မေးနေစရာ မလိုပေ။ ကျန်းရီကို သတ်ရန်အတွက် မိန်းမစိုးလင်း သေမင်းပင်လယ်ပြင်သို့ သွားခဲ့စဉ်ကလည်း သူလုံးဝမသိခဲ့ပေ။ နောက်ပိုင်းမှ သူကိုယ်တိုင် သဲလွန်စအချို့ရ၍ ခန့်မှန်းကြည့်သောအခါမှ သူသိခဲ့ရခြင်းဖြစ်သည်။

ရှားဝူဟွေ့မှာ ကျန်းရီ၏ လက်အတွင်း သေဆုံးခဲ့လေရာ ကျန်းရီသည် ရှားဂိုဏ်း၏ ကမ္ဘာ့ရန်သူဖြစ်သည်။

ကျန်းပိုင်လီသည် ကျန်းရီကို ကျန်းဂိုဏ်းမှ ထုတ်ပယ်ခဲ့သော်လည်း ရှားထင်ဝေ့၏ ရင်ထဲတွင် သံသယအချို့ ရှိနေသေးသည်သာ။ ရေမြေ့သခင်က သံသယဝင်လာလျှင် မည်သည့်အရာမှ ထိန်းချုပ်၍ မရပေ။ ရှားထင်ဝေ့၏ ကျန်းပိုင်လီအပေါ် ယုံကြည်မှုသည် တဖြည်းဖြည်း ကျဆင်းလာသော်လည်း ကျန်းပိုင်လီ လုပ်နိုင်သည့်အရာ ဘာမှမရှိချေ။

ကျူးကော့ချမ်ယွမ်ကို သတ်ဖြတ်ရန် ရှားထင်ဝေ့ လူလွှတ်လိုက်သည်လော။ ကျန်းပိုင်လီသည်လည်း ထိုအချက်ကို သံသယဖြစ်နေခဲ့သည်။ ညီလာခံ ရုတ်သိမ်းပြီးနောက် ရှားထင်ဝေ့သည် ကျန်းပိုင်လီကို မဆင့်ခေါ်ဘဲ သူ့နန်းဆောင်သူ ပြန်သွားလေရာ ကျန်းပိုင်လီမှာ ပို၍ သံသယဝင်လာခဲ့သည်။

မှူးမတ်များသည် တီးတိုးစကားဆိုကြရင်း ခန်းမအပြင်သို့ ထွက်သွားနေကြသည်။ ကျန်းပိုင်လီလည်း သက်ပြင်းချ၍ အပြင်သို့ ထွက်လာခဲ့သည်။ ထိုခဏတွင် စစ်သူကြီးတစ်ဦးသည် သုတ်သီးသုတ်ပြာ ပြေးဝင်လာပြီး နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် အော်ဟစ်လိုက်သည်။

"လျှောက်တင်ပါတယ်... မြို့တောင်ဘက်ဂိတ်တံခါးကို ကျန်းရီ ရောက်လာပါပြီ"

ကျန်းပိုင်လီသည် တောင်ဘက်အရပ်သို့ ဝေခွဲရခက်သည့် မျက်နှာနှင့် လှမ်းကြည့်လိုက်မိသည်။

နောက်ဆုံးတွင် သူ့သားပြန်လာခဲ့ပြီဖြစ်သည်။ သို့သော် ကျန်းရီသည် သူ့အား အဖေအဖြစ် အသိအမှတ်ပြုရန် ပြန်လာခဲ့ခြင်း မဟုတ်ပေ။ ကျန်းရီသည် လူသတ်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

***

All Chapters