← Chapters

မြစ်စောင့်နတ်

Vol. 6 Ch. 56

မြစ်စောင့်နတ်

Vol. 6 Ch. 56

လင်ကျန်းနယ်မြေ၊ ရွှေယွင်ရွာ

တောင်ပေါ်တွင် နေလျှင် တောင်ကိုအမှီပြုပြီး၊ ရေနားတွင် နေလျှင် ရေကိုအမှီပြုရသည်။

မြစ်ကမ်းတစ်လျှောက်ရှိ ငါးဈေးတန်းမှာ တော်တော်လေး စည်ကားနေပေသည်။

မြင်းရထားလုံးသည် ဖြည်းညှင်းစွာ ရပ်တန့်လိုက်ပြီး လီရှောင်အာ့ ဆင်းကာ ဒေသခံ အစိုးရရုံးဆီသို့ မြင်းကို ဆွဲခေါ်သွားလေသည်။

ရှန်းယီသည် ငါးတန်းနှစ်ခုကြားတွင် ရပ်ကာ ညှီစို့စို့ စိုစွတ်သော အနံ့ကို ရှူရှိုက်လိုက်သည်။

သူ့ပတ်လည်တွင် ဘောင်းဘီရှည်ကို ခေါက်တင်ထားသော တံငါသည်များက ပုံမှန်အတိုင်း စကားပြော ရယ်မောနေကြပြီး နတ်ဆိုးနှိမ်နင်းရေးတပ်မှူးအနည်းငယ် ရောက်ရှိနေသည်ကို လုံးဝ ဂရုမစိုက်ကြပေ။

ထင်ယောင်ထင်မှား ဖြစ်သည်လား မဆိုနိုင်သော်လည်း ရံဖန်ရံခါ သူ့ကို ကြည့်လာသော အကြည့်များတွင် ရန်လိုမှုများ ဖုံးကွယ်ပါဝင်နေတတ်သည်။

"ဒီလိုနေရာမျိုးက ဒီလိုပါပဲ။ ရုပ်ဖျက်စရာတောင် မလိုဘူး"

လျိုရှောင်ကျဲက ပြုံးပြီး ပြောသည်။

"တခြားနေရာတွေမှာ နတ်ဆိုးနဲ့ တွေ့ရင် ပထမဆုံး တုံ့ပြန်မှုက အစိုးရရုံးကို သွားတိုင်ကြပေမဲ့ ဒီကလူတွေကတော့ မြစ်စောင့်နတ်ကိုပဲ သွားပြီး ပူဇော်ကြမှာ သေချာတယ်"

"နတ်ကို ပူဇော်တယ် ဟုတ်လား"

ရှန်းယီသည် လျူလီမြောင်ရွာရှိ ယိုယွင်းပျက်စီးနေသော ရုပ်တုကို ဝိုးတဝါး ပြန်သတိရသွားသည်။

လီမူကျင်းက သမ်းဝေရင်း နောက်ပြောင်လိုက်သည်။

"နန်းတွင်းရဲ့နတ်ဆိုးကွပ်မျက်စာရင်းမှာ မပါချင်ပေမဲ့ တောတောင်တွေထဲမှာ ပုန်းအောင်းမနေချင်တဲ့ နတ်ဆိုးတွေက သူတို့ကိုယ်သူတို့ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးထားတတ်ကြတယ်လေ"

"လွန်ခဲ့တဲ့ နှစ် ၄၀၀ တုန်းက ရွှေယွင်ရွာဟာ ငါးဖမ်းရွာလေး ဖြစ်နေတုန်းက သူတို့ အသက်ရှင်ဖို့ မြစ်စောင့်နတ်ကို အမှီပြုခဲ့ကြတာ"

လျိုရှောင်ကျဲက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ဇွန်လမှာ အသေးစားယဇ်ပူဇော် ပြီး၊ ၃ နှစ်တစ်ကြိမ် အကြီးစား ယဇ်ပူဇော်တာက ဓလေ့တစ်ခုလို ဖြစ်နေပြီ။ အသေးစားယဇ်ပူဇော်မှုမှာ တိရစ္ဆာန်တွေ၊ ငါးတွေနဲ့ ဆန်တွေကို ပူဇော်ပြီး၊ အကြီးစားယဇ်ပူဇော်မှုမှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးတွေကို ပူဇော်ကြတာ ဘယ်တုန်းကမှ မပြတ်တောက်ခဲ့ဘူး"

ထိုစကားကြားသောအခါ ရှန်းယီ လက်သီးအနည်းငယ် ဆုပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"ဘယ်သူမှ ဝင်မတားကြဘူးလား"

သူ့မျက်နှာထား တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် မသက်မသာ ဖြစ်မှုများ အလိုအလျောက် မြင့်တက်လာသည်။

"ဘယ်လိုလုပ် ဝင်တားနိုင်မလဲ။ စည်းကျော်ပြီး ပြောရဲရင် ပြောကြည့်လေ၊ ဒီရွာသားတွေက မနက်ဖြန်ညကျရင် ငါးဖမ်းလှံတွေ ကိုင်ပြီး ချင်ကျိုးမြို့ကို လာတိုက်ခိုက်ကြလိမ့်မယ်။ မင်း သူတို့ အကုန်လုံးကို သတ်နိုင်မှာလား"

လျိုရှောင်ကျဲ ပခုံးတွန့်လိုက်သည်။

"ငါတို့ လုပ်နိုင်တာက သူတို့ အကြီးစားယဇ်ပူဇော်ချိန်မှာ စောင့်ကြည့်ဖို့ တပ်မှူးအနည်းငယ် လွှတ်ပေးရုံပဲ။ ဒါက မြစ်စောင့်နတ်ကို နတ်ဆိုးနှိမ်နင်းရေးဌာနက စောင့်ကြည့်နေတယ်၊ အရမ်းမလွန်နဲ့လို့ သတိပေးတဲ့ သဘောပါပဲ"

"ဒါတောင်မှ သူတို့က ငါတို့ကို သူခိုးတွေလို သဘောထားပြီး စောင့်ကြည့်နေကြတာ"

လီရှင်းဟန် ဦးဆောင်မှုဖြင့် အဖွဲ့သည် ငါးဈေးတန်းမှ ထွက်ခွာလာပြီး မြစ်ကမ်းနားရှိ ရွာတစ်ရွာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ဤကဲ့သို့ ဝေးလံခေါင်သီသော နေရာတွင် သူတို့ ခုနက ဖြတ်သန်းလာသော မြို့ထက်ပင် ပို၍ စည်ကားနေသည်။

ဈေးကြီးသော ပိုးသားများကို အစများ ဖြတ်၍ တိုင်များပေါ်တွင် ချိတ်ဆွဲထားပြီး ဝါးဖြင့် ပြုလုပ်ထားသော မြစ်စောင့်နတ် ရုပ်တုများကို အိမ်တိုင်း၏ခေါင်မိုးစွန်းများတွင် တင်ထားကြသည်။

ရံဖန်ရံခါ မီးရှူးမီးပန်းသံများ ကြားနေရပြီး နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ပင်။

သူတို့ ချဉ်းကပ်သွားသည်နှင့်...

ကုတ်အင်္ကျီဖြူ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် တုတ်ကောက်ကို အားပြုလျက် ရွာအဝင်ဝတွင် ရပ်နေသည်။

သူ၏အပြုံးသည် မဲ့ပြုံးနှင့် ပိုတူပြီး သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ဧည့်သည်တော်ကြီးတွေ ယဇ်ပူဇော်ပွဲကို လာကြည့်ကြတာလား"

"အကြီးစားယဇ်ပူဇော်ပွဲကို တာဝန်ယူရတဲ့ ရွာလူကြီးပဲ။ သူ စကားပြောရင် ရွှေယွင်ရွာ အစိုးရရုံးကတောင် လေးလေးစားစား နားထောင်ရတယ်"

မာထောင်က အသံတိုးတိုးဖြင့် ရှင်းပြလေသည်။

လီရှင်းဟန် ရွာပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း အကြည့်ပြန်ရုတ်ကာ မေးလိုက်သည်။

"အရင်ရောက်နေတဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနက လူတွေ ဘယ်ရောက်ကုန်ပြီလဲ"

ဤစကားကြားသောအခါ ရွာလူကြီးက အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

"ခင်ဗျားတို့က ဒီနှစ် ယဇ်ပူဇော်ပွဲကို လာစောင့်ကြည့်တဲ့သူတွေ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် နောက်ကျနေတာလဲလို့ တွေးနေတာ"

သူ့တုံ့ပြန်ပုံကို မြင်သောအခါ လီမူကျင်း၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

သူမ ရှေ့သို့ တိုးလာပြီး ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားတို့ကို သတိပေးလိုက်မယ်။ ခင်ဗျားတို့ ကြိုက်တာကို ကိုးကွယ်နိုင်ပေမဲ့ နတ်ဆိုးနှိမ်နင်းရေးဌာန တပ်မှူးတွေကို လက်ဖျားနဲ့ ထိရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို သိထားသင့်တယ်"

"နောက်နေတာလားဗျာ"

ရွာလူကြီးက ခေါင်းငုံ့ပြီး တုတ်ကောက်ကို မှီကာ ရယ်မောရင်း သဘောတူလိုက်သည်။

"ကျုပ်တို့ မလုပ်ရဲပါဘူး။ ပြီးတော့ ကျိုးပဲ့နေတဲ့ ငါးဖမ်းလှံတွေနဲ့ ကျုပ်တို့ ဘာများ လုပ်နိုင်မှာမို့လို့လဲ"

လီမူကျင်း ပြန်မပြောတော့ဘဲ ရွာထဲသို့ တိတ်ဆိတ်စွာ ဝင်သွားလေသည်။

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ငါးဖမ်းလှံ ကိုင်ထားသော ကျန်းမာသန်စွမ်းသည့် လူငယ်များသည် သူမ၏ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေကြသည်။

သူတို့၏ မျက်နှာထားများမှာ အေးစက်နေပြီး နှုတ်ခမ်းများကို သပ်နေကြလေသည်။

"..."

ရှန်းယီသည် သူ့ရှေ့မှ မြင်ကွင်းကို မျက်နှာသေဖြင့် ကြည့်နေမိသည်။

ဤလူများကို ဘိုင်ယွင်စီရင်စု ဆင်ခြေဖုံးမှ ထုံထိုင်းနေသော ရွာသားများနှင့် နှိုင်းယှဉ်ရန် ခက်ခဲလှသည်။

လျူလီမြောင်ရွာတွင် ထိုလူများမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး ခန္ဓာကိုယ်များ တုန်ယင်ကာ ထွက်ပြေးရန်ပင် မတွေးရဲကြပေ။

သို့သော် ဤနေရာရှိ သာမန်ပြည်သူများကမူ နတ်ဆိုးနှိမ်နင်းရေးဌာန အရာရှိများကို လောဘကြီးသော အကြည့်များဖြင့် အရှက်မရှိ ကြည့်ရဲကြသည်။

ဤကဲ့သို့ ရယ်စရာကောင်းသော ကွာခြားမှုသည် နတ်ဘုရားပေးသော ယုံကြည်မှုကြောင့် ဖြစ်မည်။

ခဏတာမျှ ရှန်းယီပင် စိတ်လှုပ်ရှားသွားမိသည်။

သာမန်ပြည်သူများအတွက် နတ်ဆိုးများသည် နတ်ဆိုးနှိမ်နင်းရေးဌာနထက် ပို၍ လေးစားထိုက်သည်လော။

...

မြစ်စောင့်နတ် ဘုရားကျောင်းသည် ရွာအလယ်တည့်တည့်တွင် တည်ရှိသည်။

ကျယ်ဝန်းသော အခန်းထဲတွင် ရွှေရောင်ချထားသော ရုပ်တုတစ်ခု အလယ်၌ ရှိနေသည်။

အသက် ၃၀ သို့မဟုတ် ၄၀ အရွယ် အမျိုးသမီးပုံစံ ဖြစ်ပြီး မျက်နှာထား ကြင်နာပုံရကာ ရေလှိုင်းပုံသဏ္ဌာန် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်အုပ်ချီထားလေသည်။

ဘယ်ဘက်နှင့် ညာဘက်တွင် ဆိတ်ချိုပုံစံ ဆံပင်စည်းထားသော ယောက်ျားလေးနှင့် မိန်းကလေး ရုပ်တုများ ရှိသည်။

တစ်ဦးက ငါးပလုံးကို ကိုင်ထားပြီး ကျန်တစ်ဦးက ပန်းခြင်းကို ကိုင်ထားကာ ရိုးသားသော အပြုံးများဖြင့် ပြုံးနေကြသည်။

"ဒီရုပ်တုမှာ တစ်ခုခု မှားနေတယ်"

မာထောင်က ခေါင်းခါလိုက်ပြီး လူတိုင်း၏ အကြည့်အောက်တွင် လက်လှမ်းကာ လှောင်ပြောင်လိုက်သည်။

"၃ နှစ်ကို တစ်တွဲ၊ နှစ်ပေါင်း ၄၀၀ ဆိုတော့ ကလေးတွေက ရွာအပြင်အထိ တန်းစီနေလောက်ပြီ။ ဒါပေမဲ့ အခု ကလေးနှစ်ယောက်ပဲ ရှိတယ်"

လီရှင်းဟန် အကြည့်လွှဲလိုက်သည်။

"အပြင်ကလူတွေက သူတို့ကလေးတွေကို မြစ်စောင့်နတ်ဆီ အစေခံအဖြစ် ပေးနေတယ်လို့ တကယ် ယုံနေတဲ့ အရူးတွေလို့ မင်းထင်နေတာလား။ သူတို့စိတ်ထဲမှာ မင်းထက် ပိုရှင်းရှင်းလင်းလင်း သိတယ်။ ဒါက အကျိုးအမြတ်ရလို့ လုပ်နေတာ"

လီမူကျင်း တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

မကြာမီ လီရှောင်အာ့သည် အစိုးရရုံးမှ ပြန်ရောက်လာပြီး မျက်နှာပျက်နေသည်။

"သတင်းမရဘူး။ သူတို့ မမြင်ဖူးပါဘူးတဲ့။ ပြီးတော့ ခါးချိတ်တံဆိပ်ပြားက လင်ကျန်းနယ်မြေကို သူတို့ လာပို့တာ မဟုတ်ဘူးတဲ့။ တကယ်ပဲ အဲဒီတပ်မှူးတွေ လမ်းမှာ နတ်ဆိုးတွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံလိုက်ရတာများလား"

"လင်ကျန်းနယ်မြေက လူတွေ ပြောတာက မိုးလင်းတာနဲ့ ခါးချိတ်တံဆိပ်ပြားက ရုံးရှေ့ရောက်နေတာတဲ့။ နတ်ဆိုးက ရန်စချင်လို့ လာပို့တာတော့ မဖြစ်နိုင်ဘူး"

လီရှင်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

လီမူကျင်း မျက်လုံးဖွင့်လိုက်ပြီး ရုပ်တုရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသော ရှန်းယီကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ယန်ချွန်းမြစ်က ရေစီး အရမ်းသန်တယ်။ မင်းသာ အောက်ဘက်မှာ ငါးတွေကို စုပေးပြီး ပိုက်ကွန်ပစ်လိုက်လို့ ငါးအပြည့်ပါလာမယ်ဆိုရင် သူတို့ မင်းကို နတ်ဘုရားလို ကိုးကွယ်ကြလိမ့်မယ်"

"တချို့ကိစ္စတွေက ဝင်မပါသင့်ဘူး"

လူငယ်လေး၏အေးစက်သော အပြင်ပန်းသဏ္ဌာန်အောက်မှ မကျေနပ်မှုအနည်းငယ်ကို သူမ ရိပ်မိလိုက်သည်။

သို့သော် သူမ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။

သူသည် ဆင်းရဲဒုက္ခများကြားမှ ကြီးပြင်းလာတာ မဟုတ်ပေလော။ယခုလိုကိစ္စများကို အချိန်ကြာမြင့်စွာကတည်းက ကျင့်သားရနေသင့်ပြီ မဟုတ်ဘူးလား။အဘယ်ကြောင့် သူ့ကို ယခုလိုမသက်မသာ ဖြစ်စေသနည်း။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။နေဝင်ခါစ အချိန်သို့ ရောက်ရှိလာပြီ။

လူတိုင်း တိတ်ဆိတ်သွားကြသည်။ ထုံးစံအရ နတ်ဆိုးနှိမ်နင်းရေးဌာနက ယဇ်ပူဇော်ပွဲကို လာရောက်စောင့်ကြည့်လျှင် မြစ်စောင့်နတ် ပေါ်လာရမည် ဖြစ်သည်။

ယခုထိ အရိပ်အယောင်မျှ မတွေ့ရသေးပေ။

"တခြားနတ်ဆိုးလက်ချက်နဲ့ သေသွားပြီလား"

လီရှင်းဟန် မော့ကြည့်ကာ တွေးတောလိုက်သည်။

ယေဘုယျအားဖြင့် နတ်ဆိုးတိုင်းတွင် ပြင်းထန်သော နယ်မြေပိုင်စိုးလိုစိတ် ရှိသည်။

ဤနေရာ မြစ်စောင့်နတ်ရှိနေသရွေ့ သူသည် နတ်ဆိုးကွပ်မျက်စာရင်းတွင် မပါချင်လျှင် မဆင်မခြင် ပြဿနာရှာရဲမည် မဟုတ်ပေ။

ထို့အတူ ဖြတ်သွားဖြတ်လာ နတ်ဆိုးများကိုလည်း ဟန့်တားပေးနိုင်လေသည်။

"အဲဒီလိုသာဆိုရင် သူ ထွက်ပြေးလောက်ပြီ"

လီမူကျင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မဟုတ်ရင် ငါတို့ ဒီမှာ သက်တောင့်သက်သာ နေနိုင်ပါ့မလား"

မှတ်တမ်းများအရ လွန်ခဲ့သော နှစ် ၃၀၀က မြစ်စောင့်နတ်ဟာ ကျောက်စိမ်းအဆင့် အစပိုင်း နတ်ဆိုးတစ်ကောင် ဖြစ်သည်။

ယခု ဤမျှအချိန်ကြာသွားပြီဖြစ်ရာ နတ်ဆိုးများ၏နှေးကွေးသော ကျင့်ကြံမှုနှုန်း ဖြစ်ပင် အနည်းဆုံးကျောက်စိမ်းအဆင့် နှောင်းပိုင်းလောက်တော့ ရောက်နေသင့်ပေပြီ။

ထို့အတူ သူသည် ရေနတ်ဆိုးဖြစ်လေ၏။ ယခုလို ကျယ်‌ပြန့်သော ယန်ချွန်းမြစ်တွင် သူသာ

မြစ်ထဲ ငုပ်သွားလျှင် သူ့ထက်အဆင့်မြင့်သောသူများပင် သူ့ကိုဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။

"အရှင်တို့..."

ရွာလူကြီးက တုတ်ကောက်ကို အားပြုရင်း တံခါးဝသို့ ရောက်လာသည်။

"လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော်တို့ အကြီးစားယဇ်ပူဇော်ဖို့ ပြင်ဆင်နေကြတာဆိုတော့ အခန်းလွတ် မရှိဘူး ဖြစ်နေတယ်။ ဒီညတော့ အရှင်တို့ စိတ်ကြိုက် အိမ်တစ်အိမ်စီ ရွေးပြီး တည်းခိုလိုက်ကြမလား"

လျိုရှောင်ကျဲ မျက်လုံးလှန်ကြည့်လိုက်သည်။

ယခုလိုနေရာမျိုးတွင် နတ်ဆိုးနှိမ်နင်းရေးဌာန အဖွဲ့ဝင်များကို တခြားသူများနှင့်အိပ်ရာ မျှဝေခိုင်းရဲ‌သည်လော။

ကံကောင်းစွာဖြင့် သူတို့ထဲမှ မည်သူမျှ ဤကဲ့သို့ သေးနုပ်သော ကိစ္စများကို အလေးမထားကြသဖြင့် ထရပ်ကာ ရွာသားများ၏အိမ်များသို့ နှစ်ယောက်တစ်တွဲ ဝင်ရောက်သွားကြလေသည်။

လီရှောင်အာ့သည် ငယ်စဉ်ကတည်းက လီရှင်းဟန်၏ကိုယ်ပိုင်အစေခံ ဖြစ်ပြီး၊ လျိုနှင့် မာ တို့မှာ နှစ်ပေါင်းများစွာ လက်တွဲလာသော သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။

လီမူကျင်းကိုလည်း အမျိုးသမီးတစ်ဦးက အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး "အပြင်သွားတာတွေ ကိစ္စသေးသေးမွှားမွှားတွေကို ဂရုမစိုက်ပါနဲ့၊ လာပါ" ဟု လက်ယပ်ခေါ်လိုက်သည်။

"ငါ လျှောက်ကြည့်လိုက်ဦးမယ်"

ရှန်းယီသည် တမင်တကာ နောက်ကျကျန်နေခဲ့ပြီး ရွာထဲတွင် အေးအေးလူလူ လမ်းလျှောက်နေလိုက်သည်။

သူ သိပ်မပင်ပန်းသော်လည်း စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်နေမိသည်။

အလွန်ဒေါသထွက်သည်ဟု ပြောလျှင်လည်း သိပ်မမှန်ပေ။

မည်သို့ပင်ဖြစ်စေ ဤအရာက နားထဲမှ လေပြေအသံလေးလိုပင်။ ယခင်ဘဝတုန်းက ဤထက်ဆိုးသော ဇာတ်လမ်းများပင် များစွာ ကြားဖူးခဲ့ပြီးလေသည်။

မဟာကပ်ဘေးကြီး ကျရောက်သော နှစ်များတွင် ကလေးများကို အစားအစာနှင့် လဲလှယ်သော ကောလာဟလများပင် ရှိခဲ့သေးပေသည်။

ယခုလို နတ်ဆိုးများသောင်းကျန်းနေသော ခေတ်ကြီးတွင် အသက်ရှင်ရန်ခက်ခဲနေချိန် သာမန်ပြည်သူများကို ကိုယ်ကျင့်တရားစံနှုန်းမြင့်မြင့် ထားခိုင်းခြင်းက ပြဿနာရှာသည်နှင့် အတူတူပင်။

ထိုအချိန်တွင် အငြင်းပွားသံသဲ့သဲ့ သူ့နားထဲသို့ ရောက်လာသည်။

"ရှင် ဘယ်နားကို လာထိနေတာလဲ။ အဲဒီလက်ကို ထပ်လှမ်းရဲရင် ရှင့်ကို ခုတ်သတ်ပစ်မယ်"

ရှန်းယီ ခေါင်းမော့လိုက်ပြီး စူးစမ်းစွာ ကြည့်လိုက်လေသည်။

All Chapters