← Chapters

မုဆိုးမနှင့် အရူး

Vol. 6 Ch. 57

မုဆိုးမနှင့် အရူး

Vol. 6 Ch. 57

တံငါရွာ၏အစွန်အဖျားတွင် ယိုယွင်းပျက်စီးနေသော ဝါးခြံဝင်းတစ်ခု ရှိပေသည်။

ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းထားပြီး မီးခိုးရောင်ဘောင်းဘီတို ဝတ်ဆင်ထားသော လူတစ်ယောက်သည် လှောင်ပြောင်သောမျက်နှာထားဖြင့် လက်မောင်းများကို ဖြန့်ကားထားပြီး အပြာရောင်ပန်းပွင့်အင်္ကျီဝတ်ထားသော မုဆိုးမငယ်လေး၏လမ်းကို ပိတ်ဆို့ထားချေ၏။

"မုဆိုးမကတောင် ကလေးမွေးနိုင်နေပြီပေါ့၊ငါ့ရဲ့ညီလေးယန်အတွက်တော့ တကယ့်ကို အရှက်ရစရာပဲ"

"ငရဲသွားလိုက်၊ဘယ်သူက ရှင့်ညီလဲ။ရှင်နဲ့ ရှင့်အဖေ ရွာလူကြီးက တစ်ပုံတည်းထွက်တဲ့ အမှိုက်တွေပဲ၊ တကယ့် တိရစ္ဆာန်တွေ ကျွန်မကို လွှတ်စမ်း"

အသက်နှစ်နှစ်ပင် မပြည့်သေးသော ကလေးကို ပွေ့ချီထားသည့် မုဆိုးမငယ်သည် ခြင်္သေ့မတစ်ကောင်ကဲ့သို့ အံကြိတ်ကာအော်ဟစ်နေပေသည်။

"ဟဲဟဲ"

ထိုလူသည် ဆဲဆိုသံကို ဂရုမစိုက်သည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားလာပုံရ၏။

"ဘာဖြစ်လို့လဲ။တခြားလူတွေကျ အိပ်လို့ရပြီး ငါမုန့်ရှန်းကျမှ မထိရဘူးလား။ဒီနေ့ ငါပြောလိုက်မယ်၊နင် အဝတ်အစားတွေ အကုန်ချွတ်ရင်တောင် နင့်လို အညစ်အကြေးမျိုးကို ငါဆန္ဒမရှိဘူး။ကလေးကို ငါ့ကိုပေးစမ်း"

ပြောပြောဆိုဆိုဖြင့် မုန့်ရှန်းသည် ကလေးကို လုယူရန် လက်လှမ်းလိုက်ချေ၏။

မုဆိုးမ၏မျက်နှာမှာ ဒေါသကြောင့်ပျက်ယွင်းသွားပြီး တစ်ဖက်လူ၏လက်ကို မဆိုင်းမတွပင် ကိုက်လိုက်လေသည်။

သူတို့နှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ဝါးခြံဝင်းအပြင်ဘက် မြေကြီးပေါ်တွင် ရွှံ့များ ပေကျံနေသော လူငယ်တစ်ဦး ထိုင်နေပေသည်။

သူ၏အဝတ်အစားများမှာ ပေါက်ပြဲနေပြီး ဖာရာများဖြင့် ပြည့်နှက်နေကာ စုတ်ပြတ်နေသော ကောက်ရိုးဖိနပ်မှာလည်း တစ်ဖက်တည်းသာ ကျန်တော့၏။

ခြေသည်းလက်သည်းများထဲတွင် ညစ်ပတ်သော ရွှံ့များ ပြည့်နေပြီး ခြေသလုံးများမှာလည်း ရွံရှာဖွယ်ကောင်းသော အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပေသည်။

"ဟားဟား... ရန်ဖြစ်နေတယ်... ချကြ..."

သူ၏မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေပေသည်။

ထိုသူနှစ်ဦး ရုန်းကန်နေသည်ကို ကြည့်ပြီး သူသည် ရွှံ့မြေကြီးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောနေချေသည်။

သူ၏စိတ် ပုံမှန်မဟုတ်သည်မှာ ထင်ရှားပေသည်။

"အား"

မုန့်ရှန်း၏မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး သူ၏လက်မောင်းကို ပြန်ဆွဲလိုက်သည်။

သူ၏ လက်ကောက်ဝတ်တွင် သွေးစိမ်းရှင်ရှင် ထွက်နေသော ကိုက်ရာကြီးကို ကြည့်ကာ ဒေါသချောင်းချောင်း ထွက်သွားလေတော့၏။

သူသည် ကစားချင်စိတ်မရှိတော့ဘဲ မုဆိုးမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ရာ သူမမှာ နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားပေသည်။

"ကောင်းတယ် ရိုက်လိုက်"

ညစ်ပတ်ပေကျံနေသော အရူးကောင်သည် ဝမ်းသာအားရဖြင့် လက်ခုပ်တီးနေချေ၏။

"သောက်ရူးကောင်၊ပါးစပ်ပိတ်ထားစမ်း"

မုန့်ရှန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး ရှေ့သို့ တိုးကာ ငိုယိုနေသော ကလေးကို အတင်းလုယူလိုက်သည်။

သူက နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။

"ကံမကောင်းတဲ့ အညစ်အကြေးလေး၊ မင်း မြစ်ထဲ ရောက်သွားပြီးလို့နောက်ကျရင် လှိုင်းစီးပြီး နင့်အမေကို ချမ်းသာအောင်ထားပေးလိုက်"

"ရှင့်အမေကိုပဲ မြစ်ထဲ ပို့လိုက်ပါလား..."

အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသော မုဆိုးမသည် တစ်ဖက်လူကို ခေါင်းဖြင့် အတင်းတိုက်လိုက်လေသည်။

မုန့်ရှန်းမှာ ဒေါသထွက်သွားပြီး သူမကို ကန်ထုတ်ရန် ပြင်စဉ် သူ၏လက်မောင်းမှာ အဖမ်းခံလိုက်ရချေ၏။

သူသည် စိတ်တိုတိုဖြင့် လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားပေသည်။

"အဖေ"

ရွာလူကြီး၏မျက်နှာမှာ ခက်ထန်နေပြီး ဘာမှမပြောဘဲ မုန့်ရှန်းကို ပါးရိုက်လိုက်လေသည်။

ထို့နောက် ကလေးကို လုယူကာ မုဆိုးမထံ ပြန်ပေးလိုက်ပြီးနောက် ပြောလိုက်၏။

"ငါနဲ့ အမြန် အိမ်ပြန်ခဲ့စမ်း"

မုန့်ရှန်းသည် ရိုက်ခံလိုက်ရသည့် ပါးကို ကိုင်ကာ တစ်ခုခု ပြောရန် ပြင်သော်လည်း လမ်းထောင့်ဘက်သို့ လှည့်ကြည့်မိသည်နှင့် တစ်ကိုယ်လုံး တုန်တက်သွားပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားလေတော့၏။

"သေစမ်း၊ ခွေးဝတ်စုံ ဝတ်ထားတဲ့ ကောင်တွေ လာနေပြီ"

လမ်းထောင့်မှ အနက်ရောင် အရိပ်တစ်ခု ချဉ်းကပ်လာပေသည်။

ထိုသူ၏လက်မှာ ခါးမှ ဓားရိုးပေါ်တွင် တင်ထားပြီး ခန့်ညားသော မျက်နှာထက်မှ ကြည်လင်သော မျက်လုံးများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဝိုးတဝါး ထွက်ပေါ်နေပေသည်။

ရှန်းယီသည် ငါးဖမ်းစင်များကို ပတ်လျှောက်လာပြီးနောက် အသံထွက်ပေါ်ရာ နေရာကို ရှာတွေ့သွားပေသည်။

သူသည် ဝါးခြံဝင်း၏တံခါးရှေ့တွင် ရပ်တန့်လိုက်ပြီး ရှေ့ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ကြည့်ကာ မျက်လုံးမှိတ်၍ ပတ်ဝန်းကျင်၏ လှုပ်ရှားမှုကို နားစွင့်နေချေ၏။

ထို့နောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပေသည်။

မုဆိုးမလေးသည် သူမ၏သားလေးကို ချော့မြူရင်း ခြံထဲမှ ထွက်လာပေသည်။

သူမ၏ဆံပင်များကို ပြန်ပြင်ကာ မျက်နှာမှ ဒဏ်ရာနှင့် ပေါက်ပြဲနေသော နှုတ်ခမ်းကို လျစ်လျူရှု၍ ပြောလိုက်၏။

"အဲဒီခွေးအိုကြီး ဘာလို့ ရုတ်တရက် စိတ်ထိန်းသွားလဲလို့ ငါစဉ်းစားနေတာ၊ အရာရှိမင်း ရောက်လာလို့ကိုး။ ကြွပါ အထဲဝင်ပါဦး"

သူမသည် စကားပြောရင်း ရှန်းယီ၏လမ်းကို တမင်တကာ ပိတ်ဆို့ထားပေသည်။

"..."

ရှန်းယီသည် သူမကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက်အေးစက်စွာ မေးလိုက်ပေသည်။

"မနာဘူးလား"

နာကျင်နေပြီး ဒေါသထွက်နေလျှင် အဘယ်ကြောင့် သူ့လမ်းကို ပိတ်ဆို့ထားရသနည်း။

မြစ်စောင့်နတ်သည် သူမ၏သားထက် ပိုအရေးကြီးနေသလော။

မုဆိုးမမှာ အနည်းငယ် မှင်သက်သွားပြီး ဤကဲ့သို့သော မေးခွန်းမျိုးကို မျှော်လင့်ထားပုံ မရပေ။

သူမသည် မျက်လွှာချလိုက်ပြီး ခဏအကြာမှ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ ပြောလိုက်၏။

"ရှင်က နတ်ဆိုးနှိမ်နင်းရေးဌာနကို ရောက်ကာစ ထင်တယ်"

"ဘာကို ဆိုလိုတာလဲ"

ရှန်းယီက ဘေးစောင်းကြည့်ရင်း မေးလိုက်ပေသည်။

"အထဲဝင်ပြီး ထိုင်ပါဦး"

မုဆိုးမသည် သူမ၏သားကို ချီ၍ ဝင်းထဲဝင်သွားပြီး ဝါးထိုင်ခုံတစ်ခုကို ဆွဲပေးလိုက်ပေသည်။

"ဘာလို့လဲဆိုတော့ လင်ကျန်းနယ်မြေ တစ်ခုလုံးက သိကြတယ်လေ၊ နတ်ဆိုးနှိမ်နင်းရေးဌာနဟာ နတ်ဆိုးတွေကို သတ်ပြီး မကောင်းမှုကို နှိမ်နင်းတယ်၊လူတွေကို ကာကွယ်ပေးတယ်၊ သူတို့ဟာ အကြင်နာဆုံး လူတွေထဲက လူတွေပဲပေါ့"

ရှန်းယီ ခေတ္တတွေဝေသွားပြီးနောက် သူမ၏ဖိတ်ခေါ်မှုကြောင့် ဖြည်းဖြည်းချင်း ထိုင်လိုက်ပေသည်။

မုဆိုးမက မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများမှာ အရောင်တလက်လက် ဖြစ်နေပေသည်။

"ဒါပေမဲ့ အပြင်က လူတွေကတော့ တကယ့် အရိုးခံ လူသားတွေပါပဲ"

သူမက မိမိကိုယ်ကို လှောင်ပြောင်ရင်း ရယ်မောလိုက်၏။

"ကျွန်မနဲ့ ကျွန်မရဲ့ သေသွားတဲ့ လင်ကတော့... မကောင်းဆိုးဝါးတွေပေါ့"

"သေသွားတဲ့လင်" ဟူသော စကားကို ကြားသောအခါ။

ရှန်းယီသည် အမျိုးသမီး၏လက်ထဲမှ ကလေးကို မသိစိတ်ဖြင့် ကြည့်လိုက်မိပြီး တစ်ခုခု မှားနေသည်ဟု ခံစားရသဖြင့် အကြည့်လွှဲရန် ပြင်ပေသည်။

သို့သော် မုဆိုးမမှာ ဂရုစိုက်ပုံမရဘဲ ရွံရှာစွာဖြင့် တံတွေးထွေးလိုက်ပေသည်။

"ကျွန်မ ခွေးတစ်ကောင်နဲ့ ကလေးမွေးခဲ့တာလေ"

သူမသည် ကလေးကို နေရာချပြီးနောက် ရေတွင်းနားမှ အဝတ်စုတ်ကို ယူကာ ခြံပြင်သို့ ထွက်လာပေသည်။

အရူးကို စိတ်မရှည်စွာကန်လိုက်ပြီး ညစ်ပတ်ပေကျံနေသော ခြေလက်များမှ သွေးထွက်နေသော ဒဏ်ရာများကို ကြည့်ကာ ထိုင်၍ သုတ်ပေးနေပေသည်။

သူမသည် သန့်ရှင်းရေး လုပ်ပေးရင်း ဆဲဆိုနေပေသည်။

"နင့်ကို အလုပ်ခိုင်းဖို့ လိုတဲ့အခါကျရင် ဘယ်ရောက်နေမှန်း မသိဘူး၊ ခုနစ်ရက် ရှစ်ရက်လောက် ပျောက်နေတတ်တယ်။ ဘာလို့ အပြင်မှာ ငတ်မသေတာလဲ။ နင့်လို အရူးကောင်က ဘာအသုံးကျမှာလဲ"

"သွား၊လက်ဆေးချေ၊ ထမင်းစားဖို့ ပြင်တော့"

ထိုစကားကို ကြားသောအခါ ရှန်းယီသည် တစ်ခုခုကို စဉ်းစားမိသလို ကြည့်လိုက်ပေသည်။

မုဆိုးမက လောကဝတ်အရ ရှင်းပြလေသည်။

"သူလည်း အရင်က သာမန်လူတစ်ယောက်ပါပဲ။ အသက် ၁၅ ၊ ၁၆ နှစ်မှာ မိန်းမရခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ့မိသားစုအလှည့်ကျလို့ ကလေးတစ်ယောက်ကို မြစ်ထဲ ယဇ်ပူဇော်ရမယ် ဖြစ်လာတော့ သူက သူ့မိန်းမကို အတင်းကလေးမွေးခိုင်းခဲ့ရတယ်။ကလေးမွေးတဲ့အခါ သူ့မိန်းမက အရမ်းငယ်သေးတော့ ကလေးမွေးရခက်ပြီး သေလုဆဲဆဲအခြေအနေနဲ့ ကံကောင်းလို့ အသက်ရှင်ခဲ့တာ"

"ရွာလူကြီးက ကလေးကို လုသွားတယ်၊ သူ့မိန်းမက အပျိုစင်မဟုတ်တော့ပေမဲ့ မြစ်စောင့်နတ်ဆီကို ကညာစင်အဖြစ် ပို့ပေးလို့ ရသေးတယ် ဆိုပြီး ပို့လိုက်တဲ့အခါ သူလည်း အရူး ဖြစ်သွားတော့တာပဲ"

မုဆိုးမသည် သူ့ကို ရွံရှာစွာဖြင့် ထပ်မံ ကန်လိုက်ပြန်ပေသည်။

ထို့နောက် သူမက စိတ်မကောင်းစွာဖြင့် ဆက်ပြောလေသည်။

"ဘယ်သူမှ မလုပ်ချင်ကြဘူး၊ ဒါပေမဲ့ တစ်အိမ်က လုပ်လိုက်ပြီဆိုရင် ကျန်တဲ့သူတွေက အကျိုးအမြတ်ကို အလကားမရယူနိုင်ဘူးလေ။ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတာကတော့... နတ်ကို ကိုးကွယ်တာထက် ကိုယ့်ကလေးတွေကို မြစ်ထဲ နစ်သတ်ခဲ့တဲ့ လူတွေကို လက်စားချေချင်တဲ့ စိတ်တွေ ပိုများနေတာပဲ"

"ကျွန်မလင် သေသွားတာလည်း အဲဒီလိုပဲ၊ သူက ကလေးမွေးဖို့ အပြတ်အသတ် ငြင်းခဲ့တော့ လှိုင်းလုံးတွေက သူ့ကို ရိုက်ပုတ်ပြီး အလောင်းတောင် ရှာမရအောင် ဖြစ်သွားတာ။ အဲဒါ သူ မကောင်းလို့ ရတဲ့ အကျိုးပေးပဲ"

"နတ်ဆိုးနှိမ်နင်းရေးဌာနက ဘာလို့ ဝင်မတားတာလဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ သနားစရာကောင်းတဲ့ လူတွေ ဖြစ်နေပေမဲ့ ရွံရှာစရာကောင်းတဲ့ အလုပ်တွေကို လုပ်နေကြလို့ပဲ။ နှစ်ပေါင်း လေးရာကြာတဲ့ ရန်ငြိုးတွေက မြစ်စောင့်နတ် မရှိတော့ရင်တောင် သူတို့ကတော့ ဒီယဇ်ပူဇော်ပွဲကြီးကို ကျင်းပနေကြဦးမှာပဲ"

"ယဇ်ပူဇော်ပွဲ သတ် သတ် သတ်"

အရူးသည် မျက်လုံးများ နီမြန်းလျက် ပါးစပ်ဖြဲကာ အော်ဟစ်နေပေသည်။

"ငါ့ကို အရင်သတ် ငါ့ကို အရင်သတ်"

သူသည် အော်ဟစ်ရင်း ရှန်းယီ၏ခြေရင်းသို့ မြေကြီးပေါ်တွင် တွားသွားလာကာ ရှန်းယီ၏ ခါးမှ ဓားကို လှမ်းကိုင်ရန် ကြိုးစားပေသည်။

ရှန်းယီသည် မရှောင်တိမ်းဘဲ တစ်ဖက်လူ၏ ညစ်ပတ်သော လက်များက သူ၏ဓားနက်ကြီးကို ကိုင်လိုက်ပြီး အစွန်းအထင်းများ ပေကျံသွားသည်ကို ကြည့်နေပေသည်။

သူသည် လက်လှမ်းလိုက်ပြီး ရှည်လျားသော လက်ချောင်းများဖြင့် အရူး၏ငှက်သိုက်ကဲ့သို့ ဆံပင်များကို ဖွဖွလေး ကိုင်လိုက်ချေ၏။

မုဆိုးမသည် အိမ်ထဲမှ ငါးစွပ်ပြုတ် သွားယူရန် ပြင်စဉ် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားပြီး သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပေသည်။

"အရာရှိမင်း၊သူ... သူက ရူးနေပါပြီ... သာမန်လူလိုလည်း မလုပ်နိုင်တော့ဘူး၊ မကောင်းဆိုးဝါးလည်း မဟုတ်ပါဘူး... သူ့အသက်ကို ချမ်းသာပေးပါ၊ သူ့ကို ခွေးရူးတစ်ကောင်လိုပဲ နေခွင့်ပေးပါ..."

"သတ်စမ်း"

အရူးသည် မျက်လုံးများ ပြူးထွက်မတတ်ဖြစ်နေပြီး ပါးစပ်မှ တံတွေးများ စီးကျနေကာ နတ်ဆိုးပူးနေသကဲ့သို့ အော်ဟစ်နေပေသည်။

ရှန်းယီသည် သူ၏မျက်နှာကို ငြိမ်သက်စွာ ကြည့်နေပြီး လက်ချောင်းများမှ အားကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ကာ ခွေးရူးတစ်ကောင်ကို ချော့မြူသကဲ့သို့ အရူး၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးနေပေသည်။

အရူးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဖြည်းဖြည်းချင်း တည်ငြိမ်သွားလေတော့၏။

ထိုအချိန်တွင် သူသည် မိုးကြိုးပစ်လိုက်သကဲ့သို့ တည်ငြိမ်သော အသံတစ်ခုကို ကြားလိုက်ရပေသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှန်းယီ၏နှုတ်ခမ်းပါးများ အနည်းငယ် ဟသွားပြီး ခန့်ညားသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာပေသည်။

သို့သော် သူ၏မျက်လုံးများမှာ ကြည်လင်နေဆဲ ဖြစ်ပြီး အသံမှာလည်း ပုံမှန်အတိုင်း တည်ငြိမ်နေပေသည်။

"ငါ မင်းကို စိတ်မပျက်စေရဘူး"

အရူးသည် ခုနစ်ရက် ရှစ်ရက်ခန့် ပျောက်ဆုံးသွားခဲ့ပေသည်။

သွေးစွန်းနေသော ခါးချိတ်တံဆိပ်ပြားတစ်ခုသည် လင်ကျန်းနယ်မြေသို့ လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ပြီး ထိုသတင်းပို့သူသည် အစမှအဆုံးအထိ ချင်ကျိုးသို့ သတင်းတစ်ခုသာ ပေးချင်နေပေသည်။

ဤနေရာတွင် နတ်ဆိုးတစ်ကောင် ရှိနေသည်၊မဟာနတ်ဆိုးကြီး တစ်ကောင် ဖြစ်ပေသည်။

ဤရွာထဲတွင်ပင် ရှိနေပေသည်။

All Chapters