လေပြင်းလျှပ်စီးနေမင်းလောင်ကျွမ်းခြင်း ရတနာကျမ်း
Vol. 6 Ch. 54
"..."
ရှန်းယီက တည်ငြိမ်စွာကြည့်ရင်း လက်ညှိုးထောင်ပြလိုက်ပေသည်။
"ပထမအချက်၊အဲဒါ မင်းရဲ့ စီနီယာအစ်မလင်းလေ၊ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ အမြတ်ထုတ်ခဲ့တယ်ဆိုပေမယ့် အဆုံးသတ်မှာတော့ နှစ်ဦးသဘောတူ အရောင်းအဝယ်သာ ဖြစ်တယ်"
ထိုစကားကို ကြားသောအခါ ဖန်းဟန် မျက်လုံးပြူးသွားချေ၏။
"ဒုတိယအချက်" ရှန်းယီက နောက်ထပ်လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး အသံက ရုတ်တရက် လေးနက်သွားချေသည်။
"မင်းရဲ့ စီနီယာအစ်မလင်းကို ဒီလာခဲ့လို့ ပြောလိုက်စမ်းပါ။ခြံဝင်းတံခါးဝမှာ သူ စည်းလာတားရဲလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ထိုစကားနှစ်ခွန်း ပြောပြီးနောက် ဖန်းဟန် အတွေးနက်သွားချေ၏။
ဆန့်ကျင်ဘက်အနေဖြင့် လီမူကျင်းမှလွဲ၍ ကျန်သည့်သူအားလုံးသည် ဘာကြောင့်မှန်းမသိ နှုတ်ခမ်းမဲ့လိုက်ကြပြီး စိတ်ပျက်သလို ခံစားလိုက်ရပေသည်။
ထိုမနှစ်မြို့ဖွယ် အမှတ်တရများက သူတို့စိတ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြန်သည်။
ဘိုင်ယွမ်စီရင်စုမှ စုတ်ပြတ်နေသော အခန်းကျဉ်းလေးထဲတွင် စီနီယာအစ်မလင်းက ဤသူအဝတ်အစားများ ဝတ်ဆင်ကာ အလုပ်ရှုပ်နေချိန်၌ ဤသောက်ကျိုးနည်းလူက စားပွဲဘေးတွင် ရပ်စောင့်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုအခြေအနေကို ကြည့်ပါက ရှန်းယီပြောသည်မှာ လုံးဝမှားသည်ဟု မဆိုနိုင်ပေ။
အသာစီးရခဲ့ခြင်းမှာ ခွန်အားကြောင့်မဟုတ်ဘဲ အခြားရှုပ်ထွေးပွေလီသော ကိစ္စရပ်များကြောင့် ဖြစ်ဖို့များချေသည်။
"နောက်ဆုံးအချက်"
ရှန်းယီက အိမ်တံခါးဝမှ ဆူညံသံကြောင့် နိုးလာသည့် အဘွားအိုကို ကြည့်လိုက်သည်။
တံခါးကို ကြောက်ကြောက်ရွံ့ရွံ့ ကိုင်ထားသည်ကို မြင်သောအခါ သူက ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး အသံက အလိုလို ပျော့ပြောင်းသွားချေ၏။
"သူ အရင်စလုပ်တာပါ"
အဘွားအိုက ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောရှာသည်။
"အဘွား အကုန်မြင်ပါတယ်။ဟန်အာက ဆိုးနေတာပါ။မြေးက လိမ္မာတဲ့ကလေးပဲ။ သူ့ကို မှတ်မိသွားအောင် သင်ခန်းစာနည်းနည်း ပေးလိုက်ရုံပါပဲ။ အဲဒါ ကောင်းပါတယ်။ အပြင်လူတွေ သင်ခန်းစာပေးတာထက်စာရင် ပိုကောင်းတာပေါ့"
ထိုစကားကိုကြားသော် လီရှင်းဟန်နှင့် အခြားသူများမှာ ခေါင်းမခါဘဲ မနေနိုင်ကြတော့ပေ။
ဤအဘွားအိုသည် သိုင်းသမားများ တိုက်ခိုက်သည်ကို ကလေးများ ကစားသည်ဟု ထင်နေပုံရချေသည်။
သူတို့နှစ်ယောက်လုံး အစင်းရာပင် မထင်သေး၊ တိုက်ပင် မတိုက်ရသေးပေ။
သို့သော် ဖန်းဟန် ယခုလို ငြိမ်ကျသွားသည်ကို မြင်ရခြင်းမှာ ရှားပါးလှပေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သွားပါဦးမယ်"
ရှန်းယီက လက်ကို အနည်းငယ်ယှက်ပြီး ခြံဝင်းငယ်လေးထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
ဖန်းဟန်က ကြောင်တောင်တောင် ရပ်နေပြီး တားမည့်ပုံမပေါ်သည်ကို မြင်တော့မှ လီရှင်းဟန်က သက်ပြင်းချနိုင်ပြီး အခြားသူများကို ခေါ်ဆောင်လျက် လိုက်ပါသွားချေ၏။
အတန်ကြာ လျှောက်လာပြီးသည့်နောက် သူ နားမလည်နိုင် ဖြစ်နေဆဲပင်။
"ခုနက ဘာဖြစ်သွားတာလဲ။ သူ ဘာလို့ရုတ်တရက် နောက်ဆုတ်သွားတာလဲ"
လီမူကျင်းက အနောက်မှ ဖြည်းဖြည်းချင်း လိုက်လာပြီး ဓားတိုကို ပြန်သိမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘယ်သူသိမှာလဲ၊ သူ မြန်မြန်ပြေးလွန်းလို့ ခါးနာသွားတာ ဖြစ်မှာပေါ့"
စကားပြောရင်း သူမက ရှန်းယီကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
သူမ ကိုယ်တိုင် မျက်မြင်မတွေ့ဖူးသော်လည်း မဟာစစ်သူကြီးငယ်စဉ်က ကျွမ်းကျင်ခဲ့သည့် ပညာရပ် ၅ မျိုးအကြောင်း ကြားဖူးသည်။
ထိုအထဲတွင် အရှိန်အဝါအနည်းဆုံးမှာ သွေးကြောဖြတ်နဂါးဖမ်းသိုင်းပင် ဖြစ်သည်။
ယင်းကို ခုနက ဖန်းဟန်၏မျက်နှာအမူအရာ၊ လုပ်ရပ်များနှင့် ချိတ်ဆက်ကြည့်လိုက်သည်။
သူမသည် ဓားအိမ်ပေါ် တင်ထားသည့် သူ့လက်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
'အင်း... ဖြူဖွေးပြီး သွယ်လျနယ်၊ပြီးတော့ အရမ်း လှပတယ်'
"အမ၊ဒါက နင်နဲ့သူ့ကြားက ဆက်ဆံရေးကို ထိခိုက်စေမလား"
လီရှင်းဟန်က နားထင်ကို ပွတ်လိုက်ပြီး ခေါင်းကိုက်သလို ခံစားလိုက်ရသည်။
"ဘာပဲပြောပြော သူက အဖေကိုယ်တိုင် ရွေးချယ်ထားတဲ့ သားမက်လောင်းလေ။နင့်ကို နတ်ဆိုးနှိမ်နင်းရေးဌာနထဲ ပို့လိုက်တာကလည်း နင်တို့အချင်းချင်း ကြိုရင်းနှီးသွားအောင် ရည်ရွယ်တာပဲ"
"ဘာ သားမက်လောင်းလဲ"
လီမူကျင်းက အကြည့်လွှဲလိုက်ပြီး ဂရုမစိုက်သလို ပြောလေသည်။
"ကိစ္စတစ်ခုခုဖြစ်ရင် စီနီယာအစ်မကို ဆွဲထည့်နေတာ၊ သူက မရင့်ကျက်သေးတဲ့ ကလေးစုတ်လေးပဲ"
ထိုစကားကိုကြားသော် အခြားသူများက ရှန်းယီကို ထူးဆန်းသလို ကြည့်ကြပြီး လီရှင်းဟန်၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားချေ၏။
"ငါ နင့်ကို လာခိုင်းတာ မဟုတ်ဘူးနော်။ ငါ့လူတွေ အခြားနေရာရောက်မနေရင် ဒီတစ်ခါ နင့်ကို ဝင်ပါခိုင်းမှာ မဟုတ်ဘူး"
စကားပြောရင်း သူသည် အနောက်ဘက် မကွာမဝေးတွင်ရှိသည့် ရှန်းယီကို လှမ်းကြည့်လိုက်ပြီး အံ့သြသလို ခံစားလိုက်ရသည်။
အခြားအရာများကို ခဏထားဦး၊ ဖန်းဟန်နှင့် ရင်ဆိုင်ရချိန်တွင် ပြသခဲ့သည့် တည်ငြိမ်သော အမူအရာတစ်ခုတည်းနှင့်ပင် သူ့ထက် အများကြီး သာလွန်နေချေ၏။
ဘိုင်ယွမ်စီရင်စုကဲ့သို့ နေရာသေးသေးလေးမှ ဤသို့သော စိတ်နေသဘောထားသူမျိုး ပေါ်ထွက်လာခြင်းမှာ တကယ် နားလည်ရခက်လှပေသည်။
"ကျုပ်တို့ ချက်ချင်း ခရီးဆက်ကြတော့မယ်၊ ခင်ဗျား လိုအပ်တာ ဘာရှိသေးလဲ"
ထိုစကားကိုကြားသော် ရှန်းယီက ယဉ်ကျေးမှုများ လုပ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
"ကျုပ် ကျောက်စိမ်းအဆင့်အတွင်းအားကျင့်စဉ်တစ်ခု လိုတယ်"
"မဟုတ်ဘူး... ခေါင်းဆောင်လီ ဆိုလိုတာက လက်နက်တို့ သံချပ်ကာတို့လို ချက်ချင်း အသုံးဝင်မယ့်အရာတွေကို ခင်ဗျား ပြင်ဆင်ဖို့ လိုသလားလို့ မေးတာ"
လျိုရှောင်ကျဲက လျှာဖြင့်နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။
ဤအရာ မည်သို့သော တွေးခေါ်ပုံမျိုးနည်း။ နတ်ဆိုးများ သတ်ရန်သွားမည်ကို စာအုပ်တစ်အုပ် သယ်သွားပြီး ဘာလုပ်မည်နည်း။
"ခင်ဗျားသာ ချင်ကျိုးက လီမိသားစုနဲ့လက်တွဲချင်တယ်ဆိုရင် အခုချက်ချင်း ကျုပ် ပေးနိုင်တယ်"
လီရှင်းဟန်က ရပ်တန့်လိုက်ပြီး အခြားသူများကို ထိတ်လန့်သွားစေမည့် စကားကို ပြောလိုက်သည်။
"ကျုပ်မိသားစုဆီမှာ မိသားစုအစောင့်အရှောက် အဖြစ် လာလုပ်မလား၊ ဒါမှမဟုတ် လက်ထပ်ထိမ်းမြားပြီး ဆွေမျိုးတော်စပ်မလား၊ ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေတယ်။သမီးအရင်းနဲ့ဆိုရင်တော့ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားသာ မျိုးဆက်ယထဲက သမီးပျို ဒါမှမဟုတ် တရားမဝင် သမီးတစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင်တော့ ကျုပ် စီစဉ်ပေးနိုင်တယ်"
နောက်ကိစ္စကို ခဏထားလိုက်၊ မည်သို့ပင်ဖြစ်စေ နတ်ဆိုးနှိမ်နင်းရေးဌာန၏တပ်မှူးတစ်ယောက်က လီမိသားစု၏မျိုးဆက် သမီးပျိုတစ်ယောက်ကို လက်ထပ်ခြင်းမှာ ဆိုးဝါးသည့်အရာမဟုတ်ကြောင်း ဆိုနိုင်ပေသည်။
သို့သော် မိသားစုအစောင့်အရှောက် ကတော့ ကွာခြားလှပေသည်။
ငွေပေးပြီး ငှားရမ်းထားသူများနှင့် ယှဉ်လျှင် မိသားစု အစောင့်အရှောက် ဟူသော စကားလုံးပါလာသည်နှင့် လီမိသားစုထဲ ဝင်ရောက်သွားပြီး တစ်သက်လုံး ကာကွယ်ပေးရမည်၊ ဆွေမျိုးနွယ်ဝင်များထက်ပင် ပိုရင်းနှီးသော ဆက်ဆံရေး ရှိသွားခြင်းမျိုး ဖြစ်သည်။
ပြဿနာမှာ ရှန်းယီသည် မည်မျှပင် အလားအလာကောင်းပါစေ၊သိုင်းပညာ ဉာဏ်ရည် မည်မျှပင် မြင့်မားပါစေ၊လက်ရှိတွင် သူသည် ကနဦးအဆင့် အထွတ်အထိပ်၌သာ ရှိသေးခြင်း ဖြစ်ပေသည်။
သူ မနက်ဖြန် ကျောက်စိမ်းအဆင့်ကို ချိုးဖျက်နိုင်လျှင်ပင် အဆင့်မတက်သေးသရွေ့တော့ ဘာမှမဟုတ်ဘူးဆိုသည့် ဖြစ်နိုင်ချေက ကိုးဆယ့်ကိုးရာခိုင်နှုန်း ရှိနေပေသည်။
သိုင်းလမ်းစဉ်တွင် တစ်ဖက်ကမ်းရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သလို ထင်ရသော်လည်း မြေမှုန့်ဖြစ်သွားသည့်အချိန်ထိ ထိုခြေထောက်က လေထဲ၌သာ တန်းလန်းဖြစ်ကျန်ခဲ့ခြင်းမျိုးမှာ အင်မတန် အဖြစ်များလှပေသည်။
"ဘာလို့ သမီးအရင်း မရတာလဲ"
လီမူကျင်းက ခေါင်းလေးစောင်းပြီး စပ်စုလိုက်သည်။
လီရှင်းဟန်၏မျက်ခွံများ နှစ်ချက် လှုပ်သွားချေ၏။
"နင့်အခြေအနေကြောင့်လေ၊ ငါ ဆုံးဖြတ်လို့မရဘူး။ အဖေ သဘောတူမှ ရမှာ"
"ဟား"
လီမူကျင်းက လက်လှမ်းပြီး ရှန်းယီ၏ပခုံးပေါ်တင်ကာ ပြုံးလိုက်သည်။
"စနောက်နေတာပါ မိတ်ဆွေလေးရယ်၊ စိတ်မလှုပ်ရှားပါနဲ့"
ရှန်းယီက သူမလက်ကို ပုတ်ထုတ်လိုက်ပြီး လီရှင်းဟန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနက သိုင်းပညာကျတော့ ဘယ်လိုလဲ"
"..."
ဤမျှ ရက်ရောသော ကမ်းလှမ်းချက်က သူ့ကို မလှုပ်ရှားစေနိုင်သည့်အတွက် လီရှင်းဟန် အနည်းငယ် စိတ်ပျက်သွားချေ၏။
သို့သော် သူသည် စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"ခင်ဗျားက တိမ်ကွက်ဝတ်စုံဝတ်ထားပေမယ့် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့တရားဝင် အဖွဲ့ဝင် မဟုတ်သေးဘူး။ ဒီနေရာက အပြင်က မိသားစုကြီးတွေ၊ ဂိုဏ်းတွေနဲ့ မတူဘူး။ အပြင်မှာတော့ ပါရမီရှိပြီး ထူးချွန်တဲ့ တပည့်ငယ်တွေကို ရတနာလို သဘောထားပြီး ပြုစုပျိုးထောင်ပေးကြတယ်ထင်လဲ"
"ဘာလို့လဲဆိုတော့ ဂိုဏ်းဝင်လိုက်တာနဲ့ တစ်မိသားစုတည်း ဖြစ်သွားပြီလေ။ ခင်ဗျား ပိုသန်မာလေလေ ဂိုဏ်း ဒါမှမဟုတ် မိသားစုက ပိုသန်မာလေလေပဲ။ ခင်ဗျားတို့က တစ်သားတည်းပဲ"
"နတ်ဆိုးနှိမ်နင်းရေးဌာနမှာကျတော့ ကွာခြားလို့လား"
ရှန်းယီ ဤကဲ့သို့အမြင်မျိုး တစ်ခါမှ မကြားဖူးပေ။
"ဒါပေါ့ ကွာတာပေါ့"
လီမူကျင်းက နှုတ်ခမ်းဆူပြီး လက်ကာပြလိုက်သည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနက နန်းတော်ရဲ့ ကျောထောက်နောက်ခံ ရှိပြီးသား၊ ပိုကြီးထွားလာဖို့၊ ပိုသန်မာလာဖို့ မလိုဘူး။ ချင်ကျိုးရဲ့ တည်ငြိမ်မှုကိုပဲ လိုလားတာ။ နတ်ဆိုးတွေရော၊ အစွမ်းထက်တဲ့ သိုင်းသမားတွေရော နှစ်မျိုးစလုံးက ချင်ကျိုးရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်မယ့် အရာတွေလို့ သူတို့က မြင်ကြတယ်"
"ဒါပေမဲ့ အရပ်ရပ်ကို ဟန့်တားဖို့ လုံလောက်တဲ့ စစ်အင်အားတော့ လိုအပ်တာပေါ့"
"အဓိကအချက်က ခင်ဗျားဟာ နတ်ဆိုးသတ်ဖြတ်မယ့် ဓားတစ်လက် ဖြစ်ကြောင်း သက်သေပြရမယ်။အဖိုးတန်ဆေးဝါးတွေ စားသုံးပြီး ချင်ကျိုးအတွက် အကျိုးမပြုတဲ့ ကပ်ပါးကောင် မဟုတ်ကြောင်း ပြရမယ်"
သူတောင်းစားက ရှေ့တိုးလာပြီး စကားဝင်ပြောလေသည်။
"တည့်ပြောရရင် အလုပ်အရင်လုပ်၊ ပြီးမှ စား... အနည်းဆုံးတော့ ခင်ဗျားရဲ့တိမ်ကွက်လက်မောင်းကို ပြလိုက်တဲ့အချိန်မှာ နောက်ခံအနေနဲ့ အောင်မြင်မှုမှတ်တမ်းတချို့တော့ ရှိထားသင့်တယ်"
"ဆုလာဘ်အနေနဲ့ပြောရရင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ပေးကမ်းမှုက ဘယ်ဂိုဏ်းကမဆို ပေးနိုင်တဲ့ ပမာဏထက်ကျော်လွန်လိမ့်မယ်"
"ဥပမာအနေနဲ့ ကျောက်စိမ်းအဆင့် ကို ချိုးဖျက်ဖို့အတွက် မိုးကြိုးမုန်တိုင်းနေမင်းလောင်ကျွမ်းခြင်း ရတနာကျမ်း ပေါ့။ အဲဒါက မိုးကြိုးမုန်တိုင်း ရတနာစာလိပ် နဲ့ အပြစ်အနာအဆာမရှိ ချိတ်ဆက်နိုင်တယ်။ ချင်ကျိုးတစ်ခွင်မှာ ကောလာဟလ ထွက်နေတဲ့အရာတွေကိုပါ ထည့်တွက်ရင်တောင်မှ အဲဒါထက်သာတဲ့ ကျောက်စိမ်းအဆင့် အတွင်းအားကျင့်စဉ် သုံးခု ရှာတွေ့မည် မဟုတ်ဘူး"
စကားပြောရင်း သူတောင်းစားက ဘေးနားရှိ လီမောင်နှမနှစ်ယောက်ကို ကြည့်ပြီး စကားလုံး ရွေးသုံးလိုက်သည်။
"လီမိသားစုဆိုတာ ချင်ကျိုးမှာ အင်မတန် နာမည်ကြီးတဲ့ မိသားစုကြီးပါ။ သူတို့ရဲ့ မျိုးရိုးစဉ်ဆက် အတွင်းအားကျင့်စဉ်က မရီဒျန်ဆုံမှတ် ၁၂၆ ခုကိုပဲ ချိတ်ဆက်နိုင်တယ်။ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ အတွင်းအားကျင့်စဉ်ကတော့ မရီဒျန်ဆုံမှတ် ၂၇၀ ကို အသက်သွင်းနိုင်ပြီး ကျင့်ကြံမှုစွမ်းဆောင်ရည်က နှစ်ဆကျော် ပိုများတယ်"
"ဟေ့လူ"
လီရှင်းဟန်က သူ့ကို ခြေထောက်ဖြင့် မကန်ဘဲ မနေနိုင်တော့ချေ။
"ခင်ဗျားကမှ ကျွမ်းကျင်သူကြီးပါဗျာ ဟုတ်ပြီလား"
"..."
ရှန်းယီက အကြည့်လွှဲလိုက်ပြီး ဓားရိုးပေါ်ရှိ သူ့လက်က အနည်းငယ် ပိုတင်းကျပ်သွားချေ၏။