← Chapters

ငါက နတ်ဆိုးသတ်တဲ့နေရာမှာကျွမ်းကျင်တယ်

Vol. 6 Ch. 55

ငါက နတ်ဆိုးသတ်တဲ့နေရာမှာကျွမ်းကျင်တယ်

Vol. 6 Ch. 55

ချင်ကျိုးနတ်ဆိုးနှိမ်နင်းရေးဌာန၊ ပြင်ပခန်းမ

မီးခိုးရောင်အုတ်ကြွပ်၊အဖြူရောင်နံရံတို့ဖြင့် ခန့်ညားစွာ တည်ရှိနေသော အဆောက်အအုံသည် တံခါးနီကြီးများကို ကျယ်ကျယ်ဖွင့်ထားကာ အလျင်စလိုအမူအရာများဖြင့် လူများ ဝင်ထွက်သွားလာနေကြပေသည်။

ရှန်းယီသည် သူ၏ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ်နေမိချေ၏။

လူအားလုံးသည် ရှည်လျားသော ပိုးသားဝတ်ရုံနက်များကို ဝတ်ဆင်ထားကြသော်လည်း ခြောက်ဆယ်ရာခိုင်နှုန်းကျော်၏လက်မောင်းများတွင် တိမ်တိုက်ပန်းထိုးအကွက်များ ပါရှိမနေပေ။

ပျမ်းမျှအသက်အရွယ်မှာလည်း လေးဆယ်ဝန်းကျင် ဖြစ်ကြလေသည်။

သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ကနဦးအဆင့် ဖြစ်နေသော်လည်း အနည်းငယ်ခေတ္တမျှသာဖြစ်ပြီး ထိုအဆင့်ကို ကျော်လွန်ရုံမျှသာ ရှိသည်ဟု ဆိုနိုင်ပေသည်။

ဤသူများသည် သားသတ်သမားကျန်း ပြောခဲ့သည့် ဆေးရည်စိမ်ပြီး ထွက်လာသောနတ်ဆိုးနှိမ်နင်းရေးတပ်သားများလော။

ဆန့်ကျင်ဘက်အားဖြင့် တိမ်တိုက်ပန်းထိုး ဝတ်ရုံဝတ်ဆင်ထားသူ အနည်းငယ်မှာ ရံဖန်ရံခါ ဖြတ်သွားတတ်ကြပြီး သူတို့သည် အသက်ငယ်ရွယ်ကာ မျက်လုံးများမှာ ပိုမို ထက်မြက်ကြပေသည်။

"အတွင်းစခန်းမှာ သုံးထောင်၊ အပြင်စခန်းမှာ ရှစ်ထောင်ကျော်၊စုစုပေါင်း ညီအစ်ကို တစ်သောင်းကျော်ဟာ ချင်ကျိုးနယ်မြေ ၁၂ ခုရဲ့ စီရင်စုပေါင်း ၃၄၂ ခု လုံခြုံရေးအတွက် တာဝန်ယူထားရတာ"

သူတောင်းစားလျှောက်လာပြီး သူ၏စကားသံထဲတွင် ဝမ်းနည်းမှုအရိပ်အယောင် အနည်းငယ် ပါဝင်နေချေသည်။

"ချင်ကျိုးမြို့ကို စောင့်ကြပ်ဖို့ လိုအပ်တဲ့ အတွင်းစခန်းက စစ်သည်တော် ၂၅၀၀ ကို ဖယ်လိုက်ရင် စီရင်စုတစ်ခုကို လူအယောက် ၂၀ လောက်ပဲ တာဝန်ယူရတာ။ ဒါကြောင့် ငါတို့ အင်အားက ဒီအရေအတွက်နဲ့ တော်တော်လေး ကိုက်ညီနေတယ်။ တပ်မှုုးတစ်ယောက် မစ်ရှင်ထွက်ရင် တပ်သား ၂၀ လောက်ပဲ ခေါ်သွားလေ့ရှိတယ်။ သူတို့အားလုံး အကျပ်အတည်းနဲ့ ကြုံပြီး သေဆုံးသွားရင်တောင် ဆုံးရှုံးမှုက သိပ်မကြီးဘူးလို့ သတ်မှတ်ကြတယ်"

သူတို့၏စကားပြောသံကို ခဏကြာ နားထောင်ပြီးနောက် သူ၏နာမည်မှာ မာထောင် ဖြစ်ကြောင်း သူ သိလိုက်ရလေသည်။

ရှန်းယီသည် မာထောင်ကို ကြည့်လိုက်ရာ သူသည် ဤအရာကို ပုံမှန်ကိစ္စဟု သဘောထားနေပုံရသဖြင့် မျက်ခုံးပင့်လိုက်မိချေ၏။

တစ်ဖွဲ့လုံး သေဆုံးခြင်းသည် တစ်ဖက်လူ၏ မျက်လုံးထဲတွင် အတော်လေး ပုံမှန်ကိစ္စ ဖြစ်နေပုံရလေသည်။

တပ်မှူးတစ်ဦးဖြစ်လာပြီး အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်ရန် အနည်းဆုံး ကျောက်စိမ်းအဆင့် သိုင်းပညာရှင် ဖြစ်ရန် လိုအပ်သည်ဟု ထင်ရပေသည်။

ဘိုင်ယွင်ခရိုင်တွင်ဆိုလျှင် ထိုအဆင့်သည် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး ဖြစ်နေပြီ ဖြစ်၏။

ဤသည်ကို ဆုံးရှုံးမှုအသေးစားဟု သတ်မှတ်သည်လော။

"ဒါပေမဲ့ စိတ်မပူပါနဲ့၊ အလောင်းရှာမရအောင် ပျောက်မသွားသရွေ့ အများဆုံး လဝက်အတွင်းမှာ အိမ်က တစ်ယောက်ယောက်က လာပြီး လက်စားချေပေးပါလိမ့်မယ်"

မာထောင် သက်ပြင်းချရင်း ဆက်ပြောလေသည်။

"ယွီရှန်းနယ်မြေက နတ်ဆိုးနှိမ်နင်းရေးစစ်ကဲ တစ်ယောက်ဆိုရင် အဲဒီက ဂိုဏ်းကြီးသုံးဂိုဏ်း ပူးပေါင်းလုပ်ကြံလို့ သေဆုံးသွားခဲ့ဖူးတယ်။ သူတို့က သဲလွန်စတွေကို သေချာဖျောက်ဖျက်ထားတယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ စစ်ကဲရဲ့ ဒုတိယတပည့်က လူတစ်ထောင်နဲ့ သွားပြီး ခြောက်ရက်အတွင်းမှာ လူပေါင်း နှစ်သောင်းသုံးထောင်ကို ခေါင်းဖြတ်သတ်ပစ်ခဲ့တယ်။ အခုထိ မြို့တံခါးမှာ ခေါင်းတွေ ပုံထားတုန်းပဲလို့ ကြားတယ်"

နတ်ဆိုးနှိမ်နင်းရေးဌာန၏အင်အားနှင့် ရက်စက်မှုကြောင့် ရှန်းယီ တုန်လှုပ်သွားမိချေ၏။

ရှန်းယီ နှုတ်ခမ်းစေ့လိုက်ပြီး စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။

သူ၏လက်ရှိအင်အားဖြင့် ရာထူးတိုးရန် မဆိုထားနှင့်၊ ကိုယ့်လုံခြုံရေးအတွက်တော့ လုံလောက်သည်ဟု သူ ထင်ခဲ့မိသည်။

တကယ်တမ်းတွင် လောကကြီးသည် သူ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေချေပြီ။

သာမန်လူများ၏အသက်အန္တရာယ်သာမက ကျော်ကြားသော ပုဂ္ဂိုလ်များပင်လျှင် ရုတ်တရက် သေဆုံးနိုင်ပေသည်။

"ဟေး... နင် ဘာကျွမ်းကျင်လဲ"

လီမူကျင်းသည် ရုံးတော်မှ ထွက်လာပြီး အပြင်ဘက်ရှိ လူအနည်းငယ်ကို ကြည့်ကာ မေးလိုက်သည်။

"ခြေရာခံတာနဲ့ စုံစမ်းစစ်ဆေးတာလား။ ခရီးဝေး တိုက်ခိုက်တာလား။ ... ဟုတ်သားပဲ၊ နင်က အနီးကပ်တိုက်ခိုက်တာနဲ့ နတ်ဆိုးဖမ်းတာမှာ တော်တော် ကျွမ်းကျင်တယ် မဟုတ်လား"

စောစောက ရှန်းယီ ဖန်းဟန်ကို အရှက်ရစေခဲ့သည့် မြင်ကွင်းကို သတိရသွားပြီး သူမ၏နောက်ဆုံးစကားများတွင် စူးစမ်းလိုစိတ်များ ပါဝင်နေချေ၏။

ဤစကားကြားသောအခါ မာထောင် ပခုံးတွန့်လိုက်ပြီး လက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်ရင်း အနည်းငယ် အနေခက်သွားပုံရလေသည်။

အကယ်၍ သိုင်းပညာစွမ်းရည် တူညီသော လူနှစ်ဦး အဖွဲ့တစ်ဖွဲ့ထဲတွင် ရှိနေပြီး တစ်ဦးက အခြားတစ်ဦးထက် များစွာ သာလွန်နေပါက ကျန်တစ်ဦးမှာ အပိုလူ ဖြစ်သွားပေလိမ့်မည်။

ရှန်းယီ၏မျက်နှာတွင် နားမလည်သော အမူအရာ ပေါ်နေသည်ကို မြင်သောအခါ သူ သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းလိုက်ကာ ရှင်းပြလေသည်။

"ဒါက မှတ်တမ်းတင်ဖို့ပါ။ အကယ်လို့ လီမူကျင် းတစ်ခုခု ဖြစ်သွားပြီး မင်း ကံကောင်းလို့ အသက်ရှင်ခဲ့ရင် နောက် စစ်ကဲတစ်ယောက်က လူရွေးတဲ့အခါ လွယ်ကူစေဖို့လေ။ တခြား ဘာမှ စိတ်ပူစရာ မလိုပါဘူး။ မင်း အကျွမ်းကျင်ဆုံး သိုင်းပညာကိုသာ ပြောလိုက်ပါ"

"အဲဒီလိုလား"

ရှန်းယီ စဉ်းစားခန်း ဝင်သွားပြီး သူ၏စွမ်းရည်များကို တိတ်ဆိတ်စွာ ပြန်လည် ဆန်းစစ်ကြည့်မိချေ၏။

မကြာမီ သူ၏မျက်နှာတွင် မဆုံးဖြတ်နိုင်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ဤသည်ကို မြင်သောအခါ အခြားသူများက နားမလည်နိုင်စွာ ကြည့်နေကြပေသည်။

ဘာများ စဉ်းစားစရာ ရှိလို့လဲ။သူ့ရဲ့ အဓိက သိုင်းပညာက ဘာလဲ၊ အထောက်အကူပြုက ဘာလဲ၊ ဘယ်ဟာက အစပျိုးအဆင့်လဲ၊ ဘယ်ဟာက အကျွမ်းကျင်ဆုံးလဲ ဆိုတာ သူ ကိုယ်တိုင် အသိဆုံး ဖြစ်သင့်သည် မဟုတ်ပါလော။

ခဏအကြာတွင် ရှန်းယီ ခေါင်းမော့လာပြီး မသေချာမရေရာစွာဖြင့် ပြောလိုက်သည်။

"နတ်ဆိုးသတ်တာလား"

ရတနာရှစ်ပါးခန္ဓာကိုယ်၊ ထျန်းလန်နတ်ဆိုးသတ်ဖြတ်ခြင်း၊ ထျန်းကန်းသွေးနတ်ဆိုး၊ သွေးကြောဖြတ်နဂါးဖမ်းသိုင်း...

မည်သည့်အရာက ပိုအားကောင်းကြေညင်း ပြောရခက်လှပေသည်။

အားလုံးက အသုံးဝင်ပုံ ရနေချေ၏။

သူ့အဖြေကို ကြားသောအခါ လျိုရှောင်ကျဲနှင့် မာထောင် နှစ်ဦးစလုံး အံ့အားသင့်သွားပြီး ကြောင်ငေးနေမိကြလေသည်။

"ဟား..."

လီမူကျင်း ခဏတာ မှင်သက်သွားပြီးနောက် ဗိုက်ကို နှိပ်ကာ တုန်ခါသွားသည်အထိ ရယ်မောလိုက်သည်။

ထို့နောက် လှည့်ထွက်သွားရင်း "ကောင်းပြီလေ၊ ချရေးလိုက်တော့။ သူက နတ်ဆိုးသတ်ရာမှာ ကျွမ်းကျင်တယ်တဲ့" ဟု ပြောလိုက်လေသည်။

ခဏအကြာတွင် လီရှင်းဟန် မှတ်ပုံတင်ခြင်း ကိစ္စပြီးဆုံး၍ဖြည်းညှင်းစွာ ထွက်လာပြီး ရှန်းယီကို အားနာသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဘိုင်ယွင်စီရင်စုတွင် ရှိစဉ်ကပင် တစ်ဖက်လူ၏ သင်ယူမှုမှာ ဟိုမရောက်ဒီမရောက် ဖြစ်နေကြောင်း သူ သိထားသော်လည်း အဓိက အာရုံစိုက်ရာပင် မရှိလောက်အောင် ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။

သူ့ကို သင်ကြားပေးခဲ့သော မိသားစုဝင် တစ်ဦးဦးကို ဖိတ်ခေါ်ပြီး သူ၏အခြေခံကို စစ်ဆေးပေးကာ ရှေ့ဆက်ရမည့် လမ်းကြောင်းကို တည့်မတ်ပေးသင့်သလော။

"ရှောင်အာ၊ ရထားလုံး ပြင်ဆင်လိုက်။ လင်ကျန်းနယ်မြေ ရွှေယွင်ရွာကို သွားမယ်"

သူ အတွေးများကို စုစည်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ရာ ကလေးကဲ့သို့ ပုကွကွ လူတစ်ယောက်က ဦးညွှတ်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။

လီရှင်းဟန်သည် လူတိုင်းကို ဦးဆောင်၍ နတ်ဆိုးနှိမ်နင်းရေးဌာနမှ ထွက်ခွာလာခဲ့ချေ၏။

"ခေါင်းဆောင်လီက နည်းနည်း စိတ်လှုပ်ရှားနေပုံရတယ်"

လျိုရှောင်ကျဲက တစ်ဖက်လူ၏မသက်မသာဖြစ်မှုကို သတိထားမိပြီး တီးတိုး ပြောလိုက်သည်။

"သူ့ရာထူးက နိမ့်တော့ ကောင်းတဲ့ တာဝန်တွေကို တခြား တပ်မှူးတွေက ဦးအောင် ယူသွားကြတာလေ။ ဒုတိယစစ်ကဲလင်းကို ကယ်တင်ခဲ့တာက အောင်မြင်မှု တစ်ခုလို့ ယူဆနိုင်ပေမဲ့ သူမ ပြန်မလာခင် ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောလို့ မရသေးဘူး"

"အောင်မြင်မှုတွေကို တွက်ချက်ကြည့်မယ်ဆိုရင် နောက်ထပ် ကျောက်စိမ်းအဆင့် နတ်ဆိုးဘေးအန္တရာယ် တစ်ခုကို ဖြေရှင်းပြီးရင် အဖွဲ့ခေါင်းဆောင်လီက တပ်မှူးအဆင့် တိုးမြှင့်ခံရနိုင်တယ်... ဒီတစ်ခေါက် အကျိုးအမြတ် ရှိမရှိတော့ မသိသေးဘူး"

အောင်မြင်မှုအကြောင်း ပြောကြရင်း နှစ်ပေါင်းများစွာ လက်တွဲခဲ့သော ညီအစ်ကိုနှစ်ဦး၏ မျက်လုံးများ အရောင်လက်လာကြလေသည်။

အဆုံးတွင်တော့ သူတို့နှစ်ဦးစလုံးသည် ဂုဏ်သရေရှိ မိသားစုများမှ ဆင်းသက်လာကြပြီး နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်လာခြင်းမှာ နာမည်ဂုဏ်သတင်း ကျော်ကြားလိုကြ၍ ဖြစ်ပေသည်။

ထိုအခါမှ ရှန်းယီ သတိထားမိလိုက်သည်မှာ သူတို့၏လက်မောင်းမှ တိမ်တိုက်ပန်းထိုးအကွက်များမှာ နှစ်ကြောင်းစီ ဖြစ်နေကြခြင်းပင်။

လီရှင်းဟန်သည် အောင်မြင်မှုများကို အမှန်တကယ် လိုလားနေပြီး သူ့လက်အောက်ငယ်သားများလည်း အကျိုးခံစားခွင့် ရရှိခဲ့ကြပုံရပေသည်။

"မနာလိုမဖြစ်ပါနဲ့။ မင်း ကျောက်စိမ်းအဆင့် နတ်ဆိုးဘေးအန္တရာယ် ၅ ခုမှာ ပါဝင်နိုင်ရင် ဒါမှမဟုတ် ပထမအောင်မြင်မှု တစ်ကြိမ် ရရင် မင်းလည်း နောက်ထပ် အစင်းတစ်ကြောင်း ထပ်ရနိုင်တယ်။အဲဒီအခါကျရင် မင်းကို အတွင်းအားပညာ ရဖို့က သေချာသလောက် ဖြစ်သွားပြီပေါ့"

နတ်ဆိုးနှိမ်နင်းရေးဌာန တံခါးဝမှ ထွက်၍ လမ်းမရှည်ကြီးပေါ်သို့ ရောက်သောအခါ နှစ်ဦးစလုံး ကျွမ်းကျင်စွာပင် သူတို့၏အပြုံးများကို ရုတ်သိမ်းလိုက်ကြလေသည်။

လမ်းသွားလမ်းလာများက လမ်းဖယ်ပေးရန် ရပ်တန့်လိုက်ကြသည်။

သူတို့အဖွဲ့များ ဝေးဝေးသို့ ရောက်သွားမှသာ လူများက သူတို့၏အလုပ်များကို ပြန်လည် လုပ်ဆောင်ကြလေတော့သည်။

သူတို့ မြင့်မားသော မြို့တံခါးဝအောက်သို့ ရောက်သောအခါ လီရှောင်အာ့သည် နတ်ဆိုးမြင်းနှင့်အတူ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ချေ၏။

"ဒါက ငါတို့ရဲ့ကင်းထောက်လေ။ သူသာ အရှိန်ကုန် ပြေးရင် ဘိုင်ယွင်စီရင်စုနဲ့ ချင်ကျိုးမြို့ကို အသွားအပြန် တစ်ရက်ပဲ ကြာတယ်။ မင်း သတင်းပို့စရာ ရှိရင် သူ့ကို ရှာလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်"

လျိုရှောင်ကျဲက ရထားလုံးပေါ်သို့ ခုန်တက်ရင်း နောက်ပြောင်ကာ ပြောလိုက်လေသည်။

လီရှောင်အာ့က သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ရှန်းယီဘက်သို့ ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြကာ တိုတိုတုတ်တုတ် ပြောလိုက်သည်။

"ပို့ပေးနိုင်တယ်။ကိစ္စမရှိဘူး"

လူတိုင်း နေရာယူပြီးသောအခါ လီမူကျင်းက ဇက်ကြိုးကို ဆွဲကာ ရှေ့မှ မြင်းစီး၍ ဦးဆောင်ထွက်ခွာလေသည်။

ရှန်းယီသည် ရထားလုံးထဲတွင် ထိုင်ရင်း ဗဟုသုတအချို့ ရရှိလိုက်သည်။

မြင်းစီးသူနှင့် ရထားလုံးစီးသူတွင်လည်း အဓိပ္ပာယ်သက်ရောက်မှုများ ရှိနေပေသည်။

အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်သည် အမြဲတမ်း သတိရှိနေပြီး အရေးပေါ်အခြေအနေများကို လျင်မြန်စွာ တုံ့ပြန်ရန် အသင့်ရှိနေရမည် ဖြစ်သည်။

"..."

လီရှင်းဟန်သည် ရထားလုံးကို မှီထိုင်ရင်း လက်များကို ယှက်ကာ လက်ချောင်းထိပ်များဖြင့် လက်ခုံကို အဆက်မပြတ် ခေါက်နေမိချေ၏။

သူ အလွန် စိတ်ပူပန်နေပုံရလေသည်။

"ဒီလောက်ကြီးတော့ မပြင်းထန်လောက်ပါဘူးကွာ"

မာထောင်က တစ်ဖက်လူ၏မျက်လုံးရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။

"ဒီတစ်ခေါက် ငါတို့လူနည်းပေမဲ့ ရွှေယွင်ရွာကို သွားပြီး လူနည်းနည်း ရှာရုံပဲ မဟုတ်ဘူးလား"

လျိုရှောင်ကျဲက အခွင့်ကောင်းယူ၍ ရှန်းယီကို သူတို့၏မစ်ရှင်အကြောင်း ရှင်းပြလေသည်။

"ဗိုလ်မှူးအချို့ ရွှေယွင်ရွာကို စစ်ဆေးရေး သွားကြတာလေ။ စည်းမျဉ်းအရဆိုရင် သူတို့ ၁၅ ရက် တစ်ကြိမ် အိမ်ပြန်စာ ပို့ရမယ့်ဟာကို အခုထိ ဘာသတင်းမှ မရသေးဘူး... ပြဿနာက သိပ်မကြီးပါဘူး။ အဲဒီရွာမှာ မြစ်စောင့်နတ် ရှိတယ်။ တကယ်လို့ မြစ်စောင့်နတ် တစ်ခုခု ဖြစ်သွားရင် ရွာသားတွေ ချင်ကျိုးကို ပြေးလာကြပြီးသား နေမှာပေါ့"

လီရှင်းဟန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရင်ဘတ်ထဲမှ သွေးစွန်းနေသော ခါးချိတ်တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

"ဒါက လင်ကျန်းနယ်မြေက အရာရှိတစ်ယောက် လာပို့သွားတာ။ ပြင်ပခန်းမက အခုလေးတင် ငါ့ကို ပေးလိုက်တာ"

ပြောပြီးနောက် သူ ရှန်းယီကို ကြည့်လိုက်သည်။

"မူလကတော့ မင်းကို အရင်ဆုံး အသားကျအောင် အပြင်ခေါ်သွားမလို့ ပြောထားတာ... မင်းက နတ်ဆိုးအစစ်တွေနဲ့ တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံ မရှိတော့ သတိထားရမယ်"

ဤစကားကြားတော့ လျိုနှင့် မာ နှစ်ယောက်လုံး အသက်ရှူမှားသွားကြလေသည်။

"..."

ရှန်းယီ ဘိုင်ယွင်စီရင်စုတွင် ခွေးနတ်ဆိုးနှင့် မျောက်ဝံနတ်ဆိုးတို့ကို သတ်ဖြတ်ခဲ့သည့် သတင်းကို သူတို့ သိထားကြသည်။

အတွေ့အကြုံ မရှိဘူးဆိုတာ ဘာသဘောလဲ။

ကျောက်စိမ်းအဆင့် နတ်ဆိုးတွေနဲ့ မတိုက်ခိုက်ဖူးတာကို ပြောတာလား။

မာထောင်သည် စောစောကမှ လက်စားချေပေးမည့်အကြောင်းနှင့် အခြား အဓိပ္ပာယ်မရှိသော စကားများ ပြောခဲ့မိသည်ကို ပြန်စဉ်းစားမိပြီး အားနာသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ထွီ..ထွီ.. ငါက တကယ့် ပါးစပ်သရမ်းကောင်ပါလား"

ရှန်းယီ ကိုယ်ဟန်အနေအထား အနည်းငယ် ပြင်ထိုင်လိုက်သည်။

လီရှောင်အာ့သည် မျက်နှာသေဖြင့် သူ့မျက်နှာပေါ်မှ တံတွေးစများကို သုတ်လိုက်ပြီး မာထောင်ကို တိတ်ဆိတ်စွာ စောင်းကြည့်လိုက်လေသတည်း။

All Chapters