အခန်း (၁၂၀၃-၁၂၀၄)
Vol. 82 Ch. 1203-1204
အခန်း (၁၂၀၃) လက်ခစားလုပ်ရင်လည်း စံနှုန်းရှိရမယ်
“မန်နေဂျာဖုန်းရယ်... ခင်ဗျား စဉ်းစားနေတာ ကြာပြီ၊ နောက်ဆုံးတော့ ဒီနည်းလမ်းပဲ ပေးတာလား”
ဟွမ်ဝကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောရှာသည်။ လက်ခစား လုပ်သည်ဆိုခြင်းမှာ သူတစ်ပါးအတွက် အလုပ်လုပ်ပေးရခြင်းသာ ဖြစ်သည် မဟုတ်ပါလော။ ထို့ပြင် ထုတ်လုပ်မှုကွင်းဆက်တွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းလည်း ဖြစ်သည်။
“လောင်ဟွမ်... ဒါဆို ခင်ဗျားပြောကြည့်စမ်း။ စူပါမားကတ် ဆိုတာ ဘာလဲ။ လမ်းဘေး ကုန်စုံဆိုင်လေးတွေကို အဆပေါင်းများစွာ ချဲ့ထွင်ထားတာပဲ မဟုတ်လား။ ဒါဆို ဘာလို့ ကုန်စုံဆိုင်လေးတွေက ပိုက်ဆံ သိပ်မမြတ်ဘဲ စူပါမားကတ်တွေကျတော့ သူတို့ထက် အဆပေါင်းများစွာ ပိုမြတ်နေရတာလဲ”
“စူပါမားကတ်က ဆိုင်ကြီးတယ်၊ ပစ္စည်းစုံတယ်လေ”
“ခင်ဗျား ပြောတာလည်း အတိုင်းအတာ တစ်ခုထိတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဓိက အကျဆုံးအချက်ကတော့ စူပါမားကတ်တွေက ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ် စံနှုန်းကို သတ်မှတ်နိုင်ခြင်းပဲ။ စူပါမားကတ်တစ်ခု အမြတ်ရဖို့ဆိုရင် ကုန်ပစ္စည်းရဲ့ အရင်းအနှီးကို သူတို့ ကန့်သတ်ရတယ်။ အရင်းများရင် ရှင်သန်ဖို့ ခက်မယ်လေ။ လမ်းဘေးဆိုင်လေးတွေမှာဆိုရင် လမ်းတစ်ဖက်ကူးလိုက်တာနဲ့ ဈေးနှုန်းမတူတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ထိုက်ဟွာ စူပါမားကတ်မှာဆိုရင် ဆိုင်ခွဲတိုင်းမှာ ကုန်ပစ္စည်း တစ်မျိုးတည်းကို ဈေးနှုန်းတစ်မျိုးတည်းပဲ ရောင်းတယ်။ အဲဒါက ကုန်ကျစရိတ် စံနှုန်းပဲ”
ဟွမ်ဝကြီးက စဉ်းစားခန်းဝင်ရင်း ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ အဲဒါက လက်ခစားလုပ်တာနဲ့ ဘာဆိုင်လို့လဲ”
“လက်ခစားစနစ်ရဲ့ အဓိက အသက်သွေးကြောက အလုပ်သမားနဲ့ ထုတ်လုပ်မှု နည်းပညာပဲ။ စူပါမားကတ်နဲ့ တူညီတဲ့အချက်က ထုတ်လုပ်မှု ကုန်ကျစရိတ် စံနှုန်းကို သတ်မှတ်ခြင်းပဲ။ သူများတွေက ၈ နာရီအတွင်း ပစ္စည်း ၁၀၀ ထုတ်နိုင်တဲ့အချိန်မှာ ခင်ဗျားက ၁၂၀ ထုတ်နိုင်တယ် ဆိုပါစို့။ ဒါဆို ခင်ဗျား မြတ်ပြီ။ ပြီးတော့ တခြားလူတွေကိုပါ ခင်ဗျားရဲ့ စံနှုန်းအတိုင်း လိုက်လုပ်လာအောင် ဖိအားပေးနိုင်တယ်။ ဒါက ကုမ္ပဏီတွေမှာ သတ်မှတ်ထားတဲ့ ခွဲတမ်းနဲ့ ဆင်တူတယ်”
“ဒါပေမဲ့ အခု ၂၀ လေး ပိုထုတ်နိုင်ရုံနဲ့ ပိုက်ဆံ ဘယ်လောက်များများ ရမှာမို့လို့လဲဗျ။ ဒီလိုသာ လုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ့်အမှတ်တံဆိပ်နဲ့ ကိုယ် ရပ်တည်ခွင့် လုံးဝ ဆုံးရှုံးသွားမှာပေါ့”
ဟွမ်ဝကြီး တွန့်ဆုတ်နေမိသည်။ ကုန်ပစ္စည်းတစ်ခုကို ကိုယ့်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်နိုင်ပါက အမြတ်အစွန်း မည်မျှရနိုင်သည်ကို သူ သိထားသည် မဟုတ်ပါလော။
“လောင်ဟွမ်... စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့နိုင်ငံက Lenovo ကုမ္ပဏီက အင်အားကြီးလား၊ မကြီးဘူးလား”
“ကြီးတာပေါ့... အာရှ ကွန်ပျူတာလောကမှာ ထိပ်သီးပဲ။ ကမ္ဘာ့အဆင့် ၁ တောင် ဖြစ်နေပြီလို့ ကြားတယ်”
ဟွမ်ဝကြီးသည် Lenovoတွင် ဖုန်းယွီ၏ ရှယ်ယာများ ပါဝင်သည်ကို သိထားသလို Lenovoမှာလည်း တကယ်တော်သည်မို့ ချီးကျူးစကားဆိုရန် ဝန်မလေးပေ။
“Lenovoရဲ့ ကိုယ်ပိုင်စက်ရုံတွေက ထုတ်လုပ်မှုစွမ်းအား သိပ်မမြင့်ဘူး။ အများစုက လက်ခစား စက်ရုံတွေအပေါ် မှီခိုနေရတာ။ ကျွန်တော်တို့ Aiwaနဲ့ ဖုန်းယွီ စက်ရုံတွေတောင် သူတို့ပစ္စည်းတွေကို လက်ခစား ထုတ်ပေးနေရတာလေ။ အထူးသဖြင့် Lenovo တံဆိပ် LCD မော်နီတာတွေပေါ့။ ခင်ဗျား စဉ်းစားကြည့်... မမြတ်ဘူးဆိုရင် ကျွန်တော် လုပ်ပါ့မလား။ ကျွန်တော်က DVD စက်တွေ အများကြီး ပိုထုတ်ပြီး ခင်ဗျားတို့ စက်ရုံသေးလေးတွေကို ဈေးကွက်ထဲကနေ ကန်ထုတ်ပစ်လိုက်ရင် ကျွန်တော် ပိုက်ဆံပိုမရနိုင်ဘူးလား။ ကျွန်တော်တို့ DVD တစ်လုံးရောင်းရင် ရတဲ့အမြတ်က ခင်ဗျားတို့ကို မူပိုင်ခွင့်ကြေး ကောက်တာထက် အများကြီး ပိုများတယ်နော်”
“Lenovoကပေးတဲ့ လက်ခစားခက မနည်းပါဘူး။ ပြီးတော့ ကျွန်တော်တို့ စက်တွေက ပြုပြင်ထိန်းသိမ်းတဲ့ အချိန်ကလွဲရင် ဘယ်တော့မှ မရပ်ဘူး။ ဒါကြောင့် စက်ရုံက အမြတ်ပိုရသလို အလုပ်သမားတွေလည်း ပိုက်ဆံပိုရကြတယ်။ ကွမ်ကျိုးတို့၊ ရှန်းကျန်းတို့ဘက်မှာ စက်ရုံတွေ ပေါမှပေါ။ အလုပ်သမား ငှားရမ်းဖို့ အားသာချက်က အများကြီးရှိပြီးသား။ ခင်ဗျားသာ ဒါတွေကို စုစည်းပြီး အကြီးစား လုပ်နိုင်ရင်၊ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရင် ခင်ဗျားရမယ့် ပိုက်ဆံက နည်းမှာမဟုတ်ဘူး” ဖုန်းယွီက လမ်းညွှန်ပြသလိုက်သည်။
အရင်ဘဝတုန်းက Foxconn ကုမ္ပဏီသည် ဤလမ်းစဉ်အတိုင်း ကြီးပွားလာခဲ့ခြင်း ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်း၏ စံနှုန်းများကို သတ်မှတ်ပြီး အလုပ်သမားများ၏ လုပ်အားကို တင်းကျပ်စွာ ထိန်းချုပ်ကာ နယ်ပယ်တစ်ခုလုံးကို ဦးဆောင်နိုင်ခဲ့သည်။ တစ်နှစ်တာ အမြတ်ငွေမှာလည်း နည်းနည်းနောနော မဟုတ်ပေ။
နောက်ပိုင်းတွင် Foxconn ၏ စီမံခန့်ခွဲမှု တင်းကျပ်လွန်းသဖြင့် ပြဿနာအချို့ တက်ခဲ့ရသည်။ ထို့ပြင် တရုတ်ပြည် လုပ်သားခ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စက်ရုံများကို အိန္ဒိယကဲ့သို့သော လုပ်သားခသက်သာသည့် နိုင်ငံများသို့ ရွှေ့ပြောင်းခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ Foxconn သည် လုပ်သားအင်အား အားသာချက်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့သော Fortune 500 စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။
“မန်နေဂျာဖုန်း ပြောတာကို ကျွန်တော် သဘောပေါက်ပါပြီ။ အကြီးစားလုပ်မယ်၊ စွမ်းဆောင်ရည် မြှင့်မယ်၊ ကုန်ကျစရိတ် လျှော့မယ်၊ အဲဒီနည်းနဲ့ အမြတ်ယူမယ်... ဟုတ်တယ်မလား”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ တစ်ချက်လိုနေသေးတယ်။ အဲဒါက စံနှုန်း သတ်မှတ်ခြင်းပဲ။ နောက်ပိုင်းပေါ်လာမယ့် လက်ခစား စက်ရုံတွေက ခင်ဗျားရဲ့ စံနှုန်းအတိုင်း လိုက်လုပ်ရမယ်။ ခင်ဗျားစံနှုန်းအောက် နိမ့်နေရင် သူတို့ အမြတ်နည်းမယ်၊ အော်ဒါတောင် ရမှာမဟုတ်ဘူး”
“စက်ရုံအသေးလေးတွေကို လိုက်ဝယ်ပြီး ပေါင်းစည်းရတာကတော့ ကျွန်တော် လုပ်နိုင်ပါတယ်။ အဲဒီစက်ရုံတွေကလည်း သိပ်မကြီးသလို အခုတလော အခြေအနေ သိပ်မကောင်းတော့ ကျွန်တော်က ဝယ်မယ်၊ အလုပ်သမားတွေကို လက်ခံမယ်ဆိုရင် သူတို့ ကြည်ကြည်ဖြူဖြူ ရောင်းကြမှာပါ။ ဒါပေမဲ့ ပေါင်းစည်းပြီးလို့ စွမ်းဆောင်ရည်တွေ တက်၊ စရိတ်တွေ ကျသွားတယ်ပဲ ထားပါတော့... အော်ဒါမရှိရင် ဘယ်လိုလုပ်မလဲ”
လက်ရည်ဘယ်လောက်ကောင်းကောင်း အလုပ်မရှိရင် အလကားပဲ မဟုတ်လား။
“ခင်ဗျားကို လုပ်ခိုင်းမှတော့ အလုပ်ရှိစေရမယ်လို့ ကျွန်တော် အာမခံတာပေါ့။ ခင်ဗျားသာ တကယ်တမ်း စက်ရုံတွေပေါင်းပြီး စွမ်းဆောင်ရည် မြှင့်တင်နိုင်ရင် HD-DVD ၊ ဖုန်း၊ MP3 ၊ USB ၊ ကွန်ပျူတာ အစိတ်အပိုင်းနဲ့ တပ်ဆင်ရေး လုပ်ငန်းတွေကို ခင်ဗျားဆီ အပ်မယ်။ ကျွန်တော်တို့ဆီက အော်ဒါရပြီးသွားရင် တခြားအော်ဒါတွေ ရဖို့ မခက်တော့ပါဘူး”
ဟွမ်ဝကြီး မျက်လုံးများ အရောင်တောက်သွားသည်။ မန်နေဂျာဖုန်း၏ သဘောထားက ရှင်းနေပြီပဲ။ သူ့ကို အော်ဒါပေးတော့မည်။ ဖုန်းယွီလို လူမျိုးက အော်ဒါပေးပြီဆိုရင် နည်းနည်းနောနော ပေးမှာမဟုတ်။ သူ့စက်ရုံလေးကို ကိုယ့်ဘာသာ ဆက်လုပ်နေရင်တော့ ဖြစ်မှာမဟုတ်တာ သေချာသည်။
“မန်နေဂျာဖုန်း... ဒီလိုလုပ်လို့ ရမလား။ ခင်ဗျား အော်ဒါကို ကျွန်တော့်ဆီ အပ်လိုက်။ အရည်အသွေး ပြည့်မီအောင် ကျွန်တော် တာဝန်ယူပြီး လုပ်ပေးမယ်လေ”
ဟွမ်ဝကြီး ဉာဏ်နီဉာဏ်နက် ထွက်လာပြန်သည်။ သူက ကြားပွဲစားလုပ်ပြီး တခြားစက်ရုံတွေကို တစ်ဆင့်ပြန်ခိုင်းစားချင်သည့် သဘောပင်။
ဖုန်းယွီက ဟွမ်ဝကြီးကို မျက်စောင်းထိုးလိုက်သည်။ “ခင်ဗျားကရော ဘယ်လိုထင်လို့လဲ”
“ဟီးဟီး... မန်နေဂျာဖုန်းကလည်း။ အမှန်အတိုင်း ပြောရရင် ခင်ဗျားက မူပိုင်ခွင့်ကြေး မလျှော့ပေးခင်တုန်းကသာဆိုရင် အဲဒီစက်ရုံတွေကို ဈေးပေါပေါနဲ့ သိမ်းလို့ရမှာ။ အခုကျတော့ ဈေးနည်းနည်း ပိုပေးရတော့မယ်။ ပိုက်ဆံရှိတယ် ဆိုပေမဲ့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေလို့ပါ။ စာချုပ် အရင်ချုပ်လို့ ရမလားဟင်”
ဟွမ်ဝကြီးက ကြက်ကလေး စပါးကောက်သလို ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။
“ဘယ်ရမလဲ”
စိတ်ကူးယဉ်နေလိုက်တာ။ စာချုပ်ချုပ်ပေးလိုက်ပြီးမှ အော်ဒါမပြီးရင် ဘယ်လိုလုပ်မလဲ။ လျော်ကြေးကိစ္စက အရေးမကြီးဘူး၊ ပစ္စည်းရောင်းအား ထိခိုက်မှာက အဓိကပဲ။
“ဒါဆိုရင် စံနှုန်းကို ဘယ်လိုသတ်မှတ်ရမလဲ ဟင်”
“Foxconn ကို သိတယ်မလား။ Lenovoနဲ့ ဖုန်းယွီမိုဘိုင်းရဲ့ အကြီးဆုံး လက်ခစား စက်ရုံလေ။ သူတို့က 3C (Computer၊Communication၊Consumer Electronics) ထုတ်လုပ်မှု စံနှုန်းကို ရေးဆွဲနေကြတာ။ ခင်ဗျားသာ သူတို့နဲ့ ပူးပေါင်းနိုင်ရင် အောင်မြင်ပြီ”
“Foxconn လား... သူတို့ပါလား။ အဲဒီမှာ စည်းကမ်းကြီးလွန်းလို့ ကျွန်တော့်ဆီ ပြောင်းလာတဲ့ အလုပ်သမားတွေ အများကြီးပဲ” ဟွမ်ဝကြီးက Foxconn ကို အထင်မကြီးစွာဖြင့် ပြောလိုက်သည်။
စီမံခန့်ခွဲမှုက လူသားဆန်ဖို့လည်း လိုသေးတာကိုး။ အလုပ်သမားတွေက ကိုယ့်ကို ပိုက်ဆံရှာပေးနေတာ၊ သူတို့ကို ကောင်းကောင်း မဆက်ဆံရင် စက်ရုံက ပြဿနာတက်မှာပဲ။ ပြည်တွင်းမှာ ပညာတတ်တွေ များလာတာနဲ့အမျှ ဘာမှမတတ်ဘဲ လစာနည်းနည်းနဲ့ အလုပ်လုပ်မယ့် လူတန်းစားက ရှားလာပြီ။
မူလက အနောက်ဘက်ဒေသမှာ ထိုလူတန်းစားမျိုး အများအပြား ရှိသော်လည်း ယခုအခါ ဖုန်းယွီတို့၏ ရောင်စုံစီမံကိန်းကြောင့် ထိုဒေသတွင် အလုပ်အကိုင်တွေ ပေါလာပြီ။ အိမ်နားမှာတင် အလုပ်လုပ်လို့ရမှတော့ ဘယ်သူက အဝေးကြီးလာပြီး အလုပ်လုပ်ချင်တော့မှာလဲ။
“Foxconn က စည်းကမ်းတင်းကျပ်လွန်းတယ်လို့ ခင်ဗျားထင်ရင် Foxconn ရဲ့ စွမ်းဆောင်ရည်ကို မီအောင်၊ ကျော်တက်နိုင်အောင် လုပ်နိုင်မယ့် တခြားနည်းလမ်းကို ရှာပြီး ကိုယ်ပိုင်စံနှုန်း သတ်မှတ်ပေါ့။ အစပိုင်းမှာ သူတို့လောက် မမြတ်ချင်နေပါစေ၊ ခင်ဗျားရဲ့ကုမ္ပဏီယဉ်ကျေးမှုကောင်းရင် ရေရှည်မှာ ခင်ဗျားပဲ နိုင်မှာပါ”
******
အခန်း (၁၂၀၄) ရွှေ့လျား DVD
ဟွမ်ဝကြီးသည် စိတ်အားထက်သန်စွာဖြင့် ပြန်သွားလေသည်။ သူသည် ဖုန်းယွီ ပြောလိုက်သော ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ချင်နေပြီ ဖြစ်သည်။ စက်ရုံအသေးလေးများကို စောစော ပေါင်းစည်းနိုင်လေ၊ ဖုန်းယွီပေးမည့် အော်ဒါများကို စောစော ရလေ ဖြစ်မည် မဟုတ်ပါလား။
ဖုန်းယွီနှင့် စီးပွားရေး လုပ်ရသည်ကို သူ ဘယ်တုန်းကမှ စိတ်မပူခဲ့ဖူးပေ။ အကြောင်းမှာ ဖုန်းယွီသည် သူတို့အတွက် သင့်တော်သော အမြတ်အစွန်းတစ်ခုကို အမြဲ ချန်ထားပေးတတ်သောကြောင့် ဖြစ်သည်။
ဖုန်းယွီက “စီးပွားရေးမှာ လုံးဝ တရားမျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် အမြတ်ရှိရမယ်။ ဒါက အခြေခံပဲ။ ဒီလိုမဟုတ်ရင် ခေါင်းပုံဖြတ်တာပဲ ခေါ်တယ်” ဟု ပြောဖူးသည် မဟုတ်ပါလော။
ဟွမ်ဝကြီး ထွက်သွားသည်ကို ကြည့်ရင်း ဖုန်းယွီ ပြုံးကာ ခေါင်းခါမိသည်။ ဒီနှစ်ပိုင်းအတွင်း ဟွမ်ဝကြီး ပိုဝလာလိုက်တာ ရွေ့လျားနေသော အသားလုံးကြီး တစ်လုံးနှင့်ပင် တူတော့သည်။
ဒါကလည်း ဟွမ်ဝကြီး၏ ဘဝနေထိုင်မှု အဆင့်အတန်း ပိုမိုမြင့်မားလာသည်ကို သက်သေပြနေခြင်းပင်။ ဒီတစ်ခေါက်သာ ဖုန်းယွီကို အကူအညီ လာမတောင်းလျှင် ဟွမ်ဝကြီးတစ်ယောက် လေယာဉ်စီးပြီး ဒီလောက်အဝေးကြီးကို လာလိမ့်မည် မဟုတ်ပေ။
ဖုန်းယွီက ဟွမ်ဝကြီးကို လမ်းညွှန်လိုက်ခြင်းမှာ စိတ်ကူးပေါက်ရာ လုပ်လိုက်ခြင်း မဟုတ်ပေ။ Lenovo၊ ဖုန်းယွီ စသည့် အမှတ်တံဆိပ်များသည် ကိုယ်ပိုင် ထုတ်လုပ်မှု ရှိသော်လည်း အစိတ်အပိုင်း တော်တော်များများကို အခြားစက်ရုံများတွင် လက်ခစား အပ်နှံကြရသည်။ ထိုသို့ အပ်နှံရာတွင် အဓိက စက်ရုံမှာ Foxconn ဖြစ်သည်။
Lenovo ဥက္ကဋ္ဌ လျိုချွမ်းကျစ်က Foxconn တွင် အော်ဒါများလွန်းနေပြီး ထိုထိုင်ဝမ်လူမျိုးများသည်လည်း အနည်းငယ် မာနကြီးလာကြောင်း၊ ထို့ကြောင့် အရည်အချင်းရှိသော အခြားလက်ခစား စက်ရုံတစ်ရုံကို ရှာဖွေသင့်ကြောင်း၊ အရည်အချင်း သိပ်မမီလျှင်တောင် Foxconn ၏ အော်ဒါအချို့ကို ခွဲဝေယူလိုက်ခြင်းဖြင့် Foxconn ကို သတိပေးနှိုးဆော်ရာ ရောက်မည်ဖြစ်ကြောင်း ဖုန်းယွီနှင့် တိုင်ပင်ဖူးသည်။
နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ဖုန်းယွီ၌ စိတ်ကူးသစ်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ထိုပစ္စည်းသစ်ကို ထုတ်လုပ်ရန် စက်ရုံရှာရဦးမည်။ ထိုက်ဟွာ ဦးပိုင်ကုမ္ပဏီ လက်အောက်ရှိ စက်ရုံများမှာ အလုပ်များ ပြည့်ကျပ်နေပြီ ဖြစ်သည်။ အချိန်ပိုဆင်းခိုင်း၍ ရသော်လည်း ဝန်ထမ်းများ နိုင်နင်းတော့မည် မဟုတ်ပေ။
ဖုန်းယွီ ထုတ်လုပ်ရန် ရည်ရွယ်ထားသော ထိုပစ္စည်းသစ်မှာ ရွှေ့လျား DVD (Mobile DVD) ပင် ဖြစ်လေသည်။
ရွှေ့လျား DVD ဆိုတာ ဘာလဲ။ DVD စက်ကို အိတ်ဆောင်အရွယ်အစား ပြုလုပ်ထားပြီး ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ဖယ်ရှားကာ LCD မျက်နှာပြင်နှင့် အသံစနစ်ကို တပ်ဆင်ထားသော ပစ္စည်းဖြစ်သည်။ လက်ပ်တော့ ကွန်ပျူတာများကဲ့သို့ပင် ဘက်ထရီဖြင့် အသုံးပြုနိုင်သည်။
ခရီးသွားသူများ၊ အလုပ်ကိစ္စဖြင့် ခရီးထွက်သူများသည် လမ်းခရီးတွင် ရုပ်ရှင်ကြည့်ချင်ကြသည်။ လက်ပ်တော့ ကွန်ပျူတာဖြင့် ကြည့်၍ ရသော်လည်း လက်ပ်တော့များမှာ ဈေးကြီးလွန်းသည်။
အပေါဆုံး လက်ပ်တော့သည် ယွမ် ခုနစ်ထောင်၊ ရှစ်ထောင်လောက် ရှိပြီး ဈေးကြီးလျှင် သောင်းချီ ပေးရသည်။ လူတိုင်း ဝယ်နိုင်သည့်အရာ မဟုတ်ပေ။ ပြီးတော့ လူတော်တော်များများက ကွန်ပျူတာ မသုံးတတ်ကြ။
အရင်ဘဝတုန်းက ရွှေ့လျား DVD ဆိုသည်မှာ ဤသို့ဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးများကပင် တီထွင်ခဲ့ခြင်းဖြစ်ပြီး ရောင်းအားလည်း မဆိုးလှပေ။ အချို့မှာ လက်ပ်တော့ကဲ့သို့ မျက်နှာပြင်နှင့် စက် တွဲလျက်ပါရှိပြီး အချို့မှာ သီးခြားစီ ဖြစ်သည်။
သီးခြားစီပုံစံကို လူတော်တော်များများ မြင်ဖူးကြလိမ့်မည်။ ခရီးဝေးပြေးသည့် ဘတ်စ်ကားများ၊ ခရီးသွားကားများတွင် တပ်ဆင်ထားတတ်ပြီး မော်နီတာ သီးသန့် ယူလာကာ ချိတ်ဆက်ကြည့်ရှုရသည့် ပုံစံမျိုး ဖြစ်သည်။
အရင်ဘဝတုန်းက ဒီပစ္စည်း စပေါ်ခါစတွင် ယွမ် သုံးလေးထောင် ရှိခဲ့ရာမှ နောက်ပိုင်းတွင် ယွမ် ရာဂဏန်းအထိ ဈေးကျသွားခဲ့သည်။ သို့သော် ဝယ်ယူသူ များပြားနေဆဲပင်။ အထူးသဖြင့် အဘိုးကြီးများက သီချင်းနားထောင်ရန်၊ ပန်းခြံထဲ ယူသွားရန် ဝယ်ယူကြသည်။
ဆိုလိုသည်မှာ ဤထုတ်ကုန်၏ ပစ်မှတ်ထားရာ ဈေးကွက်သည် မိသားစုများထံမှ သက်ကြီးရွယ်အိုများထံသို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဖုန်းယွီက ကျန်းဝမ်မုန့်ကို ထိုအကြံဉာဏ် ပြောပြလိုက်ရာ ကျန်းဝမ်မုန့်ကလည်း ဖြစ်နိုင်သည်ဟု ယူဆလေသည်။
ပုံမှန်အားဖြင့် DVD စက်များတွင် လုပ်ဆောင်ချက်အသစ်များကိုသာ အဆက်မပြတ် ထပ်ထည့်လေ့ ရှိကြသည်။ ရီမုပေါ်မှ ခလုတ်များ များလာသည်ကို ကြည့်လျှင် သိနိုင်သည်။
သို့သော် ယခု ဖုန်းယွီက ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ဖယ်ရှားပြီး မူလ DVD စက်၏ အခြေခံအကျဆုံး လုပ်ဆောင်ချက်များဖြစ်သည့် Play၊ Pause၊ Fast၊ Forward စသည်တို့ကိုသာ ထားရှိရန် မှာကြားလိုက်ခြင်း ဖြစ်သည်။
ခလုတ်များကိုလည်း နည်းနည်းနှင့် ရှင်းရှင်းလင်းလင်း မြင်သာအောင် လုပ်ခိုင်းထားသည်။
ကျန်းဝမ်မုန့်က ပုံကြမ်းတစ်ခု ဆွဲပြသည်။ မျက်နှာပြင်တစ်ခု၊ စပီကာတစ်ခု၊ ဘက်ထရီတစ်လုံး၊ ဓာတ်ပြားထည့်ရန် အကန့်တစ်ခုနှင့် ခလုတ်အနည်းငယ်သာ ပါဝင်သည်။ ဖုန်းယွီက “ဒါပဲ... လိုချင်တာ ဒီပုံစံပဲ” ဟု အတည်ပြုလိုက်သည်။
သို့သော် ကျန်းဝမ်မုန့်က အခြားအချက်တစ်ချက်ကို ဖြည့်စွက်စဉ်းစားမိသည်။ ဤ ရွှေ့လျား DVD တွင် ကိုယ်ပိုင် မျက်နှာပြင် ပါသော်လည်း အခြားသော တီဗီများနှင့် ချိတ်ဆက်နိုင်သည့် အပေါက်ပါ ထည့်သွင်းသင့်သည်ဟု ဆိုသည်။ သို့မှသာ အိမ်တွင်ရှိနေချိန်၌ အိမ်သုံး DVD စက်အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။
အိမ်မှာနေရင် တီဗီနဲ့ ချိတ်ကြည့်၊ အပြင်သွားရင် သူ့မျက်နှာပြင်နဲ့ သူကြည့်ပေါ့။ ပုံမှန် DVD စက်တွေလောက် လုပ်ဆောင်ချက် မစုံသော်လည်း အသုံးပြုနိုင်သည့် ပုံစံများပြားသဖြင့် ရောင်းအား တက်စေလိမ့်မည်။
ဖုန်းယွီ စဉ်းစားကြည့်လိုက်တော့ ဟုတ်သလိုလို ရှိသည်။ ထို့ကြောင့် ကျန်းဝမ်မုန့်၏ စိတ်ကူးအတိုင်း ထုတ်လုပ်ရန် သဘောတူလိုက်သည်။ ဒီပစ္စည်းကို ထုတ်လုပ်ရန် ကိုယ်ပိုင်စက်ရုံများ မအားသဖြင့် လက်ခစား စက်ရုံ ရှာရပေမည်။
မထင်မှတ်ထားသော အကွေ့အပြောင်းတစ်ခု ဖြစ်လာသည်။ ချန်ဟုန် ကုမ္ပဏီမှ တာဝန်ရှိသူက ဖုန်းယွီ အီလက်ထရွန်နစ်သည် ရွှေ့လျား DVD ထုတ်လုပ်မည်ဟု ကြားသိသွားသောအခါ နိုင်ငံခြားတွင် ပေါ်နေသော Mobile TV (ရွှေ့လျားတီဗီ) ကို သွားသတိရလိုက်သည်။
ထိုတီဗီသည် ဂြိုဟ်တုလိုင်းများကို မဖမ်းနိုင်ဘဲ မြေပြင်ဖမ်းလိုင်းများကိုသာ ဖမ်းယူနိုင်သော အင်တင်နာပါသည့် တီဗီအမျိုးအစား ဖြစ်သည်။ ထိုတီဗီမျိုးကို စထုတ်တုန်းက ဈေးကွက်တုံ့ပြန်မှု သိပ်မကောင်းခဲ့ပေ။ သို့သော် ချန်ဟုန်ဘက်က တွက်ဆသည်မှာ တရုတ်နိုင်ငံတွင် ဂြိုဟ်တုလိုင်းများ သိပ်မများသေးဘဲ လူအများစုမှာ ဒေသတွင်း မြေပြင်ဖမ်းလိုင်းများကိုသာ ကြည့်ရှုလေ့ရှိကြသဖြင့် ဤရွှေ့လျားတီဗီသည် အသုံးဝင်နိုင်သည်ဟု ယူဆကြသည်။
အမေရိကန်လူမျိုးများ တီထွင်ခဲ့သော ဤရွှေ့လျားတီဗီသည် အမေရိကန်တွင် မအောင်မြင်ခဲ့ပေ။ အကြောင်းမှာ အမေရိကန်တွင် ကေဘယ်တီဗီနှင့် ဂြိုဟ်တုလိုင်းများကိုသာ အဓိက ကြည့်ရှုကြသောကြောင့် ဖြစ်သည်။
သို့သော် နိုင်ငံအခြေအနေချင်း မတူပေ။ အမေရိကမှာ မပေါက်သည့်ပစ္စည်းက တရုတ်ပြည်မှာ မပေါက်နိုင်ဘူးဟု ပြောမရချေ။
ထို့ကြောင့် ချန်ဟုန်ဘက်က ဖုန်းယွီ အီလက်ထရွန်နစ်နှင့် ပူးပေါင်းကာ ရွှေ့လျား DVD နှင့် ရွှေ့လျားတီဗီကို ပေါင်းစပ်ထုတ်လုပ်ရန် ကမ်းလှမ်းလာသည်။ ဒါဆိုလျှင် ဓာတ်ပြားမရှိသည့်အချိန်၌ တီဗီကြည့်၍ ရမည်ဖြစ်သည်။
လုပ်ဆောင်ချက် ပိုစုံသွားလျှင် ပိုရောင်းကောင်းမည်မှာ သေချာသည်။
ဖုန်းယွီ အံ့သြသွားသည်။ ချန်ဟုန်ကုမ္ပဏီမှ ခေါင်းဆောင်၏ အမြော်အမြင်က မဆိုးပေ။ အရင်ဘဝတုန်းကလည်း ရွှေ့လျား DVD များသည် နောက်ပိုင်းတွင် တီဗီဖမ်းနိုင်သော စနစ်များနှင့် ပေါင်းစပ်သွားခဲ့သည်။
ဘယ်သူမှ မစဉ်းစားမိလောက်ဘူးဟု ဖုန်းယွီ ထင်ထားခဲ့သော်လည်း သူတစ်ပါး၏ ဉာဏ်ပညာကို လျှော့တွက်မိသွားသည်။ ဖုန်းယွီက အရင်ဘဝက အသိဉာဏ်ဖြင့် အနာဂတ်ကို သိနေခြင်းဖြစ်သော်လည်း ဟိုလူများကမူ ကျွမ်းကျင်သော လုပ်ငန်းအတွေ့အကြုံဖြင့် သုံးသပ်နိုင်ခြင်း ဖြစ်သည်။
ဖုန်းယွီက သဘောတူကြောင်း ကျန်းဝမ်မုန့်ကို ပြောလိုက်သည်။ တကယ်လို့များ ပေါင်းစပ်နိုင်ခဲ့လျှင် ဈေးကွက်က ပိုကြီးသွားလိမ့်မည်။ ဥပမာ အိမ်ငှားနေသူများအနေဖြင့် အိမ်ရှင်က တီဗီမထည့်ပေးထားလျှင် ကိုယ့်ဘာသာ တီဗီအကြီးကြီး ဝယ်ရမှာ ဝန်လေးကြသည်။ ပြောင်းရွှေ့ရ ခက်ခဲသည်ကိုး။ DVD စက်ပါ ထပ်ဝယ်ရမည်ဆိုလျှင် ပိုဆိုးသွားမည်။
အကယ်၍ တီဗီရော DVD ပါ ကြည့်ရသော စက်မျိုး ပေါ်လာလျှင် သူတို့ စဉ်းစားကြပေလိမ့်မည်။ ထို့ပြင် ပြည်တွင်းရှိ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေထိုင်ကြသည့် လူမျိုးစုများအတွက်လည်း အလွန်အဆင်ပြေသည်။
သူတို့လည်း တီဗီကြည့်ချင်ကြသည်။ သို့သော် အဆင်မပြေလှ။ အထူးသဖြင့် တီဗီအကြီးကြီးများကို သယ်ပိုးပြီး ရွှေ့ပြောင်းရသည်မှာ မလွယ်ကူပေ။
အရင်ဘဝတုန်းက ထိုဒေသများသည် ဤပစ္စည်းများ အရောင်းရဆုံး နေရာများ ဖြစ်ခဲ့သည်။ နွားကျောင်း၊ သိုးကျောင်းရာမှ ပြန်လာလျှင် မီးပုံဘေးဝိုင်းပြီး ကခုန်နေရုံ၊ ရေဒီယို နားထောင်နေရုံပဲ ရှိတော့မှာလား။
တကယ်တမ်းကျတော့ ထိုလူမျိုးစုများသည် ပိုက်ဆံမရှိသူများ မဟုတ်ကြပေ။ အချို့ဆိုလျှင် နွားအကောင်ရေ ရာချီ၊ သိုးအကောင်ရာချီ ပိုင်ဆိုင်ကြရာ ဝင်ငွေ မနည်းလှပေ။ မြို့ပြမှ လူလတ်တန်းစားများထက်ပင် သာလွန်နေသေးသည်။ ထို့ပြင် သူတို့၌ အိမ်စရိတ်၊ ကားစရိတ် ဖိအားလည်း မရှိကြပေ။
မူလက ဖုန်းယွီသည် ရိုးရှင်းသော ရွှေ့လျား DVD လေးသာ ပြုလုပ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းဝမ်မုန့်နှင့် ချန်ဟုန်တို့၏ အကြံပြုချက်များ ပေါင်းစပ်လိုက်သောအခါ လုပ်ဆောင်ချက်များ ပိုများလာပြီး ၁ လ၊ ၂ လ အတွင်း ဈေးကွက်တင်ရန် မလွယ်ကူတော့ပေ။
တစ်နှစ်လောက် ကြာသွားရင်တောင် ကိစ္စမရှိ။ ကောင်းကောင်း မွမ်းမံပြီးမှ ထွက်လာမည့် ဒီပစ္စည်းသည် HD-DVD စက်များထက်ပင် အမြတ်ပိုရနိုင်လေသည်။
******