← Chapters

အခန်း (၁၂၀၁-၁၂၀၂)

Vol. 82 Ch. 1201-1202

အခန်း (၁၂၀၁-၁၂၀၂)

Vol. 82 Ch. 1201-1202

အခန်း (၁၂၀၁) အဖွဲ့ဝင်များကို စည်းရုံးခြင်း

စံနှုန်းသတ်မှတ်ချက်တစ်ခုကို အကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံးအချက်မှာ အများ၏ အသိအမှတ်ပြုမှုကို ရရှိရန်ဖြစ်သည်။ ဤစံနှုန်းကို လိုက်နာကျင့်သုံးသည့် ကုမ္ပဏီအရေအတွက် များပြားလေလေ၊ ထိုစံနှုန်း တွင်ကျယ်ပျံ့နှံ့မှု မြန်ဆန်လေလေ ဖြစ်သည်။

ယခင်က DVD စံနှုန်း သတ်မှတ်စဉ်ကလည်း ဤအတိုင်းပင် ဖြစ်ခဲ့ဖူး၏။ ကုမ္ပဏီအများအပြားက DVD Forum ကို ဝိုင်းဝန်းထောက်ခံခဲ့ကြသောကြောင့်သာ သူတို့၏စံနှုန်းကို အမြန်ဆုံး ဖြန့်ချိနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နှစ်ဖက်စလုံးသည် ရုပ်ထွက်မြင့် DVD (HD-DVD) ကိစ္စနှင့် ပတ်သက်၍ ထပ်မံထိပ်တိုက်တွေ့ကြပြန်ပြီ။ DVD Alliance မှ ကုမ္ပဏီများက Blu-ray DVD Alliance ကို ဖွဲ့စည်းကာ မူလက ကြားနေခဲ့သော ဂျပန်ကုမ္ပဏီများကို ဆွဲဆောင်စည်းရုံးလိုက်ကြသည်။ သို့သော် မူလ DVD Alliance ဘက်မှ ကုမ္ပဏီအချို့မှာမူ ဘက်ပြောင်းကာ HD-DVD Forum ဘက်သို့ ဝင်ရောက်လာကြသည်။

ဂျပန်ကုမ္ပဏီများက ဒေသစွဲ၊ လူမျိုးစွဲဖြင့် ပူးပေါင်းကြသည် ဆိုလျှင် DVD Allianceမှ ခွဲထွက်လာသူများကမူ အကျိုးစီးပွားကို ကြည့်၍ ဘက်ပြောင်းလာကြခြင်း ဖြစ်သည်။ ဖုန်းယွီအီလက်ထရွန်နစ်နှင့် Philipsတို့က မူလ DVD မူပိုင်ခွင့်များကို ထိုကုမ္ပဏီများအား လိုင်စင်ချပေးရန် ဆုံးဖြတ်လိုက်သဖြင့် ဈေးကွက်တွင် လူကြိုက်ပိုများမည့် DVD စက်များ၊ ဓာတ်ပြားများနှင့် ကွန်ပျူတာ ဓာတ်ပြားဖတ်စက်များကို ထုတ်လုပ်နိုင်ကြတော့မည် ဖြစ်သည်။

မူလက သူတို့သည် DVD Alliance ဘက်တွင် ရှိနေစဉ်ကလည်း ဂျပန်ကုမ္ပဏီများထံမှ မူပိုင်ခွင့် လိုင်စင်ဝယ်ယူကာ သုံးစွဲနေရသူများ ဖြစ်သည်။ ပေးရသည့်ဈေးနှုန်း အတူတူတွင် ပိုကောင်းသည့်အရာကို ရွေးချယ်ကြသည်မှာ သဘာဝပင်။

ထို့ပြင် DVD Forum တွင် ကြီးမားသော အားသာချက်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ BenQကုမ္ပဏီမှ တီထွင်လိုက်သော နည်းပညာတစ်ခုဖြစ်ပြီး ၎င်းနည်းပညာဖြင့် ထုတ်လုပ်ထားသောစက်များသည် DVD Alliance ၏ စံနှုန်းနှင့်ထုတ်ထားသော ဓာတ်ပြားများကိုပါ ထည့်သွင်း အသုံးပြုနိုင်ခြင်း ဖြစ်သည်။ သို့သော် DVD Alliance ဘက်မှ စက်များကမူ DVD Forum ၏ ဓာတ်ပြားများကို အသုံးပြု၍မရပေ။

ဤအချက်ကြောင့် DVD Forum သည် စက်ပစ္စည်းပိုင်းနှင့် ကွန်ပျူတာ Optical Drive အပိုင်းတွင် အသာစီးရသွားသည်။ စားသုံးသူများ အနေဖြင့် ဓာတ်ပြားဝယ်ယူရာတွင် မည်သည့်ဖော်မတ် ဖြစ်သည်ကို သေချာနားမလည်ကြပေ။ သို့သော် စက်တစ်လုံးက အကုန်ဖွင့်၍ရပြီး နောက်တစ်လုံးက အချို့ဓာတ်ပြားများကို ဖွင့်မရဘူးဆိုလျှင် မည်သည့်စက်ကို ဝယ်ယူကြမည်နည်း။

ထို့ပြင် HD-DVD Forum ဘက်မှ ကြေညာထားသည်မှာ သူတို့၏ ရုပ်ထွက်မြင့် DVD များကို လက်ရှိ DVD ထုတ်လုပ်ရေးလိုင်းများဖြင့်ပင် ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။ ဤအချက်က ကုမ္ပဏီငယ်လေးများအတွက် ကုန်ကျစရိတ် အများကြီး သက်သာသွားစေသည်။ ကုမ္ပဏီတိုင်းက Sonyတို့၊ Matsushitaတို့လို ငွေမပေါကြပေ။ ထုတ်လုပ်ရေးလိုင်း ပြောင်းလဲရန် ဒေါ်လာသန်းချီ ရင်းနှီးရမည့်ကိစ္စကို မတတ်နိုင်ကြ။ ဓာတ်ပြားပေါင်း ဘယ်လောက်များများ ရောင်းရမှ ထိုစက်ဖိုး ပြန်ကျေမည်နည်း။

ထို့ကြောင့် HD-DVD ၏ မဟာမိတ်အုပ်စုကြီး နှစ်ခုကြားတွင် အဖွဲ့ဝင်များ အပြန်အလှန် ပြောင်းရွှေ့မှုများ ရှိလာပြီး တစ်ဖက်နှင့်တစ်ဖက် အားသာချက်များကို ထုတ်ပြကာ အခြား အီလက်ထရွန်နစ် ကုမ္ပဏီများကို အပြိုင်အဆိုင် စည်းရုံးလာကြသည်။

ထိုအချိန်တွင် Thomsonကုမ္ပဏီ ကိုယ်စားလှယ်သည် HD-DVD Forum ကို ကိုယ်စားပြု၍ အမေရိကန် ရုပ်ရှင်ကုမ္ပဏီများနှင့် သွားရောက်ဆွေးနွေးသည်။ ၎င်းတို့ကို HD-DVD စံနှုန်းအား ထောက်ခံရန်နှင့် Blu-ray DVD Alliance နှင့် ပူးပေါင်းခြင်း မပြုရန် စည်းရုံးလေသည်။

ထိုအခါမှ ဂျပန်ကုမ္ပဏီများလည်း အထိတ်တလန့် သတိဝင်လာကြသည်။ လောလောဆယ် အရေးအကြီးဆုံးမှာ ထိုရုပ်ရှင်ကုမ္ပဏီများ၏ မူပိုင်ခွင့်များ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ အကယ်၍ ရုပ်ရှင်ကုမ္ပဏီများက သူတို့၏ ဖော်မတ်ကို မထောက်ခံလျှင် ဇာတ်ကားကောင်းများစွာကို သူတို့ဘက်မှ ထုတ်လုပ်ခွင့်ရမည် မဟုတ်တော့ဘဲ အမြတ်အစွန်းကို များစွာ ထိခိုက်စေလိမ့်မည်။

ယခင် DVD Forum စံနှုန်းသတ်မှတ်စဉ်ကလည်း ဤနည်းဖြင့်ပင် သူတို့ကို ဖိနှိပ်ခဲ့ဖူးသည်။ ဒီတစ်ခါတော့ အမှားမခံနိုင်တော့ပေ။

သို့သော် Thomsonကုမ္ပဏီသည် မြောက်အမေရိကတွင် ရောင်းအားအကောင်းဆုံး အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီဖြစ်ပြီး ရုပ်ရှင်ကုမ္ပဏီ အားလုံးနီးပါးနှင့် လက်တွဲဖူးသည့် သမိုင်းကြောင်း ရှိထားရာ အားသာချက် ရှိနေပြီးသား ဖြစ်သည်။

Sonyတွင်လည်း ကိုယ်ပိုင် ရုပ်ရှင်ကုမ္ပဏီရှိသလို Toshibaတွင်လည်း ရုပ်ရှင်ကုမ္ပဏီ ရှယ်ယာများရှိသည်။ ထို့ကြောင့် Sony Pictures နှင့် Disney တို့သည် Blu-ray DVD Alliance ဘက်သို့ ပါသွားကြသည်။ Toho နှင့် Toei ကဲ့သို့သော ဂျပန်ရုပ်ရှင် ကုမ္ပဏီများလည်း ပါဝင်သည်။ သို့သော် Lionsgate၊ 20th Century Fox၊ MGM၊ Warner Bros စသည်တို့က HD-DVD Forum ဘက်သို့ ပါလာကြသည်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် ဥရောပ ရုပ်ရှင်ကုမ္ပဏီများသည်လည်း HD-DVD ဘက်သို့သာ ဝင်လာကြသည်။

တရုတ်ပြည်မကြီးကတော့ ပြောစရာမလို၊ HD-DVD စံနှုန်းကိုသာ လိုက်နာကြသည်။ ပြည်မကြီးရှိ DVD ကုမ္ပဏီများသည် DVD Forum ထံမှ မူပိုင်ခွင့် ရယူထားကြသူများ ဖြစ်ရာ ဖုန်းယွီအီလက်ထရွန်နစ်ကို ကျော်ခွပြီး ဂျပန်ကုမ္ပဏီများနှင့် သွားရောက်ပူးပေါင်းရဲမည် မဟုတ်ပေ။

ကွန်ပျူတာ ထုတ်လုပ်သူများမှာလည်း အုပ်စုနှစ်ခု ကွဲသွားကြသည်။ တစ်ဖက်နှင့် တစ်ဖက် အားပြိုင်နေကြချိန်တွင် ဖုန်းယွီ လုံးဝထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်လာသည်။ Intel ကုမ္ပဏီက Blu-ray DVD စံနှုန်းကို ထောက်ခံကြောင်း ကြေညာလိုက်ခြင်းပင်။

လွန်ခဲ့သော တစ်ခေါက်က Microsoft ကုမ္ပဏီသည် DVD Forum ကို ထောက်ခံခဲ့သကဲ့သို့ ယခုတစ်ခါ Intel၏ လုပ်ရပ်က Philipsနှင့် Thomsonတို့ကို ကြောင်အသွားစေသည်။

ငါတို့ DVD စံနှုန်း သတ်မှတ်တာနဲ့ မင်းတို့ Intelနဲ့ ဘာဆိုင်လို့လဲကွ။ မင်းတို့က ဓာတ်ပြားဖွင့်စက်လည်း မထုတ်၊ ဓာတ်ပြားလည်း မလုပ်၊ ရုပ်ရှင်နဲ့ သီချင်း မူပိုင်ခွင့်လည်း မရှိဘဲနဲ့ ဘာလာရှုပ်တာလဲ။

Microsoft တုန်းကတော့ ဖြေရှင်းချက် တစ်ခုရှိခဲ့သည်။ သူတို့၏ စက်လည်ပတ်ရေးစနစ် (OS) က ဓာတ်ပြားဖတ်စက် (Optical Drive) များကို support လုပ်ပေးရမည်မို့ ပါဝင်ပတ်သက်ခြင်း ဖြစ်သည်။

Intelကကျတော့ ဘာဆိုင်လို့လဲ။ ဓာတ်ပြားဖတ်စက် ကြိုးခေါင်းတွေက ပုံသေဖြစ်ပြီးသားပဲ။ Intelရဲ့Mainboardမှာ ကြိုးခေါင်းအသစ် တပ်ပေးရမှာမို့လို့လား။ ထို့ကြောင့် ဖုန်းယွီကတော့ Intelသည် မဆိုင်ဘဲ ဝင်ရှုပ်သည့် မွှေကောင်အဖြစ်သာ သတ်မှတ်ပြီး လျစ်လျူရှုထားလိုက်သည်။

ကမ္ဘာပေါ်ရှိ DVD စက် ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ထုတ်လုပ်သည်။ ထိုအထဲမှ တရုတ်ကိုယ်ပိုင် အမှတ်တံဆိပ်များက ကမ္ဘာ့ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကို ရယူထားသည်။ ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို DVD Forum အဖွဲ့ဝင် နိုင်ငံတကာ ကုမ္ပဏီများက ယူထားပြီး ကျန် ၂၀ ရာခိုင်နှုန်းလောက်သာ DVD Alliance အဖွဲ့ဝင် ဂျပန်ကုမ္ပဏီများက ရရှိထားသည်။

ကမ္ဘာ့ DVD ဓာတ်ပြား ၅၀ ရာခိုင်နှုန်းကိုလည်း တရုတ်ကပင် ထုတ်လုပ်သည်။ ကျန် ၃၀ ရာခိုင်နှုန်းကို အမေရိကန် ရုပ်ရှင်ကုမ္ပဏီကြီးများက ထုတ်လုပ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကို ဂျပန်နှင့် ဥရောပမှ ထုတ်လုပ်သည်။

ထို့ကြောင့် စက်ပဲဖြစ်ဖြစ်၊ ဓာတ်ပြားပဲဖြစ်ဖြစ် တရုတ်ကသာ ဆရာတစ်ဆူ ဖြစ်သည်။ အဓိက ဦးဆောင်နေသူများမှာ ဖုန်းယွီ အီလက်ထရွန်နစ်နှင့် Aiwaတို့ပင်။

နိုင်ငံတကာ အီလက်ထရွန်နစ် လောကတွင် ဤကဏ္ဍ၌ တရုတ်က အင်အားအကြီးဆုံး ဖြစ်ကြောင်း လက်ခံထားကြသည်။ ဂျပန်ကုမ္ပဏီများကသာ မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် HD-DVD ဖြန့်ချိရာတွင် ဖုန်းယွီတို့ဘက်က ယုံကြည်မှု အပြည့်ရှိနေသည်။ အကြောင်းမှာ ဖုန်းယွီနှင့် Aiwaတို့သည် လွန်ခဲ့သော နှစ်နှစ်ကတည်းက HD-DVD နည်းပညာကို သုတေသန စတင်လုပ်ဆောင်ခဲ့ကြပြီး Sonyတို့၏ Blu-ray နည်းပညာမှာ မကြာသေးမီကမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အချိန်အားဖြင့် များစွာ နောက်ကျနေခဲ့ပြီ။

မကြာမီ HD-DVD စက်များ ဈေးကွက်ဝင်တော့မည်။ ဓာတ်ပြားအသစ်များလည်း ထွက်လာတော့မည်။ Sonyတို့ကတော့ အနည်းဆုံး တစ်နှစ်လောက် လိုသေးသည်။

သူတို့ ဝင်လာမည့်အချိန်တွင် ဈေးကွက် မပြည့်ဝသေးလျှင်တောင် HD-DVD က ဦးဆောင်သူအဖြစ် နေရာယူထားပြီး ဖြစ်နေလိမ့်မည်။

နောက်ပိုင်းကာလများတွင် ယခင်က DVD မထုတ်လုပ်ဖူးသော အီလက်ထရွန်နစ် ကုမ္ပဏီများလည်း အုပ်စုရွေးချယ်လာကြသည်။ အချို့က HD-DVD ဘက်သို့၊ အချို့က Blu-ray ဘက်သို့ ဝင်သွားကြသည်။

ခြုံငုံကြည့်လျှင် HD-DVD ဘက်တွင် အင်အားပိုများနေသည်။ အရေးကြီးဆုံးမှာ စက်ထုတ်လုပ်သူနှင့် ဇာတ်လမ်းမူပိုင်ခွင့် ပိုင်ဆိုင်သူ အများစုမှာ ဤဘက်တွင် ရှိနေခြင်းပင်။

ဂျပန်ကုမ္ပဏီများ အားကိုးနေသည်မှာ သူတို့၏ HD TV (ရုပ်ထွက်မြင့် တီဗီ) နည်းပညာ ကမ္ဘာ့ထိပ်တန်း ဖြစ်နေမှုပင်။ ရုပ်ထွက်မြင့် စက်ဝယ်လျှင် ရုပ်ထွက်မြင့် တီဗီပါ တွဲဖက်လိုအပ်မည် မဟုတ်ပါလား။

ရိုးရိုးတီဗီနှင့် ကြည့်ပါက ရုပ်ထွက်မြင့်နှင့်ရိုးရိုး ဘာကွာခြားသည်ကို မြင်ရမည် မဟုတ်ပေ။

သို့သော် LCD နည်းပညာ အရှိန်အဟုန်ဖြင့် တက်လာသည်ကို သူတို့ မတွက်ဆမိကြပေ။ LCD တီဗီများကလည်း HD ရုပ်ထွက်ကို ပြသနိုင်သည် မဟုတ်ပါလား။

ဂျပန်တို့က ပလာစမာ နည်းပညာကို လက်ဝါးကြီးအုပ်ထားမှုကြောင့်ပင် HD-DVD ဘက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုအားကောင်းလာစေသည်။ သူတို့အနေဖြင့် HD TV ကဏ္ဍတွင်လည်း မဟာမိတ်အဖွဲ့ ဖွဲ့စည်းနိုင်ပြီ ဖြစ်သည်။

လူတိုင်းက အဖွဲ့ဝင် စည်းရုံးရေး ဆင်းနေကြချိန်တွင် ဖုန်းယွီအီလက်ထရွန်နစ်က ပထမဆုံးသော HD-DVD စက်ကို တရားဝင် မိတ်ဆက်လိုက်သည်။

Sonyနှင့် အခြားကုမ္ပဏီများ ကြောင်အသွားကြသည်။ ဘာဖြစ်တာလဲ... သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ HD-DVD စက်ကို ထုတ်လုပ်နိုင်လိုက်တာလဲ။ စက်ထုတ်လို့ရရင်ရော ဖွင့်ကြည့်စရာ ဓာတ်ပြား ရှိလို့လား။

ထိုသို့ တွေးနေကြစဉ်မှာပင် ဟောင်ကောင် ရုပ်ရှင်ကုမ္ပဏီများက HD-DVD ဓာတ်ပြားများ ဖြန့်ချိလိုက်ရာ ရုပ်ထွက်မြင့် DVD ခေတ်ကြီး တရားဝင် စတင်လာခဲ့လေပြီ။

******

အခန်း (၁၂၀၂) ဟွမ်ဝကြီးကို လမ်းညွှန်ပြသခြင်း

နေ့လယ်ခင်းအချိန်တွင် ဖုန်းယွီသည် ရုံးခန်းထဲ၌ ထိုင်ကာ အွန်လိုင်းဖိုရမ်များကို ဖတ်ရှုနေသည်။ မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးနေ့ ရောက်ပြီဖြစ်ရာ နယ်မှလာလုပ်သော ဝန်ထမ်းအများစုမှာ ခွင့်ကြိုယူပြီး ပြန်ကြပြီဖြစ်သည်။ အဆင့်မြင့် အရာရှိတချို့ပင် ပြန်ကုန်ကြပြီ။ ဖုန်းယွီကတော့ ဒေသခံ ဖြစ်သည့်အတွက် ဘာမှလုပ်စရာမရှိသဖြင့် ရုံးမှာပင် သောင်တင်နေခြင်း ဖြစ်သည်။

“သူဌေး... အောက်ထပ်မှာ သူဌေးနဲ့ တွေ့ချင်လို့ဆိုပြီး လူတချို့ ရောက်နေကြတယ်။ ပြည်တွင်း DVD စက်ရုံပိုင်ရှင်တွေပါတဲ့။ ကွမ်တုံပြည်နယ်ဘက်ကနေ လာကြတာပါ” ဝူကျစ်ကန်က လာရောက်တင်ပြသည်။

ဝူကျစ်ကန်သည် ထိုက်ဟွာ ဦးပိုင်ကုမ္ပဏီကို ကိုယ်စားပြုပြီး ပေကျင်းရုံးချုပ်တွင် တာဝန်ယူထားရသော ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ ဖုန်းယွီနှင့် အစောဆုံး လက်တွဲခဲ့သူဖြစ်ပြီး ဖုန်းယွီ၏ စိတ်နေစိတ်ထားကို အတုယူထားနိုင်သူဟု လူအများက ပြောစမှတ်ပြုကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်က ဖုန်းယွီနှင့် တစ်ထပ်တည်း တူနေသောကြောင့်ပင်။

သူ ပျော်နေချိန်ဆိုလျှင် အကျိုးအမြတ် ဘယ်လောက်ခွဲပေးရပေးရ ပြဿနာမရှိ။ သူ မပျော်ဘူးဆိုရင်တော့ ခင်ဗျားက ပိုက်ဆံလာပုံပေးရင်တောင် သူက ယူမှာမဟုတ်ပေ။

တခြားကုမ္ပဏီမှာဆိုလျှင် ဒီလိုစိတ်ဓာတ်မျိုးနှင့် လူတစ်ယောက်သည် အဆင့်မြင့်အရာရှိ မပြောနှင့်၊ အလယ်အလတ်တန်းစား မန်နေဂျာရာထူးတောင် မြဲမည်မဟုတ်။ လူအများ၏ ဝေဖန်ခြင်းကို ခံရပေလိမ့်မည်။ သို့သော် ထိုက်ဟွာ ဦးပိုင်ကုမ္ပဏီတွင်တော့ ထိုကိစ္စကို ပူစရာမလိုပေ။

တစ်ချက်က ဝူကျစ်ကန်တွင် သူများထက်သာသော အရည်အချင်းရှိသည်။ မှတ်ဉာဏ်ကောင်းသည့်နေရာတွင် ဖုန်းယွီနှင့် တူသည်။ တစ်ခါမြင်ဖူးသူကို ဘယ်တော့မှ မမေ့။ ကုမ္ပဏီတွင် အလုပ်လုပ်သည့်အခါ အလွန်တိကျသေချာပြီး ဝန်ထမ်းများအပေါ်တွင်လည်း တရားမျှတသည်။ ဝန်ထမ်းများအတွက် ဘောနပ်စ် သတ်မှတ်ပေးတိုင်း သူ့လက်က ဘယ်တော့မှ မတိုခဲ့ပေ။ ဖုန်းယွီကလည်း နှစ်စဉ်အမြတ်ငွေ၏ ရာခိုင်နှုန်းတစ်ခုကို ဖယ်ထားပြီး ဝန်ထမ်းများကို လုပ်အားအလိုက် ခွဲဝေချီးမြှင့်ရန် သူ့ကို မှာကြားထားသည် မဟုတ်ပါလား။

“သူတို့က ဘာလုပ်ချင်လို့တဲ့လဲ”

“သူတို့က သူဌေးနဲ့ စကားပြောချင်လို့ပါတဲ့။ အခု ဖုန်းယွီအီလက်ထရွန်နစ်နဲ့ Aiwaတို့က HD-DVD စက်တွေ ထုတ်လိုက်ပြီဆိုတော့ DVD မူပိုင်ခွင့် လိုင်စင်ကြေးတွေကို လျှော့ပေးနိုင်မလား ဆိုပြီး လာမေးကြတာ။ ကျွန်တော်ကြည့်ရတာ သူတို့ ဆက်ပြီး ရပ်တည်ဖို့ မလွယ်တော့လို့ ကျွန်တော်တို့ကို အကူအညီ လာတောင်းကြတာပါ” ဝူကျစ်ကန်က ပြောသည်။

လက်ရှိအချိန်တွင် ကွမ်တုံပြည်နယ်ဘက်၌ DVD စက်ရုံ ၅၀ ကျော်ရှိပြီး ပြည်တွင်းသာမက အရှေ့တောင်အာရှသို့ပါ တင်ပို့နေကြသည်။ ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်သည့်အတွက် ဖုန်းယွီသည် မူပိုင်ခွင့်ကြေးကို ဈေးသက်သာစွာဖြင့် ပေးထားသည်။ ထို့ကြောင့် ဈေးပေါသော လုပ်သားအင်အားကိုပါ ပေါင်းစပ်လိုက်သည့်အခါ ကုန်ကျစရိတ် သက်သာပြီး ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့ကြသည်။

သို့သော် ကွန်ပျူတာများ ခေတ်စားလာသည်နှင့်အမျှ လူအများစုက ကွန်ပျူတာ ဝယ်ယူရန် ရွေးချယ်လာကြသည်။ ကွန်ပျူတာတွင် ဓာတ်ပြားထည့်သည့် အကန့်ပါပြီးသားမို့ ရုပ်ရှင်ကြည့်၍ ရသည်။ တီဗီဖန်သားပြင်လောက် မကြီးသည်သာ ရှိသည်။ ယခုခေတ်စားနေသော မော်နီတာများသည် ၁၇ လက်မ၊ ၁၉ လက်မ အရွယ်အစားများ ဖြစ်ကြသည်။ ၁၄ လက်မများ ခေတ်ကုန်စပြုနေပြီး ၂၁ လက်မ မော်နီတာများလည်း ခေတ်စားလာပြီ ဖြစ်သည်။

ကွမ်တုံပြည်နယ်တွင် စက်ရုံများ သိပ်သည်းလွန်းအားကြီးသဖြင့် အချင်းချင်း ပြိုင်ဆိုင်ကြရင်း လုပ်သားခ ဈေးနှုန်းများ မြင့်တက်လာသည်။ ထို့ပြင် Sonyကုမ္ပဏီမှ DVD စက်ဈေးနှုန်းများ ချလိုက်သဖြင့် ဖုန်းယွီ၊ Aiwaနှင့် Philipsတို့ကလည်း ဈေးလိုက်ချရသည်။ ထိုအခါ ပြည်တွင်းစက်ရုံများမှာ ဈေးနှုန်း အားသာချက် မရှိတော့ပေ။

ရေတိုမှာတော့ ပြဿနာမရှိသော်လည်း ရေရှည်ဆိုလျှင် သူတို့ တောင့်ခံနိုင်တော့မည် မဟုတ်။ ဒီအတိုင်းသာ ဆက်သွားလျှင် တစ်နှစ်မပြည့်ခင် သူတို့ထဲက တစ်ဝက်လောက် စက်ရုံပိတ်ရကိန်း ရှိသည်။ ထုတ်လုပ်လိုက်၊ မရောင်းရလိုက်၊ ရောင်းရပြန်တော့လည်း အရှုံးခံ ရောင်းရလိုက်နှင့် ထုတ်လေ ရှုံးလေ အခြေအနေ ဖြစ်နေသည်။

“သူတို့ကို လွှတ်လိုက်ပါ။ ဘာပဲပြောပြော သူတို့က DVD ဈေးကွက်ကျယ်ပြန့်လာအောင် ကူညီပေးခဲ့တဲ့သူတွေပဲလေ။ တကယ်လို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင်လည်း မူပိုင်ခွင့်ကြေး နည်းနည်း လျှော့ပေးလိုက်တာ ဘာမှမဖြစ်ပါဘူး”

တကယ်တမ်းကျတော့ သူတို့ကို ဒေဝါလီခံခိုင်းလိုက်ပြီး သူတို့စက်ရုံတွေကို ဈေးပေါပေါနှင့် ဝယ်ယူကာ HD-DVD ထုတ်လုပ်ရေးလိုင်းအဖြစ် ပြောင်းလဲလိုက်ခြင်းက အတွက်ခြေအကိုက်ဆုံး ဖြစ်သည်။ သို့သော် တစ်မျိုးသားလုံး အချင်းချင်းမို့ ဖုန်းယွီ ထိုသို့ မလုပ်ရက်ပေ။ ဒါပေမဲ့ သူဌေးတွေရဲ့ စိတ်ဓာတ်ကိုတော့ ကြည့်ရဦးမည်။ ကိုယ်တိုင်ကတော့ တိုက်နဲ့တာနဲ့ နေ၊ ကားကောင်းစီးပြီး စက်ရုံက မမြတ်လို့ဆိုကာ အလုပ်သမားတွေကို လစာမပေးတဲ့ သူဌေးမျိုးဆိုလျှင်တော့ ဖုန်းယွီက ကူညီဖို့နေနေသာသာ ခြေထောက်နှင့်ပါ ထပ်ကန်လိုက်ဦးမည်။

လူ ၂၀၊ ၃၀ လောက် ဝုန်းခနဲ တက်လာကြရာ ဖုန်းယွီ၏ ရုံးခန်းမှာ ကျပ်သိပ်သွားတော့သည်။ ပြည်တွင်းရုံးခန်းကို ခြိုးခြံချွေတာသည့်အနေဖြင့် သိပ်အကျယ်ကြီး လုပ်မထားသောကြောင့် သူတို့ကို အစည်းအဝေးခန်းမထဲသို့ ခေါ်သွားလိုက်ရသည်။

ဖုန်းယွီက လက်ဖက်ရည်ခွက်ကို မရင်း သူတို့ကို ပြုံးကာ ကြည့်လိုက်သည်။

“ခင်ဗျားတို့ မျက်နှာတွေက ရင်းနှီးပြီးသားတွေချည်းပါပဲ။ တချို့လည်း နာမည်တပ် ခေါ်တတ်တယ်၊ တချို့ကျတော့ နာမည်မေ့နေတယ်။ ကဲ... ဒီတစ်ခေါက် လာရင်းကိစ္စ ဘာရှိလဲ ပြောကြပါဦး”

ဖုန်းယွီ လက်ဖက်ရည်ခွက် ချလိုက်သော်လည်း သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ စကားမစရဲ ဖြစ်နေကြသည်။

“ဟွမ်ဝကြီး... ကျုပ်တို့ လက်တွဲလာတာ ဆယ်နှစ်လောက် ရှိပြီနော်။ ဒီလူတွေကို ခင်ဗျား ဦးဆောင်ပြီး ခေါ်လာတာမလား”

ဟွမ်ဝကြီးဆိုတာ ဖုန်းယွီ လျှပ်စစ်ပန်ကာ ရောင်းစားစဉ်ကတည်းက ထိုက်ဟွာ နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီနှင့် လက်တွဲလာသူ ဖြစ်သည်။ လေအေးပေးစက်၊ ပန်ကာ၊ ဆိုင်ကယ်၊ ကား အစရှိသဖြင့် ဖုန်းယွီ ရောင်းသမျှ ပစ္စည်းတိုင်း သူ မပါတာ မရှိ။ ပြောရရင် ကွမ်တုံ၊ ဟိုင်နန်နှင့် ကွမ်ရှီး ပြည်နယ် သုံးခုရဲ့ ဈေးကွက်ကို သူချုပ်ကိုင်ထားတာမို့ ပိုင်ဆိုင်မှုက ယွမ် သန်းပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

ပြီးတော့ သူက VCD ၊ DVD စက်ရုံတွေလည်း ထောင်ထားသေးသည်။ အစပိုင်းတုန်းက အမြတ်တွေ အများကြီး ရထားတာ။ တခြားလူတွေကသာ ဆက်မလုပ်နိုင်တာ ဖြစ်ချင်ဖြစ်မယ်၊ ဟွမ်ဝကြီးကတော့ သေချာပေါက် တောင့်ခံနိုင်သူ ဖြစ်သည်။

ဟွမ်ဝကြီးက ဟီးခနဲ ရယ်လိုက်ပြီး “မန်နေဂျာဖုန်း... ကျွန်တော်က ခင်ဗျားဆီ အကူအညီ လာတောင်းချင်တယ်လို့ စကားစလိုက်မိတာနဲ့ သူတို့တွေက မရမက လိုက်မယ်ဆိုပြီး ပါလာကြတာပါ။ ကျွန်တော်က ပြဿနာ လာရှာတာ မဟုတ်ပါဘူးနော်။ အဲဒါတော့ ယုံပေးပါ”

ဖုန်းယွီ မျက်လုံးလှန်ကြည့်လိုက်သည်။ ဒီဝက်ဝံကြီးက စီးပွားရေးလုပ်ရာမှာ ရိုးသားပြီး နာမည်မပျက်ရှိလို့သာ၊ ပြီးတော့ လက်တွဲလာတာလည်း ကြာပြီမို့လို့ ယုံလိုက်တာ။ မဟုတ်ရင် ဖုန်းယွီ ယုံမှာမဟုတ်။

“မန်နေဂျာဖုန်း... ဒီလို။ အခု နိုင်ငံခြားမှာ VCD မထုတ်ကြတော့ဘူး။ ပြည်တွင်းမှာပဲ ထုတ်ကြတော့တာ။ အဲဒါ မူပိုင်ခွင့်ကြေးလေးများ လျှော့ပေးလို့ ရမလား။ ကျွန်တော်တို့လည်း မတတ်သာလို့ပါ။ အခုက လုံးဝ မမြတ်တော့ဘူး”

“VCD ကတော့ ဆက်ထုတ်ဖို့ မလိုတော့ဘူး။ ဒီလိုလုပ်... DVD မူပိုင်ခွင့်ကြေးကို တစ်ဝက်လျှော့ပေးမယ်။ ပြီးတော့ Super VCD မူပိုင်ခွင့်ကြေးကိုလည်း တစ်ဝက်လျှော့ပေးမယ်။ ဖုန်းယွီနဲ့ Aiwa တံဆိပ် Super VCD တွေကို မနက်ဖြန်ကစပြီး ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တော့မယ်။ အဲဒီဈေးကွက်ကို ခင်ဗျားတို့ ခွဲယူကြတော့”

လက်ရှိအချိန်တွင် Super VCD နှင့် DVD စက်များသည် VCD ဓာတ်ပြားများကိုပါ ထည့်သွင်းအသုံးပြုနိုင်သည်။ VCD စက်ကတော့ နောက်ပိုင်းဓာတ်ပြားတွေကို မဖတ်နိုင်တော့။ ထို့ကြောင့် ခေတ်ကုန်သွားပြီဖြစ်သော VCD စက်ကို ဆက်ထုတ်နေစရာ အကြောင်းမရှိပေ။ သူတို့က ကျေးလက်ဈေးကွက်ကို ထိုးဖောက်ချင်နေမှန်း ဖုန်းယွီ သိသည်။ ဒါဆို Super VCD ရောင်းပေါ့။ လူတွေကို ဈေးပေါတာနဲ့ မက်လုံးပေးပြီး VCD စက်တွေ သွားမရောင်းနဲ့။ ဝယ်ပြီးမှ ဓာတ်ပြားထည့်ကြည့်တော့ ဘာမှကြည့်မရရင် ဝယ်တဲ့လူတွေ သနားစရာ ကောင်းလွန်းသည်။

ဟွမ်ဝကြီးတို့ အုပ်စု ဝမ်းသာသွားကြသည်။

“မန်နေဂျာဖုန်းက တကယ်ကို သဘောထား ပြည့်ဝတာပဲ။ ဒါဆို ကျွန်တော်တို့လည်း ရိုးရိုး VCD စက်တွေ မထုတ်တော့ဘူး။ နောက်ဆို Super VCD နဲ့ DVD ပဲ ထုတ်တော့မယ်။ ဒါနဲ့... HD-DVD နည်းပညာကိုရော ကျွန်တော်တို့ကို ဘယ်တော့လောက် လိုင်စင်ချပေးမလဲ။ ပြီးတော့ ဓာတ်ပြားကူးတဲ့ နည်းပညာရော ဘယ်ဈေးလောက် ရှိမလဲ”

“လာမယ့်နှစ်ကျမှ ခင်ဗျားတို့ကို လိုင်စင်ပေးလို့ရမယ်။ ဈေးနှုန်းကတော့ အဲဒီအချိန်ကျမှ ဈေးကွက်ပေါက်ဈေးအတိုင်း ပြောကြတာပေါ့။ ဒါပေမဲ့ ကျွန်တော် အကြံပေးချင်တာကတော့ ခင်ဗျားတို့အနေနဲ့ လုပ်ငန်းပုံစံ ပြောင်းဖို့ စဉ်းစားသင့်ပြီ။ ခင်ဗျားတို့ရဲ့ အမှတ်တံဆိပ်တွေက နေရာမရသေးတော့ ရေရှည်မှာ သိပ်ပြီး ဖွံ့ဖြိုးလာမှာ မဟုတ်ဘူး”

ဖုန်းယွီ ခေါင်းခါလိုက်သည်။ ဒီလူတွေ လုပ်နေတဲ့ ကုမ္ပဏီတွေက တတိယတန်းစား အဆင့်ပဲ ရှိသေးသည်။ ဈေးနှုန်းသက်သာတာ တစ်ခုပဲ အားကိုးရောင်းနေရတာ။ အန္တရာယ် ခံနိုင်ရည်အားက သိပ်ညံ့သည်။ တကယ်လို့များ ဖုန်းယွီက စေတနာဗြာပါဒနဲ့ မူပိုင်ခွင့်ကြေး လျှော့မပေးခဲ့ရင် နောက်တစ်နှစ်အတွင်း သူတို့ထဲက တစ်ဝက်လောက် ပိတ်သိမ်းသွားရမှာ သေချာသည်။

ကျန်တဲ့လူတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ဘာလုပ်ရမှန်း သူတို့မသိကြ။ လောလောဆယ်တော့ ပိုက်ဆံရနေသေးတာပဲလေ။ နောက်နှစ် HD-DVD ဆက်လုပ်ရင် အနည်းဆုံး ၃ နှစ်၊ ၅ နှစ်လောက်တော့ ပိုက်ဆံရှာလို့ ရဦးမှာပဲ။

နောက် ၅ နှစ်လောက်နေလို့ အခြေအနေမကောင်းရင်တောင် ကိုယ့်အိတ်ထဲ ငွေသန်းချီ ရှိနေပြီပဲ။ အဲဒီအချိန်ကျမှ လုပ်ငန်းပြောင်းလည်း မီပါသေးတယ်။

ဆွေးနွေးပွဲပြီးတော့ အားလုံးပြန်သွားကြသော်လည်း ဟွမ်ဝကြီးကတော့ ကျန်ရစ်ခဲ့သည်။

“မန်နေဂျာဖုန်း... စောစောက ပြောတဲ့ လုပ်ငန်းပုံစံ ပြောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး”

“ခင်ဗျားတို့ဆီမှာ ကျွမ်းကျင်လုပ်သားတွေ ရှိတာကလွဲရင် တခြား ဘာအားသာချက်မှ မရှိဘူး။ ဒါဆို အဲဒီ လုပ်သားအားသာချက်ကို အကြီးမားဆုံးဖြစ်အောင် ချဲ့ထွင်လိုက်ပေါ့”

လုပ်သားအားသာချက်ကို ချဲ့ထွင်ရမယ်... ဟွမ်ဝကြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ နားမလည်။

ဖုန်းယွီ သက်ပြင်းချလိုက်သည်။ ဟွမ်ဝကြီးက ခေတ်ရေစီးကြောင်းကို သိပ်မမီပါလား။

“လက်ခစားစနစ်(OEM)နဲ့ ထုတ်လုပ်တာကို ပြောတာလေ... သဘောပေါက်ပြီလား”

******

All Chapters